← Chapters

အခန်း (၄၄)

Vol. 3 Ch. 44

အခန်း (၄၄)

Vol. 3 Ch. 44

ဖုလုလမ်းကြားထဲတွင် ရှိနေသော လုကလန်၏အိမ်က သေးငယ်ပြီး ထူးခြားသည်။ သို့သော် ကိုယ်ပိုင်ကမ္ဘာငယ်လေးတစ်ခု ရှိနေခဲ့၏။ ချင်းဖုန်းမြို့တွင် နေထိုင်ခဲ့သော ရှုကလန်မှ သခင်မကပင် ထိုအရာက ခရုခွံထဲ၌ ရှိနေသော လေ့ကျင့်ရေးကွင်းပြင်တစ်ခုဟု ခံစားမိခဲ့သည်။ သူမက အလွန်အကျွံ လုပ်ဆောင်ခဲ့သော်လည်း မည်သည့်အရာမျှ ထပ်မမေးနိုင်ခဲ့ပေ။

ရေကန်လေး၏ဘေး၌ ရှိနေသော စံအိမ်တစ်ခုထဲတွင် လျှိုကလန်မှ ချပ်ဝတ်အင်္ကျီကို အောင်အောင်မြင်မြင် ရရှိခဲ့သော သခင်မက လက်ရန်းကို ပျင်းရိစွာ မှီ၍ ပြုံးနေခဲ့သည်။ သူမကတော့ အလွန်ကျေနပ်နေသည့်အတွက် စံအိမ်ထဲတွင် ရပ်နေသော လုကျန့်ချွန်ကိုပင် မျက်စိစပါးမွှေး ဆူးစရာအဖြစ် မသတ်မှတ်နိုင်တော့ပေ။

သူမ၏သားက တောက်ပသော အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ထိုင်ခုံရှည်တစ်ခုပေါ်တွင် မတ်မတ်ထိုင်နေခဲ့သည်။ သူက ရေကန်ငယ်လေးထဲသို့ ငါးစာများ ပစ်ချနေခဲ့၏။ ရေကန်ထဲတွင် အနီရောင့်ရောင် ငါး(၁၀၀)ခန့် စုနေပြီး ထိုနေရာတွင် အနီရောင်လှိုင်းလုံးများ လှုပ်ရှားနေသည်မှာ မြင်ကွင်းက အလွန်လှပလွန်းလှသည်။

ထို့နောက် သခင်မက လုကျန့်ချွန်ကို ညွှန်ကြားလိုက်သည်။

“မင်းက ဒီမှာ အမိန့်ကို စောင့်နေစရာ မလိုဘူး။ ဒီကိစ္စတွေ ဖြေရှင်းပြီးသွားရင် မင်းက ငါတို့နဲ့အတူ ချင်းဖုန်းမြို့ကို လိုက်လာရမယ်။ ငါ့ယောကျ်ားက မင်းကို သူ့ရဲ့ လက်ရင်းတပည့်အဖြစ် လက်ခံလိမ့်မယ်။ ပြီးတော့ သူက မင်းအဘိုးရဲ့ မသင့်တော်တဲ့ တောင်းဆိုမှုတစ်ခုကိုလည်း သဘောတူရလိမ့်မယ်။ သူက မင်းကို တနေ့နေ့မှာ အလယ်ဘုံ (၅)ဆင့်ထိ တက်လှမ်းနိုင်အောင် ကူညီပေးဖို့ တောင်းဆိုထားတာ။ ဒီလိုကတိမျိုးက တန်ဖိုးအရှိဆုံးဆိုတာကို မင်းလည်း သိမှာပေါ့။ ဒါကြောင့်လည်း မင်းရဲ့အဘိုးက မြေခွေးအိုကြီးတစ်ကောင်လို့ ငါက ပြောနေရတာပဲ…”

ထိုစကားကို ပြောပြီးနောက် သခင်မက လှပစွာ ပြုံးလိုက်သည်။

“ငါ့အနေနဲ့ ပြောရရင်တော့ မင်းအဘိုးကသာ လုကလန်ရဲ့ခေါင်းဆောင် ဖြစ်နေမယ်ဆိုရင် လုကလန်ရဲ့တိုင်းပြည်က ဒီလောက် မြန်မြန်ဆန်ဆန် ပျက်စီးသွားမှာ မဟုတ်ဘူး။ အဆင့်မြင့်တဲ့ တာ့လီ စုန့်ချန်ကျင့်ကတောင် တစ်နှစ်အတွင်း လုတိုင်းပြည်ပျက်စီးသွားခဲ့ရတာ လုကလန် နန်းတွင်းမိသားစုကြောင့် တစ်ဝက်ပါတယ်လို့ ဝန်ခံထားတယ်။ နင်တို့မြို့ငယ်လေးက လုကလန်ကတော့ အဲဒီလောက် ကံမကောင်းဘူး။ ပင်မလုကလန်နဲ့ ပေါင်းလိုက်မယ်ဆိုရင် အောင်မြင်မှုကို ဝေမျှလို့ မရပေမဲ့ ကျရှုံးမှုကိုတော့ အတူတူ ခံစားကြရတာပဲ။ ဒါကြောင့် ချင်းဖုန်းမြို့က နင့်ကို တစ်ဘဝစာ အခွင့်ကောင်းတစ်ခု ပေးနေတာ။ အဲဒါကို မလွဲချော်စေနဲ့။ ကောင်းကောင်းအသုံးချ။ ကြားလား…”

