အခန်း ၄၂
Vol. 4 Ch. 42
ခဏတာမျှစဉ်းစားနေပြီးနောက် လင်းယွီဘက်ကစကားပြန်စလာသည်။
"ကျွန်တော်တို့ နည်းနည်း ခဏလောက် ထပ်စောင့်ပြီးရင် ရွာသားတွေက မင်းအတွက် ရေယူလာပေးလိမ့်မယ်"
စုချန်ယန်လည်း ကြောင်သွားကာ...
"မလိုလောက်ဘူးထင်တယ် ဒီကနေ သိပ်မဝေးတဲ့နေရာက လမ်းမဘေးမှာ ရေတွင်းတစ်ခုတွေ့ခဲ့တယ်။ အဲ့ကို ကျွန်မတို့ဘာသာသွားလို့ရ..."
လင်းယွီ - "မပူပါနဲ့ ရွာသားတွေကို'မင်း'အတွက် ရေခပ်ပေးဖို့ မှာထားခဲ့တာတဲ့"
လင်းယွီ၏လေယူလေသိမ်းအရ ပြောသွားသည့်စကားထဲတွင် 'မင်း'ဆိုသည့်နေရာကို တမင်ဖိကာ ပြောလိုက်သလိုမျိုး စုချန်ယန် စိတ်ထဲ၌ ခံစားမိလိုက်သည်။
ထိုသို့ပြောပြီးနောက် စုချန်ယန်အား ဘာမှမပြောဘဲသာ သူမဘာဆက်ပြောမလဲဆိုတာ စောင့်ကြည့်ရင်း
ကြည့်နေလိုက်တော့သည်။
စုချန်ယန်လည်း တုံ့ဆိုင်းသွားကာ မေးလိုက်သည်။
"ဘယ်သူကလဲ?"
"ဟမ်?"
"ဘယ်သူက ကျွန်မတို့အတွက် ရေကူခပ်ခိုင်းခဲ့တာလဲလို့?"
လင်းယွီက ခပ်ဟဟပြုံးကာ ပြောလိုက်သည်။
"နေ့လည်တုန်းက ရေကန်ဘေးမှာ မင်းနဲ့စကားပြောခဲ့တဲ့ကောင်လေးလေ"
"ဪ.. ရှင်းရှုလား" စုချန်ယန်မှ ခေါင်းတငြိမ့်ငြိမ့်ဖြင့်
လင်းယွီသည် ထိုကောင်လေးအား မြင်သွားလိမ့်မည်ဟု မထင်ခဲ့မိချေ။
လင်းယွီသည် မျက်ခုံးများကိုပင့်ကာပြောလာသည်။
"မင်းက လုံးဝမအံ့ဩဘူးပေါ့?"
စုချန်ယန်လည်း ရိုးရိုးသားသားပင် ခေါင်းခါပြလိုက်သည်။
"ကျွန်မ မအံ့ဩပါဘူး သူက အရမ်းတက်ကြွပြီး စာရိတ္တကောင်းတဲ့ လူတစ်ယောက်ပါ"
ဤသည်ကိုကြားလျှင် လင်းယွီမျက်နှာတွင် အဓိပ္ပာယ်မျိုစုံပြည့်နှက်နေခဲ့သည်။
သူလည်း ခဏလောက်ငြိမ်ကျသွားပြီးမှ ထပ်ပြော
လာသည်။
"မင်း သူ့ကို အလုပ်မရှုပ်စေချင်ရင် ကိုယ်တိုင်သွားတွေ့ပြီး ငြင်းလိုက်ပါ"
"အာ.."
