အခန်း ၄၉
Vol. 4 Ch. 49
ဟန်စုန့်ရွှယ်တစ်ယောက် သူမကိုယ်သူမ ကိုယ်ရည်သွေးကာ ပြောနေသည်ကို အတိုင်းသားကြားနေရကြောင့် သူမလည်း တည့်တည့်သာ ပြောတော့သည်။
"ငါ့ဘက်က သေချာမြင်နေရသလောက်ကတော့ နင်က ဒီဝတ်စုံနဲ့ လုံးဝကို မလိုက်တာ"
ဟန်စုန့်ရွှယ်က သူမကို သုန်မှုန်သည့် မျက်နှာဘေးဖြင့်ကြည့်ကာ ပြောခဲ့သည်။
"နင်က ငါ့ထက်တောင် ပိုမလိုက်သေးတယ်"
ထို့နောက် စုချန်ယန်ကို မှီကာ မတိုးမကျယ်အသံဖြင့်ပြောခဲ့သည်။
"ကျန်းရှစ်ချီက ဘာဖြစ်နေတာလဲ ငါတို့နားမှာ ဘာလို့အမြဲတမ်း အမြှီးလိုတစ်ကောက်ကောက် လိုက်နေတာလဲ ဖော်လံဖားလိုလေ?"
"ဘယ်သူ့ကိုလာပြီး ဖားလို့ ပြောနေတာလဲ?"ကျန်းရှစ်ချီက စိတ်တိုတိုဖြင့် သူမအား စိုက်ကြည့်ခဲ့သည်။
"ဒါဆို ဘာလို့ ထွက်မသွားသေးဘဲ ငါ့တို့နောက်ကို လိုက်တာ မရပ်သေးလဲ?" ဟန်စုန့်ရွှယ်က မေးငေါ့ကာ ပြောခဲ့သည်။
ကျန်းရှစ်ချီလည်း အေးတိအေးစက် ဟွန့်ခနဲ ခနဲ့ရင်း စုချန်ယန်၏ ဘေးတစ်ဖက်တွင် ရပ်လိုက်သည်။
"သိပ်လည်း ဝမ်းသာမနေနဲ့ နင့်ကို လာရှာတာ မဟုတ်ဘူး"
ဟန်စုန့်ရွှယ် -" ဒါဆို နင်ကဒီမှာ ချန်ယန်ကိုလာရှာတာပေါ့လေ ဟုတ်လား? ငါ နင့်ထက် ချန်ယန်နဲ့ အနည်းဆုံး၂၄နာရီ ခင်လာတာ ဘေးဖယ်နေ"
ဤသည်ကိုကြားတော့ ကျန်းရှစ်ချီလည်း သူမအား စိမ်းစိမ်းဝါးဝါး ကြည့်ခဲ့သည်။
"နင်က မူလတန်း ကလေးလား!"
"နင်ကမှ မူလတန်းကလေးလို လုပ်နေတာ နင့်တစ်မိသားစုလုံးကပဲ မူလတန်းကျောင်းမှာ" ဟန်စုန့်ရွှယ်က ပြန်၍ ခွန်းတုံ့ပြန်ခဲ့သည်။
"စုန့်ရွှယ် မိသားစုဝင်တွေ မပါစေနဲ့ နင်လွန်နေပြီ"စုချန်ယန်က ကြားဖြတ်ပြောခဲ့သည်။
ထိုမိန်းကလေး နှစ်ယောက်မှာ ဘာမဟုတ်တာလေးကိုငြင်းခုံနေစဉ် စုန့်မင်ကန်မှ ရုတ်တရတ် နောက်တံခါးတစ်ခုမှ ထွက်လာခဲ့သည်။
သူသည်လည်းပဲ အများနည်းတူ ဝတ်ဆင်ထားပြီး ကျက်သရေရှိသည့် အသွင်ပြင်နှင့် တံခါးဝမှထွက်လာကာ ပါးပေါ်တွင်လည်း သိမ်းငှက်ပုံဆွဲထားခဲ့သည်။
ဟန်စုန့်ရွှယ်က သရော်သလိုပြုံးရင်း ပြောခဲ့သည်။
"ဘာတွေဝတ်ထားတာလဲ နင့်ပုံစံက သနားစရာကောင်းတဲ့ ပညာသင်ဆုရ ကျောင်းသားလိုပဲ"
စုချန်ယန်လည်း သဘောတူဟန်ဖြင့် ခေါင်းငြိမ့်ခဲ့သည်။
"ဟုတ်ပါ့"
