← Chapters

အခန်း (၄၅)

Vol. 3 Ch. 45

အခန်း (၄၅)

Vol. 3 Ch. 45

ဧည့်သည် (၂) ယောက်က ကြီးကြပ်သူ၏ရုံးတော်ကို ရောက်လာခဲ့သည်။ သူတို့ (၂)ယောက်လုံးက အသက် (၂၀) ဝန်းကျင်သာ ရှိနေသေးပြီး အရပ်ရှည်ရှည်နှင့် ချောမောခန့်ညား၏။

သခင်လေးချွေးဆီကို လာရောက်လည်ပတ်ကြောင်း ကြားလိုက်ရသည့်အချိန်တွင် တံခါးစောင့်က သူတို့၏အဆင့်အတန်းကို စုံစမ်းမေးမြန်းနေခြင်း မရှိခဲ့ပေ။ သူက သူတို့ကို ရုံးတော်ထဲသို့ အလျင်အမြန် ခေါ်ဆောင်သွားခဲ့ပြီး သခင်လေးချွေး ယာယီနေထိုင်နေသော ခြံဝန်းထဲသို့ ခေါ်လာခဲ့သည်။ တံခါးခေါက်လိုက်ပြီးနောက် တံခါးစောင့်က တလေးတစား ပြန်ထွက်သွားခဲ့၏။

တံခါးဖွင့်လိုက်သည့်သူက ကွန်ဖြူးရှပ်ကျောင်းတော်၏ကိုယ်စား အောင်နိုင်ခြင်းပစ္စည်းကို လာရောက်တောင်းဆိုရန် ရောက်လာသော လူငယ်တစ်ယောက် ဖြစ်သည်။ သူ ငယ်ရွယ်စဉ် နာမည်ကျော်ကြားမှုကို ရရှိခဲ့ပြီး ကန်ကြည့်ကျောင်းတော်၏ နောက်တက်မည့် ကျောင်းတော်သခင်ဟူသော ဂုဏ်ပုဒ်ကိုပင် ရယူထားနိုင်ခဲ့သည်။

သူက လူငယ် (၂) ယောက်ကို မြင်လိုက်ရသည့်အချိန်တွင် အတော်လေး အံ့သြသွားခဲ့ရ၏။ တံခါးကို မှီထားသော လူငယ်ကိုကြည့်ပြီး သူက အပြုံးနှင့် မေးလိုက်သည်။

"ပါ့ချောင် …

မင်းဘေးက မိတ်ဆွေက ဘယ်သူလဲ…"

ပါ့ချောင်ဟုခေါ်သော လူငယ်လေးက အပြုံးနှင့် ပြောလိုက်၏။

"သူကတော့ တာ့ရုံအင်ပါယာ လုံဝေ့တပ်ဖွဲ့က ချန်းမိသားစုဝင်တစ်ယောက်လေ။ အစ်ကိုချွေးက သူ့ကို စုန့်ဖုန်းလို့ ခေါ်လို့ရတယ်။ သူက မိန်းမလှလေးတွေ ၊ အရက်တွေကို သဘောမကျဘူး။ သူ့ရဲ့ဝါသနာက မှင်ကျောက်တုံးတွေပဲ။ ဒီနေရာမှာရှိတဲ့ စမ်းချောင်းထဲမှာ ပစ္စည်းကောင်းတွေရှိတယ်ဆိုတာ ကြားခဲ့တဲ့အတွက် သူက ကံစမ်းချင်နေတာ...။ ကျွန်တော်တို့နဲ့အတူလိုက်လာတဲ့ သူ့ရဲ့ဆွေမျိုး တစ်ယောက်လည်း ပါသေးတယ်။ တကယ်လို့ သူ့ကြောင့်သာ မဟုတ်ရင် စုန့်ဖုန်းနဲ့ ကျွန်တော်က အခုချိန်ထိ နောက်ကျနေမှာ မဟုတ်ဘူး။ ကျွန်တော်တို့က (၂)ရက်စောပြီး ရောက်လာရမှာ...”

“သူက တခြားလူတွေနဲ့ ပတ်သက်ရတာကို သဘောမကျဘူး။ ဒါကြောင့် မြို့ထဲမှာ လျှောက်သွားနေတယ်။ ဟူး... တော်တော်နှမြောစရာပဲ။ လမ်းမှာ တာ့ဆွေမင်းသားက အခွင့်ကောင်းတစ်ခုရသွားတယ်လို့ ကြားခဲ့တယ်။ သူက ရွှေနဂါးငါး တစ်ကောင်ကို ရသွားခဲ့တာပဲ။ နောက်ပိုင်းမှာတော့ သူက နဂါးတစ်ကောင်ဖြစ်လာဖို့ မျှော်လင့်ချက်ကြီး ရှိသွားပြီ။ ကျွန်တော်ကတော့ တော်တော်လေးကို အားကျနေပြီ။ အစ်ကိုချွေး… ကြည့်လိုက်ပါဦး။ ဒီမျက်လုံးတွေက နီရဲနေတာ မဟုတ်လား…"

လူငယ်လေးက ထိုစာသင်သားဆီကို ခေါင်းထိုးပေးလိုက်သည်။

တစ်ဖက်လူက ပြုံးလိုက်ပြီး လက်ညှိုးနှင့် သူ့ခေါင်းကို တွန်းဖယ်လိုက်၏။

"လျှိုပါ့ချောင် …

မင်းက ခရီးနောက်ကျနေမှတော့ အလုပ်ကိုမြန်မြန်လုပ်သင့်တယ်။ ဘာလို့ ဒီမှာလာပြီး အချိန်ဖြုန်းနေတာလဲ။ လေမိုးကြိုးဥယျာဉ်ရဲ့စည်းကမ်းတွေက ဘယ်တုန်းကများ ဒီလောက် ပေါ့ပျက်ပျက်ဖြစ်သွားရတာလဲ…"

လုံဝေ့တပ်ဖွဲ့မှ ချန်းမိသားစုဝင်ကတော့ တောင်းပန်သည့် အမူအရာနှင့် ပြုံးလိုက်သည်။ သူက ခပ်ယဲ့ယဲ့ပြုံးပြီး ပြောလိုက်၏။

"ဒီကိုလာတဲ့လမ်းမှာ မတော်တဆဖြစ်ခဲ့တယ်။ အစ်ကိုပါ့ချောင်ရဲ့ ဓားအားဖြည့်အခန်းထဲမှာရှိတဲ့ ပင်မအင်္ဂါတွေ ဒဏ်ရာရသွားခဲ့တယ်။ ကျွန်တော်လည်း ရွေးချယ်စရာ မရှိတော့တဲ့အတွက် စွန့်စားပြီး အသက်ဓားကို မင်တျန်သွေးကြောဆီ ရွှေ့လိုက်ရတယ်။ တကယ်လို့ ကျွန်တော့်ရဲ့ကျင့်စဉ်အဆင့်သာ လုံလောက်နေမယ်ဆိုရင် အစ်ကိုပါ့ချောင်က သေချာပေါက် ဒဏ်ရာရမှာ မဟုတ်ဘူး.."

လျှိုပါ့ချောင်က ကျေနပ်စွာ ရယ်လိုက်သည်။

"သူတို့တွေက မသမာတဲ့ နည်းလမ်းတွေကိုသုံးပြီး ငါ့ကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့တာ ကံကောင်းလို့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ငါ့လက်ချက်နဲ့ သေသွားပြီပဲလေ။ ပြောစရာတောင် မလိုပါဘူး။ တကယ်လို့ ငါသာ အလျင်မလိုဘူးဆိုရင် သူတို့အတွက် အုတ်ဂူတွေတောင် လုပ်ပေးဦးမှာ...။ ပြီးတော့ လျှိုပါ့ချောင်ရဲ့ဓားချက်နဲ့ သေသွားတဲ့လူတွေဆိုပြီး နာမည်ရေးထားခဲ့မှာ...။ နောက်ပိုင်း ငါက နံပါတ် (၁) ‌ဓားသမားဖြစ်လာတဲ့အချိန်ကျရင် အဲဒီနေရာက ငါ့အတွက် အောင်နိုင်ခြင်းနယ်မြေ မဟုတ်လား.."

