အခန်း (၃၈)
Vol. 3 Ch. 38
ချန်းပင်အန်းက သံသယဝင်သလို ကြည့်နေမိခဲ့သည်။
နင်ယောင်က သူ့ကို ပြန်လှည့်ကြည့်လိုက်ပြီး စကားလုံးများကို လက်ညှိုးထိုးပြလိုက်၏။
"ဒီစကားလုံးကို လှိမ့်တယ်လို့ ဖတ်ရတယ်။ ဒီလက်သီးသိုင်းကျမ်းက တာ့လီအင်ပါယာထဲမှာ မိုးရွာနေတာကိုကြည့်ပြီး ဆင်းသက်လာခဲ့တာ...။ ဒီလက်သီးရဲ့ အရှိန်အဝါက မိုးရေစက်တွေ ကျဆင်းလာတဲ့ အရှိန်အဝါမျိုးပဲ။ လူသားကမ္ဘာကြီးကို ကျလာပြီးတဲ့နောက် သူက တာ့လီအင်ပါယာနန်းတော်ရဲ့နံရံအတိုင်း စီးဆင်းသွားခဲ့ပြီး အောက်တည့်တည့်ကို ကျဆင်းလာခဲ့တယ်…"
ချန်းပင်အန်းက ရေးဆွဲထားသော ရုပ်ပုံများကို စူးစူးနစ်နစ် စိုက်ကြည့်နေခဲ့သည်။ ထိုအရာက တပ်ဖွဲ့တစ်ခုကဲ့သို့ ဖြစ်နေပြီး စာမျက်နှာတစ်ခုတွင် ရေးဆွဲထားခြင်း ဖြစ်သည်။ ထို့ကြောင့် လက်သီးဟန်ရေး ပြနေသော ရုပ်ပုံများက ကြီးမားမှု မရှိချေ။ ထို့ပြင် မီးသွေးနှင့် ရေးဆွဲထားသော ရုပ်ပုံများကလည်း ထင်ရှားမှု မရှိချေ။
ချန်းပင်အန်း၏ အမြင်အာရုံက ကောင်းမွန်နေသည်မှာ ကံကောင်းသွား၏။ မှေးမှိန်နေသော အလင်းရောင်အောက်တွင် သူက မျဉ်းကြောင်းလေးများကို အသေးစိတ် မြင်နေရ၏။
လူငယ်လေးက သူ နားမလည်နိုင်သော မိန်းကလေးနင်၏ စကားကို ကြားလိုက်ရသည့်အခါ တစ်ယောက်တည်း ရေရွတ်လိုက်သည်။
"ကြည့်ရတာတော့ ဒီလက်သီးသိုင်းက တော်တော်အစွမ်းထက်မယ်ထင်တယ်.."
နင်ယောင်က ခေါင်းကို အနည်းငယ်လှုပ်ရှားပြီး ရုပ်ပုံများကို ကြည့်နေခဲ့သည်။ သူမက ခေါင်းညိတ်ပြီး ပြောလိုက်၏။
"သိုင်းလောကမှာ နှစ်ပေါင်းတစ်ထောင်ကျော် လက်ဆင့်ကမ်းလာပြီး အခုအချိန်ထိ ရှိနေတဲ့ လက်သီးသိုင်းကျမ်းတစ်ခု ရှိတယ်။ အဲဒီအရာက ဒီသိုင်းကျမ်းနဲ့ နည်းနည်းတော့တူတယ်…"
ချန်းပင်အန်းက ပြန်လှည့်ကြည့်လိုက်ပြီး စိတ်ဝင်တစား မေးလိုက်သည်။
"အဲဒါက ဘာကိုဆိုလိုချင်တာလဲ…"
မှေးမှိန်နေသော အလင်းရောင်အောက်တွင် မိန်းမပျို၏ မျက်တောင်ရှည်ကြီးများက အနည်းငယ် ကော့ညွတ်နေသည်မှာ လေလှိုင်းများအောက်တွင် ရှိနေသော မက်မွန်သစ်ကိုင်းတစ်ခုကဲ့သို့ ထင်ရသည်။ သူမက ရယ်ချင်စိတ်ကို ထိန်းထားပြီး ပြောလိုက်၏။
"သိုင်းလောကမှာ လူကြီးလူငယ်မရွေး သင့်တော်တဲ့ လက်သီးသိုင်းကျမ်းတစ်ခု ရှိတယ်။ အဲဒါကိုတော့ လိပ်လက်သီးသိုင်းလို့ခေါ်တယ်။ တကယ်လို့ ဒီတိုင်း တိုက်ခိုက်လိုက်မယ်ဆိုရင်တောင် ပညာရှင်အိုကြီးတစ်ယောက်ကို သေသွားအောင် တိုက်ခိုက်နိုင်တယ်…"
လူငယ်က မသက်မသာ ပြောလိုက်၏။
"မိန်းကလေးက အဲဒါကို ဘယ်လိုပြောနိုင်တာလဲ…"
ချန်းပင်အန်းက ခေါင်းထဲတွင် တွေးကြည့်နေခဲ့သည်။ ကုစန့်ကို နာမည်ကျော်စေခဲ့သော စွမ်းရည်များ မရှိခြင်းပေလော။ သူ၏မှတ်ဉာဏ်များအရ ကုစန့်၏အမေက လွန်ခဲ့သော နှစ်ပေါင်းများစွာတွင် ပြဿနာတစ်ခု ကြုံခဲ့ဖူးသည်။ ထိုအရာက တရုတ်ဇီးသီးပွင့်လမ်းကြားထဲတွင် ရှိနေသော အလှကုန်ပစ္စည်းဆိုင်၏ရှေ့တွင် ဖြစ်၏။
ထိုအချိန်တွင် ကုစန့်က လမ်းလျှောက်သင်စသာ ရှိနေသေးသည်။ ကုစန့်၏အဖေက လူစိမ်းတစ်ယောက်ဖြစ်ပြီး တစ်နှစ်ပတ်လုံး အိမ်တွင် မရှိပေ။ ရွှံ့ပုလင်းလမ်းကြားထဲတွင် ရှိနေသော အိမ်နီးချင်းများကပင် သူ့ကို မေ့လျော့နေခဲ့ကြ၏။
ထိုအချိန်တွင် အမျိုးသမီးများက ကုစန့်အိမ်၏ ပြတင်းပေါက်ကို ဖြတ်သွားသည့် အချိန်တိုင်း သူတို့၏ယောကျ်ားများက အရှိန်လျှော့ သွားလာနေကြသည်ကို အမျိုးသမီးများက စတင်စိုးရိမ်လာကြသည်။ ဝါးလုံးတန်းပေါ်တွင် လှန်းထားသော ကုစန့်အမေ၏ အဝတ်အစားများက သူတို့ယောကျ်ားများ၏ စိတ်ကို အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့သည်။
