← Chapters

အခန်း (၄၃)

Vol. 3 Ch. 43

အခန်း (၄၃)

Vol. 3 Ch. 43

ချန်းပင်အန်းက လျှိုရှန်းယန်၏အိမ်ကို တိုက်ရိုက်ပြန်မလာခဲ့ပေ။ ထိုအစား ရွှံ့ပုလင်းလမ်းကြားထဲသို့ ပြန်သွားခဲ့ပြီး လျှိုရှန်းယန်၏ အစီအစဉ်အကြောင်း နင်ယောင်ကို ပြောပြခဲ့သည်။

ထိုစကားကို ကြားလိုက်ရသည့်အခါ နင်ယောင်က သူမ၏ထင်မြင်ချက်ကို လုံးဝမပြောခဲ့ပေ။ ထိုအရာက သူတို့နှစ်ယောက်၏ ပြဿနာသာ ‌ဖြစ်ကြောင်း သူမက ပြောပြခဲ့၏။ သူမက လျှိုရှန်းယန်ဆီမှ ငွေကြေးရယူထားသည့်အတွက် တာဝန်ရှိရုံသာ ဖြစ်သည်။ အကယ်၍ လျှိုရှန်းယန်ကသာ သူမ၏အကူအညီမပါဘဲ အန္တရာယ်ကို ရှောင်တိမ်းနိုင်မည်ဆိုလျှင်တော့ သူမက ကြေးပြား(၃)အိတ်ကို ပြန်ပေးရမည်ဖြစ်သည်။

ငွေကြေးက အဓိကမဟုတ်ကြောင်း ချန်းပင်အန်းက ပြောလိုက်သည့်အတွက် အဆုံးတွင်တော့ နင်ယောင်က အေးစက်စွာ ပြန်ဖြေလိုက်သည်။

“ဒါဆိုရင် နင်က ငါနဲ့ ခံစားချက်တွေအကြောင်း ပြောချင်နေတာလား။ ငါတို့က အဲဒီအခြေအနေကို ရောက်သွားပြီလား….”

ချန်းပင်အန်းကတော့ သူမ၏စကားကြောင့် သေချင်စိတ်ပင် ပေါက်သွားခဲ့၏။ သူက တံခါးဘေးတွင် ထိုင်နေပြီး ခေါင်းကိုသာ ကုတ်နေခဲ့သည်။

နင်ယောင်က စားပွဲဘေး‌တွင် ချန်းပင်အန်း ဝယ်လာပေးသော မုန့်များကိုကြည့်လိုက်၏။ ထိုအရာများက ဈေးချိုပြီး အရသာရှိသော ဆန်မုန့်ခြောက်များ ဖြစ်သည်။ ထိုအရာက ဧည့်သည်ကို ကောင်းမွန်စွာ ဆက်ဆံနေသော လူငယ်လေး၏ နည်းလမ်းလည်းဖြစ်၏။

ပထမဆုံးအကြိမ်အဖြစ် ထိုမိန်းမပျို၏ နှလုံးသားက ပျော့ပျောင်းသွားခဲ့ပြီး အပြစ်ရှိသလိုလည်း ခံစားနေရ၏။ သူမကတော့ ကျေးဇူးမသိတတ်သော လူတစ်ယောက်အဖြစ် ခံစားမိနေခဲ့သည်။ သူမက တစ်ဖက်လူ၏ အိမ်ထဲတွင် နေထိုင်ပြီး‌ စားသောက်‌နေသည်။ အကယ်၍ သူမက အကူအညီများများမပေးလျှင်ပင် မီးဖိုထဲကို လောင်စာထပ်ဖြည့်၍ ပြဿနာကို ပိုကြီးသွားအောင် တွန်းအားပေးခြင်းမျိုး မလုပ်သင့်ပေ။

ထို့ကြောင့် သူမက မေးလိုက်၏။

“လျှိုရှန်းယန်က ပန်းပဲဆိုင်မှာ ခြိမ်းခြောက်ခံနေရလို့ ဒီချပ်ဝတ်အင်္ကျီ‌ကို‌ရောင်းလိုက်တာများ ဖြစ်နေမလား။ ဥပမာ‌အနေနဲ့ ပြောရရင် မျိုးရိုး(၄)ခုနဲ့ ကလန်ကြီး(၁၀)ခုရဲ့ နောက်လိုက်တွေက ဆိုင်ထဲမှာ ပုန်းနေပြီး လျှိုရှန်းယန်ကို တိတ်တဆိတ် သင်ခန်းစာပေးနေတာများလား…”

ချန်းပင်အန်းက ခဏကြာ စဉ်းစားပြီး ခေါင်းခါပြလိုက်သည်။

“မဟုတ်ဘူး။ လျှိုရှန်းယန်က ခြိမ်းခြောက်ခံရရင်တောင် ခေါင်းငုံ့အရှုံးပေးမဲ့လူမျိုး မဟုတ်ဘူး။ ကျွန်တော် သူနဲ့ ပထမဆုံး တွေခဲ့တဲ့အချိန်တုန်းက ဖုလုလမ်းကြားထဲက ကောင်လေးတွေက သွေးအန်လုမတတ် ရိုက်နှက်နေခဲ့တဲ့ အချိန်မှာတောင် အညံ့ခံမဲ့စကားတစ်ခွန်းမှ မပြောခဲ့ဘူး။ သူက အံကြိတ်ခံနေခဲ့တာ။ နှစ်ပေါင်းများစွာ ကြာခဲ့ပေမဲ့ လျှိုရှန်းယန်ရဲ့အကျင့်စရိုက်က ပြောင်းလဲမသွားခဲ့ဘူး…”

နင်ယောင်က နောက်တစ်ကြိမ် မေးလိုက်သည်။

“ငယ်ရွယ်ပြီး အားအင်ပြည့်ဝနေတယ်။ ရဲတင်းပြီး သတ္တိရှိတယ်။ သူ့ရဲ့စကားလုံးကို တန်ဖိုးထားပြီး သေခြင်းရှင်ခြင်းကိုတော့ ဂရုမစိုက်ဘူး။ အမှန်အတိုင်းပြောရရင် ဒီလမ်းကြားလေးထဲမှာ အံ့ဩစရာတွေ အများကြီး ရှိနေပါလား။ ငါက လမ်းတလျှောက်မှာ လူတွေအများကြီး တွေ့ခဲ့ဖူးတယ်။ သူ့ရဲ့ရှေ့မှာ အခွင့်အရေးတွေ ရှိနေတယ်ဆိုရင် လျှိုရှန်းယန်က လောဘ‌မတက်ဘဲ နေပါ့မလား…”

