← Chapters

အခန်း (၄၁)

Vol. 3 Ch. 41

အခန်း (၄၁)

Vol. 3 Ch. 41

သန်းခေါင်ချိန်တွင် စုန့်ချန်ကျင့်က ဆောက်လက်စ ကြီးကြပ်ရေးမှူးရုံးမှ တစ်ယောက်တည်း ပြန်လာခဲ့သည်။ လူငယ်လေး စုန့်ကျိရှင်းကတော့ ခွေးလှောင်အိမ်တစ်ခုကဲ့သို့ ဖြစ်နေသော ရွှံ့ပုလင်းလမ်းကြားထဲကိုသာ သွားခဲ့၏။

စုန့်ချန်ကျင့်က သူ့ကို တွန်းအား မပေးခဲ့ပေ။ တပ်ဖွဲ့တစ်ဖွဲ့ကို နှစ်ပေါင်းများစွာ ဦးဆောင်ခဲ့ရသော စစ်သူကြီးတစ်ယောက် ဖြစ်သည့်အတွက် သူက အလောင်းပုံကြီးနှင့် သွေးပင်လယ်ထဲတွင်ပင် ဟောက်၍ အိပ်ခဲ့ဖူးသည်။ ထို့ကြောင့် တစ်ယောက်တည်း သီးသန့်ပျိုးထောင်ခဲ့သော သူ့တူလေးက အဆင့်အတန်းမြင့်သည်ဟူသော အခြေအနေနှင့် နေထိုင်နိုင်ခြင်း မရှိသေးပေ။

စုန့်ချန်ကျင့်က ထိုကလေးအပေါ် တစ်စုံတစ်ခု အကြွေးတင်နေသည်ဟု ခံစားခဲ့ရခြင်း မရှိချေ။ တာ့လီမြို့တော်ကို အသက်ရှင်လျက် ရောက်လာလျှင်ပင် လုံလောက်နေပြီဟု သတ်မှတ်နိုင်သည်။

ရုံးတော်မှ အစောင့်အိုကြီးက လက်ထဲတွင် မီးအိမ်ကြီးကိုင်ပြီး တံခါးဝတွင် စောင့်နေခဲ့၏။

စုန့်ချန်ကျင့်က တံခါးကို ဖြတ်လာခဲ့ပြီးနောက် ရှေ့ကိုလျှောက်လာပြီး ပြောလိုက်သည်။

“ငါ့ကို လမ်းပြဖို့ မလိုတော့ဘူး…”

အစောင့်က ခေါင်းညိတ်ပြလိုက်ပြီး တိတ်တဆိတ် ထွက်ခွာသွားခဲ့၏။ ဖုလုလမ်းတွင် ရှိနေသော အဆောက်အဦးများက အများအပြား တည်ဆောက်ထားခြင်း မဟုတ်သည့်အတွက် ထိုနယ်မြေထဲတွင် လုမိသားစုနှင့် လီမိသားစုတို့၏ အိမ်ထက်ပင် အဆပေါင်းများစွာ နည်းပါးနေသည်။

ယခင်မီးဖိုကြီးကြပ်သူကတော့ ဆင်းဆင်းရဲရဲသာ နေထိုင်ခဲ့၏။ မြို့ငယ်လေးထဲတွင် ရှိနေသော မိသားစုကြီးများက ထိုအရာကို မှားယွင်းသည်ဟု မတွေးမိကြပေ။ သို့သော် စုန့်ချန်ကျင့်ကတော့ ကွဲပြား၏။ သူက လက်ရှိ တာ့လီဘုရင်၏ ညီငယ်တစ်ယောက် ဖြစ်သည်။ သူက နယ်မြေအသစ် ချဲ့ထွင်မှုတွင် ကြီးကြီးမားမား အကျိုးဆောင်ထားခဲ့ပြီး အရှေ့ပိုင်းကုန်းမြေကြီးထဲရှိ ထိပ်တန်းသိုင်းပညာရှင်များထဲမှ တစ်ယောက် ဖြစ်သည်။

သူ ရောက်လာခြင်းက မြစ်တစ်စင်းကို နဂါးတစ်ကောင် ဖြတ်ခြင်း၊ ရေကန်ငယ်လေးထဲကို နဂါးတစ်ကောင် ဝင်ရောက်လာခြင်းကဲ့သို့ ဖြစ်နေသည်။ နယ်မြေခံအင်အားစုများက သူ့ကို မကြောက်ကြလျှင်ပင် စုန့်ချန်ကျင့်ကဲ့သို့ လူတစ်ယောက်ကို ရင်ဆိုင်ရသည့်အချိန်၌ လေးစားမှု ပေးရမည် ဖြစ်သည်။

စုန့်ချန်ကျင့်က ခြံဝန်းငယ်လေးတစ်ခုကို ဖြတ်ကျော်သွားသည့်အချိန်တွင် အခန်းထဲ၌ လူတစ်ယောက် စာဖတ်နေကြောင်း တွေ့လိုက်ရသည်။ သူမက မတ်မတ်ထိုင်နေခဲ့၏။ တစ်ယောက်တည်း ရှိနေသည့်အချိန်တွင်ပင် သူမက အသေးစိတ် စိတ်ဝင်စားနေသေးသည်။

သူက လူကြီးလူကောင်း တစ်ယောက် ဖြစ်၏။ စုန့်ချန်ကျင့်၏ အင်္ကျီလက်များက လှုပ်ရှားသွားခဲ့ပြီး သူ၏မျက်နှာပေါ်တွင် လှောင်ပြောင်နေသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။

အတိတ်တုန်းကတော့ ကန်ကြည့်ကျောင်းဆောင်ထဲတွင် လေ့လာခဲ့သော လူငယ်လေး တစ်ယောက် ရှိသည်။ သူ၏လက်ရေးအတတ်ပညာက အလွန်ထူးခြားပြီး သူ့နာမည်က နန်းတော်ထဲတွင်ပင် လှုပ်ရှားသွားစေခဲ့သည်။ သူ့ကို တောင်ပိုင်း ဝေ့ဘုရင်က နန်းတော်ထဲသို့ ဆင့်ခေါ်ခဲ့ပြီး ခန်းမထဲတွင် တော်ဝင်အမိန့်ပြန်တမ်းများကို ‌ရေးသားစေခဲ့သည်။

