အခန်း (၃၇)
Vol. 3 Ch. 37
“ယောင်ရှန်လား…”
အနက်ဝတ်မိန်းမပျိုက မျက်မှောင်ကြုတ်လိုက်မိသည်။ သူမက ရှေးဟောင်းစာအုပ်ကို ယူကြည့်လိုက်၏။
သို့သော် ချန်းပင်အန်းက နောက်သို့ ပြန်ဆုတ်သွားလိမ့်မည်ဟု သူမက မထင်ထားခဲ့ပေ။ အနက်ဝတ်မိန်းမပျို၏ ခန္ဓာကိုယ်က တောင့်တင်းသွားခဲ့၏။ သူမက ဒေါသထွက်နေခဲ့သည်။ ယခင်တုန်းက ထိုကဲ့သို့ စော်ကားမှုမျိုးကို သူမလည်း လုံးဝမကြုံဖူးသေးချေ။
အလွန်ဂုဏ်သိက္ခာ မြင့်မားသော နင်ယောင်၏ မိဘများက အထက်ဘုံ(၁၂)ဆင့် အထက်တွင် ရှိနေသော ဓားအင်မော်တယ်များ ဖြစ်ကြသည်။ သူမ မွေးဖွားလာသည့်အချိန်မှစပြီး သူမက ထိပ်တန်းဓားအင်မော်တယ်သန္ဓေသားဟု လူသိများ၏။ အိမ်မှ အဝေးကို နှစ်ပေါင်းများစွာ ထွက်ပြေးလာခဲ့သည့် အချိန်တွင်ပင် သူမက တခြားသူများနှင့် ဓားသိုင်းပညာတွင်သာ ရှုံးနိမ့်ခဲ့သည်။
သူမက ထိုကဲ့သို့ စော်ကားခံရလိမ့်မည်ဟု လုံးဝမတွေးခဲ့ပေ။ သူမက ထိုကဲ့သို့ စာအုပ်အပျက်အစီးတစ်ခုကို ပိုင်ဆိုင်ရန် သို့မဟုတ် ခိုးကြည့်ပြီး ဖတ်ရန် အောက်တန်းကျသော နည်းလမ်းများကို အသုံးပြုရန် လိုအပ်မည်လော။
နင်ယောင်က ဓားလက်ကိုင်ကို တင်းတင်းဆုပ်ကိုင်ထားလိုက်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။ သူမက မျက်မှောင်ကြုတ်နေပြီး နှုတ်ခမ်းလေးက နီရဲလာခဲ့၏။ ထိုစကားလုံးများက ထိုမိန်းကလေးကို ဖော်ပြရန် အသုံးပြုကောင်းပြုနိုင်သည်။
အမှန်အတိုင်း ပြောရလျှင်တော့ သေချာဂရုတစိုက် ကြည့်လိုက်မည်ဆိုလျှင် နင်ယောင်၏ မျက်နှာလေးက အလွန်အမင်းကို လှပသည်။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးမှနေ၍ အငွေ့အသက်များကို လုံးဝဖိနှိပ်ထားသော သူရဲကောင်းဆန်ဆန် အငွေ့အသက်တစ်ခု ထွက်ပေါ်လာနေခြင်းသာဖြစ်သည်။
သို့သော် မြက်ဖိနှပ်နှင့် လူငယ်လေး နောက်ထပ်ပြောလိုက်သော စကားလုံးက သူမကို အတွင်းဒဏ်ရာ ရသွားစေနိုင်သည့် မှော်အကျိုးသက်ရောက်မှုတစ်ခု ရှိနေခဲ့၏။
“မိန်းကလေးနင် …
ဒီစာအုပ်က ကုစန့်ရဲ့အိမ်ကနေ ယူလာခဲ့တာ။ ဒါက ခိုးတာ မဟုတ်ဘူးဆိုတာ သိနေပေမဲ့ ကျွန်တော်က နောက်ပိုင်း ကုစန့်ကိုပြန်ပေးရလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့က မိတ်ဆွေတွေပဲ။ ဒါကြောင့် ဒီစာအုပ်ထဲမှာ ဘာတွေပဲရေးထားရေးထား မိန်းကလေးနင်က ဖတ်ပြီးသွားရင် နားလည်နိုင်မယ်လို့ မျှော်လင့်ပါတယ်…”
ထိုမိန်းကလေးက ပင့်သက်ရှိုက်လိုက်မိသည်။ သူမက စားပွဲခုံကို လက်နှင့်ရိုက်ပြီး သူ့ကို စိုက်ကြည့်လိုက်၏။
“နင်က ဘာတွေကြည့်ချင်နေတာလဲ။ နင့်ဘာသာပဲ ကြည့်လိုက်တော့။ ငါ ဂရုမစိုက်ဘူး…”
ချန်းပင်အန်း နောက်ထပ်ပြောလိုက်သော စကားလုံးများကြောင့် သူမက ရယ်ရမလား၊ ငိုရမလားပင် မသိတော့ချေ။
“မိန်းကလေးနင် …
ကျွန်တော်က စာဘယ်လိုဖတ်ရမလဲဆိုတာ မသိဘူး။ ကျွန်တော့်ကို သင်ပေးလို့ရမလား..”
