အခန်း ၆၀
Vol. 5 Ch. 60
လက်ထောက်မလေးက ရယ်ကာပြောခဲ့သည်။ "တောင်းပန်ပါတယ် မိန်းကလေးစု၊ သူဌေးက နိုင်ငံခြားမှာ တော်တော်ကြာကြာနေလာရတော့ သူ့ရဲ့လူတွေကိုနှုတ်ဆက်ပုံ နှုတ်ဆက်နည်းက ကျွန်မတို့နဲ့ နည်းနည်းတော့ကွာတယ်"
စုချန်ယန်က ခေါင်းခါပြကာ ပြန်ပြောလိုက်သည်။ "ရပါတယ် အစ်မလည်း လုပ်စရာရှိရင် သွားလုပ်လိုက်ပါ။ မျက်နှာသစ်ပြီးတာနဲ့ ကျွန်မဘာသာပဲ ပြန်သွားလိုက်ပါ့မယ်"
"ကောင်းပါပြီ တစ်ခုခုလိုတာရှိရင်လည်း လာပြောပါနော်"
"ကျေးဇူးပါရှင့်"
လက်ထောက်လေး ထွက်သွားပြီးနောက် ဘုံပိုင်ခေါင်းကိုဖွင့်ချကာ သူမမျက်နှာပေါ်က နှုတ်ခမ်းနီရာများကို သုတ်ပစ်လိုက်သည်။
ရှန်ရှင်းယုက လင်းယွီ၏ စီနီယာအသိအစ်မ ဖြစ်နေခဲ့လိမ့်မယ်လို့ သူမ မထင်ထားမိချေ။ နိုင်ငံခြားမှာ ပညာသင်ယူကြစဉ်ကတည်းက သူတို့အချင်းချင်း သိလာကြသည်မှာ တော်တော်ကြာလောက်ပြီလို့ ထင်ရသည်။
လင်းယွီက ပုံမှန်အားဖြင့် ဖော်ဖော်ရွေရွေရှိတတ်သော်ငြား သူ့အနားရှိ လူများနှင့်ပေါင်းသင်းဆက်ဆံရာတွင် စည်းခြားကာ ထိန်းထိန်းသိမ်းသိမ်း နေတတ်သည့်သူပင်။
စုချန်ယန်က မှန်ထဲရှိ သူမကိုယ်သူမ ကြည့်ရင်း လင်းယွီ ထိုကုမ္ပဏီက ထွက်စာတင်လာရသည့်အကြောင်းမှာ သူနှင့်အလုပ်တွဲလုပ်သည့် မင်းသမီးက လင်းယွီ သတ်မှတ်ထားပြီးသားစည်းကို ကျော်သွားခြင်းကြောင့် ဖြစ်နိုင်ချေရှိသည်ဟုသာ တွေးနေမိသည်။
သူမလည်း သိပ်အကြာကြီး လုပ်မနေတော့ဘဲ ဧည့်ခန်းထဲ ခပ်သုတ်သုတ် ပြန်ခဲ့သည်။
ဧည့်ခန်းထဲတွင် လင်းယွီနှင့် ရှန်ရှင်းယုတို့မှာ ဆိုဖာတွင်ကိုယ်စီထိုင်နေကြပြီး ခင်မင်ရင်းနှီးစွာ စကားပြောနေကြသည်ပင်။
စုချန်ယန်က မရည်ရွယ်မိဘဲနှင့် ခိုးနားထောင်သလိုဖြစ်သွားမှာ စိုးတာကြောင့် သူမလာနေပြီမှန်း ထိုနှစ်ဦးလုံးသတိထားမိအောင် ခြေသံကို တမင်တကာ အသံပြင်းပြင်း လျှောက်လိုက်သည်။ သို့မှသာလျှင် သူမ မကြားသင့်သည်များကို ကြားရမည် မဟုတ်တော့ပေ။
စုချန်ယန် ရှိနေပေမဲ့လည်း သူတို့ပြောနေတာက ရပ်မသွားခဲ့ပေ။
"လင်းယွီ ပွင့်ပွင့်လင်းလင်း ပြောရရင် နင့်ရဲ့မင်းသမီးလေးကို Weibo မှာ ငါမြင်လိုက်တုန်းက စစချင်းကတော့ ငါ့စိတ်ထဲမှာ သူက နင့်အပေါ် မရှိသင့် မရှိအပ်တဲ့ခံစားချက်တွေ ရှိလာပြီး နင်နဲ့ငါ့ကြားက ဆက်ဆံရေးကို သေချာဘယ်လိုသိအောင် လုပ်ရမှန်းမသိတာကြောင့် အထင်တွေလွဲပြီး ငါ့ကို စိတ်မချမ်းမသာဖြစ်အောင် လုပ်ချင်နေတယ်လို့ ထင်ခဲ့တာ"
ရှန်ရှင်းယုက ထိုသို့ပြောနေစဉ် သူမကို မရှောင်သည့်အပြင် သူမကို ကြည့်ကာ ပြောနေခဲ့သည်။
စုချန်ယန်က ဘာပြောရမှန်းမသိအောင် ဖြစ်သွားရပြီး