ဆောင်းရာသီ အလယ်ပိုင်းကို ရောက်သည့်အချိန်တွင်တော့ နှင်းများ သိပ်သည်းစွာ ကျရောက်နေသည့်အတွက် စုတ်တံက အလွန်အေးနေပြီး စာရေးသား၍ မရနိုင်တော့ပေ။ ထိုအခါ ဘုရင်ကြီးက သူ၏ဘယ်ဖက်နှင့် ညာဖက်တွင် ရပ်နေရန် နန်းတွင်းကိုယ်လုပ်တော် (၁၀)ယောက်ကျော်ကို အမိန့်ပေးပြီး သူ့ကို စာရေးရန် ကူညီပေးခဲ့သည်။

ထိုကိစ္စက အရှေ့ပိုင်းကုန်းမြေကြီး တစ်ခုလုံးကို လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး ဒဏ္ဍာရီတစ်ခုသဖွယ် ဖြစ်နေခဲ့သည်။ သို့သော် နန်းမြို့တော်ထဲတွင် မည်မျှ စည်းကမ်းတင်းကြပ်ကြောင်း မည်သူကမျှ မတွေးမိကြပေ။

အကယ်၍ ဘုရင်၊ မိန်းမစိုးများနှင့် တော်ဝင်လွှတ်တော်များကသာ မည်သည့်စကားမတှ မပြောလျှင် သာမန်လူများက မည်သို့ သိနိုင်မည်နည်း။ စုန့်ချန်ကျင့်က တိုးတိုးလေး ရယ်လိုက်ပြီး မှောင်မည်းနေသော လမ်းအတိုင်း လျှောက်သွားခဲ့သည်။

ရိုးရှင်းသောဝတ်စုံ ဝတ်ဆင်ထားသော စုန့်ကျိရှင်းက ရွှံ့ပုလင်းလမ်းကြားထဲသို့ ပြန်ရောက်လာခဲ့သည်။ ခြံဝန်းတံခါးက သော့ခတ်ထားခြင်း မရှိချေ။ တံခါးကို တွန်းဖွင့်လိုက်သည့်အချိန်တွင် အစေခံမလေး ကျစ်ကွေးက ခန်းမထဲရှိ ထိုင်ခုံပေါ်တွင် ထိုင်နေကြောင်း တွေ့လိုက်ရသည်။

သူမက မျက်လုံးတစ်ဖက်မှိတ်၍ ငိုက်မြည်းနေခဲ့သည်။ သူမက ခေါင်းကို အနည်းငယ် စောင်းလိုက်သည့် အချိန်တွင် ချက်ချင်း ပြန်မတ်သွားပြီး ခဏကြာပြီးနောက် ပြန်၍ ငိုက်သွားပြန်သည်။ထိုမိန်းကလေးက အမှန်တကယ်ကို ပင်ပန်းနေပုံရ၏။

စုန့်ကျိရှင်းက ငုံ့လိုက်ပြီး သူမ၏ပုခုံးကို ညင်သာစွာ လှုပ်လိုက်သည်။ သူက တိုးတိုးလေး ပြောလိုက်၏။

“ကျစ်ကွေး ထတော့။ အခန်းကိုသွားပြီး အိပ်တော့။ အအေးမမိစေနဲ့…”

အိပ်ချင်နေသော မိန်းမပျိုက မျက်လုံးများကို ပွတ်လိုက်ပြီး အံ့သြသွားခဲ့သည်။ “သခင်လေး…

ဘာလို့ ဒီလောက်နောက်ကျမှ ပြန်လာရတာလဲ…”

စုန့်ကျိရှင်းက အပြုံးနှင့် ပြောလိုက်သည်။

“ငါက အမိုးတံတားကို သွားနေတာ။ အဲဒါက နည်းနည်းဝေးတော့ ပြန်လာတာ နောက်ကျသွားတာ…”

ထိုအချိန်တွင် စုန့်ကျိရှင်း၏အင်္ကျီကို မရင်းနှီးကြောင်း သတိထားမိသွားခဲ့သည့်အတွက် ကျစ်ကွေးက အနည်းငယ် အံ့သြသွားခဲ့သည်။

“သခင်လေး…

ဘယ်တုန်းက အင်္ကျီပြောင်းလိုက်တာလဲ..”

စုန့်ကျိရှင်းက ထိုအကြောင်းကို မပြောချင်ခဲ့ပေ။

“ဒီကိစ္စကို မပြောတော့ဘူး။ ငါ့ဆီကနေ ရာစုနှစ်မှတ်တမ်း ငှားပြီးသွားတော့ ဘယ်လိုဖတ်ရမလဲ ဆိုတာကို နားလည်ပြီးလား။ ငါ နင့်ကို သင်ပေးရမလား..”

မိန်းမပျိုက ခေါင်းခါပြီး ပြောလိုက်၏။

“မလိုပါဘူး။ သခင်လေး…”

စုန့်ကျိရှင်းက သူ့အခန်းဆီသို့ ထွက်သွားခဲ့သည်။ ထိုအခန်းက နက်မှောင်နေခဲ့၏။ သူက အပေါ်ဝတ်ရုံကို ချွတ်လိုက်ပြီး ဖိနပ်(၂)ဖက်ကို ကန်ထုတ်လိုက်သည်။ ထို့နောက် အိပ်ယာပေါ်သို့ လှဲလိုက်၏။ လူငယ်‌လေးက တီးတိုးရေရွတ်လိုက်သည်။

“ဝမ်ကျူး..ဝမ်ကျူး...ဒီလိုမျိုးပဲလား…”

ကျစ်ကွေးက သူမ၏အခန်းသို့ ပြန်သွားပြီး မီးမှုတ်၍ အိပ်စက်ခဲ့သည်။ သူမ၏ ခန္ဓာကိုယ်က အိပ်ယာပေါ်တွင် ကွေးကွေးလေး ဖြစ်နေပြီး တစ်စုံတစ်ခုကို တိတ်တဆိတ် စားနေသည့်အလား အသံအနည်းငယ် ထွက်နေခဲ့၏။ အဆုံးတွင်တော့ သူမက ကြို့ထိုးနေခဲ့သည်။

