← Chapters

အမဲလိုက် စစ်ဆင်‌ရေး

Vol. 118 Ch. 1759

အမဲလိုက် စစ်ဆင်‌ရေး

Vol. 118 Ch. 1759

နာရီ ၂၀ ကျော်ကြာသည့် ခရီးရှည်ကြီး တစ်ခု အဆုံးသတ်သည့် နောက်တွင် လေယာဉ်မှာ ပနားမား၏ မြို့တော်သို့ ဆင်းသက်လာသည်။

လေဆိပ်နှင့် မျက်နှာချင်းဆိုင်တွင် ကားငှားသည့် ကုမ္ပဏီတို့ များစွာ ရှိနေပြီး လင်းရီ လန်ခရူဇာ နှစ်စင်းငှား၍ ပနားမား မြို့တော်ရှိ အကောင်းဆုံး ဆေးရုံတစ်ခုဖြစ်သည့် ပစိဖိတ်ဆေးရုံသို့ မောင်းထွက်လာခဲ့လိုက်သည်။

ဆေးရုံဝင်ပေါက်ဝကို ရောက်တော့ ဝမ်နန်မှာ သူ့အား အသင့်စောင့်ဆိုင်းလို့နေသည်။

လင်းရီသည် ကုမ္ပဏီသို့ လာလေ့ သိပ်မရှိသော်လည်း ဝမ်နန်အပေါ်တွင်တော့ အမြင်တစ်ချို့ ရှိနေဆဲပင်။ အကြောင်းမှာ သူမအား ချီရှန်းကျောက်၏ ရုံးခန်းထဲ၌ မကြာခဏဆိုသလို မြင်တွေ့ရလေ့ ရှိသောကြောင့် ဖြစ်၏။

“ ဥက္ကဌလင်း … ရှင်ရောက်လာပြီလား ….”

“ ချီကြီးရဲ့ အခြေအနေ ဘယ်လိုနေလဲ ….”

“ ဒေါက်တာ ပြောတာတော့ သူ့ရဲ့ အခြေအနေက အခု တည်ငြိမ်သွားပြီဆိုပဲ … ကောင်းကောင်းမွန်မွန် ပြန်သက်သာနေသရွေ့ အဆင်ပြေမှာပါ … ဒါပေမယ့် ဘယ်လောက်ကြာအောင် အချိန်ယူ ကုသရမလဲဆိုတာတော့ ဆရာဝန်က ပြောမသွားဘူး …”

လင်းရီ၏ မျက်နှာမှာ ကြောက်စရာ ကောင်းလောက်အောင် မည်းနက်နေခဲ့သည်။ ခေါင်းအထက်ရှိ ကောင်းကင်ယံက ခြွင်းချက်မရှိ ကြည်လင်နေသော်လည်း ဝမ်နန် အဖို့တော့ တိမ်မည်းတိမ်စိုင်တို့ ဖုံးလွှမ်းလာနေသည်အား အာရုံခံမိနေသည်။

သူမ ကုမ္ပဏီ၌ အလုပ်လုပ်လာသည်မှာ အချိန် အတော်ကြာပြီ ဖြစ်သော်လည်း ဥက္ကဌလင်းမှ ယခုလို မျက်နှာ အမူအရာမျိုး လှစ်ဟာပြလာသည်ကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင်။

“ ချီကြီးဆီ ငါ့ကို ခေါ်သွားပေး …”

“ ဥက္ကဌလင်း .. ဒီဘက် လိုက်ခဲ့ပေးပါ …”

ဝမ်နန်၏ ဦးဆောင်မှု အောက်တွင် အုပ်စုမှာ အထူးကြပ်မတ် ကုသဆောင်ထဲသို့ ရောက်ရှိလာပြီး ဝမ်နန်မှ တံခါးအား တွန်းဖွင့်လိုက်၏။ ချီရှန်းကျောက်မှာ ခေါင်းတွင် ပတ်တီး အထူကြီးစည်းထားလျက် ကုတင်ပေါ်တွင် ထိုင်နေသည်ကို လင်းရီ မြင်တွေ့လိုက်ရသည်။

၎င်းအပြင် လက်မောင်းနှင့် ခြေထောက်များတွင်လည်း ပိုက်များ၊ ကြိုးများဖြင့် ရှုပ်ယှက်ခတ်နေပြီး အပြင်းအထန် ဒဏ်ရာ ရရှိထားသည်မှာ ကြည့်ရုံမျှဖြင့် မြင်သာလှ၏။ အပေါ့ပါးဆုံး ဒဏ်ရာသည်ပင် အရိုး အနည်းငယ် ကျိုးထားသည့် နေရာဖြစ်နေခဲ့သည်။

