အခန်း (၃၅)
Vol. 3 Ch. 35
လျှိုရှန်းယန်နှင့်ချန်းပင်အန်းတို့ ရွှံ့ပုလင်းလမ်းကြားထဲမှ ထွက်လာခဲ့ပြီးနောက် ဘေးဘယ် ညာနှစ်ဖက်တွင် အသီးသီးရပ်နေသော အဖွဲ့(၂)ဖွဲ့ကို မြင်လိုက်ရသည်။
ကလေးမလေးကတော့ သန်သန်မာမာ အဘိုးအို၏ လည်ပင်းပေါ်တွင် ခွစီးထားပြီး မောက်မာပုံရသည့် အနီရောင်ဝတ်စုံနှင့် ကလေးငယ်ကတော့ ကျက်သရေရှိသော အမျိုးသမီး၏ဘေးတွင် ရပ်နေခဲ့သည်။
လျှိုရှန်းယန်က သူတို့ကို ဖြတ်လျှောက်သွားသည့်အချိန်တွင် သူ့ပုံစံက တည်ငြိမ်အေးစက်နေခဲ့၏။ ဆံပင်ဖြူနှင့် အဘိုးအို၏ မျက်လုံးထဲတွင် သူက စစ်သူကြီး တစ်ယောက်၏ ပုံသဏ္ဍာန်မျိုး ရှိသည်။ မြက်ဖိနပ်နှင့် လူငယ်လေး၏ သတိထားမှုကြောင့် သူက ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ရန် အကောင်းဆုံး ကြိုးစားနေသော်လည်း သူ့အတွက်တော့ အရာမထင်ခဲ့ပေ။
လုကျန့်ချွန်က သူတို့(၂)ယောက်ကို နှုတ်ဆက်လိုက်ပြီးနောက် သူက နေရာတွင် ရပ်နေပြီး တကိုယ်လုံး အကြောက်တရားများကြောင့် တုန်ယင်နေခဲ့သည်။ သူက ထိုအရာကို သေချာသတင်းပို့လိုက်၏။
“အင်မော်တယ်က သူ့ကို သင့်တော်တဲ့ ဈေးနှုန်းတစ်ခုပေးပို့ လျှိုရှန်းယန်က တောင်းဆိုနေတယ်။ နောက်တစ်ကြိမ်ကျရင်တော့ သူက ရင်ကွဲခံပြီး မိသားစုအမွေအနှစ်ကို ရောင်းမယ်လို့ ပြောတယ်…”
အမျိုးသမီးက ကျန့်ယန်တောင်မှ ဆံဖြူအဘိုးအိုကို လှည့်ကြည့်လိုက်ပြီး အပြုံးနှင့် မေးလိုက်သည်။
“ဘယ်လိုထင်လဲ အကြီးအကဲလူဝံကြီး…”
အဘိုးအိုက ခဏကြာ စဉ်းစားပြီး လေးလေးနက်နက် ပြောလိုက်သည်။
"(၃)ကြိမ်ထက်တော့ ပိုပြီးတော့ မလုပ်ပေးနဲ့။ အဲဒီမတိုင်ခင်တော့ ငါတို့က လျှိုရှန်းယန် တောင်းဆိုတဲ့အတိုင်း လုပ်ပေးပြီး သူ့ကို အကောင်းဆုံး ပေးရမှာပေါ့။ ကျန့်ယန်တောင်က ဒီကောင်လေးကို အစစ်အမှန် တပည့်တစ်ယောက်အဖြစ် လက်ခံပေးနိုင်တယ်။ အဲဒီအပြင် နှစ်(၁၀၀) လျှို့ဝှက်ရတနာတစ်ခုကိုလည်း ငှားပေးနိုင်သေးတယ်။ ချင်းဖုန်းမြို့က ရှို့မိသားစုကတော့ မင်းတို့ရဲ့ သဘောအတိုင်းပဲ.."