ချန်းပင်အန်းက လေးလေးနက်နက် စဉ်းစားနေပြီး နောက်ဆုံးတွင်တော့ ပြောလိုက်သည်။

“လျှိုရှန်းယန်က အသုံးအဖြုန်းကြီးတဲ့ လူတစ်ယောက် မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ဒါက အပြင်လူတစ်ယောက် ပေးတဲ့အရာတစ်ခုဖြစ်လို့ပဲ။ သူက သူ့အဘိုးအပေါ် လေးနက်တဲ့ခံစားမှုမျိုး ရှိတယ်။ သူပြောခဲ့တာ မဟုတ်ဘဲ မလုပ်နိုင်ဘူး။ သူ့အဘိုးမဆုံးခင် ဒီချပ်ဝတ်အင်္ကျီကို ရောင်းနိုင်ပေမဲ့ ဈေးပေါပေါနဲ့မရောင်းဖို့ အကြိမ်ကြိမ် ပြောခဲ့တယ်။ ဓားသိုင်းကျမ်းကိုတော့ သူတို့ရဲ့လျှိုကလန်ထဲမှာပဲ ချန်ထားပြီး နောက်ပိုင်း မျိုးရိုးစဉ်ဆက်လက်ဆင့်ကမ်းရလိမ့်မယ်…”

နင်ယောင်က ပြောလိုက်၏။

“ငါသိသလောက်ပြောရမယ်ဆိုရင် ချပ်ဝတ်အင်္ကျီက အရည်အသွေးကောင်းပါတယ်။ ဒါပေမဲ့ အရမ်းကြီးရှားပါးနေတာတော့ မဟုတ်ဘူး။ ဓားသိုင်းကျမ်းကတော့ ကျန့်ယန်တောင်ကတောင် ဒီလောက် အသည်းအသန်လိုချင်နေပြီး လူ(၂)ယောက် လွှတ်လိုက်တယ်ဆိုတော့ တော်တော်လေးကို သိသာနေတယ်။ ဒါက တော်တော်ထူးခြားတဲ့ ကျင့်စဉ်တစ်ခု ဖြစ်နိုင်တယ်။ ဒါကြောင့် ချပ်ဝတ်အင်္ကျီကို ရောင်းလိုက်ပြီး ဓားသိုင်းကျမ်းကို ချန်ထားတဲ့ ဆုံးဖြတ်ချက်ကလည်း အဓိပ္ပာယ်ရှိတယ်..”

ချန်းပင်အန်းက ခေါင်းညိတ်ပြလိုက်သည်။

နင်ယောင်က အစိမ်းရောင်ဓားအိမ်ကို လက်နှင့်ပုတ်လိုက်ပြီး အေးစက်စွာ ပြောလိုက်၏။

“လုံခြုံရေးအရ ငါက နင်နဲ့အတူ လျှိုရှန်းယန်ရဲ့အိမ်ကို လိုက်ခဲ့ပြီး အရင်ဆုံး အဲဒီမိန်းမကို မောင်းထုတ်လိုက်မယ်။ လျှိုရှန်းယန်ကိုယ်တိုင် ရောင်းချင်နေတယ်ဆိုမှတော့ အဲဒီချပ်ဝတ်အင်္ကျီ ထည့်ထားတဲ့ သေတ္တာကို ပေးလိုက်ရုံပဲလေ။ ပြီးရင် ငါက နင်နဲ့အတူ လျှိုရှန်းယန်ကိုတွေ့ဖို့ ရွမ်ကလန်ရဲ့ပန်းပဲဖိုကို သွားကြမယ်။ ပြီးတော့ သူဘာတွေစဉ်းစားနေလဲ မေးကြတာပေါ့..”

“တကယ်လို့ အဲဒါက သူ့အဘိုးရဲ့မသေခင် ဆန္ဒတစ်ခု ဖြစ်နေမယ်ဆိုရင်တော့ နင်နဲ့ငါက သူ့ကို ဘာလုပ်ရမယ်ဆိုတာ ပြောဖို့ မလိုတော့ဘူး။ မိသားစုတိုင်းမှာ အခက်အခဲတွေ ရှိကြတာပဲ။ ကိုယ်ဝင်မပါသင့်တဲ့ အရှုပ်အထွေးတွေကို ဝင်မပါတာ ကောင်းတယ်။ မဟုတ်ရင် နင်က သူ့ရဲ့အခက်အခဲတွေကို ပြောပြခိုင်းမှ ရမယ်။ အဆိုးဆုံး ငါက ချပ်ဝတ်အင်္ကျီကိုပြန်ယူပေးလို့ရတယ်…”

ချန်းပင်အန်းက စိုးရိမ်တကြီး မေးလိုက်သည်။

“မိန်းကလေးနင် အဆင်ပြေပါ့မလား…”

နင်ယောင်က ခနဲ့သလို ပြောလိုက်၏။

“တကယ်လို့ ကျန့်ယန်တောင်က တောင်ရွှေ့လူဝံကြီးကို ရင်ဆိုင်ရမယ်ဆိုရင်တော့ သေချာပေါက် ငါ ရှုံး‌လိမ့်မယ်။ ဒါပေမဲ့ အဲဒီမိန်းမဆိုရင်တော့ မြို့ငယ်လေးထဲမှာ လက်တစ်ဖက်တည်းနဲ့ လုံလောက်တယ်…”

ချန်းပင်အန်းက စိတ်ဝင်တစား မေးလိုက်သည်။

“တောင်ရွှေ့လူဝံကြီးလား…”

