အခန်း (၄၀)
Vol. 3 Ch. 40
ချန်းပင်အန်းက ခြင်းတောင်းကို ကမ်းစပ်သို့ သယ်ဆောင်သွားပြီးနောက် ကျောက်တုံးပြာ ကမ်းပါးဆီသို့ လျှောက်လာခဲ့သည်။သူက ထင်ယောင်ထင်မှား ဖြစ်နေခြင်း ဟုတ်မဟုတ် သေချာမသိသော်လည်း စမ်းချောင်းထဲတွင် ရှိနေသော ရေက အနည်းငယ် လျော့ကျသွားသလို ခံစားလိုက်ရသည်။
သူက ကျောက်တုံးပြာကမ်းပါးဆီသို့ ချဉ်းကပ်လာခဲ့သည့်အချိန်တွင် ရုတ်တရက် ရပ်လိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် ထိုနေရာတွင် လူပေါင်းများစွာ ရပ်နေကြောင်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရခြင်းကြောင့် ဖြစ်၏။
လူတိုင်း၏မျက်နှာကိုလည်း မြင်နေရသည်။ အကြောင်းပြချက်က တလက်လက် တောက်ပနေသော ကြယ်များကြောင့် မဟုတ်ပေ။ ကျောက်တုံးပြာ ကမ်းပါးပေါ်တွင် ရပ်နေသော အဖြူရောင်သမင်လေး တစ်ကောင်ကြောင့် ဖြစ်သည်။ ထိုသမင်လေး၏ ခန္ဓာကိုယ်တစ်ခုလုံးက ကြည်လင်ပြီး တလက်လက် တောက်ပနေ၏။
ထိုသမင်လေးဆီမှ အဖြူရောင်အလင်းတန်းလေးများ ထွက်ပေါ်လာနေသည်မှာ စမ်းချောင်းလေးထဲတွင် ရှိနေသော ရေမှော်ပင်များ လှုပ်ရှားနေသလို ဖြစ်သည်။ အဖြူရောင်သမင်လေးက ခေါင်းငုံ့ထားပြီး အနီရောင် အပေါ်ထပ် အင်္ကျီ ဝတ်ဆင်ထားသည့် ကလေးမလေး တစ်ယောက်က သမင်ခေါင်းပေါ်တွင် မတ်တပ်ရပ်၍ ဦးချို (၂) ချောင်းကို ကိုင်ထားခဲ့သည်။
ထိုသမင်၏ဘေးတွင်တော့ တာအိုသခင်ဝတ်စုံများ ဝတ်ဆင်ထားကြသော လူငယ်တစ်ယောက်နှင့် မိန်းမပျိုတစ်ယောက် ရှိသည်။ အဖြူရောင်သမင်လေးဆီမှ ထွက်ပေါ်လာသော အလင်းတန်းများကြောင့် ထိုလူငယ်နှင့် မိန်းမပျို၏ အသားအရေက ဖြူဝင်းတောက်ပနေပြီး သလင်းကျောက်များကဲ့သို့ ကြည်လင်နေခဲ့သည်။
ဥပမာအနေနှင့် ပြောရလျှင် မြို့ငယ်လေးထဲမှ လူများက ရွှံ့နှင့် ဖန်တီးထားသောလူများ ဖြစ်နေမည်ဆိုလျှင် လူစိမ်းတာအိုသခင် (၂) ယောက်ကတော့ သန့်စင်သော ကြွေထည်ပစ္စည်းများကဲ့သို့ ဖြစ်သည်။ သူတို့က လုံးဝမတူညီသော အရာများကဲ့သို့ ဖြစ်နေကြ၏။
တာအိုသခင်ဝတ်စုံ ဝတ်ထားသော ထိုလူငယ်နှင့် မိန်းမပျိုတို့က တာအိုသခင်လုနှင့် အနည်းငယ် ဆင်တူနေသည်။ သို့သော် ကွဲပြားမှုများစွာ ရှိနေခဲ့၏။ သူတို့၏ ခေါင်းပေါ်တွင် ရှိနေသော ဆံထိုးက အကွဲပြားဆုံး ဖြစ်သည်။ တာအိုသခင်လုဆီတွင် ကြာပန်းဆံထိုးရှိနေပြီး ထို(၂) ယောက်၏ ခေါင်းပေါ်တွင် ရှိနေသော ဆံထိုးကတော့ ငါးအမြှီးတစ်ကောင်ကဲ့သို့ ပုံသဏ္ဍာန် ဖြစ်သည်။
မြက်ဖိနပ်နှင့် လူငယ်လေးကတော့ သူတို့ကို မှင်တက်စွာ ကြည့်နေမိခဲ့၏။ အဖြူရောင်သမင်၏ဘေးတွင် ရပ်နေသော လူငယ်နှင့် မိန်းမပျိုက အင်မော်တယ်ရုပ်တုထဲမှ ထွက်လာသည့် လူများကဲ့သို့ ခံစားနေရသည်။ သူတို့က အချိန်မရွေး ပျံသန်းသွားနိုင်ပြီး ကြယ်များ လများကိုပင် ဆွတ်ခူးနိုင်သလို ထင်မှတ်ရသည်။
တခြား (၂) ယောက်ကတော့ အနည်းငယ် ခပ်လှမ်းလှမ်းတွင် ရပ်နေကြသည်။ ချန်းပင်အန်းက သူတို့ထဲမှ တစ်ယောက်ကို သိနေ၏။ သူမကတော့ ပန်းပဲဆရာရွမ်၏သမီး ဖြစ်သည်။
ယခုတစ်ကြိမ်တော့ အစိမ်းဝတ်မိန်းမပျိုက စားစရာ အိတ်တစ်အိတ်ကို ယူမလာခဲ့ပေ။ သူမက လက်တစ်ဖက်တွင် ပန်းထိုးအိတ်လေးတစ်လုံးကို ကိုင်ထားပြီး ထိုအထဲတွင်တော့ အနည်းငယ် ထူးခြားသော စားစရာအနည်းငယ်သာ ရှိနေ၏။
ထိုမိန်းမပျိုက ခေါင်းငုံ့ပြီး တွေဝေနေပုံရသည်။ သူမက မည်သည့်နေရာမှ စတင်ရမှန်း မသိခဲ့ပေ။ သူမ၏အနားတွင် ရှိနေသူကတော့ အသက် (၃၀) ဝန်းကျင်ခန့် ရှိသည်။ သူ၏နောက်ကျောတွင် ဓားရှည်တစ်လက် လွယ်ထားပြီး သူ၏ခါးတွင်တော့ ထူးဆန်းသော အဆောင်တစ်ခု ရှိ၏။
ချန်းပင်အန်း သူတို့ကို မြင်လိုက်ရသည့်အချိန်တွင် လူတိုင်းကတော့ ရုတ်တရက် ရောက်လာသော မြက်ဖိနပ်နှင့် လူငယ်လေးကို သတိထားမိကြသည်။ တာအိုမိန်းမပျိုက အနည်းငယ် အံ့သြသွားခဲ့၏။ သူမက အနီရောင် အပေါ်ထပ် ဝတ်ထားသော ကလေးမလေး၏ ခေါင်းကိုပွတ်လိုက်ပြီး ချန်းပင်အန်းရှိရာကို လက်ညှိုးထိုး၍ တီးတိုးပြောလိုက်သည်။