အမျိုးသမီးက ထိတ်လန့်အံ့ဩစွာ ပြောလိုက်သည်။
"ကျန့်ယန်တောင်ရဲ့ အစစ်အမှန်တပည့်ဆိုတဲ့ အရာတစ်ခုတည်းနဲ့တင် တော်တော်လေး ဂုဏ်ယူဖို့ကောင်းနေပြီ။ အကြီးအကဲလူဝံကြီးက ရတနာတစ်ခုကိုတောင် ထပ်ပြီးကမ်းလှမ်းချင်သေးတာလား။ လျှိုမျိုးရိုးကောင်လေးက အသက်(၉)နှစ်အရွယ်မှာ ဝယ်သူမရှိတဲ့အတွက် ပါရမီရှင်တစ်ယောက် ဖြစ်နိုင်ပါ့မလား…"
အဘိုးအိုကတော့ သူမ၏စကားကို မကြားချင်ယောင်ဆောင်ထားသည်။ သူက ကလေးငယ်ကိုကြည့်ပြီး အပြုံးနှင့် ပြောလိုက်၏။
"မြို့ထဲမှာ ဆိုင်တွေ အများကြီးရှိတယ်။ သူတို့အားလုံးမှာ အရင်းအမြစ်တွေ ရှိကြတာပဲ။ သခင်မလေးက သူတို့ကို သေချာရှာကြည့်လိုက်ရင် အစုတ်အပြတ်တချို့ကိုတော့ ကောက်ယူနိုင်ပါလိမ့်မယ်…"
ကလေးမလေးကလည်း ကလေးဆန်စွာ ပြောလိုက်သည်။
“သွားမယ် သွားမယ် သွားမယ်…”
ကျန့်ယန်တောင်၏ ခေါင်းဆောင်တစ်ယောက်ဖြစ်သော အဘိုးအိုက ကျယ်လောင်စွာရယ်လိုက်ရာ လှုပ်ရှားနေသော တောင်တန်းကြီးတစ်ခုကဲ့သို့ ဖြည်းညင်းစွာ လှုပ်ရှားလာခဲ့သည်။
ကလေးငယ်က အပြုံးနှင့် ပြောလိုက်၏။
"ကျန့်ယန်တောင်က တော်တော်လေးကို ချူချာတာပဲ…"
အမျိုးသမီးက လုကျန့်ချွန်ကို အရင်ဆုံး အိမ်ပြန်ရန် အချက်ပြလိုက်သည်။ သူမက သူမ၏သားကိုခေါ်ပြီး လမ်းပေါ်တွင် အေးအေးဆေးဆေး လမ်းလျှောက်၍ မူလဇစ်မြစ်များ အကြောင်းကို ရှင်းပြလိုက်၏။
"တောင်ထိပ်ပေါ်ကို တက်ဖို့ သာမန်လမ်းကြောင်းအပြင် ကျန့်ယန်တောင်မှာ ဓားနဲ့ပတ်သက်တဲ့ အထူးလမ်းကြောင်းတစ်ခုလည်း ရှိတယ်။ သူ့ရဲ့အမွေအနှစ် ဆက်ခံမှုကနေ တောင်ထိပ်ကိုသွားတဲ့ လမ်းကြောင်း(၆)ခု ပွင့်နိုင်တယ်။ ဒါကြောင့် ကျန့်ယန်တောင်က သူတို့ရဲ့တာအိုကို သက်သေပြနိုင်တဲ့ ဓားအင်မော်တယ် (၆)ယောက် မွေးထုတ်ပေးနိုင်တယ်လို့ ဆိုလိုတာပဲ…"
ကလေးငယ်က ခနဲ့သလို ပြောလိုက်သည်။
"ဒီလိုကြွယ်ဝတဲ့ သမိုင်းကြောင်းတစ်ခု ရှိတော့ရော ဘာများအသုံးဝင်လို့လဲ။ သူတို့က အတိတ်မှာ နေထိုင်နေတာ ဘယ်နှစ်နှစ်တောင် ရှိနေပြီလဲ။ မြို့ထဲကို ဝင်လာတဲ့ ချီကျင့်ကြံသူတွေ အားလုံးထဲမှာ ကျွန်တော်တို့ကို ယှဉ်နိုင်တဲ့ဘိုးဘေးတွေ တစ်ယောက်မှ မရှိဘူးလား…"
အမျိုးသမီးက ကလေးငယ်၏လက်ကို ကိုင်လိုက်ပြီး အပြုံးနှင့် ပြောလိုက်သည်။
"ဒါဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်း(၁၀၀)အတွင်း ကျန့်ယန်တောင်ရဲ့ အထွဋ်အထိပ်ကို ရောက်နိုင်တဲ့ ဓားတာအိုအသစ်(၂)မျိုးကိုရော သား သိလား။ သားနဲ့ သက်တူရွယ်တူ ကလေးမလေးက ဓားချီစွမ်းအင်တွေ ပြည့်နေတဲ့ ဓားတောင်ပေါ်မှာ လွတ်လပ်စွာ သွားလာနိုင်တယ်။ သူက ကျန့်ယန်တောင်က ဘိုးဘေးတွေနဲ့အတူ အဲဒီနေရာမှာ နေနိုင်တယ်…”
ကလေးငယ်က ခဏကြာမှင်တက်သွားခဲ့ပြီး လမ်းတွင် ရပ်လိုက်သည်။ သူက ဒေါသထွက်နေသောအသံနှင့် ပြောလိုက်၏။
“အဲဒီငတုံးမလေးက ဒီလိုထူးခြားတဲ့ နောက်ခံမျိုး ရှိနေတယ်ဆိုရင် ဘာလို့ကျွန်တော့်ကို စောစောမပြောရတာလဲ။ ဒီလိုဆိုရင် ကျွန်တော်က သူ့ကို လမ်းတလျှောက်မှာ ကောင်းကောင်းဆက်ဆံပေးပြီး မလိုအပ်ဘဲ ပြဿနာတွေ မလုပ်ဖြစ်တော့ဘူးပေါ့။ တကယ်လို့ ကျွန်တော်ကသာ သူ့ကို မိန်းမအဖြစ် ယူလိုက်မယ်ဆိုရင် သူက ကျွန်တော့်ရဲ့ တာအိုလက်တွဲဖော်တစ်ယောက် ဖြစ်လာနိုင်တယ်။ ဒါက ချင်းဖုန်းမြို့အတွက် ကောင်းတဲ့အရာတစ်ခု မဟုတ်လား…”
အမျိုးသမီးက ကလေးဆန်သော မျက်နှာလေးကို ကြည့်လိုက်သည်။ သူက ကျားပေါက်လေး တစ်ကောင်ကဲ့သို့ ဒေါသထွက်နေခဲ့သည်။ သူမကတော့ ဒေါသထွက်ရမည့်အစား ရယ်လိုက်၏။
“မင်းနဲ့ အဲဒီကလေးမလေးနှစ်ယောက်လုံးက အထက်ဘုံ(၅)ဆင့်ကို တက်လှမ်းနိုင်မဲ့ အခွင့်အရေး ရှိနေတဲ့ ကျင့်ကြံမှုစွမ်းရည် ရှိကြတယ်။ ဒါကြောင့် မင်းတို့ရဲ့လက်ထပ်ပွဲက အရမ်းကို ရှုပ်ထွေးပြီး ပြောင်းလဲစရာတွေ အများကြီးရှိတယ်။ တကယ်လို့ မင်းကသာ အဲဒါကို တမင်ရည်ရွယ်ချက်ရှိရှိ လုပ်လိုက်မယ်ဆိုရင်တော့ အခြေအနေကောင်းမှာ မဟုတ်ဘူး။ အဲဒီကလေးမက မင်းကို အရမ်းမုန်းနေတယ်ဆိုတာ မတွေးမိဘူးလား..”