နောက်ပိုင်းတွင်တော့ အဘွားမာက မိန်းမပျို (၅) ယောက် (၆) ယောက်ခန့်ကို ခေါ်လာပြီး ကုစန့်တို့ခြံဝန်းတံခါးကို ပိတ်ထားခဲ့သည်။ ထိုတိုက်ပွဲတွင် ကုစန့်အမေက အတော်လေး ခံစားခဲ့ရ၏။ သို့သော် အဘွားမာနှင့် တခြားသူများကလည်း အသာစီး မရခဲ့ပေ။ နှစ်ဖက်စလုံးက ဆုံးရှုံးမှုများ ခံစားခဲ့ရ၏။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ ကုစန့်အမေက အားနည်းလာခဲ့သည်။ လက်သီး(၂) ဖက်တည်းက လက် (၄) ဖက်ကို ရင်ဆိုင်တိုက်ခိုက်ရန် ခက်ခဲ၏။ သူမ၏ အဝတ်အစားများကပင် ပျက်စီးသွားသည်။ အဝတ်အစားများက အလွန်ပါးလွှာသည့်အတွက် သူမ၏ခန္ဓာကိုယ်က အတိုင်းသား ပေါ်နေခဲ့သည်။ သူတို့၏ နိမ့်ကျမှုကြောင့် ရှက်ရွံ့နေသော မိန်းမပျိုများကပင် ရူးသွပ်သွားခဲ့ကြသည်။
သူတို့က လက်သည်းနှင့် ကုတ်ခြစ်ပြီး သူမကို ကိုက်ခဲ့ကြသည်။ ထို့ကြောင့် လမ်းကြားလေး၏ ပတ်ပတ်လည်တွင် ကြည့်နေသော ယောကျ်ားများကတော့ တံတွေးကိုသာ မျိုချနေကြရ၏။
ထိုအချိန်တွင် ချန်းပင်အန်းက နဂါးမီးဖိုကြီးမှ မြို့ထဲသို့ ပြန်ရောက်လာခဲ့သည့်အချိန် ဖြစ်သည်။ သူ့ကို ကုစန့်၏အမေက နှစ်ပေါင်းများစွာ ဂရုစိုက်ခဲ့၏။ ထို့ကြောင့် သူလည်း ကုစန့်၏အမေကို ကာကွယ်ပေးရန် သွားခဲ့သည်။
စလာသည့်တိုင်မှ ဆုံးသည့်တိုင်အောင် မြက်ဖိနပ်နှင့် လူငယ်လေးက ပြန်လည်တိုက်ခိုက်ရဲခြင်း မရှိချေ။ ချန်းပင်အန်းက ပြဿနာဖြစ်မှာကို မကြောက်ဘဲ သူ၏လက်သီးနှင့် လူတစ်ယောက် သတ်မိမှာကို ကြောက်လန့်နေခြင်းသာ ဖြစ်သည်။
ထိုအချိန်တွင် မြက်ဖိနပ်နှင့် လူငယ်လေးက အဘိုးယောင်၏ အော်ဟစ်ကြိမ်းမောင်းမှုများနှင့်အတူ မရေမတွက်နိုင်သော တောင်တန်းများ၊ မြစ်များကို ဖြတ်ကျော်သွားလာခဲ့ပြီးသား ဖြစ်သည်။ သူက အသက် (၁၂) နှစ် ၊ (၁၃)နှစ်အရွယ်သာ ရှိသေးသော်လည်း မြို့ထဲတွင် ရှိနေသော အဘိုးကြီးများစွာထက်ပင် အဆပေါင်းများစွာ ပို၍လမ်းလျှောက်ထားခဲ့သေး၏။
ထိုအချိန်တွင် လူငယ်နှင့် အမျိုးသမီးတို့က ခြံဝန်းတံခါးတွင် ထိုင်နေခဲ့ကြသည်။ ကုစန့်ကိုတော့ တံခါးထဲတွင် ပိတ်ထားခဲ့၏။ အမေဖြစ်သူက ထိုကဲ့သို့ ဝမ်းနည်းဖွယ် အခြေအနေမျိုး သူ့သားကို မမြင်စေချင်ခဲ့ပေ။
လူငယ်လေးက ပြန်လှည့်လာပြီး အမျိုးသမီး၏ နှုတ်ခမ်းထောင့်ကို လက်ညှိုးနှင့် ထိုးပြလိုက်၏။ မိန်းမပျိုက နှုတ်ခမ်းကို တွန့်ကွေး၍ ပြုံးလိုက်ပြီး နှုတ်ခမ်းထောင့်မှ စီးကျလာသော သွေးများကို လက်မနှင့် သုတ်လိုက်သည်။
ကလေးငယ်ကတော့ ခြံဝန်းထဲတွင် အော်ဟစ်ပြီး သူ့အမေကို ခေါ်နေခဲ့၏။ ပထမတော့ မိန်းမပျိုက မြက်ဖိနပ်နှင့် လူငယ်လေးကို ပြုံးပြလိုက်ပြီး ထို့နောက် မျက်လုံးထဲမှ မျက်ရည်များ စီးကျလာခဲ့၏။ နောက်တစ်နေ့တွင်တော့ မြက်ဖိနပ်နှင့် လူငယ်လေး၏ အနားတွင် ဝန်ထုတ်ဝန်ပိုးတစ်ခု ရှိလာခဲ့သည်။
နင်ယောင်၏ မေးခွန်းက ချန်းပင်အန်း၏ အတွေးများကို ပြတ်တောက်သွားစေခဲ့သည်။
"နင်က ဘာတွေစဉ်းစားနေတာလဲ…"
ချန်းပင်အန်းက မေးလိုက်သည်။
"ကုစန့်နဲ့ သူ့အမေ မြို့ထဲကနေ ထွက်သွားပြီးတဲ့နောက် သူတို့က အင်မော်တယ်ကျန်းကျယ်နဲ့အတူ စာအုပ်ရေကန်ကို လိုက်သွားကြတယ်။ သူတို့က ကောင်းကောင်းနေရမှာ မဟုတ်လား…"
နင်ယောင်က ပြန်မေးလိုက်၏။
"အဲဒီသားအမိက ရွှံ့ပုလင်းလမ်းကြားထဲမှာ နေရတာထက် ပိုပြီးဆိုးသွားမယ်လို့ နင်ထင်နေတာလား.."