ကျန်းရှစ်ချီလည်း ထပ်တူပင်။"သေချာပေါက် တူတယ်"
စုန့်မင်ကန်၏ မျက်နှာမှာ ငိုက်စိုက်ကျသွားသည်။
"အခုကစပြီး ငါတို့အကုန်လုံးက ညီအစ်မတွေပဲ ငါ့ကိုထပ်ဖယ်ထားလို့မရဘူး"
ချီဖုလည်း အနား ရောက်လာခဲ့သည်။ "ညီအစ်မတွေ? မင်ကန် မင်း စိတ်ဝင်စားတယ်လား? မင်းနဲ့ လိုက်တဲ့ ဂါဝန်တချို့ငါယူလာခဲ့လိုက်ရမှာ"
စုန့်မင်ကန်က အသက်မပါစွာ ပြန်ပြောခဲ့သည်။
"မလိုဘူး ကျေးဇူးပဲ"
သူတို့နှင့် ရက်အနည်းငယ် အတူတူရှိ နေလိုက်ရင် ကြုံနေရတာတွေ ဖြေဖျောက်နိုင်လိမ့်မည်ဟု ခံစားမိသည်။
သိပ်မကြာခင်မှာပဲ အခြားသူများလည်း မိတ်ကပ် ပြင်ဆင်ခြင်းပြီးဆုံးကာ ထုတ်လုပ်ရေးအဖွဲ့မှ ခြံပြင်တွင်လူလာစုဖို့ ပြောလာခဲ့သည်။
အပြင်ကိုရောက်သည်နှင့် အဖွဲ့သားများမှာ စက်ပစ္စည်းတွေ အကုန်တပ်ဆင်ပြီးပြီဖြစ်ပြီး လက်ထောက် ဒါရိုက်တာမှ အော်လန်ကိုင်ကာ ရှေ့ထွက်ထိုင်နေခဲ့သည်။
"ဒီနေ့ ဝမ်ကျင့်ရွာရဲ့ ရိုးရာနဲ့ ယဉ်ကျေးမှုကို တို့တွေအားလုံး စင်စစ် အတွေ့အကြုံရသွားအောင်လို့ ဒီအဝတ်အစားတွေကို ဝတ်ဆင်ထားရခြင်းဖြစ်တယ်"
"မင်းတို့တော့ မသိလောက်ဘူးဆိုပေမဲ့ ဒီနေ့က ဝမ်ကျင့်ရွာမှာ နှစ်စဉ် 'ဝတ်ပြုပွဲ'ကျင်းပတဲ့နေ့လေးပါ"
"ဝတ်ပြုပွဲ? ဘာကြီးလဲ?"
လက်ထောက်ဒါရိုက်တာ - " ဝတ်ပြုပွဲ ကျင်းပတဲ့နေ့ဆိုတာ ဝမ်ကျင့်ရွာသားတွေက ရေစောင့်နတ်ကို ပူဇော်ပသတဲ့နေ့မို့ ဝတ်ပြုပွဲလို့ခေါ်ကြတာ။
ရွာထဲက လက်မထပ်ရသေးတဲ့ လူပျိုတွေနဲ့ အပျိုလေးတွေက ရေစောင့်နတ်ဘုရားရှေ့မှာ သူတို့မေတ္တာရှိတဲ့သူကို သူတို့ရဲ့ချစ်ခြင်းမေတ္တာကို ဖော်ပြကြရတယ်
တစ်ဖက်လူက လက်ခံခဲ့ရင် ရေတွင်းစောင့်နတ်ဘုရားက သူတို့ရဲ့တစ်ဘဝလုံးကို ကာကွယ် စောင့်ရှောက်ပေးပြီးတော့ ကာယကံရှင်တွေကလည်း အိုမင်းချိန်ထိ
သက်ဆုံးတိုင် ပေါင်းသင်းကြရတယ်။
ဒဏ္ဍာရီအရဆိုရင် စုံတွဲတစ်တွဲကြောင့် ဖြစ်လာတာပေါ့
အမျိုးသားဖြစ်သူက တိုင်းတစ်ပါးမှာရန်ဖြစ်ရင်းသေဆုံးခဲ့ပြီး အမျိုးသမီးဖြစ်သူကတော့ သူ့ရဲ့ခင်ပွန်းဆုံးပါးသွားတဲ့ သတင်းကြားပြီး စိတ်ထိခိုက်ရင်း အိမ်မှာပဲ နာမကျန်းဖြစ်ပြီး သေဆုံးသွားရတာပေါ့
