အခန်း (၃၉)
Vol. 3 Ch. 39
ချန်းပင်အန်းက နေ့ခင်းပိုင်း ကျောက်တုံးကောက်သည့်အချိန်တွင် လျှိုရှန်းယန်၏ နေရာမှစ၍ အမိုးတံတားသို့ ရောက်သည့်တိုင်အောင် စမ်းချောင်းအပေါ်ဘက်ကို သွားကောက်ရန် စဉ်းစားထားခဲ့သည်။ ထို့ကြောင့် ယနေ့ညတွင်တော့ သူက ရေထဲသို့ ပထမဆုံး ဆင်းခဲ့သောနေရာကို ရွေးချယ်လိုက်သည်။ ထိုသို့ဆိုလျှင် သူက အမိုးတံတားနှင့် ကျောက်တုံးပြာကမ်းပါးမှ ဝေးဝေးတွင် ရှိနေနိုင်၏။
ချန်းပင်အန်းက ထိုနေရာတွင် အပြာဝတ်မိန်းမပျိုကို ပထမဆုံးတွေ့ခဲ့ရခြင်းလည်း ဖြစ်သည်။ ထိုအတွက်ကြောင့် သူက စုန့်ကျိရှင်းနှင့် ကြီးကြပ်သူတို့ကို မတွေ့ခဲ့ရခြင်း ဖြစ်သည်။
အမိုးတံတား၏ တခြားတစ်ဖက်တွင်တော့ ‘လေလှိုင်းများ ထွက်ပေါ်လာခြင်း၊ ရေလှိုင်းများမြင့်တက်လာခြင်း’ဟူသော စကားလုံးများနှင့် ဆိုင်းဘုတ်တစ်ခု ရှိနေသည်။ အဖြူရောင်ဝတ်စုံနှင့် ကျောက်စိမ်းခါးပတ် ပတ်ထားသူက နဂါးမီးဖိုကြီး၏ ကြီးကြပ်သူဖြစ်သော်လည်း သူက တာ့လီတွင် အစွမ်းထက်ဆုံး လူတစ်ယောက် ဖြစ်သည်။
သူ၏ဦးဆောင်မှုနှင့် စုန့်ကျိရှင်းက အမိုးတံတား၏ လှေကားခြေရင်းကို ရောက်လာခဲ့၏။ သူ မလာခင် ရေချိုးပြီး အဝတ်အစားများ လဲထားခဲ့သည်။ သူ့ခါးတွင်တော့ ဓားတိုတစ်ချောင်းနှင့် နဂါးပုံသဏ္ဍာန် ကျောက်စိမ်းပြားလေးတစ်ခု ချိတ်ထား၏။ ထိုအရောင်က မှေးမှိန်နေပြီး ထင်ရှားမှု မရှိချေ။
တစ်ဖက်တွင်တော့ နဂါးအိုမိုး ကျောက်စိမ်းပြားက အသွင်အပြင်အရရော၊ အရောင်အရရော ပို၍ထူးခြားပြီး ပို၍အဓိပ္ပာယ်ရှိသည်။ သူကတော့ ထိုအရာကို ချိတ်ထားခွင့်မပေးခဲ့ပေ။
စုန့်ကျိရှင်းက လက်ထဲတွင် အမွှေးတိုင်(၃)တိုင် ကိုင်ထား၏။ သူက လှေကားခြေရင်းတွင် ရပ်လိုက်ပြီး ဘာလုပ်ရမှန်း မသိခဲ့ချေ။
တာ့လီဘုရင်၏ ညီငယ်ဖြစ်သော စုန့်ချန်ကျင့်က ပြန်လှည့်လာပြီး အမွှေးတိုင်(၃)တိုင်ကို လက်နှစ်ချောင်းနှင့် ပွတ်လိုက်သည်။ ထိုအခါ အမွှေးတိုင်များက မီးဆွဲလာခဲ့၏။ သူက အေးအေးဆေးဆေးပြောလိုက်သည်။
“ဒူးထောက်ပြီးသွားရင် ဆိုင်းဘုတ်ကိုကြည့်ပြီး (၃)ကြိမ်ဦးချလိုက်။ ပြီးရင် မြေပေါ်မှာ အမွှေးတိုင်တွေကို စိုက်ခဲ့လိုက်။ အဲဒါပဲ…”