လုကျန့်ချွန်က ခေါင်းငုံ့ပြီး ကျေးဇူးတင်စွာ ပြောလိုက်သည်။

“ကျွန်တော် လုကျန့်ချွန်က သခင်မရှုရဲ့ ကရုဏာတရားကို လုံးဝ မမေ့ရဲပါဘူး။ နောက်ပိုင်း ကျွန်တော်က နာမည်ကျော် ချင်းဖုန်းမြို့ကို ရောက်တဲ့အချိန်ကျရင် သခင်မစုရဲ့ အစေခံတစ်ယောက် ဖြစ်လာရပါစေ့မယ်။ ကျွန်တော် လုကျန့်ချွန်က ဘဝတစ်လျှောက်လုံး သခင်မရှုအပေါ် သစ္စာရှိပါမယ်လို့ ကျိန်ဆိုပါတယ်..”

ချင်းဖုန်းမြို့မှ သခင်မက လှပစွာ ပြုံးလိုက်ပြီး မျက်မှောင်ကြုတ်၍ နူးညံ့သောအသံနှင့် ပြောလိုက်သည်။

“မင်းရဲ့ ရင်ထဲကလာတဲ့ စကားတွေကို နောက်ပိုင်း မင်းဆရာ ဖြစ်လာမယ့် ငါ့ယောကျ်ား မကြားစေနဲ့။ မဟုတ်ရင် အချိန်ရောက်မှ မင်းက သူ့ရှေ့မှာ ပြောနိုင်ဦးမှာလား…”

လုကျန့်ချွန်က ရွှံ့ပုလင်းလမ်းကြားထဲတွင် ရှိနေသော လျှိုရှန်းယန်၏ ရှေ့တွင်ပင် ဒူးထောက်ဖူးသည့်အတွက် ထိုကိစ္စကို အငြိုးအတေး မထားခဲ့ပေ။ အမျိုးသမီး၏ စကားကို ကြားသည့်အခါ သူက ချက်ချင်း ဒူးထောက်လိုက်ပြီး စံအိမ်၏ အပြင်ဘက်တွင် ရှိနေသော လှေကားထစ်ပေါ်တွင် ထိုင်နေခဲ့သည်။

သူက တုန်ယင်နေသော အသံနှင့် ပြောလိုက်၏။

“ကျွန်တော် လုကျန့်ချွန်က ကိုယ့်အခြေအနေကို လုံးဝ မမေ့ပါဘူး…”

အမျိုးသမီးက ရယ်လိုက်ပြီး သူ့ကို လက်ဝှေ့ယမ်းပြလိုက်သည်။ သူ့ကို အဝေးသို့သွားရန် ပြောလိုက်ခြင်း ဖြစ်၏။

“ကောင်းပြီ။ ထတော့။ နင်က နောက်ပိုင်း ချင်းဖုန်းမြို့ထဲကို ‌ရောက်တဲ့အချိန်ကျရင် ကျင့်ကြံခြင်းက အချိန်အကုန်ဆုံးအလုပ် ဖြစ်လိမ့်မယ်။ ခရီးရှည်ကြီးက မြင်းတစ်ကောင်ရဲ့ အစွမ်းကို စမ်းသပ်နိုင်တယ်။ မင်းက မင်းရဲ့ အုတ်မြစ်ကို မေ့မမေ့ဆိုတာကတော့ အမှန်တရားက တချိန်ချိန် ပေါ်လာမှာပေါ့..”

လုကျန့်ချွန်က လေလှိုင်းစံအိမ်ကို ကျောခိုင်း၍ လှေကားပေါ်မှ ဖြည်းညင်းစွာ ဆင်းသွားခဲ့သည်။ တချိန်တုန်းက မြို့ငယ်လေးထဲတွင် လုပ်ချင်ရာ လုပ်ခဲ့သောသူက ထိုအမျိုးသမီး၏ရှေ့တွင် ကျောကိုပင် မတ်မတ် မရပ်နိုင်ခဲ့ပေ။

မြို့အပြင်ဘက်တွင် လုမိသားစုက တိုင်းပြည်တစ်ခု၏ အုပ်စိုးသူများ ဖြစ်ခဲ့ကြသည်။ သူတို့က တာ့လီနယ်ခြားစောင့်တပ်ဖွဲ့၏ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခြင်းကို ခံလိုက်ရပြီးနောက် အကြီးအကျယ် ဆုံးရှုံးသွားခဲ့ပြီး နလန်ထူနိုင်ခြင်း မရှိခဲ့ချေ။

သူတို့က အချိန်တိုလေးအတွင်း ပြန်လည်တိုးတက်လာရန် အလွန်ခက်ခဲသည်။ အထက်မှ အောက်ထိ လုမိသားစု၏ တိုက်ရိုက်မျိုးဆက်များ၊ ပူးပေါင်းထားသော အရင်းအမြစ်များနှင့် အဝေးဆွေမျိုးများကလည်း အမြီးကုတ်၍ ကောင်းမွန်စွာ နေထိုင်ကြရသည်။

မဟုတ်လျှင် ချင်းဖုန်းမြို့၏ ဂုဏ်သိက္ခာနှင့် ချမ်းသာကြွယ်ဝမှုအရ သူတို့က မြို့ငယ်လေးထဲတွင် ရှိနေသော လုမိသားစုကို လုံးဝကျော်ရဲမည် မဟုတ်ချေ။ ကျန့်ယန်တောင်မှ သခင်နှင့် အစေခံ ဖြစ်နေလျှင်ပင် ထိုသို့လုပ်ဆောင်ရန် ခက်ခဲပါလိမ့်မည်။