ထိုစာသင်သားကတော့ လေမိုးကြိုးဥယျာဉ်မှ ဓားပါရမီရှင်လူငယ်လေးကို သိနေသည်မှာ အတော်လေးကို ကြာခဲ့ပါပြီ။ သူက စည်းကမ်းမရှိသော လူငယ်တစ်ယောက် ဖြစ်၏။ သူက သူတို့ (၂) ယောက်ကို ခြံဝန်းထဲသို့ ခေါ်သွားခဲ့သည်။

လျှိုပါ့ချောင်က အသံတိုးတိုးနှင့် ပြောလိုက်၏။

"အစ်ကိုချွေး …

ကျွန်တော့်ကို တစ်ခုခုပြောပြပါဦး။ ဒီကမ္ဘာကြီးက ပျက်စီးတော့မှာလား။ ဒီနေရာကို ရွေ့လာတဲ့ ချောက်ကမ်းပါးကျောင်းတော်က ဆရာကြီးက ကောင်းကင်ဘုံကို တကယ်ပဲ ဆန့်ကျင်တော့မှာလား…"

ချွေးမျိုးရိုး စာသင်သားက မကြားချင်ယောင်ဆောင်ထားသည်။

လျှိုပါ့ချောင်က အပြုံးနှင့် လက်ညှိုးထိုးပြလိုက်၏။

"ကျွန်တော် နားလည်သွားပြီ…"

စာသင်သားကတော့ သူ့စကားကို ဂရုစိုက်ပုံမရဘဲ ပြောလိုက်သည်။

"စုန့်ဖုန်း …

ငါက အစောပိုင်းမှာ ဆရာချီရဲ့ကျောင်းကို သွားခဲ့တယ်။ သူကတော့ တစ်ကိုယ်ရည်ကျင့်ကြံမှုတွေ အကြောင်းပဲပြောခဲ့ပြီး အချိန်က လူကို မစောင့်ဘူးဆိုတဲ့စကားကိုလည်း ပြောခဲ့တယ်…"

တစ်ကိုယ်တော် ကျင့်ကြံခြင်းက တိုင်းပြည်ကို အုပ်စိုးရန်နှင့် ကမ္ဘာကြီးကို ငြိမ်းချမ်းမှုများ သယ်ဆောင်ပေးနိုင်သည်။ ‌ချွေးမိသားစုမှ လူငယ်ကလည်း တစ်ကိုယ်တော် ကျင့်ကြံမှုအကြောင်းသာ ပြောခဲ့ပြီး ရပ်တန့်သွားခဲ့၏။

ပထမတွင်တော့ ထိုအရာက စာသင်သားများ အချင်းချင်း တလေးတစား နှုတ်ဆက်ခြင်းဖြစ်မည်ဟု ချန်းစုန့်ဖုန်းက တွေးခဲ့သည်။ သို့သော် စာသင်သား၏ မျက်လုံးကို မြင်လိုက်ရသည့်အချိန်တွင် သူက ချက်ချင်း နားလည်သွားခဲ့ပြီး လက်(၂)ဖက် ဆုပ်လိုက်မိ၏။

"အစ်ကိုချွေး …

ကျွန်တော်က ကျွန်တော့်ရဲ့ဆွေမျိုးတစ်ယောက်ကို သွားရှာမလို့ပါ။ ကျွန်တော် ပြန်လာတဲ့အချိန်ကျရင် တိုင်းပြည်ကို ဘယ်လိုအုပ်ချုပ်ရမလဲဆိုတာ အစ်ကိုချွေးဆီကနေ အကြံဉာဏ် တောင်းချင်ပါသေးတယ်…"

ချန်းစုန့်ဖုန်း၏ စကားလုံးထဲတွင် ရည်ရွယ်ချက် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သူက မိသားစု အကြောင်းအရာများကို ကျော်ခွသွားခဲ့ပြီး တိုင်းပြည်အုပ်ချုပ်သည့် အကြောင်းအရာများကိုသာ ပြောနေခဲ့သည်။ ချန်းစုန့်ဖုန်းက အလျင်အမြန် ထွက်သွားခဲ့၏။

ချွေးမျိုးရိုး စာသင်သားက သက်ပြင်းချလိုက်မိပြီး လျှိုပါ့ချောင်နှင့်အတူ ခြံဝန်းငယ်လေးထဲရှိ ကျောက်စားပွဲတွင် ထိုင်လိုက်သည်။

လျှိုပါ့ချောင်က တင်ပျဉ်ခွေထိုင်ပြီး ပြောလိုက်၏။

"ဒီချန်းစုန့်ဖုန်းက တော်တော်ဉာဏ်ကောင်းပြီး အလွယ်တကူ နားလည်တယ်။ ဒါပေမဲ့ သူ့ရဲ့အပြုအမူတွေက တော်တော်အလေးမထားတာပဲ။ သူက ဒီမှာထိုင်ပြီးမသွားခင် စကားပြောလို့လည်း အရမ်းနောက်ကျမသွားပါဘူး။ ဘာလို့ သူက ရှေးဟောင်းသစ်ခါးပင်ကြီးဆီကနေ သစ်ရွက်ကိုတောင်းဖို့ အရေးကြီးနေရတာလဲ…။ ဒါက လိုအပ်တယ်လို့တော့ ကျွန်တော်မထင်ဘူး။ အခုကျွန်တော်တို့ အရှေ့ပိုင်းကုန်းမြေကြီးထဲမှာ လုံဝေ့တိုင်းပြည် ချန်းမိသားစုကလွဲရင် အဲဒီမျိုးရိုးနာမည်နဲ့ မိသားစုဘယ်နှစ်ခု ကျန်နေသေးလို့လဲ။ တကယ်လို့ အဲဒီသစ်ခါးပင်သစ်ရွက်ကသာ ချန်းစုန့်ဖုန်းရဲ့အိတ်ထဲကို ကျမလာဘူးဆိုရင် သူတို့က မြို့ငယ်လေးထဲမှာရှိတဲ့ နယ်ခံတွေရဲ့လက်ထဲကို ရောက်သွားမှာလား…"

အရှေ့ပိုင်းကုန်းမြေကြီးထဲတွင် ရှိနေသော လုံဝေ့တိုင်းပြည် ချန်းမိသားစုက နာမည်ကျော်ကြားမှု မရှိချေ။ သူတို့က အချိန်တော်တော်ကြာ တိတ်ဆိတ်နေခဲ့သော်လည်း ဆာလောင်နေသည့် ကုလားအုပ်တစ်ကောင်က မြင်းတစ်ကောင်ထက်တော့ ပို၍ကြီးမားနေသေး၏။

သူတို့၏ဂုဏ်သတင်းက ကျော်ကြားမှု မရှိသော်လည်း သူတို့က သူရဲကောင်း မြောက်မြားစွာ မွေးထုတ်ပေးခဲ့သော နှစ်ပေါင်း (၁၀၀၀) သက်တမ်းရှိ မိသားစုတစ်ခု ဖြစ်နေသေးသည်။ လျှိုပါ့ချောင်တို့ လေမိုးကြိုးဥယျာဉ်ကဲ့သို့ နာမည်ကျော်ဂိုဏ်းတစ်ခုကပင် သူတို့ကို လျှော့မတွက်ရဲပေ။ ထို့ကြောင့် လျှိုပါ့ချောင်က သူတို့နှင့်ရင်းနှီးရန် ကြိုးစားလိုက်ပြီး သူတို့ကို မိတ်ဆွေများအဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

