အခန်း ၅၂
Vol. 4 Ch. 52
"အိုမို ငါတို့ရဲ့ ချန်ယန်လေးကိုတော့ တစ်ယောက်
ယောက်က ဖြတ်လုတာခံရတော့မှာပဲ"
ရှောင်လုသည် နောက်ခန်းတွင်ထိုင်စဉ် လက်နောက်ပစ်ကာ ကားခုံမှီရင်း မထိတထိစနေခဲ့သည်။
လင်းယွီက ကြားပေမဲ့လည်း ဘာမှမတုံ့ပြန်ခဲ့ပေ။
ရှောင်လုသည် ခဏထိုင်စောင့်ကြည့်ပြီးမှ လင်းယွီလက်ထဲက စာကို ဆွဲလုဟန်ဆောင်လိိုက်သည်။
"ဝမ်းကွဲ နင့်ကို ကူညီတဲ့အနေနဲ့ ဒါကိုဖြဲပေးရမလား?
ဒါက သူ့ကို ဆက်သွယ်ဖို့ တစ်ခုခု ဒါမှမဟုတ် ချစ်စရာကောင်းတဲ့ ဝန်ခံ စာများလား? ဘယ်လိုပဲဖြစ်ဖြစ် ချန်ယန် သိမှာမဟုတ်ဘူးလေ"
လင်းယွီက သူမကို မျက်စောင်းထိုးရင်း ပြောခဲ့သည်။ "ငါက စုချန်ယန်ကို ရည်းစား မထားစေချင်သေးရင်တောင်မှ စာချုပ်ထဲမှာ အတိအလင်းဖော်ပြထားတာမျိုးမရှိလို့ သူ့ကိုဖိအားပေးမှာ မဟုတ်ဘူး"
ရှောင်လုလည်း နှုတ်ခမ်းကြီးဆူကာ နောက်ပြန်မှီထိုင်ရင်း ပြောခဲ့သည်။
"ဒါဆိုလည်း စာချုပ်ဖောက်ဖျက်ရင် ပေးရမယ့် လျော်ကြေးငွေအကြောင်း ခဏခဏပြောပြီး သူ့ကိုသွားမခြိမ်းခြောက်နဲ့လေ။ ပြီးတော့ သူမကို မြန်မြန်နာမည်ကြီးလာစေချင်ရင် နာမည်ကြီးမင်းသားတစ်ယောက်နဲ့ သတင်းထွက်အောင် ဖန်တီးပေးတာကမှ ပိုလွယ်ဦးမယ် ကုမ္ပဏီမှာ နာမည်ကြီးမင်းသားတွေတစ်ပုံကြီးဥစ္စာ"
လင်းယွီလည်း ပြန်မဖြေတော့ဘဲ သူမကိုအရေးကြီးတာသာ သတိပေးပြီး မှာခဲ့သည်။
"ပရိုဂရမ် နမူနာက ဒီည၈နာရီဆိုလွှင့်မှာ စုချန်ယန်ကို
ဖြစ်နိုင်မယ်ဆိုရင် စောနိုင်သလောက် ခပ်စောစောကိုshareပြီး ကြော်ငြာခိုင်းထားလိုက်"
"အိုခေ"
အပြန်လမ်းတွင် ထန်ချီသည် အကုန်လုံးအတွက် WeChat group လုပ်လိုက်သည်။ ဘာလို့ဆို နောက်ထပ်အပိုင်းသစ်တွေ အများကြီး အတူတူရိုက်ရဦးမှာမို့ group ထဲမှာ ဆက်သွယ်ပြီး စကားပြောရတာပိုအဆင်ပြေလိမ့်မည်။
သူတို့အားလုံးဆီ နိုတီ တက်လာစဉ် စုချန်ယန်ကတော့ သူမရေးဆွဲထားသည့် သရုပ်ဖော် ကာတွန်းပုံများအားတင်နေခဲ့သည်။
စုချန်ယန်သည် သူမ ပုံအား အသားပေးရေးဆွဲဖူးကတည်းက နိုင်ငံသားတော်တော်များများသည်သူမ၏ Weiboအကောင့်ကို တောက်လျှောက်စောင့်ကြည့်နေခဲ့ပြီး cbတွင် ပရိသတ်များ၏ ကောမန့်နှင့်စာများမှာ ဒလဟောပင်။
သူတို့က အော်ဒါတချို့ထင်ထားသည့် ချမ်းသာသည့်လူတန်းစား အများစုဖြစ်ပေမဲ့ စုချန်ယန်က လတ်တလော မအားသေးတာကြောင့် ဖွင့်မကြည့်ရသေးပေ။ သူမ ဆွဲထားသည့်ပုံများ တင်ပြီးတာနှင့် Weibo အကောင့်ထဲမှ ထွက်လိုက်သည်။
