← Chapters

ပိုင်ယုကျွန်းကို တိုက်ခိုက်ခြင်း....

Vol. 14 Ch. 215

ပိုင်ယုကျွန်းကို တိုက်ခိုက်ခြင်း....

Vol. 14 Ch. 215

လွန်ခဲ့သော ရာစုနှစ်အတွင်း သူက မိစ္ဆာနန်းတော်၊ နတ်ဆိုးသူတော်စင်အသိုက်နှင့် သွေးနတ်ဆိုးပင်လယ်တို့၏ လှုပ်ရှားမှုများကို သတိမပြုမိသည်မဟုတ်ပေ။ သူက မုမန်ထင်း၏ တိုးတက်မှုအတွက် ယာယီ လျစ်လျူရှုပေးထားခြင်းသာ ဖြစ်သည်။ ယခု မုမန်ထင်းက ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်သို့ ရောက်သွားပြီဖြစ်သောကြောင့် သူက တာအိုအင်မော်တယ်ဂိုဏ်းကို ထိန်းသိမ်းနိုင်သွားပြီဖြစ်သည်။

မုရှင်းလျိုက စိတ်ချလက်ချအပြင်ထွက်နိုင်ပြီဖြစ်သည်။ တာအိုအင်မော်တယ်ဂိုဏ်းတွင် မရေတွက်နိုင်သော မှော်အင်းကွက်များ ရှိသော်လည်း ထိန်းချုပ်သော ရှေးဟောင်းသူတော်စင်တစ်ယောက်မရှိလျှင် အခြားရှေးဟောင်းသူတော်စင်တစ်ပါး၏ တိုက်ခိုက်မှုကို ခုခံနိုင်မည်မဟုတ်ပေ။ သူက ယခင်နှစ်များတွင် အင်မော်တယ်တောင်တန်းမှ ထွက်မသွားနိုင်သည့် အကြောင်းရင်းတစ်ခုလည်း ဖြစ်သည်။

သူက အင်မော်တယ်တောင်တန်းမှ ကိုယ်တိုင်ထွက်သွားခဲ့လျှင် အခြားအင်အားစုသုံးခုက အင်မော်တယ်တောင်တန်းကို တိုက်ခိုက်ကြပေလိမ့်မည်။ သို့သော် ယခု ထိုခြိမ်းခြောက်မှုက မရှိတော့ပေ။

ရှေးဟောင်းသူတော်စင် မုမန်ထင်းက အင်မော်တယ်တောင်တန်းတွင် ရှိနေလျှင် ရှေးဟောင်းသူတော်စင် သုံးယောက် သို့မဟုတ် ငါးယောက် လာတိုက်ခိုက်လျှင်တောင် တာအိုအင်မော်တယ်ဂိုဏ်း၏ အခြေခံအုတ်မြစ်ကို လှုပ်ခါနိုင်မည်မဟုတ်ပေ။

ထို့ကြောင့် မုရှင်းလျိုက လွတ်လပ်စွာ လှုပ်ရှားနိုင်ပြီး တာအိုအင်မော်တယ်ဂိုဏ်းကလည်း ခိုင်မြဲစွာ တည်ရှိနေပေလိမ့်မည်။

" ဂိုဏ်းချုပ် ဘယ်ကိုအရင်တိုက်ခိုက်ဖို့ စီစဉ်ထားလဲ။ " မုမန်ထင်းက မေးလိုက်သည်။

" ဘယ်ကစမလဲ။ " မုရှင်းလျိုက ခနစဉ်းစားပြီး ပြောလိုက်သည်။ " အရှေ့ပင်လယ်က စမယ်။ "

လွန်ခဲ့သော ရာစုနှစ်အတွင်း ပိုင်ယုခန်းမ၏ အရှိန်အဝါက ကြောက်စရာကောင်းအောင် တိုးတက်ခဲ့ပြီး အရှေ့ပင်လယ်ကျွန်းစုများကို ပေါင်းစည်းလုနီးပါး ဖြစ်ခဲ့သည်။