ချန်းပင်အန်းက ခဏကြာ စဉ်းစားနေခဲ့သည်။
"အဲဒီကောင်လေးကုစန့်မှာ အသိစိတ် ကောင်းကောင်းမရှိသေးဘူး။ သူက တော်တော်လေး ငယ်သေးတဲ့အတွက် ဘဝကြီးက ခက်ခဲတယ်ဆိုတာကို သေချာပေါက် ခံစားမိမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကုစန့်ရဲ့အမေက ဒီမြို့ငယ်လေးကို နေရာကောင်းတစ်ခုလို့ စဉ်းစားမိမှာ မဟုတ်လောက်ဘူး။ အထူးသဖြင့် ရွှံ့ပုလင်းလမ်းကြားနဲ့ တရုတ်ဆီးသီးပွင့်လမ်းကြားထဲမှာရှိတဲ့ အမျိုးသမီးတွေကိုပေါ့။ သူက သူတို့တွေတစ်ယောက်နဲ့မှ မတည့်ဘူး။ ပြီးတော့ ကုစန့်ရဲ့အမေက မြို့ထဲမှာနေဖို့ မွေးဖွားလာတာ မဟုတ်ဘူးလို့ ကျွန်တော်က တွေးမိတယ်။ သူက ဘယ်သူ့စကားကိုမှ နားမထောင်ချင်ဘူး…”
“သူ့ရဲ့နှလုံးသားက မတည်ငြိမ်ဘူးလို့ အဘိုးယောင်က ပြောတာပဲ။ ယောကျ်ားတစ်ယောက်ရဲ့ နှလုံးသားက မတည်ငြိမ်ရင် ရည်မှန်းချက်ကြီးကြီးရှိတယ်လို့ သတ်မှတ်နိုင်တယ်။ မိန်းကလေးတစ်ယောက်ရဲ့နှလုံးသား မတည်ငြိမ်ဘူးဆိုရင်တော့ ကိစ္စတခုခု ရှိနေတယ်လို့ ပြောရမယ်။ ကြည့်ရတာတော့ အဲဒီစကားတွေက မမှန်တော့ဘူးထင်တာပဲ.."
နင်ယောင်က နောက်ကျောကို မတ်မတ်ထားလိုက်ပြီး စားပွဲကို ရိုက်လိုက်သည်။
"နင်က ဘာတွေပြောနေတာလဲ။ နင်က ဒီလက်သီးသိုင်းကို ဆက်ပြီးတော့ သင်ချင်သေးရဲ့လား"
ချန်းပင်အန်းက ထိတ်လန့်သွားခဲ့၏။
"မိန်းကလေးနင် ကျေးဇူးပြုပြီး ဆက်ပြောပေးပါ…"
နင်ယောင်က မသက်မသာ ပြောလိုက်ရသည်။
"နင်နဲ့ ကျင့်စဉ်တွေအကြောင်း ပြောနေရတာ အဓိပ္ပါယ်မရှိဘူး။ ဘာလို့လဲဆိုတော့ နင်က လေ့ကျင့်နိုင်မှာ မဟုတ်လို့ပဲ။ ဒါကြောင့် ငါက သိုင်းပညာအကြောင်းပဲ ပြောပြတော့မယ်…"
ချန်းပင်အန်းက စကားပြန်ပြောချင်နေသော်လည်း မိန်းမပျိုက ဆက်ပြောလိုက်သည်။
"ဒီကမ္ဘာကြီးထဲမှာ သိုင်းပညာကို အဆင့်(၉)ခု ခွဲခြားထားတယ်။ တချို့လူတွေကတော့ အဲဒီအဆင့်(၉)ခုရဲ့အထက်မှာ အဆင့် (၁၀) လည်း ရှိတယ်လို့ ပြောကြတာပဲ။ ဒါက ဘယ်လိုမျိုးလဲဆိုရင် တိုင်းပြည်တစ်ခုမှာ အမိန့်ကို စောင့်နေတဲ့ ကျားစေ့လေးတွေလိုပဲ.."
