← Chapters

အခန်း ၄၇

Vol. 4 Ch. 47

အခန်း ၄၇

Vol. 4 Ch. 47

ကျန်းရှစ်ချီသည် စုချန်ယန် ရုတ်တရတ် ခြေလှမ်းခပ်သွက်သွက် သွားသည်ကို သတိထားမိတာကြောင့် သူမလည်း ‌နောက်ကလိုက်သွားပေမဲ့ လိုက်လို့မမှီပေ။

"ငါ့ကိုစောင့်ဦး!" စုချန်ယန်ပ လူအုပ်ရှိရာသို့ဦးတည်သွားနေတာကြောင့် အမောတကောဖြင့် လှမ်းပြောသည်။

စုချန်ယန်က ခပ်ပြတ်ပြတ် ပြန်ပြောခဲ့သည်။

"ငါကတော့ စောင့်‌နိုင်ပေမဲ့ အသားကတော့ စောင့်မှာမဟုတ်ဘူး..."

ရှောင်လုနှင့် ကင်မရာအဖွဲ့သားများမှာ စုချန်ယန် အသားကို ဘာကြောင့် အဲ့လောက်ထိ စွဲစွဲလမ်းလမ်းဖြစ်နေမှန်း မေးခွန်းထုတ်မိကြကာ တစ်ယောက်နှင့်တစ်ယောက်ကြောင်အမ်းအမ်းကြည့်မိကြတော့သည်။

အသားက သူမ အပေါ် အဲ့လောက်ထိ ဆွဲဆောင်နိုင်တာလား? မနက်အစောပိုင်းမှာထဲက အဲ့အကြောင်းက သူမခေါင်းထဲရောက်နှင့် နေခဲ့သည်။

အတွေးတွေကို ဝဲပစ်လိုက်ပြီးနောက် ကျန်းရှစ်ချီက စကင်းကဲများ ခပ်မြန်မြန်လိမ်းပြီးသည်နှင့် သူမနောက်အမှီပြေးလိုက်နေစဉ် စုချန်ယန်က တဟုန်ထိုးဆက်သွားခဲ့သည်။

"တစ်နပ်စာလောက် အသားလွတ်သွားလည်း နင်မသေပါဘူး" ကျန်းရှစ်ချီက ညည်းညူရင်း ပြောခဲ့သည်။

စုချန်ယန်က သူမ မသေလောက်မှန်း သိသော်လည်း အသားစားရတာကို ကြိုက်နှစ်သက်သည်။ သူမ၏ကိုယ်အလေးချိန်ကို သေချာမစီမံခင်စဉ်က ကြိုက်တဲ့အချိန် ကြိုက်တာစားနေကျဖြစ်ပြီး ဘယ်နှနှပ်စားစား အသားမပါလည်း ကျေနပ်စရာပင်။

တစ်လလောက် ကိုယ်အလေးချိန်ကို သေချာထိန်းသိမ်းပြီးတော့မှ တစ်နပ်စာအတွက် အသားတစ်ခါလွတ်သွားလျှင် ကြီးကြီးမားမား အခွင့်အရေးကို လက်လွှတ်ခံရလိုက်သလိုမျိုး စုချန်ယန် ခံစားခဲ့ရသည်။

ဆုံရမည့်နေရာကို နှစ်ယောက်သားရောက်တော့ သူတို့နှစ်ဦးမှာ နောက်ဆုံးရောက်သည့်သူများ ဖြစ်လေသည်။ ပထမဆုံးရောက်သူလေးဦးမှာ သုံးဘီးစီးပြီးသွားနှင့်ကြပြီဖြစ်ပြီး ကျန်၅ယောက်မှာ စုချန်ယန် သိသည့်သူများဖြစ်ကြပြီး သူမအပါအဝင် အားလုံးမှာ ကိုယ့်ထိုက်နှင့်ကိုယ်ကံသာ။

သိပ်မလှမ်းမကမ်းရှိ ဟန်စုန့်ရွှယ်မှာ သမ်းဝေကာ

ကောင်းကောင်း မအိပ်ခဲ့ရသေးပုံပေါက်သည့် စုန့်မင်ကန်နှင့် စကားပြောနေခဲ့သည်။ ချီဖုကတော့ သူ့ဘေးတွင် ရှိနေခဲ့သည်။

"ဟန်စုန့်ရွှယ်" စုချန်ယန်က သူမကို လှမ်းခေါ်လိုက်ပြီးနောက် သုံးယောက်စလုံး လှည့်ကြည့်လာကြသည်။

"နင်နဲ့ကျန်းရှစ်ချီက ကျန်နေသေးတဲ့သူတွေလား?"

