အဘိုးနှင့်တိုက်ခိုက်ခြင်း....
Vol. 14 Ch. 220
" ဒါဆိုလည်း ထားလိုက်တော့။ " လင်းယွမ်၏ အမူအရာက တည်ငြိမ်နေသည်။
သူက မုရှင်းလျိုနှင့် တွေ့ဆုံခြင်းမှာ တာအိုအင်မော်တယ်ဂိုဏ်းက သိုင်းတာအိုအပေါ် သဘောထားကို သိချင်သောကြောင့် ဖြစ်သည်။ သူက တောင်ပေါ်သို့တက်လာကတည်းက ရှုံးနိမ့်မှုအတွက် ပြင်ဆင်ထားသောကြောင့် သူ၏ မိသားစုကို အရှေ့ပင်လယ်သို့ ခေါ်သွားရန် ထိုက်ယန်မူလစိတ်ဝိညာဉ်ကို စေလွှတ်ခဲ့ခြင်း ဖြစ်သည်။
" ထားလိုက်တော့ " မုရှင်းလျိုက တိတ်ဆိတ်နေသည်။ ထိုစကားအရ သူတို့၏ ပူးပေါင်းမှုက ကျရှုံးသွားပြီဖြစ်သည်။
" ဝူကျိ " မုရှင်းလျို၏ အကြည့်များက သိလိုစိတ်များ ပြင်းပြလာသည်။ သူ၏ ခေါင်းအထက်မှ ထိုက်ဟောက်အင်မော်တယ်ကြေးမုံက အင်မော်တယ်အလင်းတန်းများ ထုတ်လွှတ်နေသည်။
" အဲ့ဒီ သခင်ယွမ်ယန်ဆိုတာ မင်းရဲ့ ကိုယ်ပွားတစ်ခုလား။ " မုရှင်းလျိုက မေးလိုက်သည်။
ကိုယ်ပွားများ ဖန်တီးသော နည်းစနစ်များက ရှားပါးခြင်းမရှိဘဲ တာအိုအင်မော်တယ်ဂိုဏ်းတွင်လည်း ရှိလေသည်။
သို့သော် ကိုယ်ပွားတစ်ခု ဖန်တီးရန် ကြီးမားသော တန်ဖိုးကို ပေးဆပ်ရပြီး အဆုံးတွင် သူတို့၏ စိတ်ဝိညာဉ်အပိုင်းအစတစ်ခုကို ခွဲထုတ်ပြီး ကိုယ်ပွားနှင့် ပေါင်းစပ်ရလေသည်။ စိတ်ဝိညာဉ်အပိုင်းအစတစ်ခု ဆုံးရှုံးသွားခြင်းမှာ ကျင့်ကြံခြင်းအရှိန်နှင့် အခြားရှုထောင့်များ အားနည်းသွားနိုင်လေသည်။
ထို့ကြောင့် မုရှင်းလျိုက ကိုယ်ပွားနည်းစနစ်ကို မကျင့်ကြံခြင်း ဖြစ်သည်။ သူက ထိုက်ဟောက်အင်မော်တယ်ကြေးမုံကို အသုံးပြုပြီး ကိုယ်ပွားတစ်ခုနှင့် မခြားသော ပုံရိပ်ကို ထုတ်လွှတ်နိုင်လေသည်။
" ဝူကျိ ဒီနေ့ မင်းဘယ်လောက်သန်မာလာလဲဆိုတာ ငါကြည့်ချင်တယ်။ " မုရှင်းလျိုက ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး သူ၏ ခေါင်းအထက်မှ ထိုက်ဟောက်အင်မော်တယ်ကြေးမုံကလည်း တောက်ပလာသည်။
တောင်ခြေတွင် ရွှင်းဟွာနှင့် ချိုးယွဲ့တို့က စကားပြောနေကြသည်။
" သခင်လေး တက်သွားတာ ကြာပြီ။ ဘာလို့ပြန်မဆင်းလာသေးတာလဲ။ "
" သခင်လေးက အပြင်မထွက်တာကြာပြီဆိုတော့ ဂိုဏ်းချုပ်နဲ့ စကားပြောနေတာ နေမှာပေါ့။ "
" ဂိုဏ်းချုပ်က သခင်လေးနဲ့ စကားပြောတယ်ဆိုတည်းက သူတို့မှာ ခံစားချက်တွေ ရှိနေသေးတယ်ဆိုတာ ပြနေတာပဲ။ "
စကားပြောနေရင်း သူတို့နှစ်ယောက်က တောင်ထိပ်သို့ လှမ်းကြည့်လိုက်ကြသည်။
ရုတ်တရက် ကြောက်စရာကောင်းသော စွမ်းအားလှိုင်းတစ်ခုက တောင်ထိပ်မှ ထွက်ပေါ်လာသည်။