စုန့်ကျိရှင်းက သံသယဝင်နေသော်လည်း သူ့ဦးလေး၏လမ်းညွှန်ချက်အတိုင်း လိုက်နာ၍ (၃)ကြိမ်တိတိ ဦးချလိုက်သည်။ ထိုလူက ပေါ့ပေါ့ပါးပါးလေး ပြောလိုက်သော်လည်း လူငယ် ဒူးထောက်လိုက်ပြီးနောက် သူ၏မျက်နှာအမူအယာက အလွန်လေးနက်လာပြီး အလွန်အမင်း ရှုပ်ထွေးလာသည်။ သူက လူငယ်လေး ဒူးထောက်နေသော နေရာကို ကြည့်ပြီး ရင်ထဲတွင် အမုန်းတရားများ ပြည့်နှက်လာခဲ့၏။
အမွှေးတိုင်(၃)ကို မြေပေါ်တွင် စိုက်လိုက်ပြီးနောက် မတ်တပ်ရပ်လိုက်ပြီး စုန့်ကျိရှင်းက မေးလိုက်သည်။
“ဒီနေရာမှာ အမွှေးတိုင်ထွန်းလို့ အဆင်ပြေရဲ့လား…”
ထိုလူက အပြုံးနှင့် ပြောလိုက်၏။
“ဒါက အရိုအသေပေးရုံသက်သက်ပါပဲ။ ဘာမှအရမ်းကြီးစဉ်းစားမနေနဲ့။ အခုကစပြီး မင်းက အခြေအနေအလိုက် လှုပ်ရှားဖို့ သင်ယူရမယ်။ မဟုတ်ရင် မင်းက နောက်ပိုင်း ပြဿနာများလိမ့်မယ်…”
ထိုလူက ပြုံးနေခြင်း မရှိတော့ချေ။
“ဒါပေမဲ့ ဒီအမိုးတံတားက မင်း အောင်မြင်တိုးတက်မဲ့နေရာဆိုတာ မမေ့နဲ့…”
စုန့်ကျိရှင်း၏နှုတ်ခမ်းများက အနက်ရောင်နှင့် အပြာရောင် တလှည့်ဆီ ပြောင်းလဲနေသည်။ ထိုအရာက အအေးဓာတ်ကြောင့် ဟုတ်မဟုတ်တော့ သေချာမပြောတတ်ပေ။
လူငယ်လေးက စိတ်အေးနေသယောင် ဟန်ဆောင်၍ ပြောလိုက်သည်။
“အဲဒီစကားလုံး(၄)ခုက ပုံမှန်အတိုင်း ရေးထားတာ မဟုတ်ဘူးမလား…”
ထိုလူက လက်တစ်ဖက်နှင့်ဗိုက်ကို ပွတ်လိုက်ပြီး တခြားလက်တစ်ဖက်နှင့် ခါးတွင် ပတ်ထားသော ကျောက်စိမ်းခါးပတ်ကို ကိုင်လိုက်သည်။ သူက တိုးတိုးလေးရယ်ပြီး ပြောလိုက်၏။
“ဒါက မြို့တော်ထဲမှာ ရှိနေသလိုပဲ။ ဘာမှထိခိုက်မှုမရှိဘူး။ သိုင်းလောကမှာ သတ္တိရှိတဲ့ တောရိုင်းခွေးတွေလည်း မရှိကြဘူး။ ဘယ်သူကမှ ငါ့ကိုမဖမ်းနိုင်သလို ကိုက်လည်း မကိုက်နိုင်ဘူး..”
စုန့်ကျိရှင်းက စိတ်ဝင်တစား မေးလိုက်သည်။
“ဦးလေးက အပြစ်တင်ခံရမှာဆိုးလို့လား…”
ထိုလူက ပြန်ပြောလိုက်၏။
“တာ့လီအင်ပါယာထဲမှာ ငါက ပြိုင်ဘက်တွေအားလုံးကို အနိုင်ရခဲ့ပြီး တောင်ပေါ်ကနေ ကန်ချပြီးသွားပြီ။ ကြောက်စရာသာ မရှိဘူးဆိုရင် ငါက ပလ္လင်ပေါ်မှာ ထိုင်နေတဲ့သူထက် ပိုပြီးတော့ သက်တောင့်သက်သာရှိလာမယ်မဟုတ်လား။ ကလေး… ဒါက သင့်တော်မယ်လို့ မင်းက ထင်လို့လား…”
စုန့်ကျိရှင်းက ခဏကြာ စဉ်းစားကြည့်လိုက်သည်။ အနည်းငယ် တွေဝေခဲ့ပြီးနောက် သူက ဆုံးဖြတ်ချက်ချပြီး မေးလိုက်သည်။
“ဦးလေးက ဦးလေးရဲ့စွမ်းအားတွေကို ဖုံးကွယ်ထားပြီး အချိန်ယူနေတာလား။ ဒါမှမဟုတ် ဦးလေးရဲ့အကျိုးအမြတ်အတွက် ဓားပြတွေကို ပျိုးထောင်ပေးနေတာလား..”