စုချန်ယန်လည်း ဘာမှသိပ်မတွေးမိလိုက်ပေ။ ဒီကို
မလာခင်က လမ်းမကြီးဘေးတစ်နေရာတွင် ရေပုံးနှင့်ရေဆွဲလို့ရသည့် ရေတွင်းတစ်တွင်းတော့ သူမ တွေ့ခဲ့မိသေးသည်။ ဒီကနေဆိုလျှင် သိပ်မဝေးတာမို့ ရှင်းရှုကိုလည်း သူမအနေနဲ့ အလုပ်မများစေလိုပါ။
စကားလမ်းကြောင်းဟာ ထိုနေရာမှာတင်ရပ်လိုက်သင့်ပြီဆိုပေမဲ့ လင်းယွီမှ ထပ်ပြောလာခဲ့သည်။
"မင်းဘက်ကနေ ကူပြောပြီးငြင်းခဲ့ပေမဲ့လည်း သူကလက်မခံဘူးတဲ့လေ"
စုချန်ယန်သည် သူ့အားအံ့အားသင့်သလိုကြည့်ရင်း သူပြောသည့် အဓိပ္ပာယ်ကို နားလည်သွားသလိုပင်။
"မန်နေဂျာလင်း ရှင် စိတ်မပူပါနဲ့ အခုချိန်မှာ အချစ်ရေးကိစ္စတွေကို ကျွန်မလည်း စိတ်မဝင်စားသေးပါဘူး အကယ်၍ စိတ်ပါရင်တောင်မှ ကျွန်မရဲ့အလုပ်ကိုမထိခိုက်စေရပါဘူး"
လင်းယွီလည်း မျက်နှာလွှဲသွားကာ ခေါင်းငြိမ့်ပြလိုက်သည်။
"ကောင်းကောင်းနားပါ"
"ကောင်းပါပြီ"
ပြီးတာနှင့် လင်းယွီလည်း ထွက်သွားခဲ့သည်။ စုချန်ယန်သည် သူ့နောက်ကျောကို လိုက်ကြည့်ရင်း ကုမ္ပဏီမှ ရန်ရှို့ရီ၏အချစ်ရေးအကြောင်း ကြေငြာပြီးနောက် သူပေးရမည့် လျော်ကြေးငွေပမာဏကို ပြန်မြင်ယောင်မိလေသည်။
သူမလည်း အသက်ရှူကြပ်လာသလို ခံစားလိုက်ရပြီး လင်းယွီသည် အလုပ်နှင့် ကိုယ်ရေးကိုယ်တာ ခံစားချက်များ ရောထွေးသည်ကို မကြိုက်သည့်လူမျိုးမှန်း သိလိုက်ရလေသည်။
နောက်ပိုင်း သူမအနေနဲ့ သတိကြီးကြီးထားပြီးနေမှ ဖြစ်တော့မယ်..။
၄နာရီခွဲခါနီးရောက်မှသာ ကျန်းရှစ်ချီလည်း အခန်းသန့်ရှင်းရေးစလုပ်ဖို့ ပြင်ရသည်။ ဝန်ထမ်း တစ်ယောက်မှ အခန်းနံပါတ် ၁တွင် လူလာစုဖို့ အဆင်သင့်ပြင်ထားပေးရန် လာပြောတာမို့ အိပ်ယာပေါ် ခဏလှဲပြီး နားဖို့တောင်အချိန်မရလိုက်ပေ။
စုချန်ယန်လည်း တစ်ရေးလောက် အိပ်ချင်ခဲ့ပေမဲ့ အခန်းထဲတွင် ညှင်းသိုးသိုးအနံ့ရတာကြောင့် အိပ်လို့မရခဲ့ပေ။ လေထုအနည်းငယ် သန့်စင်သွားအောင် တစ်စုံတစ်ခုကိုရှာဖို့သာ စဉ်းစားလိုက်သည်။
စုချန်ယန်နှင့် ကျန်းရှစ်ချီတို့လည်း အဝတ်အစားများ ကိုယ်စီလဲပြီးတာနှင့် အခန်းနံပါတ် ၁ ဆီသို့ သွားခဲ့ကြသည်။
နှစ်ဦးစလုံးမှာ အခန်းထဲ၌ ဟိုဟိုဒီဒီပြင်ဆင်ရင်း ယောင်တောင်တောင်လုပ်နေရသည်မို့ အချိန်လွန်သွားခဲ့ပြီး အေးအေးလူလူ နားချိန်မရခဲ့ချေ။ အခုတော့ သူမတို့နှစ်ဦးစလုံးမှာ ပင်ပန်းနွမ်းနယ်ကာ မလှုပ်ချင်မကိုင်ချင်ဖြစ်နေကြတော့သည်။