ကိုယ့်ရှေ့တည့်တည့်မှာ ဒီလိုကိစ္စမျိုး ပြောထွက်တာကတကယ်ကြီး သင့်တော်ရဲ့လားဆိုသည်ကို တွေးနေမိသည်။
သူမက ထပ်ပြောခဲ့သည်။ "နင်အရင်တစ်ခါ အီတလီကခေါ်လာတဲ့ မင်းသမီးလိုပေါ့"
ဤသည်ကိုကြားမိတော့ စုချန်ယန် အံ့အားသင့်သွားရသည်။ သူမထင်ထားတာ မှန်ခဲ့သည်ပင်။ အရင်မင်းသမီး တစ်လက်က လင်းယွီ စည်းခြားသတ်မှတ်ထားသော ဘောင်ကို ကျော်သွားခဲ့ခြင်းပင်။
လင်းယွီက စုချန်ယန်ကို ကြည့်ကာ တစ်နေရာရာတွင်ထိုင်ဖို့ လက်ဟန်ခြေဟန်ဖြင့် ပြောခဲ့သည်။ ကြည့်ရတာ ရှန်ရှင်းယု ပြောသည်ကို နည်းနည်းမှ မှုသည့်ပုံမပေါ်ပေ။
ဤအခြေအနေတွင် စုချန်ယန်လည်း နားမကြားရသည့်လူတစ်ယောက်လိုသာ ထိုင်နေဖို့ ဆုံးဖြတ်လိုက်ပြီး ဘာမှ မကြားသလိုသာ နေလိုက်တော့သည်။
ထို့နောက် သူတို့နှစ်ယောက်နှင့် နည်းနည်းခြားထားသည့် တခြားဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်သည်။
လင်းယွီပ မျက်မှောင်ကြုံ့ကာ ပြောခဲ့သည်။ "အစ်မ ပထမဆုံးအနေနဲ့.. ကျွန်တော်တို့ နှစ်ယောက်ကြားမှာ နားလည်မှု လွဲစရာကိစ္စဆိုတာ လုံးဝမရှိခဲ့ဘူး။ ဒုတိယအချက်အနေနဲ့ ချန်ယန်က ဒီလိုပျင်းစရာကောင်းတဲ့ကိစ္စတွေကို လိုက်လုပ်မဲ့သူလည်း မဟုတ်ဘူး။ နောက်ဆုံးတစ်ချက်အနေနဲ့..အစ်မ ဒီလိုပြောလိုက်တာက ချန်ယန်နဲ့ကျွန်တော့်ကို အရှက်ရစေတယ်။ သိမ်နုတ်ညံ့ဖျင်းတဲ့လူတစ်ယောက်ရဲ့ အတွေးအခေါ်လောက်နဲ့ ဂုဏ်သရေရှိလူတစ်ယောက်ရဲ့စိတ်နေစိတ်ထားကို ဒီလိုတိုင်းတာ တာမျိုးတွေ ကျေးဇူးပြုပြီး မလုပ်ပါနဲ့
စုချန်ယန်က ဟိုကြည့်ဒီကြည့်ဖြင့် ယောင်လည်ချာလည်လုပ်ရင်း ပြောနေသည်များကို နားမလည်ဟန်ဆောင်နေလိုက်သည်။
ထိုသို့ကြားလိုက်ရတော့ ရှန်ရှင်းယုက လင်းယွီကို စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်ကာ သူမ၏ နဂိုပုံစံအတိုင်းပြန်ဖြစ်သွားပြီး အော်ခဲ့သည်။
"ဘာလို့ အဲ့လိုအကြင်နာတရားမဲ့တဲ့ စကားမျိုးတွေ ပြောရတာလဲ! နည်းနည်းမှ ချစ်ဖို့ကောင်းမနေဘူးနော်"
ထိုအချိန်တွင် သူမ စုချန်ယန်ဘက်လှည့်ကာ စသလို နောက်သလို ပြောခဲ့သည်။
"ဒီမှာ မိန်းကလေး နင့်ကို သတိမပေးဘူးလို့တော့ ငါ့ကို အပြစ်မတင်နဲ့နော်။ သူ့ရဲ့ယဉ်ကျေးပျူငှာတဲ့ အပြုအမူ၊ လူတိုင်းကို တန်းတူဆက်ဆံတတ်တာတွေနဲ့ အရူးလုပ်မခံနဲ့။ အမှန်တိုင်းပြောရရင် သူ့လိုလူက အရမ်းသွေးအေးပြီး နည်းနည်းမှ အကြင်နာတရားမရှိဘူး။ မယ်ရီ့ခြေရာကို လိုက်မနင်းမိအောင်လို့ သတိတော့ထားပေါ့။ မယ်ရီ့ကိုရော သိလား? အစ်မပြောပြမယ် သူမက အရမ်းသနားစရာကောင်းတာ။ သူမရဲ့ခံစားချက်က်ို ဝန်ခံပြီး နောက်နေ့မှာပဲ...."