စာသင်သားက စိတ်ဝင်တစား မေးလိုက်၏။

"မင်းက ဒီနေရာကိုရောက်လာတာ ဆရာရွမ်ကိုရှာပြီး ဓားတစ်လက် လုပ်ခိုင်းမလို့လား…"

လျှိုပါ့ချောင်က အင်းမလုပ် အဲမလုပ်ဘဲ အသေးစိတ် ပြောမပြခဲ့ပေ။ အဓိက အဓိပ္ပာယ်ကတော့ ထိုအရာက ဂိုဏ်းနှင့်ပတ်သက်သော အရာတစ်ခုဟု ပြောချင်နေပုံရ၏။ အကယ်၍ သူ့အလုပ်သာ အောင်မြင်သွားမည်ဆိုလျှင် လေမိုးကြိုးဥယျာဉ်က သူတို့ကိုယ်တိုင် ရှေ့ထွက်လာပြီး သူ့အတွက် ဆရာရွမ်ဆီတွင် ဓားတစ်လက် ဖန်တီးပေးရန် တောင်းဆိုပေးကြပါလိမ့်မည်။ ထိုကိစ္စ၏ အကြောင်းပြချက်ကိုတော့ လျှိုပါ့ချောင်က ပြော၍ရပုံမပေါ်ချေ။

စာသင်သားက နောက်တစ်ကြိမ် ပြောလိုက်၏။

"ကျန့်ယန်တောင်က လူတွေလည်း ရောက်လာတယ်ဆိုတာသိလား။ အဲဒါက သခင်နဲ့အစေခံတစ်ယောက်ပဲ…"

လျှိုပါ့ချောင်က အံ့ဩမှင်တက်သွားခဲ့ပြီး ထိတ်လန့်စွာ ပြောလိုက်သည်။

"ကျွန်တော် အဲဒါကို လုံးဝမကြားသေးဘူး။ ကျန့်ယန်တောင်က ဘယ်သူရောက်လာတာလဲ…"

ထို့နောက် လေမိုးကြိုးဥယျာဉ်ထဲတွင် နာမည်ကျော်ကြားသော လူငယ်‌ဓားကျင့်ကြံသူက မျက်လုံးမှိတ်လိုက်ပြီး လက်ဝါး (၂) ဖက်ကို စုစည်းလိုက်သည်။ သူက ဆုတောင်းလိုက်၏။

"ကျေးဇူးပြုပြီး ကြောက်စရာကောင်းလှအောင် လှတဲ့ နတ်သမီးစု မဖြစ်ပါစေနဲ့။ အဲဒါက နတ်သမီးစု မဟုတ်ဖို့ တောင်းပန်ပါတယ်။ မဟုတ်ရင် ကျွန်တော်က ဓားကို ထုတ်သင့်တာလား မထုတ်သင့်ဘူးလား။ တကယ်လို့ နတ်သမီးစုသာ ကျွန်တော့်ကို စိုက်ကြည့်နေမယ်ဆိုရင် ကျွန်တော့်ရဲ့ခြေထောက်တွေက ခွေယိုင်သွားနိုင်တယ်။ ကျွန်တော်က ဓားပျံကို ဘယ်လိုများ ဆွဲထုတ်နိုင်မှာလဲ…"

စာသင်သားကတော့ မသက်မသာ ခံစားလိုက်ရ၏။

"ဘာမှမစိုးရိမ်ပါနဲ့။ အဲဒါက မင်း လေးစားနေတဲ့ နတ်သမီးစုမဟုတ်ဘူး။ တောင်တန်းကို စောင့်ကြပ်ရတဲ့ လူဝံဖြူကြီးပဲ။ သူက ကျန့်ယန်တောင်က သန့်စင်ယန်ဘိုးဘေးရဲ့ အဖိုးတန်မြေးမလေးထောင်ခွေကို ခေါ်လာခဲ့တယ်…"

"အစ်ကိုချွေး …

အစ်ကိုချွေးက တကယ့်ကို ကံကောင်းတဲ့လူပဲ။ တကယ်လို့ နတ်သမီးစုသာ မဟုတ်ရင် အရာအားလုံးအဆင်ပြေတယ်…"

လျှိုပါ့ချောင်က ချက်ချင်းပင် ခုန်ထလိုက်သည်။

သူက အားရပါးရရယ်ပြီး ပြောလိုက်၏။

"ဘာလို့ ကျွန်တော်က သူ့ကို ကြောက်ရမှာလဲ။ ကျွန်တော်က အဲဒီမှော်သားရဲအိုကြီးကို ကြောက်မယ်လို့ ထင်နေတာလား။ ကျွန်တော်တို့ လေမိုးကြိုးဥယျာဉ်က လူတိုင်းကို ကြောက်နိုင်ပေမယ့် ကျန့်ယန်တောင်ကိုတော့ လုံးဝမကြောက်ဘူး…"

စာသင်သားက ခဏကြာ စဉ်းစားနေခဲ့သည်။

"လေမိုးကြိုးဥယျာဉ်နဲ့ ကျန့်ယန်တောင်တို့က လမ်းစဉ်တူတဲ့ ဓားကျင့်ကြံသူတွေပဲလေ။ ဘာလို့ မင်းတို့ရဲ့အငြိုးအတေးတွေကို မဖြေဖျောက်နိုင်ရတာလဲ…"

လျှိုပါ့ချောင်က စနောက်နေသော အမူအရာများကို ဖယ်ရှားလိုက်ပြီး လေးလေးနက်နက် ပြောလိုက်သည်။

"ချွေးမင်ဟွမ် …

နောက်ပိုင်း လေမိုးကြိုးဥယျာဉ်ကို လာမယ်ဆိုရင် ဒီလိုစကားမျိုး ဘယ်သူ့ကိုမှ မပြောမိစေနဲ့…"

စာသင်သားက လေးလေးနက်နက် သက်ပြင်းချလိုက်မိသည်။ လေမိုးကြိုးဥယျာဉ်၊ ကျန့်ယန်တောင် နှစ်ဖက်စလုံးက ဓားအင်မော်တယ်မျိုးဆက်များ ဖြစ်ကြပြီး ပုံမှန်အားဖြင့် ပြဿနာတက်စရာ မလိုအပ်ပေ။ သို့သော် သူတို့က တွေ့သည့်နေရာတိုင်း ချက်ချင်း ဓားဆွဲထုတ်၍ တိုက်ခိုက်တတ်ကြသည်။

ထိုအချိန်တွင် ရုံးတော်၏ တံခါးစောင့်နှင့် အိမ်တော်ထိန်းအကြီးအကဲတို့က ခြံဝန်းတံခါးထဲကို အလျင်အမြန် ဝင်လာကြ၏။ ချွေးမင်ဟွမ်နှင့် လျှိုပါ့ချောင်တို့က တစ်ပြိုင်နက်တည်း မတ်တပ်ရပ်လိုက်ကြသည်။

အိမ်တော်ထိန်းက ခြံဝန်းထဲသို့ လျှောက်လာပြီး ဦးညွှတ်၍ ပြောလိုက်သည်။

"သခင်လေးချွေး ….

