အခန်း ၅၀
Vol. 4 Ch. 50
ရှင်းရှုသည် လူအုပ်ကိုဖြတ်ကာ စုချန်ယန်ဆီ တည့်တည့်မတ်မတ် လျှောက်လှမ်းလာကာ သူမဘက်ကို လက်တစ်ဖက် ဆန့်ပေးခဲ့သည်။
"မိန်းကလေးစု"
တောက်ပကာ အခြားဘာအဓိပ္ပာယ်များမပါဘဲ ကြည်လင်နေသည့် အကြည့်များဖြင့် စုချန်ယန်အားကြည့်ကာ ပြောခဲ့သည်။
ပရိုဂရမ်အဖွဲ့မှ စီစဉ်ထားသည့်ကိစ္စမို့ စုချန်ယန်လည်း မငြင်းလိုက်ချေ။ သူမလည်း ရှင်းရှုကိုပြုံးပြကာ သူမ လက်လေးအား သူ့ကြီးမားကျယ်ပြန့်လှသည့်လက်ဖဝါးထဲ ထည့်ပေးလိုက်သည်။
ရှင်းရှု၏ လက်ချောင်းများက စုချန်ယန်၏လက်တစ်ခုလုံးကို ကွယ်ဝှက်ထားဖို့ပင် လုံလောက်သည်။ သူ့လက်ဖြင့် စုချန်ယန် လက်လေးအား သိမ်းယူလိုက်သည်။
သူ၏လက်ဖဝါးမှာ ခပ်နွေးနွေးရှိပြီး နှစ်ပေါင်းများစွာ ဓားနှင့်အလား သဏ္ဌာန်တူညီသည့် ပစ္စည်းများကိုကိုင်တွယ်ရတာကြောင့် အသားမာတချို့တက်နေကာ ၎င်းသည်လည်းပဲ လက်ကိုင်ဖူးသည့် မိန်းကလေးများအား ကာကွယ်လုံခြုံစေသလို ခံစားချက်မျိုးပေးစွမ်းလေသည်။
စုချန်ယန်သည် သူမ၏လက်ဖဝါးလေးအား သူ၏လက်ထဲထည့်လိုက်ချိန်တွင် သူ့လက်ချောင်းများဖြင့်ရောယှက်ကာ သူမ အဆင်မပြေတာမျိုး မဖြစ်အောင် အားသိပ်မထည့်ဘဲ ဖွဖွလေးဆုပ်ကိုင်လိုက်သည်။
"ချလပ်-"
ထိုစဉ်တွင် စုချန်ယန်သည် သူမ ဘေးနားရှိ ကင်မရာ၏ ချလပ် ဆိုသောအသံကို ကြားလိုက်မိသည်။ ချက်ချင်း ဝေ့ဝဲကြည့်လိုက်တော့ ဓာတ်ပုံဆရာတစ်ယောက်မှ ကင်မရာကိုင်ထားရင်း သူမနှင့်ရှင်းရှု၏ လှုပ်ရှားမှုပုံရိပ်များအား အားသွန်ခွန်စိုက်ဖြင့် တဖျတ်ဖျတ်ရိုက်နေခဲ့သည်။
ဒါရိုက်တာသည် ဓာတ်ပုံဆရာ၏ နောက်တွင်ရပ်နေခဲ့ပြီး သူတို့နှစ်ဦးအား ကောက်ကျစဉ်းလဲသည့်အပြုံးမျိုး ပြုံးရင်းကြည့်နေခဲ့သည်။
စုချန်ယန်လည်း မကြိုက်တာကြောင့် မျက်လွှာချလိုက်ပြီး ရှေ့ပြန်လှည့်နေလိုက်သည်။ သူမ ညာဘက်နားတွင်
လူတစ်ဦးရပ်နေသည်ကို မျက်လုံးထောင့်မှမြင်လိုက်ရသည်။
လှမ်းကြည့်လိုက်တော့ ထိုသူမှာ လင်းယွီဖြစ်နေခဲ့ပြီး သိပ်အလှမ်းအဝေးသည့် နားတွင်ရပ်နေကာ သူမနှင့်ရှင်းရှုတို့ လက်တွဲထားသည်ကို အကြည့်က ရောက်နေခဲ့သည်။
စုချန်ယန် သူ့ကို လှမ်းကြည့်နေတာသိပုံရပြီး မော့ကြည့်ကာ ကောင်းကောင်းမွန်မွန် ပြုံးပြပြီး လှည့်ထွက်သွားခဲ့သည်။
စုချန်ယန်သည် လင်းယွီမှ စာချုပ်သက်တမ်းအတွင်း သူမအား မည်သည့်အချစ်ရေး ကောလဟာလမျိုးကိုမှ မရှိစေချင်ပေမဲ့လည်း အလုပ်နဲ့ပက်သက်တဲ့ကိစ္စမျိုးတွေဆိုရင်တော့ သိပ်ဂရုမထားဟန်မရှိပေ။