ပိုင်ယုကျွန်း၏ သခင်ယွမ်ယန်က ရှေးဟောင်းသူတော်စင်တစ်ဝက်အဆင့်ဖြစ်ပြီး ဤနှစ်များအတွင်း သူက အဆင့်တက်ခဲ့လျှင်တောင် ဟင်းလင်းပြင်ပြည့်စုံခြင်းအဆင့်သို့ ရောက်နိုင်မည်မဟုတ်ပေ။

ထို့ကြောင့် မုရှင်းလျိုက ထိုက်ဟောက်အင်မော်တယ်ကြေးမုံနှင့်ဆိုလျှင် အနိုင်ရရှိရန် သေချာလေသည်။

တစ်ဖက်တွင် မုရှင်းလျိုက မိစ္ဆာနန်းတော်၊ နတ်ဆိုးသူတော်စင်အသိုက်နှင့် သွေးနတ်ဆိုးပင်လယ်မှ တစ်ခုကို တိုက်ခိုက်ခဲ့လျှင် သခင်ယွမ်ယန်က သတင်းကြားပြီး ပုန်းကွယ်သွားနိုင်လေသည်။

အဆုံးတွင် တာအိုအင်မော်တယ်ဂိုဏ်းက မိစ္ဆာနန်းတော်၊ နတ်ဆိုးသူတော်စင်အသိုက်၊ သွေးနတ်ဆိုးပင်လယ်တို့နှင့် ရန်သူဟောင်းများ ဖြစ်ကြလေသည်။ ထိုသုံးယောက်တွင် ဝှက်ဖဲများ ကိုယ်စီရှိကြပြီး မုရှင်းလျိုက ထိုက်ဟောက်အင်မော်တယ်ကြေးမုံကို ကိုင်ထားလျှင်တောင် သူတို့ကို သတ်နိုင်မည်မဟုတ်ပေ။

ထို့ကြောင့် အရှေ့ပင်လယ်မှ စတင်ခြင်းက အကောင်းဆုံး ရွေးချယ်မှုဖြစ်လေသည်။

" အရှေ့ပင်လယ် ပိုင်ယုကျွန်းသခင် ယွမ်ယန်က သေဖို့ ထိုက်တန်ပါတယ်။ " မုမန်ထင်းက ခေါင်းငြိမ့်ပြီး ပြောလိုက်သည်။

ပိုင်ယုကျွန်းသခင်ယွမ်ယန်က သူနှစ်ပေါင်းများစွာ ကြိုးစားတည်ထောင်ခဲ့သော ဟေးကျင်းကျွန်းစုအား ​ဖျက်ဆီးခဲ့သည်ကို ယခုအချိန်ထိ မှတ်မိနေဆဲ ဖြစ်သည်။

" ငါ ဂိုဏ်းကို မင်းလက်ထဲ အပ်ခဲ့မယ်။ " ထိုစကားကို ပြောပြီးနောက် မုရှင်းလျိုက ပျောက်ကွယ်သွားသည်။

အရှေ့ပင်လယ် ပိုင်ယုကျွန်း။

ကျွန်းပေါ်တွင် သိန်းချီသော ပိုင်ယုခန်းမ၏ တပည့်များက စုဝေးနေကြသည်။ ထို့အပြင် ကျွန်းပေါ်တွင် သေမျိုးများလည်း နေထိုင်ကြပြီး ကျွန်းဟုဆိုသော်လည်း လီနှစ်သန်းနီးပါး ကျယ်ဝန်းလေသည်။ အလယ်ပိုင်းနတ်ဘုရားကုန်းမြေသာ မရှိလျှင် ပိုင်ယုကျွန်းကို ပိုင်ယုကုန်းမြေဟုပင် ခေါ်နိုင်လေသည်။

ပိုင်ယုကျွန်း၏ အလယ်တွင် လင်းယွမ်က ထိုင်နေသည်။ အောက်တွင် တပည့်များက မေးခွန်းများ မေးနေကြပြီး သူက သာမန်အတိုင်း ပြန်ဖြေနေသည်။