ထိုလူက ရယ်လိုက်ပြီး လူငယ်ကို လက်ညှိုးထိုးပြလိုက်သည်။ သူက ခေါင်းခါပြီး ပြောလိုက်၏။
“မင်းက ဒီလိုပုန်ကန်တဲ့စကားတွေကို ပြောရဲတာပဲ။ အခြေအနေတွေ ဘယ်လောက်ပြင်းထန်လဲဆိုတာ မင်း မသိသေးဘူး။ နောက်ပိုင်း မင်းက မြို့တော်ကို ရောက်တဲ့အချိန်ကျရင် တောင်ထိပ်ပေါ်မှာရှိတဲ့ အင်မော်တယ်တစ်ယောက်ဆီကိုသွားပြီး နှိမ့်နှိမ့်ချချ နေရလိမ့်မယ်။ မင်းက စကားကို မဆင်မခြင်မပြောဖို့ အကြံပေးချင်တယ်။ မဟုတ်ရင်တော့ ပြသနာအကြီးကြီး တက်လိမ့်မယ်…”
စုန့်ကျိရှင်းက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“ကျွန်တော် မှတ်ထားပါ့မယ်….”
ထိုလူက ရွှေရောင်ဆိုင်းဘုတ်ကို လက်ညိုးထိုးပြလိုက်၏။
“လေလှိုင်းတွေက ရေတွေကို မြင့်တက်လာအောင် လုပ်ပေးနိုင်တယ်ဆိုတာ ဘာကိုပြောချင်တာလဲ မင်း သိလား…”
စုန့်ကျိရှင်းက တည့်တည့်သာ ပြန်ပြောလိုက်သည်။
“ကျွန်တော် မသိဘူး…”
ထိုလူက တီးတိုးရေရွတ်လိုက်၏။
“တကယ်လို့ မင်းက သိချင်တယ်ဆိုရင်တော့ သိမယ်။ မသိချင်ဘူးဆိုရင်လည်း သိရမှာ မဟုတ်ဘူး။ မင်းက အပိုတော့ မလုပ်နဲ့။ စာသင်သားတွေအကုန်လုံးက ကောက်ကျစ်စဉ်းလဲကြတယ်။ သူတို့ဆီမှာ လှည့်ကွက်တွေအပြည့်ပဲ…”
သို့သော် သူက လူငယ်လေး၏ရှေ့တွင် အနည်းငယ်ပို၍သိမ်မွေ့ပုံရသည်။
“ငါ မှတ်မိသလောက် ပြောရမယ်ဆိုရင်တော့ နှစ်ပေါင်း(၃၀၀၀)အတောအတွင်း မင်းတို့မြို့လေးထဲမှာ ရေဘယ်လောက်ပဲကြီးကြီး ဒီစမ်းချောင်းရဲ့အမြင့်ဆုံးမြစ်ရေက သံချေးတက်နေတဲ့ ဓားထိပ်ဖျားကို လုံးဝမရောက်ခဲ့ဘူး…”
စုန့်ကျိရှင်းက သံသယဝင်စွာ ပြောလိုက်သည်။
“သံကြိုးရေတွင်းအနားမှာနေတဲ့ အဘိုးကြီးတွေက ရှေးဟောင်းသစ်ခါးပင်ကြီးအောက်မှာ ဒီအကြောင်းကို မကြာခဏ ပြောတတ်တယ်။ ဒီကိစ္စမှာ လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုခု ရှိနေလို့လား…”
ထိုလူက စမ်းချောင်း ထွက်ပေါ်လာသော တောင်တန်းများရှိရာကို လက်ညှိုးထိုးပြလိုက်သည်။ သူက အပြုံးနှင့် ပြောလိုက်၏။
“တောင်တန်းတွေထဲမှာ မြွေတွေရဲ့ကိုယ်ပိုင်လမ်းကြောင်း ရှိတယ်။ အိမ်တွေထဲမှာ ကြွက်တွေရဲ့ ကိုယ်ပိုင်လမ်းကြောင်းရှိတယ်။ မြစ်တွေ၊ စမ်းချောင်းတွေထဲမှာလည်း နဂါးတွေရဲ့ ကိုယ်ပိုင်လမ်းကြောင်းရှိကြတယ်…”
ထိုလူက လက်ကို ပြန်ရုတ်သိမ်းလိုက်ပြီး စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။
“အမှန်အတိုင်း ပြောရရင်တော့ တာ့လီအင်ပါယာထဲက တခြားနေရာတွေမှာလည်းတံတားအောက်မှာ ဓားချိတ်ထားတဲ့ အလေ့အထတွေ အများကြီးရှိတယ်။ ကြေးနီဓား၊ မက်မွန်သစ်သားဓား၊ အဆောင်ဓားတွေအားလုံးက မြစ်ထဲကို နဂါးတွေ၊မြွေတွေ ဝင်မလာအောင် တားဆီးပေးထားတာ။ သူတို့က ဒုတိယအကြိမ်တော့ မတားဆီးနိုင်ကြဘူး။ မှော်ဓားတွေ ချိတ်ထားတဲ့ လူအများစုရဲ့ကျင့်ကြံမှုက နိမ့်ကျတယ်။ သူတို့က မြစ်ရေရဲ့အစွမ်းကို တစ်ကြိမ်တောင် မခံနိုင်ကြဘူး။ အဲဒီအစား သူတို့က ရေထဲမှာ ရှိနေတဲ့ နဂါးတွေကိုပဲ စိတ်ရှုပ်သွားအောင် လုပ်နိုင်တယ်လေ။ ဒါကြောင့် ရေကြီးပြီးသွားရင် တံတားက ပြိုမကျရင်တောင် ဓားကတော့ ခြေရာလက်ရာမရှိ ပျောက်ကွယ်သွားခဲ့တာပဲ။ ဒီနေရာမှာရှိတဲ့ ဓားတစ်ချောင်းတည်းပဲ...”
