← Chapters

အခန်း (၄၂)

Vol. 3 Ch. 42

အခန်း (၄၂)

Vol. 3 Ch. 42

မြို့အပြင်ဘက်မှနေ၍ မရင်းနှီးသော မျက်နှာပေါင်းများစွာ ရောက်လာခဲ့ကြပြီး မြို့ငယ်လေးထဲတွင် ရှိနေသော တည်းခိုဆောင်များ၊ စားသောက်ဆိုင်များက စည်ကားနေကြသည်။

တစ်ချိန်တည်းတွင် ဖုလုလမ်းကြားနှင့် မက်မွန်ပွင့်လမ်းကြားထဲတွင် ရှိနေသော အဆင့်မြင့်မိသားစုများမှ လူငယ်လေးများကတော့ မြို့လေးထဲမှ တိတ်တဆိတ် ထွက်ခွာသွားနေကြ၏။ အများစုက ငယ်ရွယ်ပြီး ဉာဏ်ကောင်း၏။ ထိုအထဲတွင် ကိုယ်လုပ်တော်၏သားများ၊ သစ္စာရှိအမတ်များ၏ သားများလည်း ပါဝင်နေကြသည်။

အဆင့်မြင့်မိသားစု၏ သားတစ်ယောက်ဖြစ်သော ကျိုးယောင်လည်း အပါအဝင်ဖြစ်ခဲ့သည်။ ရွှံ့ပုလင်းလမ်းကြားထဲမှ ကလေးငယ် ကုစန့်ကိုတော့ လျှိုကျစ်မောက်က ရွေးချယ်သွားခဲ့သည့်အတွက် သူကတော့ ချွင်းချက်ဖြစ်သည်။

ချန်းပင်အန်းက လျှိုရှန်းယန်၏အိမ်သို့သွားပြီး ငါးဖမ်းရန် ခြင်းတောင်းတစ်ခုယူ၍ မြို့ငယ်လေးထဲမှ စမ်းချောင်းဆီသို့ ထွက်သွားခဲ့သည်။ လူပေါင်းများစွာ ရှိနေသည့် အချိန်တွင် ချန်းပင်အန်းက ယောင်ရှန်သိုင်းကွက်၏ ခြေလှမ်းကွက်များကို လေ့ကျင့်နိုင်ခဲ့ခြင်း မရှိချေ။

သူ မြို့ငယ်လေးထဲမှ ထွက်သွားသည်နှင့် အနားတွင် မည်သူမျှမရှိကြောင်း တွေ့လိုက်ရသည့်အခါ ညွှန်ကြားချက်များကို စတင်ရွတ်ဆိုနေပြီး မိန်းကလေးနင်၏ ခြေလှမ်း၊ ပုံစံနှင့် အငွေ့အသက်များကို ပြန်လည်စဉ်းစားကြည့်နေခဲ့သည်။ သူက အသေးစိတ်တစ်ခုမျှ လွတ်မြောက်သွားခဲ့ခြင်း မရှိဘဲ ခြေလှမ်း(၆)လှမ်းကို အကြိမ်ကြိမ် လှမ်းကြည့်နေခဲ့သည်။

ချန်းပင်အန်းက ရွှံ့ပုလင်းလမ်းကြားထဲရှိ အိမ်ထဲတွင် ပထမဆုံးအကြိမ် နင်ယောင်၏ပုံစံအတိုင်း လုပ်ဆောင်ခဲ့သည့်အချိန်၌ အတော်လေးကို ကိုးရို့ကားယားဖြစ်နေပြီး သာမန်လူတစ်ယောက်ထက်ကို ပို၍ဆိုးရွားနေသည့်အတွက် ရယ်စရာကောင်းခဲ့သည်။

အမှန်အတိုင်းပြောရလျှင် ထိုအရာက လူငယ်နှင့် မိန်းမပျို၏ ကြားထဲတွင် နားလည်မှုလွဲခြင်းသာဖြစ်၏။ ချန်းပင်အန်းက သူ့ဆီတွင် ပြဿနာတစ်ခုရှိကြောင်း အမြဲတမ်း သိနေခဲ့သည်။ ကြွေထည်မီးဖိုကြီးထဲတွင် အလုပ်လုပ်ခဲ့သည့် အချိန်ကတည်းကစပြီး သူ့မျက်လုံးက ကောင်းမွန်သော်လည်း လက်(၂)ဖက်က နှေးကွေးကြောင်း နားလည်ခဲ့သည်။

တိတိကျကျ ပြောရမည်ဆိုလျှင် ထိုလူငယ်လေး၏မျက်လုံးနှင့် အမြင်အာရုံက အလွန်ထူးခြားလွန်းလှပြီး လက်နှင့်ခြေထောက်က လိုက်မမီခြင်းဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်ကသာ နင်‌ယောင်၏ လှုပ်ရှားမှုများကို တုပလုပ်ဆောင်မည်ဆိုလျှင် သူတို့က (၃၀)၊ (၄၀)ရာခိုင်နှုန်းခန့် တူညီကောင်းတူညီနိုင်သည်။ ချန်းပင်အန်းကတော့ (၂၀) ရာခိုင်နှုန်းပင် တူညီနေခြင်း မရှိချေ။

ထိုအရာကလည်း ချန်းပင်အန်းက လှုပ်ရှားမှုကို အသေးစိတ် ရှင်းရှင်းလင်းလင်း မြင်လိုက်ရခြင်းကြောင့်ဖြစ်ပြီး ခြေလှမ်းတိုင်းက အလွန်တိကျနေခြင်းကြောင့်ဖြစ်သည်။ သူ၏ လက်နှင့်ခြေထောက်က အမီမကြိုးစားနိုင်သည့် အချိန်တွင် ရယ်စရာကောင်းသွားခဲ့ခြင်း ဖြစ်သည်။ သူသာ သေချာနားလည်သွားလျှင် တစ်ထပ်တည်း ဖြစ်သွားနိုင်၏။

နင်ယောင်က ထိုအရာကို မသိခဲ့ပေ။ အကယ်၍ ယောင်ရှန်သိုင်းကျမ်းကို (၉၀)ရာခိုင်နှုန်းခန့် တူညီနေမည်ဆိုလျှင်ပင် ထိုအရာကတော့ တစ်ထပ်တည်း ကောင်းမွန်လိမ့်မည် မဟုတ်ချေ။ အကယ်၍ သူမကသာ ထိုစာအုပ်အတိုင်း (၇၀)ရာခိုင်နှုန်း (၈၀)ရာခိုင်နှုန်း တူညီနေမည်ဆိုလျှင် အံ့သြနေလိမ့်မည် မဟုတ်ချေ။

နင်ယောင်က အနည်းငယ်လေး ပြင်ဆင်ခြင်းသာ ရှိနိုင်သည်။ နင်ယောင်၏ မျက်လုံးထဲတွင်တော့ ချောင်ကျသော သိုင်းပညာလမ်းကြောင်း၊ ဘေးချင်းယှဉ်၍ ရပ်နေသော လူများနှင့် ဓားပညာ၏ အထွဋ်အထိပ်သာရှိသည်။

ချန်းပင်အန်းက အမိုးတံတား၏လှေကားထစ်တွင် ထိုင်ပြီး အနားယူနေခဲ့သည်။ လူငယ်လေးက စိတ်ထဲတွင် သေချာတွက်ချက်ကြည့်နေခဲ့၏။ အကယ်၍ သူကသာ ယောင်ရှန်သိုင်းကွက်ကို တစ်နေ့လျှင် (၁၀)နာရီမှ (၁၂)နာရီအထိ လေ့ကျင့်လိုက်မည်ဆိုလျှင် အကြိမ်(၃၀၀)သာ လေ့ကျင့်နိုင်ပါလိမ့်မည်။ တစ်နှစ်လျှင် အကြိမ်တစ်သိန်းခန့် လေ့ကျင့်နိုင်၏။ (၁၀)နှစ်ပြည့်မှသာ အကြိမ်တစ်သန်း လေ့ကျင့်နိုင်ပါလိမ့်မည်။

လူငယ်လေးက ကြည်လင်နေသော စမ်းချောင်းကို လှည့်ကြည့်ပြီး တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်၏။

"ငါက (၁၀)နှစ်လောက်တော့ ခံနိုင်ရည်ရှိဦးမယ် မဟုတ်လား ..."