သူမ သေပြီး နောက်တစ်ရက်ကျ တောင်ပေါ်မှာရှိတဲ့ ဆယ်စုနှစ်ပေါင်းများစွာ ခြောက်သွေ့နေခဲ့တဲ့ ရေတွင်းတွေက ရုတ်တရတ် အရမ်းအရသာရှိတဲ့ရေတွေပန်းထွက်လာတယ်တဲ့လေ။
လူတွေပြောကြတာကတော့ အဲ့ဒီ့မိန်းမက သေဆုံးသွားပြီးတော့ ရေတွင်းစောင့်နတ်ဖြစ်သွားပြီး တောင်ပေါ်မှာနေထိုင်ကြတဲ့ ချစ်သူတွေအားလုံးကို ပျော််ရွှင်ငြိမ်းချမ်းတဲ့ဘဝလေးနဲ့ အတူတူ နေထိုင်နိုင်အောင်လို့ ကောင်းချီးပေးတယ်ဆိုပဲ"
ဟန်စုန့်ရွှယ် - "အိုက်ရားးး ငါ့ကောင်လေးကို အတူတူခေါ်လာခဲ့သင့်တာ"
စုချန်ယန်လည်း ကြောင်သွားပြီး မေးခဲ့သည်။ "နင့်မှာ ရည်းစားရှိတယ်လား"
ကျန်းရှစ်ချီလည်း နားမလည်နိုင်သလိုဖြစ်သွားကာ ပြောခဲ့သည်။ "နင်က တကယ်ကြီး ရည်းစားရှိတာလား?"
စုန့်မင်ကန်လည်း ခဏလောက် တုံ့ဆိုင်းနေပြီးမှ ပြောလာသည်။
"နင်စကားပြောတာ ဒီလောက် အချိုးမပြေတာကို နင့်ကို တကယ်ကြိုက်တဲ့ ယောက်ျား ရှိသေးတာလား"
ဟန်စုန့်ရွှယ် - "..."
နှုတ်ခမ်းကြီးဆူရင်း ထန်ချီပေါ်သို့မှီကာ ဂျီကျနေတော့သည်။
"အစ်မထန်ချီ အစ်မတွေ့လား သူတို့က ညီမကိုဆို အမြဲအနိုင်ကျင့်နေတာ"
ထန်ချီသည် သူတို့အားလုံးထက် အနည်းငယ်သာ အသက်ကြီးပြီး သူတို့ကြားထဲတွင်တော့ အစ်မကြီးလိုဖြစ်နေလေသည်။ သူမလည်း ပြုံးကာ ဟန်စုန့်ရွှယ်၏ ပုခုံးကိုခပ်ဖွဖွပုတ်ပေးရင်း နှစ်သိမ့်ပေးခဲ့သည်။
"ဘာမှမဖြစ်ပါဘူး ရိုက်ကူးရေး ပြီးသွားရင် ရည်းစားလေးကို ခေါ်လာလို့ရပြီလေ"
ဟန်စုန့်ရွှယ်လည်း နှုတ်ခမ်းကြီးစူထားရင်း မျက်လုံးထဲလည်း မျက်ရည်တွေ ဝဲကာပြောခဲ့သည်။
"ဒါပေမဲ့ ညီမကောင်လေးက ဘယ်လိုပုံစံရှိမှန်းမှ မသိတာကို"
ထန်ချီ - "...."
စုချန်ယန်လည်း ခဏတာမျှ တိတ်ဆိတ်သွားပြီးတော့မှ ထပ်မေးခဲ့သည်။
"နင့်ရည်းစားက အသက်ဘယ်လောက်မှန်းရော
မသိဘူးလား?"
"အေး"
ဟန်စုန့်ရွှယ်က သက်ပြင်းချရင်း ပြောခဲ့သည်။"ငါမွေးထဲက သူ့ကိုတစ်ခါမှ မမြင်ဖူးဘူး။ ငါ့ကို သူဘယ်တော့လောက် ရှာတွေ့မယ်လို့ နင်ထင်လဲ"
ကျန်းရှစ်ချီလည်း စိတ်လေကာ မျက်ဖြူလှန်မိတော့သည်။ "ဒီဘဝမှာ သူနင့်ကို လုံးဝမတွေ့နိုင်တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့"
"ဘုရား ဘုရား! နင်တော်တော်ရက်စက်တာပဲ!"