ရွှင်းဟွာနှင့် ချိုးယွဲ့တို့က ထိတ်လန့်သွားကြပြီး တောင်ထိပ်မှ ပုံရိပ်နှစ်ခု ကောင်းကင်သို့ ထိုးတက်သွားသည်ကို မြင်လိုက်ရသည်။
ဘယ်ဘက်တွင် တာအိုအင်မော်တယ်ဂိုဏ်းချုပ် မုရှင်းလျိုက ထိုက်ဟောက်အင်မော်တယ်ကြေးမုံနှင့်အတူ အဆုံးမရှိသော အလင်းတန်းများ ထွက်ပေါ်နေသည်။
ညာဘက်မှ လူက ကြီးမားသော ခွန်အားကို ပိုင်ဆိုင်ပုံရပြီး သွေးစွမ်းအားများနှင့် သွေးနီရောင် တိမ်တိုက်များက မိုင်တစ်သောင်းအတွင်း စီးဆင်းနေကြသည်။
ခေါင်းအထက်တွင် ထိုက်ဟောက်အင်မော်တယ်ကြေးမုံနှင့် မုရှင်းလျိုက သွေးစွမ်းအားပင်လယ်ထဲတွင် အချိန်မရွေးနစ်မြှုပ်သွားနိုင်သော သင်္ဘောတစ်စင်းကဲ့သို့ ရှိနေသည်။
ရွှင်းဟွာနှင့် ချိုးယွဲ့တို့ လုံးဝနားမလည်နိုင်သည်မှာ ဂိုဏ်းချုပ်ကို လွှမ်းမိုးထားသော ပုဂ္ဂိုလ်က သူမတို့၏ သခင်လေး ကျွင်းဝူကျိဖြစ်နေသည်။
သခင်လေးက ဂိုဏ်းချုပ်ကို တိုက်ခိုက်နေတာလား။ ဂိုဏ်းချုပ်က သခင်လေးကို အနိုင်မယူနိုင်ဘူးလား။ ရွှင်းဟွာနှင့် ချိုးယွဲ့တို့က ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။
မုရှင်းလျိုနှင့် လင်းယွမ်တို့ ထိပ်တိုက်တွေ့သည့်အချိန်တွင် ကြောက်စရာကောင်းသေယ အတက်အကျတစ်ခုက အဖက်ဖက်သို့ ပျံ့နှံ့သွားသည်။
အနောက်ဘက်နယ်မြေ။
နတ်ဆိုးသူတော်စင်အသိုက်။
နတ်ဆိုးသူတော်စင်က ထိုက်ဟောက်ကြေးမုံ၏ တိုက်ခိုက်မှုကို ခုခံသွားသော သခင်ယွမ်ယန်၏ ခွန်အားကို စဉ်းစားနေသည်။
" အဲ့ဒါဘာလဲ။ " နတ်ဆိုးသူတော်စင်၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။
သူက အလယ်ပိုင်းနတ်ဘုရားကုန်းမြေတွင် စွမ်းအားကောင်းသော အော်ရာနှစ်ခု ထိပ်တိုက်တွေ့သည်ကို ခံစားလိုက်ရသည်။
အော်ရာတစ်ခုက အကန့်အသတ်မရှ်သော အလင်းတန်းများ ဝန်းရံနေပြီး မုရှင်းလျို ဖြစ်ပေလိမ့်မည်။
အခြားတစ်ဖက်က သွေးစွမ်းအားများ ထွက်ပေါ်နေပြီး အလယ်ပိုင်းနတ်ဘုရားကုန်းမြေကို တုန်လှုပ်သွားစေခဲ့သည်။ ထိုက်ဟောက်အင်မော်တယ်ကြေးမုံ၏ အဆုံးမရှိသော အလင်းတန်းများက ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်ထက် ကျော်လွန်သော်လည်း ကြောက်စရာကောင်းသော သွေးစွမ်းအားများကြား၌ မတည်မငြိမ် ဖြစ်နေပုံရလေသည်။
" အဲ့ဒါ ဘယ်သူလဲ။ "
" အလယ်ပိုင်းနတ်ဘုရားကုန်းမြေမှာ မုရှင်းလျိုကို ဖိနှိပ်နိုင်တာ ဘယ်သူလဲ။ " နတ်ဆိုးသူတော်စင်က အမှန်တကယ် ထိတ်လန့်သွား၏။
မုရှင်းလျိုက ထိုက်ဟောက်အင်မော်တယ်ကြေးမုံကို ကိုင်ဆွဲထားလျှင် ဘယ်သူမှ သူ့ကို မဖိနှိပ်နိုင်ပေ။
" ထွက်ပေါ်လာစမ်း။ " နတ်ဆိုးသူတော်စင်က အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏ လက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်သည်။