ဤအချိန်အတောအတွင်း ချန်းပင်အန်းဆီတွင် ထူးဆန်းသည့်ခံစားချက်များ ပေါ်မလာခဲ့သော်လည်း တာအိုသခင်လုက ထွက်မသွားခင် ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များနှင့် ချိုက်ကျင်းကျန့်၏ ကြောက်စရာနည်းလမ်းများကို တစ်ခုချင်းဆီ ပြောပြခဲ့သည်။ ထို့ကြောင့် လူငယ်လေးက စိတ်ထဲတွင် လေးလံနေသလို ခံစားနေရ၏။

ချန်းပင်အန်းက တာအိုသခင်လုနှင့် မိန်းကလေးနင်တို့ကို မပြောပြခဲ့သော အရာတစ်ခု ရှိသည်။ ချိုက်ကျင်းကျန့်က သူ၏မျက်ခုံးကြားထဲကို ပုတ်ပြီး ရင်ဘက်ကို ရိုက်ခဲ့ပြီးနောက် သူ၏ခန္ဓာကိုယ်ထဲတွင် တစ်စုံတစ်ခု လွဲမှားနေကြောင်း ခံစားခဲ့ရသည်။ ထို့ကြောင့်လည်း သူက ခြံဝင်းထဲတွင် အချိန်တော်တော်ကြာရပ်နေခဲ့ခြင်းဖြစ်၏။ မည်သို့ဖြစ်စေကာမူ သူက ချိုက်ကျင်းကျန့်ကို တိုက်ခိုက်ရန် ဆုံးဖြတ်ချက်ချထားပြီးသား ဖြစ်သည်။

ထိုအချိန်တွင် တာအိုသခင်လု၏ စကားအရ ချန်းပင်အန်း၏ပုံစံက လုံးဝကို အသက်ကင်းမဲ့နေခဲ့၏။ သူက တက်ကြွမှုများ ပြည့်နေခဲ့သော လူငယ်လေး တစ်ယောက်နှင့် မတူခဲ့ပေ။ သေရေးရှင်ရေးကိစ္စနှင့် ပတ်သက်လာသည့်အချိန်တွင် ချန်းပင်အန်က လူအများစုကို အလေးမထားနိုင်တော့ပေ။

ချိုက်ကျင်းကျန့်က သိုင်းပညာကို အသုံးပြုပြီး မြက်ဖိနပ်နှင့် လူငယ်လေး၏ သွေးကြောမှတ်ကို အတင်းအကြပ် ဖွင့်ပေးလိုက်သည်။ ထို့ကြောင့် ချန်းပင်အန်း၏ ခန္ဓာကိုယ်က တံခါးမရှိသော အိမ်တစ်လုံးကဲ့သို့ ဖြစ်လာခဲ့၏။ သူက လွတ်လပ်စွာ သွားလာနိုင်ပြီး ပစ္စည်းများကို သိမ်းဆည်းနိုင်သော်လည်း မုန်တိုင်းကျလာသည့် အချိန်တွင်တော့ ထိုအိမ်က လျင်မြန်စွာ ပြိုကျသွားနိုင်သည်။

ထို့ကြောင့် ကြီးကြီးမားမားရောဂါမရလျှင်ပင် ချန်းပင်အန်းကတော့ နှစ်ပေါင်း(၃၀)၊ (၄၀)ခန့်သာ အသက်ရှင်နိုင်ပါလိမ့်မည်။ ထို့နောက် သူမက ချန်းပင်အန်း၏ ရင်ဘတ်ကို ရိုက်ခဲ့ပြီး သူ၏ကျင့်ကြံမှုအုတ်မြစ်ကို ဖျက်ဆီးပစ်ခဲ့သည်။

နှလုံးသားက ချီကျင့်ကြံသူတစ်ယောက်အတွက် သော့ချက်ဖြစ်သည်။ တံခါးကိုဖျက်စီးသွားပြီးနောက် ချိုက်ကျင်းကျန့်က ပုံမှန်သွားလာနိုင်သည့်လမ်းကိုလည်း ပိတ်ဆို့ထားခဲ့သည်။ သူမက ချန်းပင်အန်း၏ ကျင့်ကြံခြင်းလမ်းကြောင်းကို ဖျက်ဆီးခဲ့သည့်အပြင် ချန်းပင်အန်း၏ ခန္ဓာကိုယ်ပျက်စီးမှုကိုလည်း အရှိန်မြန်သွားအောင် လုပ်ဆောင်ခဲ့သည်။

ချိုက်ကျင်းကျန့်၏ လုပ်ရပ်(၂)ခုစလုံးက အလွန်ကြောက်စရာကောင်းလွန်းလှ၏။ တစ်ဖက်တွင်တော့ ချန်းပင်အန်းက အင်မော်တယ်လမ်းစဉ်ကို ကျင့်ကြံနိုင်ခြင်း မရှိတော့ချေ။ ထို့ကြောင့် သူက မှော်အစွမ်းများကို အသုံးပြုပြီး တံခါးကို ပြန်ပြင်နိုင်ခြင်း မရှိတော့သလို သူ၏အုတ်မြစ်ကို အားဖြည့်ရန်လည်း မဖြစ်နိုင်တော့ပေ။

တစ်ဖက်တွင်တော့ ထိုလူငယ်လေးကသာ သိုင်းပညာကျင့်ကြံမှုတွင် မြင့်မားသော အဆင့်တစ်ခုအထိ ရောက်ရှိနိုင်မည်ဆိုလျှင်တော့ သူ၏ခန္ဓာကိုယ်ကို အဆင့်မြင့်လာအောင် သန့်စင်နိုင်ပါလိမ့်မည်။

ချန်းပင်အန်းအတွက်တော့ စွန်စားမှုများက အခွင့်အရေးများနှင့် အတူပါလာခဲ့သည်။ အကယ်၍ သူသာ ဂရုမစိုက်လျှင် အလွန်အကျွံ လေ့ကျင့်ရသော်လည်း အရာမထင် ဖြစ်သွားနိုင်သည်။ သူက အသက်ကို ဆွဲဆန့်ရန် မအောင်မြင်နိုင်သလို စောစောလည်း သေဆုံးသွားနိုင်သေး၏။

အရေးကြီးသော ကိစ္စတစ်ခုကတော့ ချန်းပင်အန်းက သူ၏အသက်စွမ်းအားကို အားဖြည့်ပေးနိုင်သော သိုင်းကျမ်းတစ်ခု လိုအပ်နေခဲ့သည်။ ထိုသိုင်းကျမ်း၏ သိုင်းကွက်များက ကြောက်စရာကောင်းသည်ဖြစ်စေ နူးညံ့သည်ဖြစ်စေ သိုင်းအဆင့်ကို မြှင့်တင်ပေးနိုင်သည်ဖြစ်စေ မပေးနိုင်သည်ဖြစ်စေ အရေးမကြီးတော့ပေ။