လမ်းတစ်လျှောက် WeChat groupမှာ အလွန်ပင်အသက်ဝင်နေခဲ့ပြီး အများဆုံး ပြောဖြစ်ကြသည်က
ပရိုဂရမ်အဖွဲ့ အကြောင်းပင်။
ပြီးလျှင် ဒါရိုက်တာနှင့် ပရိုဂျူဆာကိုသိသည့် တစ်စုံတစ်ဦးမှ group ထဲထည့်လိုက်သည်။ အုပ်စုလိုက်ကြီး ချက်ချင်း တိတ်ဆိတ်ငြိမ်သက်သွားကြသည်။
နာရီအနည်းငယ်ကြာ ခရီးနှင်ပြီးနောက် အဖွဲ့သားများသည် မြို့ကြီးပြကြီဆီသို့ ပြန်ရောက်ခဲ့ကြလေသည်။
စုချန်ယန်သည် ဟန်စုန့်ရွှယ်နှင့် အခြားလူများကိုပါ နှုတ်ဆက်ပြီး ရှောင်လုနှင့် တွေ့ဖို့သွားခဲ့သည်။
ရှုယန် သူတို့ကို လာကြိုပြီး ကားထဲဝင်လိုက်ချိန် ရှောင်လုက ရေသွားချိုးတာမို့ ကားထဲတွင် သူတို့၃ဦးသာရှိလေသည် ။(လင်းယွီ၊ ရှုယန်၊ စုချန်ယန်)
စုချန်ယန်၏ ဖုန်းမှာ Wechat နိုတီတွေ ခဏခဏတက်နေတာမို့ တဂျီဂျီမြည်နေခဲ့သည်။ ဖွင့်ကြည့်လိုက်လျှင် ဟန်စုန့်ရွှယ်က group နောက်တစ်ခုဖွဲ့ပြီး
ဘယ်လိုသစ္စာဖောက်က ဒါရိုက်တာနဲ့ပရိုဂျူဆာကို group ထဲထည့်ခဲ့တာလဲဆိုတဲ့ အကြောင်းကို မေးခွန်းထုတ်နေခဲ့သည်။
ကျန်းရှစ်ချီ - "ငါထည့်လိုက်တာ"
ဟန်စုန့်ရွှယ် - "ဒါဆို နင်သစ္စာဖောက်ပေါ့!"
စုန့်မင်ကန် - " ကောင်မလေးနှစ်ယောက်လုံး စိတ်လျှော့"
ဟန်စုန့်ရွှယ် - "@စုန့်မင်ကန် ယဉ်ယဉ်ကျေးကျေးပြော"
ကျန်းရှစ်ချီ - "@စုန့်မင်ကန် ယဉ်ယဉ်ကျေးကျေးပြော"
လင်းယွီမှ သူမအား နောက်ကြည့်မှန်ကနေ ကြည့်နေသည်ကို သတိမထားမိဘဲ စုချန်ယန်လည်း
မအောင့်နိုင်တာကြောင့် ရီမိခဲ့သည်။
"ချန်ယန်" လင်းယွီမှ ရုတ်တရတ် ခေါ်လိုက်သည်။
"ဟမ်?" စုချန်ယန်လည်း ဘုမသိဘမသိနှင့် မော့ကြည့်လိုက်သည်။
လင်းယွီသည် မျက်နှာအားတစ်ဖက်လှည့်ကာ သူမအား သပ်သပ်ရပ်ရပ် ခေါက်ထားသည့်စာအား သူမကို ကမ်းပေးခဲ့သည်။
"ထွက်မလာခင်တုန်းက ရွာသားတစ်ယောက်က မင်းကိုပေးခိုင်းဖို့ မှာထားလို့"
"ကျွန်မကိုလား" စုချန်ယန်လည်း အံ့ဩသွားခဲ့သည်။
"အင်း အရေးကြီးတာ တစ်ခုခုဖြစ်လိမ့်မယ်" စုချန်ယန်လည်း သူ့လက်ထဲမှ စာကိုယူလိုက်ပြီး စာပိုင်ရှင်က ဘယ်သူလဲဆိုတာကို ခပ်ရေးရေးလေး ရိပ်မိတာမို့ ချက်ချင်းတော့ မဖွင့်လိုက်ပေ။
"ကျွန်မ နားလည်ပါပြီ ကျေးဇူးပါနော် မစ္စတာလင်း"
ထိုသို့ပြောပြီးတာနှင့် စာကို သိမ်းထားလိုက်သည်။
လင်းယွီက လှည့်ကာ ပြတင်းပေါက်ဘက် ကြည့်ပြီး မေးခဲ့သည်။ "အထဲက စာတွေ မဖတ်တော့ဘူးလား?"