ရှင်းရှုမှ သူမ စိတ်က တခြားရောက်နေတာကို သတိထားမိတာမို့ ပြုံးရင်း ကပ်ပြောလိုက်သည်။ "မိန်းကလေးစု သွားရအောင်"
စုချန်ယန်လည်း သတိပြန်ဝင်သွားကာ သူမရှေ့ရှိအမျိုးသားအား ကြည့်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။
"အင်း"
အခြားသူများမှာလည်း ရေတွင်းရှိရာဆီကို ရွာသားတွေနောက်မှလိုက်သွားခဲ့သည်။
ရွာလူကြီးမှ စကားအနည်းငယ် ပြောပြီးနောက် သူတို့အား ယောက်ချိုခွက်လို ရေခွက်မျိုး လက်ဆင့်ကမ်းပေးလေသည်။ ရွာသားများ၏ ညွှန်ကြားမှုအတိုင်း အလှည့်ကျ တစ်ယောက်ပြီးတစ်ယောက် တွင်းရေကိုခပ်ကာသောက်ကြသည်။
စုချန်ယန် အလှည့်ကျသောအခါ ရှင်းရှုက သူမကို အနားကပ်ကာ ခပ်တိုးတိုးပြောသည်ကို နားထောင်လိုက်သည်။
" တွင်းရေကိုသောက်ရင်းနဲ့ ရေတွင်းစောင့်နတ်ကိုဆုတောင်းရတယ်။ တကယ်လို့ ချစ်သူနှစ်ယောက်က ရေတွင်းထဲက ခပ်ထားတဲ့ရေကိုသောက်ရင် သူတို့နှစ်ဦး တစ်ယောက်နဲ့ တစ်ယောက်မေတ္တာစစ် မေတ္တာမှန်နဲ့ချစ်ကြတယ်ဆိုတာ ရေတွင်းစောင့်နတ်က သိသွားလိမ့်မယ်"
စုချန်ယန် ခေါင်းငြိမ့်လိုက်သည်။
ယောက်ချိုခွက်ကို သူမလက်အား ကိုင်ထားသည့် ရှင်းရှုအား လက်ဆင့်ကမ်းလာတော့ ရေတွင်းထဲမှရေကို တွင်းကိုမှီရင်း ခပ်လိုက်သည်။
သူက တစ်ငုံစာလောက်အရင်ယူသောက်လိုက်ကာ ဘေးနားရှိ စုချန်ယန်၏ နှုတ်ခမ်းနား ခွက်ကိုတေ့ကာ ရေသောက်စေသည်။ သူ့အကူအညီဖြင့် ကျန်နေသည့်ရေအားလုံးကို သောက်လိုက်ပြီးတာနှင့် နောက်လူအလှည့်ကျဖြစ်လေသည်။
" ကျွန်မတို့အတွက် ရေယူလာပေးလို့ ကျေးဇူးတင်ပါတယ်" စုချန်ယန်က အသံတိုးတိုးလေးဖြင့် ကပ်ပြော
လေသည်။
ရှင်းရှုက ပြုံးကာ ပြန်ပြောခဲ့သည်။ "ကျေးဇူးတင်စရာမလိုပါဘူး။ မင်းလည်း ဒီမှာနေရတာ နေသားမကျလောက်သေးမှန်း နားလည်ပါတယ်။ တကယ်လို့ အကူညီလိုခဲ့ရင် ဘာမှအားမနာဘဲ လာပြောနော်"
စုချန်ယန်သည် ရှင်းရှု သူမအပေါ်ခံစားချက်များရှိသည်ဟု ခန့်မှန်းခွင့်ရှိသော်ငြား သူမကတော့ သူ့ခံစားချက်များမှာ ထူးခြားဆန်းပြားပြီး ရှားပါးသည်ဟုသာ မှတ်ယူတော့သည်။
သူ့ရွာသည် ပြင်ပလောကနှင့် အဆက်အသွယ်ဖြတ်တောက်ထားပြီး အပြင်လူများနှင့် အဆက်အသွယ်မရှိသလောက် ရှားပါးတာမို့ ရှင်းရှုသည် သူမတို့လိုအလည်လာသည့် ဧည့်သည်များအား စပ်စုချင်နေခဲ့ခြင်းပင်။
စုချန်ယန်သည် ဤသို့ဖြစ်လာခြင်းအား မရည်ရွယ်ခဲ့ပေ။ သူမတို့သည် မနက်ဖြန်ဆို ပြန်ထွက်သွားရပြီး နောက်ထပ် ပြန်မဆုံနိုင်တော့တာကြောင့် ဘာကိုမှမြင်သာအောင် ဖွင့်ဟပြစရာလည်း မလိုသလို သူတို့နှစ်ဦးကြားနေရခက်တာမျိုးလည်း မရှိတော့ပေ။
ဒီလိုဆိုပေမဲ့လည်း....
