အခန်း ၅၉
Vol. 5 Ch. 59
ထိုအချိန်မှာပင် စုချန်ယန်ဆီ Wechat၌ စာပေါင်းများစွာ ရောက်ရှိလာပြီး လျိုဝမ်၊ ထန်ယွဲ့နှင့် (travel) ရိုက်ကူးရေးမှ အဖွဲ့သားများပါသည့် group chat များလည်း ပါဝင်သည်။
လျိုဝမ်နှင့် ထန်ယွဲ့အား အရင်ပြန်ပြောကာ သူမဘက်ကဘာအမှားမှ မလုပ်ခဲ့ကြောင်းပြောပြီးနောက် group chat ထဲ ဝင်လိုက်သည်။
ထို chat ထဲတွင် ဟန်စုန့်ရွှယ်နှင့် အခြားပါဝင်သူများမှာ သတင်းနှိုက်ဖို့အတွက် အနီးစပ်ဆုံး အတွင်းလူဖြစ်သည့် ကျန်းရှစ်ချီအား တောင်းဆို မေးမြန်းနေကြသည်။
ကျန်းရှစ်ချီက ဘာမှပြန်မပြောသေးပေမဲ့ သိပ်မကြာခင်မှာဘဲ ကျန်းရှစ်ချီက သူမကို friend request ပို့လာခဲ့သည်။
စုချန်ယန်က သူမငို လက်ခံလိုက်ပြီးနောက် ကျန်းရှစ်ချီက စာပို့ကာ မေးခဲ့သည်။ [ နင့်အနေနဲ့ သူတို့ကိုပြောပြစေချင်လား? ]
စုချန်ယန်သည် သူမဘက်မှ ဒီလိုမေးလာလိမ့်မယ်လို့ မထင်ထားခဲ့ပေမဲ့ ပြန်ပြောလိုက်သည်။ [အခုတော့ မပြောသေးနဲ့ဦး ]
[အို့...]
မိနစ်အနည်းငယ်ကြာပြီးနောက် ကျန်းရှစ်ချီက နောက်ထပ် စာတစ်စောင်ပို့လာခဲ့သည်။
[နင်.. အဆင်ပြေရဲ့လား? ]
[ ငါက အဆင်ပြေပါတယ် နားချင်ရုံပါ နင်တစ်ခုခုပြောချင်တာရှိသေးလား။ ]
ကျန်းရှစ်ချီ - [ ငါရှန်ရှင်းယုကို သိတယ် နင့်အတွက် ကူပြီး ရှင်းပြပေးလိုက်မယ် ]
စုချန်ယန်လည်း ခပ်ဟဟရယ်ခဲ့သည်။ [ကျေးဇူးပါ မလိုပါဘူး မနက်ဖြန်ကျ မန်နေဂျာလင်းနဲ့သွားပြီး သူ့ကိုရှင်းပြမလို့ ငါ့အတွက် တွေးပေးလို့ကျေးဇူးပါ...]
[နင်တကယ် အဆင်ပြေရဲ့လား]
[အဆင်ပြေပါတယ် တကယ်ပါ စိတ်ပူပေးလို့ကျေးဇူးတင်ပါတယ်နော်]
[ ငါနင့်ကို စိတ်မပူပါဘူး နင့်ကြောင့်နဲ့ ပရိုဂရမ်ထုတ်လွှင့်တာ တစ်ခုခုထိခိုက်သွားမှာစိုးလို့။ ]
[ နားလည်ပါပြီ ကျေးဇူးပါ ]
[ဟမ်]
စုချန်ယန်ကြောင့်ပင် ဖြစ်သည့် [စုချန်ယန်] နှင့် [Travel] ဆိုသည့် စကားလုံးများမှာ အချိန်တိုတွင်းမှာ ရှာဖွေမှုအများဆုံးသို့ ရောက်ရှိသွားခဲ့သည်။
စုချန်ယန် ၎င်းကို တစ်ချက်ကြည့်လိုက်တော့ လူအများစုမှာ အကြိတ်အနယ် ဖြစ်နေကြသည်ကို မြင်နေရသည်။ သူမအားဝေဖန်ထားသည့် ကောမန့်များအနက် သူမဘက်က လိုက်ပြောပေးသည့် သူများကိုလည်း တခါတလေ တွေ့လိုက်မိသေးသည်။
သူမ၏ Weibo follower အရေအတွက်များမှာလည်း ဆက်တိုက်ဆိုသလို မြင့်တက်လာသည်က ထိုကြော်ငြာသည့် ပုံအနည်းငယ်ကြောင့်သာ ဖြစ်လာသည်ဟု စုချန်ယန် ထင်မိသည်။