ချန်းပင်အန်း၏ မျှော်လင့်ချက်များအားလုံးက နင်ယောင် သဘောမကျသော ယောင်ရှန်သိုင်းစာအုပ်ပေါ်တွင်သာ ရှိနေခဲ့သည်။ ဥပမာအနေနှင့် ပြောရလျှင် သူမက ခြေလှမ်းကွက်အကြောင်းကို ပြောလိုက်ပြီးနောက် အိပ်စက်ခြင်းပုံစံများထဲမှ ပုံစံတချို့နှင့် နှစ်တစ်ထောင် အခြေအနေကိုလည်း ပြောပြခဲ့သေးသည်။ သို့သော် ချန်းပင်အန်းကတော့ ထိုအရာကို အလေးမဲ့ လေ့ကျင့်ရဲခြင်းမရှိချေ။

ထိုအချိန်တွင် သူက အကြိမ်အနည်းငယ်သာ ကြည့်လိုက်ပြီး ဆက်လက်ကြည့်ရန် စိတ်ကို ထိန်းချုပ်ထားခဲ့သည်။ မိန်းကလေးနင်က သူ့ကို စစ်ဆေးကြည့်ပြီး သူ၏လေ့ကျင့်မှုတွင် အမှားမရှိကြောင်း သေချာမှသာ ဆက်၍လေ့ကျင့်ချင်ခဲ့သည်။

လူတစ်ယောက်ကသာ လမ်းကြောင်းမှန်ပေါ်၌ လျှောက်လှမ်းနေသည်ဆိုလျှင် နားလည်မှု မည်မျှနိမ့်ပါးစေကာမူ ဝိရိယရှိရှိ ကြိုးစားလိုက်သည်နှင့် တစ်ရက်ချင်းဆီ တိုးတက်လာနိုင်သည်။ အကယ်၍လူတစ်ယောက်ကသာ လမ်းမှားပေါ်သို့ လျှောက်လှမ်းလိုက်မည်ဆိုရင်တော့ ဉာဏ်ကောင်းလေလေ ပို၍ကြိုးစားလေလေ အမှားများများ လုပ်မိလေဖြစ်သည်။ ထိုစကားလုံးများကို လျှိုရှန်းယန်က ပြောခဲ့ခြင်းဖြစ်၏။ သို့သော် သူကတော့ နောက်ဆုံးစကားလုံးကိုသာ အလေးထားခဲ့ခြင်း ဖြစ်သည်။

"မင်း ချန်းပင်အန်းက ပထမ အမျိုးအစား လူတစ်ယောက်ပဲ။ ဟိုခွေးကောင်စုန့်မျိုးရိုးက ဒုတိယအမျိုးအစားပဲ။ ငါ လျှိုရှန်းယန်ကတော့ လမ်းကြောင်းမှန်ပေါ်မှာ လမ်းလျှောက်နေတဲ့ လူတစ်ယောက်ပဲ…"

လျှိုရှန်းယန်က သူ့ကိုယ်သူ မြှောက်ပင့်၍ ပြောဆိုနေခဲ့ချိန်တွင် ထိုစကားကို အဘိုးယောင်က မတော်တဆ ကြားသွားခဲ့သည်။ အဘိုးအိုက လျှိုရှန်းယန်ကို သူ့အတွက် ဂုဏ်ယူရသော တပည့်တစ်ယောက်အဖြစ် သတ်မှတ်ထားခဲ့၏။

ထိုလူငယ်လေး၏ စကားလုံးက အဘိုးအို၏ အားနည်းချက်ကို မည်သို့ဖိနှိပ်မိခဲ့ကြောင်း သူလည်း မသိခဲ့ပေ။ အဘိုးယောင်က ဒေါသတကြီး ပြေးလာပြီး လျှိုရှန်းယန်၏ နောက်မှလိုက်၍ အပြင်းအထန်ရိုက်ခဲ့သည်။ နောက်ပိုင်း လျှိုရှန်းယန်က ထိုစကားကို လုံးဝမပြောတော့ပေ။

ချန်းပင်အန်းက သက်ပြင်းမောကြီးများ မှုတ်ထုတ်လိုက်ပြီး လှေကားတွင် မတ်တပ်ရပ်လိုက်၏။ သူက အမိုးတံတား၏ အရိပ်အောက်ကို ရောက်လာပြီးနောက် အဝေးတွင် အဖွဲ့တစ်ဖွဲ့ရှိနေကြောင်း တွေ့လိုက်ရသည်။ သူတို့က လူ(၄)ယောက်၊ (၅)ယောက်ခန့် ရပ်နေပြီး မိန်းမပျိုတစ်ယောက်ကို ကာကွယ်စောင့်ကြပ်ပေးနေကြသည်။ ချန်းပင်အန်းက မိန်းမပျို၏ ခန္ဓာကိုယ်ဘေးဘက်ခြမ်းကိုသာ မြင်နေရသည်။

သူမက အမိုးတံတား၏ လက်ရန်းပေါ်တွင် ထိုင်နေပြီး သူမ၏ခြေထောက်(၂)ဖက်ကို စမ်းချောင်း၏ မျက်နှာပြင်ပေါ်တွင် တွဲလောင်းချထားသည်။ သူမက အနားယူနေသည့်အလား မျက်လုံးမှိတ်ထားခဲ့၏။ လက်(၅)ချောင်းကလည်း ထူးဆန်းသော ပုံစံနှင့်ရှိနေပြီး လက်ချောင်းလေးများကို အချင်းချင်း ထိထားခဲ့သည်။

သူမက မျက်လုံးမှိတ်နေသော်လည်း တစ်စုံတစ်ခုကို အာရုံစိုက်နေကြောင်း ချန်းပင်အန်းက ခံစားမိခဲ့၏။ ချန်းပင်အန်းက ခဏကြာစဉ်းစားနေပြီး ရှေ့ဆက်မသွားခဲ့ပေ။ သူက ပြန်လှည့်ပြီး စမ်းချောင်းကို ဖြတ်သွား၍ လျှိုရှန်းယန်ကိုရှာရန်သာ စဉ်းစားလိုက်သည်။

ယနေ့ သူက ခြင်းတောင်းအကြီး၊ အသေးတစ်လုံးဆီကို သယ်ဆောင်ထားသည်။ သူက ခြင်းတောင်းအသေးကို ဆရာရွမ်၏ပန်းပဲဖိုဆီကို ပြန်ပေးချင်ခဲ့၏။ မည်သို့ဖြစ်စေကာမူ လျှိုရှန်းယန်က ငှားထားခဲ့ခြင်းဖြစ်သည်။

ထိုလူငယ်လေး ပြန်လှည့်သွားသည်ကို မြင်သည့်အခါ အမိုးတံတား‌ပေါ်တွင် ရှိနေသော အဖွဲ့က အချင်းချင်း ပြုံးလိုက်မိကြသည်။ သူတို့က စကားတစ်ခွန်းမျှ မပြောခဲ့ပေ။ သူတို့ကြောင့် မိန်းမပျို၏စိတ်အခြေအနေ အနှောင့်အယှက်ဖြစ်သွားမှာကို စိုးရိမ်နေကြ၏။

