ရှေးဟောင်းသူတော်စင် မုမန်ထင်း.....
Vol. 14 Ch. 214
လင်းယွမ်က သူ၏ လူများကို အပြင်မှ ကျင့်ကြံခြင်းအရင်းအမြစ်များကို မကြာခန ဝယ်ယူခိုင်းလေ့ရှိသည်။ ရှေးဟောင်းလျို့ဝှက်ပန်းများကိုတော့ ချိုးယွဲ့က လမ်းကြုံ၍ ဝယ်ယူခဲ့ခြင်းဖြစ်သည်။
" မင်း " သွေးရောင်ပုံရိပ်က လင်းယွမ် ထိတ်လန့်သွားမည့်အမူအရာကို မျှော်လင့်နေခဲ့သည်။
လင်းယွမ်က သူ၏ လျို့ဝှက်ချက် ထုတ်ဖော်ခံလိုက်ရသောကြောင့် နှုတ်ပိတ်ရန် အစီအစဉ်များ ပေါ်လာလိမ့်မည်ဟု သူက ထင်နေခဲ့သည်။ သူက ထိုအခြေအနေအတွက် ပြန်လည်တုန့်ပြန်ရန်ပင် စီစဉ်ထားခဲ့သည်။
သို့သော် သူ့ကို စိတ်ပျက်သွားစေခဲ့သည်မှာ လင်းယွမ်၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိခဲ့ပေ။
" အခြားလျို့ဝှက်ချက်တွေ ရှိနေတာလား။ " လင်းယွမ်က စိတ်ရှည်စွာ မေးလိုက်သည်။
" အဲ့ဒီလျို့ဝှက်ချက်က လုံလောက်အောင် အရေးမပါဘူးလား။ " သွေးရောင်ပုံရိပ်က နားမလည်နိုင်ဖြစ်သွား၏။
စိတ်ဝိညာဉ်ဖြစ်တည်မှုအဆင့် ရုပ်ခန္ဓာကျင့်ကြံသူဖြစ်ကြောင်း ထွက်ပေါ်လာသည်နှင့် မုမန်ထင်း၏ အာရုံကို ဆွဲဆောင်သွားပေလိမ့်မည်။ နောက်ထပ် ဘာဖြစ်မလဲ ဘယ်သူမှမသိနိုင်ပေ။
သွေးရောင်ပုံရိပ်က ထိုလျို့ဝှက်ချက်ကို အသုံးပြုပြီး ကျွင်းဝူကျိကို သိမ်းသွင်းရန် စီစဉ်ထားခဲ့သည်။
" ဝူကျိ မင်းငါတို့နဲ့ အလုပ်တူတူလုပ်ရင် မုမန်ထင်းက မင်းကို ဘာမှမလုပ်နိုင်တဲ့အပြင် ငါ့ရဲ့ သခင်ကလည်း မင်းရဲ့ သက်တမ်းကို ကျင့်ကြံသူတွေလို တိုးပေးဖို့ အာမခံပေးနိုင်တယ်။ " သွေးရောင်ပုံရိပ်က ပြောလိုက်သည်။
ကျွင်းဝူကျိကို သိမ်းသွင်းရန် ခြိမ်းခြောက်မှုနှင့် မလုံလောက်ပဲ အကျိုးအမြတ်များလည်း ကတိပေးရပေလိမ့်မည်။ ကျွင်းဝူကျိအတွက် ကြီးမားသော အကျိုးအမြတ်မှာ အသက်ရှည်ခြင်းပင်ဖြစ်သည်။
