← Chapters

အခန်း ၄၁

Vol. 4 Ch. 41

အခန်း ၄၁

Vol. 4 Ch. 41

သူမသည် ပါးစပ်နှင့် နှာခါင်းအား လက်မှအင်္ကျီစဖြင့်ဖုံးရင်း မတ်တပ်တံမြက်စည်းနှင့် တံမြက်စည်းလှည်းနေလေသည်။ ဒါပေမဲ့ အခန်းမှာ ဖုန်တွေအလွန်ထူထပ်နေတာကြောင့် သူမလှည်းလိုက်တိုင်း အခန်းထဲတွင် ဖုန်လုံးများထနေတော့သည်။

စုချန်ယန် - "..."

သူမသည် ဘဝအကြောင်းဘာမှမသိသည့်သူမှန်း

စုချန်ယန်လည်း သဘောပေါက်လိုက်သည်။

"အဟွတ် အဟွတ်..."

စုချန်ယန်လည်း မတတ်သာသလို ခေါင်းယမ်းမိကာ သူမလက်ထဲမှာ ကိုင်ထားသည့် ရေသန့်ဘူးထဲမှ ကျန်နေသေးသည့် ရေအနည်းငယ်အား သောက်ရင်း ကျန်းရှစ်ချီအခန်းထဲသို့ ဝင်ကာ ကြမ်းပြင်ပေါ်ကို ရေအနည်းငယ် ဖြန်းလိုက်သည်။

ကျန်းရှစ်ချီသည် မျက်မှောင်ကြုတ်ရင်း သူမဘာလုပ်နေမှန်းမသိတာမို့ စပ်စုကာ စုချန်ယန် လုပ်သမျှအားလိုက်ကြည့်နေသည်။

စုချန်ယန်လည်း ရှင်းပြလိုက်လေသည်။

"ကြမ်းပြင်ကို ရေဖြန်းထားရင် တံမြက်စည်းလှည်းတဲ့အခါ ဖုန်မထတော့ဘူးလေ"

ပြောပြပြီးသည်နှင့် စုချန်ယန်သည် သူမအားစပ်စပ်စုစုနှင့် မေးလိုက်သည်။

"အရင်ကရော အိမ်မှာ တံမြက်စည်းလှည်းဖူးလား?

ဒါမျိုးက နေ့စဉ်ဘဝအတွက် ‌အကြမ်းဖျဉ်းသိထားရမဲ့ ဗဟုသုတပဲလေ"

ကျန်းရှစ်ချီလည်း ခဏလောက် ကြောင်အသွားမိသည်။ "ငါ့အိမ်မှာက သန့်ရှင်းရေးလုပ်ဖို့အတွက် အလုပ်သမားတွေ သက်သက်ရှိတယ်လေ"

"ဒါဆို ကိုယ့်အခန်းကိုယ် တခါမှ တံမြက်စည်းမလှည်းဖူးဘူးပေါ့?"

ကျန်းရှစ်ချီလည်း စိတ်ရှုပ်သလို ပြန်မေးမိတော့သည်။

"ငါသာ ဘယ်လို တံမြက်စည်းလှည်းရမလဲဆိုတာ

သိထားရင် သန့်ရှင်းရေးကျွမ်းကျင်တဲ့သူတွေကို အလုပ်ခန့်ဖို့ ပိုက်ဆံတွေ အများကြီးဖြုန်းနေတော့မလားဟ"

စုချန်ယန်လည်း ခဏတာမျှတိတ်ဆိတ် သွားလေသည်။ သာမန်လူတစ်ယောက်လို အတွေ့အကြုံမျိုး တခါမှ မကြုံဖူးသည့် ခပ်ဆိုးဆိုး သူဌေးသမီးလေးမှန်း အခုမှပဲသိလိုက်ရတော့သည်။

ကျန်းရှစ်ချီသည် တံမြက်စည်းအနည်းငယ်လှည်းပြီးနောက်တွင် စုချန်ယန်အား အံ့ဩသလိုကြည့်ရင်း

ပြောလာလေသည်။

"တကယ်ကြီး ဒီမှာဖုန်တွေ မရှိတော့ဘူးပဲ!"