ထိုအနှစ်သာရများ၏အုတ်မြစ်က ဗုဒ္ဓလမ်းစဉ်မှ ဆင်းသက်လာခြင်းဖြစ်သည်။ ထိုအရာကို သံသယဝင်စရာ မလိုအပ်ပေ။ သို့သော် နောက်ပိုင်းတွင်တော့ ကျင့်ကြံရေးဂိုဏ်းများက ထိုအရာကို အတုယူ၍ ရွေးချယ်ပြီး ပေါင်းစပ်ကြသည်။ အဆုံးတွင်တော့ လမ်းကြောင်းများစွာအဖြစ် ခွဲထွက်လာခဲ့၏။

သို့သော် အရှေ့ပိုင်းကုန်းမြေကြီးက နောက်ဆုံးဗုဒ္ဓနယ်မြေဟု သတ်မှတ်ခဲ့ကြသည်။ ဗုဒ္ဓသုတ်သင်ရေးကပ်ဆိုးကြီးများက ကုန်းမြေကြီး၏ တစ်ဝက်နီးပါးခန့်ကို သက်ရောက်ခဲ့ပြီးနောက် ဗုဒ္ဓလမ်းစဉ် အနှစ်သာရများက နှစ်ပေါင်းတစ်ထောင်နီးပါးခန့် လျော့ကျသွားခဲ့ရ၏။ သူ၏လွှမ်းမိုးမှုကလည်း ကွန်ဖြူးရှပ် လမ်းစဉ်နှင့် တာအိုလမ်းစဉ်ထက် နိမ့်ကျလာခဲ့သည်။

"ငါတို့က တာအိုဘိုးဘေးတွေနဲ့ ကွန်ဖြူးရှပ်သူတော်စင်တွေကိုပဲ ကြားဖူးတယ်။ ဓမ္မစောင့်ရှောက်သူတွေနဲ့ ဘုန်းတော်ကြီးတွေအကြောင်းကိုတော့ မသိဘူး ... "

ထိုအရာက အရှေ့ပိုင်းကုန်းမြေကြီး၏ အစစ်အမှန် အခြေအနေလည်းဖြစ်သည်။ သို့သော် ဗုဒ္ဓအနှစ်သာရများမှ အကျိုးအမြတ်ရှိခဲ့သော ဂိုဏ်းပေါင်းများစွာ ရှိနေခဲ့သည်။

ချန်းပင်အန်းက သူ၏ဘောင်းဘီကို လိပ်တင်လိုက်ပြီး စမ်းချောင်းထဲမှ ဖြတ်သွားခဲ့သည်။ ရုတ်တရက်ဆိုသလို သူက အမိုးတံတား၏ တခြားတစ်ဖက်မှနေ၍ ဒေါသတကြီး အော်ဟစ်သံများကို ကြားလိုက်ရ၏။

သူက ခဏစဉ်းစားကြည့်လိုက်ပြီး ထိုအရာနှင့် မပတ်သက်ရန် ဆုံးဖြတ်လိုက်သည်။ သူက ဆရာရွမ်၏ ပန်းပဲဖိုသို့ ရောက်လာခဲ့သည့်အချိန်တွင် မြင်ကွင်းများက ပြောင်းလဲနေခဲ့သည်။

ချန်းပင်အန်းက လှည့်ပတ်သွားခဲ့ခြင်း မရှိချေ။ သူက ရေတွင်းတစ်ခု၏အနားတွင် ရပ်နေပြီး လျှိုရှန်းယန်ကို ရှာရန် လူတစ်ယောက်ကို အကူအညီတောင်းလိုက်၏။ သူက အချိန်တော်တော်ကြာ စောင့်ရမည်ဟု တွေးထားခဲ့သော်လည်း လျှိုရှန်းယန်က လျင်မြန်စွာ ရောက်လာပြီး သူ့ကိုစမ်းချောင်းအနားသို့ ခေါ်သွားခဲ့သည်။

သူက အသံတိုးတိုးနှင့် ပြောလိုက်၏။

"ငါက မင်းကိုစောင့်နေတာ တော်တော်ကြာနေပြီ။ မင်းက ဘာလို့ အခုမှလာရတာလဲ…"

ချန်းပင်အန်းက အံ့သြသွားခဲ့၏။

"ဆရာရွမ်က ခြင်းတောင်း ပြန်ယူခဲ့ဖို့ ပြောနေလို့လား…"

အရပ်ရှည်ရှည်လူငယ်လေးက မျက်ခုံးပင့်၍ ပြောလိုက်သည်။

"ဒီခြင်းတောင်းအစုတ်က ဘာများတန်ဖိုးရှိလို့လဲ။ ငါ့မှာ မင်းကို အရေးတကြီး ပြောစရာရှိတယ်။ မင်းက ကျောက်တုံးတွေ ကောက်ပြီးသွားရင် ငါ့အိမ်ကို သွားလိုက်။ ပြီးတော့ အမျိုးသမီးက မင်းဆီကို လာရှာတဲ့အထိ စောင့်နေလိုက်။ သူ့မှာ အနီရောင်အင်္ကျီ ဝတ်ထားတဲ့ သားတစ်ယောက်ရှိတယ်လေ။ ငါတို့က အရင်တစ်ခေါက် ရွှံ့ပုလင်းလမ်းကြားရဲ့ ဝင်ပေါက်မှာတောင် သူတို့သားအမိကို တွေ့ခဲ့သေးတယ်။ သူ ရောက်လာတဲ့အချိန်ကျရင် ဘာမှပြောမနေနဲ့။ သေတ္တာကိုသာ ပေးလိုက်။ သူက မင်းကိုငွေတစ်အိတ်ပေးလိမ့်မယ်။ အဲဒါကို သေချာရေဖို့ မမေ့နဲ့။ စုစုပေါင်း ကြေးပြား(၂၅)ပြား ... တစ်ပြားမှ မလျော့စေနဲ့…"

ချန်းပင်အန်းက ထိတ်လန့်သွားခဲ့သည်။

"လျှိုရှန်းယန် …

မင်း ရူးနေပြီလား။ ဘာလို့ မင်းရဲ့ပိုင်ဆိုင်မှုတွေကို အပြင်လူတစ်ယောက်ဆီ ရောင်းရတာလဲ.."

လျှိုရှန်းယန်က လည်ပင်းကို ပွတ်လိုက်ပြီး သူ့ကိုစိုက်ကြည့်လိုက်သည်။ သူက ပြောလိုက်၏။

"မင်းက ဘာသိလို့လဲ။ ငါ့ရှေ့မှာ ကောင်းမွန်တဲ့ အနာဂတ်တစ်ခု စောင့်ကြိုနေတာ။ ငါက ဘာလို့ အလွတ်ပေးရမှာလဲ…"

ချန်းပင်အန်း၏ မျက်နှာပေါ်တွင် သံသယများ ပြည့်နှက်နေသည်။ ထိုအရာက လျှိုရှန်းယန်၏ အစစ်အမှန် ရည်ရွယ်ချက် မဟုတ်ကြောင်း သူက ယုံကြည်နေခဲ့၏။