ကလေးမလေးက သူမ၏စကားကို နားထောင်နေခဲ့၏။ သူမကလည်း မျက်လုံးဖွင့်ပြီး လှမ်းကြည့်လိုက်သည်။ ချန်းပင်အန်းကို မှတ်မိသွားပြီးနောက် သူမက တတွတ်တွတ် ပြောနေခဲ့၏။ သူမက တာအိုမိန်းမပျိုဆီသို့ ချန်းပင်အန်းအကြောင်း ရှင်းပြနေပုံရသည်။
ထိုအချိန်တွင် ချန်းပင်အန်းကလည်း အသက် (၈)နှစ် ၊ (၉) နှစ်အရွယ် ကလေးမလေးကို မှတ်မိသွားခဲ့၏။ သူ ပထမဆုံးတစ်ကြိမ် တွေ့ခဲ့သည်မှာ နဂါးမီးဖိုကြီးကို မသွားခင်က ဖြစ်သည်။
သူက ကျစ်ဆံမြီး(၂) ဖက် ရှိနေသော ထိုကလေးမလေးကို ရွှံ့ပုလင်းလမ်းကြားထဲတွင် တွေ့ခဲ့ဖူးသည်။ သူမက အလွန်ငယ်သလို အပြေးလည်း မြန်လှ၏။ ထိုအချိန်တွင် သူမ၏လက်ထဲ၌ စွန်တစ်ခုကို ကိုင်ထားသည်။ သူမ၏သေးသေးသွယ်သွယ် ခြေထောက်ကလေး (၂) ဖက်က လေလှိုင်းကဲ့သို့ ပြေးလွှားနိုင်သည်။
ချန်းပင်အန်းက သူမကို သေချာမှတ်မိနေခဲ့၏။ နောက်ပိုင်းတွင်တော့ သူမနှင့် မကြာမကြာ တွေ့ခဲ့ရသည်။ တစ်ကြိမ်တွင်တော့ ထိုကလေးမလေးက သံကြိုးရေတွင်း၏ အဝတွင် ထိုင်နေပြီး အတွင်းထဲကို ကျောက်တုံးများ ပစ်ချနေခဲ့သည်။
ချန်းပင်အန်းက သူမ၏လုပ်ရပ်ကို မတော်တဆ မြင်သွားခဲ့၏။ ကလေးမလေးက အလွန်ကြောက်လန့်သွားသည့်အတွက် အလျင်အမြန် ထွက်ပြေးသွားခဲ့သည်။ ခြေလှမ်း(၁၀) လှမ်းကျော် ထွက်ပြေးလိုက်ပြီးနောက် သူမက ရေတွင်းဘောင်ပေါ်တွင် တုတ်ထိုးသကြားလုံး ကျန်နေခဲ့ကြောင်း မှတ်မိသွားခဲ့သည်။
သူမက ထိုအရာကို မထားခဲ့နိုင်သည့်အတွက် သံကြိုးရေတွင်းဆီသို့ ပြန်လာခဲ့သည်။ ယခုတစ်ကြိမ်တော့ သူမက အလျင်လိုနေသည့်အတွက် မြေပေါ်သို့ လဲကျသွားခဲ့သည်။ မတ်တပ်ပြန်ထလိုက်ပြီးနောက် သူမက တုတ်ထိုးသကြားလုံးကို ယူလိုက်ပြီး ရုတ်တရက် ရပ်လိုက်သည်။
သူမက ပါးစပ်ဟလိုက်ပြီး နဲ့နေသော သွားကိုချွတ်၍ အိတ်ကပ်ထဲသို့ ထည့်လိုက်၏။ သူမက ငိုနေခဲ့ခြင်း မရှိသလို ပြဿနာရှာနေခြင်းလည်း မရှိချေ။ သူမက စကားတစ်ခွန်းမျှမပြောဘဲ ဆက်၍ ပြေးသွားခဲ့၏။
ထိုမြင်ကွင်းကြောင့် ချန်းပင်အန်းကပင် အံ့သြသွားခဲ့ရသည်။ နောက်ဆုံးတစ်ကြိမ် သူမကို တွေ့လိုက်ရသည်မှာတော့ ပေါင်းပင်များ ပြည့်နှက်နေသည့် ရွှံ့ရုပ်တုများ ရှိနေသည့် နေရာအပျက်ကြီးတွင် ဖြစ်သည်။ ထိုအချိန်က ဆောင်းရာသီနှောင်းပိုင်း ဖြစ်၏။
ချန်းပင်အန်းက နဂါးမီးဖိုကြီးမှ ပြန်ထွက်လာပြီး မြို့ငယ်လေးကို ပြန်ရောက်လာခဲ့သည်။ သူက လှည့်ပတ်သွားလာနေရင်း ပုရစ်ဖမ်းရန် အလုပ်ရှုပ်နေသော ထိုကလေးမလေးကို တွေ့လိုက်ရပြန်သည်။ သူမကတော့ မြက်တောထဲတွင် ခုန်လိုက်လှိမ့်လိုက်နှင့်ပုရစ်များကို လိုက်ဖမ်းနေခဲ့၏။
ချန်းပင်အန်းကို မြင်သည့်အချိန်တွင် သူမက မှတ်မိနေသည့်အတွက် လေလှိုင်းတစ်ခုပမာ အဝေးသို့ ထွက်ပြေးသွားခဲ့ပြန်သည်။ နောက်ပိုင်းတွင်တော့ ထိုကလေးမလေးက အုပ်ထိန်းသူမရှိသော ကလေးတစ်ယောက်ကဲ့သို့ ဖြစ်နေသော်လည်း သူမက ဖုလုလမ်းကြားထဲတွင် ရှိနေသော လီမိသားစုဝင် တစ်ယောက်ဖြစ်ကြောင်း ကုစန့်ပြောသည်ကို ကြားခဲ့ရသည်။
ထို့ပြင် သူမက အစေခံမိန်းကလေးတစ်ယောက် မဟုတ်ချေ။ ဘာကြောင့်မှန်း မသိသော်လည်း သူမက တစ်ယောက်တည်း လှည့်ပတ်သွားလာရခြင်းကို သဘောကျသည်။ သူမ၏မိသားစုကလည်း ဂရုမစိုက်ခဲ့ပေ။
နောက်ဆုံးတွင်တော့ ကုစန့်က သူမနှင့် ပတ်သက်ပြီး ပြောသည့်အချိန်မျိုးတွင် သူကတော့ အထင်သေးမှုများ ပြည့်နှက်နေခဲ့၏။ သူမက မြန်မြန်ပြေးနိုင်သော်လည်း ဉာဏ်တုံးကြောင်း ပြောခဲ့သည်။
သူတို့ (၂) ယောက်က စမ်းချောင်းထဲတွင် အတူတူ ငါးဖမ်းခဲ့ဖူး၏။ ထိုငတုံးမလေးကတော့ တစ်နေ့ခင်းလုံး အလုပ်များနေခဲ့ပြီး ဂဏန်းတစ်ကောင်သာ ဖမ်းမိခဲ့သည်။ သူမက ကျောက်ငါးတစ်ကောင်မှ ဖမ်းမိခဲ့ခြင်း မရှိချေ။ ထို့ပြင် သူမက ထိုဂဏန်းကြီးကို ဖမ်းမိခဲ့သည့် အကြောင်းအရင်းမှာလည်း ဂဏန်းလက်မက သူမ၏ လက်ချောင်းလေးများကို ညှပ်ထားခြင်းကြောင့် ဖြစ်သည်။
ကုစန့်က ထိုအရာကို ချန်းပင်အန်း၏ အခန်းထဲ၌ ပြောနေခဲ့သည့်အချိန်တွင် ဗိုက်ကို လက်နှင့်ဖိ၍ အားရပါးရ ရယ်နေခဲ့၏။ သူမက အမှန်တကယ်ကို ဉာဏ်တုံးကြောင်း သူက ပြောနေခဲ့သည်။ သူမက သူ့ကိုပြသရန်အတွက် လက်ကိုပင် တမင်တကာ မြှောက်ပြနေသေး၏။