နောက်တစ်ရက် ရောက်တော့ လက်ထောက်ရှုမှ
စုချန်ယန်နှင့် လင်းယွီကို ရှန်ရှင်းယု နေထိုင်ရာနေရာဆီကားဖြင့် လိုက်ပို့ပေးခဲ့သည်။
လမ်းပေါ်တွင် လင်းယွီမှ ရှန်ရှင်းယုသည် ဒီနှစ်အတွက် အထူးချွန်ဆုံး အမျိုးသမီးဇာတ်ဆောင်ဆုချီးမြှင့်ခံရမည်ကို ပေါ်မလာဘဲ ပျက်ကွက်ခဲ့သောကြောင့် မြို့၏ အချက်အချာကျသော နေရာများထဲမှ တစ်ခုဖြစ်သည့် သူမ၏ ဂေဟာဆီသို့ တိုက်ရိုက်လာခဲ့ရခြင်းဖြစ်ကြောင်း ပြောပြခဲ့သည်။
"မန်နေဂျာလင်း မူရင်း ရိုက်ထားပြီးသားကိုရော
ပါလာရဲ့လားဟင်?" စုချန်ယန်က စိုးရိမ်စွာ မေးခဲ့သည်။
လင်းယွီမှ ခေါင်းငြိမ့်ကာ ပြောလိုက်သည်။ "အင်းး ပရိုဂရမ်အဖွဲ့ကလည်း အဲ့အခန်းကို တည်းဖြတ်ပြီးပြီ"
ထိုသို့ကြားတော့မှ စုချန်ယန်လည်း စိတ်အေးလက်အေးသက်ပြင်းချမိသွားသည်။
တစ်နာရီကျော်ကြာပြီးနောက် လက်ထောက်ရှုက အထက်တန်းစား ဇိမ်ခံစရာနေရာ ပေါင်းစုံပါဝင်သည့် လူနေရပ်ကွက် အပြင်ဘက်၌ ကားရပ်ခဲ့သည်။
လုံခြုံရေး ဝန်ထမ်းတစ်ဦးမှ ရှန်ရှင်းယုဆီ လာသည်ဖြစ်ကြောင်း ဖုန်းမှတစ်ဆင့်အကြောင်းကြားကာ အတည်ပြုပြီးမှ သူတို့ကို ဝင်ခွင့်ပေးခဲ့သည်။
လက်ထောက်ရှုက သူတို့နှစ်ယောက်နဲ့ မလိုက်တော့ဘဲ အပေါက်ဝတင် ပြန်လှည့်ကာ ကားပါကင်ထိုးခဲ့သည်။
လင်းယွီ - "သွားရအောင်"
"ကောင်းပါပြီ"
လင်းယွီက အထဲကို စုချန်ယန်ကို ဦးဆောင်ခေါ်သွားကာ ဓာတ်လှေကားအဝင်ဝတွင် သူတို့အား သီးသန့်ရပ်စောင့်နေပုံရသည့် ကောင်မလေးအား တွေ့ခဲ့သည်။
"မစ္စတာလင်းရှင့် ကျွန်မက အစ်မရှန်ရဲ့လက်ထောက်ပါ။လူကြီးမင်းတို့ကို အပေါ်ထပ်ကို လိုက်ပို့ပေးပါ့မယ်"
"ကျေးဇူးတင်ပါတယ်"
လက်ထောက်မလေးက ဓာတ်လှေကားထဲဝင်ရမည့်
ကဒ်ကို ကိုင်ထားကာ သူတို့နှစ်ယောက်စလုံးကို ပြောပြခဲ့သည်။
"ဒီဓာတ်လှေကားက တစ်လွှာကို တစ်ခါ နှုန်းသွားတာလေ ဝင်ဖို့ဆိုရင် ဒီကဒ်လိုပါလိမ့်မယ်"
လင်းယွီက အသိမှတ်ပြုသလို ခေါင်းငြိမ့်ပြလိုက်သည်။
သုံးယောက်စလုံး ဓာတ်လှေကားထဲ ဝင်သွားပြီး ထိုဓာတ်လှေကားသည်လည်း ဖြေးဖြေးအပေါ်ကို တက်သွားကာ ၁၇လွှာကို ရောက်တာနှင့် ချက်ချင်းရပ်သွားခဲ့သည်။
"ဒင်-"
ဓာတ်လှေကားက ဖြေးဖြေးချင်း တံခါးပွင့်သွားခဲ့သည်။
စုချန်ယန် ဘာမှမတုံ့ပြန်နိုင်သေးခင်မှာဘဲ လူတစ်ယောက်က ဓာတ်လှေကားထဲ အတင်းပြေးဝင်လာခဲ့သည်။
လင်းယွီက ခပ်မြန်မြန် ဘေးကိုရှောင်လိုက်ပြီး စုချန်ယန်က ထိုလူဆီက အဖက်ခံလိုက်ရတာမို့ ကြောင်တောင်တောင် ဖြစ်သွားသလိုပင်။