၎င်းဘေးတွင် ဆရာဝန် ဆယ်ယောက် ရှိနေပြီး တစ်ချို့က ဒေသတွင်း ဆေးရုံမှ ဖြစ်ကာ တစ်ချို့က လင်းရီ တောင်းဆိုထားသည့် အမေရိကန်မှ ရောက်ရှိလာသည့် ဆရာဝန်များ ဖြစ်ကြ၏။ အကုန်လုံးက ချီရှန်းကျောက်၏ အခြေအနေကို ဆန်းစစ်နေကြလေသည်။

“ ဥက္ကဌလင်း …” လင်းရီ ဝင်လာသည်ကို မြင်တော့ ချီရှန်းကျောက်မှ ခက်ခက်ခဲခဲ တုံ့ပြန်လိုက်သည်။

တစ်စုံတစ်ယောက်မှ ရင်ဘက်ထဲသို့ ဓားထိုးသွင်းလာသည့်နှယ် လင်းရီ နာကျင်သွားခဲ့ရ၏။

ချီရှန်းကျောက်နှင့် ဟော်ယွမ်ယွမ်က လင်းယွင်အုပ်စုတွင် သူ အားအကိုးရဆုံး လူများဖြစ်ကြသည်။ သူတို့နှစ်ဦးက လင်းယွင်အုပ်စု အောက်ခြေမှ စတင်သည့် အချိန်ကတည်းကရင် သူ့ဦးဆောင်မှု နောက်သို့ လိုက်ပါလာကြသည့် လူများ ဖြစ်ပြီး ယနေ့ လင်းယွင်အုပ်စု အနေအထားသို့ရောက်အောင် အတူပူးပေါင်း ကြိုးစားခဲ့ခြင်း ဖြစ်လေသည်။ မဟုတ်ပါက သူတစ်ဦးတည်းနှင့် မည်သို့မျှ ဖြစ်နိုင်မည် မဟုတ်ပေ။

ဟော်ယွမ်ယွမ်က လင်းရီ၏ ရင်ဘက်ထဲတွင် အရေးကြီးသည့် နေရာတစ်နေရာမှ ပါဝင်နေသကဲ့သို့ ချီရှန်းကျောက်သည်လည်း အလားတူပင်။

“ သူဌေး …”

ယွီစီယင်မှ လင်းရီ၏ အင်္ကျီလက်အား တစ်ချက်လှမ်းဆွဲလိုက်၏။ သူ၏ လက်ရှိသွင်ပြင်က သိပ်မူမမှန်နေပေ။ လူတစ်ယောက်က ကျားတစ်ကောင်အား အရှင်လတ်လတ် ဝါးစားချင်နေသည့် သွင်ပြင် ပေါက်နေခဲ့သည်။

လင်းရီ အသက်ပြင်းပြင်း ရှူသွင်း၍ ချီရှန်းကျောက်ထံ လမ်းလျှောက်လာခဲ့၏။

“ စကားမပြောသေးနဲ့ … ငါ မင်းရဲ့ အခြေအနေကို စစ်ဆေးပေးမယ်…”

လင်းရီ ရှိနေသည့် ဒေါက်တာများဘက်သို့ လှည့်၍ “ စစ်ဆေးထားတဲ့ မှတ်တမ်းတွေ အကုန် ကျုပ်ကိုပေး …”

အခြားသော ဒေါက်တာများမှ နောက်ဆုံး စမ်းသပ်စစ်ဆေးထားသည့် ရလဒ်မှတ်တမ်းများအား နာနာခံခံနှင့် လင်းရီလက်ထဲသို့ ကမ်းပေးလိုက်သည်။

ခန္ဓာကိုယ်တွင် ကျိုးအက်သည့် နေရာခြောက်ခု ရှိနေပြီး ဦးခေါင်းနေရာကတော့ ဒဏ်ရာ အပြင်းထန်ဆုံးပင်။ ခေါင်းထဲ၌ သွေးခဲများပင် ကျန်ရှိနေသေး၏။

ဤသည်က သာမန် အချင်းများ ရန်ဖြစ်သည်နှင့် မတူညီပေ။ သေသည်အထိ ရိုက်နှက်ရန် ရည်ရွယ်ကြံစည်ထားခြင်း ဖြစ်၏။

လင်းရီ၏ အမူအရာကို မြင်တော့ ချီရှန်းကျောက် ပြုံးလိုက်ပြီး “ ဥက္ကဌလင်း … ဒေါက်တာပြောတာ ကျုပ်အဆင်ပြေတယ်တဲ့ … ခဏလောက် အနားယူပေးဖို့ပဲ လိုတာပါ …”

လင်းရီ အံတင်းတင်းကြိတ်၍ သူ၏ ဒေါသများအား ဖိနှိပ်ထားလိုက်သည်။

“ မင်းကို ခက်ခဲစေမိပြီ… ငါမင်းအတွက် လက်စားပြန်ချေပေးမယ်….”