လျှိုရှန်းယန်က သက်ပြင်းချပြီး တီးတိုးပြောလိုက်သည်။

"အဲဒီအမျိုးသမီးက ငါ့မိသားစုရဲ့ဘိုးဘေးချပ်ဝတ်အင်္ကျီကို ဝယ်ချင်နေတာ။ တခြားပညာရှင်တစ်ယောက်ကတော့ ငါ့ရဲ့ဓားသိုင်းကျမ်းကို လိုချင်နေတာ။ ငါ့အဘိုး မသေခင် ငါ့ကိုမှာခဲ့တယ်။ တကယ်လို့ ရွေးချယ်စရာမရှိတော့ရင် ချပ်ဝတ်အင်္ကျီကို ရောင်းလို့ရတယ်။ ဒါပေမယ့် ငါ သေသွားမယ်ဆိုရင်တောင် ဓားသိုင်းကျမ်းကို လုံးဝမရောင်းရဘူး။ ငါက ချပ်ဝတ်အင်္ကျီကို အဲဒီအမျိုးသမီးဆီ ရောင်းဖို့ သဘောတူထားတယ်။ ဈေးနှုန်းဆွေးနွေးတဲ့အပြင် ငါက သူ့ဆီကနေ သဘောတူညီမှုတစ်ခု တောင်းထားတယ်။ သူက ချပ်ဝတ်အင်္ကျီကို ရပြီးသွားရင် အဲဒီအဘိုးကြီးကို မနှောင့်ယှက်အောင် ဖျောင်းဖျပေးဖို့ပဲ။ ဒါက အချိန်ဆွဲတဲ့ နည်းလမ်းလို့လည်း ပြောလို့ရတယ်။ ငါက ဆရာရွမ်ရဲ့တပည့် ဖြစ်လာတဲ့အခါကျရင် အဲဒီအရာတွေက နောက်ထပ်ပြဿနာမဖြစ်နိုင်တော့ဘူး…"

ချန်းပင်အန်းက တည့်တည့်မေးလိုက်သည်။

"မင်းက ဘာလို့ အဲဒီအမျိုးသမီးကို အချိန်ဆွဲဖို့ လိုရတာလဲ။ သူက ပန်းပဲဖိုကိုလာပြီး မင်းကို ပြဿနာရှာမယ်လို့ ထင်နေလို့လား။ ပြီးတော့ သူက မင်းကို တိုက်ခိုက်ပြီး မင်းရဲ့အဖိုးတန်ချပ်ဝတ်အင်္ကျီကို ခိုးယူလို့မရဘူးလေ ..."

လျှိုရှန်းယန်ကတော့ သူ့ရဲ့လက်ကို လွှတ်ပေးလိုက်ပြီး စမ်းချောင်းဘေးတွင် ထိုင်ချလိုက်သည်။ သူက စမ်းချောင်းထဲသို့ ကျောက်တုံးတစ်တုံး ပစ်ပြီး ပြောလိုက်၏။

"ဘယ်လိုပဲဖြစ်ဖြစ် ငါက အဲဒီချပ်ဝတ်အင်္ကျီကို မရောင်းလို့ မရဘူး။ အခုဈေးနှုန်းက သင့်တော်တာပဲ မဟုတ်လား။ ဒါက ကိစ္စတွေကို ပိုပြီးတော့ တည်ငြိမ်သွားစေနိုင်တယ်။ မိန်းကလေးနင်ကလည်း ဒုက္ခခံစရာ မလိုတော့ဘူး။ ဒါကြောင့် အဲဒါက ဆိုးတယ်လို့ ငါတော့မထင်ဘူး ..."

ချန်းပင်အန်းကလည်း သူ့ဘေးတွင် ထိုင်ပြီး ပြောလိုက်သည်။

"သူပေးတဲ့ ဈေးနှုန်းက သင့်တော်တယ်လို့ မင်းက ဘယ်လိုသိလဲ။ မင်းက နောက်ပိုင်း နောင်တရလာရင် ဘယ်လိုလုပ်မလဲ ..."

အရပ်ရှည်ရှည်လူငယ်လေးက သူ့ကိုပြန်၍လှည့်ကြည့်ပြီး ပြုံးပြလိုက်သည်။

"နောင်တရဖို့လား ... စဉ်းစားကြည့်လိုက်စမ်းပါ။ ငါတို့က ရင်းနှီးနေတာ နှစ်ပေါင်းများစွာ ကြာပြီ။ ငါ လျှိုရှန်းယန်က ဘယ်တုန်းကများ လုပ်ခဲ့တာကို နောင်တရလို့လဲ…"

ချန်းပင်အန်းက ခေါင်းကုတ်လိုက်မိ၏။ သူကတော့ တစ်စုံတစ်ခု လွဲမှားနေသည်ဟု ခံစားနေရ၏။ သို့သော် သူက လျှိုရှန်းယန်ကို မည်သို့ဖျောင်းဖျရမှန်း မသိခဲ့ပေ။ လျှိုရှန်းယန်က အမြဲတမ်း သက်တောင့်သက်သာဘဝမျိုးနှင့် နေခဲ့ရသည်။ သူက မည်သည့်ပြဿနာကိုမျှ မကြုံခဲ့ရပေ။ သူ့လမ်းတွင်လည်း အနှောက်အယှက်တစ်ခုမျှ မရှိခဲ့ဘဲ သူ့ကို ချုပ်‌နှောင်ထားနိုင်သောအရာလည်း မရှိချေ။

လျှိုရှန်းယန်က မတ်တပ်ရပ်လိုက်ပြီး လူငယ်လေး၏နောက်ကျောတွင် ရှိနေသော ခြင်းတောင်းကို ခြေ‌ထောက်နှင့် ကန်လိုက်သည်။

"မြန်မြန်ထတော့ ... ငါ ဆရာရွမ်ဆီကို ပြန်တော့မယ်။ ငါ ပြန်သွားတဲ့အချိန်ကျရင် ငါက သူ့ရဲ့တရားဝင်တပည့် တစ်ယောက်ဖြစ်လာပြီး သူ့ကို ရေ‌နွေးကြမ်းတိုက်ရမယ်။ မင်းက အမြင်ကျယ်ချင်တယ်ဆိုရင်တာ့ လိုက်လာခဲ့လို့ရတယ်..."

ချန်းပင်အန်းက ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်သည်။ သူက စကားပြောချင်နေသော်လည်း ရပ်တန့်လိုက်၏။

လျှိုရှန်းယန်က အပြစ်တင်လိုက်သည်။

"ချန်းပင်အန်း …

ငါ ရောင်းလိုက်တာက မင်းမိသားစုရဲ့အမွေပစ္စည်းလား ဒါမှမဟုတ် မင်းရဲ့မိန်းမ မလို့လား ... "

ချန်းပင်အန်းက သူ့ကိုခြင်းတောင်းပေးလိုက်တဲ့အချိန်တွင် သေချာအလေးထား၍ မေးလိုက်သည်။

"မင်းက ထပ်ပြီး မစဉ်းစားချင်တော့ဘူးလား ..."