နင်ယောင်က ပြည့်ပြည့်စုံစုံ ရှင်းပြလိုက်သည်။

“အဲဒါက ဒီကမ္ဘာကြီးထဲမှာ ကျန်နေသေးတဲ့ ရှေးဟောင်းမှော်သားရဲမျိုးနွယ်ဝင် တစ်ယောက်ပဲ။ သူ့ရဲ့မူလခန္ဓာကိုယ်က တောင်မြင့်ကြီးတစ်လုံးလို မြင့်မားတဲ့ ဧရာမလူဝံကြီးတစ်ကောင်ပဲ။ ‌သူ့ရဲ့အစစ်အမှန်ပုံစံ‌ ပေါ်လာတဲ့အချိန်မှာ တောင်ကြီးတစ်တောင်ကိုတောင် မြေပြင်ကနေ ဆွဲနှုတ်သွားပြီး အဝေးကို သယ်သွားနိုင်တယ်လို့ ပြောကြတာပဲ။ ဒါပေမဲ့ အဲဒါတွေအားလုံးက ထင်ကြေးသက်သက်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်သူမှ မမြင်ဖူးဘူးလေ။ ကျန့်ယန်တောင်က နှစ်‌ရာပေါင်းများစွာ တည်ရှိနေခဲ့တာ။ အမှန်အတိုင်းပြောရရင် သူတို့မှာ အစွမ်းထက်တဲ့ အုတ်မြစ်တစ်ခုရှိတယ်။ အရှေ့ပိုင်းကုန်းမြေကြီးထဲမှာ သူတို့ဂိုဏ်းရဲ့အဆင့်က မမြင့်ပေမဲ့ သူတို့ကို လျော့တွက်လို့မရဘူး။ ဒါကြောင့် ငါတို့က သူတို့နဲ့ မတိုက်ခိုက်ရရင် အကောင်းဆုံးပဲ။ တကယ်လို့ ငါတို့က တိုက်ခိုက်ရမယ်ဆိုရင်တော့...”

ချန်းပင်အန်းက သတိထား၍မေးလိုက်သည်။

“တကယ်လို့ ကျွန်တော်တို့က တိုက်ခိုက်ရမယ်ဆိုရင် ဘာဖြစ်မှာလဲ…”

နင်ယောင်က မတ်တပ်ရပ်လိုက်ပြီး ဓားအိမ်ထဲမှ ဓားကို တစ်လက်မခန့် ဆွဲထုတ်လိုက်သည်။ သူမက မြက်ဖိနပ်နှင့်လူငယ်လေးကို အရူးတစ်ယောက်ကဲ့သို့ ကြည့်နေခဲ့၏။

သူမက ပြတ်သားစွာ ပြောလိုက်သည်။

“ငါတို့က ဘာလုပ်ရမှာလဲ။ သူတို့ကို သတ်ပစ်ရမှာပေါ့…”

ချန်းပင်အန်းက တံတွေးမျိုချလိုက်မိသည်။ ထို့နောက် လူငယ်လေးက ခြင်းတောင်းကိုသယ်ပြီး မိန်းမပျိုက မျက်နှာကာဦးထုပ်ကိုဆောင်း၍ လျှိုရှန်းယန်၏အိမ်ကို ထွက်လာခဲ့ကြသည်။

နင်ယောင်က ပြန်လှည့်လာပြီး လူငယ်လေး၏ခြင်းတောင်းကိုကြည့်၍ မေးလိုက်သည်။

“ဘာလို့ဒီနေ့အရမ်းနည်းနေရတာလဲ…”

ချန်းပင်အန်းက သက်ပြင်းချလိုက်မိသည်။

“တရုတ်ဇီးသီးပွင့်လမ်းကြားထဲမှာရှိတဲ့ အဘွားမာရဲ့မြေး မာခူရွှမ်က ပြောတယ်။ သူက ကျွန်တော်နဲ့ အသက်အတူတူပဲ။ အခုတော့ လုံးဝမတူတဲ့ လူတစ်ယောက်လို ဖြစ်သွားတယ်ထင်တယ်။ သူပြောတဲ့စကားအရ မြို့ငယ်လေးရဲ့ မြေမျက်နှာသွင်ပြင် အခြေအနေတွေက ပြောင်းလဲသွားပြီ။ ဒါကြောင့် စမ်းချောင်းထဲမှာရှိတဲ့ ကျောက်တုံးတွေက ချီစွမ်းအားတွေ တဖြည်းဖြည်း‌နည်းလာနေပြီလို့ပြောတယ်…”

နင်ယောင်၏ အမူအယာက တည်ငြိမ်နေခဲ့သည်။ သူမက လေးလေးနက်နက် ပြောလိုက်၏။

“သူပြောတာမှန်တယ်။ ဒီမြို့လေးက စပြီး ပြောင်းလဲနေခဲ့ပြီ။ နင်က ဒီကိစ္စကို မြန်မြန်ဖြေရှင်းပြီး မြို့ထဲကနေ ထွက်သွားတာ ပိုကောင်းမယ်။ တကယ်လို့ ထွက်သွားပြီး ပြန်လာမယ်ဆိုရင်တောင် မြို့ထဲမှာ ကျန်နေခဲ့တာထက် ပိုပြီးတော့ကောင်းသေးတယ်..”

ချန်းပင်အန်းက ခေါင်းမာမနေခဲ့ပေ။ သူက ငယ်ငယ်ကတည်းက တစ်ယောက်တည်း အသက်ရှင်နေထိုင်ခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် လူသားသဘာဝ၏ ကောက်ကျစ်စဉ်းလဲမှုနှင့် အရေးပါမှုကိုလည်း နားလည်ထားသည်။

သူက ခေါင်းညိတ်ပြီး ပြုံးပြလိုက်၏။

“ကျွန်တော် သိပါတယ်။ လျှိုရှန်းယန်နဲ့ ဆရာရွမ်တို့က ဆရာတပည့်ဖြစ်သွားပြီဆိုရင် ကျွန်တော် ချက်ချင်းထွက်သွားတော့မှာ။ အဲဒီအချိန် ဆရာရွမ်က မိန်းကလေးအတွက် ဓားတစ်လက် ထုလုပ်ပေးမယ်ဆိုရင်တော့ အကောင်းဆုံးပဲ…”

နင်ယောင်က ထိုလူငယ်လေးကိုကြည့်ပြီး ဇဝေဇဝါဖြစ်နေခဲ့သည်။

“ဘာလို့ နင်နဲ့မသက်ဆိုင်တဲ့ကိစ္စတွေအတွက် နင်က ဝမ်းသာနေရတာလဲ။ နင်က လူကောင်း‌တစ်ယောက်လို့ ဘာကြောင့် သတ်မှတ်ထားရတာလဲ..”