"ရှန်ရှင်းယု! ငါ့ကိုထပ်ပြီး အရှက်မခွဲနဲ့တော့!"
ပြောနေတုန်း တန်းလန်းမှာပဲ လင်းယွီ လေသံက ရုတ်တရတ် မာကြောလာခဲ့သည်။
ရှန်ရှင်းယု မျက်နှာက ကြက်သေသေသွားကာ ပါးစပ်ကိုလက်ဖြင့်ပိတ်ထားမိသွားသည်။
စုချန်ယန်က တစ်ခါမှ မချစ်ဖူးသလို အတွေ့အကြုံလည်း မရှိပေမဲ့ ရှန်ရှင်းယု စကားထဲက သူမကို သတိပေးနေသလို သွယ်ဝိုက်ပြောချင်သည့် အဓိပ္ပာယ်ကို သူမကြားယောင်မိသည်။
သူမ ဘာမှပြန်မပြောဘဲ ခေါင်းသာငုံ့ထားမိသည်။ တကယ်တော့ ဘယ်သူမှ သူမကိုသတိပေးစရာမလိုခဲ့ပေ။ လင်းယွီကို နှစ်လနီးပါး သိခဲ့ရပြီးနောက် သူ့ကိုသဘောကျမိခြင်းက အရမ်းကိုမှ စိတ်ဒုက္ခရစေပြီး စိန်ပင်ပန်းရမည့် အဖြစ်မျိုးမှန်း သူမကိုယ်တိုင် သေချာပေါက် သိခဲ့ပြီးသားပင်။
သူမ၏ ရိုးရှင်းသည့် အိပ်မက်လေးသည် ထိုသို့သော ပြီးပြည့်စုံသည့် ယောက်ျားမျိုးကို ကြိုက်မိဖို့ အားမပေးခဲ့ပေ။
သူတို့စတွေ့စဉ်ကတည်းက ယခုအချိန်အထိ စုချန်ယန်က လင်းယွီအပေါ် မသင့်တော်သည့် အတွေးမျိုး တစ်ခါမှ မတွေးမိခဲ့ဖူးပေ။
လင်းယွီက ပြောလက်စ အကြောင်းအရာကို ဆက်မပြောချင်တော့တာမို့ Weibo ဘက်ကို အကြည့်ပြောင်းနေလိုက်သည်။ သူ့လေသံက ပြန်တည်ငြိမ်သွားပေမယ့် အေးတိအေးစက်ဖြစ်နေဆဲပင်။
"စီနီယာ ဒီနေ့ ကျွန်တော် ချန်ယန်ကို အစ်မနဲ့တွေ့ပေးဖို့ခေါ်လာခဲ့တာ။ ချန်ယန်က အစ်မကို ပြဿနာဖြစ်စေဖို့မရည်ရွယ်ခဲ့ပေမယ့် သူ့အနေနဲ့လည်း အစ်မအပေါ်ကိုရှောင်လွှဲမရနိုင်တဲ့ အခြေအနေမျိုး သက်ရောက်စေခဲ့တယ်"
တစ်နည်းအားဖြင့် စုချန်ယန်၏ ကာတွန်းအပိုင်းဆက်ပုံများနှင့် မတော်တဆ ဆက်စပ်သလို ဖြစ်သွားရသည်မှာ အမှန်ပင်ဖြစ်ကာ ထိုအဖြစ်ကလည်း သူမအား တစ်မျိုးတစ်ဖုံ ထိခိုက်နစ်နာစေခဲ့သည်သာ..
