← Chapters

မင်းတို့ ငါ့ကို အပြစ်ပေးလို့ မရဘူး

Vol. 118 Ch. 1766

မင်းတို့ ငါ့ကို အပြစ်ပေးလို့ မရဘူး

Vol. 118 Ch. 1766

“ ဖြစ်နိုင်ရင် ရှိလိုက်ချင်တာပေါ့ … ဒါပေမယ့် အစ်ကိုရီက ငါတို့ကို လျစ်လျူရှုထားလို့သာပေါ့ …” ရှောင်ပင်း ပြောလိုက်သည်။

“ နင် အပြစ်တင်ချင်တယ်ဆို အပြစ်ပြောစရာ မရှိအောင် လှနေတဲ့ ယောင်းမကိုပဲ အပြစ်တင်လိုက်တော့ … ငါတို့မှာ အခွင့်အရေးလေးတောင် မရှိတော့ပါဘူးလေ… ဟင်း …” လော့ချီမှ သက်ပြင်းချလိုက်၏။

“ ဟင်း… ဟင်း … ဟင်း … ဒါကြီးကတော့ တအား လွန်လွန်းအားကြီးသွားပြီ….” ကျိုးလျန် ပြောလိုက်ပြီး “ အစကတည်းက ဟွာရှရဲ့ ယောက်ျားဦးရေနဲ့ မိန်းမဦးရေ အချိုးက မညီပါဘူးဆိုနေ အခု မင်းတို့အားလုံးက ခေါင်းဆောင်ဆီ အကုန်ပစ် ဝင်ချင်နေကြမှတော့ ငါတို့လို လူပျိုလေးတွေက ဘယ်လို အသက်ဆက်ရှင်ကြရတော့မှာ ….”

“ အဖြေသိချင်ရင် ကိုယ့်ရုပ်ကိုယ် မှန်ထဲ ပြန်ကြည့်လိုက်ကြ …. “ ရှောင်ပင်း ပြောလိုက်ပြီး “ ငါတို့ အမျိုးသမီးတွေက ရုပ်ရည်ပဲ ကြည့်တတ်ကြတဲ့ သက်ရှိတွေပဲ ….”

“ တော် တော် တော် …” စွေ့ချန် ဝင်ပြောလိုက်ပြီး “ မင်းတို့ကောင်တွေ စကားလမ်းကြောင်း လွဲကုန်ပြီ … ခေါင်းဆောင်က ရဲဖမ်းခံသွားရတာကို မင်းတို့ကောင်တွေက ဒီအကြောင်းပြောရင်း အလုပ်ရှုပ်နေကြတယ် ….”

“ ငါတော့ ဘာဆက်ဖြစ်လာမလဲဆိုတာကို စောင့်ကြည့်တာက ပိုကောင်းမယ်လို့ ထင်တယ် … ငါတို့သာ မဆင်မခြင် လှုပ်ရှားလိုက်ရင် ခေါင်းဆောင်ရဲ့ အစီအစဉ်တွေကို ဖျက်ဆီးလိုက်သလို ဖြစ်သွားနိုင်တယ်…” ယွီစီယင် ပြောလိုက်ပြီး “ အနည်းဆုံးတော့ ခု လောလောဆယ် ငါတို့တွေ လုံခြုံနေတယ်… အပြင်ထွက်ပြီး သတင်းလေး ဘာလေး ရမရ လိုက်ကြည့်ကြတာပေါ့ …”

လူတိုင်း အတွေးနက်သွားခဲ့ကြ၏။

ကျောက်ယွင်ဟူမှ “ ငါတို့တွေ အထင်လွဲနေကြပြီး ခေါင်းဆောင် တကယ်ကြီး တစ်ခုခု ဖြစ်သွားခဲ့ရင် ဘယ်လိုလုပ်ကြမှာ ….”

ယွီစီယင် ပခုံးတွန့်ပြလိုက်၏။ “ ဒါဆိုလည်း ဘယ်တတ်နိုင်မှာ … ခေါင်းဆောင်လျိုကို အမှန်အတိုင်းပဲ ပြောလိုက်ကြတာပေါ့ … ငါတို့ ခေါင်းဆောင်ရဲ့ ဟွာရှမှာ ရှိတဲ့ လွှမ်းမိုးမှုတွေနဲ့ဆိုရင် ဒါက ပြဿနာကြီး မဟုတ်ပါဘူး … ဒါပေမယ့် ဒီလို ဖြစ်နိုင်ချေကတော့ အတော်လေး နည်းပါတယ် … သူ့မှာသာ အစွမ်းအစ မရှိရင် အသင်း ၁ ရဲ့ ခေါင်းဆောင် ဖြစ်လာမှာလား ….”