ထိုစကားကို ပြောနေသည့်အချိန်တွင် မိန်းမပျို၏ခံစားချက်များက အတော်လေး မြင့်တက်လာခဲ့သည်။ သူမက အပြုံးနှင့် မေးလိုက်၏။
"ချန်းပင်အန်း …
အမိန့်စောင့်နေတဲ့ ကျားစေ့တစ်စေ့ဆိုတာ ဘာလဲသိလား…"
ချန်းပင်အန်းက ရိုးရိုးသားသား ခေါင်းခါပြလိုက်သည်။
မိန်းမပျို၏မျက်နှာက ဝင်းလက်တောက်ပနေခဲ့၏။
"သိုင်းပညာရှင်တွေထဲမှာ အမြင့်ဆုံးအဆင့်ကတော့ အဆင့် (၉) ပဲ။ အဲဒီအရာက တိုင်းပြည်တစ်ပြည်မှာ ပထမဆုံးမှူးမတ်တစ်ယောက်နဲ့ တူတယ်။ ဒါပေမဲ့ နှစ်ပေါင်း(၁၀၀) မှာ တစ်ကြိမ် ပါရမီရှင်တချို့ပေါ်လာတတ်ပြီး သူတို့တွေကိုတော့ အဆင့်(၁၀)ပညာရှင်တွေလို့ လူသိများတယ်။ အဲဒီလူတွေမှာ ထူးခြားတဲ့ နာမည်မျိုးစုံလည်း ရှိကြတယ်။ နင်တို့ တာ့လီအင်ပါယာရဲ့ ကျားစေ့လေးတွေကတော့ တော်တော်လေးရှက်ဖို့ကောင်းတယ်။ နင်တို့ရဲ့အဆင့် (၉) ပညာရှင်ကတောင် တာ့ဆွေအင်ပါယာက အဆင့် (၇)ပညာရှင်နဲ့ပဲ အစွမ်းချင်းတူတယ်လို့ ပြောနိုင်တယ်။ တာ့လီအင်ပါယာတစ်ခုလုံးမှာ ပန်းထိုးကျားလို့ နာမည်ပြောင်ရှိနေတဲ့ လူတစ်ယောက်ကပဲ တာ့ဆွေအင်ပါယာရဲ့ အစစ်အမှန်ပြိုင်ဘက်တစ်ယောက်လို့ သတ်မှတ်နိုင်တယ်။ ဒါနဲ့သိုင်းပညာရှင်ဆိုတာ ဘာလဲသိတယ် မဟုတ်လား…"
ချန်းပင်အန်းက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"ကျွန်တော် သိပါတယ်။ ကျွန်တော်က စည်းမျဉ်းစည်းကမ်းတွေအကြောင်းလည်း နည်းနည်းတော့ သိတယ်။ ဒါပေမဲ့ အဲဒီအရာတွေကို ဘယ်လိုလုပ်ရမလဲဆိုတာပဲ မသိတာ...။ စုန့်ကျိရှင်းနဲ့ ကျစ်ကွေးတို့ရဲ့အိမ်မှာ ကျားကွက်ခုံနဲ့ ကျားစေ့တွေ ရှိတယ်.."
မိန်းမပျိုက စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့၏။
"ဪ... အဲဒီလိုလား…"
မိန်းမပျိုက အချိန်တော်တော်ကြာ ပြောနေခဲ့သော်လည်း လူငယ်ကတော့ အဆင့် (၉) ဟူသောအရာကို မသိသေးပေ။ မိန်းမပျိုက ထိုသို့ပြော၍မရကြောင်း နားလည်သွားပုံရ၏။
သူမက ချောင်းဟန့်ပြီး လေးလေးနက်နက် ပြောလိုက်သည်။
"သိုင်းပညာ အဆင့် (၉) ဆင့်မှာ တစ်ကြိမ်ကို ခြေတစ်လှမ်းဆီ လှမ်းရမယ်လို့ ငါ့အမေက ပြောခဲ့တယ်။ တကယ်လို့ နင်က အဆင့် (၉) ရဲ့အထွဋ်အထိပ်ကို ရောက်သွားပြီဆိုရင် တောင်ပေါ်မှာ ရပ်နေရတဲ့ လူတစ်ယောက်လို ဖြစ်သွားလိမ့်မယ်။ ဒါပေမဲ့ အဲဒီတောင်ရဲ့အဝေးကို လှမ်းကြည့်လိုက်မယ်ဆိုရင် နင်က တခြားတောင်ရဲ့ တစ်ဝက်လောက်ပဲ ရှိတယ်ဆိုတာ မြင်ရလိမ့်မယ်…"
ချန်းပင်အန်းက တွေးတွေးဆဆနှင့် ပြောလိုက်၏။
"ကျွန်တော် နားလည်ပါတယ်…"
လူငယ်လေးက ထိုမြင်ကွင်းကို သူ့မျက်လုံးနှင့် ကိုယ်တိုင်မြင်ခဲ့ဖူးသည်။
ထိုလူငယ်က နားလည်ခြင်းရှိမရှိ မိန်းမပျိုကတော့ ဂရုမစိုက်တော့ပေ။ သူမက ပြောလိုက်၏။
"သိုင်းပညာအဆင့် (၉) ဆင့်ကိုတော့ ခန္ဓာကိုယ်သန့်စင်မှု ၊ ချီစွမ်းအင်သန့်စင်မှုနဲ့ စိတ်ဝိညာဉ်သန့်စင်မှုဆိုပြီး ခွဲခြားထားတယ်။ တစ်ခုချင်းဆီမှာ အဆင့် (၃)ဆင့်ဆီ ရှိတယ်။ နင်က ထိပ်ပိုင်းကို ခြေတစ်လှမ်းဆီ တက်လှမ်းရလိမ့်မယ်။ ခြေတစ်လှမ်းမှ လွဲချော်လို့ မရဘူး။ နင်က အမှားလုပ်လို့လည်း မရနိုင်ဘူး။ နင်လျှောက်တဲ့ လမ်းကြောင်းက ပိုပြီးတော့ ခိုင်မာလေလေ ပိုပြီးတော့ ကောင်းလေလေပဲ။ မြန်မြန်လျှောက်တာ နှေးနှေးလျှောက်တာက အရေးမကြီးဘူး။ ဒါက ချီကျင့်ကြံမှုနဲ့ မတူဘူး…”
“ခန္ဓာကိုယ်သန့်စင်မှုမှာ အဆင့် (၃) ဆင့်ရှိတယ်။ ပထမအဆင့်ကတော့ ရွှံ့သန္ဓေသားအဆင့်ပဲ။ အဓိပ္ပါယ်အရ ပြောရမယ်ဆိုရင်တော့ ရွှံ့ပုလင်းလမ်းကြားထဲမှာရှိတဲ့ နင့်ရဲ့အိမ်လိုပဲ။ နင်က အထွဋ်အထိပ်ကို ရောက်သွားပြီဆိုရင် နင့်ရဲ့ခန္ဓာကိုယ်က ရွှံ့ရုပ်တုတစ်ခုလို ဖြစ်လာလိမ့်မယ်။ နင်က ရွှံ့ရုပ်တုတစ်ခု ဖြစ်ပေမယ့် ထူးခြားတဲ့ အငွေ့အသက်တစ်ခု ရှိလာလိမ့်မယ်။ နင့်ရဲ့ချီစွမ်းအားတွေက ဒန်တျန်ထဲကို ရောက်သွားပြီး နင်က တောင်တန်းတစ်ခုလို ဖြစ်လာလိမ့်မယ်။ အဲဒါဆိုရင်တော့ နင်က အစစ်အမှန်သိုင်းပညာလမ်းကြောင်းကို ရောက်လာပြီလို့ သတ်မှတ်နိုင်တယ်…”
“အချုပ်အားဖြင့် ပြောရမယ်ဆိုရင်တော့ ဒီအဆင့်ရဲ့အနှစ်သာရက ပြန့်ကျဲခြင်းနဲ့ နစ်မြုပ်ခြင်းဆိုတဲ့ စကားလုံးတွေအပေါ် မှီခိုနေတယ်။ လူတစ်ယောက်ရဲ့စွမ်းရည်နဲ့ နားလည်နိုင်စွမ်းကိုတော့ သင်ပေးနေတဲ့ဆရာကပဲ သိနိုင်လိမ့်မယ်..”