ဂဏန်းတစ်ကောင်ကို ဖမ်းနိုင်သည်မှာ အံ့သြစရာကောင်းပုံရသည်။ အဓိကအချက်ကတော့ ထိုအချိန်တွင် သူမက ဂဏန်းလက်မ ညှပ်ထားမှုကြောင့် ငိုမဲ့မဲ့ပင် ဖြစ်သွားခဲ့၏။
လူငယ်တာအိုသခင်က သမင်ဖြူကိုကြည့်ပြီး တာအိုမိန်းမပျိုကို ပြုံးပြလိုက်သည်။
"ဆရာတူအစ်မဟယ် …
ကျွန်တော်က အစ်မကို ဂရုစိုက်ပြီး ပြဿနာမရှာဖို့ ပြောခဲ့ပါတယ်။ အခုတော့ (၁၀)ရက်တောင် မရှိသေးဘူး။ ပြီးတော့ ဒါက အယောင်ပြရုံသက်သက်ပဲလေ။ သူ့ရဲ့လွတ်လပ်ခွင့်ကို သက်ရောက်စေမှာမှ မဟုတ်တာ...။ ဒါပေမဲ့ အစ်မကတော့ နားမထောင်ခဲ့ဘူး။ အခုတော့ အစ်မကို သာမန်လူတစ်ယောက်က လက်ပူးလက်ကြပ်မိသွားပြီ။ ကျွန်တော်တို့က ဘာလုပ်သင့်လဲ…"
အလွန်လှပသော တာအိုမိန်းမပျိုက ကလေးမလေး၏စကားကို နားထောင်လိုက်ပြီးနောက် အပြုံးနှင့် ပြောလိုက်သည်။
"အရာအားလုံးကို သူ့သဘာဝအတိုင်းပဲ လွှတ်ထားလိုက်ပါ…"
လူငယ်တာအိုသခင်က မျက်မှောင်ကြုတ်လိုက်မိပြီး နောက်တစ်ကြိမ် လှည့်ကြည့်လိုက်သည်။ သူက သေသေချာချာ စိုက်ကြည့်နေခဲ့၏။
သူကတော့ ခြင်းတောင်း သယ်ဆောင်ထားသော မြက်ဖိနပ်နှင့် လူငယ်လေးဆီတွင် ထူးခြားမှုတစ်ခုမျှ မတွေ့ရပေ။ သူတို့၏ဂိုဏ်းက ဤကုန်းမြေကြီးထဲတွင် အကောင်းဆုံး မဟုတ်သော်လည်း အတော်လေး ကောင်းမွန်သည်ဟု ဆိုနိုင်သည်။ ထိုလူငယ်တာအိုသခင်က သူတို့ဂိုဏ်း၏ကိုယ်စား အောင်နိုင်ခြင်းပစ္စည်းကို ပြန်လည်ရယူရန် ရောက်လာခဲ့ခြင်း ဖြစ်သည့်အတွက် ဂိုဏ်း၏ရတနာကို လုံလုံခြုံခြုံနှင့် ပြန်ယူပေးသွားရန် တာဝန်ရှိသည်။
နောက်ပိုင်းတွင် သူက ဂိုဏ်းကို ကိုယ်စားပြုနိုင်မည် ဖြစ်၏။ သူ ကိုယ်တိုင်ကလည်း သာမန်လူတစ်ယောက် မဟုတ်ချေ။ ထိုကြောင့် လူငယ်လေးနှင့် ပတ်သက်ပြီး ထူးဆန်းသည့်အရာတစ်ခုမျှ မမြင်ရသည့်အချိန်တွင် သူက ထိုလူငယ်လေးကို ဂိုဏ်းထဲသို့ ခေါ်ရန် ဆန္ဒမရှိခဲ့ပေ။
လူငယ်တာအိုသခင်က လူ အကဲခတ် အလွန်ကျွမ်းကျင်သည့်အတွက် လူတစ်ယောက်ကို မှားယွင်းဆုံးဖြတ်မိမည်ဟု မတွေးမိခဲ့ပေ။ သူတို့၏ဂိုဏ်းက အရှေ့ပိုင်းကုန်းမြေကြီးထဲတွင် ရှိနေသော တာအိုဂိုဏ်း (၃) ခုထဲမှတစ်ခု ဖြစ်သည်။ ထို့ပြင် ထိုအရာက လမ်းမှန်ဂိုဏ်းများ၏ ခေါင်းဆောင်လည်း ဖြစ်သည်။ ထိုဂိုဏ်းက အလွန်အမင်းကို အဆင့်မြင့်လွန်းလှ၏။
ယခုတစ်ကြိမ် သူနှင့်ဆရာတူအစ်မဟယ်တို့က တောင်ပေါ်မှ အတူတူ ဆင်းလာခဲ့ကြသည်။ ဆုလာဘ်အနေနှင့် သူတို့တစ်ယောက်ဆီက သူတို့ဂိုဏ်းအတွက် တပည့်တစ်ယောက် ခေါ်လာရန် အဖိုးတန်အခွင့်အရေးတစ်ခု ရခဲ့ကြသည်။ ထိုတပည့်ကို သူတို့၏တပည့်အဖြစ်လည်း လက်ခံ၍ ရနေသေး၏။ ထို့ကြောင့် သူကတော့ အလွယ်တကူ မရွေးချင်ခဲ့ပေ။ သူက ထိုအရာကို အလေးအနက် သတ်မှတ်ထားခဲ့၏။
ဆရာတူအစ်မဟယ်က သူမ၏စိတ်ကို ပြန်လည်လေ့ကျင့်နေကြောင်း ဂိုဏ်းထဲတွင် ရှိနေသော လူတိုင်းက သိနေကြသည်။ ထိုကြောင့် သူမက ‘သဘာဝအတိုင်း ထားလိုက်ပါ’ဟု ပြောခဲ့သည့်အချိန်တွင် သူမက တပည့်တစ်ယောက်ကို လက်ခံရန် ဆန္ဒရှိနေသည်ဟု ပြောလိုက်ခြင်း ဖြစ်သည်။
သူနှင့် ဟယ်ရှောင်လျန့်တို့က အရှေ့ပိုင်းကုန်းမြေကြီး၏ ရွှေလူငယ်နှင့် ကျောက်စိမ်းမိန်းမပျိုအဖြစ် လူသိများသည်။ သူတို့က ကုန်းမြေကြီးပေါ်တွင် ရှိနေသော တာအိုဂိုဏ်းများထဲတွင် နာမည်ကျော်များ ဖြစ်ကြ၏။
သာမန်တိုင်းပြည်တစ်ခု၏ ဘုရင်များကပင် သူတို့နှင့် တွေ့သည့်အချိန်တိုင်း သူတို့ကို တလေးတစား ဆက်ဆံရမည် ဖြစ်သည်။ ထို့ပြင် လောကကျင့်ဝတ်အရ အရေးပါမှုကလည်း တိုင်းပြည်တစ်ပြည်၏ အင်မော်တယ်အရှင်သခင်များထက် နိမ့်ကျနေခြင်း မရှိချေ။
အဓိကအကြောင်းပြချက်ကလည်း သူတို့က ဤကုန်းမြေကြီးထဲတွင် အထက်ဘုံ (၅) ဆင့်ကို ရောက်ရှိရန် အခွင့်အရေး အမြင့်မားဆုံး ပါရမီရှင်များ ဖြစ်နေခြင်းကြောင့် ဖြစ်သည်။
တာအိုမိန်းမပျိုက ကလေးမလေး၏ လက်ကိုကိုင်ပြီး ကျောက်တုံးပြာကမ်းပါးအောက်သို့ ဆင်းသွားခဲ့သည့်အချိန်တွင် သမင်ဖြူကလည်း နောက်မှလိုက်သွားခဲ့သည်။