လျှိုရှန်းယန်က ဆရာရွမ်၏ တရားဝင်တပည့်တစ်ယောက် ဖြစ်မလာသေးသော်လည်း ဆရာရွမ်က ထိုအရပ်ရှည်ရှည် လူငယ်လေးကို အလွန်တန်ဖိုးထားကြောင်း လူတိုင်းက မြင်နေရသည်။ မဟုတ်လျှင် ဓားကို မည်သို့ထုဆစ်ရမည်ဖြစ်ကြောင်း သူကိုယ်တိုင် သင်ကြားပေးလိမ့်မည် မဟုတ်‌ချေ။ ပန်းပဲအခန်းများက လူတိုင်းဝင်၍ရနိုင်သော နေရာတစ်ခု မဟုတ်ချေ။

နေ့လယ်ခင်း အနားယူချိန်တွင် မီးဖိုအလုပ်သမားတစ်ယောက် ဖြစ်ခဲ့ဖူးသော လူငယ်လေး တစ်ယောက်က လျှိုရှန်းယန်ဆီသို့ ပြေးလာပြီး လူတစ်ယောက်က သူ့ကို လာရှာနေကြောင်း ပြောလိုက်သည်။ ထိုအရာက ဖုလုလမ်းကြားထဲမှ မိန်းကလေးများထက်ပင် ပိုလှသော မိန်းမလှလေးတစ်ယောက် ဖြစ်ကြောင်း လျှိုရှန်းယန်ကို ကြည့်၍ ပြောခဲ့သည်။

လျှိုရှန်းယန်က သူ့နောက်မှ အပြုံးနှင့် လိုက်သွားခဲ့သော်လည်း ရင်ထဲတွင်တော့ လေးလံနေခဲ့သည်။ ရေတွင်း၏အနားတွင်တော့ ပိန်ပိန်သွယ်သွယ်နှင့် အမျိုးသမီးတစ်ယောက် ရပ်နေခဲ့၏။

ရေတွင်းနားတွင်တော့ ထိုနေရာတွင် အစွမ်းထက်သော လူငယ်လေးများစွာ ရေတွင်းတူးနေကြပြီး မြေသားများကို ပတ်ပတ်လည်သို့ ဖယ်ထုတ်နေကြသည်။ သူတို့က အလွန် အလုပ်ကြိုးစားနေခဲ့၏။

စုန့်ကျိရှင်း ပြောဆိုခဲ့သည့်အတိုင်း လျှိုရှန်းယန်က အမှန်တကယ်ကို တောသားတစ်ယောက် ဖြစ်သည်။ သို့သော် မိန်းကလေးတစ်ယောက်က လှခြင်း မလှခြင်း၊ ပညာတတ်ခြင်း မတတ်ခြင်းကို သူက စိတ်မဝင်စား‌ပေ။

အရပ်ရှည်ရှည် လူငယ်လေးက လှပခြင်းဟူသော စကားလုံးထဲတွင် ဆွဲဆောင်မှုဟူသော အရာကိုလည်း မသိပေ။ အထူးသဖြင့် ကျက်သရေရှိပြီး ဆွဲဆောင်မှုရှိသော မိန်းမပျိုများ ဖြစ်သည်။ ဆွဲဆောင်မှုဟူသော စကားလုံးကို နားလည်နိုင်မည်ဆိုလျှင်တော့ ထိုအရာက မျက်ခုံးမွှေး ဆွဲထားသော ထိုအမျိုးသမီးကို ဆိုလိုကြောင်း သိပါလိမ့်မည်။

သူ့ရှေ့တွင် ရှိနေသော အမျိုးသမီး၏ နာမည်နှင့် နောက်ကြောင်းကို သေချာမသိသော်လည်း သူမဆီတွင် ပိုးကောင်တစ်ကောင်၏ နှုတ်ခမ်းမွှေးကဲ့သို့ အလွန်လှပသော မျက်ခုံးများ ရှိနေသည်။ သူမ၏နဖူးက ပုစဉ်းတောင်ပံကဲ့သို့ ကျယ်ပြန့်ပြီး လေးထောင့်ဖြစ်၏။

ယနေ့ သူမက တစ်ယောက်တည်း ရောက်လာခဲ့ခြင်း ဖြစ်သည်။ သူမက သူ့ကို ဖျောင်းဖျရန် ရောက်လာခြင်း ဟုတ်ပုံမရသလို အနိုင်ကျင့်ရန် ရောက်လာသည့် ပုံစံနှင့်လည်း မတူညီပေ။

လျှိုရှန်းယန်က သက်ပြင်းချလိုက်မိ၏။ ထိုအမျိုးသမီး၏ မျက်နှာက အလွန် ကျက်သရေရှိပြီး လှပကြောင်းကိုတော့ လျှိုရှန်းယန်လည်း ငြင်းဆန်၍ မရနိုင်ပေ။ အကယ်၍ ယခင်တုန်းက ဆိုလျှင်တော့ သူက သူမကို လမ်းပေါ်တွင် တွေ့သည့်အချိန်တိုင်း အကြိမ်အနည်းငယ် လေချွန်မိမည်ဖြစ်သည်။ သို့သော် ထိုအတွက်ကြောင့် လျှိုရှန်းယန်က စွဲလမ်းနေသည်ဟု ဆိုလိုခြင်း မဟုတ်ချေ။

အရပ်ရှည်ရှည် လူငယ်လေးကြိုက်သော မိန်းကလေးက ရွှံ့ပုလင်းလမ်းကြားထဲတွင် ရှိနေသော အစေခံသာ ဖြစ်သည်။ သူမက သူ့အတွက်တော့ အနာဂတ် ဖြစ်လာနိုင်၏။

လျှိုရှန်းယန်က လှပသော အမျိုးသမီးကို စမ်းချောင်းဆီသို့ ခေါ်သွားပြီး ပြတ်သားစွာ ပြောလိုက်သည်။

“ဒီက အစ်မကြီး…

တကယ်လို့ ကျွန်တော့်မိသားစုရဲ့ အမွေပစ္စည်းကိုရောင်းဖို့ ဖျောင်းဖျချင်တယ် ဆိုရင်တော့ ဘာမှမပြောဖို့ အကြံပေးချင်တယ်…”