“ဒုတိယအဆင့်ကိုတော့ သစ်သားသန္ဓေသားလို့ခေါ်တယ်။ နင့်ရဲ့ခန္ဓာကိုယ်က တဖြည်းဖြည်း ကျစ်လျစ်ပြီး ပိန်လာလိမ့်မယ်။ နင်က အောင်မြင်တဲ့အဆင့်ကို ရောက်သွားပြီဆိုရင်တော့ ခန္ဓာကိုယ်မျက်နှာပြင်က တိကျပြီး ထွင်းထုထားတဲ့ ပန်းပုရုပ်တစ်ခုလို ဖြစ်လာလိမ့်မယ်။ အဲဒါက စမ်းချောင်းထဲမှာ နင် သွားရှာနေတဲ့ မြွေကျောက်တုံးတွေလိုပဲ။ သာမာန်ကျောက်တုံးတွေနဲ့ ယှဉ်လိုက်မယ်ဆိုရင် အတွင်းထဲမှာ လုံးဝကိုကွဲပြားနေတယ်။ ဒီအဆင့်ရဲ့အဓိပ္ပာယ်ကတော့ တောင်ဖောက်ခြင်းလို့ ပြောရလိမ့်မယ်။ အဲဒါက သွေးကြောတွေကို ကျယ်လာစေနိုင်ပြီး လမ်းကျဉ်းလေးကနေ လမ်းကျယ်အဖြစ် ပြောင်းလဲပေးနိုင်တယ်။ သိုင်းပညာရှင်ရဲ့ အရိုးတည်ဆောက်ပုံ အရည်အသွေးကိုလည်း ဒီအဆင့်မှာ သုံးသပ်လို့ရမယ်.."
ထိုစကားကို ပြောလိုက်သည့်အချိန်တွင် အနက်ဝတ်မိန်းမပျိုက လူငယ်လေး ပေးထားသော ကျောက်တုံးကို မြှောက်ပြလိုက်သည်။ မီးရောင်အောက်တွင် သူမက အလွန်လှပသော ကျောက်တုံးလေးကို စိုက်ကြည့်နေခဲ့၏။
သူမက တိုးတိုးလေး ဆက်ပြောလိုက်သည်။
"ခန္ဓာကိုယ်သန့်စင်မှုရဲ့ နောက်ဆုံးအဆင့်ကတော့ ပြဒါးမှန်အဆင့်လို့ခေါ်တယ်။ သွေးတွေက ပြဒါးတစ်ခုလို သိပ်သည်းလာမယ်။ ဒါပေမဲ့ သူ့ရဲ့အလေးချိန်ကတော့ ပိုပြီးတော့ ပေါ့ပါးလာတယ်။ ချီနဲ့ သွေးတွေကလည်း တစ်သားတည်းအဖြစ် စုစည်းသွားမယ်။ အဲဒီအထွဋ်အထိပ်ကို ချိုးဖျက်ချင်တယ်ဆိုရင်တော့ နင်က ရွှံ့ရုပ်တုမြစ်ဖြတ်ခြင်းလို့ခေါ်တဲ့ ကပ်ဘေးကို ဖြတ်ကျော်ဖို့ လိုအပ်တယ်။ နင်က အဲဒီအတားအဆီးကို အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်မလား မကျော်နိုင်ဘူးလားဆိုတာကတော့ နဂါးတံခါးကို ဖြတ်ကျော်တဲ့ ငါးတစ်ကောင်လိုပဲ သိုင်းပညာရဲ့ကံတရားအပေါ်ပဲ မှီခိုနေလိမ့်မယ်…"
ချန်းပင်အန်းက အံ့သြမှင်တက်စွာ နားထောင်နေခဲ့သည်။ သူက မီးအိမ်လေးကို တွေဝေစွာ စိုက်ကြည့်နေခဲ့၏။ မီးတောက်လေးများ တလက်လက် တောက်ပနေသည့် အချိန်တွင် သူ့စိတ်ကလည်း မီးတောက်များနှင့်အတူ လှုပ်ရှားနေခဲ့သည်။
မိန်းမပျိုက သန်းလိုက်ပြီး စားပွဲခုံပေါ်သို့ လှဲအိပ်လိုက်သည်။ သူမက ပြောလိုက်၏။
"အဲဒါပဲ…ခန္ဓာကိုယ်သန့်စင်မှုအဆင့် (၃) ဆင့်က သိုင်းပညာရှင် (၈၀)ရာခိုင်နှုန်းလောက်ကို တားဆီးထားတယ်။ ရှေ့ဆက်တက်ဖို့လည်း တော်တော်လေးခက်တယ်။ ဆင်းရဲတဲ့သူတွေက စာပေသင်ကြားဖို့ သိကြပြီး ချမ်းသာတဲ့သူတွေကတော့ သိုင်းပညာသင်ကြားဖို့ပဲ သိခဲ့တယ်။ ငါ့ရဲ့မွေးရပ်မြေကလွဲရင် ကမ္ဘာကြီးရဲ့တခြားနေရာတွေအားလုံးက အတူတူပဲ။ နင့်မိသားစုနောက်ခံနဲ့ နင့်ရဲ့အရည်အချင်းအရ ပြောရမယ်ဆိုရင် နင်က ဒီဘဝမှာ ဒုတိယအဆင့်ကို ရောက်မယ်ဆိုရင်တောင် တော်တော်လေးကိုကောင်းနေပြီလို့ ပြောရမယ်…"
ချန်းပင်အန်းက ပြောလိုက်၏။
"ကျွန်တော်က ဒီလက်သီးသိုင်းကို ဘယ်လိုလေ့ကျင့်ရမှာလဲ…"
မိန်းမပျိုက မျက်ခုံးပင့်လိုက်မိသည်။
"မနက်ဖြန်မှပဲ ပြောကြတာပေါ့။ ငါ အိပ်ချင်နေပြီ.."