ယခုတော့ လုမိသားစုက ရေတိမ်တွင် ရှိနေသော နဂါးတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး အခြေအနေက အလွန်ခက်ခဲနေ၏။ သူတို့ဆီတွင် ရွေးချယ်ခွင့်မရှိဘဲ ခေါင်းငုံ့နေကြရသည်။

အနီဝတ်ကောင်လေးက ခနဲ့သလို ပြောလိုက်၏။

“အစေခံတစ်ယောက်ဖြစ်ဖို့ မွေးဖွားလာတဲ့ လူတစ်ယောက်ပဲ။ အမေ.. ဘာလို့ သူ့လို အမှိုက်ကောင်ကို ခေါ်လာရတာလဲ။ အမေက သူ့ကို တပည့်အဖြစ် လက်ခံဖို့ အဖေ့ကို တကယ်ပဲ တွန်းအားပေးမလို့လား။ ပြီးတော့ အမေက သူ့ကို အလယ်ဘုံ(၅)ဆင့် ရောက်စေရမယ်လို့တောင် ကတိပေးခဲ့တာလား။ အလယ်ဘုံ(၅)ဆင့်ဆိုတာ ဘယ်အချိန်တုန်းကများ ဒီလောက်တောင် ဈေးပေါပြီး တန်ဖိုးမရှိတော့တာလဲ…”

အမျိုးသမီးက အပြုံးနှင့် ပြောလိုက်သည်။

“လုကျန့်ချွန်ရဲ့ပုံစံက ရိုင်းစိုင်းတယ်လို့ ထင်ရပေမဲ့ အရည်အချင်း မရှိတာတော့ မဟုတ်ဘူး။ ဒီကောင်လေးရဲ့ပါရမီက သာမန်ပဲ။ သူက သီးခြား အပြင်စည်း တပည့်တစ်ယောက် ဖြစ်လာမယ် ဆိုရင်တောင် တော်တော်လေး ကံကောင်းနေပြီ။ ဒါပေမဲ့ ဒီနေ့ရက်တွေရဲ့အဆုံးမှာ ဒီကောင်လေးက ဘာမှ ကြီးကြီးမားမား ပြဿနာ မရှိဘူး။ သူက ဘာပြဿနာမှလည်း ပေးနိုင်မှာ မဟုတ်ဘူး။ အပေါ်ယံမှာတော့ သူက ဒီမြို့ထဲမှာရှိတဲ့ လုမိသားစုကို ကတိတွေအများကြီး ပေးထားတယ်။ နန်းတွင်းကနေ ထွက်ပြေးလာတဲ့ လုမိသားစုရဲ့ ဆွေမျိုးတွေနဲ့ တော်ဝင်မိသားစုတွေက ချင်းဖုန်းမြို့ထဲမှာ ခိုလှုံခွင့်ရပြီး အခြေချနိုင်တယ်။ ချင်းဖုန်းမြို့က သူတို့ကို တလေးတစား ဆက်ဆံပြီး အထူးဧည့်သည်အဖြစ် သတ်မှတ်ကြရတာ…”

သူမတို့က လုမိသားစုအတွက် မြို့ထဲတွင် သီးခြားနေရာတစ်ခုပင် ဖန်တီးပေးထားရပြီး နှစ်ပေါင်း (၁၀၀)ခန့် လုမိသားစု၏ ကိုယ်ပိုင်နယ်မြေအဖြစ် သတ်မှတ်ပေးထားခဲ့ရသည်။

ကလေးငယ်က ငါးစာကို ပစ်လိုက်ပြီးနောက် စံအိမ်ထဲမှ ရုတ်တရက် ပြေးထွက်သွားပြီး ကျောက်တုံးများ ယူလာခဲ့သည်။ ထို့နောက် သူက လက်ရန်းကိုမှီပြီး ကျောက်တုံးများနှင့် ငါးများကို ပစ်လိုက်၏။ သူက အတော်လေးကို ကျေနပ်စွာ ဆော့ကစားနေခဲ့သည်။

ထို့နောက် ပြန်လှည့်ပြီး ပြောလိုက်၏။

“အမေ…

ကျွန်တော်တို့က မြို့ထဲမှာ ချပ်ဝတ်အင်္ကျီ လာရှာတယ်ဆိုတာ လူတွေကို လှည့်စားတဲ့ ဆင်ခြေတစ်ခုပဲ မဟုတ်ဘူးလား။ ချင်းဖုန်းမြို့ထဲမှာရှိတဲ့ ရှုမိသားစုက လုမိသားစုကို ထိန်းချုပ်ဖို့အတွက် အယောင်ပြလိုက်တာပဲ မဟုတ်လား။ ဘယ်လိုပဲဖြစ်ဖြစ် ကင်းခြေများတစ်ကောင်က သေဆုံးသွားမယ် ဆိုရင်တောင် လုံးဝ ကျရှုံးမသွားနိုင်ဘူးလေ။ လုမိသားစုရဲ့အစွမ်းထက် အိမ်ခြေရာမဲ့တွေ၊ တော်ဝင်မိသားစုတွေရဲ့ အရေအတွက်ကတောင် လူ(၃၀၀၀)ကျော် ရှိတယ်လို့ ကျွန်တော် ကြားခဲ့တယ်။ မိန်းမစိုးတွေ၊ အစေခံတွေ၊ လက်အောက်ခံသားတွေနဲ့ စုန့်ကလန်ကို ဦးမညွှတ်ချင်တဲ့ ကျရှုံးတိုင်းပြည်က အကြွင်းအကျန်တွေကို ပေါင်းလိုက်မယ်ဆိုရင်တော့ ကျွန်တော်တို့ ချင်းဖုန်းမြို့ရဲ့ လူဦးရေးတိုးတက်ဖို့အတွက် အတော်လေး အကူအညီပေးနိုင်တယ်…”