ထိုအချိန်တွင် လူငယ်တာအိုသခင်က နားမလည်နိုင်ဖြစ်နေသလို ခါးတွင် ကျားပုံစံအဆောင်တစ်ခုနှင့် နောက်ကျောတွင် ဓားရှည်တစ်လက် ရှိနေသော ပညာရှင်ကလည်း အံ့သြသွားပုံရသည်။
တာအိုမိန်းမပျိုက ဖြည်းညင်းစွာ လျှောက်လှမ်းသွားသည့်အချိန်တွင် ချန်းပင်အန်းကတော့ ခေါင်းကိုက်သွားသလို ခံစားလိုက်ရ၏။ ထိုလူငယ်က တခြားနေရာမှ ရောက်လာသော အင်မော်တယ်များနှင့် မပတ်သက်ချင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့၏ရိုးရှင်းသော ချစ်ခြင်း၊ မုန်းခြင်းကပင် သူ၏သေခြင်းရှင်ခြင်းကို ဆုံးဖြတ်နိုင်သည်။ ထို့ပြင် သူက လုံးဝကံမကောင်းကြောင်း ချန်းပင်အန်းက သိနေခဲ့၏။ ထို့ကြောင့် သူကတော့ ထိုလူများကို အပြစ်ပြုမိမှာ ပို၍ကြောက်လန့်နေခဲ့သည်။
သို့သော် ထိုအတွက်ကြောင့် ချန်းပင်အန်းက ထွက်မပြေးခဲ့ပေ။ တစ်ဖက်တွင်တော့ သူက ရှေ့ကို အနည်းငယ်ဆက်၍ လျှောက်သွားခဲ့သည်။ ထိုသို့ဆိုလျှင် တခြားသူများ၏ မျက်လုံးထဲတွင်တော့ သင့်တော်သည်ဟု သတ်မှတ်နိုင်သေးသည်။
သမင်ဖြူက ခြေလှမ်းကို အနည်းငယ် မြန်မြန်လျှောက်လှမ်းလာခဲ့၏။ သူက မြက်ဖိနပ်နှင့် လူငယ်လေးကို ပတ်လိုက်ပြီး ခေါင်းငုံ့၍ လူငယ်လေးကို ခေါင်းနှင့်ပွတ်ရန် ကြိုးစားလိုက်သည်။
ထို့နောက် သမင်ဖြူက သူ့သခင်၏ဘေးကို ပြန်ရောက်သွားခဲ့၏။ သူမက သမင်ဖြူ၏ နောက်ကျောကို ညင်သာစွာ ပွတ်ပေးလိုက်ရာ ထိုအရာက မြင်းတစ်ကောင်၏ ပုံသဏ္ဍာန် ပြောင်းလဲသွားသည်။ သမင်တစ်ကောင်ကို မြင်းတစ်ကောင်အဖြစ် အသုံးပြုနေခြင်း ဖြစ်၏။
တာအိုမိန်းမပျိုက ချန်းပင်အန်းကိုကြည့်ပြီး အပြုံးနှင့် တစ်စုံတစ်ခု ပြောလိုက်သည်။ ထို့နောက် သူမက ခေါင်းငုံ့ပြီး အနီရောင် အပေါ်ထပ်အင်္ကျီနှင့် ကလေးမလေးကို ကြည့်လိုက်၏။
ကလေးမလေးက သူတို့ ဘာသာစကားနှင့် ပြန်ပြောလိုက်သည်။
"နင်က ကံကောင်းမှုတွေပြည့်နေတဲ့ လူတစ်ယောက်လို့ အစ်မဟယ်က ပြောတယ်။ နင်နဲ့ သူက မိတ်ဆွေဖြစ်ဖို့ ရေစက်မရှိတာ ကံဆိုးသွားတာပဲတဲ့.."
လူငယ်က ပြန်ပြောစရာစကားလုံး မရှိခဲ့ပေ။ သူကတော့ ရိုင်းပြမှုမရှိဘဲ မည်သို့စကားပြောရမှန်း မသိခဲ့ပေ။ ခြင်းတောင်းတစ်ခုကို သယ်ဆောင်ပြီး မြက်ဖိနပ်စီး၍ ဘောင်းဘီကို လိပ်တင်ထားသော လူငယ်လေး၏ပုံစံက အနည်းငယ် ရယ်စရာကောင်းသည်။
တာအိုမိန်းမပျိုက အပြုံးနှင့် မေးလိုက်၏။
"မင်းက ဒီကျောက်တုံးတွေရဲ့ အသုံးဝင်မှုကို သိနေတာလား။ ချန်းပင်အန်း .. နင်က ဘာမှစိုးရိမ်စရာမလိုပါဘူး။ ငါက ဒီအတိုင်း မေးလိုက်ရုံပါပဲ…"
ကလေးမလေးက သူမ၏ရှင်းလင်းချက်ကို ပြောပြပေးလိုက်သည်။ သူမ၏စကားပြောသည့်အရှိန်က လျင်မြန်ပြီး စကားသံက ရှင်းနေခဲ့သည်။
ချန်းပင်အန်းက တွေဝေစွာ ခေါင်းညိတ်ပြလိုက်၏။
"ကျွန်တော်က စမ်းချောင်းကို မကြာခဏလာပြီး ကျောက်တုံးကောက် ၊ ငါးဖမ်းဖို့ တာအိုသခင်တစ်ယောက်က သတိပေးခဲ့ဖူးတယ်…"
ချန်းပင်အန်းက ထိုတာအိုမိန်းမပျိုအပေါ် ကောင်းမွန်သော ခံစားချက်များ ရှိနေလျှင်ပင် တာအိုသခင်လု၏နာမည်ကို ပြောမပြခဲ့ပေ။ ထို့ပြင် ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်နှင့် မြွေကျောက်တုံးများ၏ တန်ဖိုးကို ထောက်ပြခဲ့သောသူက နင်ယောင်သာ ဖြစ်သည်။
တာအိုမိန်းမပျိုက အပြုံးနှင့် ပြောလိုက်၏။
"မင်းက ငါတို့ရဲ့ဆရာဦးလေးငယ်လုကို သိနေတာလား…"
ချန်းပင်အန်းက အံ့သြသွားခဲ့သည်။
တာအိုမိန်းမပျိုက ပြုံးပြလိုက်ပြီး သူ့ကို အကြမ်းဖျင်း ရှင်းပြလိုက်၏။
"တိတိကျကျ ပြောရမယ်ဆိုရင်တော့ ဆရာဦးလေးငယ်လုက ငါတို့နဲ့ ဂိုဏ်းအတူတူ မဟုတ်ဘူး။ တာအိုသခင်လုက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာလောက်မှာ ငါတို့ဂိုဏ်းကို ရောက်လာပြီး ငါတို့ရဲ့ ဆရာဦးလေးတစ်ယောက်နဲ့ မိတ်ဆွေတွေ ဖြစ်သွားခဲ့ကြတယ်။ နှစ်ပေါင်းများစွာ ကြာတဲ့အချိန်မှာ ငါတို့လို အငယ်တွေကလည်း သူနဲ့ ရင်းနှီးလာပြီး သူ့ကို ဆရာဦးလေးငယ်လို့ ခေါ်နေကြတာ..."