အနက်ဝတ်မိန်းမပျို၏ စိတ်ထဲတွင် ဝေဝါးသွားခဲ့ပြီး သူမက ခနဲ့သလို ပြောလိုက်၏။
“ငါက နင့်ကို အခွင့်အရေးယူမှာ မကြောက်ဘူးလား။ စဉ်းစားကြည့်လိုက်ပါဦး။ ကုစန့်က ဘိုးဘေးတွေရဲ့ ချမ်းသာကြွယ်ဝမှုကို အမွေဆက်ခံထားတဲ့ လူတစ်ယောက်လေ။ သဘာဝဓားသန္ဓေသား လျှိုရှန်းယန်တောင် သူ့ကို မယှဉ်နိုင်ဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း(၁၀၀၀)အတောအတွင်း သူ့ကို ယှဉ်နိုင်တဲ့လူ အများကြီးမရှိဘူး။ ဒါဆိုရင် သူတန်ဖိုးထားနေတဲ့ သူ့မိသားစုရဲ့အမွေအနှစ်က ဘယ်လောက်ဆိုးမှာလဲ။ ငါက သူ့ရဲ့ကြွယ်ဝမှုတွေကြောင့် လောဘတက်သွားမှာကို မကြောက်ဘူးလား။ ငါက ဒီလိုအဖိုးမဖြတ်နိုင်တဲ့ လျှို့ဝှက်စာအုပ်ကို ထိန်းချုပ်လိုက်မှာ မကြောက်ဘူးလား…”
ရေနံဆီမီးဆီမှ ထွက်လာသော အလင်းရောင်မှိန်မှိန်အောက်တွင် မြက်ဖိနပ်နှင့် လူငယ်လေးက ပြုံးလိုက်၏။ သူကတော့ မည်သည့်စကားကိုမျှရှင်းမပြခဲ့ပေ။
မိန်းမပျိုက အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။ သူမက ထိုင်ခုံကို နေရာရွေ့လိုက်ပြီးမြက်ဖိနပ်နှင့် လူငယ်လေးကို သူမ၏ဘေးတွင် ထိုင်ရန် အချက်ပြလိုက်သည်။ သို့သော် ချန်းပင်အန်းကတော့ လှုပ်ရှားခဲ့ခြင်း မရှိချေ။
မိန်းမပျိုက ဒေါသတကြီး ရယ်လိုက်၏။
“ငါလေ နင့်ကို လက်ဝါးနဲ့အချက်(၁၀၀)လောက်ရိုက်ပစ်ချင်တယ်”
ထိုစကားကို ပြောလိုက်ပြီးနောက် သူမက တစ်ယောက်တည်း ရယ်လိုက်မိ၏။
“ငါက နင့်ကို အခွင့်ကောင်းယူမှာ ကြောက်လို့လား…”
ချန်းပင်အန်းက မိန်းမပျို၏ဘေးတွင် ထိုင်လိုက်ပြီး အနည်းငယ် မသက်မသာ ခံစားနေရသည်။ ချန်းပင်အန်းက ကြောင်စီစီဖြစ်နေသည်ကိုမြင်သည့်အခါ အနက်ဝတ်မိန်းမပျိုက ရုတ်တရက် ရယ်လိုက်မိ၏။ ထိုမိန်းမပျို၏အပြုံးကြောင့် လူငယ်လေးကလည်း ဘာမှန်းနားမလည်ခဲ့ပေ။
ထိုအချိန်တွင် ချန်းပင်အန်းကို လက်ဝါးနှင့် အချက်(၁၀၀)ရိုက်ချင်သည်ဟူသော စနောက်မှုက လွန်ခဲ့သော နှစ်ပေါင်းများစွာ အကြာတွင် ပေါ်ခဲ့သော စကားတစ်ခွန်း ဖြစ်ကြောင်း သူတို့(၂)ယောက်လုံးက နားမလည်ခဲ့ကြပေ။ အထူးသဖြင့် မြက်ဖိနပ်နှင့် လူငယ်လေးက ကလေးတစ်ယောက် မဟုတ်တော့ပေ။ အချိန်ကြာလာသည်နှင့်အမျှ ထိုကဲ့သို့သာဖြစ်သည်။