ချန်းပင်အန်းက ပြောလိုက်၏။
"ဒါဆိုလည်း ကျွန်တော်က ခြင်းတောင်းယူပြီး ကျောက်တုံးသွားကောက်လိုက်ဦးမယ်။ မနက်ဖြန်ကျမှ မိန်းကလေးနင်ကို လာရှာတော့မယ်…"
မိန်းမပျိုက ပြောလိုက်၏။
"တကယ်လို့ နင့်စိတ်ထဲမှာ အဆင်ပြေတယ်ဆိုရင်တော့ ဒီသိုင်းကျမ်းကို ချန်ထားခဲ့လိုက်ပါ။ ဒီသိုင်းကျမ်းမှာ အားနည်းချက်တွေ ဟာကွက်တွေရှိမရှိ ငါကြည့်ထားပေးမယ်…"
ချန်းပင်အန်းက ပြုံးလိုက်၏။
"ကောင်းပါပြီ။ ဒါပေမဲ့ မိန်းကလေးနင် သေချာဂရုစိုက်ပါ။ နောက်ပိုင်း ကျွန်တော်က ဒီယောင်ရှန်သိုင်းကျမ်းကို ကုစန့်ဆီ ပြန်ပေးရလိမ့်မယ်…"
မိန်းမပျိုက ခေါင်းခါပြီး မျက်မှောင်ကြုတ်လိုက်မိသည်။
"နင်က ဘယ်နှစ်ကြိမ်လောက်ပြောပြီးမှ စိတ်အေးအေးထားနိုင်မှာလဲ.."
လူငယ်က ပြုံးလိုက်ပြီး အခန်းထောင့်သို့ လျှောက်သွား၍ ခြင်းတောင်းကို ကောက်ယူလိုက်သည်။ သူ အိမ်ထဲမှ ထွက်သွားသည့်အချိန်တွင် သူမကို သတိပေးလိုက်၏။
"မိန်းကလေးနင် ခြံဝန်းတံခါးကို သော့ခတ်ဖို့ မမေ့ပါနဲ့…"
စားပွဲပေါ်တွင် လှဲအိပ်နေသော မိန်းမပျိုက သူ့ကို ပြန်လှည့်မကြည့်ခဲ့ပေ။ သူမက လက်ကို ဝှေ့ယမ်းပြီး အားနည်းစွာ ပြောလိုက်၏။
"ငါ သိတယ် ငါ သိတယ်။ နင်က ငါ့အဖေထက်တောင် ပိုပြီးတော့ စကားများနေတာပဲ.."
လူငယ်၏ခန္ဓာကိုယ်က ပျံလွှားတစ်ကောင်ကဲ့သို့ ပေါ့ပါးလွန်းလှပြီး လမ်းကြားထဲတွင် ပျောက်ကွယ်သွားခဲ့သည်။
ချန်းပင်အန်း ရွှံ့ပုလင်းလမ်းကြားထဲမှ ထွက်ခွာသွားသည့်အချိန်တွင် မိန်းမပျိုက ချက်ချင်း မတ်မတ်ထိုင်လိုက်ပြီး ယောင်ရှန်သိုင်းကျမ်းကို ရန်သူတစ်ယောက်သဖွယ် စိုက်ကြည့်နေခဲ့သည်။ ထို့နောက် သူမက တစ်ကိုယ်လုံး ပြိုလဲသွားခဲ့ပြီး စားပွဲပေါ်တွင် နောက်တစ်ကြိမ် အိပ်နေပြန်၏။
သူမက မျက်မှောင်ကြုတ်လိုက်မိပြီး တစ်ယောက်တည်း ပြောလိုက်သည်။
"ငါက ဒါကိုဘယ်လိုသင်ပေးရမှာလဲ။ ငါက ပထမတန်းစား ဓားအင်မော်တယ်ခန္ဓာနဲ့ မွေးဖွားလာခဲ့တာ...။ ငါက တောင်ခြေမှာရှိတဲ့ လမ်းကြောင်းကို လျှောက်ဖို့ လိုအပ်ခဲ့လို့လား။ ငါက သွေးကြော (၃၆၅) မှတ်ရဲ့ နာမည်တွေကိုတောင် မမှတ်မိတော့ဘူး။ ချီစွမ်းအားတွေကို ဘယ်လိုလှည့်ပတ်ရမလဲဆိုတာ အမေ့ဗိုက်ထဲမှာကတည်းက သိတယ်…"
မိန်းမပျိုက ခေါင်းကုတ်နေမိခဲ့သည်။
ရုတ်တရက်ဆိုသလို တံခါးအပြင်ဘက်မှနေ၍ စိုးထိတ်နေသော အသံတစ်ခု ပေါ်လာခဲ့သည်။
"မိန်းကလေးနင်..."