ထိုလူက လမ်းတစ်ဝက်တွင် စကားကို ထပ်မပြောဘဲ ရပ်လိုက်သည်။ စုန့်ကျိရှင်းကတော့ ပြန်မမေးခဲ့ပေ။
ထိုလူက သက်ပြင်းချပြီးပြောလိုက်၏။
“ဒီဓားတစ်ချောင်းတည်းပဲ ကျန်နေခဲ့တယ်။ သူ့ကို တံတားအောက်မှာ ချိတ်ထားတဲ့နေ့ကစပြီး နဂါးတွေကို ဖိနှိပ်ဖို့အတွက် သုံးခဲ့တာမဟုတ်ဘူး။ အဲဒီအစား သံကြိုးရေတွင်းရဲ့ထွက်ပေါက်ကို ဖိနှိပ်ဖို့အတွက် သူတော်စင်တွေ အသုံးပြုခဲ့တဲ့အရာပဲ။ အဲဒီထွက်ပေါက်ဆိုတာက တံတားအောက်မှာရှိတဲ့ ရေကန်ကြီးကို ပြောတာ။ အဲဒါက နဂါးချီစွမ်းအားတွေ မြန်မြန်ဆန်ဆန် ပျောက်ကွယ်မသွားအောင် တားဆီးပေးနိုင်တယ်။ ဒါဆိုရင် ဒီကမ္ဘာလေးက ပွင့်ထွက်သွားတာကိုလည်း ကာကွယ်ပေးနိုင်တယ်…”
စုန့်ကျိရှင်းက ခေါင်းငုံ့ပြီး မေးလိုက်သည်။
“ဒါဆိုရင် ဒီကမ္ဘာကြီးထဲမှာရှိတဲ့ နောက်ဆုံးနဂါးက သေသွားတာလား၊ မသေသေးတာလား…”
စုန့်ချန်ကျင့်က အပြုံးနှင့်ပြောလိုက်၏။
“လွန်ခဲ့တဲ့နှစ်ပေါင်း(၃၀၀၀)လောက်က နဂါးသတ်တဲ့ တိုက်ပွဲထဲမှာ မရေမတွက်နိုင်တဲ့ ချီကျင့်ကြံသူတွေ သေဆုံးသွားခဲ့တယ်။ ဘာသာကြီး(၃)မျိုးမှာရှိတဲ့ သူတော်စင်တွေနဲ့ အတွေးတစ်ရာကျောင်းက သိုင်းသခင်တွေတောင် သေသွားကြရတယ်။ ကောင်လေး.. သူတို့ရဲ့ခေါင်းမှာ အပေါက်တွေ ဖြစ်သွားတဲ့ မြင်ကွင်းမျိုးကို မြင်ယောင်ကြည့်လိုက်စမ်း။ သူတော်စင်တွေအားလုံးက အချိန်အကြာကြီး အချည်းနှီး ရှင်သန်နေခဲ့ကြတာလား။ သူတို့က နောက်ဆုံးနဂါးကို တမင်တကာ ချန်ခဲ့ပြီး သာမန်ပန်းပွင့်လေးတစ်ပွင့်၊ ငှက်တစ်ကောင်၊ ငါးတစ်ကောင် ဒါမှမဟုတ် ပိုးကောင်တစ်ကောင်လို မွေးမြူထားမှာလား..”