ဟန်စုန့်ရွှယ်သည် စုချန်ယန်နှင့် ကျန်းရှစ်ချီတို့ သူမတို့ကိုမှီလာအောင် စောင့်ပေးနေရသလိုမျိုး မေးလာခဲ့သည်။

စုချန်ယန် - "နောက်ကျမှနိုးလို့"

သူတို့သုံးယောက်နှင့် အတူသွားစဉ် ဟန်စုန့်ရွှယ်က သူတို့နှစ်ယောက်ရဲ့ မျက်နှာကို ကြည့်ကာ ထပ်ပြောခဲ့သည်။

"ငါတို့က နာမည်ကြီးတွေနော် အနည်းဆုံးတော့ အပြင်မထွက်ခင် မျက်နှာလိမ်းတဲ့ ခရင်မ်လေးတော့ လိမ်းခဲ့ပေါ့။ နာမည်ကြီးတစ်ယောက်ရဲ့ သိက္ခာလေးတော့ရှိမှပေါ့"

ဤသည်ကိုကြားလျှင် စုချန်ယန်က မျက်နှာကို

နှစ်ခါမျှ သုတ်ပစ်လိုက်သည်။

ကျန်းရှစ်ချီကလည်း ဝင်ပြောခဲ့သည်။"အဲ့ဒါစုချန်ယန်ကြောင့်လေ နောက်ကျမှ ရောက်ရင် အသားတွေ ကုန်သွားလိမ့်မယ်ဆိုတာ ကြားတာနဲ့ အတင်းလောတော့တာပဲ"

ဟန်စုန့်ရွှယ်က ခေါင်းတခါခါနှင့် ပြောခဲ့သည်။

"စုချန်ယန် ဒီအပိုင်းပြီးလို့လွှင့်ရင် ပရိသတ်တွေက နင့်ကို နင့်ကုမ္ပဏီက ဂရုမစိုက်ဘူး ထင်နေကြဦးမယ်။သူတို့ဘက်က ပုံမှန်စားရတဲ့ အစားအစာမျိုး နင့်ကိုမပေးကြဘူးလား?"

ကင်မရာတွင်မပါသည့် ရှောင်လု၏ အသံက ထွက်လာခဲ့သည်။

"ဟင့်အင်း ချန်ယန်ရဲ့ diet ကို အာဟာရဗေဒအထူးပြု ပညာ‌ရှင်တွေ စီစဉ်ပေးထားတာ"

အကုန်လုံးက စုချန်ယန်အား သိချင်သလိုကြည့်လာကြပြီး မေးခဲ့ကြသည်။

"ဒါဆို နင်က ဘယ်လိုဖြစ်လို့ တစ်ဘဝလုံး အသားမစားဖူးသလိုမျိုး ဖြစ်နေရတာလဲ?"

စုချန်ယန်က မလှုပ်မယှက် ပြန်ဖြေပေးခဲ့သည်။

"ဘာလို့ဆို သူတို့ပြင်ပေးတဲ့ထဲမှာ အသားမှမပါတာ။ ပါရင်တောင်မှ ဖယောင်းကို ဝါးနေရသလိုပဲ"

"တစ်လလုံးလုံး အများဆုံးစားရတဲ့အသားဆိုလို့ ကြက်ရင်ပုံသားနဲ့ ပုစွန်ကိုမှ အချဉ်ပေါင်းစုံနဲ့စားရတာ"

ရှောင်လုက ရယ်ကာ ပြောခဲ့သည်။ "ဘယ်သူက တစ်ပတ်ထဲနဲ့ ဆယ်ပေါင်လောက် တက်အောင်လုပ်ဖို့ ပြောခဲ့လို့လဲ"

"ငါ..." စုချန်ယန်က ပွစိပွစိပြောတော့သည်။

"နောက်ကျရင် မစားရတော့မှာစိုးလို့လေ"

"ချန်ယန်က ဝိတ်တက်လွယ်တာလား?"