နှစ်ရာချီကြာပြီးနောက် ပိုင်ယုခန်းမ၏ အခြေခံအုတ်မြစ်က အလွန်တိုးတက်လာခဲ့သည်။ သိုင်းတာအို ပထမအလွှာတွင် လေ့ကျင့်သူ တစ်သိန်းကျော်၊ ဒုတိယအလွှာတွင် တစ်သောင်းကျော်၊ တတိယအလွှာတွင် နှစ်ထောင်ကျော်နှင့် စတုတ္ထအလွှာတွင် ၃၂၂ယောက် ရှိနေပြီဖြစ်သည်။

သိုင်းတာအို ပဉ္စမအလွှာတွင် ကျင့်ကြံသူ ရှစ်ယောက် ရှိလေသည်။ အရှေ့ပင်လယ်ကျွန်းစုတွင် ပိုင်ယုကျွန်းက အသန်မာဆုံးဖြစ်ပြီး လင်းယွမ်သာ ဆန္ဒရှိလျှင် အရှေ့ပင်လယ်တစ်ခုလုံးကို စုစည်းနိုင်ပြီဖြစ်သည်။

" ဟမ် " လင်းယွမ်က တစ်စုံတစ်ခုကို ခံစားမိပြီး ကောင်းကင်သို့ မော့ကြည့်လိုက်သည်။

ပိုင်ယုကျွန်းပေါ်တွင် တပည့်များက သိုင်းတာအိုနည်းစနစ်များအကြောင်း ဆွေးနွေးခြင်း ကျင့်ကြံခြင်းများ ပြုလုပ်နေကြသည်။

ရုတ်တရက် ကောင်းကင်ကိုးပါးတွင် ကြောက်စရာကောင်းသော အလင်းရောင်များနှင့် အင်မော်တယ်ကြေးမုံတစ်ခု ထွက်ပေါ်လာသည််။ အင်မော်တယ်ကြေးမုံက အနည်းငယ် လှည့်လိုက်သည်နှင့် အလင်းတန်းတစ်ခုက ကောင်းကင်ကိုးပါးမှ ဆင်းသက်လာသည်။ ကြောက်စရာကောင်းသော အလင်းတန်းက လေဟာနယ်ကို ပိုင်းဖြတ်သွားပြီး စိတ်ဝိညာဉ်စွမ်းအားများကို အရည်ပျော်သွားစေခဲ့သည်။

ထိုအလင်းတန်းသာ ပိုင်ယုကျွန်းပေါ်သို့ ကျရောက်ခဲ့လျှင် ကျွန်းတစ်ခုလုံး ပျက်ဆီးသွားပေလိမ့်မည်။ ကြေးမုံအလင်းတန်း ဆင်းသက်လာသည်နှင့် ရှေးဟောင်းသူတော်စင်အဆင့်အောက် ကျင့်ကြံသူများအားလုံး သေဆုံးခြင်းသို့ ဦးတည်သွားပေလိမ့်မည်။

" အဲ့ဒါဘာလဲ။ "

" မကောင်းတော့ဘူး။ မြန်မြန်ပြေးကြ။ "

" နောက်ကျသွားပြီ။ ငါတို့အားလုံး သေရတော့မယ်။ "

မရေတွက်နိုင်သော ပိုင်ယုခန်းမ၏ တပည့်များက ကောင်းကင်သို့ကြည့်ပြီး ထိတ်လန့်သွားကြသည်။

အင်မော်တယ်ကြေးမုံ၏ ကြောက်စရာကောင်းသော အလင်းတန်းအောက်တွင် အားလုံး၏ စိတ်ထဲ အတွေးတစ်ခုသာ ရှိလေသည်။