အကယ်၍ ထိုသို့ ဖြစ်သွားမည်ဆိုလျှင် ကျရှုံးသွားသော လုမိသားစုနှင့် ပတ်သက်သော အချက်အလက်များက ထိုသို့ဖြစ်လာပေလိမ့်မည်။

အမျိုးသမီးက ကျေနပ်သောအပြုံးနှင့် ပြောလိုက်သည်။

“အဲဒီလိုအရာမျိုးကို စဉ်းစားနိုင်တယ်ဆိုတော့ သားက တော်တော်လေးကို ဉာဏ်ကောင်းတယ်ဆိုတာ ပြနေတာပဲ။ ဒါပေမဲ့ ဒါက မှားနေသေးတယ်..”

ကလေးငယ်က မျက်မှောင်ကြုတ်လိုက်မိပြီး အဖြေကို စောင့်နေခဲ့သည်။

အမျိုးသမီးက မျက်ခုံးပင့်၍ ပြောလိုက်သည်။

“အဲဒီချပ်ဝတ်အင်္ကျီမှာ ထူးခြားတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိတယ်။ ပြောရမယ်ဆိုရင် အဲဒါက ဓားသိုင်းကျမ်းထက် နိမ့်ကျနေတာ မဟုတ်ဘူး…”

ကလေးငယ်က ‌ကျောက်တုံးတစ်တုံးကို ပစ်လိုက်ရာ ငါးတစ်ကောင်၏ နောက်ကျောကို ထိသွားခဲ့၏။ သွေးများ ထွက်လာပြီး သနားစရာငါးကတော့ ရေမျက်နှာပြင်ပေါ်သို့ ပေါ်လာရသည်။ ကလေးငယ်၏ မျက်လုံးထဲတွင် ကျေနပ်မှုများ ပြည့်လာသည်။

“အဖေက တိုက်ခိုက်တဲ့နေရာမှာ အတော်ဆုံးပဲ။ သူ့ရဲ့သတ်ဖြတ်ရေး စွမ်းရည်တွေကလည်း အရမ်းမြင့်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူက တာ့လီ စုန့်ချန်ကျင့်ထက် နိမ့်ကျနေတာမျိုး မရှိဘူး။ ဒါပေမဲ့ သူ့ရဲ့ခန္ဓာကိုယ် အားနည်းတာက ကန့်သတ်ချက်တစ်ခု ဖြစ်နေတာတော့ ကံဆိုးသွားတယ်။ သူ့ပြိုင်ဘက်တွေရဲ့ သူတပြန် ကိုယ်တပြန် ဒဏ်ရာရအောင် တိုက်ခိုက်တဲ့ နည်းလမ်းတွေက အကြောက်ရဆုံးပဲ။ ဒါကြောင့်လည်း အခုအချိန်ထိ နာမည်ထွက်မလာဘဲ လူရယ်စရာ ဖြစ်နေခဲ့တာ။ ချင်းဖုန်းမြို့မှာရှိတဲ့ ကျွန်တော်တို့ လူတွေကတောင် နောက်ကွယ်မှာ ရယ်နေကြတာ။ အမေ… အဖေသာ ဒီချပ်ဝတ်အင်္ကျီကို ရသွားပြီးရင် တိုက်ခိုက်နိုင်တဲ့အပြင် သူ့ကိုယ်သူ ကာကွယ်နိုင်မှာလား။ သူက စုန့်ချန်ကျင့်နဲ့ ယှဉ်နိုင်မှာလား…”

အမျိုးသမီးက ခေါင်းခါပြနေသေး၏။

အနီဝတ် ကောင်လေးကတော့ လက်ရန်းကို လက်ဝါးနှင့် ရိုက်ချလိုက်ပြီး ဒေါသတကြီး ပြောလိုက်သည်။

“အမေ…ကျွန်တော့်ကို ထပ်ပြီး အချိန်ဆွဲမနေနဲ့တော့…”

သူက လက်သည်းကို ထုတ်လိုက်ပြီး တစ်စုံတစ်ယောက်ကို အရှင်လတ်လတ် ဝါးစားပစ်ချင်နေသလို ထင်ရသည်။ သူ့ပုံစံက ကျားပေါက်တစ်ကောင် သို့မဟုတ် ကျားသစ်ပေါက်တစ်ကောင်ကဲ့သို့ ဖြစ်နေခဲ့၏။

သူမ၏ရှေ့တွင် သူ့သား အော်လိုက်ခြင်းက မှားယွင်းမှု ရှိနေသည်ဟု အမျိုးသမီးက လုံးဝမခံစားခဲ့ရပေ။ မည်သို့ဖြစ်စေကာမူ သူမ၏သား မွေးဖွားခဲ့သည့်အချိန်တွင် ပညာရှင်တစ်ယောက်ဆီမှ အလွန်မြင့်မားသော ဟောစာတမ်းတစ်ခုကို ရရှိခဲ့သည်။

“သူ့ဆီမှာ ကျားတစ်ကောင်နဲ့ မြေခွေးတစ်ကောင်ရဲ့ ရုပ်ရည်ရှိတယ်။ ဒါက အုပ်ချုပ်သူတစ်ယောက်ရဲ့ ပါရမီမျိုးပဲ..”