ကလေးငယ်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
“အဲဒီတော့ ကျွန်တော်က ဘာလုပ်ရမှာလဲ…”
အမျိုးသမီးက သိမ်မွေ့စွာ ပြောလိုက်၏။
“သူ့သဘာဝအတိုင်းပဲ ထားလိုက်ပါ…”
ကလေးငယ်က ရုတ်တရက် လေးလေးနက်နက် ပြောလိုက်သည်။
“အမေ …
ကျွန်တော်က လျှိုရှန်းယန်ရဲ့နောက်မှာရှိတဲ့လူကို မကြိုက်ဘူး။ သူ့ကို ပထမဆုံး တွေ့တဲ့အချိန်ကတည်းက သဘောမကျတာ…”
အမျိုးသမီးက စိတ်ဝင်တစား မေးလိုက်၏။
“ဘာလို့လဲ…”
ကလေးငယ်က ခဏကြာစဉ်းစားပြီး ပြန်ဖြေလိုက်သည်။
“အဲဒီကောင်လေးက နည်းနည်းထူးဆန်းတယ်။ သူက အရာအားလုံးသိနေတဲ့ လုကျန့်ချွန်နဲ့ ကွဲပြားသလို ဘာမှမသိတဲ့ လျှိုရှန်းယန်နဲ့လည်း ကွဲပြားတယ်။ အထူးသဖြင့် ကျွန်တော်က သူ့ရဲ့မျက်လုံးတွေကို အရမ်းမုန်းတယ်…”
အမျိုးသမီးက ကလေးဆန်စွာ ပြုမူနေသော သူ့သားကိုကြည့်ပြီး အကြံပေးလိုက်သည်။
“သားက ဒီမြို့လေးထဲမှာ လုပ်ချင်တာလုပ်လို့ မရဘူး။ ဒါပေမဲ့ ဒီကမ္ဘာကြီး ပျက်စီးသွားပြီးရင်တော့ ဒီမှာရှိတဲ့လူတိုင်း ဘာတွေဖြစ်မယ်ဆိုတာ စဉ်းစားကြည့်လိုက်။ အဲဒီလိုစဉ်းစားမိရင် ပိုပြီးတော့ ခံစားလို့ကောင်းတယ် မဟုတ်လား…”
ကလေးငယ်က ခေါင်းညိတ်ပြလိုက်ပြီး သူမပြောသည့် စကားကို ရေရွတ်လိုက်သည်။
“ပုရွက်ဆိတ်တွေ…”
……………
မြို့ထဲမှ ထွက်သွားပြီးနောက် ချန်းပင်အန်းနှင့် လျှိုရှန်းယန်တို့က အမိုးတံတားကို လျင်မြန်စွာ မြင်လိုက်ရသည်။ လျှိုရှန်းယန်က အေးအေးဆေးဆေး မေးလိုက်၏။
“စုန့်ကျိရှင်းရဲ့အဘိုးက ဘာလို့ ဒီအမိုးတံတားကို ဆောက်ခဲ့တယ် ထင်လဲ။ တကယ်လို့ သူက ဒါကို ဆောက်ချင်တယ်ဆိုရင်လည်း ထားလိုက်ပါတော့။ သူက ဒီလောက်အိုမင်းနေတဲ့ အမိုးတံတားကြီးကို ဘာလို့အပေါ်ကနေ ထပ်အုပ်ခဲ့ရတာလဲ။ ကျောက်တုံးတံတားကြီးက မပျက်စီးသေးဘူးလို့ ငါကြားတယ်။ ဒါက အင်္ကျီဝတ်ထားသလိုပဲ။ ဒါက နွေရာသီဆိုရင် တော်တော်လေးပူမလား စဉ်းစားနေတာ။ ဟားဟား … ဟား ဟား … ဟားဟား…”
သူ့စကား ဆုံးသွားသည့်အချိန်တွင် လျှိုရှန်းယန်က တစ်ယောက်တည်း ရယ်လိုက်မိသည်။ အမိုးတံတား၏ အဆုံးတွင်တော့ ရွှေရောင်စကားလုံးများနှင့် ရေးထားသော စာသားတစ်ခု ရှိသည်။ ထိုအရာကို မည်သူက ရေးသားထားကြောင်း မသိရသော်လည်း စကားလုံးများက ကြီးမားလှ၏။
“လေလှိုင်းတွေက ရေစီးကြောင်းတွေ ဖန်တီးနိုင်တယ်..”