နူးညံ့မွှေးပြန့်နေသည့် ခန္ဓာကိုယ်တစ်ခုက သူမနှင့်တိုက်မိလာပြီး ထိုသူမှ အလောတကြီးပြေးဝင်လာပြီးမှ လူမှားဖက်မိသွားသည်ကို သတိထားမိသွားသည်။
သူမလည်း သိသိသာသာကြီးကို တစ်ကိုယ်လုံး တောင့်တောင့်ကြီး ဖြစ်သွားသည့်အပြင် စုချန်ယန်ကို မှီထားရင်း ဆက်တိုက်ဆိုသလို ပါးကိုနမ်းခဲ့သည်။
စုချန်ယန်က သူမရှေ့က အမျိုးသမီးကို ကြည့်ကာ သူမပါးကိုလည်း ထိုအမျိုးသမီးမှ နှစ်ဖက်လုံး နမ်းလိုက်တာကြောင့် စိတ်အနှောင့်အယှက် ဖြစ်သွားရသည်။
သူမ ဘာမှ မတုံ့ပြန်ရသေးခင်မှာဘဲ ထိုအမျိုးသမီးက သူမကို လွှတ်ကာ လင်းယွီဘက် လှည့်သွားခဲ့သည်။
"မတွေ့ရတာ ကြာပြီ!!"
လင်းယွီက စုချန်ယန်ကို သူနှင့်ထိုအမျိုးသမီး အလယ်နားထိ ရောက်အောင် ဆွဲလိုက်စဉ် ထိုအမျိုးသမီက တစ်ဖန် စုချန်ယန် ရပ်နေသည့်နေရာအား အတင်းဝင်တိုးလာပြန်သည်။
ထိုအမျိုးသမီးက စုချန်ယန်ကို စိတ်ပျက်သလို ကြည့်ခဲ့ပေမဲ့ စုချန်ယန်ကတော့ ဘုမသိဘမသိနှင့် ကြောင်တောင်တောင်လေး ဖြစ်နေသေးသည်။
ထိုအမျိုးသမီး၏ တုံ့ပြန်လာပုံမှာ စုချန်ယန်သည် လှတပတလေး ဖြစ်ကာ ကြည့်လို့ကောင်းနေသည်ကို ကြည့်မရဖြစ်နေခြင်းကြောင့်သာ။
ထိုအမျိုးသမီးက အနီရောင်လှိုင်းသဏ္ဌာန်ဆံနွယ်လေးနှင့် အသားရည်လည်း ဖြူဝင်းကာ ပိုးသားညဝတ်အင်္ကျီလေးဝတ်ထားသည်။ အထဲမှာ ဝတ်ထားသည့် လက်ပြတ် ကြိုးတစ်လုံး အဖြူလေးကိုတောင် ရေးတေးတေး မြင်နေရသည်။
သူမသည် ပျင်းရိပျင်းတွဲနှင့် ဆွဲဆောင်မှုရှိလွန်းလှပြီး
အသည်းညှာကို ဆွဲဖြုတ်မတတ် ငြိတွယ်ချင်စရာကောင်းလှသည့် မျက်လုံးလေးများလည်း ရှိသည်။
"ဘေးဖယ်စမ်း!" ရှန်ရှင်းယုက စုချန်ယန်ကို စိုက်ကြည့်ခဲ့သည်။
စုချန်ယန်က အလိုလို ဘေးဖယ်ပေးဖို့ လုပ်လိုက်ပေမဲ့ လင်းယွီက သူမပုခုံးကို ဆုပ်ကိုင်ထားကာ ရွှေ့လို့မရအောင် သူမ ခြေဖဝါးကို သူ့ဖိနပ်ဖြင့် မသိမသာလေး ဖိထားလိုက်သည်။
"လင်းယွီ! အဲ့ဒါက နင့်ရဲ့တောင်းပန်ဖို့လာတဲ့ အပြုအမူလား?!" ရှန်ရှင်းယုက ပြစ်တင်ပြောဆိုလာတော့သည်။
စုချန်ယန်က ပြောစရာစကား ပျောက်ရှသွားကာ လင်းယွီကို လှည့်ကြည့်ရုံသာ ကြည့်မိခဲ့သည်။
လင်းယွီ မျက်လုံးတွေထဲ ပြုံးရိပ်သန်းနေကာ တည်တည်ငြိမ်ငြိမ် ပြန်ပြောခဲ့သည်။ "မတွေ့ရတာကြာပြီနော် စီနီယာအစ်မ"
"တောင်းပန်ရမယ်ဆိုကာမှ.. ကျွန်တော့်ကို အစ်မဆီရောက်လာအောင် အစ်မ တမင်ရည်ရွယ်ပြီး လုပ်ခဲ့တာဆိုတော့ အဲ့အတွက် အစ်မအနေနဲ့ ချန်ယန်ကိုတောင်းပန်သင့်တယ် မဟုတ်ဘူးလား?"