နောက်ဆုံးတွင်တော့ နင်ယောင်က သတိပြန်ဝင်လာခဲ့၏။ သူမက ချောင်းဟန့်ပြီး မတ်မတ်ထိုင်လိုက်သည်။ သူမက ရှေးဟောင်းစာအုပ်ကို ယူလိုက်ပြီး စာရွက်အနည်းငယ်ကို လျင်မြန်စွာ လှန်ကြည့်လိုက်၏။ ထို့နောက် သူမက စာအုပ်ကို ပိတ်လိုက်ပြီး အဖုံးကို (၂)ကြိမ် ပုတ်လိုက်သည်။
သူမက ချန်းပင်အန်းကို လှည့်ကြည့်ပြီး ပြောလိုက်၏။
“ဒါက လက်သီးသိုင်းကျမ်းတစ်ခုပဲ။ ဒီလက်သီးသိုင်းကျမ်းကို ယောင်ရှန်လို့ခေါ်တယ်။ နင်တို့ရဲ့ကမ္ဘာကြီးထဲမှာရှိတဲ့ စည်းမျဉ်းတွေအရ နင်က ဒါကို ယောင်ရှန်သိုင်းကျမ်းလို့ ခေါ်နိုင်တယ်…”
ချန်ူပင်အန်း၏မျက်နှာပေါ်တွင် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။
“ပြီးတော့ရော…”
အနက်ဝတ်မိန်းမပျိုက မျက်ခုံးပင့်၍ ကြည့်လိုက်၏။ သူမက ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ကြိုးစားလိုက်ပြီး စာရွက်တစ်ရွက်ကို လှန်လိုက်သည်။ သေးသွယ်သော သူမ၏လက်ညှိုးလေးက စာရွက်ကို ထောက်ပြီး သေချာဖတ်ပြလိုက်သည်။
“ငါ့ရဲ့မွေးရပ်မြေမှာ ပိအန်လို့ခေါ်တဲ့ ပိုးကောင်ငယ်လေး တစ်ကောင်ရှိတယ်။ သူ့ရဲ့ဘဝတလျှောက်လုံး တခြားနေရာမှာရှိတဲ့ မျိုးနွယ်တူတွေနဲ့ ကွဲပြားတယ်။ သူက ရေထဲမှာ ကျောက်တုံးကြီးတွေကို အမြဲတမ်း ရွေ့ပြောင်းနေတာပဲ။ ငါ့ရဲ့လက်သီးသိုင်းကတော့ သေခြင်းနဲ့ရှင်ခြင်းကို ခွဲခြားနိုင်တယ်။ အနိုင်၊အရှုံးကိုတော့ မသတ်မှတ်နိုင်ဘူး။ ဒါက စိတ်ဝိညာဉ်ကို အလေးထားရပြီး သိုင်းကွက်ကို အလေးထားရမှာ မဟုတ်ဘူး။ ဒီလက်သီးသိုင်းကွက်(၆)ကွက်ကို ပြည့်စုံတဲ့အထိ လေ့ကျင့်ပြီးသွားရင် သတ်ဖြတ်ရေးစွမ်းအားတွေ တိုးတက်လာလိမ့်မယ်။ လူသားတွေရဲ့ နှလုံးသားကိုတောင် အလွယ်တကူ ထိခိုက်သွားနိုင်တယ်…”
“ယောင်ရှန်သိုင်းကျမ်းက ဒီကမ္ဘာကြီးထဲမှာရှိတဲ့ ထိပ်တန်းလက်သီးသိုင်းကျမ်းတွေမှာ နံပါတ်(၁)လို့ မပြောနိုင်ပေမဲ့ ဒီကမ္ဘာကြီးထဲမှာရှိတဲ့ သိုင်းပညာတွေအားလုံးကို ခြုံကြည့်လိုက်မယ်ဆိုရင်တော့ ဒီလက်သီးသိုင်းကျမ်းအတွက် နေရာတစ်ခုရှိမယ်ဆိုတာ အမြဲတမ်း ယုံကြည်ခဲ့တယ်။ ရေစက်ရှိတဲ့ လူတစ်ယောက်က ဒီသိုင်းကျမ်းကို ဆက်ပြီးတော့ သယ်ဆောင်သွားနိုင်ဖို့ မျှော်လင့်ပါတယ်..”