သူတို့နှစ်ယောက်က အချင်းချင်း ရင်းနှီးနေပြီဟု ချန်းပင်အန်းက တွေးမိခဲ့သည်။ သူက ဦးတည်ရာမဲ့ ပြောမနေခဲ့ပေ။ သူက ယုံကြည်ချက်ရှိရှိ ပြောလိုက်၏။

“သေချာစဉ်းစားကြည့်လိုက်ပါ။ ဒီကမ္ဘာကြီးထဲမှာ လူတွေအများကြီးပဲ။ ကျွန်တော်ကတော့ လျှိုရှန်းယန်၊ကုစန့်နဲ့ မိန်းကလေးနင်တို့ရဲ့ ကောင်းခြင်း၊ဆိုးခြင်းကိုပဲ ဂရုစိုက်တယ်။ ကျွန်တော်က လူကောင်းတစ်ယောက် မဟုတ်ဘူးလား..”

နင်ယောင်က အပြုံးနှင့် မေးလိုက်သည်။

“ဒါဆို အဲဒီ(၃)ယောက်ထဲမှာ ငါ့ရဲ့အဆင့်က ဘယ်လောက်လဲ..”

ချန်းအင်အန်းက စိတ်ထဲကအတိုင်း ပြောလိုက်သည်။

“အခုတော့ တတိယပေါ့…”

နင်ယောင်က သူမ၏ဓားကို ဆွဲထုတ်လိုက်ပြီး လက်ထဲတွင်ကိုင်ထားသည်။ သူမက ဓားအိမ်နှင့် လူငယ်၏ပုခုံးကို ပုတ်လိုက်ပြီး အပြုံးနှင့် ပြောလိုက်၏။

“ချန်းပင်အန်း ….

နင့်ကို မသတ်တဲ့အတွက် ငါ့ကိုကျေးဇူးတင်သင့်တယ်…”

ချန်းပင်အန်းက အံ့ဩသွားခဲ့၏။

“မိန်းကလေးက ဆေးကျိုပေးဖို့ အလုပ်ကို မလုပ်စေချင်တော့ဘူးလား…”

နင်ယောင်က ခဏကြာမှင်တက်သွားခဲ့ပြီး သူ့အတွေးကို ချက်ချင်း နားလည်သွားခဲ့သည်။

“ချန်းပင်အန်း …

တကယ်လို့ နင်အပြင်ဘက်ကို ရောက်သွားမယ်ဆိုရင်တောင် ကောင်းကောင်း အသက်ရှင်နေနိုင်ဦးမယ်ဆိုတာ ငါ နားလည်သွားပြီ…”

ချန်းပင်အန်းကတော့ လောဘကြီးနေခြင်း မရှိချေ။ သူက ပွင့်ပွင့်လင်းလင်းသာ ပြောလိုက်၏။

“ကျွန်တော်က အဆင်ပြေရင် ကျေနပ်ပါပြီ…”

နင်ယောင်ကတော့ မှတ်ချက်မပေးခဲ့ချေ။ သူမက လက်ထဲတွင် ကိုင်ထားသော အစိမ်းရောင်ဓားမောက်လေးကို ညင်သာစွာ လှုပ်ရှားလိုက်၏။

သူတို့က လျှိုရှန်းယန် နေထိုင်သည့် လမ်းကြားထဲသို့ ရောက်လာသည့်အချိန်တွင် အနက်ရောင်အရိပ်တစ်ခု ခုန်ဆင်းလာခဲ့သည်။ နင်ယောင်က သူမ၏ဓားကို ဆွဲထုတ်မလို လုပ်ခဲ့သော်လည်း သူမက ချက်ချင်းရပ်တန့်လိုက်၏။

ထိုအရာက ချန်းပင်အန်းကို ပတ်ချာလည် လှည့်နေသော အဝါရောင်ခွေးတစ်ကောင်ဖြစ်သည်။ ချန်းပင်အန်းက ထိုင်လိုက်ပြီး ထိုခွေး၏ခေါင်းကို ပုတ်ပေးလိုက်၏။

သူက မတ်တပ်ရပ်လိုက်ပြီး အပြုံးနှင့် ပြောလိုက်သည်။

“ဒါက လျှိုရှန်းယန်ရဲ့တစ်ဖက်ခြံမှာရှိတဲ့ မိသားစုရဲ့အိမ်မွေးခွေးလေ။ သူ့နာမည်က လိုင်ဖူလို့ခေါ်တယ်။ သူက အသက်ရှင်နေတာ တော်တော်ကြာနေပြီ။ အရမ်းလည်း ကြောက်တတ်တယ်။ အရင်ဆုံးတုန်းက‌ လျှိုရှန်းယန်နဲ့ ကျွန်တော် တောင်ပေါ်ကို သွားတဲ့အချိန် သူက နောက်ကနေ လိုက်လာခဲ့တယ်။ သူက ယုန်တွေ၊ကြက်တွေကိုတောင် မဖမ်းနိုင်တဲ့အတွက် လျှိုရှန်းယန်က အမြဲတမ်းအပြစ်တင်နေခဲ့တာလေ။ အမှန်အတိုင်း ပြောရရင်တော့ လိုင်ဖူက ကြောင်တစ်ကောင်ကိုတောင် မယှဉ်နိုင်ဘူး။ မာခူရွှမ်ရဲ့ကြောင်ကတော့ ကြက်တွေ၊မြွေတွေကိုတောင် အိမ်ထဲခေါ်လာတယ်လို့ ပြောကြတယ်။ ဒါပေမဲ့ လိုင်ဖူက အသက်ကြီးနေပြီလေ။ သူက (၁၀)နှစ်လောက်တောင် ဖြစ်နေပြီ‌ဆိုတော့ တော်တော်အသက်ကြီးနေပြီ..”

ထိုစကားကို ပြောလိုက်ပြီးနောက် မြက်ဖိနပ်နှင့်‌ လူငယ်လေးက ခါးကိုင်းပြီး လိုင်ဖူ၏ခေါင်းကို ပွတ်လိုက်သည်။ သူက တိုးတိုးလေး ပြောလိုက်၏။

“မင်းက အရမ်းကို အသက်ကြီးနေပြီ။ မင်းက အသက်ကြီးနေပြီဆိုတာ သိတယ် မဟုတ်လား။ ဘာမှမစိုးရိမ်ပါနဲ့။ နောက်ပိုင်း ငါ့မှာ ငွေအများကြီးရှိလာရင် မင်းကို အငတ်မထားဘူး…”