လျှိုရှန်းယန်က ခြင်းတောင်းကို ယူပြီး နောက်ကို ပြန်ဆုတ်သွားလိုက်သည်။ သူက သတိပေးနေခြင်းမရှိဘဲ လေထဲသို့ ခုန်လိုက်ပြီး စက်ဝိုင်းပတ်ကဲ့သို့ ခြေထောက်နှင့် ကန်လိုက်၏။

မြေပေါ်တွင် တည်ငြိမ်စွာ ကျဆင်းလာပြီးနောက် လျှိုရှန်းယန်က ဂုဏ်ယူနေခဲ့သည်။ သူက အပြုံးနှင့် မေးလိုက်၏။

"အံ့သြဖို့ ကောင်းတယ် မဟုတ်လား။ မင်းက ကြောက်သွားပြီလား…"

ချန်းပင်အန်းက ဒေါသတကြီး ပြန်ဖြေလိုက်သည်။

"ချီးထုတ်ကောင်ပဲ…"

ပန်းပဲဖိုမှ ပြန်ထွက်လာပြီးနောက် ချန်းပင်အန်းက ရေထဲသို့ ကျောက်တုံးကောက်ရန် သွားလိုက်သည်။ သူက မသက်မသာ ခံစားနေရခြင်းကြောင့်လော၊ စမ်းချောင်း၏ ရေမျက်နှာပြင် ကျဆင်းသွားခြင်းကြောင့်‌လော သေချာမသိသော်လည်း ကျောက်တုံးများများ မရခဲ့ပေ။

ချန်းပင်အန်း အမိုးတံတားဆီသို့ ရောက်လာသည့်အချိန်တွင် မြွေကျောက်တုံး(၂၀)ဝန်းကျင်သာ ကောက်ယူနိုင်ခဲ့သည်။ ထို့ပြင် ထိုကျောက်တုံးများက ထူးခြားမှုမရှိဘဲ တွေ့တွေ့ချင်း သဘောကျနိုင်သည့် အရာမျိုးလည်း မဟုတ်ပေ။

ချန်းပင်အန်းက ပထမဆုံးခြင်းတောင်းကို ယူလိုက်ပြီး စမ်းချောင်းဘေးတွင် ရှိနေသော မြက်များထည့်လိုက်သည်။ ထို့နောက် သူက ပင့်သက်ရှိုက်လိုက်မိပြီး စမ်းချောင်းထဲသို့ ပြန်သွား၍ ခြေလှမ်းကွက်များကို လေ့ကျင့်နေခဲ့သည်။ တကွေ့တပတ်ကြီး သွားလာခဲ့ပြီးနောက် ချန်း‌ပင်အန်း၏ရင်ထဲတွင် ပြည့်ကျပ်နေခဲ့သည်။

ထိုအချိန်တွင် ငါးခြင်းတောင်း ဖွက်ထားသော နေရာ၌ ထိုင်နေသော အရပ်ပုပု လူငယ်တစ်ယောက်ကို တွေ့လိုက်ရ၏။ သူက ပါးစပ်ထဲတွင် ကိုင်းတံတစ်ခုကို ကိုက်နေခဲ့သည်။

ထိုအရာကတော့ တရုတ်ဇီးသီးပွင့်လမ်းကြားထဲမှ အဘွားမာ၏မြေးဖြစ်သည်။ သူ့ကို ငယ်စဉ်ကတည်းက လူတိုင်းက အရူးတစ်ယောက်ဟု သတ်မှတ်ထားခဲ့၏။ ထို့ပြင် အဘွားမာအပေါ် ချန်းပင်အန်း၏ သဘောထားကလည်း အလွန်ဆိုးရွားလှသည်။ သူက ကပ်စေးနည်းပြီး အပေါက်ဆိုးလှ၏။ သူမက သူ၏အဖိုးတန်မြေးကိုပင် လက်ဝှေ့အိတ်တစ်လုံးအဖြစ် အသုံးချတတ်သေးသည်။

ထိုကလေးငယ် အပြင်ထွက်သွားသည့်အချိန်တိုင်း သူက လိုက်လံအနိုင်ကျင့်ခံရ၏။ သူက အင်္ကျီအသစ်၊ ဖိနပ်အသစ် စီးသွားသည့်အချိန်တိုင်းလည်း တစ်နာရီအတွင်း တစ်ကိုယ်လုံး စုတ်ပြတ်ပြီး ပြန်လာခဲ့ရသည်။ အဘွားမာ ဈေးဆိုင်က ဝယ်ပေးခဲ့သော ဖိနပ်အသစ်တစ်စုံ၏ အခြေအနေကိုလည်း စဉ်းစားကြည့်၍ပင် ရနိုင်၏။

မြေးဖြစ်သူက ထိုအရာများကို ဝတ်ဆင်ပြီး အပြင်သို့ ထွက်သွားပြီးနောက် ကလေးငယ်ပေါင်းများစွာ၏ ဝိုင်းဝန်းအနိုင်ကျင့်ခြင်းကို ခံခဲ့ရသည်။ ထိုကလေးငယ်က အိမ်သို့ပြန်လာသည့်အချိန်တွင် ဖိနပ်အသစ်များက မည်သို့ကောင်းနိုင်တော့မည်နည်း။

နာမည်အစစ်အမှန်က မာခူရွှမ်ဟု ခေါ်သော ထိုအရူးလေး၏နာမည်ကို လူတိုင်းက မေ့လျော့သွားခဲ့သည်မှာ ကြာခဲ့ပါပြီ။ သူက အလွန်ထူးဆန်း၏။ သူ အနိုင်ကျင့်ခဲ့ရသည့် အချိန်တိုင်း အဘွားမာကို လုံးဝအပြစ်တင်ခဲ့ခြင်း မရှိချေ။ သူက အော်ဟစ်ငိုကျွေးခြင်း မရှိသလို သနားစဖွယ် တောင်းပန်ခြင်းလည်း မရှိချေ။ သူ့ပုံစံက အလွန်တည်ငြိမ်ပြီး အေးစက်နေခဲ့၏။

ထို့ကြောင့် တရုတ်ဇီးသီးပွင့်လမ်းကြားထဲတွင် ရှိနေသော ကလေးငယ်များက ထိုအရူးလေးနှင့် မကစားချင်ခဲ့ကြပေ။ မာခူရွှမ်က အစောကတည်းက တစ်ယောက်တည်း ကစားတတ်သည်။ သူက ကောင်းကင်ပေါ်တွင် ရှိနေသော တိမ်တိုက်များ ကြည့်ရသည်ကိုလည်း သဘောကျ၏။

ချန်းပင်အန်းက မာခူရွှမ်ကို လုံးဝအနိုင်မကျင့်ခဲ့သလို သက်တူရွယ်တူ ထိုလူငယ်အတွက်လည်း သနားနေခဲ့ခြင်းလည်း မရှိပေ။ တစ်လှေတည်း စီးနေသော သူတို့(၂)ယောက်က အချင်းချင်း နွေးထွေးရန် လိုအပ်သည်ဟုလည်း လုံးဝမတွေးမိခဲ့ပေ။

ထိုအရာကလည်း မာခူရွှမ်က အရူးတစ်ယောက် မဟုတ်ကြောင်း ချန်းပင်အန်းက ခံစားမိနေခြင်းကြောင့် ဖြစ်သည်။ ထိုအစား သူက စုန့်ကျိရှင်းနှင့် အလွန်တူညီနေခဲ့၏။ စုန့်ကျိရှင်းထက်ပင် ပို၍ဉာဏ်ကောင်းနိုင်သေးသည်။

သူတို့က စကားမပြောကြသော်လည်း တစ်စုံတစ်ခုကို စောင့်နေသလို ထင်ရ၏။ သူတို့က ကောင်းကင်ဘုံကို အကြွေးတင်နေကြောင်း တခြားသူများအား တိတ်တဆိတ် ပြောတတ်ကြသည်။ သူတို့က ထိုအရာအားလုံးကို အနေနှင့်အမြန် ပြန်ယူကြမည်ဖြစ်သည်။

အကယ်၍ ကောင်းကင်ဘုံက သူတို့အ‌ပေါ် ကြေးပြားတစ်ပြား အကြွေးတင်မည်‌ဆိုလျှင် စုန့်ကျိရှင်းက ငွေစတစ်စ ပြန်ပေးရန် တရိုတသေ တောင်းဆိုပါလိမ့်မည်။ မာခူရွှမ်ကတော့ ရွှေစတစ်စကိုပင် တောင်းဆိုနိုင်သည်။

ချန်းပင်အန်းက ထိုသို့ဆိုးဆိုးဝါးဝါး တွေးခဲ့ခြင်းမရှိချေ။ သူက ထိုအရာကို သဘောမကျခြင်းသာဖြစ်၏။

လူငယ်လေးက ယခင်ကဲ့သို့ အရူးတစ်ယောက် မဟုတ်တော့ပေ။ သူက စကားကို ရှင်းရှင်းလင်းလင်း ပြောလိုက်ပြီး အပြုံးနှင့်မေးလိုက်၏။

"မင်းက ရွှံ့ပုလင်းလမ်းကြားထဲက ချန်းပင်အန်းမဟုတ်လား ... မင်းက ကျစ်ကွေးရဲ့ တစ်ဖက်ခြံမှာ နေတာမဟုတ်လား…"

ချန်းပင်အန်းက ခေါင်းညိတ်ပြလိုက်သည်။

"ဘာဖြစ်လို့လဲ ..."