နင်ယောင်က တောင့်တင်းနေသော အမူအရာနှင့် ပြန်လှည့်ကြည့်လိုက်ရာ အရိုက်ခံရတော့မည့် မျက်နှာလေးတစ်ခုကို မြင်လိုက်ရသည်။ သူမက မျက်နှာကို တည်တည်ထားခဲ့ပြီး စကားမပြောခဲ့ပေ။
လူငယ်က တံတွေးမျိုချပြီး တောင်းပန်သလို ပြောလိုက်၏။
"မိန်းကလေးနင်က တံခါးသော့ခတ်ဖို့ မေ့နေမှာကို စိုးရိမ်လို့ပါ။ ဒါကြောင့် ကျွန်တော်လာပြီး သတိပေးတာ...။ တကယ်လို့ မိန်းကလေးနင် ညပိုင်းဗိုက်ဆာတယ်ဆိုရင် လျှိုရှန်းယန်ရဲ့အိမ်ကို သွားလို့ရတယ်။ ကျွန်တော်က မိန်းကလေးနင်အတွက် တစ်ခုခု ပြင်ဆင်ပေးထားမယ်။ ပြီးရင်တော့ ကျွန်တော် စမ်းချောင်းထဲကို သွားတော့မယ်…"
မိန်းမပျိုက သူ့ကို လက်ဝှေ့ယမ်းပြလိုက်သည်။
လူငယ်က ချက်ချင်း အဝေးကို ပြေးထွက်သွားခဲ့၏။ လမ်းတလျှောက်တွင်တော့ ချန်းပင်အန်း၏ စိတ်ထဲတွင် လက်သီးသိုင်းကျမ်းထဲမှ ပုံရိပ်များသာ ပြည့်နှက်နေခဲ့သည်။
သူက လက်သီးကို လှုပ်ရှားနေပြီး ခန္ဓာကိုယ်က ရွေ့လျားနေသည်။ သို့သော် ခြေထောက်ကတော့ မြေပြင်မှ လွတ်ထွက်သွားခဲ့ခြင်း မရှိချေ။ ထိုအရာက ရွှံ့များကဲ့သို့ ဖြစ်နေပြီး အရှိန်အဝါကလည်း ဖြည်းညင်းစွာ လှုပ်ရှားနေခဲ့၏။
သူက ထိုရုပ်ပုံများအတိုင်း လေ့ကျင့်ရန် ကြိုးစားနေသည့်အချိန်တွင် အငွေ့အသက် တစ်ခုချင်းဆီ၏ အရှိန်က အလိုလို ပြောင်းလဲလာကြောင်း လူငယ် ကိုယ်တိုင်ပင် သတိမထားမိခဲ့ပေ။ ထိုကျင့်စဉ်က စမ်းချောင်းထဲတွင် လေ့ကျင့်လျှင် ပိုကောင်းမည်ဟု သူက တွေးမိခဲ့၏။
…………..
ချီကျင့်ချွန်၏ရှေ့တွင် တံဆိပ်တုံး (၂) ခု ရှိနေသည်။ သူတို့ကို အကောင်းဆုံး မြွေကျောက်တုံးမှ ထွင်းထုထားခြင်း ဖြစ်၏။ ထိုတံဆိပ်တုံးတစ်ခုမှ ကြီးမားခြင်း မရှိသလို တံဆိပ်များလည်း ထွင်းထုရခြင်း မရှိသေးပေ။
နေ့ခင်းပိုင်းတွင် သိမ်မွေ့ညင်သာသော စာသင်သားလူငယ်တစ်ယောက်က ကျောင်းကို လာရောက်လည်ပတ်ခဲ့သည်။ ထို့နောက် သူတို့ (၂) ယောက်က သီးသန့်စကားပြောဆိုခဲ့၏။ အဝေးမှရောက်လာသော စာသင်သားလူငယ်က သူ့ကို မေးခွန်းတစ်ခု မေးခဲ့သည်။
"ဆရာချီ …
တကယ်လို့ လူတစ်ယောက်ရဲ့နောက်ဆုံးဆန္ဒကို ပြောရမယ်ဆိုရင် ဒီကမ္ဘာကြီးကိုဆက်ပြီးတော့ ငြိမ်းချမ်းစေချင်တာလား…"
ချီကျင့်ချွန်က ပြန်ဖြေခဲ့သည်။
"ဒီကိစ္စကို စဉ်းစားပါရစေဦး…"
ထိုအရာက ကျေနပ်ဖွယ်အဖြေတစ်ခုတော့ မဟုတ်ခဲ့ပေ။ သို့သော် ကုန်းမြေကြီး တစ်ဝက်ခန့်တွင် နာမည်ကျော်ကြားသော စာသင်သားလူငယ်ကတော့ ရန်လိုနေခဲ့ခြင်း မရှိချေ။ သူက အချိန်တော်တော်ကြာ လေးစားနေခဲ့ရသော ဆရာချီနှင့် စကားပြောနေခဲ့သည်။
သူက မြို့၏ နောက်ဆုံးဓလေ့ထုံးစံများနှင့် မြို့အပြင်ဘက်တွင် ရှိနေသော ပြောင်းလဲမှုများကို သိနေခဲ့၏။ ထို့နောက် သူလည်း ထွက်သွားခဲ့သည်။ စလာသည့်အချိန်မှ ဆုံးသည့်တိုင်အောင် ကျောက်စိမ်းတံဆိပ်တုံးက ဘာလုပ်ရန်ဖြစ်ကြောင်း စာသင်သားလူငယ်က မမေးခဲ့ပေ။
သို့သော် အရှေ့ပိုင်းကုန်းမြေကြီးထဲရှိ ကွန်ဖြူးရှပ်ကျောင်းတော်မှ လူငယ်က သည်းခံနိုင်မည် မဟုတ်ကြောင်း ချီကျင့်ချွန်က သိနေသည်။ တာအိုသခင်ဂိုဏ်းမှ ရွှေကိုယ်တော် လူငယ်နှင့် ကျောက်စိမ်းမိန်းမပျို၊ တာ့ကျန်းကျောင်းတော်၏ ကျမ်းစာစောင့်ရှောက်သော နာမည်ကျော်ဘုန်းတော်ကြီးနှင့် စစ်ကျောင်းတော်၏ ကိုယ်စားလှယ်များက ချောက်ကမ်းပါးကျောင်းတော်၏ ဂုဏ်သတင်းကို ဂရုစိုက်ပုံ မရချေ။