စုချန်ယန်ခမျာ တမှေးလောက်အိပ်ခွင့်မရခဲ့တာကြောင့် အရမ်းပင်ပန်းနေပြီဖြစ်ကာ မျက်လုံးတောင် သေချာမဖွင့်နိုင်တော့ချေ။
ကျန်းရှစ်ချီသည်လည်း ထူးမခြားနားပင်ဖြစ်ကာ လမ်းသေချာမလျှောက်နိုင်တာကြောင့် ခလုတ်တိုက်မိတော့မလိုပင်။
အခန်း နံပါတ် ၁သို့ ရောက်သည်နှင့် အခြားပါဝင်သူမျာမှာ အရင်ရောက်နှင့် နေကြပြီးလေပြီ။ ဟုန်စုန့်ရွှယ်သည် သူတို့၏ နွမ်းလျနေသည့်ပုံပန်းသဏ္ဌာန်များအားမြင်မိတာကြောင့် စပ်စုချင်စိတ်ဖြင့် မေးတော့သည်။
"နင်တို့နှစ်ယောက် အခန်းထဲမှာ ရန်ဖြစ်လာတာလား? ဘာလို့အဲ့လောက်ထိ ပင်ပန်းနေကြတာလဲ"
စုချန်ယန်လည်း ပြုံးရုံသာပြုံးပြကာ ပြောပြလိုက်သည်။ "ငါတို့က အခန်းနဲ့ရန်ဖြစ်လာတာ"
ကျမ်းရှစ်ချီသည် စကားပြောဖို့ပင် အားမရှိတာကြောင့် ဟန်စုန့်ရွှယ်ကို မျက်နှာလွှဲသွားလေသည်။
ထန်ချီ သူမတို့နှစ်ဦးအားမြင်တော့ စိတ်မကောင်းဖြစ်ကာ အားနာမိတာကြောင့် ပြောခဲ့သည်။
"အခန်းနံပါတ် ၁မှာ အခန်းလွတ် နည်းနည်းရှိတယ် ကြားတယ် အဲ့ကိုပြောင်းကြရင်ရော?"
ကျန်းရှစ်ချီ၏ မျက်လုံးများမှာ ချက်ချင်း ဝင်းလက်သွားပြီး ဝင်ထောက်ခံတော့မလို ပြင်နေတုန်း စုချန်ယန်က ဝင်ပြောခဲ့သည်။
"ကျေးဇူးပါ ဒါပေမဲ့မလိုပါဘူး။ စည်းမျဉ်းတွေဖောက်ဖျက်ရာ ကျသွာလိမ့်မယ်"
ကျန်းရှစ်ချီခမျာ ပြောစရာစကားပင် ပျောက်ဆုံးခဲ့ရတော့သည်။ သူမလည်း ထိုနေရာတွင် မနေချင်ပေမယ့် စုချန်ယန်ကို တစ်ယောက်တည်း ထားခဲ့ရန် ဆန္ဒမရှိခဲ့ပေ။ နောက်ဆုံးတွင် အခန်း နံပါတ် ၁ သို့ပြောင်းရန် သူမ၏ အတွေးများကို မျိုသိပ်ထားခဲ့ရသည်။
စုချန်ယန်က ထပ်ပြောလိုက်သည်။
"အခန်းကို တော်တော်ရှင်းယူလိုက်ရတယ်လေ နောက် နှစ်ည သုံးညလောက်မှ မနေလိုက်ရင် ငါရှင်းထားတာတွေ အလကားဖြစ်ကုန်မှာ"
ကျန်းရှစ်ချီလည်း ကြောင်သွားပြီးမှ စုချန်ယန်ပြောတာအဓိပ္ပာယ်ရှိမှန်း သိသွားလေသည်။ နေ့လည်ခင်းတစ်ခုလုံး အခန်းရှင်းနေခဲ့ပြီးနောက် ရက်အနည်းငယ်မှ မနေလိုက်ရရင် အလကားဖြစ်ကုန်မည်ပင်။
ဒါကြောင့်မို့ သူမသည်လည်း အိမ်ခန်းနံပါတ်၁ ဘက်သို့ ပြောင်းနေမည့်အကြံအား လုံးဝ လက်လျှော့လိုက်တော့သည်။
"စုန့်မင်ကန် နင့်အခန်းရော ဘယ်လိုနေလဲ?"စုချန်ယန်က မေးလိုက်သည်။
စုန့်မင်ကန်မှ လက်နောက်ပစ်ထားရင်း ဖြေလိုက်သည်။"ဝါးရုံတော ဂေဟာ လို့ နာမည်ပေးလိုက်ပြီ"