စုချန်ယန်က ခေါင်းခါပြကာ ပြောခဲ့သည်။ "ကျွန်မ အဲ့စာကို ဖတ်ဖတ် မဖတ်ဖတ် ကိစ္စမရှိပါဘူး။ ဘာမှ ပြောင်းလဲသွားမှာမှ မဟုတ်တာ"
လင်းယွီ နှုတ်ခမ်းက မသိမသာ ကွေးတက်သွားပြီး ကြည့်ရတာ စုချန်ယန်၏ အဖြေကိုအကျေနပ်ကြီးကျေနပ်နေပုံပင်။
"ဒီည မင်းဘာစားချင်လဲ?" လင်းယွီက ရုတ်တရတ်ကြိးမေးခဲ့သည်။
စုချန်ယန်က အံ့ဩတကြီး တောက်ပသည့် မျက်လုံးများဖြင့် မော့ကြည့်လာရင်း ပြောခဲ့သည်။ "ဘာဖြစ်ဖြစ်ရလား?"
လက်းယွီက ခေါင်းငြိမ့်ပြကာ ပြောခဲ့သည်။ "ရတယ်"
စုချန်ယန် - "Hot pot?"
"မင်း ဘယ်ဆိုင်သွားစားချင်လဲ"
"အမ်..ဘယ်ဆိုင်ဖြစ်ဖြစ်ရပါတယ် စားလို့ ရနေသရွေ့ ချေးမများပါဘူး ဟီးးး"
သူမပြောပြီးမှ လင်းယွီ တစ်ယောက် ဒီနေ့နည်းနည်းပုံမှန်မဟုတ်သလို ပြုမူနေမှန်း စုချန်ယန် သတိထားမိလိုက်သည်။
ပုံမှန်ဆိုလျှင် သူမကို အဆီအစိမ့်များတာတွေ ဘယ်ဟာကိုမှစားခွင့်မပြုချေ။ အထူသဖြင့် hot pot လိုမျိုး အဆီများတာမျိုးကို တစ်ယောက်ထဲ စားခွင့်မပြုပေ။
စုချန်ယန်တစ်ယောက် စိတ်ထဲ သိပ်အဆင်မပြေသလိုအနည်းငယ် ခံစားမိတာမို့ ခပ်မတ်မတ်ထိုင်ကာ သူမ ခုံနောက်မှီထိုင်ရင်း တမင်တကာမေးလိုက်သည်။
"မစ္စတာလင်း ဒီဟာက...ကျွန်မတို့ရဲ့ နောက်ဆုံး ညစာစားပွဲတော့ မဟုတ်ဘူးမို့လား?"
လင်းယွီက ပြတင်းပေါက် အပြင်ဘက်ကို ငေးနေကာ စုချန်ယန်ဘက်၌ သူ့မျက်နှာထားကိုတစ်ဝက်က ဖုံးကွယ်နေပြီး သူ၏ဇက်ပိုးနားက မဆိုသလောက် လှိုင်းထနေသည့် အမဲရောင်ဆံပင်လေးရယ် မေးရိုးချွန်ချွန်နဲ့ မျက်တောင် ကော့ကော့ရှည်ရှည်လေးတွေကိုသာ မြင်နေရလေသည်။ ထိုချိန်က သူ့ခံစားချက်ကို စုချန်ယန်ကတော့ မရိပ်မိနိုင်ခဲ့ပေ။
လင်းယွီသည် သူဘာကြည့်နေသလဲဆိုတာကိုပင် မသိပေမဲ့ သူ့ဘေးက တပည့်၏ ဖြစ်တည်မှုမှာ သေးသေးမျှင်မျှင်လေးဖြစ်သွားသည့်နှယ် ဘာမှမမြင်ကြတော့ပေ။ နောက်လှည့်လိုက်တော့ နောက်ခန်းမှကြည့်လာသည့် မျက်ဝန်းတစ်စုံအား ကြည့်လိုက်သည်။
"ဆုချတာ"
စုချန်ယန်က မသေချာမရေရာသည့် လေသံနှင့်သံယောင် လိုက်ရွတ်ခဲ့သည်။"ဆုချတာလား?"