အဖတ်လုပ်မခံရသည့် လက်ထောက် ဒါရိုက်တာမှာ အော်လန်ကို ကိုင်ထားရင်း စွံ့အနေမိသည်။ ဒီလူတွေဘယ်လိုဖြစ်နေကြသလဲ ဆိုတာကိုတွေးနေမိသည်။
ခေါင်းစဉ်တစ်ခုက သူတို့ဆီက အာရုံကို ယတိပြတ် တစ်ခြားကိစ္စဘက် ပြောင်းနိုင်သည်။
"ဘာပဲဖြစ်ဖြစ် ဒီနေ့ ရွာသားတွေနဲ့အတူတူ ဝတ်ပြုပွဲမှာ ပါဝင်ပေးရမှာဖြစ်တယ်"
"ဟုတ်ပြီ!"
စကားပြောပြီးနောက် ဝန်ထမ်းမှ သူတို့အားရှေ့ကဦးဆောင်ကာ ရေတွင်းရှိရာဆီသို့ လိုက်ပို့ပေးခဲ့သည်။
လမ်းတစ်လျှောက်တွင် တောင်ပေါ်မှ ရွာသူရွာသားတွေကလည်း သူတို့နှင့်အတူ တစ်နေရာထဲ ဝင်လျှောက်ကြလေသည်။
အကုန်လုံးမှာ ဝတ်စားဆင်ယင်ထားကြပြီး အမျိုးသမီးလေးများမှာ လှပတင့်တယ်နေကာ အမျိုးသားများကလည်း ဩဇာအပြည့်ဖြင့် ကြည့်ကောင်းနေခဲ့သည်။
ဖြတ်ခနဲကြည့်လိုက်လျှင် သူတို့၏ နုနယ်ပျိုမြစ်သည့် မျက်နှာများမှာ တောက်ပနေသည့် အပြုံးများဖြင့် အားပါးတရ ပြုံးပြနေဟန်ပေါ်သည်။
သူတို့ဝတ်ဆင်ထားသည့် အဝတ်အစားများသည် မြောင်လူမျိုးစုများနှင့် ဆင်သယောင်ရှိပေမယ့် ထူးခြားဆန်းပြားသော ညှို့ငင်ဓာတ်များဖြင့် အရောင်အသွေးစုံစုံလင်လင်ပြည့်ဝကာ သိမ်မွေ့နက်နဲသည့် ထူးခြားမှုများလည်း ပါဝင်သည်။
မကြာခင်မှာဘဲ ရေတွင်းရှိရာဆီ ရောက်သွားကြသည်။
ဘေးတွင် မြင့်မားလွန်းသည့် သစ်ပင်ကြီးတစ်ပင်မှာ ထည်ထည်ဝါဝါရှိနေပြီး ဖဲကြိုးနီဘေးတွေကို အမြောက်အများ ချိတ်ဆွဲထားခဲ့သည်။
ကြင်စဦးဇနီးမောင်နှံများ၏ အင်္ကျီထောင့်စွန်းအစများဖြစ်ကြပြီး အပ်ချည်ဖြင့်တွဲချုပ်ကာ သစ်ပင်တွင်ချည်ကြသည်။ ဒီလိုလုပ်ခြင်းအားဖြင့် အရာရာမေ့စေသည့်စွပ်ပြုတ်ကို သောက်ပြီး နိုင်းဟဲမြစ်ကိုဖြတ်ကာ ဘဝကူးသွားခဲ့ရင်တောင်မှ သူတို့နှစ်ဦးအားဘယ်သူကမှ မခွဲနိုင်ကြတော့ပေ။
နောသ်ဘဝရောက်သည်အထိ ပြန်လည်ဆုံတွေ့ကြရဦးမည်ဖြစ်ပေသည်။
ဒီသစ်ပင်ကြီးရှိနေခဲ့သည်မှာ နှစ်ပေါင်းရာချီရှိပုံရပြီး လေထဲတွင် လွင့်နေသည့် ဖဲကြိုးနီလေးများမှာ မရေမတွက်နိုင်လောက်အောင် များပြားလှသည်။
"အားလုံးပဲ မင်းတို့ရဲ့အနောက်မှာရှိတဲ့ ရှေးဟောင်းရေတွင်းကြီးကို လှည့်ကြည့်လိုက်"
လက်ထောက်ဒါရိုက်တာက အော်လန်ဖြင့် အော်ပြောခဲ့သည်။
အားလုံးလည်း လှည့်ကြည့်ကြပြီး ရေတွင်းမှာ ပုံမှန်ရေတွင်းထက် အနည်းငယ်မျှကြီးပြီး ရေတွင်းရှေ့တွင် မူလရေတွင်းဖြစ်ကြောင်းကို ကျောက်ပြားပေါ်တွင် အနီရောင်စာလုံးသေးများဖြင့် ရေးကာ ဖော်ပြထားလေသည်။
"နှစ်ပေါင်းရာချီ ကြာခဲ့ရင်တောင်မှ တွင်းရေက ခြောက်မသွားဘဲ ခုချိန်ထိ ကြည်လင်သန့်ရှင်းနေတာကို ကြုံတုန်း လာကြည့်ထားသင့်တယ်။ ရေရဲ့အရသာက အရမ်းကိုမှ လန်းဆန်းအေးမြပြီး ချိုမြိန်တယ်လို့ ပြောကြတယ်။ မင်းတို့ မျက်နှာပေါ်က ပန်းချီနဲ့ ပန်းပုံတွေရဲ့ အဓိက ဆိုလိုရင်းကို သိကြလား?"