လူငယ်က ပြုံးလိုက်ပြီး ချန်းပင်အန်း၏ခြေထောက်ကို လက်ညှိုးထိုး၍ပြလိုက်သည်။

"မင်းက သတိမထားမိတာလည်း ဖြစ်နိုင်တယ် ။ စမ်းချောင်းထဲက ရေတွေက သိသိသာသာ လျော့ကျသွားခဲ့တယ်။ ကျန်တဲ့ကျောက်တုံးကောင်းတွေကတော့ အမိုးတံတားရဲ့အောက်မှာရှိတဲ့ ရေကန်အနက်ကြီးနဲ့ ကျောက်တုံးပြာကမ်းပါးရဲ့ ရှေ့မှာရှိတဲ့တွင်းထဲမှာပဲ.။ တခြားနေရာတွေမှာတော့ အလုပ်မဖြစ်ဘူး။ မင်းရဲ့ခြင်းတောင်းထဲမှာရှိတဲ့ ကျောက်တုံးတွေလိုပဲ။ သူတို့က ချီစွမ်းအားတွေကို ထိန်းသိမ်းမထားနိုင်တဲ့အပြင် ကျောက်တုံးရဲ့အရည်အသွေးကလည်း မြန်မြန်ဆန်ဆန် ပြောင်းလဲသွားလိမ့်မယ်။ ကံကောင်းတဲ့လူတချို့ကတော့ ဓားသွေး‌ကျောက်တွေ လုပ်နိုင်သလို တချို့တွေကတော့ စာသင်သားတွေရဲ့ မှင်ကျောက်တုံးအဖြစ် သုံးလို့ရတယ်။ အဆုံးမှာတော့ အဲဒီအရာတွေကပစ္စည်းကောင်း‌တွေပဲလေ ... သူတို့ကို ဈေးကောင်းကောင်းနဲ့ ရောင်းဖို့မခက်ဘူး.."

ချန်းပင်အန်းက အပြုံးနှင့် ခေါင်းညိတ်ပြလိုက်သည်။ တခြားအရာကိုတော့ ပြန်မပြောခဲ့ပေ။

အရပ်ပုပုနှင့် လူငယ်က ရုတ်တရက်ပြောလိုက်သည်။

"မင်းက စမ်းချောင်းထဲမှာ သိုင်းပညာ လေ့ကျင့်နေတာလား..."

ချန်းပင်အန်းက စကားပြန်မပြော‌သေးပေ။

မာခူရွှမ်၏မျက်လုံးများက လင်းလက်တောက်ပလာခဲ့သည်။ သူက ရယ်လိုက်၏။

"ဒါဆိုရင် မင်းက ငတုံး မဟုတ်ဘူးပဲ။ ဟုတ်ပါတယ်လေ ... မင်းက ငါနဲ့အတူတူပဲ။ ငါတို့က အတူတူပဲလေ ..."

ချန်းပင်အန်းက လူငယ်လေးဆီကို လျှောက်သွားပြီး ပြောလိုက်သည်။

"ငါ အရင်သွားတော့မယ်…"

ထို့နောက် သူက ခြင်း‌တောင်းကို ကောက်ယူပြီး ကမ်းစပ်သို့ လျှောက်သွားခဲ့၏။

အဝေးတွင် ထိုင်နေသော လူငယ်လေးက ပါးစပ်ထဲတွင် ကိုက်ထားသော မြက်ပင်ရိုးတံကို ထွေးထုတ်လိုက်သည်။ သူက ခေါင်းခါပြီး တီးတိုးရေရွတ်လိုက်၏။

"ငါ့ရဲ့သိုင်းပညာလည်း မကောင်းပါဘူး။ ဟာကွက်တွေ အများကြီးရှိတယ်.။ ငါကဘယ်လောက်ပဲ လေ့ကျင့်လေ့ကျင့် အဲဒီအရာတွေကို အဖြေမရှာနိုင်ဘူး ..."

မာခူရွှမ်က ပြန်လှည့်မကြည့်ခဲ့ပေ။

"ခင်ဗျားက ကျွန်တော်တို့ရဲ့စစ်နတ်ဘုရားတံဆိပ်ကို ပြန်ယူပြီးသွားပြီလား…"

သူ့နောက်တွင် ရှိနေသောသူက ရယ်လိုက်သည်။

"နောက်ပိုင်းကျရင် ငါ့ကို ဆရာလို့ခေါ်ဖို့ မမေ့နဲ့ ..."

လူငယ်က တုန့်ပြန်ခဲ့ခြင်းမရှိပေ။ သူက မတ်တပ်ရပ်လိုက်ပြီး ပြန်လှည့်၍ မေးလိုက်၏။

"ကျွန်တော့်ကို ဓားသင်္ချိုင်းငယ်လေး ပြလို့ရမလား..."

သူ့နောက်ဘက်တွင် ရှိနေသည်မှာ ကျားတံဆိပ်နှင့် စစ်ကျောင်းတော်မှ သိုင်းသခင် ဖြစ်သည်။ သူက စစ်‌ကျောင်းတော်မှ ပညာရှင်တစ်ယောက်ဖြစ်ပြီး ရွှေလူငယ်နှင့် ကျောက်စိမ်းမိန်းမပျိုတို့၏ ဆရာဦးလေးငယ်ကို တိုက်ခိုက်မည်ဟု ကြေညာခဲ့ဖူးသည်။

ထိုလူက ခေါင်းခါပြလိုက်၏။

"အချိန်မကျသေးဘူး ..."

ထို့နောက် သူက အနည်းငယ် ဒေါသထွက်သော အမူအယာနှင့် ပြောလိုက်သည်။

"မင်းက ဘာလို့ အဲဒီမိန်းကလေးရဲ့ စိတ်အခြေအနေကို တမင်တကာ ဖျက်ဆီးပစ်ရတာလဲ .။ မင်းက အဲဒီလိုမျိုးတွေ လုပ်နေမယ်ဆိုရင် ရန်သူတွေ ရှိလာနိုင်တယ်ဆိုတာ မသိဘူးလား…"

လူငယ်က အေးစက်စွာ ပြောလိုက်၏။

"ကျင့်ကြံမှုလမ်းကြောင်းက ခက်ခဲတယ်။ တကယ်လို့ ကျွန်တော်ကသာ အဲဒီလိုကပ်ဘေးတွေကို ရင်မဆိုင်နိုင်ဘူးဆိုရင် အေးအေးဆေးဆေး နေနိုင်ဖို့ ဘယ်လိုမျှော်လင့်ရမှာလဲ ..."