ကျန့်ယန်တောင်က လျှိုရှန်းယန်လို့ခေါ်တဲ့လူငယ်လေးကို တိုက်ခိုက်လိုက်တယ်ဆိုတဲ့ သတင်းတစ်ခု ကြားခဲ့ရတယ်…"

လျှိုပါ့ချောင်က ချက်ချင်း ဒေါသထွက်သွားခဲ့သည်။

"ဘယ်လျှိုရှန်းယန်လဲ…"

အိမ်တော်ထိန်းက သခင်လေးချွေးကို အတော်လေး ရိုသေလေးစားနေခဲ့သည်။ နာမည်မသိသော သခင်လေးကိုတော့ ကြောက်လန့်နေခြင်း မရှိချေ။ သူက တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။

"သခင်လေး …

ကျွန်တော်တို့မြို့ထဲမှာ လျှိုရှန်းယန်လို့ နာမည်ခေါ်တဲ့လူ တစ်ယောက်ပဲရှိတယ်…"

လျှိုပါ့ချောင်၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

"ကျန့်ယန်တောင် …

မင်းတို့က အရမ်းလွန်လွန်းသွားပြီ…"

ချွေးမင်ဟွမ်၏ အမူအရာက တည်ငြိမ်သွားခဲ့၏။ သူက ပြန်မေးလိုက်သည်။

"ဆရာချီရော ဝင်ပါသေးလား…"

အိမ်တော်ထိန်းက ခေါင်းခါပြလိုက်၏။

"အခုအချိန်ထိတော့ ဝင်မပါသေးဘူး။ အဲဒီကောင်လေးကို ဆရာရွမ်ရဲ့ပန်းပဲဖိုဆီ ခေါ်သွားတယ်လို့ ကြားတယ်။ တကယ်လို့ သူမသေရင်တောင် အသက်ငွေ့ငွေ့လေးပဲ ကျန်နေလောက်တယ်။ လူငယ်လေးရဲ့ရင်ဘတ်က လက်သီးချက်ကြောင့် စုတ်ပြတ်သွားတာကို မျက်လုံးနဲ့မြင်လိုက်တဲ့လူတချို့ ရှိတယ်။ သူက ဘယ်လိုလုပ်ပြီး အသက်ရှင်ပါ့မလဲ…"

ချွေးမင်ဟွမ်က ပြုံးလိုက်သည်။

"ကျွန်တော့်တို့ကို ပြောပြပေးလို့ ကျေးဇူးတင်ပါတယ် ဆရာကြီး..."

အိမ်တော်ထိန်းအကြီးအကဲက အလျင်အမြန် လက်ကာပြလိုက်သည်။

"မလိုပါဘူး။ ဒါက ကျွန်တော်ရဲ့တာဝန်ပါ။ ကျွန်တော်က သခင်လေးချွေးကို ပြဿနာရှာမိပြီ…"

အိမ်တော်ထိန်းက တံခါးစောင့်နှင့် ထွက်သွားပြီးနောက် ချွေးမင်ဟွမ်က ကျောက်ထိုင်ခုံတွင် ပြန်ထိုင်လိုက်သော လျှိုပါ့ချောင်ကို လှည့်ကြည့်လိုက်သည်။ သူက ရှုပ်ထွေးစွာ မေးလိုက်၏။

"မင်းက အဲဒီလူငယ်လေးအတွက် ဒီနေရာကို ရောက်လာခဲ့တာလား…"

လျှိုပါ့ချောင်က မျက်နှာပျက်နေခဲ့၏။

"အဲဒီလိုပြောလို့ရတယ်။ အခုတော့ တော်တော်လေးကို ပြဿနာများနေပြီ။ အရမ်းပြဿနာများတယ်…"

ချွေးမင်ဟွမ်က ပြန်မေးလိုက်သည်။

"အဲဒါက လေမိုးကြိုးဥယျာဉ်နဲ့ ကျန့်ယန်တောင်တို့ရဲ့ အငြိုးအတေးတွေကြောင့် မဟုတ်ဘူးလား…"

လျှိုပါ့ချောင်က ခေါင်းညိတ်ပြလိုက်သည်။

"အဲဒါထက်တောင် ပိုပါသေးတယ်…"

စာသင်သားက လက်ပိုက်၍ ထိုင်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။

"သစ်ပင်ကြီးက ငြိမ်သက်ချင်ပေမယ့် လေလှိုင်းတွေက မရပ်တန့်ဘူး။ ကြည့်ရတာတော့ ငါက ရတနာကျောက်စိမ်းပြားကို သွားယူသင့်ပြီ။ ငါတို့ ကန်ကြည့်ကျောင်းတော်က သူ နိမ့်ကျနေတဲ့အချိန် သူ့ကို ဂရုမစိုက်ဘူးလို့ ဆရာချီက နားလည်မှု လွဲသွားခဲ့မယ်ဆိုရင်တောင် ငါ လုပ်နိုင်တာ ဘာမှမရှိတော့ဘူး…"

ချွေးမင်ဟွမ်က မတ်တပ်ရပ်လိုက်သည်။

"ငါ ကျောင်းတော်ကို သွားလိုက်ဦးမယ်။ သိပ်မကြာခင် ပြန်လာခဲ့မယ်…"

ဖုလုလမ်းကြားထဲတွင် ရှိနေသော ရုံးတော်ထဲမှ ထွက်လာပြီးနောက် သူက ခြေ(၁၂)ချောင်း အဆောက်အဦးကို ဖြတ်ကျော်လာခဲ့သည်။ သူက ထိုနေရာတွင် ရပ်လိုက်ပြီး လုံးဝသေဆုံးခြင်းမရှိဟူသော စကားလုံးဆိုင်းဘုတ်ကို မော့ကြည့်လိုက်သည်။

နေရောင်ခြည်ကြောင့် စာသင်သားက သူ၏နဖူးကို လက်နှင့်ကာလိုက်သည်။ ခဏကြာ စဉ်းစားနေပြီးနောက် သူက ပြန်လှည့်လာပြီး ရုံးတော်ဆီကို ပြန်လာခဲ့၏။

ဖုလုလမ်းကြားထဲတွင် …

ဆံပင်ဖြူနှင့် သန်သန်မာမာ အဘိုးအိုက ကြွေရုပ်လေးတစ်ရုပ်ပမာ လှပသော ကလေးမလေး၏လက်ကို ကိုင်ထားခဲ့သည်။ သူတို့က လုမိသားစုစံအိမ်ထဲကို မဝင်ခဲ့ပေ။ ထိုအစား သူတို့က လီမိသားစုစံအိမ်ထဲသို့ လျှောက်လာခဲ့၏။ တံခါးဝတွင် သူတို့ကိုကြိုဆိုရန် လူတချို့ စောင့်နေကြသည်။

ရေချိုခန်းမဆိုင်းဘုတ်နှင့် ပင်မခန်းမကြီးထဲတွင် အဘိုးအိုတစ်ယောက်က မတ်တပ်ရပ်လိုက်ပြီး သူတို့ကိုနှုတ်ဆက်ရန် တံခါးဆီကို လျှောက်လာခဲ့သည်။ သူက လက် (၂) ဖက်ဆုပ်၍ ပြောလိုက်၏။

"ကျွန်တော် လီဟုန်က အကြီးအကဲလူဝံကြီးကို အရိုအသေပေးပါတယ်…"

ကျန့်ယန်တောင်မှ တောင်ရွှေ့လူဝံကြီးက လီမိသားစု၏ မျိုးနွယ်ခေါင်းဆောင်ကို ခေါင်းညိတ်ပြလိုက်၏။ သူက ကလေးမလေး၏ လက်ကိုလွှတ်ပေးလိုက်ပြီး ခေါင်းငုံ့၍ ပြောလိုက်သည်။

"သခင်မလေး …

ကျွန်တော်က သခင်မလေးကို တောင်ထိပ်ပေါ်မှာ စောင့်နေပါ့မယ်…"

ကလေးမလေးက ခန်းမ၏အပေါက်ဝတွင် ထိုင်နေခဲ့သည်။ သူမက ဒေါသထွက်နေသော်လည်း စကားတစ်ခွန်းမျှ မပြောခဲ့ချေ။