စုချန်ယန်လည်း သူမအားအကဲခတ်ကာ ဘာမှမပြောဘဲ နေလိုက်တော့သည်။

ကျန်းရှစ်ချီသည် အရုပ်များ ရုတ်တရတ်မြင်လိုက်ရသည့် ကလေးတစ်ယောက်လိုမျိုး သူမဘာသာ

စကားတွေ ပြောနေတော့သည်။

"ခဏနေရင် အမေ့ကို ဖုန်းခေါ်ပြီးပြောရမယ်

သူမ သေချာပေါက် ချီးကျူးတော့မှာ အဟိ"

အခန်းထဲတွင် စက္ကန့်အနည်းငယ်မျှရပ်နေခဲ့ပြီးနောက် စုချန်ယန်သည် ရုတ်တရတ် အဓိပ္ပာယ်မရှိစွာပင် မေးလာသည်။

"နင့်အိမ်က အလုပ်သမားတွေကို တစ်လကိုဘယ်လောက်ပေးတာလဲဆိုတာ သိလို့ရမလား?"

စုချန်ယန်သည် သူမအား ယခုပင် ကူညီပေးလိုက်တာကြောင့် ကျန်းရှစ်ချီ၏ စိတ်အစဉ်မှာ အနည်းငယ်ကြည်လင်လာပုံပင်။ သူမလည်း ခဏလောက် ပြန်စဉ်းစားလိုက်ကာ...

"ယွမ် နှစ်သောင်းဝန်းကျင်လောက်များလား? အဲ့ဒါကတော့ နည်းနည်းကြာပြီ အရင်ကပေးတာ အခုတော့ ပိုတိုးသွားပြီလား မပြောတတ်ဘူး"

"နှစ်သောင်း?... နှစ်သောင်း??"

"တစ်လကိုနှစ်သောင်းဆိုရင် တစ်ရက်ကို ယွမ် ၆၆၆.၆၆ပေါ့"

ခဏနေတော့ စုချန်ယန်မှ သူမအားပြူးတူးပြဲတဲကြည့်ကာပြောလိုက်သည်။

"ငါအလုပ်ဆက်မလုပ်ဖြစ်တော့ရင် နင့်အိမ်မှာ အချိန်ပိုင်းသန့်ရှင်းရေး လာလုပ်ပေးလို့ရလားဟင်?"

ကျန်းရှစ်ချီ - "?"

တံခါးဝမှာရပ်နေသည့် ရှောင်လုလည်း ထိုစကားအားကြားဖြစ်အောင်ကြားလိုက်သည်မို့ စုချန်ယန်ပိုက်ဆံဘယ်လောက်မက်နေသလဲဟုတွေးမိရင်း နဖူးအား လက်နှင့်ပင် ရိုက်မိလေတော့သည်။

သိပ်မကြာခင်မှာပင် ပရိုဂရမ်အဖွဲ့များက အိပ်ယာခင်း၊ စောင်နှင့် နေ့စဉ်အခြားလိုအပ်နိုင်သည့်ပစ္စည်းများယူလာပေးလေသည်။

စုချန်ယန်ပြောထားသလို မွေ့ရာနှစ်ခုပို့ပေးလာသည်မို့ စိတ်သက်သာရာရသွားလေသည်။ အစကတော့ ၂ရက်လောက် သစ်သားကုတင်နှင့်အိပ်ရလိမ့်မည်ဟု ထင်ခဲ့မိသည်ပင်။

မွေ့ရာနှင့်အိပ်ယာခင်းများအား နေရာချပြီးနောက်

စုချန်ယန်သည် သူမ လွယ်အိတ်ကိုဖွင့်လိုက်ပြီး မနေ့ညကဝယ်လာသည့် ရောင်စုံမီးလုံးလေးများကို ထုတ်လိုက်သည်။

ဟန်စုန့်ရွှယ်မှ သူမအား အစွန်အဖျားကျသည့်နေရာကို သွားရမည်ဟုပြောပြခဲ့တာကြောင့် ညဘက် မီးအလင်းရောင် လုံလုံလောက်လောက်မရှိမှာနှင့် ပက်သက်ပြီး စိတ်ပူမိတာကြောင့် မီးထွန်းဖို့အတွက် power bank ၇လုံး ၈လုံး စူပါမားကတ်မှ ဝယ်လာခဲ့လေသည်။