ထိုလူက ဒေါသတကြီး ပြောလိုက်သည်။

"မင်းက အခုချိန်ထိ ဂိုဏ်းထဲကိုတောင် မရောက်သေးဘူး။ ဒီလိုစကားမျိုးကို မောက်မောက်မာမာ ပြောရဲသေးတယ်။ မင်းက လျှာကိုက်မိမှာ မကြောက်ဘူးလား ..."

လူငယ်က ပြုံးလိုက်၏။

"နောက်ပိုင်း ကျွန်‌တော်က ကျင့်ကြံမှုလမ်းကြောင်းမှာ အဲဒီလိုအခွင့်အရေးမျိုး တွေ့တယ်ဆိုရင် အဲဒီမိန်းကလေးကို သွားပြောလိုက်မယ်။ အဲဒီအချိန်ကျရင် ဆရာက ဝင်ရှုပ်စရာမလိုဘူး။ ကျွန်‌တော့်ရဲ့အခြေအနေ ဖျက်စီးဖို့ သူ့ကိုခွင့်ပြုပေးလိုက်..."

ထိုလူက သက်ပြင်းချလိုက်မိသည်။

"ဒီကမ္ဘာကြီးထဲမှာ အခွင့်အရေး အကြီး၊အသေးတွေ ရှိသလို ကံကြမ္မာအနိမ့် အမြင့်တွေ စွမ်းရည်အနိမ့်အမြင့်တွေလည်း ရှိတယ်။ မင်းက ကိုယ်ပိုင်အကြောင်းပြချက်နဲ့ လူတစ်ယောက်ကို သုံးသပ်လိုက်မယ်ဆိုရင် ပိုပြီးအစွန်းထက်တဲ့လက်သီး၊ ပိုပြီးနက်ရှိုင်းတဲ့ကျင့်ကြံမှုနဲ့ ပိုပြီးအဆင့်မြင့်တဲ့လူတွေကို တွေ့လာရလိမ့်မယ်။ အဲဒီအချိန်ကျလာရင် သူတို့ရဲ့ခံစားချက် မကောင်းတဲ့အချိန်လက်သီးတစ်ချက်တည်းနဲ့ မင်းရဲ့အင်‌မော်တယ်တံတားကို ဖျက်ဆီးပစ်လိမ့်မယ် ... အဲဒါဆိုရင် မင်းက ဘယ်လိုလုပ်ပြီး အသက်ဆက်ရှင်မှာလဲ…"

လူငယ်က ပြုံးလိုက်၏။

"ဒါဆိုလည်း ကျွန်တော့်ရဲ့ကံကြမ္မာကို လက်ခံလိုက်မှာပဲလေ..."

ထိုလူက သူ့ကိုယ်သူ ပြန်ရယ်လိုက်မိသည်။

"နောက်ပိုင်းမှာ ငါက မင်းနဲ့ အကျိုးအကြောင်းတွေ ပြောမနေတော့ဘူး။ အဲဒါက ကျွဲပါးစောင်းတီးနေရသလိုပဲ ..."

လူငယ်က ရုတ်တရက် မေးလိုက်သည်။

"ရွှံ့ပုလင်းလမ်းကြားထဲက ကောင်လေးက ဒီရေထဲမှာရှိတဲ့ ကျောက်တုံးတွေ အကြောင်းကို ဘယ်လိုသိသွားလဲ။ သူက သိုင်းပညာကိုတောင် စပြီးလေ့ကျင့်နေသေးတာလား ..."

ထိုလူ၏အမူအယာက ရုတ်တရက် တင်းမာသွားခဲ့သည်။

"မာခူရွှမ် …

မင်းက သိပ်ပြီး မောက်မာမနေနဲ့။ မင်း သိထားရမယ့် အရာတစ်ခုရှိတယ် ... ငါတို့က စစ်ကျောင်းတော်ရဲ့ဓားကျင့်ကြံသူတွေပဲ။ ဓားတချောင်းကို လေ့ကျင့်ပြီး ကျင့်စဉ်တွေအားလုံးကို ဖျက်ဆီးမယ်။ ဓားတ‌စ်ချောင်းကို လေ့ကျင့်ပြီး နှလုံးသားရဲ့ အလိုဆန္ဒကို လိုက်နာမယ်။ ဓားတစ်ချောင်းကို လေ့ကျင့်ပြီး ပြိုင်ဘက်ကင်းမှုကို ရှာဖွေမယ် .။ ဒါပေမယ့် မင်းက အပြစ်မရှိတဲ့သူကို သတ်လို့မရဘူး။ သာမန်သူတွေကို စော်ကားလို့မရဘူး။ မင်းရဲ့မိတ်ဆွေတွေကိုလည်း ရည်ရွယ်ချက်ရှိရှိ ချောက်ချလို့မရဘူး…"

လူငယ်က အပျင်းကြော ဆန့်လိုက်သည်။

"ဆရာ စဉ်းစားတာ အရမ်းများနေပြီ ..။ ရွှံ့ပုလင်းလမ်းကြားက ကောင်လေးက ဘယ်လောက်ပဲအစွမ်းထက်ထက် သူသာ ကျွန်တော့်ကို ရန်မစရင် ကျွန်တော်လည်း သူ့ကို ဘာမှမလုပ်ဘူး။ အဆုံးမှာတော့ သူတို့တွေရဲ့ အောင်မြင်မှုက ဘယ်လောက်ပဲရှိရှိ နောက်ပိုင်းမှာ ကျွန်တော့်ရဲ့ခြေနင်းကျောက်တုံးထက် မပိုဘူး။ သူတို့ကို မနာလိုဖြစ်ရမှာလား ... အဲဒါက မလုံလောက်သေးဘူး…"

ထိုသူက မသက်မသာ ပြောလိုက်ရ၏။

"ကြည့်ရတာတော့ နောက်ဆုံး ငါတို့ရဲ့စစ်တောင်တန်းက ငြိမ်းငြိမ်းချမ်းချမ်း မနေရတော့ဘူး ထင်ပါတယ်…"

လူငယ်က စိတ်ဝင်တစား မေးလိုက်သည်။

"စစ်တောင်တန်းမှာ ဆရာ့ရဲ့အဆင့်က ဘယ်လောက်လဲ…"

ထိုလူက ပြုံးလိုက်သည်။

"ဒီကိစ္စကို မပြောသေးဘူး။ ဒါက ငါ့ကို မျက်နှာပျက်အောင် လုပ်နိုင်တယ် ..."

လူငယ်က မျက်ခုံးပင့်လိုက်၏။

"တကယ်လို့ ကျွန်တော် သိတယ်ဆိုရင်တော့ နောက်မှပဲ ဆရာအဖြစ် အသိအမှတ်ပြုလိမ့်မယ် ..."

ထိုလူက ရယ်လိုက်၏။ သူတပည့်ကို မပြောနိုင်သော အရာတစ်ခု ရှိနေသေးသည်။ ဤကမ္ဘာကြီးထဲတွင် ပါရမီရှင်များစွာ ရှိနေ၏။ အစောပိုင်းတွင် သူတွေ့ခဲ့သော မြက်ဖိနပ်နှင့်လူငယ်လေးကပင်‌ သာမန်ခြေလှမ်း(၆)ကွက်ကို လျှောက်နေသလို ထင်မှတ်ရသော်လည်း သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် လက်သီးဆန္ဒများ ပြည့်နှက်နေခဲ့သည်။

Translated by Hein Htet.

All Chapters