ယုံတစ်ဝက် မယုံတစ်ဝက်နှင့် စုချန်ယန်က မေးခဲ့သည်။ "ရှင် ကျေနပ်အောင် တစ်ခုခုများ လုပ်မိလို့လား?
လင်းယွီက မျက်ခုံးပင့်ကာ ခေါင်းငြိမ့်ပြခဲ့သည်။
"ထင်တာပဲ"
သူစိတ်ကျေနပ်အောင် သူမ ဘာလုပ်မိခဲ့လဲဆိုတာကို သေချာမသိပေမဲ့လည်း သူတို့၏ နောက်ဆုံးလက်ဆုံစားတာမဟုတ်သရွေ့ သူမ ဘာကိုမှ ခေါင်းထဲမထားတော့ချေ။
သူမ ချက်ချင်း သူမ ခုံတွင်ပြန်ထိုင်ကာ တက်တက်ကြွကြွနှင့် အကြံပေးခဲ့သည်။
"မစ္စတာလင်း အကိုရှု ဆိုင်ကို ရှောင်လုကိုပါ လာစားခိုင်းလိုက်လေ ကျွန်မ ကျွေးမှာပါ"
၂ရက်တာမျှ ရိုက်ကူးပြီးလျှင် စုချန်ယန်သည် ထင်မထားဘဲ ပိုက်ဆံပမာဏအမြောက်အများကို လက်ခံရရှိခဲ့သည်။ ဒါကြောင့်လည်း အရင်က လင်းယွီအား သူမ၏ ကျေးဇူးတင်ကြောင်းကို ပြသလိုသည့်အနေဖြင့် ဖိတ်ကြားခဲ့ဖူးသည်။
"ဒီလိုကျ..."ရှုယန် လင်းယွီကို ငဲ့ကြည့်လိုက်ပေမယ့် လင်းယွီက ဘာမှပြန်မပြောခဲ့ပေ။
လင်းယွီက ၂ရက်တာလောက် တခြားတစ်နေရာ ရောက်နေခဲ့တာကြောင့် အလုပ်တွေ အမှီအပြီးသတ်ဖို့ အများကြီး ကျန်ရှိနေခဲ့သည်။ သိပ်မကြာခင်တွင်လည်း အဖွဲ့သားများနှင့် ထပ်ပြီးရိုက်ကူးရေးလုပ်ဖို့ရှိသေးတာမို့ သူ့တွင် ကျန်ရှိသည့်အချိန်ပိုမှာ အနည်းငယ်မျှသာ။
"ရတယ်လေ မင်းနေရာရွေးလိုက်" လင်းယွီက ပုံမှန်လို ပြောခဲ့သည်။
စုချန်ယန်က ခေါင်းခါကာ ပြောခဲ့သည်။ "ဘယ်နေရာဖြစ်ဖြစ် အဆင်ပြေပါတယ်။ ရှင်သွားချင်တဲ့ hotpot ဆိုင်တစ်ခုခုများ ရှိလားဟင်?"
"ဒါဆို လုရင် ပြန်ရောက်ရင် မေးကြည့်လိုက်လေ"
"ကောင်းပါပြီ"
ရှောင်လု ရေမိုးချိုးပြီး ထွက်လာစဉ် စုချန်ယန်က ကားပြတင်းပေါက်၌ သူမကိုယ်တစ်ဝက်က ထွက်နေကာ
သူမ မျက်နှာတွင်လည်း ပျော်ရွှင်မှုအပြည့်ဖြင့် မြူးထူးစွာ လက်ယမ်းပြနေခဲ့သည်။
"ဘာဖြစ်နေတာလဲ? ထီပေါက်လို့လား? ဘယ်နှသန်းလဲ?" ရှောင်လုသည်လည်း အနားနားလျှောက်သွားရင်း ဇဝေဇဝါနှင့် မေးခဲ့သည်။
"ထီပေါက်တာထက်တောင် ပျော်ဖို့ကောင်းသေး"ရှုယန်က နောက်ခဲ့သည်။
စုချန်ယန်က ရှောင်လုကို ကားထဲဆွဲခေါ်ကာ ပြောခဲ့သည်။
" ဒီည ငါနင်တို့ကိုဝယ်ကျွေးမှာ။ နင် ဘယ် hotpot ဆိုင်သွားချင်လဲ?
"Hot potလား?" ရှောင်လုက ရှေ့ခုံကို အံ့ဩခြင်းကြီးစွာဖြင့်ကြည့်ကာ မေးခဲ့သည်။
"ငါ့ဝမ်းကွဲက သဘောတူတယ်လား?"