"မင်း ဘာတွေ ပြောနေတာလဲ?" ရှန်ရှင်းယုက မျက်လုံးပြူး မျက်ဆံပြူး ဖြစ်သွားကာ ပြောလိုက်သည်။
"မင်းကို ငါ့ဆီလာတွေ့စေချင်ခဲ့ပေမဲ့လည်း အမှန်အတိုင်းပြောရရင် ငါ့မာနလည်း ထိခိုက်တာ မင်းသိရဲ့လား?"
လင်းယွီက မျက်လွှာချလိုက်ကာ ပြန်ပြောလိုက်သည်။
"အဲ့လိုလား"
သူတို့နှစ်ဦး၏ နောက်ဆက်တွဲ အပြန်အလှန်တုံ့ပြန်မှုအကြား စုချန်ယန်က ပဲလှော်ကြား ဆားညက်သည့်အဖြစ် ရောက်နေခဲ့သည်။
နောက်ဆုံးမှာတော့ ရှန်ရှင်းယုသည် သူမ မျှော်လင့်ထားခဲ့သလိုမျိုး လင်းယွီကို ဖက်နမ်းဖို့ မစွမ်းသာတော့တာမို့ မကျေမနပ် ပြောခဲ့သည်။
"နင်က ဘယ်တော့မှ လူကြီးလူကောင်း ဆန်လာမယ့်သူ
မဟုတ်ဘူး"
သူမသည် စုချန်ယန် ထင်ထားသည်ထက် အနည်းငယ်အရပ်ပိုရှည်ကာ ကောက်ကြောင်းလည်း ပိုပေါ်လွင်သည်။
တခြားမိန်းမတစ်ယောက်သာဆို အနည်းဆုံး သူမကို နောက်ကနေ ချောင်းရိုက်တာဖြစ်ဖြစ် ဓားနဲ့ထိုးတာဖြစ်ဖြစ် လုပ်ချင်လိမ့်မယ်လို့ စုချန်ယန် တွေးမိနေခဲ့ပေမယ့် ရှန်ရှင်းယုကတော့ သူမပုခုံးပေါ် လက်တင်ကာ ပျင်းရိပျင်းတွဲ မှီနေပြီး လင်းယွီနှင့် မနီးမဝေးမှာ ရပ်ကာစကားပြောခဲ့သည်။
"နင် ဘယ်တုန်းက ပြန်ရောက်တာလဲ? အကယ်၍ ဒီလိုသာမဖြစ်ခဲ့ရင် ငါ့ဆီလာဖို့ အစီအစဉ် မရှိဘူးမလား" ရှန်ရှင်းယုက စုချန်ယန်နား အရမ်းကပ်နေပြီး သူမ၏ လေဝင်လေထွက် ငွေ့ငွေ့လေးက စုချန်ယန် မျက်နှာကို ရိုက်ခတ်လုနီးပါးထိပင်။
စုချန်ယန်က အခုမှတွေ့ဖူးသည့်သူနှင့် လိုတာခက်ပိုကာနီးနီးကပ်ကပ်ကြီး ဖက်လှဲတကင်း မနေဖူးချေ။
ရှန်ရှင်းယု၏ ဖွံ့ထွားလျှံထွက်နေသော ရင်သားမှာ စုချန်ယန်၏ ပုခုံးပေါ် ဖိလျက်အနေအထား ဖြစ်နေပြီး ရှန်ရှင်းယု သတိထားမိပုံ မပေါ်တော့ ထားလိုက်တော့သည်။
စုချန်ယန်က ပုခုံးပေါ်မှ နူးညံ့နေသည့် အထိအတွေ့ကို ထင်ထင်ရှားရှားကြီး ခံစားနေမိသည်။
နေရတာအဆင်မပြေတာကြောင့် ဘေးဘက် အနည်းငယ် ရွှေ့လိုက်သည်။