နင်ယောင်က သူမ၏သဘောထားကို ထိန်းချုပ်ပြီး ထိုစကားလုံးများကို ချန်းပင်အန်း ကြားအောင် ဖတ်ပြနေခဲ့သည်။ ထိုအရာက ပါးလွှာသော စာအုပ်လေးတစ်အုပ်ဖြစ်ပြီး လက်သီးသိုင်းကျမ်းတစ်ခုလုံးက သိုင်းကွက်(၆)ကွက်သာ ရှိသည်။ နိဒါန်းကလည်း နည်းပါးမှုမရှိချေ။
နင်ယောင်က နိဒါန်းကို ဖတ်ပြလိုက်ပြီးနောက် စာအုပ်ကို ချန်းပင်အန်းဆီသို့ ပြန်တွန်းပေးလိုက်သည်။ သူမက ချန်းပင်အန်း၏ ပုခုံးကိုပုတ်ပြီး ပြောလိုက်၏။
“ဒါကို ကောင်းကောင်းသိမ်းထား။ ဘယ်သူမှ အခိုးမခံရစေနဲ့…”
ချန်းပင်အန်းက ခေါင်းညိတ်ပြလိုက်ပြီး ရှေးဟောင်းလက်သီးသိုင်းကျမ်းကို ယူရန် လက်နှစ်ဖက် ထုတ်လိုက်သည်။
ထို့ကြောင့် နင်ယောင်က ရယ်ချင်နေခဲ့၏။ စာအုပ်က စားပွဲပေါ်တွင် ရှိနေသည့်အတွက် ခြေထောက်ပေါက်ပြီး ထွက်ပြေးနိုင်မည်လော။ သို့မဟုတ် ချန်းပင်အန်းက ပြုတ်ကျသွားမှာကို ကြောက်လန့်နေခြင်းပင်လော။ နင်ယောင်က တစ်ယောက်တည်းတွေးနေမိခဲ့၏။
ချန်းပင်အန်းက ညာဘက်လက်နှင့် အင်္ကျီကော်လံကို ပွတ်လိုက်ပြီး စာအုပ်ကို ဖွင့်လိုက်သည်။ သူက နိဒါန်းတွင် ရေးထားသော စကားလုံးများကို ဖတ်ကြည့်နေခဲ့၏။ ထို့နောက် ရုပ်ပုံများနှင့် စာသားများ ရှိနေခဲ့သည်။ ထိုအချိန်တွင် မြက်ဖိနပ်နှင့် လူငယ်လေးကတော့ ရှုပ်ထွေးသွားခဲ့၏။
နင်ယောင်က ဘေးတွင် ထိုင်နေပြီး စားပွဲခုံပေါ်သို့ လက်နှစ်ဖက်တင်လိုက်သည်။ သူမက လူငယ်လေး၏မျက်နှာကိုကြည့်ပြီး စနောက်လိုက်၏။
“နင်က ချမ်းသာတယ်လို့ ထင်နေတာလား။ နောက်ပိုင်းမှာ နင်က သစ်ခုတ်ဖို့အတွက် ရွှေပုဆိန်တစ်ခု လိုအပ်လာနိုင်သလို စားသောက်ဖို့အတွက် ရွှေပန်းကန်လုံးတစ်ခု လိုအပ်လာမှာလား…”
လူငယ်လေးကတော့ ခေါင်းပင် မော့မကြည့်ခဲ့ပေ။ သူက ထိုရုပ်ပုံနှင့် စာသားများကို သေချာဂရုတစိုက် စဉ်းစားနေခဲ့၏။ သူက ပြန်ပြောလိုက်သည်။
“အမှန်အတိုင်းပြောရရင် မိန်းကလေးနင်ရဲ့ မျက်လုံးတွေကို မြင်တဲ့အချိန်ကတည်းက ဒီလက်သီးသိုင်းကျမ်းက မကောင်းဘူးဆိုတာ ကျွန်တော်သိတယ်။ ဒါပေမဲ့ အဲဒါက ကိစ္စမရှိဘူး။ ကျွန်တော့်အတွက်တော့ တော်တော်လေး ကောင်းနေပြီ…”