အမျိုးသမီးက ချိုသာစွာ ပြုံး၍ ပြောလိုက်သည်။

“ဒီလောက်လည်း မြန်မြန်မငြင်းပါနဲ့ဦး။ ငါက မင်းကို အခြေအနေတွေကို ပြောပြမယ်။ ပြီးတော့မှ မင်းက ဆုံးဖြတ်ချက်ချပေါ့…”

အရပ်ရှည်ရှည် လူငယ်လေး၏ အမူအရာက ပြောင်းလဲသွားခဲ့ခြင်း မရှိချေ။ သူက သက်တောင့်သက်သာ ဖြစ်နေသယောင် ဟန်ဆောင်နေခဲ့‌သော်လည်း ရင်ထဲ၌ စိတ်ဓာတ်ကျနေခဲ့သည်။

အဝေးတွင်တော့ မိန်းကလေးတစ်ယောက်က ပန်းပဲခန်း၏ တံခါး‌ပေါက်ရှိ စားပွဲတွင် ထိုင်နေခဲ့သည်။ သူမက ထမင်းပန်းကန်လုံးတစ်ခုကို ကိုင်ထားခဲ့၏။ သူမ၏ ပန်းကန်ထဲတွင်တော့ ထမင်းများ အပြည့် ရှိနေသည်။ သူမက ပလုတ်ပလောင်း စားနေခဲ့၏။ ထိုထမင်းကို စားလိုက်ပြီးနောက် ပန်းကန်လုံးထဲတွင် ဖွက်ထားသော ဝက်သားတုံးတစ်ခုကို တွေ့လိုက်ရသည်။

ထိုအချိန်တွင် သူမက အလွန် ဝမ်းသာသွားခဲ့၏။ သူမက စားပွဲ၏ တစ်ဖက်တွင် ထိုင်နေသော သက်လတ်ပိုင်းလူကြီးကို ကျောပေး၍ မေးလိုက်သည်။

“အဖေ…

အဲဒီလူစိမ်းမိန်းမကြီးကို ဂရုမစိုက်ဘူးလား…”

ထိုလူက အသံတိုးတိုးနှင့် ပြောလိုက်၏။

“ဂရုမစိုက်ပါဘူး…”

အစိမ်းဝတ်မိန်းမပျိုက စိုးရိမ်စွာ ပြောလိုက်သည်။

“သူက နောက်ပိုင်း အဖေ့ရဲ့ပထမဆုံးတပည့် ဖြစ်လာလိမ့်မယ်။ သူက လမ်းမှားကို လျှောက်မိမှာ မကြောက်ဘူးလား…”

ထိုလူက အေးစက်စွာ ပြောလိုက်၏။

“အဲဒီကလေးက ကံမကောင်းဘူး…”

မိန်းမပျိုက သံသယဝင်စွာ ပြန်မေးလိုက်သည်။

“အဖေ …

အဲဒါက နှမြောစရာကောင်းတယ်လို့ မခံစားမိဘူးလား…”

ဥပမာအနေနှင့် ပြောရလျှင် သူမက ဈေးဆိုင်တွင် အရသာရှိသော စားစရာများ မြင်သည့်အချိန်တွင် အိတ်ထဲ၌ ငွေမရှိလျှင် အဆင်ပြေသည်။ အကယ်၍ သူမဆီ၌ ‌ငွေကြေးရှိမည် ဆိုလျှင်တော့ သူမက ဝယ်မိပါလိမ့်မည်။ ထိုအရာက မြေပြင်ပေါ်တွင် မတော်တဆ ပြုတ်ကျသွားမည် ဆိုလျှင်တော့ သူမက မိုးကြိုးပစ်ခံရသလို ခံစားရမည် ဖြစ်၏။

ထိုလူကြီးကတော့ သူမ၏ မေးခွန်းကို ပြန်မဖြေခဲ့ပေ။

“ဝက်သားတုံးက အရသာ ရှိရဲ့လား…”

မိန်းမပျိုက သတိလက်လွတ် ‌ခေါင်းညိတ်ပြလိုက်သည်။

“တော်တော် အရသာရှိတယ်…”

ရုတ်တရက်ဆိုသလို သူမက တကိုယ်လုံး တင်းကြပ်သွားခဲ့သည်။ သူမ၏ အဖေက တစ်နေ့လျှင် အသားတစ်တုံးသာ စားရမည်ဟု ကန့်သတ်ထားခဲ့သည်။ ထို့ကြောင့် သူမက ထမင်းဖြူသီးသန့်သာ စားချင်ယောင်ဆောင်နေပြီး ဝက်သားတုံးကို အတွင်းထဲတွင် ဖွက်ထားခဲ့ခြင်း ဖြစ်သည်။ ထိုသို့ဆိုလျှင် သူမက ညပိုင်းတွင် အသားတစ်တုံးကို ပေါ်တင်စား၍ ရနိုင်၏။

မိန်းမပျိုက အိုးတိုးအမ်းတမ်း အမူအရာနှင့် လှည့်ကြည့်လိုက်ပြီး ပန်းကန်လုံးကို လေထဲသို့ မြှောက်လိုက်သည်။ သူမက ပြောလိုက်၏။

“ဒါက တစ်တုံးတည်းပါပဲ။ သမီးက စည်းမျဉ်းကို မဖောက်ခဲ့ဘူး…”

ထိုလူက ရယ်ပြီး မေးလိုက်သည်။

“ဒါဆိုရင် သမီးက ပန်းကန်လုံးထဲမှာ ဝက်သားကို ဖွက်ထားပြီး မစားနိုင်တာက နှမြောစရာကောင်းတယ်လို့ မခံစားမိဘူးလား…”

မိန်းမပျိုက အနည်းငယ် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်။ သူမက နားမလည်နိုင်သလို ခံစားလိုက်ရ၏။ ရင်ထဲတွင်လည်း ငြိမ်သက်သွားခဲ့သည်။

ထိုလူကြီးက မိန်းမပျို၏ ဒဏ်ရာကို ဆားသိပ်ပေးလိုက်သလို ပြောလိုက်သည်။ “တကယ်လို့ သမီးသာ လျှိုရှန်းယန်အကြောင်း မမေးခဲ့ဘူးဆိုရင် အဖေက မမြင်ချင်ယောင်ဆောင်ပေးမလို့ပဲ…”