ဒီလိုကျပြန်တော့လည်း သူမ ဉာဏ်ကောင်းခဲ့သည် မဟုတ်ပါလား။

တံခါးဝမှာလည်း အမည်းရောင် ခပ်ထူထူလိုက်ကာသားကြီးတပ်ဆင်ထားတာကြောင့် ဒီလိုအခန်းကျဉ်းကျဉ်းလေးမှာ နေ့ခင်းဘက်ဆိုရင်တောင် ဘာမှမြင်ရမည်မဟုတ်ပေ။

အိပ်ယာခင်းများတပ်ဆင်ပြီးနောက် သစ်သားကုတင်ဘောင်ပတ်လည်တွင် မီးလုံးလေးများ တပ်ဆင်ကာ မီးထွန်းထားလိုက်လေသည်။ ခပ်လင်းလင်း မီးအဝါရောင် လေးများမှာ ချက်ချင်းပင် အခန်းတစ်ခုလုံးအား အနွေးဓာတ်ကို ဖြည့်စွမ်းပေးနေခဲ့သည်။

စုချန်ယန်သည် သူမ၏ ကြိုးစာအားထုတ်မှုကို အလွန်ကျေနပ်ကာ ပီတိဖြာနေမိတော့သည်။ ညဘက်လေတိုက်လျှင် လွင့်မလာစေရန် ကျောက်တုံးခပ်ကြီးကြီး၂တုံးကိုလည်း လိုက်ကာစတစ်ဖက်စီတွင် ဖိထားလိုက်သည်။

အားလုံးလက်စသတ်ပြီးချိန်တွင် စုချန်ယန်လည်း လန်းဆန်းသွားတာမို့ ကျန်းရှစ်ချီ၏ အခြေအနေကို တစ်ချက်လောက်သွားကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

သူမအခန်းထဲက ထွက်သွားသည်နှင့် ခြံအပြင်ဘက်မှလာနေသည့် ခြေသံများကို ကြားလိုက်သည်။ သူမလှမ်းကြည့်လိုက်တော့ လင်းယွီနှင့် ဒါရိုက်တာတို့ အတူတူလာနေသည်ကို တွေ့လိုက်ရသည်။

လင်းယွီသည် ခြံပေါက်ဝတွင် ရပ်နေကာ ဟိုဟိုဒီဒီကြည့်ရင်း သူ့ဘေးတွင်ရှိသည့် မျက်မှန်နှင့် ဒါရိုက်တာအား ဝေခွဲရခက်သည့် အဓိပ္ပာယ်ဖြင့်ကြည့်ကာ ပြုံးပြခဲ့သည်။

ဤသည်ကို ဒါရိုက်တာမှမြင်လျှင် သဘောပေါက်တာကြောင့် သူ့မျက်လုံးများ ဖျတ်ခနဲလင်းသွားသည့် အမူအရာကို မရိပ်မိအောင် ခေါင်းငုံ့ရင်းပြောလိုက်သည်။

"ဒီမှာလူသိပ်မနေတာမို့လို့ နည်းနည်းအရိပ်ကျသလိုတော့ဖြစ်နေတယ် ဒါပေမဲ့ နည်းနည်း သေချာ

ရှင်းလိုက်ရင် အဆင်ပြေမှာပါ။ အဲ့လိုဆိုရင်တော့

မဆိုးဘူးပဲ"

ပြီးလျှင် သူ့ဘေးကကင်မရာမန်းအား လက်ယက်ခေါ်ကာ ပြောလိုက်သည်။

"လောင်တု ခြံကိုကူရှင်းပေးပါဦး"

ထို့နောက် လင်းယွီဘက်ကို လှည့်ကာ ထပ်ပြောလိုက်သည်။

"စိတ်မပူပါနဲ့ သန့်ရှင်းရေး လုပ်လိုက်ရင်အဆင်ပြေသွားမှာပါ"

ဒါရိုက်တာပြောတာကို ကြားသည်နှင့် စုချန်ယန်လည်းမော့ကြည့်ကာ ပြောလိုက်သည်။

"ဒီနေရာကို အကုန်သန့်ရှင်းရေး လုပ်ပြီးသွားပြီ"

ဒါရိုက်တာ - "..."

"အားး! သည်းမခံနိုင်တော့ဘူး!!"