သူတို့က ချီကျင့်ချွန်၏ ဆန္ဒများကို နားထောင်ပေးလိုခြင်း မရှိချေ။ သူတို့က ဤနေရာတွင် အင်အားစုအသီးသီး၏ ရတနာများကို ပြန်လာယူရန် သေချာပေါက် တွေဝေနေလိမ့်မည် မဟုတ်ချေ။ သို့သော် ထိုအရာများအားလုံးကို မျှော်လင့်ထားပြီးသား ဖြစ်သည်။
ချီကျင့်ချွန်က မတ်မတ်ထိုင်လိုက်ပြီး လက်ထဲတွင် ဓားလေးတစ်လက်ကို ကိုင်ထားသည်။ ပထမဆုံးအကြိမ်အဖြစ် သူက တွေဝေနေခဲ့၏။ သူက တံဆိပ်တုံးပေါ်တွင် မည်သည့်တံဆိပ်ကို ထွင်းထုရမည်ဖြစ်ကြောင်း မသိခဲ့ပေ။
"အဆင့်မြင့်တဲ့ အကြောင်းတရားတွေအတွက် စတေးရမယ်။ အမှန်တရားအတွက် စတေးရမယ်။ ဒီကလေးအတွက်တော့ အရမ်းကို ကြီးလွန်းနေတယ် ထင်တယ်။ ဒါက မသင့်တော်သလို ဂုဏ်သိက္ခာလည်း မရှိဘူး။ အေးအေးချမ်းချမ်းပဲ နေထိုင်နေရလိမ့်မယ်။ ဒါကတော့ အတုတစ်ခုလို ဖြစ်မနေဘူးလား။ တကယ်လို့ စကားလုံး (၃) ခုကိုသာ တံဆိပ်တုံးပေါ်မှာ အလျင်အမြန် ရေးထိုးလိုက်မယ်ဆိုရင် ဒါက လှိုက်လဲှတဲ့သဘောထား မဟုတ်တော့ဘူးလား.."
ချီကျင့်ချွန်က ပြတင်းပေါက် အပြင်ဘက်တွင် ရှိနေသော ညကောင်းကင်ကြီးကို မော့ကြည့်နေမိခဲ့သည်။ ညကန့်လန့်ကာအောက်တွင် ကြယ်များက တလက်လက် တောက်ပနေခဲ့၏။
ချီကျင့်ချွန်က မှင်တက်နေခဲ့သည်။ အချိန်တော်တော်ကြာပြီးနောက် သူက သတိပြန်ဝင်လာပြီး တံဆိပ်တုံးကို ကောက်ယူ၍ စတင်ရေးထိုးလိုက်သည်။ အဆုံးတွင်တော့ သူက တံဆိပ်တုံးပေါ်တွင် ရိုးရှင်းသော စကားလုံးများကို ရေးထိုးနိုင်ခဲ့သည်။
"တည်ငြိမ်မှုနှင့် မာန…"
အထူးတလည် ပြောရမည်ဆိုလျှင် တည်ငြိမ်မှုဟူသော ပထမစကားလုံးက စိတ်ဝိညာဉ်စွမ်းအား အပြည့်ဝဆုံး ဖြစ်သည်။ ချီကျင့်ချွန်က လက်ထဲတွင် ကိုင်ထားသော တံဆိပ်တုံးလေးကို ညင်သာစွာ ချလိုက်ပြီး အောက်ဘက်ကို အပေါ်သို့ ထောင်ထားခဲ့သည်။ ချီကျင့်ချွန်ကတော့ ပုခုံးပေါ်တွင် ရှိနေသော ဝန်ထုတ်ဝန်ပိုးကြီးတစ်ခု ပေါ့ပါးသွားသလို ခံစားလိုက်ရ၏။
ထိုအချိန်တွင် ဆံပင်ဖြူနှင့် စာသင်သားက အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုအခါစားပွဲပေါ်၌ ရှိနေသော လေနှင့် ရေဟူသော စကားလုံးက မြင့်တက်လာပြီး တောင်တန်းနှင့် မြစ်ဟူသော စကားလုံးများက ပြုတ်ကျသွားခဲ့သည်။
နောက်ဆုံးတွင်တော့ ချီကျင့်ချွန်က မြို့ငယ်လေးထဲရှိ အိမ်ပျက်လေးတစ်ခုကို အာရုံစိုက်ကြည့်လိုက်သည်။ ထိုနေရာတွင် လူငယ်တစ်ယောက်နှင့် မိန်းမပျိုတစ်ယောက်က ဘေးချင်းယှဉ်၍ ထိုင်နေပြီး သိုင်းပညာ၏ အဆင့် (၉)ဆင့် အကြောင်းကို ဆွေးနွေးနေကြသည်။
သိုင်းပညာကျင့်ကြံမှု၏ အဆင့် (၉) ဆင့်အထက်တွင် ရှိနေသည်မှာ အဆင့် (၁၀) ဖြစ်သည်။ ချီကျင့်ချွန်က စာအုပ် (၁)သောင်းကျော် ဖတ်ခဲ့ဖူးသည့်အတွက် သိုင်းပညာကျင့်ကြံမှုနှင့် စိမ်းနေခြင်း မရှိချေ။ ထို့ကြောင့် သူလည်း သိုင်းပညာကျင့်ကြံမှုအကြောင်း သိနေခဲ့၏။
ချီကျင့်ချွန်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ ထို့နောက် ဤကမ္ဘာကြီး၏ တစ်စိတ်တစ်ပိုင်းကို အုပ်ချုပ်ရသော စာသင်သားသူတော်စင်က တိုးတိုးလေး ရယ်လိုက်မိသည်။ သူက ဒုတိယတံဆိပ်တုံးပေါ်တွင် စကားလုံး (၃) ခု ရေးထိုးလိုက်လေ၏။