သို့သော် သွေးနတ်ဆိုးသခင်၏ နည်းလမ်းမှာ ကျွင်းဝူကျိကို သွေးနတ်ဆိုးကလေးငယ်အဖြစ် ပြောင်းလဲပစ်ပေလိမ့်မည်။ သွေးနတ်ဆိုးပင်လယ်နှင့် ချည်နှောင်ထားသော သွေးနတ်ဆိုးကလေးငယ်၏ သက်တမ်းက ကြောက်စရာကောင်းအောင် တိုးသွားပေလိမ့်မည်။ ထို့အပြင် သွေးနတ်ဆိုးကလေး၏ သေခြင်းရှင်ခြင်းက သွေးနတ်ဆိုးသခင်၏ အတွေးတစ်ချက်ပေါ်တွင် မူတည်ပေလိမ့်မည်။ အကယ်၍ ကျွင်းဝူကျိက သွေးနတ်ဆိုးကလေး ဖြစ်လာခဲ့လျှင် သွေးနတ်ဆိုးပင်လယ်နှင့် ပေါင်းစည်းသွားပြီး သစ္စာဖောက်နိုင်မည်မဟုတ်တော့ပေ။
" ငါအတွေးလွန်နေပုံပဲ။ " လင်းယွမ်က ခေါင်းခါလိုက်သည်။
သူက သွေးရောင်ပုံရိပ်မှာ သွေးနတ်ဆိုးပင်လယ်နှင့် ပက်သက်နေသည်ကို သတိပြုမိခဲ့သည်။ သွေးနတ်ဆိုးပင်လယ်က အမှန်တကယ် တစ်ခုခုကို သိနိုင်လိမ့်မည်ဟု ထင်ခဲ့သည်။ ယခု သူအတွေးလွန်နေပုံရသည်။ အနီးရှိ တာအိုအင်မော်တယ်ဂိုဏ်းပင် သူ၏ လျို့ဝှက်ချက်များကို သတိမပြုမိခဲ့ပေ။ မြောက်ဘက်ရှိ ဝေးကွာသော သွေးနတ်ဆိုးပင်လယ်က အမှန်တကယ် လုပ်ဆောင်နိုင်မှုအနည်းငယ်သာ ရှိလေသည်။
" သွေးနတ်ဆိုးသခင်က ဘာလုပ်ချင်တာလဲ ကြည့်ရအောင်။ " လင်းယွမ်၏ အကြည့်က သွေးရောင်ပုံရိပ်ပေါ်သို့ ကျရောက်သွားသည်။
သူက ထိုလူနှင့် စကားပြောနေရခြင်းမှာ ထိုလူက အရေးကြီးသော လျို့ဝှက်ချက်ကို သိနေသည်ထင်သောကြောင့်သာ ဖြစ်သည်။ ယခု တစ်ဖက်လူက ဘာမှသိပုံမရပေ။
လင်းယွမ်၏ စကားကို ကြားသောအခါ သွေးရောင်ပုံရိပ်က အံ့ဩသွားသည်။ ထို့နောက် သူ၏ စိတ်အသိက လျင်မြန်စွာ ကျဆင်းသွားသည်ကို ခံစားလိုက်ရသည်။
ဝုန်း...
သွေးရောင်ပုံရိပ်၏ ခန္ဓာကိုယ်ပေါ်မှ သွေးအလင်းတန်းများ ထွက်ပေါ်လာသည်။ ၎င်းတို့က သွေးရောင်ပုံရိပ်၏ အသက်ကယ်နည်းလမ်းများ ဖြစ်နိုင်လေသည်။
အလယ်ပိုင်းနတ်ဘုရားကုန်းမြေသို့ ကျူးကျော်ပြီး တိမ်မြူခိုးတော်ဝင်နယ်မြေသို့ ခိုးဝင်ရဲသည့်အတွက် သွေးရောင်ပုံရိပ်က ဝှက်ဖဲများ မရှိဘဲ နေမည်မဟုတ်ပေ။
သို့သော် ဝှက်ဖဲများအားလုံး၊ အသက်ကယ်နည်းလမ်းများနှင့် သွေးနတ်ဆိုးသခင်ပေးထားသော သွေးရောင်သလင်းကျောက်ပင် ပျက်ဆီးသွားခဲ့သည်။ သွေးနတ်ဆိုးသခင်ပေးသော သလင်းကျောက်က ခနပင် ခံနိုင်ရည်မရှိခဲ့ပေ။