သူအရမ်း စိတ်ကျေနပ်နေကြောင်း စုချန်ယန်အတပ်ပြောနိုင်သည်။
သရုပ်ဆောင်များသည် ၎င်းတို့နေထိုင်ရာ တည်းခိုခန်းများနှင့်ပက်သက်ပြီး ဆွေးနွေးဖို့ စုဝေးလိုက်ကြလေသည်။ နောက်ဆုံးမှာတော့ ကျန်းရှစ်ချီမှလွဲ၍ ဘယ်သူမှ စောဒကတက်ချင်သည့် သူများမရှိကြချေ။
ခဏကြာတော့ လက်ထောက်ဒါရိုက်တာမှ ဝင်ပြောလာတာကြောင့် အကုန်လုံးအာရုံစိုက်လိုက်ကြသည်။
"ကဲ မင်းတို့အကုန်လုံး ကောင်းကောင်းနားခဲ့ကြရဲ့လား"
ဟု မေးလေသည်။
ဤသည်ကိုကြားလျှင် ကျန်းရှစ်ချီ မျက်စောင်းပင် ထိုးမိတော့သည်။
စုချန်ယန်လည်း တည်တည်တန့်တန့်ကြည့်ကာမေးလိုက်သည်။
" ဘယ်လိုထင်လဲ"
လက်ထောက် ဒါရိုက်တာက ရယ်မောကာ ပြောခဲ့သည်။
"စိတ်မပူပါနဲ့ ညနေစာစားရတော့မဲ့အချိန် ရောက်တော့မှာပဲ။ မင်းတို့ အားထပ်ဖြည့်လို့ရအောင် များများစားလို့ရတယ်"
"နေ့လည်တုန်းကတော့ ရွာသားတွေက ဟင်းတွေပြင်ပေးခဲ့ကြပေမဲ့ ဒီည ညစာကတော့ မင်းတို့ရဲ့ကြိုးစားအားထုတ်မှုပေါ် မူတည်တယ်"
အကုန်လုံးလည်း အကြပ်ရိုက်သွားကြပြီး မေးခဲ့သည်။
"ဟင် ဘာကိုပြောတာလဲ?"
လက်ထောက်ဒါရိုက်တာက ရှင်းပြခဲ့သည်။
" ဒီည ညစာအတွက် ဘာစားရမလဲဆိုတာက မင်းတို့ရဲ့ ရွာထဲမှာရှာနိုင်မဲ့ ပစ္စည်းပေါ် မူတည်တယ်"
ဟန်စုန့်ရွှယ်လည်း အထိတ်တလန့် ဖြစ်သွားကာ ပြောခဲ့သည်။ "ရွာသားတွေက နေ့လည်စာပြင်ပေးခဲ့တာ? ဒါဆို ရှင်တို့ဘက်က ညစာလေးကျွေးဖို့တောင် ဘာလို့ အဲ့လောက် တွန့်တိုနေကြတာလဲ"
လက်ထောက်ဒါရိုက်တာလည်း စိတ်မရှည်တော့ဘဲ သူမအားအော်မိတော့သည်။
"နင့်ပါးစပ်ပိတ်ထား"
"အိုး" ဟန်စုန့်ရွှယ်လည်း ငြိမ်ကျသွားတော့သည်။
တစ်ယောက်ယောက်မှထပ်မေးပြန်သည်။
"ကျွန်တော်တို့ ဘယ်လိုလုပ်ရမှာလဲ? ညွှန်ကြားချက်ကရော?"
လက်ထောက်ဒါရိုက်တာ - "ဝန်ထမ်းတွေက ရွာထဲမှာ စားစရာတွေဖွက်ထားတယ် မင်တို့ဘာကိုပဲ ရှာတွေ့တွေ့ ညစာအတွက် ရှာတွေ့တာကိုပဲစားရမှာ"
"ပါဝင်ပစ္စည်းတွေ ရှာတွေ့ပြီးရင်ရော ကိုယ့်ဘာသာကိုယ်ချက်ရမှာလား?"
"ဟုတ်ပါတယ်"
"ငါမှ ဘယ်လိုချက်ရမှန်းမသိတာ"
"ငါရောဘဲ"
"အရင်က တခါမှတောင် မီးဖိုချောင်ထဲမှ မဝင်ဖူးဘူး"
ကျန်းရှစ်ချီမှ မျက်နှာကို ရှုံ့မဲ့ရင်း ပြောပြန်သည်။
ဟန်စုန့်ရွှယ်လည်း သူမအား လှမ်းကြည့်ကာ ပြောခဲ့သည်။ " ကျေးဇူးပဲ မင်းမိသားစု ချမ်းသာတာနဲ့ဘဲ နောက်တခါဆို ချမ်းသာကြောင်းပြပြီး ရန်လိုမနေနဲ့"
စုချန်ယန် - "..."