သူက ထိုနေရာမှ အလယ်ပိုင်းနတ်ဘုရားကုန်းမြေရှိ တိုက်ပွဲကို မြင်နိုင်ရန် လျို့ဝှက်နည်းစနစ်အချို့ကို အသက်သွင်းခဲ့ခြင်းဖြစ်သည်။
ပုံရိပ်အချို့က ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။ ၎င်းက ကောင်းကင်ကိုးပါးတွင် တိုက်ခိုက်နေကြခြင်း ဖြစ်သည်။
သွေးနီရောင် တိမ်တိုက်များနှင့် သန့်စင်သော သွေးစွမ်းအားများက နေရာအနှံ့စီးဆင်နေသည်။
ထိုသွေးပင်လယ်၏ အလယ်တွင် လူတစ်ယောက်က လက်သီးနည်းစနစ်တစ်ခုကို အသုံးပြုပြီး မုရှင်းလျိုနှင့် ထိုက်ဟောက်အင်မော်တယ်ကြေးမုံတို့ကို ဖိနှိပ်နေသည်။ ထိုလူ၏ လက်သီးချက်တိုင်းက ထိုက်ဟောက်အင်မော်တယ်ကြေးမုံပေါ်တွင် လက်သီးရာများ ပေါ်လာသော်လည်း ကြေးမုံက တာအိုပေါင်းစည်းခြင်းအဆင့် ရတနာတစ်ခု ဖြစ်သောကြောင့် လျင်မြန်စွာ ပျောက်ကင်းသွားသည်။
" သွေးစွမ်းအားလား။ ရုပ်ခန္ဓာကျင့်ကြံခြင်းလား။ မဟုတ်ဘူး အဲ့ဒါတင်မဟုတ်ဘူး။ " နတ်ဆိုးသူတော်စင်က စိတ်လှုပ်ရှားစွာဖြင့် တံတွေးများ မျိုချလိုက်သည်။ ထိုကဲ့သို့ ကြောက်ရွံ့မှုမျိုး မခံစားရသည်မှာ ကြာပြီဖြစ်သော်လည်း ယခုအခါ ထိုစွမ်းအားကြီးသောလူကို မြင်လိုက်ရချိန်တွင် နတ်ဆိုးသူတော်စင်၏ စိတ်က တုန်လှုပ်သွားခဲ့သည်။
" ဘယ်သူဖြစ်နိုင်လဲ။ "
" ဘယ်သူဖြစ်နိုင်လဲ။ "
နတ်ဆိုးသူတော်စင်က လျို့ဝှက်နည်းစနစ်များကို ဆက်လက်ထုတ်ဖော်နေပြီး ထိုလူ၏ အသွင်အပြင်က တဖြည်းဖြည်း ရှင်းလင်းလာသည်။
" အဲ့ဒါက..." နတ်ဆိုးသူတော်စင်က မျက်လုံးများ ပြူးကျယ်သွားသည်။
ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် ရှေးဟောင်းသူတော်စင်တစ်ယောက်အနေဖြင့် သူ၏ မှတ်ဉာဏ်ု မယုံနိုင်လောက်အောင် ကောင်းမွန်လေသည်။ သူနိုးလာသည့်အကြိမ်တိုင်း တာအိုအင်မော်တယ်ဂိုဏ်းမှ ထင်ရှားသောလူများကို မှတ်သားထားလေသည်။
ထိုသန်မာသော လူက တာအိုအင်မော်တယ်ဂိုဏ်းတွင် စိတ်ဝိညာဉ်အမြစ်မရှိခြင်းကြောင့် အမှိုက်ဟု သတ်မှတ်ခံထားရသော ကျွင်းဝူကျိဖြစ်နေသည်။
" ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ " နတ်ဆိုးသူတော်စင်က အံ့အားသင့်နေပြီး အချိန်ကြာသည်အထိ ပြန်ကောင်းမလာခဲ့ပေ။
" အဲ့ဒါ ကျွင်းဝူကျိလား။
" သူက ဘယ်လောက်တောင်သန်မာတာလဲ။ " သွေးနတ်ဆိုးပင်လယ်တွင် သွေးနတ်ဆိုးသခင်ကလည်း အလွန်တုန်လှုပ်နေသည်။
ယခင် သူက ကျွင်းတုန်ကျင်းကို စည်းရုံးရန် ကျွင်းဝူကျိကို အသုံးချချင်ခဲ့သည်။ ထို့ကြောင့် သူက ကျွင်းဝူကျိကို အာရုံစိုက်ခဲ့လေသည်။