" မင်း " နောက်ဆုံး အခိုက်အတန့်တွင် သွေးရောင်ပုံရိပ်က လင်းယွမ်ကို အလွန်ထိတ်လန့်စွာ ကြည့်လိုက်သည်။
သူမှားသွားခဲ့လေပြီ။ သွေးနတ်ဆိုးသခင်လည်း မှားသွားခဲ့သည်။ ကမ္ဘာပေါ်မှ လူအားလုံးလည်း မှားနေခဲ့သည်။ သူတို့က လွယ်ကူသော သားကောင်အဖြစ် မှတ်ယူထားသော ကျွင်းဝူကျိက ထင်သလောက် မရိုးရှင်းပေ။ ကျွင်းဝူကျိက အနည်းဆုံး ရှေးဟောင်းသူတော်စင်အဆင့်ရှိလေသည်။
အနည်းငယ်ကြာပြီးသောအခါ လင်းယွမ်က သွေးရောင်ပုံရိပ်၏ မှတ်ဉာဏ်များကို ကြည့်ရှုပြီးသွားသည်။
" ဒါဆို သူက အလယ်ပိုင်းနတ်ဘုရားကုန်းမြေနဲ့ စစ်ပွဲစတင်ဖို့ စီစဉ်နေတာပေါ့။ " လင်းယွမ်က သွေးနတ်ဆိုးသခင်၏ အကြံအစည်ကို အကြမ်းဖျင်း နားလည်သွားသည်။
" သွေးနတ်ဆိုးပင်လယ်၊ နတ်ဆိုးသူတော်စင်အသိုက်နဲ့ မိစ္ဆာနန်းတော်တို့က ကျင့်ကြံခြင်းကမ္ဘာမှာ ဘာကြောင့် စစ်ပွဲကြီး စတင်ချင်ကြတာလဲ။ " လင်းယွမ်က တွေးလိုက်သည်။
အလယ်ပိုင်းနတ်ဘုရားကုန်းမြေတွင် တာအိုအင်မော်တယ်ဂိုဏ်းက ထိုက်ဟောက်အင်မော်တယ်ကြေးမုံကို ကိုင်ဆွဲထားသောကြောင့် မည်မျှကြီးမားသော တိုက်ပွဲဖြစ်စေ သူတို့၏ အခြေခံအုတ်မြစ်ကို ထိခိုက်စေမည်မဟုတ်ပေ။
သွေးနတ်ဆိုးပင်လယ်။
သွေးနတ်ဆိုးသခင်က ကျွန်းလေးပေါ်တွင် ထိုင်ပြီး ရုတ်တရက် မျက်လုံးများ ဖွင့်လာသည်။
" သေပြီလား။ အဲ့လောက်တောင် မြန်တာလား။ " သွေးနတ်ဆိုးသခင်က ယုံရခက်ဖြစ်သွား၏။
တာအိုအင်မော်တယ်ဂိုဏ်းက ရှာတွေ့သွားလျှင်တောင် သူ သွေးရောင်ပုံရိပ်အပေါ် ထားခဲ့သော အစီအမံများနှင့် ခနတော့ ခုခံနိုင်ရပေလိမ့်မည်။
" မုရှင်းလျိုက ထိုက်ဟောက်အင်မော်တယ်ကြေးမုံနဲ့ လှုပ်ရှားခဲ့လို့လား။ " သွေးနတ်ဆိုးသခင်က ထိုအချက်ကိုသာ တွေးမိလေသည်။
တိမ်မြူခိုးတော်ဝင်နယ်မြေ။
လင်းယွမ်က ထိုင်ခုံပေါ်တွင် လဲလျောင်းနေဆဲ ဖြစ်သည်။ သွေးရောင်ပုံရိပ်ကို ဖြေရှင်းပြီးသောအခါ လင်းယွမ်က တစ်စုံတစ်ခုကို ခံစားမိခဲ့သည်။
" ငါ့ရဲ့ လက်ရှိခွန်အားက..."