သူမရှေ့ရှိ ငယ်ငယ်ရွယ်ရွယ် ကောင်လေး၏ ပွင့်လင်းတတ်မှုနှင့် တောက်ပသည့်အပြုံးလေးအားကြည့်နေရင်း စုချန်ယန်လည်း အနည်းငယ် နောင်တရကာ နှမြောသလို ခံစားမိသည်။
သူမ အရင်ဘဝမှာဆိုရင်တော့ အသက်အရမ်းကြီးမလာခင်တွင် အနုပညာနယ်ပယ်မှ ချက်ချင်း နှုတ်ထွက်ပြီးပြီပင်။
အနုပညာနယ်ပယ်ထဲမှ မည်သည့်နာမည်ကြီးအမျိုးသားကိုမှ မတွဲချင်တာကြောင့် ရည်းစားထားဖူးသည့်အတွေ့အကြုံလည်းမရှိပေ။
သူမလည်း ရှင်းရှု၏ ပုံပန်းသဏ္ဌာန်နှင့် အပြုအမူအပြောအဆိုလေးအားသဘောကျပြီး သူနဲ့သာဆိုလျှင် ဘာဖြစ်ဖြစ် စိတ်ပင်ပန်းစရာ ကိစ္စမျိုး မရှိလောက်မှန်း သူမလည်း သိသည်။
ကံမကောင်းစွာနဲ့ သူမဘက်မှာလည်း စာချုပ်ချုပ်ထားတာ ရှိနေသေးတာမို့ ဒီလောကထဲမှ နှုတ်မထွက်ခင်အချိန်တွင်းတော့ ရည်းစားမထားချင်သေးပေ။
ကျန်နေသေးသည့် ပွဲစဉ်တစ်လျှောက်လုံးတွင်လည်း သူ့ကိုယ်သူ မျက်လုံးစည်းကာ လက်များအား လိုက်ထိကြည့်ပြီး စုချန်ယန် ဟုတ် မဟုတ်ရှာရမည့် ဂိမ်းကစားရင်တောင်မှ ခဏနေပြီးလျှင် ရှင်းရှုသည် သူမအားတိုးတိုးလေး ဆက်ရှင်းပြဦးမှာဖြစ်သည်။
ပထမဆုံးအလှည့်ကျရှာဖွေရမည့်သူကတော့ ရှင်းရှုပင်။
သူ့ကိုယ်သူမျက်လုံးစည်းကာ မိန်းကလေး ၉ ယောက် ရှေ့သို့ အလှည့်ကျ သွားကြည့်ခဲ့သည်။
စုချန်ယန် အလှည့်မကျခင်တွင် ထိုမိန်းကလေးများ၏ လက်များအားထိရုံနှင့် သူမတို့က စုချန်ယန် မဟုတ်သည်ကို ခန့်မှန်းနိုင်သည်။
သူ့အား ဘေးမှ မဟုတ်ကဟုတ်က ဝိုင်းအားပေးနေကြပေမဲ့ စုချန်ယန်ဆီသာ တည့်တည့်မတ်မတ် လျှောက်သွားလိုက်ပြီး လက်ဆွဲနှုတ်ဆက်လိုက်သည်။
ပြီးလျှင်လက်ဖဝါး၏ အောက်ခြေကို ညင်ညင်သာသာပွတ်ကြည့်ပြီး နှာထိပ်ကလေးဖြင့် ရှူကြည့်ခဲ့သည်။
သူ့မျက်နှာပေါ်မှ အပြုံးမှာ သေချာသွားသယောင်
ပိုပြုံးသွားရင်း စုချန်ယန်အား စည်းအပြင်သို့ ဆွဲထုတ်လိုက်ကာ မျက်လုံးစည်းထားတာကို ချွတ်လိုက်လေသည်။
"ပထမဆုံး အမျိုးသားဧည့်သည်မှ မိမိ၏ တွဲဖက်အား ခန့်မှန်းနိုင်ခြင်းအတွက် ဂုဏ်ယူပါတယ်!!"