"မသိပါဘူး" တစ်စုံတစ်ယောက်က ဝင်ဖြေခဲ့သည်။
စုချန်ယန်သည် အရင်နေ့က ရှင်းရှုပြောပြခဲ့ဖူးတာကို သိပြီးတာမို့ ဝင်ဖြေခဲ့သည်။
"အဲ့ဒါကရွာရဲ့ရိုးရာဓလေ့ပါ လက်မထပ်ရသေးတဲ့ လူပျိုတွေက သူတို့ရဲ့နာမည်နဲ့သက်ဆိုင်တဲ့အရုပ်မျိုးကိုမျက်နှာပေါ်ဆွဲထားရပြီး အပျိုတွေက နဖူးပေါ်မှာ ပွင့်ဖတ်လေးတွေ ထားပေးရတယ်။ သူတို့ရဲ့မင်္ဂလာပွဲကျင်းပတဲ့နေ့ကျမှ အမျိုးသားဖြစ်တဲ့သူက အလှဆင်ထားတဲ့ပန်းနဲ့ တွင်းရေကိုသုံးပြီး ဖျက်ပေးရပါတယ်တဲ့"
လက်ထောက်ဒါရိုက်တာက ခေါင်းငြိမ့်ကာပြောခဲ့သည်။ "ဟုတ်တယ် မှန်တယ်"
"ကဗျာဆန်လိုက်တာ! ဝမ်ကျင့်ရွာသားတွေ မဟုတ်ရင်တောင် ဒီကိုလာပြီး မင်္ဂလာပွဲကျင်းပလို့ရမလားဟင်?"
"ရတာပေါ့ ရွာရဲ့ရိုးရာဓလေ့ကို မြည်းစမ်းဖူးချင်တဲ့ သူတိုင်းကို ဝမ်ကျင့်ရွာက အမြဲကြိုဆိုကြတယ်"
ရွာလူကြီးကလည်း အချိန်ကိုက်ပင် ဝင်ပြောခဲ့သည်။
"တွင်းရေစောင့်နတ်ကို အသိသက်သေထား သစ္စာဆိုပြီး အင်္ကျီအစွန်းစနှစ်ခုကို သစ်ပင်ကို တူတူချည်ထားတဲ့ ရွာထဲမှာရှိတဲ့ ဇနီးမောင်နှံတွေက ဆယ်စုနှစ်တွေကြာတဲ့ထိရန်မဖြစ်သလောက်ပဲ။ ရွာကိုလာလည်တဲ့ သူတိုင်းကို တို့ဝမ်ကျင့်ရွာက နွေးထွေးစွာ ကြိုဆိုလျက်ပါ"
"နောက်တစ်ခုကိုတော့ ဝတ်ပြုပွဲနေ့ရဲ့ အစီအစဉ်ကိုတော့ရွာသူရွာသားတွေကပဲ ဦးဆောင်လမ်းညွှန်ပေးပါလိမ့်မယ်"
လက်ထောက်ဒါရိုက်တာက ပြောပြီးသည်နှင့် များစွာသောရွာသူရွာသားများ ထွက်လာကြပြီး စုချန်ယန်နဲ့ တစ်ခါဆုံဖူးခဲ့တဲ့ ရှင်းရှုလည်း ပါဝင်သည်။
၎င်းကိုမြင်လျှင် ဟန်စုန့်ရွှယ်သည် စုချန်ယန် နားကပ်ကာ တိုးတိုးလေးပြောခဲ့သည်။ "ကောင်ချောလေးလည်း ပါသားပဲ"
စုချန်ယန်လည်း ပြုံးကာ ဘာမှမပြောတော့ပေ။