အမျိုးသမီးက စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။

“သားအဖေက ဒီချပ်ဝတ်အင်္ကျီကို ရပြီးသွားရင် အဲဒီအရာကို အောင်အောင်မြင်မြင် နားလည်လိုက်တာနဲ့ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်။ သူက ဘယ်လိုခုခံမှုမျိုးကိုပဲ လိုချင်လိုချင်၊ သူက ခွန်အားသက်သက်နဲ့ အဆင့်(၁၀)ကို ကျော်ဖြတ်နိုင်လိမ့်မယ်။ တစ်ချက်တည်းနဲ့ ရန်သူတွေ အားလုံးကို ဖြေရှင်းနိုင်လိမ့်မယ်”

ကလေးငယ်က အားရပါးရရယ်လိုက်ပြီး အလွန်ကျေနပ်သွားပုံရသည်။

“သတ်လိုက်စမ်း။ အချိန်ကျလာရင် အဖေ့ကိုပြောပြီး ချင်းဖုန်းမြို့ထဲမှာတောင် အစုလိုက်အပြုံလိုက် သတ်ခိုင်းဦးမယ်။ လူသားတွေလုပ်တဲ့အရာတွေကမှ ပျော်စရာ အကောင်းဆုံးပဲ…”

ကောင်လေးက ရယ်လိုက်ပြီးနောက် လျင်မြန်စွာ တည်ငြိမ်သွားခဲ့သည်။ သူက ရုတ်တရက်‌ တွေးလိုက်မိပြီး မေးလိုက်၏။

“အမေ…

အမေက ကျန့်ယန်တောင်ကို တကယ်အရူးလုပ်နိုင်ခဲ့တာပဲ။ တကယ်လို့ အဲဒီငတုံးလူဝံကြီးကသာ သတိပြန်ဝင်လာပြီး မြို့ထဲကနေ ထွက်သွားမယ်ဆိုရင် ကျွန်တော်တို့ကို တိုက်ခိုက်လာမှာ မကြောက်ဘူးလား။ ပြီးတော့ ကျွန်တော် နားမလည်နိုင်တဲ့ အရာတစ်ခု ရှိသေးတယ်။ အဲဒီလျှိုမျိုးရိုးက ကြွေဝယ်သူတစ်ယောက် ရှိနေမှတော့ သူ့ရဲ့အုတ်မြစ်က အရမ်းကို ထူးခြားမှာပေါ့။ ရတနာချပ်ဝတ်အင်္ကျီနဲ့ ဓားသိုင်းကျမ်းတို့ ပေါင်းလိုက်မယ်ဆိုရင် သူ့လို ကျော်ကြားတဲ့လူ နည်းနည်းပဲ ရှိမယ်။ ကျွန်တော်ကတောင် သူ့အပေါ် အမြင်ပြောင်းလာရပြီလို့ ဝန်ခံရလိမ့်မယ်။ ဒါဆိုရင် ကြွေဝယ်သူက ဘာလို့ ပေါ်မလာရတာလဲ.. အမေ။ ဒါဆိုရင် အမေက ဒုက္ခရောက်နေတာကို အခွင့်ကောင်းယူပြီး ကျန့်ယန်တောင်က လူဝံကြီးကို ကျွန်တော်တို့ကိုယ်စား ပြဿနာ‌ ဖြေရှင်းခိုင်းလိုက်တာလား။ သူက လျှိုရှန်းယန်ကို လက်သီးတစ်ချက်တည်းနဲ့ သတ်ပြီးသွားရင် အရာအားလုံးက ငြိမ်းချမ်းသွားလိမ့်မယ်။ ကျန့်ယန်တောင်ကတော့ ပြဿနာတွေ အားလုံးကို ရင်ဆိုင်ရလိမ့်မယ်။ ကျွန်တော်တို့ ချင်းဖုန်းမြို့ကတော့ တိုးတက်ဖို့ အခွင့်အလမ်းတွေ အများကြီး ရှိလာလိမ့်မယ်…”

အမျိုးသမီးက ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။

“နှစ်(၁၀၀၀) သက်တမ်းရှိတဲ့ ကျန့်ယန်တောင်က လူဝံကြီးက သိပ်ပြီး ဉာဏ်မကောင်းဘူး။ ဒါပေမဲ့ သူက အမေအရူးလုပ်တာကို ခံရလောက်အောင်လည်း ဉာဏ်မတုံးဘူး။ အမှန်အတိုင်းပြောရရင် အမေက ဓားငှားပြီး လူသတ်ချင်တဲ့ နည်းလမ်းကို သူက ခန့်မှန်းမိတယ်။ ဒါပေမဲ့ အဲဒီလူဝံကြီးက ဘာလို့ ‌ထောင်ခြောက်ထဲကို ခုန်ဝင်သွားလဲ ဆိုတာတော့ အမေကိုယ်တိုင်လည်း နားမလည်နိုင်ဘူး။ ကျန့်ယန်တောင်က ပြဿနာတက်မှာကို မကြောက်တာလား။ သူတို့ဆီမှာ လူတွေမသိတဲ့ လျို့ဝှက်သမိုင်းကြောင်းတစ်ခု ရှိနေတာလား။ အခုတော့ သားက ဒီကိစ္စကို စိုးရိမ်နေဖို့ မလိုသေးပါဘူး…”