အရှေ့ကသွားနေသည့် ချီဖုက နောက်လှည့်ရင်း သူမကို လှမ်းမေးခဲ့သည်။

စုချန်ယန်က ခေါင်းငြိမ့်ပြကာ စိတ်ညစ်ညစ်ဖြင့်ပြောခဲ့သည်။

"အင်း ရေသောက်ရင်တောင်မှ ဝိတ်ကတက်နေတာ"

ချီဖု - "ဒါဆိုရင် လေ့ကျင့်ခန်းများများ လုပ်သင့်တာပေါ့

သီးသန့်ထရိန်နာ ကောင်းကောင်းတချို့ကို ညွှန်းပေးရမလား"

ချီဖုက လေ့ကျင့်ခန်း ခကြာခဏ လုပ်တတ်သည့်သူမှန်း ပိုသေချာသွားပြီး အလွန်အကျွံမဟုတ်ဘဲ ရှိသင့်ရှိထိုက်ကာ ကြည့်ကောင်းသည့် ကြွက်သား တည်ဆောက်ပုံရှိကာ ယူနီဖောင်းနှင့် လိုက်ဖက်သည့် ခန္ဓာကိုယ်မျိုးပိုင်ဆိုင်ထားသည်။

စုချန်ယန် သူ့ကိုယ်ရေးအကျဉ်းကို အရင်ကဖတ်ထားဖူးပြီး သူသည်လည်း စုန့်မင်ကန်နှင့် အလားတူပင်။

သူ့သရုပ်ဆောင်ကဏ္ဌကို ကန့်သတ်ထားချင်တာကြောင့် စစ်သားနှင့် ရုန်းကန်လှုပ်ရှားမှုများသည့် ဇာတ်ကောင်မျိုးကိုသာ မကြာခဏ ပါဝင်သရုပ်ဆောင်လေ့ရှိတတ်သည်။

ဒါကြောင့်မို့ ရသစုံရှိုးမှတစ်ဆင့် အပြောင်းအလဲလေးလုပ်ချင်တာကြောင့် ပါဝင်ခဲ့ခြင်းပင်။

စုချန်ယန်က ခေါင်းခါပြကာ ငြင်းလိုက်သည်။"ရပါတယ် မလိုလောက်ပါဘူး"

ကိုယ်ပိုင် ထရိန်နာတွေဆိုသည်မှာ ငှားရတာ ဈေးကြီးတာကြောင့် Gym တွင် သူမဘာသာ လေ့ကျင့်ခန်းလုပ်လိုက်မည်သာ။

ထိုသူ၏ ဖွံ့ထွားကြံ့ခိုင်သော ကြွက်သားများအား ကြည့်ရင်း စုချန်ယန်က မနေနိုင်ဘဲ ပြောမိတော့သည်။

"နင့်ပုံစံက ဟင်းချက်တတ်တဲ့ ပုံစံမပေါက်ပေမဲ့ ချက်တာတော့ကောင်းသားပဲ"

ချီဖု၏ ပုံပန်းသဏ္ဌာန်မှာ ပုံမှန်ချောသည့်ထဲ မပါပေမယ့် သူ့ပုံစံမှာ ရိုးတွင်းချဉ်ဆီထဲမှ သဘာဝကျကျဖြင့် တိုင်းပြည်ကို ကာကွယ်ဖို့ မွေးဖွားလာခဲ့သလိုပင်။

ဟန်စုန့်ရွှယ် - " သူများကို ဘယ်လို သွားပြောနေတာလဲ? နင်လည်း ချက်တတ်တဲ့ ပုံစံ မပေါက်ပါဘူး"

ချီဖုက ခေါင်းကုတ်ကာ ရှက်ကိုးရှက်ကန်းရယ်ရင်း ပြောခဲ့သည်။

" တကယ်တော့ ကျွန်တော့်ရဲ့အကျင့်က မိန်းကလေးဆန်ပြီး ရှက်တတ်တယ်။ အမေက ကျွန်တော့်ကို ဘယ်လိုချက်ရမလဲဆိုတာရယ် ဆွယ်တာတွေ ဘယ်လိုထိုးရလဲဆိုတာ သင်ပေးထားတာ။ ပြီးတော့ ကျွန်တော့်ကိုဂါဝန်တွေ ဝယ်ပေးရတာ ကြိုက်တယ်လေ"

ကျန်လေးယောက် - "..."