နင်ယောင်က ခေါင်းခါလိုက်မိသည်။ သူမကတော့ ထိုကိစ္စကို အလေးမထားခဲ့ပေ။ သူမက လမ်းတစ်လျှောက်တွင် လူပေါင်းများစွာ၊ ပစ္စည်းပေါင်းများစွာကို မြင်ခဲ့ဖူးသည်။ အဆင့်အတန်းမြင့်သော အင်မော်တယ်များ၊ ဈေးထဲတွင် နေထိုင်သော သာမန်လူများ၊ ကြွယ်ဝချမ်းသာပြီး အစွမ်းထက်သော ကလေးငယ်များ၊ လေပေါ်တွင် ပျံသန်းနေသော အင်မော်တယ်များနှင့် ပျော်ရွှင်မှု ဝမ်းနည်းမှုပေါင်းစုံကို မြင်တွေ့ခဲ့ဖူးသည်။

လေမုန်တိုင်း ပြင်းထန်သော ညအချိန်တွင် ခြေဗလာနှင့် လမ်းလျှောက်နေသော ဘုန်းတော်ကြီးတစ်ပါးက ဓမ္မကျမ်းစာများကို ရွတ်ဖတ်နေပြီး တည်ငြိမ်စွာ လမ်းလျှောက်နေခဲ့သည်။ နန်းတွင်းစာမေးပွဲ ဖြေဆိုရန်အတွက် မြို့တော်သို့ သွားနေသော ဆင်းဆင်းရဲရဲ စာသင်သားတစ်ယောက်လည်းရှိ၏။

ပျက်စီးနေသော ရှေးဟောင်းကျောင်းဆောင်ထဲတွင် လူသားအရေပြားပေါ်၌ မြေခွေးတစ်ကောင်၏မျက်ခုံးကို သိမ်မွေ့စွာ ရေးဆွဲနေသူလည်း ရှိသည်။ နောက်ဆုံးခရီးစဉ်ကို ထွက်ခွာခဲ့သည့်အချိန်တွင် သူ၏ဆံပင်များက ဖြူနေသော်လည်း နောင်တမရ‌ခဲ့ပေ။

တာအိုအရှင်သခင်ဟူသော ဂုဏ်ပုဒ်ရှိနေသည့် လူငယ်တာအိုသခင် တစ်ယောက်လည်း ရှိသည်။ သူကတော့ ရှေးဟောင်းတိုက်ပွဲကွင်းပြင်ကြီးများ၊ အုတ်ဂူများကြားထဲတွင် တစ်ယောက်တည်း သွားလာနေပြီး ကောင်းကင်သခင်၏ ကျေးဇူးတရားများကို တိတ်တဆိတ် ရွတ်ဆိုနေခဲ့သည်။ သူက သီးသန့်ရှိနေသော စိတ်ဝိညာဉ်များကို တည်ငြိမ်အေးချမ်းသော လမ်းကြောင်းတစ်ခု ဖန်တီးပေးရန်အတွက် သူ၏ကျင့်စဉ်အဆင့်ကို အသုံးပြုနေခဲ့သည်။

နဂါးဘုရင် ကျောင်းဆောင်ကြီးကို ကိုယ်တိုင်တားမြစ်ထားခဲ့သော သက်လတ်ပိုင်းအရွယ် အရာရှိတစ်ယောက်က ရုံးတော်သို့ ပထမဆုံး ရောက်လာခဲ့သည့်အချိန်တွင် နဂါးဘုရင်ကျောင်းဆောင်ကို ကိုယ်တိုင် တားမြစ်ခဲ့သည်။

သူ့နှုတ်ခမ်းက အက်ကွဲပြီး သွေးများ ထွက်နေခဲ့၏။ သူက‌ အမွှေးတိုင်ထွန်းသော စားပွဲတစ်ခုပေါ်တွင်ထိုင်ပြီး အက်ရှရှလေသံနှင့် နဂါးဘုရင် ဆုတောင်းသံနှင့် ခြောက်ကပ်သော မြစ်ကြမ်းပြင်ကျမ်းစာများကို ရွတ်ဖတ်နေခဲ့သည်။ အဆုံးတွင်တော့ သူက နဂါးဘုရင်ကျောင်းဆောင်၏‌ရှေ့တွင် ဒူးထောက်လိုက်ပြီး သူ့ပိုင်နက်ထဲတွင် ရှိနေသူများ၏ကိုယ်စား ခွင့်လွှတ်မှုကို တောင်းဆိုလိုက်သည်။

အသက်(၇၀)အရွယ် အဘိုးအိုတစ်ယောက်က တိုင်းပြည်အသစ်တွင် အရာရှိတစ်ယောက် ဖြစ်လာသော သူ့သားကို သူနှင့်အတူ ခေါ်မသွားချင်ခဲ့ပေ။ သူက ယခုမှ စာပေလေ့လာနေသော သူ့မြေးကိုသာ ခေါ်ဆောင်သွားခဲ့သည်။ သူ၏ တိုင်းပြည်ထဲတွင် ပျက်စီးနေသော တောင်တန်းများ၊ မြစ်များကိုကြည့်ပြီး သူ၏မျက်နှာပေါ်တွင် မျက်ရည်များ စီးကျလာနေခဲ့၏။

သူ ချစ်ရသော မြေးလေးကို ထိုစီရင်စုများနှင့် တိုင်းပြည်များ၏ မူလနာမည်အကြောင်းကို ပြော‌ပြနေပြီး နောက်ထပ်နာမည်အသစ်များကိုလည်း ပြောပြနေခဲ့သည်။

မိုင်(၁၀၀၀)ခန့် ရှည်လျားသော ချောက်ကြီးထဲတွင် မြစ်ကြောင်းအတိုင်း စုန်ဆင်းလာသော လှေတစ်စီးရှိသည်။ ထိုမြစ်၏တစ်ဖက်တွင်‌တော့ စာသင်သားများ ရှိနေကြ၏။ သူတို့က အလွန်တက်ကြွပြီး အားအင်ပြည့်နှက်နေကြသည်။ သူတို့က တစ်စုံတစ်ခုကိုဖတ်ပြီး နားလည်သွားသည့်အချိန်တိုင်းကောင်းကင်ဘုံသို့မော့၍ အော်ဟစ်လိုက်ကြ၏။

ချပ်ဝတ်အင်္ကျီ ဝတ်ဆင်ထားသော မိန်းမလှလေး တစ်ယောက်လည်းရှိသည်။ စစ်ပွဲ၏ အငွေ့အသက်ကြောင့် သူမက မြင်းတစ်ကောင်ကိုစီးပြီး အရက်သောက်နေခဲ့၏။ သူမက အလှပဆုံး မိန်းကလေးတစ်ယောက်ဖြစ်သည်။