မိန်းမပျိုက ထပ်မပြောတော့ဘဲ ဝက်သားတုံးကိုသာ ဆက်စားနေခဲ့သည်။ သူမက နောက်ပိုင်းတွင်တော့ ခြိုးခြံချွေတာမည့်ပုံ ရှိ၏။

လူကြီးက စားသောက်ပြီးသွားသည့်အချိန်တွင် စမ်းချောင်း၏ တစ်ဖက်တွင် ရှိနေသော လူငယ်နှင့် အမျိုးသမီးကို လှမ်းကြည့်၍ ပြောလိုက်သည်။

“ဒီကောင်‌‌လေးကသာ အလယ်ဘုံ (၅)ဆင့်ကို မရောက်ဘူးဆိုရင် အဖေက သူ့ရဲ့ သေခြင်းရှင်ခြင်းကို ဂရုစိုက်မှာ မဟုတ်ဘူး။ တကယ်လို့ သူက အလယ်ဘုံ (၅)ဆင့်ကို ရောက်မယ်ဆိုရင်တောင် အဖေက သူ့ကို တစ်ကြိမ် (၂)ကြိမ်လောက်ပဲ ဂရုစိုက်နိုင်လိမ့်မယ်။ အများကြီး ဂရုစိုက်နိုင်မှာ မဟုတ်ဘူး။ နောက်ပိုင်းမှာတော့ ကံကောင်းခြင်း ကံဆိုးခြင်းဆိုတာ မရှိဘူး။ အဲဒါက လူတွေသတ်မှတ်တဲ့ အရာတွေပဲ..”

မိန်းမပျိုက ဒေါသတကြီး ပြောလိုက်သည်။

“အဖေက ဘာလို့ ဂရုမစိုက်ရတာလဲ..”

သက်လတ်ပိုင်းလူကြီးက စိတ်ညစ်နေသော အမူအရာနှင့် ပြောလိုက်သည်။ “စာသင်သားတွေက ကျောင်းသားတွေ လက်ခံကြတယ်။ သိုင်းပညာရှင်တွေက တပည့်တွေ လက်ခံကြတယ်။ သူတို့က အရည်အချင်းမရှိတဲ့သူတွေကို ခေါ်နေကြတဲ့ သိုင်းပညာအဖွဲ့အစည်း မဟုတ်ကြဘူးလေ။ နောက်ပိုင်းမှာ သူတို့က တခြားသူတွေနဲ့ ရန်ဖြစ်ဖို့ တိုက်ခိုက်ဖို့တောင် မတွေးနိုင်ကြဘူး။ ဘာလို့လဲဆိုတော့ သူတို့မှာ လူပိုများလာလို့ပဲ။ အဖေ့အမြင်အရ ပြောရမယ်ဆိုရင်တော့ ဆရာနဲ့ တပည့်ပဲဖြစ်ဖြစ်၊ ဆရာနဲ့ ကျောင်းသားပဲဖြစ်ဖြစ်၊ သူတို့အားလုံးက တူညီတဲ့လမ်းကြောင်းမှာ လျှောက်နေတဲ့သူတွေပဲ။ ပြီးတော့ လျှိုရှန်းယန်က အခုအချိန်အထိ အဖေ့ရဲ့တပည့် မဟုတ်သေးဘူး…”

မိန်းမပျိုက မည်သည့်စကားမျှ မပြောခဲ့ပေ။

သက်လတ်ပိုင်းလူကြီးက သက်ပြင်းချလိုက်မိ၏။

“အရူးမလေး…

တာ့လီအင်ပါယာထဲမှာ လူဘယ်နှစ်ယောက် ရှိလဲဆိုတာ သိလား။ လူပေါင်း သန်း(၂၀)ကျော် ရှိတယ်။ ဒီကမ္ဘာကြီးထဲမှာ ဒီ‌လောက်လူတွေ အများကြီး ရှိနေသလို ပြဿနာတွေလည်း အများကြီးပဲ။ သမီးက သူတို့အားလုံးကို ဖြေရှင်းနိုင်မှာလား။ နောက်ထပ်နှစ်ပေါင်း (၆၀) အတောအတွင်း အဖေက ချီကျင့်ချွန်ဆီကနေ ဒီမြို့လေးကို လက်ခံရလိမ့်မယ်။ တစ်နေ့လုံး လျှောက်သွားနေလို့ မရတော့ဘူး။ ဓားမီးဖိုနားမှာနေပြီး ဓားသိုင်းပညာကို လေ့ကျင့်ရလိမ့်မယ်။ မဟုတ်လို့ သမီးက ပြဿနာရှာမယ်ဆိုရင် အဖေက ဂရုစိုက်ရမှာလား၊ ဂရုမစိုက်ရဘူးလား..”

သက်လတ်ပိုင်းလူကြီး ပြောသည့်စကားကို စောင့်မနေဘဲ မိန်းမပျိုက ပြန်ပြောလိုက်သည်။

“အဖေ ဂရုစိုက်ဖို့ မလိုဘူး…”

သူမ၏စကားလုံးများက ထိုလူကြီးကို အတွင်းဒဏ်ရာ ရသွားစေနိုင်လောက်သည်။ ထိုစကားလုံးများက အလွန်ပြင်းထန်လှသည့်အတွက် ဓားအင်မော်တယ်တစ်ယောက်၏ ဝှက်ဖဲကဲ့သို့ အားနည်းနေခြင်း မရှိချေ။ ထိုသက်လတ်ပိုင်းလူကြီးက အရူးမလေး၏ ခေါင်းကို ခေါက်ချင်နေခဲ့သည်။

“အဖေက သမီးနဲ့ ပတ်သက်တဲ့ အရာတွေကို ဂရုမစိုက်လို့ ရမလား…”

သက်လတ်ပိုင်းလူကြီးက အနည်းငယ် ဝမ်းနည်းသွားခဲ့၏။

မိန်းမပျိုလေးကတော့ ထိတ်လန့်နေသော အမူအရာနှင့် ပြောလိုက်သည်။

“ဟမ်…ပန်းကန်လုံးထဲမှာ ဘယ်လိုလုပ်ပြီး နောက်ထပ် ဝက်သားတစ်တုံး ရှိနေရသေးတာလဲ။ သမီးက ဒီနေ့အတွက် ဝေစုကို စားပြီးသွားပြီ။ အဖေ့ကိုပဲ ပြန်ပေးရမလား…”