စုချန်ယန်က ချိတုန်ချတုံဖြင့် မေးလိုက်သည်။ "ဂါဝန်လား?"

ချီဖုက ခေါင်းငြိမ့်လိုက်သည်။ "အင်း"

စုန့်မင်ကန် - "မင်းမှာ ဓာတ်ပုံရှိလား?"

ချီဖု - "ရှိတယ်"

ဟန်စုန့်ရွှယ် ပါးစပ်မှာ တစ်လှုပ်လှုပ်ဖြစ်ကာ ‌ရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်။

"ငါ့ကိုရိုက်ထားတာလေး နောက်ပြီးရင် ပို့ပေး"

ကျန်းရှစ်ချီက ဝင်ပြီး အကြံပေးခဲ့သည်။ "ကောင်းတာလေးတွေ ဝေမျှလို့ရအောင် group လုပ်ထားရအောင်လေ"

ချီဖုက အသိများထံမှ စနောက်ခံရသည်ကို

စိတ်မဆိုးဘဲ အနည်းငယ်သာ ရှက်နေခဲ့သည်။

"မင်းတို့အားလုံး သဘောကျတယ်ဆိုရင် အဲ့လိုပုံတူတွေချည်း အမေ့ကို ပို့ခိုင်းလိုက်မယ်"

စုချန်ယန်လည်း မနိုင်သလို ခေါင်းယမ်းမိတော့သည်။ သူတို့ထဲတွင် သူ့လိုအားအင်အပြည့်ရှိပြီး ကြည့်ကောင်းသည့် ကောင်လေးတစ်ယောက်က စရနောက်ရလွယ်လိမ့်မည်ဟု မထင်ခဲ့မိပေ။

"ငါလည်း လိုချင်တယ်!"

"ငါရောပဲ"

စုန့်မင်ကန် - "ငါ..."

ချီဖုက ရယ်မောကာ ပြောခဲ့သည်။ "မင်း စကတ်ဝတ်ဖူးလား ဝတ်ကြည့်ပါလား"

စုချန်ယန်က ခဏလောက်ငြိမ်နေပြီးမှ ထပ်ပြောခဲ့သည်။

"ငါလည်း အဲ့ပုံလိုချင်တယ်"

"ရပါတယ်" ချီဖုက သူစကတ်ဝတ်ထားသည့်ပုံကို ခုလောက်ထိ လူကြိုက်များလိမ့်မယ်လို့ ထင်မထားခဲ့တာကြောင့် ဝမ်းသာအားရ ခေါင်းငြိမ့်ပြခဲ့သည်။

သူတို့အားလုံး ပျော်ရွှင်နေကြသည်ကိုကြည့်ပြီး စုချန်ယန်က ခဏလောက် စိတ်မသက်မသာဖြစ်သွားကာ ချီဖုကို သတိပေးခဲ့သည်။

"နင်ဒီလိုရော တွေးမိရဲ့လား ပရိုဂရမ်ကို ထုတ်လွှင့်ပြီးရင် အားလုံး ဝိုင်းရီတာခံနေရဦးမယ်"

ချီဖု အမူအရာက ချက်ချင်းတောင့်တောင့်ကြီး ဖြစ်သွားကာ ခုမှ သတိရလိုက်သလို ဖြစ်သွားသည်။

"....ကျွန်တော်တို့ ရိုက်ကူးရေးလုပ်နေတုန်းပဲဆိုတာ မေ့သွားတယ်"

ကျန်သည့်လေးယောက်လည်း တိတ်တဆိတ် တစ်ယောက်ကို တစ်ယောက် ကြည့်မိကြတော့သည်။

ဟန်စုန့်ရွှယ်က ရယ်ချင်စိတ်ကိုအောင့်ထားကာ နှစ်သိမ့်ခဲ့သည်။

"ရပါတယ် ဘာမှမဖြစ်ပါဘူး ကြော်ငြာထုတ်လုပ်ရေး ဆရာမကို စည်းရုံးပြီး ဒီအပိုင်းကို ဖယ်ခိုင်းလိုက်မယ်"