လူငယ်နှစ်ယောက် လှေကားထစ်သို့ လျှောက်လာသည့်အချိန်တွင် လျှိုရှန်းယန်က အကြိမ်အနည်းငယ် ခြေဆောင့်လိုက်ပြီး လျှို့ဝှက်ဆန်းကြယ်စွာပြောလိုက်သည်။
“အဘိုးယောင်က ငါ့ကို တစ်ကြိမ် ပြောခဲ့ဖူးတယ်။ ဒီလှေကားထစ်တွေရဲ့ အောက်ခြေမှာ ထူးဆန်းတဲ့အရာတစ်ခု ရှိတယ်ဆိုပဲ။ အမိုးတံတားကို ပထမဆုံး တည်ဆောက်ခဲ့တဲ့အချိန်မှာ စုန့်ကျိရှင်းရဲ့အဖေက ဒီနေရာမှာ တွင်းကြီးတစ်တွင်းတူးဖို့ သူ့လူတွေကို အမိန့်ပေးခဲ့တယ်။ ပြီးတော့ လူတစ်ရပ်နီးပါးလောက် အရပ်ရှည်တဲ့ ကြွေထည်အိုးကြီးတစ်ခုကို မြုပ်ခဲ့တယ်လို့ ပြောတယ်။ မင်းက ကြောက်သွားပြီလား..”
ချန်းပင်အန်းက ပြန်မေးလိုက်၏။
“ဘာကြောက်စရာရှိလို့လဲ…”
သူတို့နှစ်ယောက်က အမိုးတံတား၏ အရိပ်ထဲတွင် လျှောက်နေကြသည်။ လျှိုရှန်းယန်က တီးတိုးပြောလိုက်၏။
“ဒါက တံတားအောက်မှာ နက်ရှိုင်းတဲ့ တွင်းနက်ကြီးတစ်ခု ရှိနေလို့များလား။ ရေနစ်တာက လူတချို့အတွက်တော့ ပိုပြီးတော့ ကောင်းတယ်လေ။ ဒါကြောင့် သူတို့က မကောင်းဆိုးရွားတွေကို ဖိနှိပ်ဖို့အတွက် ဘုန်းတော်ကြီးတွေ၊ တာအိုသခင်တွေကို ဖိတ်ခေါ်ဖို့ လိုအပ်တာလား…”
ချန်းပင်အန်းကတော့ တစ္ဆေသရဲများနှင့် ပတ်သက်သော အရာများကို လုံးဝမပြောခဲ့ပေ။ လျှိုရှန်းယန်က အဖြေမရခဲ့သည့်အတွက် သူလည်း စိတ်ဝင်စားမှု ပျောက်ကွယ်သွားခဲ့၏။
အသစ်တည်ဆောက်ထားသော သစ်သားအမိုးတံတားဆီမှ သစ်သားနှင့် အမွှေးရနံ့များ ထွက်ပေါ်လာနေခဲ့သည်။ ထုတ်တန်းများ ပြုလုပ်ရန် အသုံးပြုထားသော သစ်သားများက နှစ်ပေါင်းများစွာ ပိတ်ဆို့ထားသော တောင်တန်းများ၊သစ်တောများထဲမှ ခုတ်ယူထားခြင်းဖြစ်သည်။
ထိုအရာကို တောင်အပြင်ဘက်သို့ပို့ရန် အတော်လေး ခက်ခဲခဲ့၏။ စမ်းချောင်းလေးထဲတွင် ရှိနေသော ရေမျက်နှာပြင်က တောင်တန်းများတဝိုက်တွင် မြင့်မားမှုမရှိချေ။ ထို့ကြောင့် ဧရာမသစ်တုံးကြီးများ မျောပါလာရန် မလုံလောက်ပေ။
သူတို့က မိုးရွာသည့်အချိန်မျိုးကိုသာ ရွေးချယ်ခဲ့ရသည်။ လမ်းကြောင်းက ရွှံ့ထူပြီးအတော်လေးကို ချောနေသည်။ အနည်းငယ် ဂရုမစိုက်မိလျှင် ရေထဲသို့ ပြုတ်ကျသွားနိုင်၏။ ထိုအရာက အလွန်အမင်းကို အန္တရာယ်များသည်။ သို့သော် ရေကြီးမှုတွင် လူငယ်တစ်ယောက်မျှမသေခဲ့ပေ။
သစ်တုံးကြီးများကို တောင်တန်းများ အပြင်ဘက်သို့ ပို့သည့်အချိန်တွင် ကျောင်းဆရာ ချီကျင့်ချွန်ကိုယ်တိုင် ကူညီပေးသည်ဟု ပြောကြ၏။ သူက သစ်တုံးများကို တဆင့်ချင်းဆီ မည်သို့ပို့ဆောင်ရမည်ဖြစ်ကြောင်း သူတို့ကို သင်ကြားပေးခဲ့သည်။ ဆရာချီ၏ ကျေးဇူးကြောင့် အရာအားလုံးက လုံခြုံနေခဲ့၏။
သူတို့က အမိုးတံတား၏ မြောက်ဘက်လှေကားထစ်ကို ရောက်လာသည့်အချိန်တွင် လျှိုရှန်းယန်က အလွန်ကြီးမားသော အပြာရောင်ကျောက်တုံးကြီးပေါ်တွင် ချက်ချင်း ထိုင်ချလိုက်သည်။ ချန်းပင်အန်းကလည်း သူ့ဘေးတွင် ထိုင်လိုက်ရ၏။