လင်းယွီက သူတို့နှစ်ဦးနှင့် စိတ်ချရသည့် အကွာအဝေးတစ်နေရာတွင် ရပ်နေပြီး စုချန်ယန်၏ မသိမသာ လှုပ်ရှားမှုလေးက်ို သတိထားမိလိုက်သည်။
သူ့အကြည့်က စုချန်ယန် ပုခုံးပေါ်ရှိ ရှန်ရှင်းယု လက်ဆီ ရောက်သွားခဲ့သည်။ ရှန်ရှင်းယု မေးနေတာကို မဖြေဘဲ စုချန်ယန်ကို ပြောခဲ့သည်။ "ရေချိုးခန်းထဲ သွားပြီး မျက်နှာသစ်ချင် သစ်လိုက်လေ"
စုချန်ယန်က ချက်ချင်း ခေါင်းငြိမ့်ကာ ပြောလိုက်သည်။"ဟုတ်ပြီ"
ရှန်ရှင်းယု နှုတ်ခမ်းက မဲ့ကျသွားပြီး သူမ လက်ထောက်ကို စုချန်ယန်အား ရေချိုးခန်းထဲ ခေါ်သွားပေးဖို့ မှာလိုက်သည်။
နောက်ဆုံးတော့ သူတို့နှစ်ဦးဆီမှ လွတ်မြောက်လာတာမို့ စုချန်ယန်လည်း သက်ပြင်းချမိကာ သူမ ဘေးကလက်ထောက်မလေးကို ကျေးဇူးတင်စကားပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်နော်"
"ယဉ်ကျေးနေဖို့ မလိုပါဘူး မိန်းကလေးစု ကျေးဇူးပြုပြီး ကျွန်မ နောက်ကနေ လိုက်ခဲ့ပါနော်"
အိမ်၏ အခန်းဖွဲ့စည့်ပုံမှာ ကြီးမားလှပြီး အမဲရောင်စကျင်ကျောက်ပြားများဖြင့် အိမ်တစ်ခုလုံးအား ဖြန့်ကျက်တည်ဆောက်ထားပြီး မီးအလင်းရောင်နှင့်နေရောင်ကိုပါ ရောင်ပြန်ဟပ်နေသည်က ထူးထူးခြားခြား ကြည်လင်တောက်ပလို့နေသည်။
ခေါင်းအပေါ်တွင် အတိုင်းသားမြင်နေရသည့် မီးရောင်များမှာ အဖြူရောင်အလင်းများ ဖြာထွက်သည့် မီးလုံးလေးများအား အဝါရောင်မီးစလောင်းဖြင့် ဖုံးအုပ်ထားသည်မှာ ခပ်မာမာ စကျင်ကျောက်များကြောင့်အအေးဓာတ်အား လျော့ပါးစေသည့် မှိန်ပျပျ အလင်းရောင်လေးနှယ် အနွေးဓာတ်ကို ပေးစွမ်းနေပြီး ရှန်ရှင်းယု၏ ပျင်းရိ လေးပင် နေသည့် ပုံစံနှင့်လည်း လိုက်ဖက်နေပြန်သည်။
လက်ထောက်မလေးက စုချန်ယန်ကို ရေချိုးခန်းရှိရာဆီ ခေါ်သွားပေးခဲ့သည်။ မီးရောင်များ ထိန်ထိန်လင်းနေကာ တံခါးဖွင့်လိုက်တာနှင့် အဝင်ဝမှာတင် မှန်တစ်ချပ်ရှိကြောင်း မြင်နေရသည်။
စုချန်ယန်လည်း ချက်ချင်း မှန်ကို သေချာကြည့်လိုက်မိတော့ သူမ ပါးနှစ်ဖက်လုံးတွင် ဟိုတစ်စ ဒီတစ်စနှုတ်ခမ်းနီရာများ ပြန့်ကာ ထင်နေခဲ့သည်။