ထို့နောက် စုချန်ယန်နှင့် ရှင်းရှုမှ ဘေးတွင် ရပ်နေကာ ပွဲ ဆက်ကြည့်ခဲ့သည်။
စုချန်ယန်သည် ရှင်းရှု သူမကို ခန့်မှန်းနိုင်ခြင်းအပေါ် အနည်းငယ် အံ့အားသင့်သွားတာမို့ ရှင်းရှုက ပြောပြခဲ့သည်။
"ဘာလို့ဆို မင်းလက်က အေးနေတာလေ။ လက်ဖဝါးဘက်မှာပဲ အနွေးဓာတ်ကရှိနေတာ"
ယုံတစ်ဝက် မယုံတစ်ဝက်ဖြင့် စုချန်ယန်လည်း သူမလက်ကို ပြန်ကိုင်ကြည့်တော့ ရှင်းရှုပြောပြသည်နှင့် တစ်ထပ်ထဲပင်။
စုချန်ယန် - "ဒါဆို ဘာလို့ ရှူကြည့်တာလဲ?"
ရှင်းရှုက သူမကိုကြည့်ကာ ပြုံးလျက်ပြောခဲ့သည်။
"ရှူကြည့်နေတာ မဟုတ်ပါဘူး။ ကျွန်တော် နမ်းကြည့်ချင်နေတာ လိုင်းပေါ်မှာမြင်ဖူးတယ်။ အနောက်တိုင်းဓလေ့တချို့မှာဆိုရင် အမျိုးသားတွေက ချစ်သူအမျိုးသမီးရဲ့လက်ဖမိုးလေးကိုနမ်းပြီး နှုတ်ဆက်တာလေ။"
ရှင်းရှုသည် ထိုသို့ အကြောင်းအရာမျိုးကိုတောင် သိသည်ဆိုတာကို သိရပြန်တော့ စုချန်ယန်လည်း အနည်းငယ် အံ့ဩမိသွားသည်။
ကိုယ်စီ ကိုယ့်တွဲဖက်များအား အောင်မြင်စွာနှင့် ရှာနိုင်ခဲ့ကြပြီးနောက် နောက်ဆုံးအစီအစဉ်အား စခဲ့ကြသည်။
ရွာလူကြီးမှ အနီရောင်ကြိုးလေးစည်းထားသည့် ကတ်ကြီးတစ်လက်အားယူလာပြီး သူတို့၏ အဝတ်အစွန်းစများကို ညှပ်လိုက်သည်။ ထို့နောက် ထိုအစနှစ်ခုအား ချည်လိုက်ပြီး ကြိုး၏ အဖျားစလေးဖြင့် သူတို့၏ လက်ကောက်ဝတ်တွင် ချည်ပေးခဲ့သည်။
အခမ်းအနားမှာ တရားဝင် ပြီးဆုံးကြောင်းကြေငြာခဲ့သည်။
ရွာ၏ ဓလေ့ထုံးတမ်းအရ နေမဝင်အထိ ဆက်ချည်ထားရဦးမှာဖြစ်ပြီးနောက် အမျိုးသားများက ကြိုးကို ရှေးဟောင်းသစ်ပင်ကြီးတွင် သွားချည်ရမည်သာ။
အစီစဉ်တစ်ခုလုံးတွင် ပါဝင်ပြီးနောက်မှာတော့
ဟန်စုန့်ရွှယ်က စိတ်ပျက်လက်ပျက်ဖြင့် ပြောခဲ့သည်။
"ဒီပွဲလေးက တကယ်ကို ကဗျာဆန်တာပဲ။ အခုတောင် အလိုလို မင်္ဂလာဆောင်ချင်စိတ် ပေါက်လာပြီ"
ကျန်းရှန်ချီကလည်း ဝင်ပြောခဲ့သည်။ "နေစမ်းပါ ငါတို့အကုန်လုပ်ခဲ့ပြီးပြီပဲ။ နင့်ကိုယ်နင် လက်ထပ်ပြီးပြီလို့ယူဆလိုက်ပေါ့"