လမ်းတလျှောက်တွင် တာအိုလမ်းစဉ်အပေါ် နင်ယောင်၏နှလုံးသားက ကျောက်တုံးကျောက်ခဲပမာ တဖြည်းဖြည်း မာကျောလာခဲ့သည်။ အနည်းငယ်လေးပင် တွေဝေခြင်း မရှိတော့ချေ။ ယခုတော့ နင်ယောင်က နောက်ထပ်မြင်ကွင်းတစ်ခုကို မြင်လိုက်ရ၏။

ထိုအရာက သေးသိမ်သော လမ်းကြားလေးထဲတွင် တစ်ယောက်တည်းနေထိုင်နေသော လူငယ်လေး တစ်ယောက်ဖြစ်သည်။ သူက ခြင်းတောင်းလေးတစ်တောင်းကို သယ်ပြီး ခါးတွင် ငါးခြင်းတောင်းလေးကို ချည်ထားခဲ့သည်။ သူက ခွေးအိုကြီး၏ခေါင်းကို ပုတ်နေပြီး လူငယ်လေးဆီတွင် အနာဂတ် မျှော်လင့်ချက်များ ပြည့်နှက်နေခဲ့၏။

သူတို့ လျှိုရှန်းယန်၏အိမ်ကို ရောက်လာပြီး သိပ်မကြာခင် လူတစ်ယောက်က တံခါးလာခေါက်လိုက်သည်။ ချန်းပင်အန်းနှင့် နင်ယောင်တို့က အချင်းချင်း ကြည့်လိုက်မိကြ၏။ ထို့နောက် ချန်းပင်အန်းက တံခါးသွားဖွင့်ပေးလိုက်သည်။

နင်ယောင်က တံခါးဝတွင် ရပ်နေသော်လည်း သူမက အခန်း‌ထောင့်တွင် တိတ်တဆိတ်ရှိ‌နေသော ဓားကို လှည့်ကြည့်လိုက်မိ၏။ တံခါးလာခေါက်သည့်လူက လုကျန့်ချွန်ဖြစ်သည်။ အမျိုးသမီးကတော့ ခေါင်းဆောင်ဖြစ်၏။ ထိုနေရာတွင် လုမိသားစုမှ အစေခံ(၂)ယောက်လည်း ပါလာခဲ့သည်။

လုကျန့်ချွန်ကတော့ သဘောကောင်းနေပုံရပြီး တိုးတိုးလေးမေးလိုက်၏။

“မင်းက လျှိုရှန်းယန်ရဲ့မိတ်ဆွေပဲ။ မင်းနာမည်က ချန်းပင်အန်း မဟုတ်လား။ ငါတို့က သေတ္တာသယ်ဖို့ ဒီနေရာကို ရောက်လာတာ။ လျှိုရှန်းယန်က မင်းကို ဒီအကြောင်းတွေ ပြောပြီးလောက်ပြီပေါ့။ ဒါကြောင့် ဘာမှစိုးရိမ်မနေဘဲ ဒီငွေအိတ်ကိုပဲ ယူထားလိုက်။ ပြီးတော့ ငါတို့ရဲ့သခင်မကြီးက လျှိုရှန်းယန် တောင်းဆိုထားတဲ့အရာတွေကို သဘောတူထားတယ်။ နောက်ပိုင်းမှ အရာအားလုံး သူ့လက်ထဲကိုပဲ အပ်လိုက်တော့..”

ချန်းပင်အန်းက ငွေအိတ်ကိုယူပြီး လမ်းဖယ်ပေးလိုက်သည်။ အလွန်ကျက်သရေရှိပြီး လှပသော အမျိုးသမီးက ဦးဆောင်ပြီး ခြံဝန်းထဲကို ဝင်လာခဲ့ကြ၏။ လုကျန့်ချွန်နှင့် အစေခံနှစ်ယောက်က နောက်မှလိုက်လာခဲ့သည်။

အမျိုးသမီးက ခန်းမထဲတွင် ချထားသော အနီရောင်သေတ္တာကြီးကို ကိုယ်တိုင်ဖွင့်ကြည့်လိုက်သည်။ သူမက ဘေးတွင် ထိုင်လိုက်ပြီး ပုံစံဆိုးရွားသော ချပ်ဝတ်အင်္ကျီကို လက်နှင့်ကိုင်ကြည့်လိုက်၏။ သူမ၏မျက်လုံးများက အနည်းငယ် ဝေဝါးနေပြီး ဖုံးကွယ်၍ မရနိုင်သော ကျေနပ်မှုနှင့်စိတ်ဆန္ဒများ ရှိနေခဲ့သည်။

သို့သော် ထိုခံားမှုများက လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့၏။ သူမက ပုံမှန်အခြေအနေကို ပြန်ရောက်သွားခဲ့သည်။ မတ်တပ်ရပ်လိုက်ပြီးနောက် လုကျန့်ချွန်တို့ကို သေတ္တာသယ်သွားရန် သူမက ညွှန်ပြလိုက်သည်။ ထိုသေတ္တာက‌ မလေးပေ။ မည်သို့ဖြစ်စေကာမူ အတွင်းထဲတွင် ချပ်ဝတ်အင်္ကျီတစ်ထည်သာ ရှိနေခဲ့၏။

အမျိုးသမီးက အိမ်ထဲမှ နောက်ဆုံးထွက်သွားခဲ့သည်။ သူမက အပေါက်ဝကို ရောက်သည့်အချိန်တွင် ပြန်လှည့်လာပြီး မြက်ဖိနပ်နှင့်လူငယ်လေးကို ကြည့်လိုက်၏။ သူမက အပြုံးနှင့် ပြောလိုက်သည်။

“လျှိုရှန်းယန်က မင်းကို မိတ်ဆွေတစ်ယောက်အဖြစ် တကယ်သတ်မှတ်ထားတာပဲ…”

သူမပြောချင်သည့်စကား၏ အဓိပ္ပာယ်ကို နားမလည်သော ချန်းပင်အန်းကတော့ သူတို့ကို တိတ်တဆိတ်‌ ပို့ဆောင်ပေးလိုက်သည်။ အဆုံးတွင်တော့ ချန်းပင်အန်းက တံခါးအပြင်ဘက်တွင် အချိန်တော်တော်ကြာ ရပ်နေပြီး လှုပ်ရှားခဲ့ခြင်းမရှိချေ။