ချန်းပင်အန်းက ပြုံးလိုက်ပြီး သတိထားနေခြင်း မရှိတော့ချေ။ မြက်ဖိနပ်နှင့် လူငယ်လေးက တာအိုသခင်လုကို အလွန်ကျေးဇူးတင်နေခဲ့၏။ သူကတော့ ဘဝတွင် လုံးဝမေ့သွားလိမ့်မည် မဟုတ်ချေ။ သူက တစ်စုံတစ်ခုကို သတိရသွားပြီး ခြင်းတောင်းကို ချထားလိုက်သည်။
ထို့နောက် သူ အလွန်သဘောကျနေသော ကျောက်တုံးတစ်တုံးကို ကောက်ယူလိုက်၏။ ထိုကျောက်တုံးက ကြက်ဥတစ်လုံးကဲ့သို့ ကြီးမားပြီး အစိမ်းရောင်ပေါက်၍ ရေခဲတုံးကဲ့သို့ ကြည်လင်နေခဲ့၏။ ထိုအရာက တခြားမြွေကျောက်တုံးများနှင့် လုံးဝကို ကွဲပြားနေခဲ့သည်။
သူက ထိုအရာကို တာအိုမိန်းမပျိုဆီသို့ပေးပြီး တောင်းဆိုလိုက်သည်။
"တာအိုသခင် …
တကယ်လို့ နောက်ပိုင်း တာအိုသခင်လုနဲ့ တွေ့ခဲ့မယ်ဆိုရင် ကျေးဇူးပြုပြီး ဒီကျောက်တုံးကို သူ့ဆီ ပေးလိုက်လို့ရမလား…"
ကလေးမလေး ရှင်းပြသည့်စကားကို နားထောင်လိုက်ပြီးနောက် သူမက ခဏကြာ စဉ်းစားပြီး ကျောက်တုံးကို ယူလိုက်သည်။ သူမက ဖြည်းညင်းစွာ ပြောလိုက်၏။
"ငါ ဒီကိုမလာခင် ဆရာဦးလေးငယ်နဲ့ တွေ့ခဲ့သေးတယ်။ သူက တာအိုဂိုဏ်းရဲ့ အရေးပါတဲ့ ပွဲတစ်ခုကို တက်ဖို့အတွက် တောင်ပိုင်းစမ်းချောင်းတိုင်းပြည်ကို သွားတယ်။ ငါတို့က နောက်တစ်ကြိမ် ဘယ်အချိန်ပြန်တွေ့ရမလဲဆိုတာ ပြောဖို့ခက်ပေမယ့် ဆရာဦးလေးငယ်လုကို တွေ့မယ်ဆိုရင်တော့ နင့်အတွက်ကူညီပြီး ဒါကို ပေးလိုက်ပါ့မယ်…"
ချန်းပင်အန်းက ကလေးမလေး၏စကားကို နားထောင်ပြီး ပြုံးပြလိုက်သည်။ သူက သဘောကောင်းသော တာအိုမိန်းမပျိုကို ကျေးဇူးတင်ကြောင်းပြော၍ ဦးညွှတ်လိုက်၏။ လူစိမ်းများနှင့် ပတ်သက်ပြီး ကောင်းခြင်းဆိုးခြင်းကိုတော့ လူငယ်လေးက သူ၏မသိစိတ်ကိုသာ အမြဲလိုလို ယုံကြည်နေခဲ့သည်။
ဥပမာအနေနှင့် ပြောရလျှင် ဖူနန်းဟွာ၊ ချိုက်ကျင်းကျန့်နှင့် တာအိုသခင်လု၊ မိန်းကလေးနင်တို့ ဖြစ်ကြသည်။ ချန်းပင်အန်းက နောက်ထပ် မြွေကျောက်တုံးတစ်တုံးကို ထုတ်ယူပြီး သူမကို ပေးလိုက်၏။
အရှေ့ပိုင်းကုန်းမြေကြီးပေါ်မှ လူငယ်မျိုးဆက်များထဲတွင် ထိုတာအိုမိန်းမပျိုက နံပါတ်(၁)အခွင့်အရေးဟု လူသိများသည်။ သူမက ထိုအရာကို ငြင်းဆန်ခဲ့ခြင်း မရှိဘဲ အပြုံးနှင့် လက်ခံလိုက်၏။ သူ့ကို ကျေးဇူးတင်စကားလည်း ပြောလိုက်သေးသည်။
အနီရောင်အပေါ်ထပ်အင်္ကျီနှင့် ကလေးမလေးက သူမ၏အင်္ကျီစကိုဆွဲပြီး တိုးတိုးလေး ပြောလိုက်သည်။
"ငါလည်း တစ်ခုလိုချင်တယ်…"
ချန်းပင်အန်းက ခြင်းတောင်းထဲမှ ကျောက်တုံးတစ်တုံးကိုယူပြီး ကလေးမလေးကို အပြုံးနှင့် ပေးလိုက်၏။
ကလေးမလေးက သူ့အနားကိုပြေးလာပြီး ပြောလိုက်သည်။
"ငါက ကြီးတဲ့ကျောက်တုံးပဲ လိုချင်တယ်။ အဆင်ပြေလား..."
ချန်းပင်အန်းက အပြုံးနှင့် ပြောလိုက်၏။
"နင်သာ သယ်နိုင်တယ်ဆိုရင် ငါက အကြီးဆုံးလည်း ပေးနိုင်တယ်။ ဒါပေမဲ့ ဒီနေရာကနေမြို့ကို အဲဒီကနေမှတဆင့် အိမ်ကိုသွားဖို့က မနီးဘူး။ ခြင်းတောင်းထဲမှာရှိတဲ့ အကြီးဆုံးကျောက်တုံးကလည်း အသေးတွေလောက် မလှဘူး..”
သူမက ခဏကြာစဉ်းစားပြီး ခြင်းတောင်းထဲသို့ လက်ထည့်လိုက်သည်။
"ဒါဆိုလည်း ငါက ပုံစံလှတဲ့ ကျောက်တုံးသေးတာပဲ ယူတော့မယ်.."
ချန်းပင်အန်းက သူမအတွက် ပန်းရောင်ကျောက်တုံးလေးတစ်တုံးကို ကောက်ယူပေးလိုက်သည်။ ထိုကျောက်တုံးလေးက စိုစွတ်ပြီး လှပ၏။ ကလေးမလေးက ထိုအရာကို လက်ဖဝါးထဲတွင်ကိုင်ပြီး အလွန်ကျေနပ်နေပုံရသည်။
ထို့နောက် သူမက ပြန်လှည့်လာပြီး သူမ၏သွားကို လက်ညှိုးထိုးပြလိုက်သည်။ သူမ၏သွားက ပြန်ပေါက်လာပြီဖြစ်ကြောင်း ချန်းပင်အန်းကို ပြောနေကြောင်း ခန့်မှန်းမိခဲ့သည်။
ချန်းပင်အန်းက ဝမ်းသာစွာ ပြောလိုက်၏။
"နောက်တစ်ကြိမ်ကျရင် ပုရစ်တွေ အတူတူ သွားဖမ်းကြမယ်…"
ကလေးမလေး၏မျက်လုံးက ဝင်းလက်တောက်ပသွားသော်လည်း လျင်မြန်စွာ မှေးမှိန်သွားခဲ့သည်။ သူမက အားတင်း၍ပြုံးပြီး ခေါင်းညိတ်ပြလိုက်၏။
ချန်းပင်အန်းက ခြင်းတောင်းကို ပြန်သယ်လိုက်ပြီး တာအိုမိန်းမပျိုကို နှုတ်ဆက်လိုက်သည်။ သူက ကလေးမလေးကိုလည်း လက်ပြလိုက်ပြီး မြို့ထဲသို့ တစ်ယောက်တည်း ပြန်သွားခဲ့၏။
နှစ်ယောက်လုံးက နတ်သမီးများ ဖြစ်ကြပြီး ထိုတာအိုမိန်းမပျိုကတော့ ယွင်ရှားတောင်မှ ချိုက်ကျင်းကျန့်ပင် မယှဉ်နိုင်သော မိန်းမလှလေးတစ်ယောက် ဖြစ်သည်။ ထိုအရာက အင်မော်တယ်များ၏ ရွှေအဆီအနှစ်ကို သာမန်လူသားကမ္ဘာကြီးထဲမှ ရွှေနှင့် နှိုင်းယှဉ်သလို ဖြစ်နေခဲ့၏။