“ ငါလည်း ညီမယင်း ပြောတာကို သဘောတူတယ်… အဲ့ဒီ သုံးသပ်ချက်ကို ငါတို့ လက်မခံဘူး …” လော့ချီ ပြောလိုက်ပြီး “ အခု အရေးကြီးဆုံးက ငါတို့ရဲ့ အထောက်အထားတွေကို သုံးပြီး သတင်းတွေ ရနိုင်သလောက် စုဆောင်းဖို့ပဲ … ကျန်တာကိုတော့ မီးစင်ကြည့်ကကြတာပေါ့ ….”

“ သွားစို့ … ဒီမှာပဲ ထိုင်မနေကြနဲ့ … အပြင်ထွက်ပြီး စုံစမ်းကြမယ်….”

စွေ့ချန် ဆော်ဩလိုက်ရာ လူတိုင်း ထိုင်ခုံမှ ထ၍ လင်းရီ၏ အခန်းထဲမှ ထွက်လာခဲ့ကြသည်။

တစ်ချိန်တည်းတွင် လင်းရီသည် ရဲသား ခြောက်ယောက် ဝန်းရံလျက် ရဲကားတစ်စင်းသို့ ခေါ်ဆောင်လာခြင်း ခံရ၏။

အကုန်လုံးက လူကြမ်းကြီး ပုံစံများ ဖြစ်နေခဲ့ကြ၏။ စကားလည်း တစ်ခွန်းမှ မပြောကြသလို တင်းမာခက်ထန်သည့် မျက်နှာအမူအရာများ ပြုလုပ်ထားကြသည်။

၎င်းတို့၏ ပုံစံမှာ တစ်စုံတစ်ယောက်အား အရှင်လတ်လတ် ဆားတို့စားချင်နေသကဲ့သို့ ရှိနေသည်။

ဤမြင်ကွင်းက အတော်လေး စိတ်ဝင်စားဖို့ ကောင်းသည်ဟု လင်းရီ ခံစားလိုက်ရ၏။

ပုံမှန်ဆိုပါက သူကပဲ အပြင်သို့ထွက်ပြီး ဖမ်းခေါ်ရလေ့ ရှိသော်လည်း ယခု သူကိုယ်တိုင်က ဖမ်းဆီး ခေါ်ဆောင်ခြင်းကို ခံနေရလေသည်။

ပနားမားမြို့ကြီးက သိပ်ကြီးမားလှခြင်း မရှိပေ။ နာရီဝက်ကြာပြီးနောက် လင်းရီသည် ရဲစခန်းသို့ ခေါ်ဆောင်လာခြင်း ခံရသည်။

နာရီကို ကြည့်ရင်း အချိန် မကျသေးသည်ကို လင်းရီ သိလိုက်၏။ သူ ခေတ္တမျှ ထပ်စောင့်ရဦးမည့် ပုံပင်။

သူတို့ ရဲစခန်းကို ရောက်တော့ လင်းရီမှာ စစ်ကြောရေး အခန်းထဲသို့ ကြမ်းတမ်းစွာ ခေါ်ဆောင်လာခြင်း ခံရ၏။

ထို့နောက် သူ၏ ခြေထောက်ရော၊ လက်ပါ ထိုင်ခုံနှင့် ချုပ်နှောင်ခြင်း ခတ်ခံထားရကာ လွတ်လပ်စွာ လှုပ်ရှားနိုင်ခြင်း မရှိတော့ချေ။

စစ်ကြောရေးအခန်းမှာ သူတို့ ဟွာရှက ခရိုင် ရဲစခန်းနှင့် နှိုင်းယှဉ်နိုင်ရန်ပင် ခဲယဉ်းလှ၏။ ဟိုဟိုဒီဒီ လျှောက်ကိုင်ကြည့်ရင်း စစ်ကြောရေးထိုင်ခုံက အတော်လေး အရည်အသွေး ညံ့ဖျင်းလှကြောင်းကို လင်းရီ ခံစားမိလိုက်သည်။ သူ အားအနည်းငယ် စိုက်ထုတ်ပြီး ရုန်းလိုက်ရုံမျှဖြင့် လွတ်မြောက်သွားနိုင်သည်။