သက်လတ်ပိုင်းလူကြီးကတော့ ပြန်လှည့်ကြည့်လိုက်ပြီး အရူမလေး၏ သရုပ်ဆောင်စွမ်းရည် ညံ့ဖျင်းမှုကြောင့် ခေါင်းခါလိုက်မိသည်။ သူက မသက်မသာ ပြောလိုက်၏။

“ထားလိုက်ပါတော့။ စားပဲ စားလိုက်။ ဒီနေ့ အသားတစ်တုံးပဲ စားရသေးတယ်လို့ သတ်မှတ်လိုက်မယ်။ နေ့ခင်းပိုင်းကျရင်တော့ ဓားလုပ်ရမယ်။ ထပ်ပြီး မပျင်းနဲ့တော့..”

ယခုတစ်ကြိမ်တော့ မိန်းမပျိုက အတော်လေး ဝမ်းသာသွားခဲ့သည်။

“အဖေက အရမ်းတော်တယ်။ အဖေကမှ အရမ်း‌ကောင်းတာ..”

သက်လတ်ပိုင်းလူကြီးက ဒေါသတကြီး ရယ်လိုက်မိသည်။

“ဒါက ဝက်သားမျက်နှာကြောင့်လား..”

မိန်းမပျိုက ခေါင်းညိတ်ပြီး ထမင်းတစ်လုပ် စားလိုက်ပြန်သည်။ သူမက တိုးတိုးလေး ပြောလိုက်၏။

“အဖေကလည်း ကောင်းပါတယ်..”

သက်လတ်ပိုင်းလူကြီး၏ မျက်နှာက ရှုံ့မဲ့သွားခဲ့၏။ သို့သော် သူ ကိုယ်တိုင်လည်း ရယ်လိုက်မိသည်။ ခဏကြာစဉ်းစားပြီးနောက် သူ့ဆီတွင် သမီးတစ်ယောက်ရှိသည်မှာ ပိုကောင်းသည်ဟု ခံစားမိခဲ့၏။

ရုတ်တရက်ဆိုသလို သူ့နားထဲ၌ အသံတစ်ခုကို ကြားလိုက်ရသည်။

“အဖေ…

ညကျရင် နောက်ထပ်တစ်တုံး စားလို့ရတယ် မဟုတ်လား။ (၂)တုံးနဲ့ (၃)တုံးဆိုတာက ဘာမှမကွဲဘူးလေ။ အဖေ ဘာမှမပြောရင်တော့ လက်ခံတယ်လို့ သတ်မှတ်လိုက်မယ်”

မိန်းမပျိုက လျှပ်စီးကြောင်းတစ်ခုကဲ့သို့ အလွန်လျင်မြန်စွာ ပြေးထွက်သွားခဲ့သည်။ နောက်ဆုံးစကားကတော့ သူမ အဝေးကို ရောက်သွားမှသာ ပြောလိုက်ခြင်း ဖြစ်၏။

သက်လတ်ပိုင်းလူကြီးက ပါး(၂)ဖက်ကို ပွတ်လိုက်ပြီး တစ်ယောက်တည်း ပြောလိုက်မိသည်။

“ရှို့ရှို့ကတော့ တကယ့်ကို အစား နတ်ဘုရားပါလား..”

…………..

ချန်းပင်အန်းက လမ်းကြားလေးများ၊ လမ်းငယ်လေးများထဲတွင် စာပို့ပေးပြီးနောက် မနက်စာဝယ်ပြီး ရွှံ့ပုလင်းလမ်းကြားထဲတွင် မိန်းကလေးနင်ဆီသို့ ပြန်လာပို့ခဲ့သည်။ ထို့နောက် သူက ဆေးရည်ကျိုပေးလိုက်၏။

နင်ယောင်က အစိမ်းရင့်ရောင် အင်္ကျီအသစ်တစ်ထည် ဝတ်ဆင်ထားသည်။ ထိုအင်္ကျီက သန့်ရှင်းသပ်ရပ်နေသည့်အတွက် သူမဆီတွင် သူရဲကောင်းတစ်ယောက်၏ ဝိညာဉ်များ ပြည့်နှက်နေသလို ထင်ရသည်။ ထိုဝတ်စုံနှင့် ခါးတွင်ချိတ်ထားသော ဓားမောက်တို့ကြောင့် သူမ၏ ပုံစံက မက်မွန်ပင်လမ်းကြားနှင့် ဖုလုလမ်းကြားတွင် ရှိနေသော လူချမ်းသားများထက်ပင် ပို၍ အဆင့်မြင့်ပုံရ၏။

နင်ယောင်က ခဏကြာ တွေဝေနေခဲ့သည်။

“အခုအချိန်မှာ နင်က ယောင်ရှန်သိုင်းကျမ်းကို ထပ်ပြီးလေ့လာချင်တယ်ဆိုရင် လက်သီးစွမ်းအားတွေကို မသင်ရသေးခင် အကြောင်းအရာ(၃)ခု သိဖို့လိုတယ်။ အဲဒါကတော့ လမ်းလျှောက်တဲ့ပုံစံနဲ့ အိပ်တဲ့ပုံစံပဲ။ နောက်ဆုံးတစ်ခုကတော့ သွေးကြောမှတ်တွေနဲ့ ချီစွမ်းအား စီးဆင်းမှုတွေကို စုစည်းဖို့ပဲ။ အဲဒါက စကားလုံးနဲ့ပြောဖို့ ခက်တယ်…”