လျှိုရှန်းယန်က အပြုံးနှင့် မေးလိုက်သည်။
“တကယ်လို့ ငါ့ကြောင့်သာ မဟုတ်ရင် မင်းနဲ့စုန့်ကျိရှင်းတို့က မိတ်ဆွေကောင်းတွေ ဖြစ်လာနိုင်တယ် မဟုတ်လား…”
ချန်းပင်အန်းက ခေါင်းခါပြီး ပြောလိုက်၏။
“နည်းနည်းတော့ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမဲ့ သိပ်တော့ မလွယ်ပါဘူး…”
လျှိုရှန်းယန်က စိတ်ဝင်တစား မေးလိုက်သည်။
“ဘာလို့လဲ။ မင်းတို့နှစ်ယောက်က အိမ်နီးချင်းတွေလေ။ ပြီးတော့ သက်တူရွယ်တူပဲ..။ အမှန်အတိုင်း ပြောရရင် စုန့်ကျိရှင်းက စာပေနဲ့ ပတ်သက်ပြီး ဟန်ရေးပြရတာ သဘောကျသလို စကားပြောတာလည်း ကြမ်းတယ်။ ဒါပေမဲ့ သူ့ပုံစံက အလွန်အကျွံ လုပ်တတ်တဲ့ သူမျိုးတော့ မဟုတ်ဘူး။ မင်းကလည်း စိတ်သဘောထားကောင်းတာပဲလေ။ မင်းက ဘာလို့ သူနဲ့မိတ်ဆွေမဖြစ်နိုင်ရတာလဲ…”
ချန်းပင်အန်းက အပြုံးနှင့် ပြောလိုက်သည်။
“အဲဒီကိစ္စကို မပြောတော့ဘူး။ ငါတို့ပန်းပဲဆိုင်ကို ရောက်တဲ့အချိန်ကျရင် မာနကြီးမနေနဲ့။ မင်းက မိသားစုချပ်ဝတ်အင်္ကျီကို ဆက်ပြီး ထိန်းသိမ်းနိုင်မလားဆိုတာက ဆရာရွမ်ရဲ့ တပည့်ဖြစ်မလားဆိုတဲ့ အခြေအနေအပေါ် မူတည်နေတယ်…”
“ငါသိတယ်.. ငါသိတယ် ချန်းပင်အန်း ။ အမှန်အတိုင်းပြောရရင် ဒီလိုပွစိပွစိ ပြောတတ်တဲ့ မင်းရဲ့အကျင့်စရိုက်ကို ပြောင်းသင့်တယ်။ မဟုတ်ရင် ငါက မင်းကြောင့် စိတ်ဆင်းရဲပြီး သေသွားလိမ့်မယ်…”
လျှိုရှန်းယန်က နောက်သို့ လှန်ချလိုက်သည်။ သူက အမိုးတံတား၏ အပေါ်ဆုံး လှေကားထစ်ပေါ်တွင် ခေါင်းအုံးထားခဲ့၏။ သူက အပြာရောင်ကောင်းကင်ကြီးကို မော့ကြည့်ပြီး ပြောလိုက်သည်။
“မင်းက အဘိုးယောင်နဲ့အတူ အဝေးကြီးထိ လမ်းလျှောက်ပြီး အရမ်းမတ်တဲ့ တောင်တွေကို တက်ဖူးတယ်။ မင်းက မြင်ကွင်းတွေ ဘယ်လောက်ဝေးဝေးထိ မြင်ဖူးလဲ…”
ချန်းပင်အန်းက မြက်ပင်ရိုးတံလေးတစ်ခုကို ဆွဲထုတ်လိုက်ပြီး ဖုန်ခါလိုက်သည်။ ထို့နောက် ပါးစပ်ထဲသို့ ထည့်၍ ဝါးနေခဲ့၏။ သူက ဝိုးတဝါးပြောလိုက်သည်။
“ငါ အဝေးဆုံး သွားဖူးတာကတော့ လွန်ခဲ့တဲ့(၃)နှစ်တုန်းကပဲ။ ငါက အဘိုးယောင်နဲ့ (၁၀)ရက်လောက်နီးပါး သွားချည်ပြန်ချည် လုပ်ခဲ့ရတယ်။ သူက တားမြစ်တောင်တန်း(၁၀)ခုကျော်ကို ပတ်သွားခဲ့ပြီး နောက်ဆုံးမှာတော့ အရမ်းထူးဆန်းတဲ့ တောင်တစ်ခုကို ရောက်လာခဲ့တယ်။ အဲဒီတောင်က အရမ်းမြင့်လွန်းတော့ တော်တော်လေး ကြောက်ဖို့ကောင်းတယ်။ မင်းက ယုံမှာတောင် မဟုတ်ဘူး။ ငါက တောင်တစ်ဝက်ကို တက်လိုက်တဲ့အချိန်မှာ မြူခိုးတွေ တိမ်တိုက်တွေကိုပဲ မြင်ရတော့တယ်။ အဆုံးမှာတော့ အဘိုးယောင်နဲ့ ငါက တောင်ထိပ်ပေါ်ကို ခက်ခက်ခဲခဲ ရောက်သွားခဲ့တယ်။ ဒါပေမဲ့ အဆုံးကျတော့...”