နင်ယောင်က သူ့ဘေးကို လျှောက်လာခဲ့၏။ အမျိုးသမီးက လုကျန့်ချွန်တို့၏နောက်မှ လျှောက်သွားခဲ့သည်။ သူမက လမ်းကြားလေး၏အဆုံးသို့ ရောက်သွားသည့်အချိန်တွင် ပြန်လှည့်ကြည့်လိုက်ရာ လူငယ်နှင့်မိန်းမပျိုတို့က ဘေးချင်းယှဉ်၍ ရပ်နေကြောင်း မြင်လိုက်ရသည်။

သူမက အပြုံးနှင့် ပြောလိုက်၏။

“ငယ်ရွယ်သေးတာ ကောင်းပါတယ်။ ဒါပေမဲ့ မင်းက အရင်ဆုံး အသက်ရှင်ဖို့ ကြိုးစားလိုက်ဦး…”

…………………

စမ်းချောင်းလေးကို ဖြတ်ထားသော အမိုးတံတားထဲတွင် အရပ်ရှည်ရှည် လူငယ်လေးတစ်ယောက်က သွေးအိုင်ထဲတွင် လဲနေခဲ့၏။ သူ့ခန္ဓာကိုယ်က လှုပ်ရှားနေပြီးသွေးများ ဆက်တိုက်ထွက်နေခဲ့သည်။ သို့သော် ယခုတစ်ကြိမ်တော့ အရပ်ရှည်ရှည် လူငယ်လေးက လူသေနေပြီဟူသော ပိန်ပိန်ပါးပါး လူငယ်လေး၏အော်သံကို မကြားနိုင်တော့ပေ။

အမိုးတံတား၏မြောက်ဘက်အစွန်တွင် လူအုပ်ကြီးတစ်အုပ်က ဆွေးနွေးနေကြ၏။ သူတို့က အဝေးမှ ဆူညံမှုများကို ကြည့်နေပြီး ပြသနာတက်မှာ ဆိုးသည့်အတွက် လူငယ်၏အနားကို ကပ်မလာခဲ့ကြပေ။

လူနှစ်ယောက်က အမိုးတံတားပေါ်ကို လျင်မြန်စွာ ပြေးတက်လာကြ၏။ သက်လတ်ပိုင်းလူကြီးက ဆောင့်ကြောင့်ထိုင်လိုက်ပြီး လူငယ်၏လက်ကောက်ဝတ်ကို သွေးခုန်နှုန်း စမ်းကြည့်လိုက်သည်။ သူ့အမူအယာက အတော်လေးကို လေးနက်နေခဲ့၏။

အစိမ်းဝတ်မိန်းကလေး၏ရင်ထဲတွင်လည်း အမုန်းတရားများ ပြည့်နှက်နေသည်။ သူမက အံကြိတ်ပြီးပြောလိုက်၏။

“သူက လက်သီးတစ်ချက်တည်းနဲ့ သူ့ရင်ဘတ်ကို ထိုးလိုက်တာ။ တော်တော်ရက်စက်ကြမ်းကြုတ်တာပဲ..”

သက်လတ်ပိုင်းလူကြီးက စကားတစ်ခွန်းမျှမပြောခဲ့ပေ။

အစိမ်းဝတ်မိန်းကလေးက ဒေါသတကြီး ပြောလိုက်၏။

“အဖေ …

လျှိုရှန်းယန်က ဒီလိုမျိုး တိုက်ခိုက်ခံရတာကို အဖေ ကြည့်နေတာလား။ လျှိုရှန်းယန်က အဖေ့ရဲ့တပည့်တစ်ဝက်လို့‌ ပြောလို့ရတယ်လေ…”

သက်လတ်ပိုင်းလူကြီးက လူငယ်၏လက်ကောက်ဝတ်ကို မလွှတ်ခဲ့ပေ။ သူက ခံစားချက်ကင်းမဲ့စွာ ပြောလိုက်၏။

“ကျန့်ယန်တောင်က ဒီတစ်ကြိမ် မဆင်မခြင်လုပ်မယ်လို့ အဖေက ဘယ်လိုသိမှာလဲ..”

မိန်းကလေးက မတ်တပ်ရပ်ပြီး ပြောလိုက်သည်။

“ဒါကို အဖေဂရုမစိုက်ရင်လည်း သမီး ဂရုစိုက်တယ်…”

ထိုလူကြီးက ခေါင်းမော့ပြီး ဖြည်းညင်းစွာ ပြောလိုက်၏။

“ရွမ်ရှို့...

အဖေက သမီးရဲ့အလောင်းကို လိုက်ကောက်စေချင်နေတာလား…”

မိန်းမပျိုက လက်လျော့ခြင်းမရှိဘဲ ရှေ့သို့ ဆက်လျှောက်သွားခဲ့သည်။ သူမက လေးလေးနက်နက်ပြောလိုက်၏။

“ကျွန်မ ရွမ်ရှို့က စားဖို့ပဲ သိတာ မဟုတ်ဘူး။ လူလည်း သတ်နိုင်သေးတယ်…”

သက်လတ်ပိုင်းလူကြီးက ဒေါသထွက်သွားပြီး မျက်မှောင်ကြုတ်လိုက်မိသည်။ သူ့ဒေါသ တစ်စိတ်တစ်ပိုင်းက သူ့သမီး၏ ရူးမိုက်မှုကြောင့်ဖြစ်ပြီး တခြားသော ဒေါသများကတော့ ကျန့်ယန်တောင်မှ လူဝံအိုကြီးကြောင့် ဖြစ်သည်။

သက်လတ်ပိုင်းလူကြီးက ထိုအရာကို စဉ်းစားကြည့်နေခဲ့၏။ သူက ချီကျင့်ချွန်၏နေရာကို တရားဝင်လွှဲပြောင်းယူရသေးခြင်း မရှိသေးသည့်အတွက် သူက ပြဿနာရှာ၍ ရနိုင်မည်လော။

အစိမ်းဝတ်မိန်းမပျိုက ရုတ်တရက် ရပ်တန့်လိုက်သည်။ သူမက အမိုးတံတား၏ တခြားတစ်ဖက်မှ ပြေးလာနေသော ပိန်ပိန်ပါးပါး လူငယ်လေးကို မြင်လိုက်ရသည်။ သူမက မြက်ဖိနပ်တစ်စုံဝတ်ထားသော လူငယ်လေးကို မှတ်မိနေခဲ့၏။ သူမဆီတွင် ခံစားချက်ကင်းမဲ့နေပြီး ပြောစရာစကားမရှိခဲ့ပေ။