အမျိုးသမီးက တစ်ယောက်တည်း လေးလေးနက်နက် စဉ်းစားနေခဲ့သည်။

သူမက အတွေးများကို နောက်တစ်ကြိမ် စုစည်းလိုက်ပြီး ပြဿနာများကို ရှောင်တိမ်းရန်အတွက် ဟာကွက်များကို ‌ရှောင်တိမ်းပြီး ပြန်လည်ဖြည့်ဆည်းချင်ခဲ့၏။ လူငယ်လေး လျှိုရှန်းယန်၏ ကြွေဝယ်သူက လုမိသားစု တိုင်းပြည်ကို ထောက်ပံ့ခဲ့သော အဖွဲ့အစည်းတစ်ခု ဖြစ်ခဲ့သည်။

တိုင်းပြည် ဖျက်ဆီးခံလိုက်ရပြီးနောက် သူတို့က အကြီးအကျယ် ဆုံးရှုံးသွားခဲ့ပြီး အရာအားလုံးကို ဆုံးရှုံးလိုက်ရ၏။ ထိုမတိုင်ခင် သူတို့က တောင်ခြေတွင် ရှိနေသော သီးခြားတိုင်းပြည်တစ်ခုတွင် ပထမတန်းစား အထက်တန်းလွှာ မိသားစုတစ်ခု ဖြစ်ခဲ့သည်။ မဟုတ်လျှင် သူတို့က မြို့ငယ်လေးထဲတွင် လျှိုရှန်းယန်ကို ထိန်းသိမ်းထားရန် ငွေကြေးအမြောက်အမြား အသုံးပြုနိုင်လိမ့်မည် မဟုတ်ချေ။ သူ့ဆီတွင် ဓားသန္ဓေသား ပါရမီရှိနေကြောင်း အတည်ပြုနိုင်ပြီးနောက် (၉)နှစ်တိတိ ပျိုးထောင်ခဲ့ခြင်း ဖြစ်သည်။

ကျန့်ယန်တောင်ကလည်း အမည်မသိ လမ်းကြောင်းမှတစ်ဆင့် ထိုအရာကို သိသွားခဲ့ပြီး ဆင်းရဲသောမိသားစုကိုသွား၍ လျှိုရှန်းယန်၏ အသက်ကြွေကို ဝယ်ယူရန် ကြိုးစားခဲ့သည်။ ကျန့်ယန်တောင်မှ ဘိုးဘေးတစ်ယောက်ကတော့ အလွန်မြင့်မားသော တန်ဖိုးတစ်ခုကိုပင် ကမ်းလှမ်းခဲ့၏။

သို့သော် ထိုမိသားစုကတော့ ဆေးစားမှားသလား မသိရဘဲ လုံးဝ ထုတ်မပေးခဲ့ပေ။ သူတို့က တခြားတစ်ယောက်ကို ရောင်းပြီးသွားပြီဟုသာ ပြောခဲ့၏။ မည်သူ့ကို ရောင်းလိုက်ကြောင်းနှင့် မည်သည့်နေရာမှ ရောက်လာကြောင်းကိုတော့ လုံးဝ မပြောခဲ့ပေ။

ထို့နောက် ဇဝေဇဝါ ဖြစ်နေခဲ့သော ကျန့်ယန်တောင်က သတင်းတစ်ခုကို ပြန်ကြားလိုက်၏။ ကျန့်ယန်တောင်၏ ရန်သူဖြစ်သော လေမိုးကြိုးဥယျာဉ်က ဒုက္ခရောက်နေခြင်းကို အခွင့်ကောင်းယူပြီး အသားစီးရသွားခြင်းဖြစ်ကြောင်း ကြားလိုက်ရသည်။

ထိုမိသားစုက အသက်ကြွေကို ကျန့်ယန်တောင်၏ ရန်သူဖြစ်သော လေမိုးကြိုးဥယျာဉ်ဆီသို့ ရောင်းလိုက်ကြောင်း ကျန့်ယန်တောင်မှ ဓားအင်မော်တယ်၏ရှေ့တွင် မပြောရဲခဲ့ပေ။

လျှေိုမိသားစု၏ ဘိုး‌ဘေးချပ်ဝတ်အင်္ကျီနှင့် ဓားသိုင်းကျမ်းအပြင် လျှိုရှန်းယန်၏အသက်ကြွေ ယူဆောင်သွားသည့် သတင်းကို ကျန့်ယန်တောင်သိအောင် မည်သူက ပြောပြလိုက်သနည်း။ ထိုအရာက ဝေးကွာသလို ထင်ရသော်လည်း အလွန်နီးကပ်နေ၏။ ထိုအရာကတော့ ချင်းဖုန်းမြို့မှာ ရှုမိသားစုသာ ဖြစ်သည်။ သူတို့က နောက်ကွယ်တွင် ရှိနေသူများ ဖြစ်ကြ၏။ သူမကတော့ အဓိက တရားခံ ဖြစ်သည်။