လီမိသားစု မျိုးနွယ်ခေါင်းဆောင်က တိုးတိုးလေး ပြောလိုက်၏။

"ဘာမှမစိုးရိမ်ပါနဲ့ အကြီးအကဲ...။ လီမိသားစုက သခင်မလေးထောင်ကို မြို့ထဲကနေ လုံလုံခြုံခြုံပို့ပေးမှာပါ…"

တောင်ရွှေ့လူဝံကြီးက ခေါင်းညိတ်ပြလိုက်သည်။

"ဒီတစ်ကြိမ်တော့ သခင်မလေးကို ဂရုစိုက်ပေးဖို့ မင်းတို့ကိုပဲ ဒုက္ခပေးရတော့မယ်။ ငါက သခင်မလေးကို သီးသန့်စကားပြောချင်တယ်…"

အဘိုးအိုက ခန်းမထဲမှ ချက်ချင်း ထွက်သွားခဲ့ပြီး မိသားစုထဲတွင် ရှိနေသော လူတိုင်းကို ထိုရေချိုခန်းမနှင့် ခြေတစ်လှမ်းအကွာတွင် နေရန် အမိန့်ပေးလိုက်သည်။

အဘိုးအိုကလည်း တံခါးပေါက်တွင် ထိုင်လိုက်၏။ သူက ခဏကြာစဉ်းစားပြီး ပြောလိုက်သည်။

"သခင်မလေး …

ကျွန်တော် သခင်မလေးကို ပြောမပြသင့်တဲ့ ကိစ္စတချို့ရှိတယ်။ ဒါပေမဲ့ အခြေအနေတွေက ဒီလောက်ထိ ဖြစ်လာမှတော့ ဖုံးကွယ်ထားလို့လဲ အကျိုးမရှိတော့ဘူး။ ကျွန်တော် အကုန်လုံးကို ပြောပြမယ်။ ဒီတစ်ကြိမ် မြို့ငယ်လေးကို လာတဲ့ခရီးစဉ်က ကြိုတင်စီစဉ်ထားတဲ့ ထောင်ချောက်တစ်ခု ဖြစ်နိုင်တယ်။ ချင်းဖုန်းမြို့ ရှုမိသားစုက မိန်းမကလည်း မလွတ်နိုင်ဘူး။ ဒါပေမယ့် သူက အရေးကြီးဆုံးလူတော့ မဟုတ်ဘူး။ ဒီထောင်ချောက်မှာ အစွမ်းထက်ဆုံးအရာကိုတော့ ကျွန်တော် ကိုယ်တိုင်တောင် မသိတဲ့အတွက် ထောင်ချောက်ထဲကို ဝင်လာခဲ့ရတာပဲ။ သခင်မလေး… သခင်မလေးကတော့ အဲဒါကိုသိမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီဓားကြမ်းရဲ့ မူလပိုင်ရှင်က ကျန့်ယန်တောင်ရဲ့ဓားတာအိုသစ္စာဖောက်တစ်ယောက် ဖြစ်ခဲ့ဖူးတယ်။ သူက အဲဒီဓားသိုင်းကျမ်းကို ကိုယ်တိုင်ဖန်တီးခဲ့တာ...။ သခင်မလေးရဲ့ ဘိုးဘေးပြောတဲ့စကားအရ ဒီဓားသိုင်းကျမ်းမှာ တန်ဖိုးအရှိဆုံးအရာကတော့ ရေးသားသူရဲ့ ဓာတာအိုအောင်မြင်မှုက ဓားအင်မော်တယ် ကနဦးအဆင့်ပဲ ရှိသေးတယ်။ ဒါပေမယ့် ဓားသိုင်းကျမ်းထဲမှာ ပါဝင်နေတဲ့ အကြောင်းအရာတွေကတော့ မဟာတာအိုလမ်းစဉ်အထိ ရောက်နိုင်တယ်။ သခင်မလေးပဲ စဉ်းစားကြည့်လိုက်ပါ။ ကျွန်တော်တို့ ကျန့်ယန်တောင်နဲ့ ရင်းနှီးတဲ့ ရှန့်မိသားစုခေါင်းဆောင်ကတောင် ဒီဓားသိုင်းကျမ်းကို အရမ်းချီးကျူးနေခဲ့တာ..."

ထို့နောက် အဘိုးအို၏လေသံက ပို၍အေးစက်လာခဲ့သည်။

"သူ့ဆရာနဲ့ ဘိုးဘေးတွေကို သစ္စာဖောက်ခဲ့တဲ့ အဲဒီဓားပါရမီရှင်က ကျန့်ယန်တောင်ရဲ့ ရန်သူဟောင်းဖြစ်တဲ့ လေမိုးကြိုးဥယျာဉ်ကို သွားရောက်ခိုလှုံခဲ့တယ်။ အဲဒီမှာ သူက သေဆုံးသွားခဲ့တာပဲ။ လေမိုးကြိုးဥယျာဉ်ကလည်း သူ့ကို ဘဝတစ်လျှောက်လုံး ကာကွယ်ပေးထားခဲ့တယ်။ သူက ဘဝတစ်လျှောက်လုံး ငကြောက်တစ်ယောက် ဖြစ်နေခဲ့တာ...။ နောက်ပိုင်းမှာတော့ သူက ဓားသိုင်းကျမ်းကို အတည်ပြုနိုင်ဖို့အတွက် လေမိုးကြိုးဥယျာဉ်ထဲကနေ တိတ်တဆိတ် ထွက်လာပြီး တာအိုကို သက်သေပြပြီးတဲ့ အင်မော်တယ်တွေကို ရှာဖွေခဲ့တယ်။ ဥပမာအနေနဲ့ပြောရရင် ရှဲ့မိသားစု မျိုးနွယ်ခေါင်းဆောင်ပေါ့။ သူတို့အားလုံးက သူ့ကို အထင်သေးနေကြပေမယ့် သူ့ရဲ့ဓားသိုင်းကျမ်းကိုတော့ မရပ်မနား ချီးကျူးခဲ့ကြတယ်။ ရှဲ့မိသားစုဘိုးဘေးကတောင် အဲဒီဓားသိုင်းကျမ်းက ကျန့်ယန်တောင်နဲ့ လေမိုးကြိုးဥယျာဉ်တို့ရဲ့ ဓားလမ်းစဉ်တွေကို ပေါင်းစည်းထားတာလို့ ပြောခဲ့ဖူးတယ်။ တစ်ဖက်ဖက်မှာရှိတဲ့ လူတစ်ယောက်ကသာ အဲဒီအရာကို လေ့ကျင့်လိုက်မယ်ဆိုရင် ဓားသိုင်းကျမ်းအတွက် တိုက်ပွဲက အဆုံးသတ်သွားလိမ့်မယ်…"

အဘိုးအိုက မျက်နှာပျက်ပျက်နှင့် ပြောလိုက်၏။

"ဒါကြောင့် ကျွန်တော်သာ အဲဒီဓားသိုင်းကျမ်းကို ရနိုင်မယ်ဆိုရင် သခင်မလေး လေ့ကျင့်ဖို့အတွက် ပေးချင်တာ...။ ဒါဆိုရင် အကောင်းဆုံးရလဒ် ထွက်လာလိမ့်မယ်။ တကယ်လို့ ကျွန်တော်တို့ ကျန့်ယန်တောင်က အဲဒါကိုမရခဲ့ဘဲ နဂါးအိုမြို့နဲ့ ယွင်ရှားတောင်တို့ကို ပေးလိုက်ရမယ်ဆိုရင်တောင် ခံနိုင်ရည်ရှိပါသေးတယ်။ အဲဒီလူငယ်လေးတွေက ကံကောင်းတယ်လို့ သတ်မှတ်ရမှာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ လက်မခံနိုင်တဲ့ အရာတစ်ခုလည်းရှိတယ်။ အဲဒါကတော့ လေမိုးကြိုးဥယျာဉ်က ခွေးကောင်တွေက အဲဒီဓားသိုင်းကျမ်းကို ရသွားလို့မဖြစ်ဘူး…"