ရုတ်တရတ် သူတို့ဘေးက အခန်းနံပါတ်၈မှ အော်သံတစ်ခုထွက်လာခဲ့သည်။

ကျန်းရှစ်ချီသည် အမှန်တကယ်ပင် ဒီလိုနေရာမှာ ဆက်မနေချင်တော့ပေ။ စုချန်ယန်နှင့် အခြားသူများမှ ဝိုင်းကူရှင်းပေးနေတာကြောင့်သာ သူမ ပါးစပ်ပိတ်နေခဲ့ခြင်းသာ။

ဒါပေမဲ့ သူမလည်းတခါမှ အိမ်အလုပ်ရော အိပ်ယာခင်း ခင်းတာမျိုးရော မလုပ်ဖူးတာကြောင့် သူမ၏ ဇီဇာကြောင်တတ်သည့်အကျင့်က သူမကိုယ်တိုင် ရူးချင်လာသည်အထိပင်။

ခဏကြာတော့ ကျန်းရှစ်ချီတစ်ယောက် အပြေးအလွှားထွက်လာပြီး ဟောဟဲဟောဟဲဖြစ်ရင်း ကျိန်ဆဲနေမိတော့သည်။

"ဒါရိုက်တာဆိုတဲ့လူက ရူးနေတာလား ဒီလိုနေရာမျိုးမှာငါတို့ကို နေခိုင်းတယ်? စောက်ကျိုးနဲ သုံးစားမရတဲ့ ပရိုဂရမ်!"

ပြီးမှ ကြည့်မိတော့ ခြံထဲမှာရှိနေသည့် သူနှစ်ဦးကိုမြင်လျှင် သူမမျက်နှာတစ်ခုလုံး တောင့်တင်းသွားမိတော့သည်။

ဒါရိုက်တာမှ ရှုံ့မဲ့မဲ့ဖြစ်နေစဉ် ဝန်ထမ်း များသည်လည်း ပါးစပ်များကို လက်နှင့်ကာရင်း တခစ်ခစ်ရယ်နေမိကြလေသည်။

"မင်း ဒီလောက် သည်းမခံနိုင်ဖြစ်နေမှတော့ မင်းပေးထားတဲ့ငွေတွေ အကုန်ပြန်အမ်းပေးလိုက်မယ်။ ဒါဆို မင်းလည်း ပြန်နိုင်ပြီမလား"ဟု ဒါရိုက်တာမှပြောသည်။

သူအံ့အားသင့်သွားရသည်က သူမသည်လည်း ဝမ်းသာအားရနှင့် မေးလာသည်ကိုပင်။

"စာချုပ်အရ စည်းကမ်းချိုးဖောက်မှုအတွက် လျော်ကြေးမပေးရဘူးလား?"

စုချန်ယန်လည်း ပင့်သက်ရှိုက်မိသွားပြီး

ချက်ချင်းပင် အနားကပ်ကာ ထပ်မေးလိုက်သည်။

"အဲ့လိုရတာလားဟင်?"

ဒါရိုက်တာသည်လည်း သူမတို့အား ဟွန့်ခနဲ ထေ့ငေါ့ပြောကာ စိုက်ကြည့်လာလေသည်။

"အဲ့လိုလုပ်ဖို့တောင် စိတ်မကူးမိစေနဲ့ မင်းတို့နှစ်ယောက်လုံးဒီမှာ သေချာလိုက်နာပြီး နေကြ"

ချက်ချင်း ထွက်သွားလို့ရတော့မလိုလိုနှင့် မသွားရတော့တာကြောင့် ကျန်းရှစ်ချီလည်း စိတ်ပျက်လက်ပျက်ဖြစ်သွားရသည်။

ဤအခြင်းအရာကြောင့် စုချန်ယန်သည် အပြင်ကိုဘာကိစ္စလုပ်ဖို့ ထွက်လာသည်ကို မေ့သွားပြီး လင်းယွီမှ သူမအား အေးစက်စက်အကြည့်များဖြင့် စိုက်ကြည့်လာတာမို့ သူမအခန်းသာ ပြန်ပြီးအနားယူဖို့သာ တွေးလိုက်တော့သည်။

ခုနကသူမ အမဲသားခြောက်ကြော်ကို ထိုးသွပ်စားမိသည်များကို ပြန်တွေးမိတော့ ထိုစဉ်က လင်းယွီ၏

မျက်နှာအမူအရာမှာ အံ့ဩသွားဟန်ဖြစ်ခဲ့တာကြောင့်

စုချန်ယန်လည်း မျက်နှာပူပြီး ခေါင်းကိုငုံ့ထားရင်း သူ့အားမကြည့်ရဲခဲ့ပေ။

ပရိုဂရမ်၏ စီစဉ်ညွှန်ကြားမှာအရ လိုက်လုပ်ရတာကြောင့် သူမ အပြစ်မရှိဘူးလို့ ထင်မိခဲ့သော်ငြား