သူမတို့နှစ်ယောက်လုံးက တစ်ယောက်နဲ့တစ်ယောက် အမြင်ကပ်နေကြတာပဲ မဟုတ်ဘူးလား?"
ချီဖု ဆိုသည့်ကောင်လေးက ဝင်ပြောခဲ့သည်။- "ကျွန်တော် ချက်တတ်တယ်"
ထိုကောင်လေးသည် တောင့်တင်းခိုင်မာပြီး ကျစ်လစ်လှပသော ခန္ဓာကိုယ် အချိုးအစားရှိတာကြောင့် မကြာခဏ လေ့ကျင့်ခန်း လုပ်ပုံရသည်။ သူ့ပုံစံအရ ဟင်းချက်တတ်တဲ့ သူမျိုးဟု မထင်မိကြချေ။
စုချန်ယန်လည်း ဝင်ပြောလိုက်သည်။"ကျွန်မလည်း နည်းနည်းချက်တတ်တယ်"
စုန့်မင်ကန်နှင့် ဟန်စုန့်ရွှယ်တို့ နှစ်ယောက်လုံးမှာ ခေါင်းခါပြရင်း မချက်တတ်ကြောင်း ပြောကြသည်။
နောက်ဆုံးမှာတော့ ဧည့်သည်၉ဦးအနက် စုချန်ယန်နှင့် ချီဖု ၂ဦးတည်းသာ ချက်တတ်ကြသည်။
ဟန်စုန့်ရွှယ်က အံ့အားသင့်စွာ ပြောခဲ့သည်။"နင်တို့နှစ်ယောက်လုံးက ပိုပြီး မချက်တတ်တဲ့ပုံပေါက်နေတာ အဲ့ဒါတောင်မှ ချက်တတ်ကြသေးတာလား?မယုံနိုင်စရာပဲ"
ကျန်းရှစ်ချီသည် စုချန်ယန်အား မသိမသာ လှမ်းကြည့်ရင်း ဟန်စုန့်ရွှယ်၏ အထင်အမြင်အား သဘောတူသည့်သဘောဖြင့် ခေါင်းငြိမ့်မိသည်။
တကယ် အာရုံစိုက်ရမည့်ဘက် မှားသွားကြတာမို့ လက်ထောက်ဒါရိုက်တာမှ ချောင်းဆိုးဟန်ပြုကာ သူ့ဆီ အာရုံစိုက်လာအောင် ပြန်အချက်ပေးလိုက်သည်။
"ဘယ်သူမှ မငြင်းကြဘူးဆိုတော့ သုံးယောက်က ပါဝင်ပစ္စည်းတွေရှာဖို့ အဖွဲ့ဖွဲ့ရမယ် တစ်နာရီအတွင်း ရှာတွေ့ခဲ့သမျှကို ကြိုက်သလောက် စားခွင့်ရှိတယ်"
ဝန်ထမ်းမှ လက်ကိုင်ဝါးတောင်းလေးကို သူတို့အားလက်ဆင့်ကမ်းပေးလိုက်ပြီး သူတို့ဘာသာ အဖွဲ့ခွဲခွင့်ပေးလိုက်သည်။
စုချန်ယန်နှင့် ချီဖုတို့နှစ်ဦးသာ ချက်တတ်တာကြောင့် အဖွဲ့တစ်ခုစီကို သူတို့ကဦးဆောင်ကြသည်။ တစ်ဖက်မှာတော့ ထန်ချီက အားလုံးထဲမှာ အတွေ့အကြုံရှိတဲ့သူမို့ နောက်တစ်ဖွဲ့ကိုဦးဆောင်သည်။
ဟန်စုန့်ရွှယ်နှင့် စုန့်မင်ကန်က စုချန်ယန်၏ အဖွဲ့ထဲနေဖို့ရွေးလိုက်သည်။
ကျန်းရှစ်ချီသည် အစထဲက စုချန်ယန် အဖွဲ့ထဲ ဝင်ချင်ခဲ့ပေမဲ့ ခုနထဲက မာန်ကို မချနိုင်သေးတာကြောင့် ချီဖု၏ အဖွဲ့ထဲမဝင်မိခင်အထိ တုံ့ဆိုင်းနေခဲ့မိသည်။
များများရှာနိုင်ရမှာမို့ အချိန်ကုန်ခံမနေတော့ဘဲ သွားရမည့်လမ်း၃ခုခွဲကာ ပါဝင်ပစ္စည်းများ ထွက်ရှာတော့သည်။