စုန့်ကျိရှင်းက ပြန်ဖြေလိုက်သည်။
“သူတို့က နဂါးကို လုံးဝမသတ်နိုင်တာလည်း ဖြစ်နိုင်တာပဲလေ။ သူတို့က အချိန်ဆွဲတဲ့ နည်းလမ်းတွေကိုပဲ အသုံးပြုနိုင်တာပဲ။ လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာတုန်းက သူတော်စင်တွေရဲ့ရည်ရွယ်ချက်တွေ၊ အစီအစဉ်တွေကို ကျွန်တော် မသိပေမဲ့ အစစ်အမှန်နဂါးက သေချာပေါက်မရိုးရှင်းဘူးလို့ ခန့်မှန်းမိတယ်…”
ထိုလူက ခေါင်းခါပြီး ခေါင်းညိတ်ပြလိုက်သည်။
“မင်းပြောတာ တစ်ဝက်တော့ မှန်တယ်။ အစစ်အမှန်နဂါးကတော့ သေသွားပြီ။ သူ့ရဲ့အစစ်အမှန် အငွေ့အသက်တွေနဲ့ အမှတ်အသားတွေအတွက်တော့ မရိုးရှင်းဘူးဆိုတဲ့ စကားလုံးကလည်း မလုံလောက်သေးဘူး…”
စုန့်ကျိရှင်းက တစုံတစ်ခု ပြောချင်နေသော်လည်း ရပ်တန့်လိုက်သည်။
“အကျဉ်းချုပ်ပြောရမယ်ဆိုရင်တော့ တာ့လီအင်ပါယာရဲ့အစီအစဉ်တွေ ကြိုးစားအားထုတ်မှုတွေက ပြဿနာတွေ ဖန်တီးဖို့နဲ့ အနာဂတ်မှာ တောင်ပိုင်းကို ချဲ့ထွင်နိုင်ဖို့ပဲ…”
ထိုလူက ဦးဆောင်ပြီး လှေကားပေါ်သို့လျှောက်သွားခဲ့သည်။သူက ဖြည်းညင်းစွာ ပြောလိုက်၏။
“လွန်ခဲ့တဲ့နှစ်ပေါင်း(၃၀၀၀)လောက်မှာ သူတော်စင်တွေက ဘာကြောင့်နဂါးကို သတ်လိုက်တယ်ဆိုတာ မင်းက ငါ့ကိုမေးမယ်ဆိုရင်တော့ ငါ ပြန်မဖြေနိုင်ဘူး။ ဒါပေမဲ့ ဘာကြောင့် ငါက မင်းကို ဒီမှာထားခဲ့လဲဆိုတာနဲ့ ဘာကြောင့် မင်းက တာ့လီအင်ပါယာရဲ့ မင်းသားတစ်ယောက် ဖြစ်နေလဲဆိုတာ မေးချင်တယ်ဆိုရင်တော့ ငါ မင်းကို အမှန်အတိုင်း ပြောပြပေးနိုင်တယ်…”
စုန့်ကျိရှင်းက ခေါင်းငုံ့နေခဲ့သည့်အတွက် သူ၏မျက်နှာအမူအယာကို ရှင်းရှင်းလင်းလင်းမမြင်ရပေ။ ထိုလူငယ်လေးက မမေးခဲ့သည့်အတွက် ထိုလူကလည်း ပြန်မပြောခဲ့ပေ။ သူတို့က အပေါ်ဆုံးလှေကားထစ်သို့ ရောက်လာသည့်အချိန်တွင် သူက မြို့ငယ်လေးရှိရာကို လှည့်ကြည့်လိုက်သည်။
“နောက်ပိုင်းမှာတော့ မင်းက ပိုပြီးတော့ သဘောထားကြီးဖို့လိုတယ်။ မင်းက လျှိုရှန်းယန်နဲ့ တိုက်ခိုက်ပြီး သိက္ခာမကျစေနဲ့။ မင်းက သူ့ကိုသတ်ချင်နေတာလား…”
စုန့်ကျိရှင်းက လှေကားထစ်၏အပေါ်ဆုံးတွင် ထိုင်လိုက်ပြီး မြောက်ဘက်ကို ငေးကြည့်နေခဲ့၏။ သူကတော့ လုံးဝမသက်ဆိုင်သော မေးခွန်းတစ်ခုကို မေးလိုက်သည်။
“ကျွန်တော်တို့ တာ့လီအင်ပါယာက အရှေ့ပိုင်းကုန်းမြေကြီးရဲ့ မြောက်ပိုင်းအစွန်မှာ ရှိနေတာလား…”
စုန့်ချန်ကျင့်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“ဟုတ်တယ်။ ငါတို့တွေက နှစ်ပေါင်း(၁၀၀၀)လောက်နီးပါး မြောက်ပိုင်းလူရိုင်းတွေအဖြစ် သတ်မှတ်ခံခဲ့ရတယ်။ အခုတော့ ငါတို့က လုံလောက်အောင် အစွမ်းထက်လာတဲ့အတွက် လေးစားမှုတွေ ရနေပါပြီ…”
စုန့်ကျိရှင်းက ခေါင်းငုံ့နေသေးပြီး သူ၏မျက်လုံးများက ဝင်းလက်တောက်ပနေခဲ့သည်။
စုန့်ချန်ကျင့်က တည်ငြိမ်စွာ ပြောလိုက်၏။
“မင်း မြို့တော်ကို ရောက်တဲ့အချိန်ကျရင် ရှို့ဟူလို့ နာမည်ရှိတဲ့ လူတစ်ယောက်ကို ဂရုစိုက်ပါ…”
စုန့်ကျိရှင်းက ရှုပ်ထွေးသွားခဲ့၏။
စုန့်ချန်ကျင့်က အပြုံးနှင့် ပြောလိုက်သည်။
“အခုတော့ သူက ငါတို့တာ့လီရဲ့ တော်ဝင်နန်းဆရာတစ်ယောက်ပဲ။ သူက မင်းအစ်ကိုရဲ့ဆရာလည်း ဖြစ်နေတယ်။ ငါတို့တာ့လီကို တိုင်းပြည်(၇၀)နဲ့ မြို့ပေါင်း(၈၀၀)ကနေ စပြီးတော့ တည်ထောင်လာခဲ့တာ။ အဲဒီအခြေအနေကနေ လက်ရှိအချိန်ထိ နှစ်ပေါင်း(၅၀)အတောအတွင်း တိုင်းပြည်ပေါင်း(၁၄၀)နဲ့ မြို့ပေါင်း(၁၅၀၀)ထိ ရှိလာတယ်ဆိုတာ သူ့ရဲ့စွမ်းဆောင်ရည်တစ်ဝက်ပါတယ်..”