နင်ယောင်က မျက်ခုံးပင့်၍ အဓိကအချက်ကို ထောက်ပြလိုက်သည်။
“ငါမြင်ဖူးတဲ့အရာတွေ၊ ငါကြားဖူးတဲ့အရာတွေအားလုံးက တော်တော်ကောင်းမွန်တဲ့ အရာတွေချည်းပဲ။ ဒါပေမဲ့ အဲဒီအရာကလွဲရင် ငါက ကောင်းတယ် ဆိုးတယ်ဆိုတာကိုပဲ ခွဲခြားနိုင်တယ်။ ဒါပေမဲ့ ပစ္စည်းတစ်ခုက ဘယ်လောက်ကောင်းလဲ၊ ဘယ်လောက်ဆိုးလဲဆိုတာတော့ ပြောပြဖို့ခက်တယ်..”
ချန်းပင်အန်းက ခေါင်းမော့ကြည့်လိုက်သည်။
“ဒါဆိုရင် ဒီယောင်ရှန်သိုင်းကျမ်းက ကောင်းတဲ့ထဲ မပါသလို အရမ်းကြီးဆိုးတဲ့ထဲလည်း မပါဘူးပေါ့…”
နင်ယောင်က စိတ်မရှည်နိုင်စွာ ပြောလိုက်သည်။
“ဒီလက်သီးသိုင်းကျမ်းက ဘယ်လောက်ဆိုးလဲဆိုတာကို ငါလည်း ပြောမပြတတ်ဘူး..”
မြက်ဖိနပ်နှင့် လူငယ်လေးက ပြုံးလိုက်၏။ သူက ထိုအရာကိုသိထားပြီးသား ဖြစ်သည့်အတွက် မိန်းကလေးကို စနောက်နေခြင်းသာ ဖြစ်သည်။
နင်ယောင်က သူမ၏ဓားမောက်ကို ဆွဲထုတ်လိုက်ပြီး ခြိမ်းခြောက်လိုက်၏။
“နင်က ဓားနဲ့ အခုတ်ခံချင်လို့လား…”
ချန်းပင်အန်းက ခေါင်းငုံ့လိုက်ပြီး သူမ၏ခါးတွင် ချိတ်ထားသော အစိမ်းရောင်ဓားအိမ်ကို ကြည့်လိုက်သည်။ သူက လှိုက်လှိုက်လှဲလှဲပြောလိုက်၏။
“တော်တော်လှတာပဲ…”
နင်ယောင်က ထိုအရာကို ကျေနပ်သွားပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“ငါ နင်ယောင်က ဒီဓားမောက်ကို ကိုယ်တိုင်ရွေးချယ်ထားခဲ့တာ။ ဒီတော့သေချာပေါက် မဆိုးဘူးပေါ့…”
သူမက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေသည့်အတွက် ချန်းပင်အန်းက လေးစား အားကျနေခဲ့သည်။ အကယ်၍ သူမက သူနှင့် အသက်ရွယ်တူဖြစ်ပြီး နယ်မြေစိမ်းတစ်ခုသို့ သွားရမည်ဆိုလျှင်ပင် မည်သည့်အခြေအနေ၌ ရောက်နေစေကာမူ သူမကို တားဆီးနိုင်သည့် အရာမရှိချေ။ ထိုအရာက သူမနှင့် ရင်ဆိုင်စကားပြောသည့်အချိန်တိုင်း ချန်းပင်အန်း ခံစားမိခဲ့သော အရာတစ်ခုဖြစ်သည်။
ချန်းပင်အန်းက ပြောလိုက်၏။
“တကယ်လို့ နေရောင်ခြည်တွေကိုသာ ကြေးပြားတွေနဲ့ လဲလှယ်နိုင်မယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ…”