သို့သော် ထိုသို့ ပြုသည်က ကိုယ့်သေတွင်းကိုယ် တူးခြင်းပင်။

နှစ်ဘက် အပြန်အလှန် ပစ်ခတ်ပြီးသည့်နောက် သူ့ဘက်က ကံကောင်းထောက်မ၍ အသက်ရှင်လျက် လွတ်မြောက်သွားနိုင်ခဲ့လျှင်ပင် ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာ ရရှိသွားမှာကတော့ အမှန်ပင်။

ချလပ် …

စစ်ကြောရေး အခန်းတံခါး တွန်းပွင့်လာခဲ့ပြီး အသက်ကြီးကြီး ရဲအရာရှိတစ်ဦးက လေးနက်တည်ကြည်သည့် မျက်နှာ အမူအရာဖြင့် လမ်းလျှောက်ဝင်လာခဲ့၏။

ထိုလူ့ကို မြင်တွေ့ပြီးသည့်နောက် အခြားလူများအားလုံးမှ ရိုသေလေးစားသည့် အမူအရာတို့ ပြသလာကြသည်။

လင်းရီ ဝင်လာသည့် လူကို တစ်ချက် ရှိုးကြည့်လိုက်သည်။ ၎င်း၏ ရာထူးနှင့် နာမည်ကို နာမည်ကတ်ပြားတွင် အပြည့်အစုံ ရေးထိုးထား၏။

ကပ္ပတိန်၊ အီဗန် အက်စ်ကွီ။

အထဲသို့ ဝင်ရောက်လာပြီးသည့်နောက် အီဗန်သည် လင်းရီအား တစ်ချက်ကြည့်လိုက်ပြီး စားပွဲရှေ့တွင် ဝင်ထိုင်လိုက်သည်။

“ ငါ မင်းရဲ့ နောက်ကြောင်းကို စုံစမ်း စစ်ဆေးပြီးပြီ ကျိုးဟိုင်က လင်းယွင်အုပ်စုရဲ့ ဥက္ကဌ …” အီဗန် လက်ထဲရှိ စာရွက်စာတမ်းအား လှန်လှောကြည့်ရှုရင်း ပြောလိုက်ပြီး “ ငါ ကြားမိတာ မင်းက ဟွာရှမှာ နာမည်ကြီးပဲဆို ….”

“ ပြောပလောက်တဲ့အထိတော့ မဟုတ်ပါဘူး .. ကျုပ် ဝန်ထမ်းတွေကပဲ အလုပ်လုပ်သွားတာပါ ….” လင်းရီ အပြုံးလေးဖြင့် သက်တောင့်သက်သာ ဖြစ်စွာ ပြောလိုက်သည်။

“ ကျေးဇူးပြုရဲ့ မင်းရဲ့ အပြုအမူတွေ ပြန်ပြင်လိုက်ပါ … မင်းက အခု သံသယ တရားခံ တစ်ယောက် ဖြစ်နေပြီ…” အီဗန် အေးစက်စွာ ပြောလိုက်၏။

လင်းရီ၏ လေသံ သဘောထားက သူ့ကို အတော်လေး မပျော်မရွှင် ဖြစ်အောင် လုပ်နေသည်။

ဤသည်က သူ၏ ပိုင်နက်ဖြစ်၏။ မည်သူကမျှ သူ့အား ပေါ့ပေါ့ပါးပါး တန်းတူ အနေအထား လေသံမျိုးဖြင့် မပြောဝံ့ကြချေ။

“ ကောင်းပြီလေ… တကယ်လို့ ခင်များ မေးချင်တာ ရှိတယ်ဆိုရင် ဒီတိုင်း မေးလိုက် …”

“ မင်း မနေ့ညက ဘယ်မှာ ရှိနေခဲ့လဲ ….”

“ ကျုပ် သံရုံးမှာ ဟွာရှက မိတ်ဆွေ တစ်ချို့နဲ့ စကားပြောနေခဲ့တာ …” လင်းရီ တည်ငြိမ်စွာ တုံ့ပြန်လိုက်၏။

ဤကိစ္စနှင့် စပ်လျဉ်း၍လည်း လင်းရီသည် ကြိုတင် ပြင်ဆင်မှုတို့ ပြုလုပ်ထားပြီး ကျန်းရှုဖျင်မှာ သူ့အတွက် သက်သေခံပေးရန် အဆင်သင့် ရှိနေသည်။

ထိုသို့ သွယ်ဝိုက်သည့် သက်သေပြချက်တို့က မလုံလောက်သော်လည်း လိုအပ်သည့် ထုံးတမ်းစဉ်လာတို့ကိုတော့ လိုက်နာရဦးမည် ဖြစ်၏။