သူတို့နှစ်ယောက်က တခဏအတွင်း ဖြတ်ကျော်သွားခဲ့၏။ မိန်းမပျိုက တစ်စုံတစ်ခု ပြောချင်နေသော်လည်း စကားတစ်ခွန်းမျှ ထွက်မလာခဲ့ပေ။ ဘာကြောင့်မှန်း မသိသော်လည်း သူမက အပြစ်ရှိသလို ခံစားနေရသည့်အတွက် မျက်နှာပေါ်တွင် မျက်ရည်စများ စီးကျလာနေခဲ့၏။

မြက်ဖိနပ်လူငယ်လေးက သူ့ဘေး၌ ထိုင်ပြီး အရပ်ရှည်ရှည်လူငယ်လေး၏ လက်တစ်ဖက်ကို ဆုပ်ကိုင်လိုက်သည့်အချိန်တွင် ဝေဝါးနေသော လျှိုရှန်းယန်၏ မျက်လုံးများက နောက်တစ်ကြိမ် အသက်ဝင်လာပုံရသည်။

သူက အားတင်း၍ ပြုံးလိုက်ပြီးပြတ်တောင်းပြတ်တောင်း ပြောလိုက်၏။

“အဲဒီအမျိုးသမီးက ငါ့ကိုပြောခဲ့တယ်။ တကယ်လို့ ငါသာ ချပ်ဝတ်အင်္ကျီကို မရောင်းဘူးဆိုရင် သူက မင်းကို သတ်လိမ့်မယ်။ သူနဲ့သူ့သားက ငါတို့မြို့ကို ရောက်လာတဲ့အတွက် လူသတ်ရင်တောင် တစ်ယောက်ပဲ အပြင်ကို ထုတ်ပယ်ခံရမှာ။ သူက အဲဒီတန်ဖိုးကို ပေးဆပ်နိုင်တယ်။ သူ မင်းကို တကယ်သတ်မှာ ငါအရမ်းကြောက်သွားတာ။ ငါမင်းကိုပြောခဲ့တဲ့ အရာတွေကတော့ အကုန်လိမ်ပြောတာတွေပါပဲ။ ငါ့အဘိုးက ငါ့ကို အဲဒီစကားတွေတော့ တကယ်ပြောခဲ့တယ်။ ဒါကြောင့် သူတို့ကို ရောင်းလိုက်မယ်ဆိုရင်လည်း ပြဿနာမရှိဘူးလို့ ငါတွေးခဲ့တာ။ သူက အခုလေးပဲ ငါ့ကိုရှာဖို့ လူတစ်ယောက် လွှတ်လိုက်ပြီး အဲဒီအဘိုးကြီးက ‌ရူးနေပြီလို့ ပြောခဲ့တယ်။ ငါ့ဆီမှာ ဓားသိုင်းကျမ်းမရှိဘူးဆိုတာ ကြားသွားတဲ့အချိန် သူက ငါ့ကိုမသတ်ခင် မင်းကိုအရင်ဆုံး သတ်မယ်လို့ ပြောခဲ့တယ်။ ငါက မင်းအတွက် အရမ်းစိုးရိမ်သွားတော့ မင်းကို သတိပေးချင်ခဲ့တာ။ ငါက ပြေးလာနေရင်း ဒီနေရာကို ရောက်တဲ့အချိန်မှာ အဲဒီအဘိုးကြီးက လက်သီးနဲ့ထိုးတာကို ခံလိုက်ရတယ်။ ‌နည်းနည်းတော့ နာသွားတာပေါ့…”

မြက်ဖိနပ်နှင့် လူငယ်လေးက ခေါင်းငုံ့ပြီး လျှိုရှန်းယန်၏ နှုတ်ခမ်းထောင့်တွင် စီးကျနေသောသွေးများကို ညင်သာစွာ သုတ်ပေးလိုက်သည်။ လူငယ်လေးက မျက်မှောင်ကြုတ်ပြီး တိုးတိုးလေး ပြောလိုက်၏။

“ဘာမှမကြောက်နဲ့ အဆင်ပြေပါတယ်။ ငါပြောတာကို ယုံလိုက်။ ထပ်ပြီး စကားမပြောနဲ့တော့။ ငါ မင်းကို အိမ်ခေါ်သွားပေးမယ်…”

အားတင်းထား‌ရသော အရပ်ရှည်ရှည်လူငယ်လေး၏ စွမ်းအားများက တဖြည်းဖြည်း ကုန်ဆုံးသွားပုံရသည်။ သူ၏မျက်လုံးများက ဝေဝါးလာပြီး သူက တီးတိုးရေရွတ်လိုက်သည်။

“ငါ နောင်တမရပါဘူး။ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့။ အမှန်အတိုင်းပြောရရင်တော့ ငါ နည်းနည်းကြောက်တယ်။ ကြည့်ရတာတော့ ငါလည်း သေရမှာကို ကြောက်တာပဲ…”

အဆုံးတွင်တော့ အရပ်ရှည်ရှည် လူငယ်လေးက သူ့သူငယ်ချင်း၏လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ပြီး ငိုကြွေးနေခဲ့သည်။

“ချန်းပင်အန်း... ငါ တကယ်သေရမှာကို ကြောက်တယ်…”

မြက်ဖိနပ်နှင့်လူငယ်လေးက ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်သည်။ သူက လျှိုရှန်းယန်၏ လက်နှစ်ဖက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခဲ့၏။ တခြားလက်တစ်ဖက်ကတော့ ဒူးပေါ်ကို တင်ထားခဲ့သည်။

လျှိုရှန်းယန်က အသက်ကို ပြင်းပြင်းရှုနေရပြီး အသက်ရှုရန် မနည်း ကြိုးစားနေရ၏။ လက်ရှိအချိန်တွင် ထိုလူငယ်လေးက ခွေးအိုကြီးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။

မြက်ဖိနပ်နှင့်လူငယ်လေး၏ မျက်လုံးများကတော့ နီရဲနေခဲ့၏။ သူက ကောင်းကင်ဘုံမှ တရားမျှတမှုကို တောင်းဆိုချင်သည်ဆိုလျှင် ခွေးတစ်ကောင်နှင့် ပို၍တူသွားပါလိမ့်မည်။ ချန်းပင်အန်းက ထိုသို့မဖြစ်ချင်ခဲ့ပေ။ သူက ဤဘဝတွင် နောက်တစ်ကြိမ် ထိုသို့ မဖြစ်ချင်တော့ပေ။

All Chapters