သေခြင်း။

သူတို့မည်သည့်နေရာသို့ ပြေးသည်ဖြစ်စေ သေခြင်းနှင့်သာ အဆုံးသတ်ပေလိမ့်မည်။

ထိုအချိန်တွင် ပိုင်ယုကျွန်း၏ အထက်၌ လူတစ်ယောက် ပေါ်လာသည်။ သူ၏ အရွယ်အစားက အံ့မခန်း ကြီးမားလာပြီး ထိုက်ယန်စွမ်းအားများက ဒုတိယနေလုံးတစ်ခုကဲ့သို့ ပြင်းထန်စွာ ထွက်ပေါ်လာသည်။

ထိုပုံရိပ်ကြီးက သူ၏ လက်ကို သာမန်အတိုင်း မြှောက်လိုက်ပြီး ကြီးမားသော ပိုင်ယုကျွန်းကို သူ၏ လက်ဖဝါးနှင့် လုံးဝ ကာကွယ်ပေးထားသည်။

ကောင်းကင်ကိုးပါးတွင် မုရှင်းလျိုက လက်နောက်ပစ်၍ ရပ်နေပြီး ထိုက်ဟောက်အင်မော်တယ်ကြေးမုံက သူ၏ ခေါင်းအထက်တွင် ပျံဝဲနေသည်။ ကြေးမုံထဲမှ ကြောက်စရာကောင်းသော အလင်းတန်းက ပိုင်ယုကျွန်းသို့ ဦးတည်သွားပြီဖြစ်သည်။

ထိုအချိန်တွင် မုရှင်းလျိုက သူကိုယ်တိုင် ရောက်လာရုံသာမက ထိုက်ဟောက်အင်မော်တယ်ကြေးမုံ၏ ကိုယ်ထည်အစစ်ကိုလည်း သူနှင့်အတူ ယူလာခဲ့သည်။

ဤကမ္ဘာတွင် သူက ပြိုင်ဘက်ကင်းလေသည်။ ပိုင်ယုကျွန်းကို တစ်ချက်တည်းနှင့် ဖျက်ဆီးပြီး သတိပေးရပေလိမ့်မည်။

" သခင်ယွမ်ယန် " မုရှင်းလျို၏ အကြည့်များက သာမန်သာဖြစ်၏။

သခင်ယွမ်ယန်က လွန်ခဲ့သော နှစ်တစ်ရာကျော်က ရှေးဟောင်းသူတော်စင်တစ်ဝက်အဆင့်ဖြစ်လေသည်။ ယခု သူက ရှေးဟောင်းသူတော်စင်တစ်ယောက် ဖြစ်လာလျှင်တောင် ထိုက်ဟောက်အင်မော်တယ်ကြေးမုံ၏ အလင်းတန်းအောက်တွင် သေချာပေါက် သေရပေလိမ့်မည်။

သူ၏ နေရာတ်ခင် မိစ္ဆာနန်းတော်၊ နတ်ဆိုးသူတော်စင်အသိုက်နှင့် သွေးနတ်ဆိုးပင်လယ်မှ ရှေးဟောင်းသူတော်စင်တစ်ယောက် ဖြစ်လာလျှင်တောင် သူတို့က မသေလျှင် ဒဏ်ရာအပြင်းအထန် ရသွားကြပေလိမ့်မည်။ ၎င်းက မုရှင်းလျို၏ ယုံကြည်မှုဖြစ်၏။

၎င်းမှာ နှစ်ထောင်သောင်းကြာအောင် အလယ်ပိုင်းနတ်ဘုရားကုန်းမြေကို အုပ်စိုးခဲ့သည့် တာအိုအင်မော်တယ်ဂိုဏ်း၏ ယုံကြည်မှုဖြစ်သည်။

" အဲ့ဒီလူအိုကြီးသုံးယောက်တော့ လန့်သွားလောက်ပြီ။ " မုရှင်းလျိုက အင်အားစု သုံးခုရှိရာသို့ တစ်ချက်ကြည့်ပြီး ထွက်သွားရန် ပြင်လိုက်သည်။

သူ၏ အမြင်တွင် ပိုင်ယုကျွန်း၏ ကံကြမ္မာက ဆုံးဖြတ်ပြီးပြီဖြစ်ပြီး ဖုန်မှုန့်များအဖြစ် ပျက်ဆီးပျောက်ကွယ်သွားပေလိမ့်မည်။