ယခုတစ်ကြိမ် သူမကိုယ်တိုင် မြို့ငယ်လေးသို့ ရောက်လာပြီး ကြီးမားသော တန်ဖိုးတစ်ခု ပေးခဲ့သည်။ ထိုအပေးအယူက ပျက်စီးသွားကြောင်း သေချာစေခြင်းကြောင့် ဖြစ်သည်။ မဟုတ်လျှင် ချင်းဖုန်းမြို့ထဲတွင် သူမတို့မိသားစု၏ အဆင့်အတန်းက နိမ့်ကျသွားနိုင်ပြီး အန္တရာယ် ဖြစ်နိုင်၏။ ချင်းဖုန်းမြို့ တစ်ခုတည်းကို အုပ်စိုးရမည့် မျှော်လင့်ချက်ကလည်း ဝေဝါးသွားနိုင်၏။

အမှန်အတိုင်း ပြောရလျှင်တော့ မြို့ငယ်လေးထဲတွင် ပုန်းအောင်းနေသော ကျားနှင့်နဂါးများ ပြည့်နှက်နေသည်။ သူတို့ကို လျှော့တွက်၍ မရနိုင်ပေ။ ကျဆင်းနေသော လုမိသားစုကို မပြောနှင့်။ တခြားမိသားစု (၃)ခုကရော အရှေ့ပိုင်း ကုန်းမြေကြီး၏ တစ်စိတ်တစ်ပိုင်းကို ပိုင်ဆိုင်ထားခဲ့ခြင်း မရှိပေလော။

အမှန်အတိုင်း ပြောရရင်တော့ မိသားစု(၄)ခုနှင့် ကလန်(၁၀)ခု၏ အစစ်အမှန်အုတ်မြစ်က အစွမ်းထက် မှော်အစွမ်းများ ရှိနေသော နယ်မြေခံများ အရေအတွက်ပေါ် မှီခိုနေခဲ့ခြင်း မဟုတ်ပေ။ ထိုမိသားစုခေါင်းဆောင်များနှင့် ဘိုးဘေးများက ခွဲခြား၍ မရနိုင်ပေ။

စကားပုံတစ်ခု ရှိ၏။ သစ်ပင်တစ်ပင်ကို ရွှေ့လိုက်မည်ဆိုလျှင် သေဆုံးသွားပါလိမ့်မည်။ ထိုအရာက မြို့ငယ်လေး၏ ရှေးဟောင်း သစ်ခါးပင်ကြီးအတွက်လည်း အတူတူပင် ဖြစ်သည်။ သူတို့ကို ရွှေ့ပြောင်းလိုက်မည်ဆိုလျှင် သူတို့က သေသွားနိုင်၏။ နောက်ထပ် အသက်မရှင်နိုင်တော့ပေ။

ထို့ကြောင့် သူတို့ဆီတွင် ကြီးမားသော အစွမ်းများ ရှိနေသော်လည်း အသုံးပြုနိုင်ခြင်း မရှိချေ။ ထိုမိသားစုများ၏ အုတ်မြစ်က သူတို့ ထိန်းချုပ်ထားသော နဂါးမီးဖို အရေအတွက်နှင့် သူတို့၏ အုပ်ချုပ်မှုအောက်တွင် ရှိနေသော မိသားစုဝင် အရေအတွက်ပေါ် မူတည်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုအရာက နှစ်စဉ်နှစ်တိုင်း ပြင်ပကမ္ဘာကြီးကို အသက်ကြွေ မည်မျှပေးနိုင်လဲဟူသည့်အချက်ပေါ် မူတည်နေခဲ့၏။

ကျင့်ကြံခြင်း မျိုးစေ့ကောင်းတစ်ခု ပေါ်လာသည့်အချိန်တိုင်း ရတနာနှင့် လောင်းကြေးထပ်ထားရသော ဝယ်သူက အပိုဘောက်ဆူး ပေးတတ်သည်။ ထို့ပြင် ထိုအရာက အဖွဲ့(၂)ဖွဲ့၏ကြားထဲတွင် ရင်းနှီးမှု ဖန်တီးခြင်းလည်း ဖြစ်သည်။ အရေးကြီးဆုံးအရာကတော့ အပေါ်ယံ မိတ်ဆွေတစ်ယောက်ထက် ပို၍ အရေးကြီး၏။

အမျိုးသမီးက ခံစားချက်များ ပြည့်နှက်စွာဖြင့် သူ့သားကို ပြောလိုက်သည်။

“ဘယ်သူ့ကိုမှ လျှော့မတွက်နဲ့။ လုကျန့်ချွန်လို လူတစ်ယောက်ကိုတောင် လျှော့မတွက်မိစေနဲ့။ သားက မြို့ငယ်လေးကို ရောက်လာရုံနဲ့ အဲဒီကံကြမ္မာတွေကို အလွယ်တကူ ရနိုင်မယ်လို့ ထင်နေတာလား။ အဲဒီလို မဟုတ်ဘူး။ နဂါးအိုမြို့က ဖူနန်းဟွာက တာအိုနှလုံးသား ပျက်စီးလုနီးပါး ဖြစ်သွားတယ်။ ယွင်ရှား‌တောင်က ချိုက်ကျင်းကျန့်ကတော့ ပျောက်နေတယ်။ သေသလား ရှင်သလား ဘယ်သူမှ မသိဘူး။ ပြီးတော့ အမိုးတံတားရဲ့ တခြားတစ်ဖက်မှာလည်း ကံကောင်းတဲ့အပြင် အရည်အချင်းရှိတဲ့ လူငယ်လေးတစ်ယောက် ရှိတယ်။ သူက ရေကြည့်သူရဲ့ စိတ်အခြေအနေကို ဖျက်ဆီးပစ်ခဲ့တယ်။ ဒါက နှလုံးသားရေကန်ရဲ့ အောက်ခြေမှာ အပေါက်ကြီးတစ်ခု ဖန်တီးလိုက်တာနဲ့ မခြားဘူး။ အဲဒီလိုအရာမျိုးက ဒီမှာတင် ရပ်တန့်နေမှာ မဟုတ်ဘူး။ တစ်ဖက်မှာတော့ ပိုပိုပြီးတော့ပဲ တိုးမြင့်လာလိမ့်မယ်။ ဒါကြောင့် ကျင့်ကြံမှုလမ်းကြောင်းမှာ လွတ်လွတ်လပ်လပ် အေးအေးဆေးဆေး သွားနိုင်တဲ့လူ တစ်ယောက်မှ မရှိဘူး..”