အဘိုးအို၏ မျက်နှာက အလွန်ကြောက်စရာကောင်းနေခဲ့သည်။

"သခင်မလေး …

ကျွန်တော်တို့ကျန့်ယန်တောင်ရဲ့ဘိုးဘေးက လေမိုးကြိုးဥယျာဉ်ထဲမှာ သေဆုံးသွားခဲ့ရတာကို မမေ့ပါနဲ့။ ကျန့်ယန်တောင်က အားအနည်းဆုံးဖြစ်ခဲ့တဲ့အချိန်မှာ သူက အဲဒီမျိုးဆက် လေမိုးကြိုးဥယျာဉ်က ပညာရှင်တွေကို ပြတ်ပြတ်သားသား စိန်ခေါ်ခဲ့တယ်။ အဆုံးမှာတော့ တိုက်ပွဲထဲမှာ သေဆုံးသွားခဲ့ပြီးနောက် သူ့အလောင်းကို ကျန့်ယန်တောင်ဆီ မြှုပ်နှံဖို့ ပြန်မပို့တဲ့အပြင် သူ့ရဲ့အလောင်းကို နေရောင်အောက်မှာ ထုတ်ထားတယ်။ လေမိုးကြိုးဥယျာဉ်က ဓားသမားတစ်ယောက်က သူ့ခေါင်းကို ဓားတစ်ချောင်းတောင် စိုက်ထားတဲ့အတွက် တခြားလူတွေက သူ့ကို လှောင်ပြောင်ခဲ့တယ်။ အဲဒါက နှစ်ပေါင်း (၃၀၀) ကြာသွားပြီ။ ကျန့်ယန်တောင်က ပါရမီရှင်တွေ အများကြီး မွေးထုတ်ခဲ့ပေမယ့် လေမိုးကြိုးဥယျာဉ်က ဓားတစ်ချောင်းကိုတောင် ဆွဲမထုတ်နိုင်ခဲ့ဘူး။ ကျန့်ယန်တောင်က ဓားကျင့်ကြံသူမျိုးဆက်တွေက အဲဒီအရှက်ကွဲမှုကို သည်းခံခဲ့ရတယ်။ ကျန့်ယန်တောင်ကသာ လေမိုးကြိုးဥယျာဉ်ကို ဖျက်ဆီးနိုင်ခြင်းမရှိသရွေ့ အရှေ့ပိုင်းကုန်းမြေကြီးထဲမှာ ဟာသဖြစ်နေဦးမှာပဲ…”

“ဒါကြောင့် ကျွန်မတို့ကျန့်ယန်တောင်ရဲ့ ခေါင်းဆောင်တိုင်းက ဓားအင်မော်တယ် တစ်ယောက် ဖြစ်လာပြီးသွားရင် ကမ္ဘာကြီးကို ကြေညာပြီး အောင်ပွဲမခံကြတာလား."

ကလေးမလေးက ရင်ထဲတွင် အတိတ်ဖြစ်ရပ်များကို မှတ်မိသွားခဲ့သည်။ သူမက ထိုအရာများကို ကြားလိုက်ရသည့်အတွက် ရင်ထဲတွင်လည်း နာကျင်လာရသည်။ သို့သော် သူမ၏မိသားစုနှင့် အကြီးအကဲများက ထိုအကြောင်းများကို ပြောခဲ့သည့်အချိန်တွင် သူတို့၏ ဝမ်းနည်းမှုများ မပါအောင် အကောင်းဆုံး ကြိုးစား၍ ပြောခဲ့သည်။ သူတို့က တောင်ရွှေ့လူဝံကြီးကဲ့သို့ တိုက်ရိုက် ပြောပြခဲ့ခြင်း မရှိချေ။

ကလေးမလေးက ကလေးဆန်သောအသံနှင့် ပြောလိုက်သည်။

"အဘိုးလူဝံကြီး …

အဲဒီခေါင်းမာတဲ့ကောင်လေးကို ဘာလို့ လက်သီးတစ်ချက်တည်းနဲ့ သတ်မပစ်လိုက်ရတာလဲ။ အခု သူ့ရဲ့သွေးကြောတွေက ပျက်စီးသွားပြီး သူ့ရဲ့အငွေ့အသက်တွေက ပျောက်ကွယ်သွားပြီ။ ဓားသိုင်းကျမ်းကလည်း သူနဲ့အတူ တစ်စစီဖြစ်သွားလောက်ပြီ။ အင်မော်တယ်တွေကတောင် သူ့ကို ပြန်ပြီးမကုနိုင်တော့ဘူး။ ဒါပေမဲ့ အဲဒါက စိတ်မကောင်းဖြစ်ရတာထက် ပိုပြီးလုံခြုံပါသေးတယ်။ တကယ်လို့ တစ်ယောက်ယောက်ကသာ သူ့ကို ကယ်တင်လိုက်ပြီး ဓားသိုင်းကျမ်းကိုရသွားမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ ကျွန်မတို့ ကျန့်ယန်တောင်က အဲဒါပြီးရင် ဘာလုပ်သင့်တာလဲ…"

ဓားသိုင်းကျမ်း၏ အမွေဆက်ခံမှုနည်းလမ်းက အလွန်အမင်းကို ထူးခြားပြီး လျှို့ဝှက်ဆန်းကြယ်လှသည်။ ထိုအရာကို စကားလုံးများနှင့် ရှင်းပြ၍ မရနိုင်ပေ။ လျှိုဘိုးဘေးက ထိုအရာကို နံရံပေါ်တွင် ရေးသားခဲ့မည်ဆိုလျှင် သို့မဟုတ် ကျန့်ယန်တောင်၏ သစ္စာဖောက်က သူ့မျိုးဆက်များ၏ ခန္ဓာကိုယ်ထဲသို့ ဓားဆန္ဒများ ချန်ထားခဲ့ခြင်း ဖြစ်သည်။

ထိုအရာကို မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာခဲ့ပြီး အလွန်ထူးချွန်သော ပါရမီရှိနေသည့် မျိုးဆက်တစ်ယောက်က ဓားကျမ်းစာများ ပါဝင်နေသော ဓားဆန္ဒများကို ထိန်းချုပ်နိုင်ရန် စောင့်ဆိုင်းနေခဲ့ကြသည်။ ထို့ကြောင့် လူငယ်လေးသာ သေသွားမည်ဆိုလျှင် သူ၏ကြွေဝယ်သူနှင့် လေမိုးကြိုးဥယျာဉ်တို့က လုံးဝကို မျှော်လင့်ချက် မဲ့သွားပါလိမ့်မည်။ ဤကမ္ဘာကြီးထဲတွင် လုံးဝပေါ်မလာခဲ့ဖူးသော ဓားသိုင်းကျမ်းကလည်း အချည်းနှီး ပျောက်ကွယ်သွားရမည်သာ ဖြစ်၏။

အဘိုးအိုက ရယ်ပြီးပြောလိုက်သည်။

"တကယ်လို့ အဘိုးသာ အဲဒီလူငယ်လေးကို သတ်လိုက်မယ်ဆိုရင် ဒီကမ္ဘာကြီးထဲကနေ ချက်ချင်း ထွက်သွားရလိမ့်မယ်။ အဲဒါဆိုရင် သခင်မလေးက ဘာလုပ်မှာလဲ။ လေမိုးကြိုးဥယျာဉ်က လူတွေကို သခင်မလေးတစ်ယောက်တည်း ရင်ဆိုင်မလို့လား။ ပြီးတော့ ဒီနေရာမှာ မှော်အစွမ်းတွေအားလုံးကို တားဆီးထားတယ်…”