သူမက ကလေးမလေးနှင့် သမင်ဖြူကိုခေါ်ပြီး ကျောက်တုံးပြာကမ်းပါးပေါ်သို့ ပြန်လာခဲ့သည်။ လူငယ်တာအိုသခင်ကတော့ မြက်ဖိနပ်နှင့် လူငယ်လေး၏ နောက်ကျောကို ကြည့်နေရာမှ ပြန်လှည့်လာပြီး ကောက်ချက်ချလိုက်သည်။
"သေးငယ်တဲ့ ကံတရားက ဆိုးရွားတဲ့ ကံကြမ္မာလို့ ဆိုလိုတာပဲ။ သူတို့က ဘာမှအသုံးမဝင်တာ သဘာဝပါပဲ…"
အရှေ့ပိုင်းကုန်းမြေကြီးထဲတွင် တာအိုဂိုဏ်းများစွာ ရှိနေသည်။ နှစ် (၃၀) ကြာတိုင်း ရွှေလူငယ်တစ်ယောက်နှင့် ကျောက်စိမ်းမိန်းမပျိုတစ်ယောက် စုံတွဲတစ်ခုကို ရွေးချယ်ကြသည်။ သူနှင့် သူ၏ဆရာတူအစ်မ ဟယ်ရှောင်လျန့်တို့က ယခုနှစ်၏ တာအိုစုံတွဲ ဖြစ်ကြသည်။
သို့သော် အံ့သြစရာကောင်းသောအရာတစ်ခု ဖြစ်လာခဲ့၏။ ရွှေလူငယ်၏ ပါရမီက ယခင်မျိုးဆက်များထက် နိမ့်ကျနေခြင်း မရှိချေ။ သို့သော် ကျောက်စိမ်းမိန်းမပျို၏ ကံတရားကတော့ အလွန်ကောင်းမွန်နေသည့်အတွက် လူတိုင်းက ကြက်သီးမွေးညင်းထမိကြသည်။
သူမ မွေးဖွားလာသည့်အချိန်တွင် အလွန်လှပသော သမင်ဖြူတစ်ကောင်က တောင်တန်းထဲမှ ထွက်လာပြီး သူမ၏အနားကို ရောက်လာ၍ သခင်အဖြစ် အသိအမှတ်ပြုခဲ့သည်။ ထို့နောက် သူမက ကျင့်ကြံမှုလမ်းကြောင်းတွင် စတင်လျှောက်လှမ်းခဲ့ပြီး အဖုအထစ် လုံးဝမရှိပေ။ သူမ၏ခရီးလမ်းက ချောမွေ့နေခဲ့၏။ သူမက အထက်ဘုံ (၅) ဆင့်ကို ရောက်ပြီးမှသာ ပထမဆုံး အတားအဆီးကို တွေ့ရမည်ဟုပင် ပြောနေကြသည်။
သူမကတော့ မြက်ဖိနပ် လူငယ်လေးနှင့် ပတ်သက်ပြီး ဆရာတူမောင်လေး၏ မှတ်ချက်ကို ပြန်ပြောခဲ့ခြင်းမရှိဘဲ တိုးတိုးလေး ရယ်လိုက်သည်။
ထိုအချိန်တွင် အမိုးတံတား၏ အောက်ဘက်တွင် ရှိနေသော ရေကန်ဆီမှ အရပ်ပုပုနှင့် ကောင်လေးတစ်ယောက် ထွက်လာခဲ့၏။ သူက လက်ထဲတွင် မြွေကျောက်တုံးတစ်တုံးကို ကိုင်ထားသည်။ မထင်မှတ်ထားစွာပင် သူကလည်း သမင်ဖြူကဲ့သို့ ညအချိန်တွင် ထွန်းလင်းတောက်ပနေခဲ့၏။
ထိုကောင်လေးက လက်ထဲတွင် ကျောက်တုံးကိုကိုင်ပြီး ရေထဲမှ ထွက်နေသော ကျောက်တုံးတစ်တုံးပေါ်တွင် မတ်တပ်ရပ်နေခဲ့သည်။ သူ့ပုံစံက လက်ထဲတွင် အိတ်ကပ်အရွယ် လတစ်စင်းကို ကိုင်ထားသော အင်မော်တယ်တစ်ပါးကဲ့သို့ ဖြစ်နေ၏။
လူငယ်တာအိုသခင်၏ ပတ်ပတ်လည်တွင် ရှိနေသော အစိမ်းရောင်နှင့် အနီရောင် ငါး(၂) ကောင်က ရေထဲကို ဝင်သွားခဲ့ခြင်း မရှိချေ။ သူတို့က စမ်းချောင်းအပေါ်ဘက်တွင်သာ ဖြည်းညင်းစွာ ကူးခတ်နေကြ၏။ အကယ်၍ ချန်းပင်အန်းကသာ ထိုကောင်လေးကို တွေ့မည်ဆိုလျှင် ထိုအရာက တရုတ်ဇီးသီးပွင့်လမ်းကြားထဲမှ အဘွားမာ၏မြေးဖြစ်ကြောင်း သိသွားပါလိမ့်မည်။
ထိုလူငယ်က ကလေးဘဝကတည်းက ရူးသွပ်နေပြီး ငယ်စဉ်ကတည်းက မိဘများ ပစ်ထားခြင်းကို ခံခဲ့ရသည်။ အဘွားမာက သူ့မြေးကို ကိုယ်တိုင်ပြုစုပျိုးထောင်ခဲ့ရ၏။ ထိုလူငယ်က ပေါင်းသင်းဆက်ဆံမှု ကောင်းမွန်ခြင်းမရှိဘဲ တစ်ခါတစ်ရံ အမိုးပေါ်သို့တက်၍ တိမ်တိုက်များကို ငေးကြည့်နေတတ်သည်။
ကလေးဘဝကတည်းကစပြီး အဘွားမာ၏ မျိုးရိုးနာမည်ကို ဆက်ခံထားသော ကလေးငယ်က လူတိုင်းအနိုင်ကျင့်ခံခဲ့ရပြီး လူတိုင်း၏ခြေနင်းဖက် ဖြစ်ခဲ့ရသည်။ ထိုကလေးငယ်က ရွှံ့ပုလင်းလမ်းကြားထဲမှ အစေခံမလေး ကျစ်ကွေးကိုသာ ပြုံးပြတတ်၏။
ထို့ကြောင့် အဘွားမာက ထိုအစေခံမလေးကို အလွန်မုန်းတီးနေခဲ့ပြီး သူမက အရှက်မရှိသော မြူဆွယ်သူတစ်ယောက်ဟု တွေးမိခဲ့သည်။ သူမက သူ၏အဖိုးတန်မြေးလေးကို သိမ်းသွင်းရန် အရင်ဆုံး ကြိုးစားနေခြင်းဖြစ်မည်ဟု စွပ်စွဲတတ်၏။
တာအိုမိန်းမပျိုက နောက်ကျောတွင် ဓားရှည်လွယ်ထားသော လူ၏အနားသို့ လျှောက်သွားပြီး မေးလိုက်သည်။
"မာခူရွှမ်နဲ့ပတ်သက်ပြီး တကယ်ပဲ ဆွေးနွေးဖို့မရှိတော့ဘူးလား…"
ထိုလူက အေးစက်စွာ ပြန်ပြောလိုက်၏။
"တကယ်လို့ မင်းတို့ရဲ့ဆရာဦးလေးငယ်က ဒီကလေးကို တပည့်အဖြစ် လက်ခံချင်တယ်ဆိုရင် ဘာလို့ သူ ကိုယ်တိုင် မလာရတာလဲ။ သူ့နာမည်က ကျော်ကြားနေတဲ့အတွက်ကြောင့်လား။ သူက ငါနဲ့ လုံးဝမတိုက်ခိုက်ဖူးသေးဘူး။ ငါက ဘာလို့ သူ့ကိုပေးရမှာလဲ။ တကယ်လို့ သူ မကျေနပ်ရင် စစ်တောင်တန်းမှာ ငါ့ကိုလာရှာနိုင်တယ်။ တကယ်လို့ သူ နိုင်မယ်ဆိုရင်တော့ ငါကဒီကလေးကို ခေါ်သွားခွင့်ပေးမယ်…"
လူငယ်တာအိုသခင်က အပြုံးနှင့် ပြောလိုက်၏။
"ကျွန်တော်တို့ ဆရာဦးလေးငယ်ကို နောက်တစ်ကြိမ် လာခိုင်းရုံပဲမဟုတ်လား။ ဘာတွေများ အရေးကြီးနေတာလဲ…"
ဓားလွယ်ထားသောလူက မျက်မှောင်ကြုတ်လိုက်မိ၏။
"ဟုတ်လား..."