စုချန်ယန်လည်း အလိုက်တသိနှင့် မတ်တပ်ထရပ်ကာ
တောင်းပန်ချင်ခဲ့ပေမဲ့ လင်းယွီက သူမကို ကြည့်ကာ ဆက်မလုပ်ရန် မျက်လုံးနှင့် အချက်ပြခဲ့သည်။
ရှန်ရှင်းယုက ဆိုဖာကိုမှီချလိုက်ပြီး လက်တစ်ဖက်က ခေါင်းကို ထောက်လျက် အနေထားနှင့် လင်းယွီကို တည်ငြိမ်သည့် အကြည့်နှင့် ကြည့်ကာ ဝေ့လည် ကြောင်ပတ် ပြန်ပြောခဲ့သည်။
"စုချန်ယန်ကို မြင်လိုက်ကတည်းက ဒီလိုပျင်းစရာကောင်းတဲ့ကိစ္စမျိုးတွေ လုပ်တတ်တဲ့ညလူစားမျိုးမဟုတ်မှန်း ငါသိပါတယ်။ ဒါပေမယ့် ငါက မင်းရဲ့ဒီကာတွန်း အပိုင်းဆက်တွေဆွဲရတဲ့ အဓိကရည်ရွယ်ချက်က ဘာလဲဆိုတာ သိချင်ခဲ့ရုံပါ"
စုချန်ယန်က အနေရခက်စွာ ရယ်ပြီး လင်းယွီဆီလှမ်းကြည့်လိုက်သည်။
လင်းယွီလည်း စုချန်ယန် ထုတ်ပြောရမှာကို ရှက်နေမှန်းသတိထားမိတာမို့ USB driveကို ထုတ်လိုက်သည်။ "စီနီယာ အစ်မ ဒါကိုမြင်ရင် နားလည်သွားမှာပါ"
ရှန်ရှင်းယုလည်း သိချင်စိတ်ပြင်းပြစွာနဲ့ သူ့ဆီက USB ကို ယူလိုက်ပြီး လက်ထောက်ကို ပေးလိုက်ကာ လက်ပ်တော့ ယူလာပေးဖို့ မှာလိုက်သည်။ လက်ထောက်လေးကလည်း မှာသည့်အတိုင်း လုပ်ပေးခဲ့သည်။
ဗီဒီယိုကို စဖွင့်လိုက်သည်နှင့် စုချန်ယန်လည်း ဘာဆက်ဖြစ်မလဲဆိုသည့် သိချင်စိတ်ဖြင့် တုပ်တုပ်မျှမလှုပ်ဘဲ နားစွင့်နေမိသည်။
စုချန်ယန်က ယခုလို အရေးကြီးသည့်ကိစ္စမျိုးကို ရင်ဆိုင်ရဖို့အထိ မတွေးမိခဲ့ပေမဲ့ ဒီလိုအချိန်တွင် ကိုယ့်သေတွင်း ကိုယ်တူးသလို အရှက်ကွဲမည့် ဗီဒီယိုမျိုးကိုကြည့်နေရတာလောက် မျက်နှာပျက်ရမည့်အဖြစ်မျိုးမရှိနိုင်တော့ပေ။
လက်ထောက်ရှု ပြောပုံအရ ပရိုဂရမ် အဖွဲ့သားများက အစီအစဉ် တစ်ခုလုံးတွင် ပါသည့် မြင်ကွင်းများနှင့် USB ထဲရှိ စုချန်ယန်၏ မီးရောင်အောက်တွင် မျက်လုံးများ ရဲနေအောင်ငိုထားသည့် အခန်းကို စိစစ်တည်းဖြတ်ရာတွင် အလွန် စိတ်ကူးစိတ်သန်း ကောင်းမွန်ခဲ့ခြင်းဖြစ်သည်။
စုချန်ယန်က သူမ ငိုနေစဉ် နောက်ထပ် ရှက်စရာကောင်းသည့်စကားမျိုးတွေ မပြောမိခဲ့သည်မှာ အလွန့်အလွန် ကံကောင်းသည်ဟု ခံစားမိသည်။
USB drive ထဲမှ ဗီဒီယိုပြသခြင်း ပြီးဆုံးသွားသည်နှင့် အခန်းတွင်းရှိ လေထုထဲ အရာရာ ရပ်ဆိုင်းသွားသလို ၁၀ စက္ကန့်မျှ မတုန်မလှုပ်ဘဲ တောင့်တောင့်ကြီး ဖြစ်ကုန်ကြသည်။
စုချန်ယန်လည်း ငှက်ကုလားအုပ်လို ခေါင်းကြီးငုံ့ထားလျက် ဘာမှမဖြစ်သလို နေခဲ့သည်။
ခဏကြာတော့ ရှန်ရှင်းယုက စကားစပြာခဲ့သည်။ "အမှန်တိုင်းပြောရရင် ငါ့မျက်စိနဲ့သာ တပ်အပ် မမြင်လိုက်ရရင် တကယ်ပဲ နင့်ဘက်က ငါ့ကို မနာလိုနေတယ်လို့ကိုတွေးနေမိတော့မှာ"
စုချန်ယန် - "...."