သို့သော် ထိုခနတွင် မုရှင်းလျို၏ အမူအရာက ပြင်းထန်စွာ ပြောင်းလဲသွားသည်။ သူက ရုတ်တရက် အောက်သို့ ငုံ့ကြည့်လိုက်သည်။

ကောင်းကင်အောက်တွင် ကြီးမားသော ပုံရိပ်ကြီးတစ်ခုက ပိုင်ယုကျွန်းကို လက်ဖဝါးနှင့်အုပ်ပြီး ကာကွယ်ပေးထားသည်။

ထိုက်ဟောက်အင်မော်တယ်ကြေးမုံ၏ အလင်းတန်းက ထိုပုံရိပ်ကြီး၏ လက်ကို ထိလိုက်ချိန်တွင် အသက်ရှုချိန်အနည်းငယ်အတွင်း လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

" အဲ့ဒါဘာလဲ။ " မုရှင်းလျို၏ မျက်နှာက မဲမှောင်သွား၏။

" သခင်ယွမ်ယန်..."

ထိုက်ဟောက်ကြေးမုံ၏ အလင်းတန်းကို ရပ်တန့်လိုက်သော ပုံရိပ်ကြီးက ပုံမှန်အရွယ်အစားသို့ လျင်​မြန်စွာ ပြန်လည်ရောက်ရှိသွားပြီး သူ၏ လက်နှစ်ဖက်ကို နောက်ပစ်၍ ရပ်နေလေသည်။

" ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် ရှေးဟောင်းသူတော်စင် "

" ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် အထွတ်အထိပ်။ "

" ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်ရဲ့ ကန့်သတ်ချက်ကို ကျော်လွန်ပြီး တာအိုပေါင်းစည်းခြင်းအဆင့်ကိုတောင် ထိတွေ့နေပြီ။ " မုရှင်းလျိုက စိတ်ထဲမှ အကဲဖြတ်လိုက်သည်။

ထိုကဲ့သို့ ကြီးမာသော ပုံရိပ်ကို ထုတ်လွှတ်နိုင်ခြင်းမှာ နတ်စွမ်းရည်တစ်ခု ဖြစ်ပေလိမ့်မည်။ ထိုက်ဟောက်အင်မော်တယ်ကြေးမုံ၏ အလင်းတန်းကို သက်သောင့်သက်သာ တားဆီးခြင်းကို ကြည့်ခြင်းဖြင့် သူ၏ ခွန်အားက အလွန်နက်ရှိုင်းသည်ကို သိနိုင်လေသည်။

မုရှင်းလျိုက လွယ်ကူသည်ဟု ထင်သော သားကောင်မှာ ထိုမျှ ကြောက်စရာကောင်းသော စွမ်းအားကို ပိုင်ဆိုင်လိမ့်မည်ဟု ဘယ်တုန်းကမှမထင်ထားခဲ့ပေ။

သွေးနတ်ဆိုးပင်လယ်အတွင်း ကျွန်းလေးပေါ်တွင် မုရှင်းလျိုက ထိုက်ဟောက်အင်မော်တယ်ကြေးမုံကို အသုံးပြုလိုက်ချိန်တွင် သွေးနတ်ဆိုးသခင်က မျက်လုံးများ ဖွင့်လာပြီး သူ၏ အမူအရာက လေးနက်သွား၏။

" မုရှင်းလျိုက အင်မော်တယ်တောင်တန်းက ထွက်လာပြီလား။ တာအိုအင်မော်တယ်ဂိုဏ်းမှာ ရှေးဟောင်းသူတော်စင်တစ်ယောက် ထွက်ပေါ်လာပြီလား။ " သွေးနတ်ဆိုးသခင်က လျင်မြန်စွာ ခန့်မှန်းလိုက်သည်။

" သခင်ယွမ်ယန်ကတော့ သွားပြီ။ " သွေးနတ်ဆိုးသခင်က သူ၏ ခေါင်းကို ခါလိုက်သည်။

All Chapters