“ ငါတော့ ဒါကို သက်သေ တစ်ခု အနေနဲ့ ယူလို့ ရမယ် မထင်ဘူး …” အီဗန် ပြောလိုက်ပြီး “ မင်းတို့ နှစ်ယောက်လုံးက ဟွာရှလူမျိုးတွေ ဆိုတော့ သူက မင်းဘက်ပါမှာ သဘာဝပဲ … ဒီလို တိုက်ရိုက်မကျတဲ့ သက်သေပြချက်တွေကို လက်မခံဘူး …”

“ အဲ့ဒါဆိုလည်း ကျုပ်တတ်နိုင်တာ မရှိတော့ဘူး … ကျုပ်တို့ မနေ့ညက တကယ်ကြီး အတူရှိနေခဲ့ကြတာပဲ ….”

“ မနေ့ညက … ပနားမား မြို့ထဲမှာ လူသတ်မှုတွေ အများကြီး ဖြစ်သွားတယ်… လူ စုစုပေါင်း ၂၈ ယောက် အသတ်ခံခဲ့ရတယ်… အဲ့ကိစ္စ မင်းနဲ့ ဆိုင်လား မဆိုင်ဘူးလားပြော ….”

“ မဆိုင်ဘူး … ခင်များ ကျုပ်ကို မှားယွင်းပြီး စွပ်စွဲနေတာပဲ ….”

“ ဒါပေမယ့် အဲ့လူတွေ အကုန်လုံးက မသေခင် မင်းတို့ ကုမ္ပဏီက လူတွေနဲ့ ပြသနာ ဖြစ်ထားတဲ့ လူတွေချည်းပဲ … အဲ့လို ဖြစ်ပြီး မကြာခင်မှာပဲ ပြဿနာထဲ ပါဝင် ပတ်သက်နေတဲ့ လူတွေ အကုန် သေသွားခဲ့တယ်ဆိုတော့ … ဒီကိစ္စမှာ မင်းရဲ့ စနက် ကင်းတယ်ဆိုတာ ငါ မယုံဘူး …” အီဗန် ပြောလိုက်သည်။

“ ဒါပေမယ့် ကျုပ်တို့နဲ့ ပြဿနာ မဖြစ်ထားတဲ့ လူတစ်ယောက်ရော ပါနေတာကျ ခင်များ ဘယ်လို ရှင်းမလဲ ….”

“ အဲ့လူကလည်း သူတို့နဲ့ နီးစပ်တဲ့ ဆွေမျိုးသားချင်း တစ်ယောက်ပဲ … မင်း သူ့ကိုပါ သတ်ခဲ့တယ်…”

“ အရာရှိကြီး … အဲ့တာက ဘယ်လိုလုပ် ဖြစ်နိုင်မှာ …” လင်းရီ တည်ငြိမ်စွာ ပြောဆိုလိုက်ပြီး “ သူတို့တွေ သေသွားတဲ့ အချိန်တွေကိုလည်း ကျေးဇူးပြုပြီး တစ်ချက် စစ်ကြည့်လိုက်ဦး … ကျုပ်က တစ်ကိုယ်တည်းနဲ့ နေရာနှစ်ခုမှာ ပေါ်လာတယ်ဆိုတာ ဖြစ်နိုင်မှာလား … အဲ့ဒါက ခင်များ အရင်ဆုံး နားလည်ထားသင့်တဲ့ အရာ မဟုတ်ဘူးလား …”

ဘန်း …

အီဗန် မည်သို့မျှ ဆက်မသည်းခံနိုင်တော့ချေ။ သူ စားပွဲအား ဒေါသတကြီး ရိုက်နှက်လိုက်ပြီး မတ်တပ်ရပ်လိုက်၏။

“ မင်း စကားကို ဆင်ခြင်ပြီးပြော … ငါ့ကို လက်ပါရအောင် မလုပ်နဲ့ ….”

“ ခင်များ ကျုပ်ကို ဘယ်လို နည်းလမ်းပဲ သုံးသုံး ပြဿနာ မရှိဘူး …” လင်းရီသည် အီဗန်အား တည်ငြိမ်စွာ ကြည့်လျက် “ ဒါပေမယ့် ခင်များဘက်က မလှုပ်ရှားခင် ကျုပ် ဘယ်သူဆိုတာ အရင် သေချာသိအောင် လုပ်လိုက်ဦး .. ဒါပေါ့ … ကျုပ်ကို အဲ့လိုလုပ်ပြီးတာတောင် ဘေးကင်းကင်းနဲ့ ရှိနေနိုင်မယ် ထင်တယ်ဆိုလည်း စိတ်တိုင်းကျသာ လုပ်လိုက်ပါ …. မဟုတ်လို့ကတော့ ခင်များ ဘာဖြစ်သွားမလဲဆိုတာ ကျုပ်လည်း သေချာမပြောတတ်ဘူး ….”