ကလေးငယ်က ခဏကြာ စဉ်းစားနေခဲ့သည်။

“ဒါက ‌တောင်းပန်စကား ပြောတာထက်တော့ ပိုပြီးတော့ ကောင်းပါသေးတယ်။ ကျွန်တော် ဂရုစိုက်ပါ့မယ်..”

အမျိုးသမီးက ခေါင်းညိတ်ပြလိုက်သည်။

“အဲဒါဆိုရင်တော့ အကောင်းဆုံးပဲ။”

ကလေးငယ်က နောက်ဆုံးကျောက်တုံးကိုပစ်ပြီး မေးလိုက်သည်။

“အဲဒီ ချီကျန့်ချွန်ကရော ဘာတွေဖြစ်သွားမှာလဲ…”

အမျိုးသမီးက ရုတ်တရက် ဒေါသထွက်သွားပြီး ရှုတည်တည် မျက်နှာနှင့် ဆူပူကြိမ်းမောင်းလိုက်သည်။

“အတင့်ရဲလှချည်လား။ ဆရာချီလို့ ရိုရိုသေသေ ခေါ်စမ်း…”

ကလေးငယ်က မှင်တက်သွားခဲ့ပြီး ချက်ချင်းပင် သူ၏ပုံစံကို ပြင်ဆင်လိုက်သည်။ “ဆရာချီကရော ဒုက္ခတွေ့မှာလား…”

အမျိုးသမီးက ခဏကြာစဉ်းစားနေပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။

“ဆရာချီရဲ့ ဆရာက ကွန်ဖြူးရှပ်ကျောင်းတော်ထဲမှာ စွန့်လွှတ်စတေးခဲ့တဲ့အပြင် သူက ကွန်ဖြူးရှပ်ကျောင်းတော်ရဲ့ဝါစဉ်အရ ဘယ်ဖက်ခြမ်း ဒုတိယမြောက် ပညာရှင်ပဲ…”

ကလေးငယ်က အံ့သြမှင်တက်သွားခဲ့သည်။ ထိုသို့ဆိုလျှင် ချီကျင့်ချွန်၏ဆရာက ကွန်ဖြူးရှပ်ကျောင်းတော်မှ သူတော်စင် ဖြစ်သည်။ ပို၍တိတိကျကျ ပြောရမည်ဆိုလျှင် ကွန်ဖြူးရှပ်ကျောင်းတော်၏ သမိုင်းကြောင်းထဲတွင် (၄)ယောက်မြောက် ပညာရှင် ဖြစ်ခဲ့၏။

အကယ်၍ ထိုကဲ့သို့ ပညာရှင် တစ်ယောက်ကသာ ဒေါသထွက်နေခဲ့သည့်အတွက် အရှေ့ပိုင်းကုန်းမြေကြီးထဲတွင် အကြီးဆုံး တောင်တစ်တောင်ကို ဖျက်ဆီးပစ်မည်ဟု ပြောမည်ဆိုလျှင် ကလေးများက သူ့စကားကို ယုံကြည်ပေးရလိမ့်မည် မဟုတ်ချေ။ သို့သော် သူက အပိုပြောနေသည်ဟုသာ သတ်မှတ်ကြပါလိမ့်မည်။

အမျိုးသမီးက စိုးရိမ်နေခဲ့၏။ သူမက တီးတိုးပြောလိုက်သည်။

“အခုတော့ သူတော်စင်တွေက ဒီမြို့ငယ်လေးထဲမှာရှိတဲ့ အဲဒီရုပ်ထု အပျက်အစီးတွေထက်တောင် နိမ့်ကျနေသေးတယ်..”

ကလေးငယ်က တံတွေးမျိုချပြီး ပြောလိုက်သည်။

“လျှိုရှန်းယန်ရဲ့ သူငယ်ချင်းကိုရော ကျွန်တော်တို့က ဘာလုပ်ကြမှာလဲ…”

အမျိုးသမီးက ခဏကြာ စဉ်းစားနေခဲ့သည်။

“ရွှံ့ပုလင်းလမ်းကြားထဲက ချန်းမျိုးရိုး မိဘမဲ့ကောင်လေးကို ပြောချင်တာလား..”

ကလေးက ခေါင်းညိတ်ပြလိုက်သည်။

အမျိုးသမီးက ပြုံးလိုက်၏။

“မင်းက သူနဲ့ တွေ့တဲ့အချိန် သူ့ကို ပုရွက်ဆိတ်လို့ သတ်မှတ်ထားခဲ့တာ မဟုတ်လား။ ဒီတော့ သူ့ဘာသာပဲ ကာကွယ်ပါစေ…”

All Chapters