နင်ယောင်က နားမလည်နိုင်သည့်အတွက် အံ့အားသင့်စွာ ပြောလိုက်သည်။
“ချန်းပင်အန်း …
နင်က ငွေနဲ့ပတ်သက်ပြီး တော်တော်ရူးတာပဲလား…”
ချန်းပင်အန်းက ခေါင်းစဉ်ကို လျင်မြန်စွာ ပြောင်းလိုက်ပြီး ပထမရုပ်ပုံကို လှည့်ပြလိုက်သည်။
“မိန်းကလေးနင် …
ဒီပုံရဲ့စာကို ကျေးဇူးပြုပြီး ဖတ်ပြပေးလို့ရမလား…”
နင်ယောင်က ခဏကြာစဉ်းစားပြီး ငြင်းဆန်နေခဲ့ခြင်းမရှိချေ။ သူမက ပြန်မေးလိုက်၏။
“ငါက ဘာကြောင့် ဒီပုံကို ကြည့်လိုက်ရုံနဲ့ မကောင်းဘူးလို့ သိတာလဲဆိုတာ နင်နားလည်လား…”
ချန်းပင်အန်းက ခေါင်းခါပြလိုက်သည်။
“ကျွန်တော်လည်း ထူးဆန်းတယ်ဆိုတာ တွေးမိပါတယ်…”
မိန်းမပျိုက အပြုံးနှင့် ထိုင်ခုံပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။ သူမက လူငယ်ကို ကြည့်လိုက်ပြီး သိုင်းကျမ်းကို လက်ညှိုးထိုးပြ၍ စိတ်ရှည်လက်ရှည် ရှင်းပြလိုက်၏။
“ဒီကမ္ဘာကြီးထဲမှာ သိုင်းကျမ်းတွေကို မှတ်တမ်းတင်တဲ့ နည်းလမ်း(၃)မျိုးရှိတယ်။ ချီစွမ်းအားတွေကို လေ့ကျင့်ဖို့ နည်းလမ်းတွေတော့ အများကြီးပဲ။ ပထမဆုံးနည်းလမ်းကတော့ ဟန်ရှန်မှတ်တမ်းလို့ ခေါ်တယ်။ ဒါက သာမန်စာရွက်တွေနဲ့ ဖန်တီးထားတဲ့ သိုင်းစာအုပ်တစ်ခုပဲ။ ဘယ်လောက်ကြာကြာ ထိန်းသိမ်းထားနိုင်မလဲဆိုတာကတော့ ကံတရားအပေါ်ပဲ မူတည်တယ်။ တိုက်ပွဲတွေ၊ လူသားတွေကြောင့်ဖြစ်တဲ့ ကပ်ဘေးတွေကို မပြောနဲ့။ အချိန်ကြာသွားပြီဆိုရင်တောင် စိုထိုင်းမှု၊ ပုရွက်ဆိတ်နဲ့ တခြားအရာတွေကြောင့် ပျက်စီးသွားနိုင်ပြီး လုံးဝပျောက်ကွယ်သွားနိုင်တယ် …”
ချန်းပင်အန်းက နားလည်သွားပြီး ခေါင်းညိတ်ပြလိုက်သည်။
မိန်းကလေးက ဆက်ပြောလိုက်၏။
“ဒါကြောင့် ဒီလိုပစ္စည်းတွေကို အသုံးပြုပြီး သိုင်းကျမ်းတွေကို မှတ်တမ်းတင်တဲ့ နည်းလမ်းက ရှားပါးပစ္စည်းတွေကို အရမ်းအလေးထားရတယ်ဆိုတာ ပြောပြဖို့မလိုတဲ့ စည်းမျဉ်းတစ်ခုပဲ။ ပြောရမယ်ဆိုရင် ဒီစကားလုံးတွေကို သယ်ဆောင်ထားတဲ့ ပစ္စည်းရဲ့တန်ဖိုးက ဒီစကားလုံးတွေရဲ့တန်ဖိုးနဲ့ ကိုက်ညီတယ်လို့ ပြောရမယ်။ ဒါကြောင့် တိုင်းပြည်တစ်ပြည်ရဲ့ တံဆိပ်တုံးကို သေတ္တာတစ်ခုထဲမှာ သိမ်းထားသလိုပဲလေ..”