စုန့်ကျိရှင်းက ခေါင်းမော့ပြီး ပြောလိုက်သည်။
“သူက…”
ထိုလူက ပြုံးလိုက်၏။
“ကလေး …မင်းထင်တာမှန်တယ်…”
ထိုလူကလည်း လှေကားပေါ်တွင် ထိုင်လိုက်ပြီး လက်နှစ်ဖက်ကို ဒူးပေါ်သို့တင်၍ အဝေးကို ကြည့်နေခဲ့သည်။ တဖက်လူ၏ အကျိုးဆောင်မှုက တာ့လီအင်ပါယာ ချဲ့ထွင်မှုတွင် အလွန်သိသာထင်ရှားပြီး သူ့ထက်ပင် ပို၍အရေးပါနေခဲ့သည်။
လက်ရှိအချိန်တွင် စုန့်ကျိရှင်း၏ခန္ဓာကိုယ်တစ်ဝက်က တုန်လှုပ်နေပြီး သူ၏သွေးကြောများက ထုံကျင်နေခဲ့၏။ သူတို့(၂)ယောက်က တိတ်ဆိတ်နေခဲ့သည်။
အချိန်တော်တော်ကြာပြီးနောက် စုန့်ကျိရှင်းက ရုတ်တရက်ပြောလိုက်၏။
“ဦးလေး …
ကျွန်တော်က လျှိုရှန်းယန်ကို သတ်ချင်နေတဲ့အပြင် သူ့ကိုသတ်ဖို့ နဂါးအိုမြို့က ဖူနန်းဟွာနဲ့ အပေးအယူလုပ်ဖို့တောင် စဉ်းစားခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ရင်ထဲမှာတော့ သူ့ကို ကျွန်တော်နဲ့ အဆင့်တူလို့ လုံးဝမခံစားခဲ့ရဘူး။ ကျွန်တော်က သူ့ကို သတ်ချင်နေတယ်ဆိုတာ သူ့ကိုသတ်ဖို့အတွက် ဘာတန်ဖိုးမှ ကြီးကြီးမားမား မပေးရဘူးလို့ ခံစားနေရလို့ပဲ..”
စုန့်ချန်ကျင့်က အနည်းငယ် စိတ်ဝင်စားသွားခဲ့၏။
“ဒါဆိုရင် မင်းရဲ့ရင်ထဲမှာ နောက်ထပ် အဖုအထစ်တစ်ခု ရှိနေသေးတာလား..”
ထိုလူငယ်က လည်ပင်းကို ကိုင်ကြည့်လိုက်ပြီး စကားတစ်ခွန်းမျှပြန်မပြောခဲ့ပေ။
……….
ညလယ်ခေါင်တွင် အရာအားလုံးက တိတ်ဆိတ်နေခဲ့သည်။ သို့သော် မြို့ငယ်လေး၏ လမ်းမပေါ်တွင် လမ်းလျှောက်နေသော လူတစ်ယောက် ရှိနေ၏။ သူမက ပိန်ပိန်သွယ်သွယ်နှင့် အဝတ်အစားများက ပါးလွှာသည်။
သူမက တရုတ်ဇီးသီးပွင့်လမ်းကြားထဲတွင် ရှိနေသော သံကြိုးရေကန်ကို ဖြတ်လျှောက်သွားသည့် အချိန်တွင် အံကြိတ်လိုက်၏။ သူမက အထိမ်းအမှတ် အဆောက်အဦးကို ဖြတ်ကျော်သွားသည့် အချိန်တွင်လည်း ကျောက်တုံးတစ်တုံးကို ခြေထောက်နှင့် ကန်လိုက်သည်။