“ ဥက္ကဌလင်း … အလျင်စလိုမလုပ်ပါနဲ့ .. ဒီဥစ္စာက နားလည်မှု လွဲသွားတာလည်း ဖြစ်နိုင်တာပဲလေ… ကျုပ်တို့ရဲ့ စီးပွားရေးကို ဦးစားပေးရဦးမယ်…”

“ မင်း ဒီကိစ္စတွေ စိတ်ပူစရာ မလိုတော့ဘူး … မင်းရဲ့ အခြေအနေက အခု အတော်လေး တည်ငြိမ်နေပြီ … ဟွာရှကို ပြန်ပြီး ဆေးဆက်ကုသလို့ရအောင် စီစဉ်ပေးမယ်…”

“ ကျေးဇူးတင်ပါတယ် ဥက္ကဌလင်း …”

လင်းရီ အသက်ပြင်းပြင်း ရှိုက်၍ “ စကားတွေ အများကြီး မပြောနဲ့တော့… ကောင်းကောင်း အနားယူ .. ကျန်တာကို ငါ ကိုင်တွယ်လိုက်မယ်….”

ချီရှန်းကျောက် ခေါင်းညိမ့်ပြလိုက်သည်။ ထို့နောက် နာ့စ်၏ အကူအညီဖြင့် ကုတင်တွင် လဲလျောင်းလိုက်၏။ ရှောင်ပင်းမှာမူ လင်းရီအား တိတ်တဆိတ် အကဲခတ်နေလျက် ရှိလေသည်။ လင်းရီ၏ ဤမျှ ဒေါသထွက်နေသည့် မျက်နှာအမူအရာအား သူမ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင်။

သူ့စိတ်ခံစားချက်တွေကိုတောင် မထိန်းချုပ်နိုင်တော့ဘူးပဲ … သူက ပုံမှန်ဆိုရင် ဒီလိုလူမျိုး မဟုတ်ပါဘူး …

ကျန် နေ့တစ်ပိုင်းတွင်တော့ လင်းရီ ထွေထူး လှုပ်ရှားခြင်း မရှိချေ။ သူ့ဘက်က ချီရှန်းကျောက် နိုင်ငံပြန်မည့် အရေးနှင့် အလုပ်များနေသည်။

၎င်း၏ လုံခြုံရေးအား အပြည့်အဝ စိတ်ချစေနိုင်ရေးအတွက် ယွမ် လေးသန်းကျော် တန်ကြေးရှိသည့် ဆေးပစ္စည်း ကိရိယာများအားလုံးကို လေယာဉ်ပေါ်သို့ တင်ဆောင်လာခဲ့သည်။ ထို့ပြင် ဟွာရှသို့ရောက်သည်နှင့် ဆေးအုပ်စုနှင့် လာကြိုဆိုရန်အတွက် လီချူးဟန်နှင့် မြောင်ကော်ဖုန်းတို့အား လင်းရီ ဆက်သွယ်ထားခဲ့၏။

ထိုအတောအတွင်း ဟော်ယွမ်ယွမ်မှာ အကြိမ် ၂၀ မက ဖုန်းဆက်လာပြီး သူမကိုယ်တိုင်ပင် ဤနေရာသို့ ပြေးလာခဲ့ချင်နေသည်။

အဘယ်ကြောင့်ဆိုသော် လင်းယွင်အုပ်စု တစ်ခုလုံး၌ လင်းရီအပြင် သူမနှင့် နက်ရှိုင်းသည့် သံယောဇဉ် ရှိသူက ချီရှန်းကျောက် ဖြစ်၏။

ချီရှန်းကျောက်က သူမအတွက် အစ်ကိုကြီး တစ်ယောက်လိုပါပင်။

ထို့ကြောင့် တစ်ဖက်သူ ဤသို့ ဖြစ်ပျက်သွားခဲ့သည့် သတင်းကို ကြားတော့ သူမ မည်သို့မျှ သည်းမခံနိုင်ခဲ့ချေ။