“ မင်း ….”

အီဗန် ဒေါသတကြီး‌ ခြေဆောင့်လိုက်၏။ သို့သော် သူ ဘာမျှ မလုပ်နိုင်ချေ။

လင်းရီ ပြောသည်က ယုတ္တိရှိ၏။ သူသည် တစ်ဖက်သူအား စစ်ဆေးမေးမြန်း၍ ရသည်။ သို့သော် အကြမ်းဖက်၍တော့ မဖြစ်ချေ။ ယင်းက သူ့အား ပြဿနာ တက်သွားစေနိုင်သည်။

“ ဒေါသ ထွက်ဖို့ မလိုပါဘူး … ဟွာရှမှာ စကားတောင် ရှိသေးတယ်… ဒေါသထွက်တာက ကျန်းမာရေးအတွက် မကောင်းဘူးတဲ့ ……. ခင်များ ဒီအလုပ်လေးကနေ ငွေလည်း ဘယ်လောက်မှ မရတာကို ဆေးဖိုးပါ ထုတ်နေရရင် ဘယ် အဆင်ပြေမှာ ….”

“ မင်း ဝန်မခံဘူးဆိုလည်း ကိစ္စ မရှိဘူး …ငါ့မှာ မင်းကို ကိုင်တွယ်နိုင်တဲ့ နည်းလမ်းတွေ တစ်သောင်းမက ရှိတယ်… ငါ ဘယ်လောက်ထိ အင်အားကြီးမားလဲဆိုတာ မင်း သေချာ သိသွားစေရမယ် …”

“ အားပါးပါး … သိပ်ကြောက်ဖို့ ကောင်းတာပဲ ….”

“ မင်း ငါတို့ကို အမှန်အတိုင်း ဝန်ခံလိုက်တာ အကောင်းဆုံးပဲ … မဟုတ်ရင် မင်းအတွက် ကောင်းမှာ မဟုတ်ဘူးနော်…”

လင်းရီ သူ့လက်ဖဝါး နှစ်ဘက်အား ဖြန့်ပြလိုက်ပြီး အကြောက်အလန့် ကင်းသည့် လေသံဖြင့် “ ကျုပ် ပြောပြီးပြီပဲ … ဒါ ကျုပ်နဲ့ ဘာမှမဆိုင်ဘူးဆိုလို့ … ဘာလို့ ကျုပ်စကားကို မယုံကြည်နိုင်ရတာ …”

အီဗန်၏ မျက်နှာမှာ ရေခဲတမျှ အေးစက်နေပြီး ဒေါသမီးတို့ကတော့ ရင်တွင်း၌ အလျှံမပြတ် လောင်ကျွမ်းနေလျက် ရှိသည်။

“ ဒီကောင့်ကို ချုပ်ထားလိုက် ….”

“ ဟုတ်ကဲ့ …”

အီဗန်၏ အမိန့်ပေးမှု အောက်တွင် ရဲအရာရှိ နှစ်ဦးမှ လင်းရီထံသို့ ရောက်လာပြီး ခတ်ထားသည်များအား ဖြေပေးကာ သူ့အား လက်မောင်းနှစ်ဖက်မှ ဖမ်းခေါ်သွားခဲ့၏။

သို့သော် အီဗန်အနားမှ ဖြတ်သွားသည့် အချိန်၌ လင်းရီ ခေတ္တ ရပ်တန့်ပြီး ၎င်း၏ နားအတွင်းသို့ တီးတိုးပြောလိုက်သည်။

“ ကျုပ်ကို ဒီပုံစံနဲ့ စစ်မေးနေလို့ အလကားပဲ … ကျုပ် အမှန်အတိုင်း ပြောလိုက်မယ်… သူတို့ကို သတ်လိုက်တဲ့လူက ကျုပ်ပဲ .. ဒါပေမယ့် ခင်များမှာ သက်သေမှ မရှိတာ … ဒီတော့ ကျုပ် ဆောတီး ပြောနိုင်ရုံပဲ တတ်နိုင်တယ်… ခင်များ ကျုပ်ကို အပြစ်ပေးလို့ မရဘူး ….”

All Chapters