ချန်းပင်အန်းက လေးလေးနက်နက် စဉ်းစားနေခဲ့သည်။
နင်ယောင်က ခဏကြာ တွေဝေနေခဲ့၏။ သို့သော် သူမက လူငယ်လေးကို ဆက်ပြောရန် ဆုံးဖြတ်လိုက်သေးသည်။
“နောက်တစ်ခုကတော့ ရေးမှတ်တဲ့အရာမျိုး မဟုတ်ဘူး။ အဲဒါကတော့ ဥပမာပေးပြီး သင်ကြားမှုကို အလေးထားတာပဲ။ ဂိုဏ်းတွေ၊ကလန်တွေရဲ့ လျှို့ဝှက်ကျင့်စဉ်အများစုက အဲဒီအတိုင်းပဲ။ သူတို့က လျှို့ဝှက်ထားတတ်သလို ယောကျ်ားလေးတွေကိုပဲ လက်ဆင့်ကမ်းမယ်ဆိုတဲ့ စည်းမျဉ်းမျိုးလည်း ရှိတယ်။ တချို့နေရာတွေမှာတော့ လက်ရင်းတပည့်တွေ၊ အတွင်းစည်းတပည့်တွေကတောင် အစစ်အမှန်စွမ်းရည်တွေကို မသင်နိုင်ကြဘူး။ ဒါက အစစ်အမှန်အမွေဆက်ခံမှုတစ်ခုပဲ.”
နင်ယောင်က သက်ပြင်းချလိုက်မိသည်။
“နောက်ဆုံးတ်ခုကတော့ နားလည်မှုနဲ့ လုပ်ဆောင်ရတာပဲ။ အဲဒါက သင်ပေးရတာ မဟုတ်ဘူး။ နင်က အဲဒီအကြောင်းအရာကိုတော့ သိစရာ မလိုသေးဘူး။ ဥပမာအနေနဲ့ ပြောရရင် မြို့ထဲကို ရောက်လာတဲ့ အင်အားစု(၂)ခုထဲမှာ ယွင်ရှားတောင်က ချိုက်ကျင်းကျန့်၊ သူ့ရဲ့ယွင်ရှားတောင်မှာ တိမ်ပင်လယ်လို့ခေါ်တဲ့ နေရာတစ်ခုရှိတယ်..”