လျှိုရှန်းယန်က အချိန်တော်တော်ကြာ စောင့်နေခဲ့သော်လည်း ချန်းပင်အန်း ဆက်ပြောသည်ကို မကြားခဲ့ရပေ။ သူက ပြန်လှည့်ပြီး အပြုံးနှင့် ပြောလိုက်၏။
“မင်းက စကားပြောတဲ့နေရာမှာ ဘာလို့ဆက်မပြောရတာလဲ…”
ချန်းပင်အန်းက အနည်းငယ် ဝမ်းနည်းသွားပြီး တိုးတိုးလေး ပြောလိုက်သည်။
“အဘိုးယောင်က ငါ့အပေါ် ခံစားချက် တော်တော်ဆိုးတယ်ဆိုတာ မင်းလည်း သိနေတာပဲ။ သူက ငါ့ကို လုံးဝစကားမပြောခဲ့သလို ကြွေထည်ဖန်တီးတဲ့ အစစ်အမှန်စွမ်းရည်ကိုလည်း လုံးဝသင်မပေးချင်ခဲ့ဘူး။ ငါတို့တောင်ပေါ်ကို သွားတဲ့အချိန်တိုင်း အဘိုးယောင်က ငါနဲ့စကားပြောရတာမျိုး မကြိုက်ဘူး။ ပုံမှန်အားဖြင့် ငါတို့က တောင်ပေါ်ကို သွားတဲ့အချိန်ကနေ နဂါးမီးဖိုကြီးကို ပြန်လာတဲ့အချိန်ထိ သူက သိပ်ပြီးများများ စကားမပြောခဲ့ဘူး…”
“ဒါပေမဲ့ ဒီတစ်ကြိမ်တော့ ငါတို့တောင်ထိပ်ပေါ်ကို ရောက်တဲ့အချိန်မှာ အဘိုးယောင်က ခံစားချက် ကောင်းနေတယ် ထင်တယ်။ သူက စကားနည်းနည်းများတယ်။ သူက ငါ့ကို ဒီမှာရှိတဲ့ မြင်ကွင်းတွေကို ကြည့်စေချင်တယ်လို့ ပြောတယ်။ ငါမြင်ရပြီဆိုရင် ရပြီလို့ ပြောတာပဲ။ တောင်အောက်ကို ရောက်လာပြီးတဲ့နောက် သိပ်ပြီး စကားမပြောဖြစ်ကြဘူး…”
လျှိုရှန်းယန်က သူ့ကိုနှစ်သိမ့်လိုက်သည်။
“ငါက အဘိုးယောင်အတွက် ပြောပေးတာတော့ မဟုတ်ဘူး။ သူက မင်းကိုမကြိုက်ပေမဲ့ မင်းကို မုန်းလည်း မမုန်းဘူးလေ။ သူက လူတိုင်းနဲ့ မတည့်တာပဲ။ ဒါပေမဲ့ ငါနဲ့ ရှိတဲ့အချိန်တော့ နည်းနည်းလေး ပိုပြီးတော့ကောင်းတာပေါ့…”
ချန်းပင်အန်းက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“ဒါကြောင့် ငါက အဘိုးယောင်ကို ရင်ထဲကနေ ကျေးဇူးအရမ်းတင်ပါတယ်..”
လျှိုရှန်းယန်က ရုတ်တရက် ဒေါသတကြီး ပြောလိုက်သည်။
“ဒီလောက်စကားတွေ အများကြီးပြောပြီး မင်း ဘာမြင်ခဲ့ရလဲဆိုတာ အခုထိငါ့ကို မပြောရသေးဘူး…”
ချန်းပင်အန်းက အရှေ့ဘက်ကို လက်ညှိုးထိုးပြလိုက်သည်။
“ငါတို့တက်တဲ့တောင်က အရမ်းမြင့်တယ်။ ဒါပေမဲ့ ငါက တောင်ထိပ်ပေါ်ကနေ လှမ်းကြည့်လိုက်တဲ့အချိန် အရှေ့ဘက်ဆုံးမှာ နောက်ထပ်တောင်တစ်လုံးကို တွေ့လိုက်ရတယ်။ အဲဒီတောင်က ပိုပြီးတော့တောင် မြင့်တယ်။ ဘယ်လောက်မြင့်လဲဆိုတာတော့ ငါလည်း မပြောနိုင်ဘူး…”
လျှိုရှန်းယန်က ကျိန်ဆဲလိုက်၏။
“အဲဒါက တောင်တစ်တောင်ပဲလား။ ငါကတော့ တိမ်တိုက်ပေါ်မှာ စီးနင်းနေတဲ့ အင်မော်တယ်တစ်ယောက်ကို မြင်မယ်လို့ တွေးနေခဲ့တာ..”