တာအိုမိန်းမပျိုကတော့ အနည်းငယ် စိတ်ပျက်သွားပုံရသည်။ သူမက ဆရာတူမောင်လေးကို လှည့်ကြည့်လိုက်၏။
လူငယ်တာအိုသခင်က ရယ်လိုက်ပြီး ထိုလူနှင့် ငြင်းခုံနေခဲ့ခြင်း မရှိချေ။ သူက မော့ကြည့်ပြီး ပြောလိုက်၏။
"ဒီနေ့မှ လမင်းကြီးက တော်တော်လှတာပဲ…"
သူမက အနည်းငယ် မသက်မသာ ခံစားလိုက်ရသည်။ သူမ၏ ဆရာဦးလေးငယ်နှင့် ပတ်သက်နေမည်ဆိုလျှင် သူမနှင့် ဆရာတူမောင်လေးတို့အပြင် ကုန်းမြေကြီးတစ်ခုလုံးတွင် ရှိနေသော လူငယ်တာအိုသခင်များအားလုံးက ရိုသေလေးစားကြသည်။
အမိုးတံတား၏ တစ်ဖက်တွင် ရှိနေသော လှေကားအောက်တွင် ခြေဗလာနှင့် ဘုန်းတော်ကြီးတစ်ပါး ရပ်နေခဲ့သည်။ သူ့မျက်နှာက လေးထောင့်ဖြစ်ပြီး တင်းမာသော အမူအရာတစ်ခု ရှိသည်။ ထိုဘုန်းတော်ကြီးကတော့ ရွှေရောင်ဆိုင်းဘုတ်ကို မော့မကြည့်ခဲ့ပေ။
ထိုအစား သူက စုန့်ကျိရှင်း အမွှေးတိုင်စိုက်ထားခဲ့သော နေရာကိုသာ စိုက်ကြည့်နေခဲ့၏။ သူက လက်အုပ်ချီပြီး ဦးညွှတ်လိုက်သည်။ ထို့နောက် ကရုဏာလေသံနှင့် ပြောလိုက်၏။
"အော်မီတော်ဖော်..."
အရပ်ပုပုနှင့် လူငယ်လေးက ကမ်းစပ်သို့ရောက်လာပြီး ကျောက်တုံးပြာကမ်းပါးပေါ်သို့ တက်လာခဲ့သည်။ သူက လူငယ်တာအိုသခင် (၂) ယောက်နှင့် ဓားလွယ်ထားသောလူကို ကြည့်လိုက်၏။
နောက်ဆုံးတွင်တော့ သူက ဓားလွယ်ထားသောလူကိုကြည့်ပြီး မေးလိုက်သည်။ "ကျုပ်က အင်မော်တယ်လမ်းစဉ်ကို မသင်ချင်ဘူး။ ဘယ်လိုလူသတ်ရမလဲဆိုတာ သင်ပေးနိုင်မလား…"
ထိုလူက အပြုံးနှင့် ဂုဏ်ယူစွာ ပြောလိုက်၏။
"ရှေးအချိန်ကတည်းကစပြီး ငါတို့စစ်ကျောင်းတော်ရဲ့ ဓားကျင့်ကြံသူတွေက ဒီကမ္ဘာကြီးထဲမှာ သတ်ဖြတ်ရေးစွမ်းအားအမြင့်ဆုံးပဲ…"
လူငယ်တာအိုသခင်က အပြုံးနှင့် ပြောလိုက်သည်။
"ဟုတ်လား..."
တာအိုမိန်းမပျိုက ခေါင်းခါလိုက်မိ၏။ ရလဒ်က သေချာသွားပြီဖြစ်ကြောင်း သူမက သိနေခဲ့သည်။ သူမကတော့ ဆရာဦးလေးငယ် ခိုင်းလိုက်သည့်တာဝန် မကျေပွန်ခဲ့သည့်အတွက် အပြစ်ရှိသလို ခံစားနေရ၏။ ထိုခဏတွင် စမ်းချောင်းလေး၏ ဘေးဘက်တွင် ရှိနေသော ကျောက်တုံးပြာ ချောက်ကမ်းပါးပေါ်ရှိ အခြေအနေက တင်းမာနေခဲ့သည်။
လီမိသားစုမှ အနီရောင် အပေါ်ထပ်အင်္ကျီနှင့် ကလေးမလေးကတော့ နတ်သမီးမမ၏ နောက်တွင် လျင်မြန်စွာ ပုန်းနေခဲ့သည်။
အစိမ်းဝတ်မိန်းမပျိုက နောက်ဆုံးကိတ်မုန့်ကို စားပြီးသွားသည့်အချိန်တွင် အနည်းငယ် မျက်နှာပျက်နေခဲ့၏။ သူမက ဒေါသတကြီး ပြောလိုက်သည်။
"တကယ်လို့ ရှင့်မှာ သတ္တိရှိတယ်ဆိုရင် ကျွန်မအဖေနဲ့သွားပြီး တိုက်ခိုက်လိုက်..."
ထိုမိန်းမပျိုနှင့် လုပ်စရာကိစ္စများ ရှိနေသောလူက ဒေါသထွက်သွားခြင်း မရှိချေ။ သူက အပြုံးနှင့် ပြောလိုက်၏။
"ဘယ်လိုမျိုးလဲ…"
လူငယ်တာအိုသခင်က စနောက်လိုက်သည်။
"ရွမ်ရှို့…
ဒါကအနိုင်ကျင့်နေတာပဲလေ။ နင့်အဖေက ဆရာချီရဲ့နေရာမှာ အစားဝင်မယ့် နောက်ထပ်သူတော်စင်ပဲ။ သူက ဒီကမ္ဘာကြီးရဲ့ အရှင်သခင်တစ်ယောက်လို့တောင် ပြောလို့ရတယ်…"
အစိမ်းဝတ်မိန်းမပျိုက နှုတ်ခမ်းကို တွန့်ကွေး၍ ပြုံးလိုက်ပြီး စကားတစ်ခွန်းမျှ မပြောခဲ့ပေ။ ဘုန်းတော်ကြီးက သူတို့ဆီကို ဖြည်းညင်းစွာ လျှောက်လာပြီး ကျောက်တုံးပြာ ကမ်းပါးပေါ်သို့ ရောက်လာခဲ့သည်။
တာအိုမိန်းမပျိုက ပြောလိုက်၏။
"ဆရာတော်တို့ ဗုဒ္ဓဂိုဏ်းရဲ့လဲ့ရင်ကျောင်းဆောင် ၊ ကျွန်မတို့တာအိုဂိုဏ်းရဲ့ တာအိုတံဆိပ်တုံး ၊ စစ်ကျောင်းတော်ရဲ့ဓားသင်္ချိုင်းငယ်နဲ့ ကွန်ဖြူးရှပ်ကျောင်းဆောင်ရဲ့ ကျောက်စိမ်းပြား ၊ အဲဒီပစ္စည်း (၄) ခုက သူတော်စင် (၄) ပါးချန်ခဲ့တဲ့ပစ္စည်းတွေပဲ။ ဒီတော့ ကွန်ဖြူးရှပ်ကျောင်းတော်ရဲ့ အတွင်းရေးပြဿနာတွေကို ပြောမနေတော့ဘူး။ ကျွန်မတို့ (၃) ယောက်ကိစ္စကိုပဲ ပြောကြတာပေါ့။ ကျွန်မတို့က အဲဒီအရာတွေကို ပြန်ယူသွားတယ်ဆိုတာ ဆရာချီကို မပြောရင် သင့်တော်ပါ့မလား.."