နှစ်တစ်ရာကျင့်ကြံပြီးနောက် ရုပ်ခန္ဓာနတ်စွမ်းရည် သွေးပြန်လည်မွေးဖွားခြင်းကို ကျွမ်းကျင်ခဲ့သည့်အပြင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွင်လည်း ဆဋ္ဌမအလွှာ အဆင့် ၁၁သို့ ရောက်သွားခဲ့သည်။
အင်မော်တယ်တာအိုကမ္ဘာတွင် ထိုအဆင့်ကို ဟင်းလင်းပြင်ပြည့်စုံခြင်းအဆင့်ဟု ခေါ်ရပေလိမ့်မည်။ ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်တွင် ဟင်းလင်းပြင်ဝင်ရောက်ခြင်းအဆင့်၊ ဟင်းလင်းပြင်လှိုဏ်ဂူအဆင့်နှင့် ဟင်းလင်းပြင်ပြည့်စုံခြင်းအဆင့်တို့ဖြစ်ကြသည်။
ဟင်းလင်းပြင်ဝင်ရောက်ခြင်းအဆင့်က ဆဋ္ဌမအလွှာ၏ အဆင့် ၁ မှ အဆင့် ၃ အထိ ဖြစ်၏။ ဟင်းလင်းပြင်လှိုဏ်ဂူအဆင့်က ဆဋ္ဌမအလွှာ၏ အဆင့် ၄ မှ အဆင့် ၆ အထိဖြစ်သည်။ ဟင်းလင်းပြင်ပြည့်စုံခြင်းအဆင့်က ဆဋ္ဌမအလွှာ၏ အဆင့် ၇ မှ အဆင့် ၉ အထိ ရည်ညွှန်းလေသည်။
လင်းယွမ်က ဆဋ္ဌမအလွှာ အဆင့် ၁၁ သို့ရောက်သွားပြီဖြစ်သောကြောင့် သူ၏ ခွန်အားက ဆဋ္ဌမအလွှာ အထွတ်အထိပ်သို့ မရောက်သေးသော်လည်း ဟင်းလင်းပြင်ပြည့်စုံခြင်းအဆင့်ထက် ကျော်လွန်နေပြီဖြစသည်။
သူက ဟင်းလင်းပြင်သန့်စင်ခြင်း၏ အထက် တာအိုပေါင်းစည်းခြင်းအဆင့်ကို မရောက်သေးသော်လည်း ဟင်းလင်းပြင်ပြည့်စုံခြင်းအဆင့်ထက် ပို၍ သန်မာပြီး ကွာခြားမှုက ကြီးမားတော့မည်မဟုတ်ပေ။
" ဆဋ္ဌမအလွှာ အထွတ်အထိပ် " လင်းယွမ်က စဉ်းစားနေသည်။
ဆဋ္ဌမအလွှာ အဆင့် ၁၂က သူ့အတွက် မခက်ခဲပေ။ နှစ်အနည်းငယ်အတွင်း သူက ထိုအဆင့်ကို ရောက်နိုင်လေသည်။
လင်းယွမ်တွေးသည်မှာ သတ္တမအလွှာကို မည်သို့ ချိုးဖျက်ရမည်ကိုပင် ဖြစ်သည်။
မူလကမ္ဘာနှင့် အင်မော်တယ်တာအိုကမ္ဘာတွင် ဆဋ္ဌမအလွှာမှ သတ္တမအလွှာကို ချိုးဖျက်ခြင်း၊ ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်မှ တာအိုပေါင်းစည်းခြင်းအဆင့်ကို ချိုးဖျက်ခြင်းတို့က အရေးပါသော အဆင့်များ ဖြစ်ကြလေသည်။
မူလကမ္ဘာ၏ ချီခွန်ကြယ်နယ်မြေတွင် အသက်ဂြိုလ်ပေါင်း တစ်သိန်းနှစ်သောင်းကျော်ရှိပြီး နှစ်ထောင်ပေါင်းများစွာ သမိုင်းကြောင်းရှိလေသည်။ ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများက တစ်သိန်းကျော် ရှိလေသည်။
သို့သော် သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူများက တစ်ရာပင် မပြည့်ပေ။
တာအိုအင်မော်တယ်ဂိုဏ်း။
အင်မော်တယ်တောင်တန်း၏ အနက်ရှိုင်းဆုံးနေရာတွင် ကျယ်ပြန့်သော အော်ရာတစ်ခု ထွက်ပေါ်လာသည်။