ချန်းပင်အန်းက ခဏကြာ စဉ်းစားလိုက်၏။ သူက တွေဝေမိန်းမောနေသော အမူအယာနှင့် ပြောလိုက်သည်။
“အဲဒီတောင်ထိပ်ပေါ်မှာ အင်မော်တယ်တစ်ယောက်လည်း တကယ်ရှိချင်ရှိမှာပေါ့…”
လျှိုရှန်းယန်က အပြုံးနှင့် မေးလိုက်၏။
“ချန်းပင်အန်း …
အင်မော်တယ်တစ်ယောက်က စားဖို့သောက်ဖို့ အပေါ့အလေးသွားဖို့ လိုမယ်ထင်လား…”
ချန်းပင်အန်းက မေးစေ့ကို လက်နှင့်ပွတ်လိုက်သည်။
"တကယ်လို့ အင်မော်တယ်တွေက အပေါ့အလေးသွားဖို့ လိုတယ်ဆိုရင်တော့ တော်တော်လေး ထူးဆန်းတယ်လေ…"
လျှိုရှန်းယန်က ချန်းပင်အန်း၏ ခေါင်းကို အားနှင့်ရိုက်ပြီး မတ်တပ်ရပ်၍ ထွက်ပြေးသွားခဲ့သည်။
"အင်မော်တယ်တွေက မင်းခေါင်းပေါ်မှာ အီးပါသေးပေါက်ရမှာလားဟ…"
လျှိုရှန်းယန်က သူ့အစွမ်းကို ထိန်းချုပ်ထားခြင်းမရှိခဲ့သည့်အတွက် ယခုတစ်ကြိမ် ရိုက်ချက်ကြောင့် ချန်းပင်အန်းက အနည်းငယ် ခေါင်းမူးသွားခဲ့သည်။ သူက လျှိုရှန်းယန်၏ နောက်သို့ ပြေးလိုက်သွားရန် စဉ်းစားနေခဲ့ခြင်း မရှိဘဲ တစ်ယောက်တည်း ရေရွတ်နေခဲ့၏။
"မိုးခြိမ်းတယ်ဆိုတာ အင်မော်တယ်တွေ အိပ်နေတဲ့အချိန် ဟောက်နေတာကြောင့် မဟုတ်လား။ မိုးရွာတာကတော့ အင်မော်တယ်တွေ သေးပေါက်နေတာ ဖြစ်နိုင်တယ်။ ဒါဆိုရင်တော့ ငါတို့က အခြေအနေ တော်တော်လေး ဆိုးတော့မယ်…"
ချန်းပင်အန်းက အရှိန်မြန်လိုက်ပြီး လျှိုရှန်းယန်ကို လျင်မြန်စွာ လိုက်ဖမ်းလိုက်သည်။ ခဏကြာ ပြေးလွှားဆော့ကစားနေပြီးနောက် သူတို့က စမ်းချောင်းဘေးတွင် ရှိနေသော ပန်းပဲဖိုကို ရောက်လာခဲ့သည်။
သူတို့က ထိုနေရာတွင် အဝါရောင်ရွှံ့နှင့် တည်ဆောက်ထားသော အိမ်ငယ်လေး(၇)လုံး၊ (၈)လုံးခန့်ကို တွေ့လိုက်ရသည်။ ချန်းပင်အန်း၏ မျက်လုံးထဲတွင်တော့ ထိုအရာများက အလွန်များပြားသော ကြေးပြားများ ဖြစ်သည်။
ထိုအဖွဲ့ထဲတွင်တော့ လူငယ်လေးများစွာ ရှိနေပြီး အရွယ်ရောက် လူငယ်များကတော့ ရေတွင်းများ တူးနေကြသည်။ လျှိုရှန်းယန်နှင့် သက်တူရွယ်တူအများစုကတော့ နဂါးမီးဖိုကြီးမှ တပည့်များ ဖြစ်ကြ၏။ ဘုရင်ကြီး လုပ်ဆောင်ခိုင်းထားသော ကြွေထည်လုပ်ငန်းကို ဆုံးရှုံးလိုက်ရပြီးနောက် သူတို့က အလွန်ကံကောင်းပြီး ပန်းပဲဖိုတွင် အသက်ရှင်နေထိုင်ခွင့်ရကြသည်။
သိုသော် လျှိုရှန်းယန်၏ စကားအရ သူတို့က ဆရာရွမ်ကို ကူညီပေးနေသော ယာယီအလုပ်သမားများသာ ဖြစ်ပြီး သူက အများဆုံး အတွင်းစည်းတပည့် အနည်းငယ်ကိုသာ လက်ခံမည်ဟု ပြောခဲ့သည်။ တခြားလူများကတော့ အလုပ်သမားများသာ ဖြစ်လာနိုင်၏။
လျှိုရှန်းယန်က လက်ကိုဝှေ့ယမ်းပြီး ပြောလိုက်သညိ။
"မင်း ဒီမှာ စောင့်နေလိုက်။ ငါက ဆရာရွမ်ကို သွားတွေ့လိုက်မယ်။ သူက ပန်းပဲထုတဲ့နေရာမှာ ရှိနေမလားမသိဘူး။ တကယ်လို့ သူ့သမီး တုထူနေတာကိုသာ မြင်မယ်ဆိုရင် မင်းက သေလောက်အောင် ကြောက်သွားမယ်ဆိုတာ ငါပြောရဲတယ်.."