နောက်ဆုံးတွင်တော့ သူမက ရှေးဟောင်းသစ်ခါးပင်ကြီးဆီကို ရောက်လာခဲ့၏။ အဘိုးအို၏စကားအရ ထိုသစ်ပင်ကြီးက အချိန်တော်တော်ကြာ အသက်ရှင်နေခဲ့ပြီး သစ်ကိုင်းများ မည်မျှပြုတ်ကျလာစေကာမူ လူကိုတော့ လုံးဝမထိခဲ့ချေ။ ထိုသစ်ပင်ကြီးတွင် ဝိညာဉ်သဘာဝရှိနေသလို ထင်မှတ်ရသည်။
မိန်းမပျိုက သစ်ပင်ကြီးအောက်ကို ရောက်လာခဲ့သည်။ သူမကတော့ ထိုစကားများကို အတော်လေး အထင်သေးနေခဲ့၏။ သူမက သူမ၏သခင်လေးဆီမှ ငှားထားသော ရှေးဟောင်းစာအုပ်ကြီးကို ဖွင့်လိုက်ပြီး ရုပ်ပုံများကို စတင်ရှာဖွေနေခဲ့သည်။ သူမက တိုက်ပွဲထဲကို ရောက်နေသော စစ်သူကြီးတစ်ယောက်ကဲ့သို့ နာမည်များကို တစ်ခုပြီးတစ်ခု အော်ခေါ်နေခဲ့သည်။
သူမက အနည်းငယ်ရေဆာလာသည့်အချိန်တွင် ရပ်လိုက်သည်။ လက်တစ်ဖက်တွင် စုန့်ကျိရှင်း၏ ရာစုနှစ်မှတ်တမ်းဟူသော စာအုပ်ကိုကိုင်ထားပြီး တခြားလက်တစ်ဖက်တွင်တော့ ရှေးဟောင်းသစ်ခါးပင်ကြီးကို လက်ညှိုးထိုး၍ ကြိမ်းမောင်းပြောဆိုလိုက်သည်။
“ကျွန်မက ရှင်တို့တွေကို မျက်နှာသာ ပေးနေတာ။ ရှင်တို့က မလိုချင်ဘူးလား…”
တိတ်ဆိတ်နေပြီး ပြန်ဖြေသံ မရှိခဲ့ပေ။ မိန်းမပျိုက ချက်ချင်းပင် ခြေဆောင့်၍ ကြိမ်းမောင်းလိုက်ပြန်၏။
“မျိုးရိုးကြီး(၄)ခုနဲ့ ကလန်(၁၀)ခု။ မျိုးရိုး(၄)ခုနဲ့ပဲ စကြတာပေါ့။ လု၊လီ၊ကျိုး၊စုန့်.. ရှင်တို့မျိုးရိုး(၄)ခုက အခြေအနေကို နားလည်နေတာပဲ။ မြန်မြန်လှုပ်ရှားလိုက်တော့။ မျိုးရိုးနာမည်တစ်ခုဆီက အနည်းဆုံး သစ်ရွက်(၃)ရွက် ပေးရမယ်။ မဟုတ်ရင် ကျွန်မ ဝမ်ကျူးက ဒီဘဝမှာ ရှင်တို့ကို လုံးဝအလွတ်မပေးဘူး။ ကျွန်မ အပြင်ကို ရောက်လာရင် ရှင်တို့တွေကို တစ်ယောက်ချင်းဆီ ဖြေရှင်းမယ်။ ရှင်တို့က ငယ်တာပဲဖြစ်ဖြစ်၊ အစွမ်းထက်တာပဲဖြစ်ဖြစ်၊ ကလေးပဲဖြစ်ဖြစ်၊ မိန်းမပဲဖြစ်ဖြစ် ကျွန်မ ဂရုမစိုက်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ရှင်တို့က ကျေးဇူးမသိတတ်တဲ့ လူအိုကြီးတွေပဲ။ ရှင်တို့က ဘာလို့ဒီလောက်တောင် ကျေးဇူးမသိတတ်ရတာလဲ….”
မိန်းမပျိုက အော်ဟစ်ကြိမ်းမောင်းနေခဲ့သည်။ သူမက ခါးထောက်ပြီး ပြောဆိုနေခြင်းဖြစ်၏။
“စုန့်မျိုးရိုး ….