ဟန်စုန့်ရွှယ်က ခေါင်းခါရင်း ပြောခဲ့သည်။ "မင်္ဂလာပွဲဆိုတာ ကိုယ်ချစ်တဲ့သူနဲ့ပဲ လက်ထပ်သင့်တာ။ငါ့ရဲ့တွဲဖက်ကောင်လေးကို စုချန်ယန်ရဲ့ခပ်ချောချော တွဲဖက်လေးနဲ့ လဲလို့ရခဲ့ရင်တော့ ငါစဉ်းစားကြည့်ရမှာပေါ့"
ထိုသို့ပြောပြီး စုချန်ယန်ကို မှီကာ စခဲ့သည်။ "ဆိုတော့ကာ..ရုပ်ချောချော ကောင်လေးနဲ့ ပွဲစဉ်တစ်ခုလုံးကို တူတူနွှဲလိုက်ရပြီးနောက်ပိုင်း လက်ထပ်ချင်စိတ်လေးများမပေါက်မိဘူးလား? ဒီမှာရောမနေချင်ဘူးလား?"
စုချန်ယန်က သူမကို ကြည့်ကာပြောလိုက်သည်။ "ဟင့်အင်း"
လောလောဆယ် လက်ထပ်ဖို့အတွက် သူမ တကယ်ကို မစဥ်းစားရသေးပေ။
"စုချန်ယန် နင်တကယ် နှလုံးသားမရှိတဲ့ မိန်းမပဲ။ ကိုယ့်ဘက်က နည်းနည်းလေးတောင် မလှုပ်ရှားဘူး"
"အဲ့ဒီ့ချောချောလေးရဲ့နာမည်က ဘာတဲ့လဲ?"
"ရှင်းရှု"
"နာမည်လေးကတော့ ချစ်စရာလေးပဲ။ ပြီးတော့ ခုထိလည်း အိမ်ထောင်မကျသေးတာကို သူ့ကိုဆက်သွယ်လို့ရမဲ့ နည်းတစ်ခုတစ်လေလောက် ရှိမလားသိချင်လိုက်တာ"
"သူ့ကို သွားမေးကြည့်လိုက်လေ"
ဧည့်သည်တွေအဖြစ် အစီစဉ်တစ်ခုလုံးကို ပါဝင်ခဲ့ပြီးနောက် နေ့လည်ထိရွာသားများနှင့် အတူတူ ဆော့ကစားနေခဲ့ကြသည်။ ပရိုဂရမ်အဖွဲ့မှ မိမိတွဲဖက်တို့၏ အိမ်များတွင် အသီးသီးနေ့လည်စာ စားဖို့စီစဉ်ပေးခဲ့ကြသည်။
ကင်မရာအဖွဲ့သားများလည်း အပါအဝင် အခန်းနံပါတ် ၁ နောက်တွင်ရှိသော ရှင်းရှု၏အိမ်သို့ စုချန်ယန်နှင့်အတူသွားကြသည်။
အကြိုက်စားရလိမ့်မည်ဟု သူမ ထင်ထားခဲ့ပေမဲ့ စားနေစဉ် လင်းယွီနှင့် ရှောင်လုက ရုတ်တရတ်ဝင်လာပြီး သူတို့စားနေစဉ် အနီးမနားမှာထိုင်ကာ လက်ဖက်ရည် သောက်နေကြသည်။
စုချန်ယန်သည် သူမ မနေ့က မဆင်မခြင်လုပ်မိသည့်ဖြစ်ရပ်နှင့် မနက်ဖြန်ဆိုလျှင် ကုမ္ပဏီကိုပြန်ရတော့မည်ဆိုသည့်အချက်ကို ပြန်အမှတ်ရမိလိုက်သည်။
စားနေစဉ်တွင် သူမသည် တစ်စိုက်မတ်မတ်သာ စားနေခဲ့ပြီး ရှင်းရှုအား စကားပြောချိန်ပင် မရလိုက်ချေ။
စားပြီးနောက် ထွက်မသွားခင် ခဏလောက် ထိုင်ကာ အားလုံးကို နှုတ်ဆက် စကားပြောခဲ့သည်။