“အဲဒီနေရာမှာ တိမ်တိုက်ပင်လယ်ကြီးက လှုပ်ရှားနေပြီး တိမ်တိုက်တွေကလည်း အရမ်းထူးခြားတယ်။ သူတို့တွေထဲမှာ စိတ်ဝိညာဉ်ချီစွမ်းအားတွေ ပါဝင်နေပြီး အရှေ့ပိုင်းကုန်းမြေကြီးမှာရှိတဲ့ ချီကျင့်ကြံသူတွေအားလုံးက သူတို့ကို ကောင်းကင်အလှတရားတွေလို့ ခေါ်ကြတယ်။ တချို့ကတော့ အတိတ်မျိုးဆက်က ဘိုးဘေးတွေအဖြစ် ပြောင်းလဲသွားနိုင်ကြတယ်။ တကယ်လို့ လူတစ်ယောက်က ကံကောင်းမယ်ဆိုရင် သူတို့နဲ့တွေ့နိုင်ပြီး ဆက်သွယ်နိုင်တယ်…”
“ကျန့်ယန်တောင်ရဲ့ တောင်ထိပ်မှာတော့ အရမ်းကို သိပ်သည်းတဲ့ ဓားချီစွမ်းအင်တွေ ရှိနေတယ်။ အဲဒါကလည်း ထူးဆန်းတဲ့အချက်တွေ ပေါင်းစပ်နေလို့ဖြစ်လာတာပဲ။ ကျန့်ယန်တောင်ရဲ့ တောင်ထိပ်အသီးသီးမှာ ဓားဝိညာဉ်တွေ မကြာခဏ ပေါ်လာတတ်ပြီး ဓားတာအိုတွေကို စိတ်ကူးပုံဖော်နိုင်ကြတယ်။ လူတစ်ယောက်က မြင်နိုင်လား မမြင်နိုင်ဘူးလားဆိုတာကတော့ သူတို့ရဲ့ကံတရားအပေါ်ပဲ မူတည်နေတယ်။ အဲဒါက လူတစ်ယောက်ရဲ့ အဆင့်အတန်း၊ ကျင့်စဉ်အဆင့်တွေကို မှီခိုနေတာ မဟုတ်ဘူး..”
အဆုံးတွင်တော့ နင်ယောင်က ပြောလိုက်သည်။
“ဒါပေမဲ့ အဲဒီနည်းလမ်း(၃)ခုရဲ့ ကြားထဲမှာ ကွာခြားချက်က လုံးဝသိသာထင်ရှားနေတာမျိုးတော့ မရှိဘူး။ ပထမဆုံးနည်းလမ်းက ကျောက်စိမ်းပြားပေါ်မှာ စကားလုံးတွေ ရေးထိုးထားတဲ့နည်းလမ်းပဲ။ ဒါမှမဟုတ် သုခဘုံ(၇၂)ခုထဲက တစ်ခုဖြစ်တဲ့ ဝါးပင်လယ်သုခဘုံမှာ အရမ်းလျှို့ဝှက်ဆန်းကြယ်တဲ့ ဝါးတစ်မျိုး ထွက်တယ်။ အဲဒီအရာတွေကလွဲရင် ထူးဆန်းတဲ့ပစ္စည်းတွေလည်း အများကြီးရှိတယ်။ နင်ကသာ နေရာအစုံသွားနိုင်မယ်ဆိုရင် ပိုပြီးအံ့ဩစရာကောင်းတာတွေ တွေ့လာလိမ့်မယ်…”
“အဆုံးမဲ့ကမ္ဘာကြီးထဲမှာ ထူးဆန်းတဲ့အရာတွေ ပြည့်နေတယ်။ နောက်ပိုင်းမှာတော့ နင်က အပြင်သွားပြီး လေ့လာရှာဖွေတာ အကောင်းဆုံးပဲ။ နင်က အရှေ့ပိုင်းကုန်းမြေကြီးထဲကနေ ထွက်သွားဖို့ မပြောနဲ့။ ဒီကမ္ဘာကြီးကနေ ထွက်မသွားချင်ဘူးဆိုရင်တောင် အနည်းဆုံးတော့ တာ့လီအင်ပါယာရဲ့ နယ်ခြားကိုတော့ ရောက်အောင်သွားဖို့ ကြိုးစားသင့်တယ်..”
ချန်းပင်အန်းက ခေါင်းညိတ်ပြလိုက်ပြီး လက်သီးသိုင်းကျမ်းအကြောင်းသာ စဉ်းစားနေကြောင်း သိသာနေသည်။ သူက စကားတစ်လုံးကို လက်ညိုးထိုးပြပြီး မေးလိုက်၏။
“မိန်းကလေးနင် ကျွန်တော်က ဒီစကားလုံးကို ဘယ်လိုဖတ်ရမလဲ..”
မိန်းကလေးက အလွန်ဒေါသထွက်သွားခဲ့၏။
“တော်လိုက်တော့…”