"အဝက်အူချောင်းလေး တစ်ချောင်းအတွက်နဲ့ အဲ့လိုလုပ်ရလောက်တဲ့ထိ တန်လို့လား ငါသိချင်လို့ပါ"ရှန်ရှင်းယုက မေးခဲ့သည်။
စုချန်ယန်က မျက်နှာမော့လာကာ လင်းယွီကို ကြောက်ရွံနေသလို ကြည့်ရင်းပြောခဲ့သည်။"ကျွန်မ ဗိုက်ဆာလာရင် စိတ်မထိန်းနိုင်တော့လို့.."
ထိုမြင်ကွင်းမှာ တစ်ဖန်ကြက်သေသေသလို ပြန်ဖြစ်သွားကာ လင်းယွီက ဘာမှမဖြစ်သလို လက်ဖက်ရည်ခွက်ကိုယူပြီး တစ်ငုံယူသောက်နေစဉ် ရှန်ရှင်းယုနှင့် သူ့လက်ထောက်က ရယ်ချင်နေတာကို မနည်းတင်းခံနေပုံကို စုချန်ယန်မှ စိုးရွံ့နေဟန်ဖြင့် မော့ကြည့်ခဲ့သည်။
ဘယ်လိုမှ ပါးစပ်စိမရတော့သည့်အဆုံး ရှန်ရှင်းယုလည်း ရယ်ချင်သည်ကို ထိန်းမထားနိုင်တော့ဘဲ ပါးစပ်ကို လက်ဖြင့်အုပ်ကာ တခစ်ခစ်ရယ်ခဲ့သည်။
ရှန်ရှင်းယု - "လင်းယွီ နင် တကယ့် အဖိုးတန်လေးကို ကောက်ရထားတာပဲ။ သူမက တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်။ နင် နောက်ပိုင်း သူ့ကိုစိတ်တိုင်းမကျဖြစ်လာတဲ့ အချိန်ရောက်ရင် သူ့ကို ငါ့ဆီ လွှဲပေးလိုက်။ သူမကို ငါတော်တော် စိတ်ဝင်စားမိသွားပြီ"
လင်းယွီမှ ခွက်ကိုသူ့နေရာအတိုင်း အေးအေးဆေးဆေးပင် ပြန်ချရင်း ရှန်ရှင်းယုကို ကြည့်ကာ ပြန်ပြောခဲ့သည်။
"တိုက်တိုက်ဆိုင်ဆိုင်ပဲ .. ကျွန်တော်လည်း သူမကို အတော်လေး စိတ်ဝင်စားနေတာ"
လင်းယွီ - "စကားမစပ် စီနီယာ ကျွန်တော် အစ်မကိုလာတွေ့အောင်လို့ အခုလို ကလေးဆန်ပြီး ခေါင်းမာတဲ့ အပြုမူမျိုးတွေ သုံးပြီးလုပ်ခဲ့တယ်။ ကျွန်တော်နဲ့ချန်ယန်ကို အရှက်ရအောင်လည်း လုပ်ထားတာဆိုတော့ အစ်မအနေနဲ့ ချန်ယန်ကို တောင်းပန်သင့်ပြီ"
စုချန်ယန်လည်း ဘာမှမပြောနိုင်ဘဲ ကြောင်အသွားရသည်။