“ဆရာရွမ်က ဓားဖန်တီးပြီး လူသတ်နိုင်တယ်။ ဒါပေမဲ့ လူကယ်နိုင်တဲ့ သူ့ရဲ့စွမ်းရည်ကတော့ အရမ်းနိမ့်တယ်။ အဲဒီအပြင် ချီကျင့်ချွန်က လှုပ်ရှားမယ်လို့ ထင်နေတာလား။ လုံးဝလှုပ်ရှားမှာမဟုတ်ဘူး။ သူက မြစ်ထဲကို ဖြတ်နေတဲ့ ရွှံ့ရုပ်တုတစ်ခုလို ဖြစ်နေပြီ။ အခုအချိန်မှာ သူ့ကိုယ်သူတောင် မကာကွယ်နိုင်ဘူး။ ပြီးတော့ သူသာ တကယ်လို့ ဝင်ပါလာမယ်ဆိုရင် ကျွန်တော်က အစစ်အမှန်ပုံစံကို ပြရမှာပဲ။ ဒီကမ္ဘာကြီးက ကျွန်တော့်ရဲ့မီတာတစ်သောင်းခန္ဓာကိုယ်ကို ခံနိုင်ရည်ရှိမရှိ ကြည့်ရသေးတာပေါ့…"

အဘိုးအိုက အလွန်ကြောက်စရာကောင်းသော အငွေ့အသက်တစ်ခုနှင့် မတ်တတ်ရပ်ပြီး ပြောလိုက်သည်။

"သခင်မလေး …

အမိုးတံတားပေါ်မှာရှိတဲ့ လူငယ်လေးကို ထပ်ပြီး အာရုံစိုက်စရာ မလိုတော့ဘူး။ ကျွန်တော်က လေမိုးကြိုးစံအိမ်က လူတွေကို သတ်ပစ်ပြီး တောင်ထိပ်ရဲ့အပြင်ဘက်မှာ သခင်မလေးကို စောင့်နေမယ်။ တကယ်လို့ အဲဒီချီကျင့်ချွန်က ဦးနှောက်ရှိမယ်ဆိုရင်တော့ ဘေးကနေ ကြည့်နေလိမ့်မယ်။ တကယ်လို့ သူဝင်ပါရဲမယ်ဆိုရင်တော့ ကျွန်တော်က သူ့ကို အပိုင်းပိုင်းအစစ ဖျက်ဆီးပစ်မယ်။ ဆရာရွမ် လှုပ်ရှားမယ်ဆိုရင်တောင် ကျွန်တော်က သူနဲ့အဆုံးထိ တိုက်ခိုက်မှာပဲ။ အဲဒါဆိုရင် ဒီခရီးက အကျိုးမဲ့မဖြစ်တော့ဘူး…"

ကလေးမလေးက သေချာစဉ်းစားပြီး အပြုံးနှင့် ပြောလိုက်သည်။

"အဘိုးလူဝံကြီး …

လုပ်စရာရှိတာလုပ်ပါ။ ကျွန်မကို ဘာမှစိုးရိမ်မနေနဲ့…"

အဘိုးက အပြုံးနှင့် ပြောလိုက်၏။

"သခင်မလေး …

ကျွန်တော့်အတွက်တော့ နည်းနည်းလေးတောင် စိုးရိမ်စရာမလိုပါဘူး.."

…………..

စမ်းချောင်းလေး၏ အနားတွင် ရှိနေသော ပန်းပဲဖို၏ အခန်းတစ်ခန်းထဲတွင် အလွန်ပြင်းထန်သော သွေးရနံ့များက လေထဲတွင် ပြည့်နှက်နေခဲ့၏။ ချန်းပင်အန်းက သွေးများ ပြည့်နေသော ရေဇလုံများကို အပြင်ဘက်သို့ သယ်ထုတ်သွားပြီး ကြည်လင်နေသော ရေဇလုံးများနှင့် အစားထိုးပေးနေခဲ့သည်။

ယန်ကလန်၏ ဆိုင်ရှင်အဘိုးကို အစိမ်းဝတ်မိန်းမပျိုက ဆွဲခေါ်လာပြီး ပြတင်းပေါက်ရှေ့တွင် ရှိနေသော ထိုင်ခုံပေါ်တွင် ချလိုက်သည်။ သူက လက်တွင် ပေနေသော သွေးစီးကြောင်းများကို သန့်ရှင်းရေး လုပ်လိုက်၏။

သူ၏နဖူးပေါ်မှ ချွေးများ စီးကျလာနေပြီး ခေါင်းခါ၍ မသက်မသာ ပြောလိုက်သည်။

"ဆရာရွမ် …

ဒီကောင်လေးရဲ့ဒဏ်ရာတွေက အရမ်းကိုပြင်းထန်လွန်းတယ်။ တကယ်လို့ မြို့အပြင်ဘက်မှာဆိုရင်တော့..."

လက်ပိုက်ထားသော ဆရာကြီးရွမ်က တည့်တည့်သာ ပြောလိုက်သည်။

"အပိုတွေ မပြောနဲ့…"

အဘိုးအိုကတော့ မချိပြုံးပြုံးရုံသာ တတ်နိုင်တော့၏။ သူက အမှန်တကယ်ကို ဒုက္ခရောက်နေခဲ့သည်။ အကယ်၍ မြို့အပြင်ဘက်တွင်ဆိုလျှင်တော့ သူက လှုပ်ရှားမည်ပင် မဟုတ်ပေ။

အစိမ်းဝတ်မိန်းမပျို ရွမ်ရှို့က လူငယ်လေး၏ နဖူးပေါ်တွင် တင်ထားသော သစ်ခါးပင် သစ်ရွက်ကို စိုက်ကြည့်နေခဲ့သည်။ ထိုအရာက မှေးမှိန်ပြီး အစိမ်းရောင် ဖြစ်နေသေး၏။ သူမက ပြန်လှည့်ပြီး ဒေါသတကြီး ပြောလိုက်သည်။

"တကယ်လို့ ချန်းပင်အန်းသာ သူ့ရဲ့သစ်ခါးပင်သစ်ရွက်ကို ထုတ်ပေးမယ်ဆိုရင် လျှိုရှန်းယန်က အသက်ရှင်နိုင်ခြေ တစ်ဝက်ရှိသေးတယ်လို့ ရှင်ပြောခဲ့တာ မဟုတ်ဘူးလား…"

ယန်မျိုးရိုးဆေးဆိုင်မှ ဆိုင်ရှင်အဘိုးကြီးက သက်ပြင်းချလိုက်မိ၏။

"တကယ်လို့ သစ်ခါးပင်ကြီးသစ်ရွက်ပိုင်ရှင်က ဒီလို ဆိုးဆိုးဝါးဝါးဒဏ်ရာမျိုးကို ခံစားရမယ်ဆိုရင် သစ်ခါးပင်ကြီးရဲ့ ရှေးဟောင်းအငွေ့အသက်တွေကို လက်ခံရလိမ့်မယ်။ အဲဒါဆိုရင် အသက်ရှင်ဖို့အခွင့်အရေး (၅၀) ရာခိုင်နှုန်းလောက် ရှိတယ်။ တကယ်လို့ အဲဒီအခွင့်အရေးကို တခြားလူတစ်ယောက်အပေါ် သုံးလိုက်မယ်ဆိုရင်တော့ အခြေအနေက မတူတော့ဘူး…"

ရွမ်ရှို့က ဒေါသတကြီး အော်လိုက်၏။

"ယန်မျိုးရိုး …

ဒါဆိုရင် ဘာလို့အပိုစကားတွေ ပြောနေတာလဲ။ အသက်ရှင်ဖို့ (၅၀) ရာခိုင်နှုန်းတောင် မရှိတော့ဘူးဆိုတာကို ဘာလို့ စောစောမပြောရတာလဲ…"