သို့သော် လင်းရီမှာ သူမအား ဤနေရာသို့ ရောက်လာမည့် ကိစ္စအား တားမြစ်ထားခဲ့၏။ အခြေအနေက မျက်စိဖြင့် အပေါ်ယံမြင်ရသည်ထက် အနည်းငယ် ရှုပ်ထွေးနေသည်။

အကယ်၍ သူမ လာမည်ဆိုပါက ပြဿနာ တက်ရုံမျှသာ ရှိလိမ့်မည်။

သူမဘက်က လေယာဉ်ဖြင့် ရောက်မလာသော်လည်း ဟော်ယွမ်ယွမ်၏ ဖုန်းခေါ်ဆိုမှုတို့ကတော့ မရပ်မနား ရောက်ရှိလာနေသည်။ မေးမြန်းလာသည့် အကြောင်းအရာတို့ကလည်း အက်ကြောင်းထက်နေပြီး လင်းရီအား မည်သူ့လက်ချက်လဲဆိုတာကို ရှာဖွေပြီး ထိုကောင့်အား သေအောင်ရိုက်သတ်ပစ်ခဲ့ဖို့ပဲ ပြောလာခဲ့၏။

ဟော်ယွမ်ယွမ်သာလျှင် မဟုတ် --- ကျီချင်းရန်ပင် ဒေါသတကြီး ဖြစ်နေခဲ့၏။ လင်းရီ ထိုလူများအား အမြန် ရှာတွေ့ပြီး သင်ခန်စာပေးနိုင်ဖို့ကို သူမ မျှော်လင့်ထားခဲ့သည်။

အချိန်က တစ်ရက်တာ ကုန်ဆုံးသွားခဲ့ပြီး လင်းရီသည် ချီရှန်းကျောက် ဘက်ခြမ်းရှိ အရာအားလုံးကို စီစဉ်ဆောင်ရွက်ပြီး လေယာဉ်ဖြင့် နိုင်ငံသို့ အောင်အောင်မြင်မြင် ပို့ဆောင်လိုက်နိုင်လေသည်။

၎င်းအပြင် ဝမ်နန်ထံမှ လင်းရီ သိရသလောက် ဒဏ်ရာ ရရှိခဲ့သူက ချီရှန်းကျောက် တစ်ယောက်တည်း မဟုတ်ပေ။ ကုမ္ပဏီမှ ငှားရမ်းထားခဲ့သည့် သင်္ဘော ကုန်တင်ကုန်ချ လုပ်သားများလည်း အသီးသီး ဒဏ်ရာ ရရှိခဲ့ကြ၏။ သို့သော် ၎င်းတို့အားလုံးက အဖမ်းခံထားရပြီး အတော်လေး ဆိုးရွားသည့် အခြေအနေ၌ ကျရောက်နေသည်။

ချီရှန်းကျောက်အား လေယာဉ်ပေါ်သို့ ပို့ဆောင်ပြီးနောက် ရှောင်ပင်း မေးမြန်းလာခဲ့၏။

“ အစ်ကိုရီ … ကျွန်မတို့ ဘယ်အချိန်လောက် စကြမလဲ ….”

“ သံရုံးကို အရင်သွားကြစို့ … ဒါက ပနားမား အစိုးရနဲ့ အချင်းများတာ ဆိုတော့ ငါတို့ချည်း သီးသန့် တစ်သီးပုဂ္ဂလ အနေနဲ့ သွားပြီး ဖြေရှင်းချက်တောင်းလို့ မရဘူး … အစိုးရ အရာရှိတွေပါ ခေါ်သွားမှ အဆင်ပြေမှာ …”

“ ကောင်းပြီလေ…”

လူကိုးယောက်အုပ်စုမှာ ဟွာရှသံရုံးသို့ မောင်းထွက်လာခဲ့ကြသည်။

သံရုံးတာဝန်ခံက ကျန်းရှုဖျင် အမည်ရသည့် လူတစ်ယောက်ဖြစ်ပြီး လင်းရီလည်း သူနှင့် လျန်ရူရွှယ်တို့၏ ဆက်ဆံရေးအား ရှင်းပြလိုက်သည်။

တစ်ဖက်သူမှာ သူတို့ လူကိုးယောက်လုံးကို ပျူငှာနွေးထွေးစွာ ကြိုဆိုပေးပြီး သူ၏ အတွင်းရေးမှူး ၊ ချန်ချင်ဖုန်းကိုပင် လင်းရီအနောက်သို့ လိုက်ပါစေ၍ ဤအရေးအား ကိုင်တွယ်ဖြေရှင်းစေသည်။