ချန်းပင်အန်းက နေရာတွင် ရပ်နေပြီး ပတ်ပတ်လည်ကို လျှောက်ပတ်ကြည့်မနေခဲ့ပေ။ ထိုနေရာတွင် ကနဦးအဆင့် ရေတွင်း(၇)တွင်း ရှိနေသည်။ ထိုရေတွင်းများတွင် ဘောင်များနှင့် ခြံစည်းရိုးများ ကျန်သေး၏။ တချို့ရေတွင်းများကတော့ အပေါ်ဘက်သို့ ရွှံ့ရေများ ဆက်တိုက် ထွက်လာနေသေး၏။
ရေတွင်းတူးရန် အလုပ်များနေသူများကိုကြည့်ပြီး ချန်းပင်အန်းက မြေသားအနည်းငယ်ကို ကောက်ယူ၍ လက်ချောင်းလေးများထဲတွင် ဖြည်းညင်းစွာ ပွတ်ကြည့်လိုက်သည်။ ထိုမြေသားများက စိုစွတ်နေသော်လည်း ရေအမျိုးအစား မြေသားများ မဟုတ်ချေ။ မီးအမျိုးအစားမြေသားများ ဖြစ်၏။ ထိုအရာက နောက်ဆုံးအဆင့် မီးအမျိုးအစားမြေသားဖြစ်သည်။
အဘိုးယောင်၏စကားအရ ထိုအရာကို လ(၇)လုံး မီးတောက်မြေသားဟုခေါ်သည်။ ထိုမြေသားက အလိုလိုပူနွေးပြီး အေးစက်လာတတ်၏။ ထိုအရာက အလွန်ခြောက်ကပ်နေခြင်း မရှိဘဲ အလွန်စေးကပ်သည့် စွမ်းရည်များလည်းရှိသညိ။ ထို့ကြောင့် ရေတွင်းနံရံများ ဖန်တီးသည့်အချိန်တွင် ပြိုကျနိုင်ခြင်း မရှိဘဲ ပစ္စည်းကောင်းတစ်ခုဟု သတ်မှတ်နိုင်သည်။
အကယ်၍ ဆရာရွမ်က ရေတွင်းတူးရာတွင် ပညာရှင်တစ်ယောက် မဟုတ်လျှင်ပင် သူက လူသစ်တစ်ယောက်တော့ မဟုတ်ခဲ့ပေ။ သို့သော် ဘာကြောင့် ဤနေရာငယ်လေးထဲတွင် ရေတွင်းပေါင်းများစွာ တူးနေကြောင်း ချန်းပင်အန်းက နားမလည်နိုင်ခဲ့ပေ။
ချန်းပင်အန်းက စမ်းချောင်းငယ်လေးရှိရာကိုကြည့်ပြီး ပြုံးလိုက်မိ၏။ မြက်ဖိနပ်နှင့် လူငယ်လေး၏မျက်လုံးထဲတွင်တော့ ထိုအမည်မသိ စမ်းချောင်းလေးက ရွှေ၊ငွေနှင့် ကြေးပြားများ ပြည့်နှက်နေသော ရတနာသိုက်ကြီးတစ်ခုဖြစ်သည်။
သို့သော် ယနေ့ည မြွေကျောက်တုံးများကို ကောက်ယူပြီးသွားလျှင် ချန်းပင်အန်းက ရွှံ့ပုလင်းလမ်းကြားထဲကို တိတ်တဆိတ် သွားရမည်ဖြစ်သည်။ မြို့ထဲမှ ထွက်မသွားခင် ကုစန့်ပြောခဲ့သောစကားများအရ သူက သူ့မိသားစု၏ ရေပုံးအောက်တွင် တူးရမည်ဖြစ်သည်။
ကုစန့်က အလျင်စလို သွားခဲ့သည့်အတွက် မည့်သည့်အရာကိုမျှမပြောခဲ့ပေ။ ထိုအရာက သူ့မိသားစု ရတနာဖြစ်ကြောင်းသာ ပြောခဲ့၏။ သူ ဖွက်ထားသည့်နေရာကို သူ့အမေပင် မသိခဲ့ချေ။
ချန်းပင်အန်းက ထိုနှပ်ချေးတွဲလောင်း ကလေးငယ်အကြောင်း စဉ်းစားမိသည့် အချိန်တွင် ရယ်ချင်နေခဲ့သည်။ အတိတ်တုန်းကတော့ ချန်းပင်အန်းက လျှိုရှန်းယန်၏ နောက်လိုက် တစ်ယောက် ဖြစ်ခဲ့သည်။ သူက လျှိုရှန်းယန်နှင့်အတူ ငါးဖမ်း၊မြွေဖမ်း ငှက်သိုက်နှိုက်ခြင်းများ လုပ်ဆောင်ခဲ့၏။
ချန်းပင်အန်း အရွယ်ရောက်လာပြီးနောက် သူ့နောက်တွင် နောက်လိုက်ငယ်လေး တစ်ယောက် ရှိလာခဲ့သည်။ မည်သူ့ကိုမျှအားကိုးနေခြင်းမရှိသော မြက်ဖိနပ်နှင့် လူငယ်လေးက တစ်ယောက်ကို သူ့အစ်ကို၊ တစ်ယောက်ကို သူ့ညီအဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။
သူက ကျေးဇူးတရားများ ပြန်လည်ပေးဆပ်ရမည်ဖြစ်ပြီး တခြားတစ်ယောက်ကိုလည်း ဂရုစိုက်ရမည်ဖြစ်သည်။ ထို့ကြောင့် နှစ်ပေါင်းများစွာ ကြာခဲ့ပြီးနောက် ချန်းပင်အန်း၏ ဘဝကြီးက အလွန်ခက်ခဲသော်လည်း ဆိုးရွားနေခြင်းတော့ မရှိခဲ့ချေ။