အဘိုးအို၏မျက်နှာက ဆူပုတ်ပုတ် ဖြစ်နေခဲ့၏။ သူက အမှားလုပ်ထားသလို ခံစားလိုက်ရသည်။

"တကယ်လို့ ငါသာ အဲဒီလို မပြောခဲ့ဘူးဆိုရင် အဲဒီလူငယ်လေးမသေခင် မိန်းကလေးရဲ့ရိုက်နှက်မှုကြောင့် ငါ အရင်ဆုံး သေသွားလောက်တယ်…"

ရွမ်ရှို့က အလွန်ဒေါသထွက်နေသည့်အတွက် သူမ၏မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်နေသည်။ သူမက ပါးစပ်မှ တီးတိုး ကျိန်ဆဲနေခဲ့၏။

သက်လတ်ပိုင်းလူကြီးက အသံတိုးတိုးနှင့် ပြောလိုက်သည်။

"ရှို့ရှို့… ဆိုင်ရှင်ယန်အပေါ် မရိုင်းနဲ့…"

ရွမ်ရှို့က အံကြိတ်ပြီး တိတ်ဆိတ်နေခဲ့သည်။

ခဏကြာ တိတ်ဆိတ်နေပြီးနောက် အချိန်တော်တော်ကြာ လှုပ်ရှားမှုမရှိသော ဆိုင်ရှင်အိုကြီးကိုကြည့်ပြီး သက်လတ်ပိုင်းလူကြီးက စတင်ကြိမ်းမောင်းလိုက်သည်။

"ဆိုင်ရှင်ယန်….

ခင်ဗျားက ဘာကိစ္စ သစ်သားတုံးကြီးလို ရပ်နေရတာလဲ။ ခင်ဗျားက သေချင်နေတာလား…"

ထိုကဲ့သို့ သားအဖကို ရင်ဆိုင်ရသည့်အချိန်တွင် အဘိုးအိုက အော်ငိုချင်နေသော်လည်း မျက်ရည်ထွက်မလာခဲ့ပေ။ အရေးကြီးဆုံးအရာကတော့ သူက မကျေနပ်မှုကို အနည်းငယ်လေးပင် ပြသရဲခြင်း မရှိချေ။ သူက အားတင်းလိုက်ပြီး ကုသရန် ကြိုးစားလိုက်၏။

စလာသည့်အချိန်မှ ဆုံးသည့်တိုင်အောင် မြက်ဖိနပ်နှင့် လူငယ်လေးက ပြဿနာမရှာခဲ့သလို ငိုကြွေးနေခြင်း မရှိချေ။ သူက ရေများကိုသာ အကြိမ်ကြိမ် လဲလှယ်ပေးနေခဲ့၏။

နောက်ထပ် (၁၅) မိနစ်ခန့်ကြာပြီးနောက် ဆေးဆိုင်ပိုင်ရှင်က အလွန်ဒေါသထွက်လာခဲ့သည်။ သူက ခေါင်းငုံ့ပြီး ကြည်လင်နေသော ရေဇလုံးကို ကြည့်လိုက်၏။ ရုတ်တရက်ဆိုသလို သူက ရေများကို ရိုက်ချလိုက်ရာ ရေများ ဖွာထွက်လာခဲ့သည်။

ထို့နောက် သူက ဝမ်းနည်းနေသော အမူအရာနှင့် ဆရာရွမ်ကို မော့ကြည့်ပြီး ပြောလိုက်၏။

"ဆရာရွမ် …

ကျွန်တော့်ကို သတ်ချင်လည်း သတ်လိုက်တော့...။ ကျွန်တော်က ဆေးရောင်းတဲ့ လူတစ်ယောက်ပဲ။ ကျွန်တော်က လူသေကို ပြန်ရှင်အောင် လုပ်ပေးနိုင်တဲ့ နတ်ဆေးဆရာတစ်ယောက် မဟုတ်ဘူး…"

ဆရာရွမ်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုအဘိုးက အနည်းငယ် လန့်သွားမိ၏။

နောက်ဆုံးတွင်တော့ လူငယ်က ပြောလိုက်သည်။

"ဆရာကြီးယန် …

ကျေးဇူးပြုပြီး နောက်တစ်ကြိမ် ကြိုးစားပေးပါဦး…"

အဘိုးအိုက လူငယ်လေးကို ပြန်လှည့်ကြည့်လိုက်သည့်အချိန်တွင် လူငယ်၏ မျက်လုံးများက ကြည်လင်နေခဲ့သည်။

သူကတော့ သေချာအလေးထား၍ ပြောလိုက်၏။

"နောက်တစ်ကြိမ် ကြိုးစားပေးပါဦး…"

အဘိုးအိုက လေပူများကို မှုတ်ထုတ်လိုက်သည်။ သူလည်း ခံနိုင်ရည် မရှိတော့သည့်အတွက် ပြောလိုက်၏။

"ကလေး …

ဒီအဘိုးကြီးလုပ်နိုင်တာ ဘာမှမရှိတော့ဘူး…"

လူငယ်လေးက ခက်ခက်ခဲခဲ ပြုံးလိုက်၏။

"ဆိုင်ရှင်ယန် …

ကျွန်တော် တောင်းပန်ပါတယ်…"

အဘိုးအို၏မျက်နှာက အလွန်ပင်ပန်းနေပုံ ရသော်လည်း သူက ခေါင်းခါပြလိုက်သည်။

မြက်ဖိနပ်နှင့် လူငယ်လေး၏ နောက်ဆုံး မျှော်လင့်ချက်ကလည်း ပျောက်ကွယ်သွားခဲ့၏။ သူက ဆောင့်ကြောင့်ထိုင်လိုက်ပြီး ရေဇလုံးကို အောက်သို့ ပြန်ချလိုက်သည်။ ထို့နောက် ကုတင်ဘေးတွင် ထိုင်လိုက်ပြီး လျှိုရှန်းယန်၏ အေးစက်နေသော လက်တစ်စုံကို ကိုင်ထားခဲ့၏။

သူကတော့ အားတင်း၍ ပြုံးလိုက်သော်လည်း သူ့အပြုံးက ပို၍ရုပ်ဆိုးနေခဲ့သည်။ သူက တိုးတိုးလေး ပြောလိုက်၏။

"ငါ ပြန်လာခဲ့မယ်…"

လူငယ်လေးက မတ်တပ်ရပ်ပြီး အခန်းထဲမှ ထွက်သွားခဲ့၏။ သူ တံခါးဝသို့ ရောက်သည့်အချိန်တွင် ရုတ်တရက် ပြန်လှည့်လာပြီး ရွမ်မျိုးရိုး သားအဖနှင့် ဆိုင်ရှင်အိုကြီးကို ကျေးဇူးတင်ကြောင်း ပြောလိုက်သည်။

ထိုအချိန်ထိအောင် သူတို့ (၃) ယောက်ကတော့ အလုပ်များနေကြသေး၏။ လူငယ်က အပေါက်ဝမှ ထွက်သွားခဲ့သည်။ နေရောင်ခြည်က အနည်းငယ် လင်းလက်တောက်ပနေသေး၏။ လူငယ်က ခဏကြာရပ်လိုက်ပြီး ရှေ့သို့ ပြေးထွက်သွားခဲ့သည်။

"တကယ်လို့ ကောင်းကင်ဘုံက တရားမျှတမှုမပေးဘူးဆိုရင်လည်း ရတယ်။ ငါကိုယ်တိုင် တရားမျှတမှုကို ပြန်ယူမယ်။ ငါ တတ်နိုင်သမျှ ပြန်ယူရမှာပဲ…"

Translated by Hein Htet.

All Chapters