လင်းယွီနှင့်မျက်နှာချင်းဆိုင်မိတော့ ရင်တုန်ပန်းတုန်ဖြစ်နေမိတော့သည်။

သူမကိုယ်တိုင်လည်း တစ်ကိုယ်ကောင်းဆန်သည့် ခံယူချက်များရှိကြောင်း သူမဘာသာ သတိထားမိသည်။

သို့သော် လင်းယွီသည် သူမအား တစ်ချက်အကဲခတ်ကာ နှုတ်ဆက်ပြီး ထွက်မသွားခင်ကို ရှောင်လုဘက် အနားကပ်ရင်းခေါင်းငုံ့ကာ အခြားလုပ်ရမည့်အလုပ်ကိစ္စများအား ညွှန်ကြားပြောဆိုနေခဲ့သည်။

လင်းယွီ ဒေါသထွက်လာမှာစိုးတာကြောင့် စုချန်ယန်လည်း တုတ်တုတ်မျှ မလှုပ်ဘဲ ဒီတိုင်းသာ မတ်တပ်‌ရပ်နေသည်။

လင်းယွီသည် သူမရှေ့သို့ခြေလှမ်းအနည်းငယ် လှမ်းသွားကာ မေးလိုက်သည်။

"ဒီမှာနေရတာ နေသားကျနေပြီလား?"

စုချန်ယန်လည်း အမှန်တိုင်းပင် ခေါင်းခါပြကာ ငြင်းဆန်ပြီး ပြောလိုက်သည်။

"မပြောတတ်သေးဘူး"

"ဒီအပိုင်အတွက် ရိုက်ကူးရေးက၂ရက်ပဲကြာမှာပါ

နေနိုင်တယ်မလား?"

စုချန်ယန်လည်း ခဏတာမျှစဉ်းစားလိုက်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။

"နေနိုင်ပါတယ်"

လင်းယွီလည်းခေါင်းငြိမ့်ကာ ခုထိသူ့အားမကြည့်‌ရဲသေးသည်ကို သတိထားလိုက်မိတာကြောင့် ဘာမှမပြောခင်ခဏလောက် တုံ့ဆိုင်းသွားရင်း...

"ကျွန်တော့်ကို အရမ်းလည်းကြောက်မနေပါနဲ့

အဲ့လောက်ထိတော့ ကြောက်စရာမကောင်းပါဘူး"

စုချန်ယန်လည်း ပြာပြာသလဲနှင့် ပြန်ပြောလိုက်သည်။

" သေချာပေါက် ရှင်က လုံးဝကြောက်ဖို့မကောင်းပါဘူး

ကျွန်မက..ဒီတိုင်း..အပြစ်ရှိသလို ခံစားရလို့ပါ"

"ဘာလို့လဲ?" လင်းယွီက ပြုံးရင်းမေးလိုက်သည်။

"ကျွန်မ..အများကြီးစားလိုက်မိတယ်"

"မင်းရဲ့ အနုပညာရှင်ပုံရိပ်အတွက်ပဲ‌ တွေးပူသင့်တယ် စားတဲ့ကိစ္စကတော့ ရိုက်ကူးရေးကဏ္ဍအတွက် လိုအပ်တာပဲလေ အဲ့အတွက် ကျွန်တော် အပြစ်တင်စရာအကြောင်းမရှိပါဘူး"

စုချန်ယန်၏ မျက်လုံးများဝင်းလက်သွားကာ လင်းယွီကိုကြည့်လိုက်ပြီး မေးခဲ့သည်။

"ဒါဆိုနောက်တခါဒီလိုအခြေနေမျိုးနဲ့ကြုံလာခဲ့ရင် သရုပ်ဆောင်တစ်ယောက်ရဲ့ အိန္ဒြေအတိုင်း ထိန်းထိန်းသိမ်းသိမ်းနဲ့ နည်းနည်း ပိုစားလို့ရမလားဟင်?"

လင်းယွီက ပြန်မေးလိုက်သည်။

"မင်း ဘယ်လိုထင်လဲ"

"အို့" စုချန်ယန်လည်း မရဘူးအထင်နှင့် ခေါင်းပြန်ငုံ့သွားတော့သည်။

All Chapters