လျို့ဝှက်နယ်မြေအတွင်း မုမန်ထင်း၏ မျက်နှာတွင် ပျော်ရွှင်မှုများ ပြည့်နှက်နေသည်။
" ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် ဒါ ရှေးဟောင်းသူတော်စင်ပဲ။ "
မုမန်ထင်း၏ စိတ်က ပြောင်းလဲသွားသည်ဟု ခံစားလိုက်ရပြီး သူ၏စိတ်ထဲတွင် ရည်မှန်းချက်များနှင့် ပြည့်နှက်သွားသည်။ နောက်ဆုံးတွင် သူ မုမန်ထင်းက ရှေးဟောင်းသူတော်စင်တစ်ယောက် ဖြစ်လာပြီဖြစ်သည်။
" ဂိုဏ်းချုပ် " မုမန်ထင်းက သူ၏ စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်လိုက်သည်။ လျို့ဝှက်နယ်မြေမှ ထွက်ပြီးနောက် သူက မုရှင်းလျိုကို အရိုအသေပေးလိုက်သည်။
ယခု သူက ရှေးဟောင်းသူတော်စင်တစ်ယောက်ဖြစ်နေသော်လည်း မုရှင်းလျိုနှင့် ဝေးကွာနေဆဲ ဖြစ်သည်ကို သိလေသည်။ ထိုကွာခြားမှုက ခွန်အားသာမက ထိုက်ဟောက်အင်မော်တယ်ကြေးမုံလည်း ဖြစ်သည်။
မုမန်ထင်းက ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်သို့ ဝင်ရောက်သည်ထက် အထွတ်အထိပ်တွင် ရှိနေလျှင်တောင် ထိုက်ဟောက်အင်မော်တယ်ကြေးမုံကို သန့်စင်ထားသော မုရှင်းလျိုနှင့် ယှဉ်လျှင် ချက်ချင်း ဖိနှိပ်ခံရပေလိမ့်မည်။ ထိုက်ဟောက်အင်မော်တယ်ကြေးမုံက စွမ်းအားကောင်းသော အင်မော်နယ်ရတနာဖြစ်ရုံသာမက အင်မော်တယ်တောင်တန်း၏ အမြုတေလည်း ဖြစ်သည်။
ထိုက်ဟောက်အင်မော်တယ်ကြေးမုံကို ပိုင်ဆိုင်သူတိုင်း အင်မော်တယ်တောင်တန်းတွင် နှစ်ပေါင်းသောင်းချီ ပြင်ဆင်ထားသော မရေတွက်နိုင်သည့် မှော်အင်းကွက်များကို ထိန်းချုပ်နိုင်ပေလိမ့်မည်။
" ထပါ။ " မုရှင်းလျိုက မုမန်ထင်းကို ကြည့်ပြီး ပြုံးလိုက်သည်။
မုမန်ထင်း၏ အရည်အချင်းများက တာအိုအင်မော်တယ်ဂိုဏ်း၏ အရင်းအမြစ်များနှင့် ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းရာတွင် ပြဿနာတစ်ခုမဟုတ်သော်လည်း ယခုအချိန်တွင် မုရှင်းလျိုက သက်ပြင်းချမိသွားသည်။
ထို့နောက် မုရှင်းလျိုက မုမန်ထင်းကို အစီအစဉ်များ ညွှန်ကြားလိုက်သည်။
" မင်း တာအိုအင်မော်တယ်ဂိုဏ်းကို ဦးစီးထားလိုက်။ ငါ ထိုက်ဟောက်အင်မော်တယ်ကြေးမုံကို ယူပြီး အပြင်ခနထွက်လိုက်ဦးမယ်။ "
" နှစ်တွေကြာပြီဆိုတော့ ငါ့ရဲ့ တာအိုအင်မော်တယ်ဂိုဏ်းက အလယ်ပိုင်းနတ်ဘုရားကုန်းမြေကို ဘာကြောင့် ထိန်းချုပ်နိုင်လဲဆိုတာ လူတွေ မေ့နေကြပြီ။ " မုရှင်းလျို၏ မျက်နှာတွင် အေးစက်သော အရိပ်အယောင်များ ပေါ်လာသည်။