“ဒီတော့ အဲဒီအကြောင်းကို အရင်မပြောတော့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ပထမအရာ(၂)ခုကတော့ ပါရမီမလိုဘူးလို့ သတ်မှတ်နိုင်တယ်။ နင်က ဒီသိုင်းကျမ်းထဲမှာ ဆွဲထားတဲ့ပုံစံတွေအတိုင်း လိုက်နာဖို့ပဲ လိုတယ်။ နင်သာ အချိန်အကြာကြီး ကြိုးစားလိုက်မယ်ဆိုရင် အသုံးဝင်မှာပါ။ တကယ်လို့ နင်က သိုင်းပညာမှာ အဆင့်မြင့်မြင့် မရောက်နိုင်ဘူးဆိုရင်တောင် နင့်ရဲ့ခန္ဓာကိုယ်ကို အဆင့် မြှင့်တင်ဖို့နဲ့ အသက်ရှည်ဖို့ကတော့ လုံးဝမဖြစ်နိုင်တာ မဟုတ်ဘူး…”

ချန်းပင်အန်းကတော့ သူ့အတွေးကို ပြောလိုက်သည်။

“စမ်းချောင်းထဲမှာ လမ်းလျှောက်တာ လေ့ကျင့်လို့ရလား…”

နင်‌ယောင်က ခေါင်းညိတ်ပြလိုက်သည်။

“ရတာပေါ့။ ဒူးလောက်နေရာကနေ စမယ်။ ပြီးရင် ခါးလောက် နေရာကိုသွား။ နောက်ဆုံးမှာတော့ လည်ပင်းလောက် နေရာကို သွားရမယ်…”

သူမ၏စကားကို ကြားသည့်အခါ ချန်းပင်အန်းက ပြန်မေးလိုက်သည်။

“နောက်ဆုံးကျရင် တကိုယ်လုံးက ရေထဲမှာ မြုပ်သွားမှာလား…”

နင်ယောင်က တိုးတိုးလေးရယ်ပြီး ပြောလိုက်သည်။

“ဘာလဲ။ နင်က ရေအောက်ထဲမှာ အသက်အောင့် လေ့ကျင့်ပြီး နှစ်(၁၀၀၀) လိပ်အိုကြီး ဖြစ်ချင်နေတာလား…”

ချန်းပင်အန်းက မကျေမနပ်ဖြစ်သွားသော်လည်း တစ်ခွန်းမျှ ပြန်မပြောခဲ့ပေ။

နင်ယောင်က ခဏကြာ စဉ်းစားနေခဲ့၏။

“လာခဲ့။ ငါက နင့်ကို လမ်းလျှောက်တဲ့ပုံစံ ပြမယ်။ သေချာလိုက်ကြည့်ထား…”

နင်ယောင်က စားပွဲဖယ်ပေးရန် ချန်းပင်အန်းကို ပြောလိုက်သည်။ ထို့နောက် သူမက ရှေ့ကို‌ ခြေလှမ်း(၆)လှမ်း လှမ်းလာခဲ့၏။ ခြေလှမ်းတစ်ခုချင်းဆီတိုင်းတွင် ခြေလှမ်းငယ်(၃)ခုနှင့် ခြေလှမ်းကြီး(၃)ခု ရှိနေသည်။

သူမက နောက်ဆုံးခြေလှမ်းကို လှမ်းလိုက်သည့်အချိန်တွင် အနည်းငယ် အားထည့်ထားသည့် အတွက် အိမ်ငယ်လေး၏ ကြမ်းပြင်တစ်ခုလုံးကပင် လှုပ်ရှားသွားသလို ထင်မှတ်ရသည်။ ထိုမိန်းမပျိုက ထိုအရာကို တစ်ကြိမ်တည်းနှင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ကြည့်ရသည်မှာ ထိုအရာက နားလည်နိုင်ဖွယ်ရာ ရှိပြီး အလွန်ချောမွေ့နေခဲ့သည်။

ထို့ကြောင့် မြက်ဖိနပ်နှင့် လူငယ်လေးက ပြောပြ၍ မရနိုင်သော ခံစားမှုတစ်ခု ရခဲ့၏။ ထိုအရာက ရေတံခွန်းတစ်ခု စီးဆင်းလာသလိုမျိုး သဘာဝ အတိုင်း ဖြစ်ပြီး အလွန်ကြီးမားသော စွမ်းအားများ ပါဝင်နေခဲ့သည်။ ထိုအရာက စမ်းချောင်းထဲတွင် သစ်ရွက်လေးတစ်ရွက် မျောပါနေသလိုမျိုး သိမ်မွေ့ညင်သာလှ၏။ အရာအားလုံးက ချောမွေ့နေပြီး ချန်းပင်အန်းက မည်သို့ လုပ်ဆောင်ရမှန်း သိနေသည်။

လူငယ်လေး၏ အမူအရာကို မြင်သည့်အခါ နင်ယောင်က မူလပုံစံကို ပြန်ပြင်လိုက်ပြီး နောက်တစ်ကြိမ် ပြသလိုက်ပြန်သည်။ နင်ယောင်က ထိုနေရာတွင် ရပ်နေပြီး သူ့ကို ပြန်လှည့်၍ မေးလိုက်သည်။

“နင်က နားလည်ပြီလား။ ကြိုးစားကြည့်ချင်လား…”

ချန်းပင်အန်းက သက်ပြင်းချလိုက်ပြီး နောက်တစ်ကြိမ် ကြိုးစားကြည့်လိုက်သည်။ သူ့ပုံစံက အရက်မူးသမား တစ်ယောက်ကဲ့သို့ ဒယိုင်းဒယိုင် ဖြစ်နေခဲ့၏။ ချန်းပင်အန်းက နေရာတွင်ရပ်၍ ခေါင်းကုတ်နေခဲ့သည်။ သူ့ပုံစံက အနည်းငယ် ဆိုးရွားကြောင်း ခံစားမိနေ၏။

နင်ယောင်၏ မျက်နှာကတော့ မည်းမှောင်သွားခဲ့သည်။ သူမက လေးလေးနက်နက် ပြောလိုက်၏။

“နောက်တစ်ကြိမ် ထပ်လုပ်…”

(၃)ကြိမ် လုပ်ဆောင်ပြပြီးနောက် ချန်းပင်အန်း၏ အခြေအနေက အနည်းငယ် တိုးတက်လာခဲ့သည်။ သို့သော် နင်ယောင်၏ မျက်နှာကတော့ မည်းမှောင်နေပြီး မုန်တိုင်းထန်တော့မလို ဖြစ်လာခဲ့သည်။ ဤကမ္ဘာကြီးထဲတွင် ချန်းပင်အန်းကဲ့သို့ ငတုံးတစ်ယောက် ရှိနေကြောင်း သူမလည်း မထင်ထားခဲ့ပေ။ သူက သိုင်းပညာနှင့် ပတ်သက်လာလျှင် လုံးဝ နားလည်နိုင်စွမ်းမရှိဘဲ သူ၏ ပါရမီက အလွန်ဆိုးရွားလှသည်။ တခြားနည်းလမ်းလည်း မရှိတော့ချေ။