“ ဥက္ကဌလင်း … မင်း ဘယ်လို ခံစားနေရလဲ ငါနားလည်တယ် … ဒါပေမယ့် မင်း ကိစ္စတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ကိုင်တွယ်နိုင်ဖို့တော့ မျှော်လင့်တယ်…”

“ ကျုပ်သိတယ်… ကျုပ်လည်း ကလေးမှ မဟုတ်တော့တာ … ဒီလို ကိစ္စတွေကို ဘယ်လို ဖြေရှင်းရမလဲ နားလည်တယ်…”

လင်းရီ၏ စကားကို ကြားတော့ ရှောင်ပင်းနှင့် ကျန်သူများအားလုံး သွေးအေးခဲသွားသည့်သယောင် ခံစားလိုက်ကြရသည်။ လင်းရီဘက်မှ ယခုလို လေးလေးနက်နက်ဖြင့် စကားပြောလေလေ ဤကိစ္စအား အကြမ်းနည်းလမ်းသုံးပြီး ဖြေရှင်းဖို့ ရာခိုင်နှုန်းက ပိုများလေလေ ဖြစ်၏။

“ အဲ့လိုကြားရတာ ဝမ်းသာပါတယ်…”

ချန်ချင်ဖုန်းမှာ များများစားစား စဉ်းစားမနေဘဲ ဆက်ပြော၏။

“ ဒီဖြစ်ရပ်က မနက်ခင်းပိုင်းမှာ ဖြစ်ပျက်သွားခဲ့တာ … တူးမြောင်း အာဏာပိုင်တွေက လင်းယွင်အုပ်စုရဲ့ ကုန်ပစ္စည်းတွေကို စစ်ဆေးချင်တယ် .. အဲ့နောက်မှာ အချင်းများ ပြဿနာ ထဖြစ်ကြတာပဲ ….”

လင်းရီ ခေါင်းညိမ့်လိုက်ပြီး တည်ငြိမ်စွာဖြင့် “ အဲ့ဒီ အခြေအနေကို နားလည်တယ် .. ဒါပေမယ့် ကျုပ် အတည်ပြုချင်တာက ကျုပ်တို့ ကုမ္ပဏီဝန်ထမ်းတွေကို ဒီလို ဖြစ်အောင် လုပ်သွားခဲ့တာ ဘယ်သူတွေလဲ … ဘယ်ဌာနတွေလဲ … အဲ့တာတွေပဲ ….”

“ အဲ့ထဲမှာ ပါတာကတော့ စီမံခန့်ခွဲရေး ဗျူရိုက လုံခြုံရေး အရာရှိတွေပဲ … သူတို့ဘက်က ဥက္ကဌလင်းရဲ့ ကာဂိုသင်္ဘောထဲမှာ တရားမဝင်ကုန်ပစ္စည်းတွေ တင်လာတယ်ဆိုပြီး သတင်းရထားလို့ စုံစမ်းစစ်ဆေးဖို့အတွက် နေရာတစ်ခုဆီ ယူသွားရမယ် … ဘာပြဿနာမှ မရှိဘူးဆိုမှ ကုန်တင်ကုန်ချ ဆက်လုပ်လို့ရမယ် … ဒါရိုက်တာချီက သူတို့သဘောထားကို သဘောမတူတော့ ဒီလိုတွေ ဖြစ်လာတာပဲ …”

“ ကျုပ် ဒီကိစ္စကို လုံခြုံရေး ဌာနက လူတွေနဲ့ စကားပြောချင်တယ် .. ဖြစ်နိုင်မလား …”

“ ဒါပေါ့ … ရတာပေါ့ …” ချန်ချင်ဖုန်း ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်ပြီး “ အဲ့ဒီ ကိစ္စ ဖြစ်ပျက်ပြီးတော့ ငါတို့ဘက်က ဒီကိစ္စကို လေးလေးနက်နက် စုံစမ်းစစ်ဆေးဖို့ သက်ဆိုင်ရာ ညွှန်ကြားချက်တွေကို တောင်းခံလွှာ ပို့ထားပြီးသား … သူတို့လည်း ငါတို့ရဲ့ စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းပါဝင်ပေးပါ့မယ်လို့ ပြန်စာ လာထားတယ်… သူတို့ဆီ အခု သွားရှာလို့တောင် ရတယ်…”

လင်းရီ လူကြီးလူကောင်းဆန်ဆန် ပြုံးလျက်

“ ဒါဆိုလည်း ကျေးဇူးပြုပြီး ကျုပ်တို့ကို အဲ့ဒီနေရာဆီ လမ်းပြပေးဖို့ ဒုက္ခပေးရတော့မယ်….”

All Chapters