"အင် ဟင်!" စုချန်ယန်က အူမြူးစွာ ခေါင်းငြိမ့်ပြခဲ့သည်။
ရှောင်လုက သူ့ကို မသင်္ကာသလိုကြည့်လိုက်ပေမယ့် သူ့ပုံစံမှာ ဘာအမူအရာမှ မပြသလို ဘယ်လိုမှလည်းမတုံ့ပြန်ပေ။
သူတကယ်ကို သဘောတူခဲ့ဟန်ရှိသည်။
ဒါပေမဲ့ အဲ့ဒါက သူ မဟုတ်သလိုပဲ။
စုချန်ယန်က hotpot စားရတော့မှာ ဖြစ်တာကြောင့် တက်ကြွနေပေမယ့် လင်းယွီက လက်ထောက်ရှုကို သူတို့နှစ်ယောက်ကို အိမ်အရင်ပို့ပေးဖို့သာ ပြောခဲ့သည်။
ထိုအချိန် ခဏအတွင်းမှာတော့ စုချန်ယန်က ရှောင်လု၏ အိမ်တွင် နေနေခဲ့ခြင်းပင်။ အစကတည်းက သူမဘာသာတခြားနေရာရှာပြီး ပြောင်းချင်ခဲ့ပေမဲ့ လင်းယွီက ခွင့်မပြုပေ။
စာချုပ်အရ စုချန်ယန်၏ နေဖို့အတွက် အစားအသောက်နှင့် လုံးချင်းတိုက်တစ်လုံး အပါအဝင်ပေးနိုင်ဖို့ ဆောင်ရွက်ပေးရန် ကုမ္ပဏီဘက်မှတာဝန်ရှိတာကြောင့်ဟု ပြောခဲ့သည်။
ရှောင်လု အသွားအပြန်စီးနေသည့် လင်းယွီ၏ ဂိုဒေါင်ထဲက ခဏငှားယူသွားခဲ့သော Cayenne (ကား)ကို ဒီနှစ်ငှားခအဖြစ် အပေးအယူ လုပ်ထားကြသည်။
ရှောင်လု၏ မိဘများမှာ ယာယီတွင် အီတလီမှာ အခြေကျနေတာမို့ ဒိလိုကြီးမားလှသည့် နန်းတော်လိုနေရာမျိုးကြီးတွင် ရှောင်လုတစ်ဦးထဲ အထီးကျန်နေခဲ့တာပင်။
ပြီးတော့ စုချန်ယန်ကလည်း ရှောင်လုနှင့်အတွဲညီနေတာမို့ နောက်ထပ်ပြောင်းဖို့အတွက် စကားမစမိတော့ချေ။
အိမ်ပြန်ရောက်တော့ လင်းယွီနှင့် လက်ထောက်ရှုမှာ ကုမ္ပဏီတွင် လုပ်စရာကိစ္စလေး ရှိသေးတာကြောင့် ကုမ္ပဏီကို ပြန်သွားကြပြီး ညနေ ၅နာရီခွဲ၌ Hot pot ဆိုင်၌ တွေ့ကြဖို့ ချိန်းဆိုခဲ့သည်။
စုချန်ယန်လည်း သူမ၏ ခရီးဆောင်အိတ်ကို ယူခဲ့ပြီး ရေနွေးနွေးလေးဖြင့် ရေချိုးကာ သူမအခန်းထဲ တစ်ရေးအိပ်ခဲ့သည်။
ပြီးခဲ့တဲ့ရက်တွေအတွင်း သူမသည် စောစောစီးစီး နိုးနေတတ်ပြီး ပတ်ဝန်းကျင် အသစ်ကြောင့်လည်းပါကာ သူမကောင်းကောင်းအိပ်မရပေ။
အချိန်အကြာကြီး စားချင်နေခဲ့သည့် hot pot ကို စားရတော့မည် ဖြစ်တာကြောင့်လည်း ဖြစ်နိုင်သည်မှာ သူမအိမ်မက်မက်ရင်းတောင် သားရေတွေ ကျနေခဲ့လေသည်။
ထခါနီး၌ သူမဗိုက်ထဲ စူးခနဲ နာကျင်မှုကိုခံစားလိုက်ရသည်။ မီးဖိုချောင်ထဲ ရှာကြည့်လိုက်တော့ သခွားသီးတစ်ဝက်ပဲ ကျန်တာကိုသာတွေ့တာမို့ Weiboကို ဟိုဟိုဒီဒီကြည့်ရင်း တစ်တိတိစားနေခဲ့သည်။