နင်ယောင်ကတော့ ငယ်စဉ်ကတည်းက ဓားတာအို၏ အထွဋ်အထိပ်တွင် ရပ်တည်နေသော လူတစ်ယောက် ဖြစ်သည်။ သူမ၏နောက်ခံအုတ်မြစ်၊ ပါရမီနှင့် အမြင်တို့ကလည်း ထိုကဲ့သို့သာ ဖြစ်သည်။

ထို့ကြောင့် တောင်ခြေမှ လူများက တောင်ထိပ်ပေါ်ကို မည်သို့ တစ်လှမ်းချင်းဆီ တက်လာခဲ့ကြောင်း သူမက နားမလည်နိုင်ခဲ့ပေ။ သူတို့က သူမနှင့် မိုင်ထောင်ပေါင်းများစွာ အကွာတွင် ရှိနေကြ၏။ ထိုသူများက ဘာကြောင့် ရုန်းကန်နေရကြောင်းလည်း သူမက နားမလည်နိုင်ခဲ့ပေ။

အဆုံးတွင်တော့ ထိုမိန်းကလေးက စိတ်ကုန်သွားခဲ့သည်။ သူမက ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ဘဲ သူတို့ကို ဓားနှင့်ခုတ်မိမှာ စိုးရိမ်သွားခဲ့သည်။ ထို့ကြောင့် သူမဆီတွင် အကြံတစ်ခု ရသွားခဲ့၏။

သူမက လူငယ်၏ပုခုံးကိုပုတ်ပြီး သူ့ကို နှစ်သိမ့်ပေးလိုက်သည်။

“ချန်းပင်အန်း…

စာကြောင်းတစ်ကြောင်းကို အကြိမ်(၁၀၀) ဖတ်လိုက်မယ်ဆိုရင် အဓိပ္ပာယ်ကို နားလည်လာနိုင်တယ်။ သိုင်းပညာ လေ့ကျင့်တာလည်း အတူတူပဲ။ တကယ်လို့ နင်က အကြိမ်(၁)သောင်း လေ့ကျင့်လို့ မအောင်မြင်ဘူးဆိုရင် အကြိမ် (၁)သိန်း ၊ အကြိမ် (၁)သန်းအထိ လေ့ကျင့်လို့ရတယ်။ နင်က ကျောက်တုံး သွားကောက်လိုက်။ ဘာမှ စိတ်ပျက်မနေနဲ့။ ဖြည်းဖြည်းချင်းပဲ ကြိုးစားကြည့်လိုက်။ ဒီခြေလှမ်းကွက်တွေကို စမ်းချောင်းထဲမှာ အကြိမ်ကြိမ် လေ့ကျင့်ကြည့်…”

ချန်းပင်အန်းက စဉ်းစားကြည့်လိုက်ပြီး ထိုအရာက အမှန်ဖြစ်ကြောင်း ခံစားမိခဲ့သည်။ စုန့်ကျိရှင်းကလည်း မိန်းကလေးနင်ကဲ့သို့ တူညီသော စကားကို ပြောခဲ့ဖူးသည်။ စာအုပ်တစ်အုပ်ကို အကြိမ် (၁)သောင်းခန့် ဖတ်ရှုခြင်းနှင့် နတ်ဘုရားတစ်ပါးကဲ့သို့ စာရေးခြင်းမျိုး ဖြစ်သည်။ သို့‌သော် မိန်းကလေးနင် ပြောသောစကားက ပို၍ ကျိုးကြောင်းဆီလျော်ကြောင်း လူငယ်လေးက ခံစားမိခဲ့သည်။

အကယ်၍ အကြိမ် (၁)သောင်း၊ အကြိမ် (၁)သိန်းနှင့် မလုံလောက်လျှင် အကြိမ် (၁)သန်းခန့် လေ့ကျင့်ရမည် ဖြစ်သည်။

ချန်းပင်အန်းက ပြုံးလိုက်ပြီး ရွှံ့ပုလင်းလမ်းကြားထဲမှ ပြေးထွက်သွားခဲ့၏။ လမ်းတစ်လျှောက်တွင်တော့ သူက ခြေလှမ်းငယ်(၃)လှမ်းနှင့် ခြေလှမ်းကြီး(၃)လှမ်းဟူသော စကားလုံးကိုသာ အကြိမ်ကြိမ် ရွတ်ဆိုသွားခဲ့သည်။ သူက မိန်းကလေးနင်၏ ခြေလှမ်းကွက်များကို သူ မှတ်ထားသည့် မှတ်ဉာဏ်ထဲကအတိုင်း ကြိုးစား တုပနေခဲ့သည်။

လူငယ်၏ ရင်ထဲတွင်လည်း တစ်ယောက်တည်း ပြောနေခဲ့၏။ အကြိမ်(၁)သန်း လေ့ကျင့်ပြီးသွားလျှင် သူက လက်သီးသိုင်းပညာကို ကျွမ်းကျင်လာပါလိမ့်မည်။ ထို့ကြောင့် ယောင်ရှန်သိုင်းကျမ်းကို လေ့ကျင့်ရသည့် စမှတ်က အကြိမ် (၁)သန်းဖြစ်၏။ ထို့နောက်တွင်မှ ချန်းပင်အန်းက တခြားအရာများကို စကားပြောရန် အရည်အချင်းမီလာလိမ့်မည်။

နင်ယောင်က လှေကားထစ်တွင် ထိုင်နေပြီး တစ်ယောက်တည်း တီးတိုး ရေရွတ်နေခဲ့သည်။

“ငါက ဘာလို့ တွင်းကြီးတစ်တွင်း တူးနေရသလို ခံစားနေရတာလဲ။ ဒီကောင်လေးက ထွက်မလာနိုင်တော့တာများလား…”

All Chapters