ဘုန်းတော်ကြီးက စကားတစ်ခွန်းမျှ မပြောခဲ့ပေ။ လူငယ်တာအိုသခင်က အနည်းငယ် စိုးရိမ်စွာ ပြောလိုက်၏။
"ဒါက နည်းနည်းတော့ မသင့်တော်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့က အမိန့်ကို ဆန့်ကျင်လို့မရဘူးလေ။ ဆရာတူအစ်မ … မလိုအပ်တဲ့အရာတွေကို မလုပ်တာ ပိုကောင်းတယ်…"
စစ်ကျောင်းတော်မှ လူကလည်း ခနဲ့သလိုပြောလိုက်သည်။
"ငါက ဒီနေရာမှာ မိတ်ဆွေဖွဲ့ဖို့ ရောက်လာတာမဟုတ်ဘူး…"
…………….
မြို့ငယ်လေးထဲတွင် ချန်းပင်အန်းက လျှိုရှန်းယန်၏အိမ် ရှိနေသော လမ်းကြားလေးထဲသို့ ပြန်ရောက်လာခဲ့သည်။ သူက ထိုနေရာတွင် တံခါးဝ၌ ရပ်နေသော ဆရာချီကို တွေ့လိုက်ရ၏။ လူငယ်လေးက လျင်မြန်စွာ ပြေးသွားခဲ့သည်။
သူ မမေးရသေးခင် ချီကျင့်ချွန်က သူ့ကို သီးသန့်တံဆိပ်တုံး (၂) ခုပေးလိုက်ပြီး အပြုံးနှင့် ပြောလိုက်၏။
"ချန်းပင်အန်း …
ငါက မင်းကို ဒီတံဆိပ်တုံးတွေ အလကားပေးတာ မဟုတ်ဘူး။ ငါ့မှာ မင်းကို တောင်းဆိုစရာရှိတယ်။ တကယ်လို့ နောက်ပိုင်း ချောက်ကမ်းပါးကျောင်းတော်က ဒုက္ခရောက်နေတယ်ဆိုရင် မင်းက တတ်နိုင်သမျှ ကူညီပေးဖို့ မျှော်လင့်ပါတယ်…"
လူငယ်က စကားတစ်ခွန်းသာ ပြန်ပြောခဲ့သည်။
"ကောင်းပါပြီဆရာ…"
ချီကျင့်ချွန်က ခေါင်းညိတ်ပြီး လှိုက်လှိုက်လှဲလှဲ ပြောလိုက်၏။
"အရင်တစ်ခေါက် ငါ ပြောခဲ့တဲ့စကားကို သေချာမှတ်ထားပါ။ လူကြီးလူကောင်း တစ်ယောက်ဆိုရင် လူ မကယ်ဘူး။ ဒါတွေက ငါ့ရဲ့နှလုံးသားထဲကနေ ရောက်လာတဲ့ စကားလုံးတွေပဲ။ ငါက မင်းကို စမ်းသပ်နေတာ မဟုတ်ဘူး…"
လူငယ်က အပြုံးနှင့် ပြောလိုက်၏။
"ဆရာ .. ကျွန်တော်က အဲဒါကိုတော့ အာမ မခံနိုင်ဘူး…"
ချီကျင့်ချွန်က တစ်စုံတစ်ခု ပြောချင်နေသော်လည်း ရပ်တန့်လိုက်သည်။ အဆုံးတွင်တော့ သူက စကားတစ်ခွန်းမျှ မပြောခဲ့ပဲ ထွက်သွားရန် ပြင်လိုက်၏။
မူလတုန်းကတော့ နောက်ပိုင်းတွင် ချောက်ကမ်းပါးကျောင်းတော်က အမှန်တကယ် ဒုက္ခရောက်နိုင်သည်ဟု သူက ပြောချင်နေခဲ့သည်။ သို့သော် ချန်းပင်အန်းက နောင်တရသလို မခံစားစေချင်ခဲ့ပေ။ သူကတော့ ထိုအရာကို မမြင်ရ မကြားရသလို ဟန်ဆောင်နေ၍ ရနိုင်သည်။ သို့သော် ထိုအရာကို တမင်တကာ လုပ်ဆောင်ရန် မလိုအပ်ပေ။
သို့သော် ဘာကြောင့်မှန်း မသိသော်လည်း ချီကျင့်ချွန်၏ ရင်ထဲတွင်တော့ မျှော်လင့်ချက် တစ်စွန်းတစ်စကို ခံစားမိနေခဲ့၏။ ဘာကြောင့်မှန်း သူကိုယ်တိုင်ပင် နားမလည်ခဲ့ပေ။
သေချာစဉ်းစားကြည့်လိုက်ပြီးနောက် ချောက်ကမ်းပါးကျောင်းတော်၏ အရှင်သခင်ဖြစ်သော သူ့ဆီတွင် အဖြေတစ်ခုတည်းသာ ရှိသည်။ သူ့ရှေ့တွင် ရှိနေသော လူငယ်လေးက ချန်းပင်အန်း ဖြစ်နေခြင်းကြောင့် ဖြစ်သည်။ သူက တခြားလူများနှင့် လုံးဝကို ကွဲပြားနေပုံရ၏။ သူ့ကို တာဝန်တစ်ခု အပ်နှံရန် အလွန်အမင်း ခက်ခဲသည်။ အကယ်၍ ထိုလူငယ်လေးက အဆုံးတွင် မလုပ်နိုင်ကြောင်း သိနေလျှင်ပင် သူအကောင်းဆုံး ကြိုးစားပါလိမ့်မည်။
သူသဘောတူသရွေ့ ထိုအရာကို သေချာပေါက် လုပ်ဆောင်မည်သာ ဖြစ်၏။ သူက ထိုအရာကို စွမ်းအား (၁၀၀) ရာခိုင်နှုန်း မသုံးနိုင်လျှင်ပင် အံကြိတ်ပြီး သူ၏စွမ်းအား(၁၂၀) ရာခိုင်နှုန်းကို အသုံးချပါလိမ့်မည်။ ထိုအရာက လူတိုင်းကို စိတ်အေးသွားစေနိုင်သော လုပ်ရပ်တစ်ခု ဖြစ်၏။ ထိုအရာက ချီကျင့်ချွန်ကိုယ်တိုင် နှစ်ပေါင်းများစွာ မျှော်လင့်နေခဲ့သော အရာတစ်ခုလည်း ဖြစ်သည်။
ထိုစာသင်သားကတော့ နယ်မြေစိမ်းတစ်ခု၌ အကျဉ်းချခံထားရခြင်း ဖြစ်၏။ ချီကျင့်ချွန်က ပြန်လှည့်တော့မည့်အချိန်တွင် ခြင်းတောင်းသယ်ထားသော လူငယ်လေးက ခက်ခက်ခဲခဲ ဦးညွှတ်လိုက်သည်။ လမ်းကြားလေးထဲတွင်တော့ စာသင်သားသူတော်စင်က လူငယ်လေးကို ပြန်လည်ဦးညွှတ်လိုက်လေ၏။