ယခုမူ သွေးနတ်ဆိုးသခင်က ထိတ်လန့်သွားမိသည်။ သွေးနတ်ဆိုးလမ်းစဉ်က သန့်စင်သော သွေးစွမ်းအားများကို ကြောက်ရွံ့ပြီး သွေးနတ်ဆိုးသခင်က သွေးပင်လယ်တည်ရှိသရွေ့ မသေနိုင်ဘူးဟု ဆိုသော်လည်း သွေးစွမ်းအားများ လွှမ်းခြုံထားသောလူကို မြင်လိုက်ရချိန်တွင် သူက မုရှင်းလျို၏ နေရာတွင် ရှိခဲ့လျှင် အကန့်အသတ်မရှိသော သွေးစွမ်းအားကြောင့် သွေးနတ်ဆိုးပင်လယ်က အငွေ့ပျံသွားနိုင်သည်ဟု ခံစားလိုက်ရလေသည်။
" ကျွင်းဝူကျိ မင်းဒီလောက်ထိ ဖုံးကွယ်ထားနိုင်လိမ့်မယ်လို့ ငါမမျှော်လင့်ခဲ့မိဘူး။ " သွေးနတ်ဆိုးသခင်က စိတ်ကို ပြန်လည်တည်ငြိမ်စေလိုက်သည်။
သူက ကျွင်းဝူကျိကို သိမ်းသွင်းရန် သွေးရောင်ပုံရိပ်အား လွှတ်ခဲ့သည်ကို တွေးမိလိုက်သည်။
သွေးရောင်ပုံရိပ်က အလွန်လျင်မြန်စွာ သေဆုံးခဲ့ပြီး မုရှင်းလျိုက ထိုက်ဟောက်အင်မော်တယ်ကြေးမုံနှင့် ရှာတွေ့ခဲ့သည်ဟုသာ သွေးနတ်ဆိုးသခင်က ထင်ခဲ့လေသည်။ ယခုအချိန်တွင် သွေးရောင်ပုံရိပ်က ကျွင်းဝူကျိ၏ လက်ထဲတွင် သေဆုံးသွားပုံရလေသည်။
" ကံကောင်းလို့..." သွေးနတ်ဆိုးသခင်က မုရှင်းလျိုကို အပေါ်စီးမှ တိုက်ခိုက်နေသော ကျွင်းဝူကျိကို ကြည့်ပြီး စိတ်သက်သာသွား၏။
ကျွင်းဝူကျိက သူ၏ အဘိုးနှင့် တိုက်ခိုက်နေသည့်အကြောင်းရင်းကို မသိသော်လည်း ၎င်းက ကောင်းသောအရာဖြစ်လေသည်။
ကျွင်းဝူကျိ၏ ခွန်အားနှင့် သူက မုရှင်းလျိုနှင့် လက်တွဲပြီး သူတို့ကို သတ်ချင်လျှင် သူတို့က လွှတ်မြောက်ချင်တောင် လွတ်မြောက်နိုင်မည်မဟုတ်ပေ။
အခြားရှေးဟောင်းသူတော်စင်များက အသက်ရှင်ရန် ပုန်းကွယ်နေနိုင်သော်လည်း သွေးနတ်ဆိုးပင်လယ်နှင့် ပေါင်းစည်းထားသော သူက လွတ်မြောက်နိုင်မည်မဟုတ်ပေ။
မိစ္ဆာနန်းတော်။
မိစ္ဆာဘုရင်၏ နဖူးမှ ချွေးများစီးကျနေသည်။ သူက လင်းယွမ်နှင့် မုရှင်းလျိုတို့၏ တိုက်ပွဲမှ အော်ရာများကို ခံစားနေသည်။
ထိုမျှ သန်မာသော သွေးစွမ်းအားများနှင့် သူ့ကို ဖိနှိပ်လာလျှင် မိစ္ဆာဘုရင်က အကျိုးဆက်များကို တွေးပင် မတွေးရဲပေ။
မိစ္ဆာဘုရင်ဖြစ်သော သူက မသေနိုင်သော စွမ်းအားကို ပိုင်ဆိုင်သော်လည်း မသေနိုင်ခြင်းက အကန့်အသတ်ရှိလေသည်။ ထိုသွေးစွမ်းအားများနှင့် သတ်ဖြတ်ခံရလျှင် အရေပြားတစ်လွှာ ခွာထုတ်ခြင်းနှင့်တူပြီး အကြိမ်အနည်းငယ်သတ်ဖြတ်ခဲ့လျှင် သူက အမှန်တကယ် သေဆူံးရပေလိမ့်မည်။
" ဆုတ်မယ် ဆုတ်မယ်။ " မိစ္ဆာဘုရင်က မိစ္ဆာနန်းတော်ကို ထိန်းချုပ်ပြီး တောင်ဘက်အစွန်းဆုံးသို့ ထွက်ပြေးသွားခဲ့သည်။ သူက အမှန်တကယ် ကြောက်ရွံ့သွားခဲ့လေသည်။