ချီဖုလည်း ကမန်းကတန်း ခေါင်းခါလာကာ စိုးရိမ်သည့် အကြည့်များဖြင့် ပြောခဲ့သည်။

"မဖြစ်ဘူး အဲ့လို လုပ်တာ တရားမဝင်ဘူး"

စုချန်ယန်လည်း ချီဖုအား လွယ်လွယ်လေးနှင့်အနိုင်ကျင့်ခံရမည်ဟု မထင်ထားပေမဲ့ သူမတောင်မှ အခြားသူများနှင့်အတူ သူ့အား စနောက်မိသည်။

ရလဒ်အနေနဲ့ ရှိုးကိုလွှင့်ပြီးတာနှင့် ပရိသတ်မှ သူ့အားဘယ်လို သတိထားမိကြမလဲဆိုသည်ကို ပုံစံအမျိုးမျိုးဖြင့် အသေအလဲ ဂျင်းထည့်ရင်း ခေါက်တုံ့ခေါက်ပြန်စနေကြလေတော့သည်။

အရပ်အမောင့း 1.8m ရှိသည့် ယောက်ျားတစ်ယောက်ကို မျက်လုံးများရဲကာ ဂနာမငြိမ်ဖြစ်သည်အထိ ခြိမ်းခြောက်မှုဖြစ်ပွားစေခဲ့သည်။

နောက်တော့မှ ချီဖုသည် သူတို့ပြောစကားများကိုအတည်ကြီးထင်နေမိမှန်း သတိထားမိကြတာမို့

ချက်ချင်း ချော့ကြတော့သည်။

ဟန်စုန့်ရွှယ် - "အမှန်တော့ သိပ်လည်းစိတ်ပူစရာမလိုပါဘူး ဒီလိုသိပ်မကောင်းတဲ့ရှိုးကို သိပ်အများကြီးကြည့်ကြမှာလဲ မဟုတ်ပါဘူး။ တွေးကြည့်လေ မနေ့ကတည်းက တိုးတက်တာဆိုလို့ တစ်ခုတောင်ဖြစ်ဖြစ်မြောက်မြောက် လုပ်ပြီးတာမျိုးမရှိသေးဘူးလေ။ တည်းဖြတ်တဲ့ သူတွေက နောက်ဆုံးအပိုင်းမှာ နင်ပြောခဲ့တာတွေကို ထည့်လိုက်ရင်တောင် သိပ်များများစားစားသိကြမှာမဟုတ်ဘူး"

ကျန်းရှစ်ချီလည်း ထောက်ခံခဲ့သည်။

"သူပြောတာမှန်တယ် ဒီရှိုးအတွက် ငါလည်း သိပ်အများကြီး မမျှော်လင့်ထားဘူး အရည်အချင်း ကောင်းတွေစုဆောင်းနိုင်ဖို့ ပိုက်ဆံတွေ ဖြုန်းတယ်လို့ပဲတွေးကြည့်ပေါ့"

စုန့်မင်ကန်က ချောင်းဟန့်ကာ ဝင်ပြောခဲ့သည်။

"ညီအကိုချီ မင်း ငါ့ဆီက လေ့လာသင့်..."

ဟန်စုန့်ရွှယ်နှင့် အခြားတစ်ယောက်အပါအဝင် နှစ်ယောက်စလုံး ညီညီညာညာ ထအော်ခဲ့သည်။

"ပါးစပ်ပိတ်ထား!"

"ပါးစပ်ပိတ်ထား!"

စုန့်မင်ကန်သည် ပါးစပ်ပိတ်ကာ တိတ်တဆိတ်ပင်

နာကျင်သွားသည့် ပုံစံမျိုးနှင့် ဘေးတစ်နေရာသို့ သွားလေသည်။

ဤသည်ကိုမြင်နေရသော်လည်း ချီဖုမှာ ခုထိ နည်းနည်းလေးတောင် အဆင်မပြေပုံရတာမို့ စုချန်ယန်မှ ဝင်ပြောလေသည်။

"အရမ်းလည်းစိတ်မပူပါနဲ့ ဒီရှိုးကိုလွှင့်ပြီးရင် ကြည့်မဲ့သူက သိပ်အများကြီး မရှိလောက်ပါဘူး"

သူတို့အနောက်မှဖြတ်သွားသော ဝန်ထမ်း အဖွဲ့သားများ - "......."

သူတို့က လူစကားပြောနေကြတာလား?

All Chapters