ရှင်တို့က တာ့လီအင်ပါယာထဲမှာ အကြီးမားဆုံး အကျိုးဆောင်ပေးခဲ့တယ်။ ရှင်တို့ရဲ့ မျိုးရိုးနာမည်က ဘယ်လိုရလာတာလဲ မသိတော့ဘူးလား။ ရှင်တို့က ကျွန်မကို ငတုံးတစ်ယောက်လို့ သတ်မှတ်ထားတာလား။ ယုံချင်ယုံ၊မယုံချင်နေ ကျွန်မအပြင်ကို ထွက်လာရင် တာ့လီအင်ပါယာထဲမှာ စုန့်မျိုးရိုးဆိုတာ မရှိတော့ဘဲ လုမျိုးရိုးနဲ့ကျိုးမျိုးရိုးပဲ ရှိလာအောင် လုပ်လို့ရတယ်။ မိသားစုကြီး(၁၀)ခုက တစ်ခုကို သစ်ခါးပင်သစ်ရွက်(၂)စီ ပေးရလိမ့်မယ်။ သာမန်မျိုးရိုးတွေကတော့ အနည်းဆုံး တစ်ရွက်ပေးရမယ်။ တကယ်လို့တစ်ယောက်ယောက်က အလောင်းအစားလုပ်ရဲတဲ့ သတ္တိရှိတယ် ဆိုရင်တော့ ပိုပြီးတော့ကောင်းတယ်လေ။ ကျွန်မက နောက်ပိုင်း ရှင်တို့ကို ငွေကြေးတွေ အများကြီးရအောင် ဖန်တီးပေးနိုင်တယ်…”
“မိသားစုကြီး(၁၀)ခုထဲက ချောင်မိသားစု။ ဟုတ်တယ်။ ချောင်မိသားစုက အဲဒီခွေးကောင် ချောင်ရှီးကို မွေးထုတ်နိုင်ခဲ့တယ်။ အရင်တုန်းကတော့ အဲဒီခွေးကောင်က ရွံစရာကောင်းတဲ့အရာတွေ ဘာမှမလုပ်ခဲ့ပါဘူး။ ခုတော့ သူ့ခေါင်းထဲမှာ မကောင်းတဲ့နည်းလမ်းတွေ ပြည့်နေတယ်။ သစ်ရွက်(၂)ရွက်အပြင် ရှင်တို့က ကျွန်မကို လျော်ကြေးတစ်ခုလည်း ထပ်ပေးဖို့လိုတယ်။ မဟုတ်ရင် ကျွန်မ ဝမ်ကျူးက အပြင်ကို ထွက်လာပြီးရင် ချောင်ရှီးကို သတ်ပစ်မယ်။ သူက ရေတွင်းထဲကိုများ သေးပေါက်ချရဲသေးတယ်။ ဒီလိုကောက်ကျစ်တဲ့လူတစ်ယောက်က တိုင်းပြည်တစ်ပြည်ရဲ့ဘုရင် ဘယ်လိုများ ဖြစ်လာခဲ့တာလဲ။ ပြီးတော့ ရှဲ့မိသားစု၊ ရှင်တို့မိသားစုက ရှဲ့ရှီလို့ ခေါ်တဲ့လူတစ်ယောက်ကို မွေးထားတယ် မဟုတ်လား။ ဟုတ်တယ်။ ကျွန်မက သူနဲ့ရှင်းနီးမှုတချို့ရှိတယ်။ တကယ်လို့ ကျွန်မကြောင့်သာ မဟုတ်ရင် သူက ရေထဲမှာ မျောပါသွားလောက်ပြီ။ ဒါကြောင့် ရှင်တို့က ကျွန်မကို သစ်ရွက်တစ်ရွက် ထပ်မပေးဘူးဆိုရင် အဆင်မပြေနိုင်ဘူး…”
အဝေးတွင်တော့ ချီကျင့်ချွန်က စကားတစ်ခွန်းမျှမပြောဘဲ သစ်ခါးပင်ကြီးအောက်က မြင်ကွင်းကို တိတ်တဆိတ်ကြည့်နေခဲ့သည်။ သူက စည်းကမ်းတင်းကျပ်သည့် အဖေတစ်ယောက်ကဲ့သို့ မသက်မသာ ခံစားနေရ၏။ သူ့ကလေးကတော့ အသက်ကြီးလာလေလေ ပို၍ရိုင်းစိုင်းလာလေ ဖြစ်ကြောင်း မြင်လိုက်ရသည့် အချိန်တွင် သူလည်း မသက်မသာ ခံစားလာရသည်။
သို့သော် ထိုမိန်းမပျိုက စာအုပ်ကို ဆက်တိုက်လှန်နေပြီး သစ်ကိုင်းများပေါ်မှ သစ်ရွက်များ ဆက်တိုက်ကျလာနေသည်ကို မြင်လိုက်ရသည့်အခါ ချီကျင့်ချွန်က အနည်းငယ် ကျေးဇူးတင်သလို ခံစားလိုက်ရသည်။
စကားလုံး(၁၀၀၀)ကျော် ကြားလိုက်ရပြီး နောက်ဆုံးတွင်တော့ ချီကျင့်ချွန်က တီးတိုးရေရွတ်လိုက်သည်။
“မင်းအိမ်ကနေ ထွက်သွားပြီးရင် ကောင်းကောင်းနေမှရမယ်..”
မိန်းမပျိုက တစုံတစ်ခုကို ခံစားမိလိုက်သည့်အတွက် ပြန်လှည့်ကြည့်လိုက်သည်။ သို့သော် လူတစ်ယောက်မျှမရှိချေ။ ထိုမိန်းမပျိုက စိတ်ပျက်ပြီး ဒေါသထွက်သွားခဲ့၏။ သူမက ခေါင်းခါလိုက်ပြီး ထိုအရာကို စဉ်းစားမနေတော့ဘဲ ရှေးဟောင်းသစ်ခါးပင်ကြီးကိုသာ ဆက်လက်၍ ကြိမ်းမောင်းနေခဲ့၏။