← Chapters

အဲ့ကိစ္စ ငါတို့နဲ့ ဘာမှမဆိုင်ဘူး

Vol. 118 Ch. 1760

အဲ့ကိစ္စ ငါတို့နဲ့ ဘာမှမဆိုင်ဘူး

Vol. 118 Ch. 1760

“ အသေးမွှားလေးပါ … ဒါဆိုရင် အခုပဲ သွားလိုက်ကြတာပေါ့ …”

ချန်ချင်ဖုန်း အနည်းငယ် ထူးဆန်းသည့် ခံစားချက်တို့ ရနေသည်။

သူ အမှုဆောင် အဖွဲ့ဝင်တွေကို ခေါ်သွားပေးရမယ့် အစား ဘာလို့ ဒီလူငယ်အုပ်စုကို လမ်းပြပေးနေရတာပါလိမ့် …

ပြီးတော့ သူတို့ ပုံစံ ကြည့်ရတာ ကော်ပိုရေးရှင်းက ဝန်ထမ်းတွေနဲ့လည်း မတူဘူး … နိုင်ငံခြားသား ဧည့်သည်တွေနဲ့တောင် ပိုတူသေးတယ်…

သို့သော် ရှောင်ပင်းနှင့် ကျန်သူတို့ကတော့ ချန်ချင်ဖုန်း ခေါင်းထဲ ဘာတွေ စဉ်းစားနေလဲဆိုတာကို ဂရုမစိုက်အားပေ။ ထိုအစား သူတို့ကိုယ်သူတို့ လျှို့ဝှက် ပြင်ဆင်ထားခဲ့ကြ၏။

အဘယ်ကြောင့်ဆိုသော် ရှေ့ဆက် မည်သည့် အရာတို့ ဖြစ်ပျက်လာမလဲဆိုတာကို မည်သူကမျှ မသိနိုင်သောကြောင့်ပင်။

တစ်စုံတစ်ယောက်ကတော့ သွေးထွက်သံယိုတွေ ဖြစ်မည်မှာ ကျိန်းသေပေါက် ဖြစ်၏။

နာရီဝက်အတွင်းမှာပဲ ကားက တူးမြောင်း အာဏာပိုင်များ၏ ရုံးခန်းသို့ ရောက်ရှိလာသည်။

လင်းရီ သူ၏ ကိုယ်ပေါ်မှ ဖုန်များအား ခါခပ်၍ အဝတ်အစားများအား သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြုလုပ်လိုက်သည်။

“ ရှောင်ပင်း … စွေ့ချန် … မင်းတို့နှစ်ယောက် နောက်ကလိုက်ခဲ့ … ကျန်တဲ့လူတွေကတော့ အပြင်မှာ စောင့်နေခဲ့ပေး …”

“ ဟုတ်ကဲ့ ….”

ရှောင်ပင်း၊ စွေ့ချန်နှင့် လင်းရီတို့ ကားပေါ်မှ ဆင်းလိုက်ကြ၏။

ချန်ချင်ဖုန်း၏ ဦးဆောင်မှု အောက်တွင် လေးယောက်သား စီမံခန့်ခွဲရေး ဗျူရိုရုံးထဲသို့ ဝင်ရောက်လာခဲ့ကြသည်။

ဝင်ပေါက် တည့်တည့်၌ သူတို့တွေ ဗျူရို၏ တာဝန်ခံ ဂါနိုးနှင့် တွေ့လိုက်ရ၏။ ထိုသူက ဗျူရို၏ လက်ထောက် အထွေထွေ မန်နေဂျာ ရာထူး ရှိသူပင်။ ဤနေရာရှိ သေးသေး၊ ကြီးကြီး ပြဿနာ ကိစ္စရပ်များအားလုံးကို ၎င်းကပဲ တာဝန်ယူ ဖြေရှင်းပေး၏။

ဗျူရိုက ထိုသို့သော လူကို တွေ့ဆုံရန် စေလွှတ်လိုက်သည်က စိတ်ရင်း လေးနက် စစ်မှန်မှုကို ပြသလာခဲ့ခြင်း ဖြစ်ပါသည်။

“ မစ္စတာ ဂါနိုး … ဒီဘက်က လူကြီးမင်းက လင်းယွင်အုပ်စုရဲ့ ဥက္ကဌ လင်းရီ … သူက ဟိုရဲ့ အထိကရုဏ်း ပြဿနာကို ဖြေရှင်းဖို့ ဒီကို အထူးတလှယ် ရောက်လာခဲ့တာ …” ချန်ချင်ဖုန်းမှ မိတ်ဆက်ပေးလိုက်သည်။

ဂါနိုး သူ၏ လက်အား လင်းရီထံသို့ ဆန့်တန်းလိုက်ပြီး ယဉ်ကျေးစွာ တုံ့ပြန်လာခဲ့၏။

“ မစ္စတာလင်း .. မစ္စတာ ဂိုဟန်က သူ့ရုံးခန်းထဲမှာ ရှိတယ်… ငါ အခု သူ့ကို လှမ်းခေါ်လိုက်မယ်… မင်းတို့နှစ်ယောက် ဒီကိစ္စကို ကောင်းကောင်း ဖြေရှင်းကြပေါ့ …”

“ အလုပ်ရှုပ်စေမိပြီ…” လင်းရီ တည်ငြိမ်စွာ ပြောလိုက်သည်။

“ ဒါပေမယ့် ကျုပ် တွေ့ချင်တာက သူတစ်ယောက်တည်းပဲ မဟုတ်ဘူး … မနေ့က ပြဿနာ ဖြစ်တဲ့ထဲ ပါတဲ့လူတွေ အကုန်လုံးကို ခေါ်ပေးနိုင်မလား ….”

“ ရတယ်လေ… ဒါပေမယ့် မနေ့က ပြဿနာမှ ပါဝင်နေတဲ့ လူက အယောက် ၂၀ တောင်‌ကျော်တာဆိုတော့ သူတို့ အကုန်လုံးကို ဒီခေါ်လိုက်ရင် ပြောဆို ဆက်သွယ်တဲ့ နေရာမှာ ပြဿနာ နည်းနည်း ရှိနိုင်တယ် …”

ဂါနိုးက လင်းရီအား ခါချရန် ကြိုးစားနေသည် မဟုတ်သကဲ့သို့ ပူးပေါင်း ပါဝင်လိုစိတ် မရှိသည်လည်း မဟုတ်ပေ။ သူက အမှန်အတိုင်း ပြောနေခြင်းပင်။

“ အဆင်ပြေတယ်… ခင်များ သူတို့တွေ အကုန်လုံးကိုသာ ဒီခေါ်လိုက် ….”

“ ငါ အခု ဆက်သွယ်လိုက်မယ်… ဒါပေမယ့် ခဏကြာမှာဆိုတော့ မင်းတို့ နည်းနည်းကြာကြာတော့ ထပ်စောင့်ရမယ်….”

“ အဆင်ပြေတယ်… ကျုပ်တို့လည်း အလျင်မလိုပါဘူး …”

ဂါနိုးသည် လင်းရီနှင့် တခြားသူများအား အစည်းအဝေးခန်းထဲသို့ ဝင်ရန် လက်ဟန်ပြပြီးနောက် ထွက်ခွာသွားခဲ့၏။

အစည်းအဝေးခန်းထဲတွင်တော့ လေးဦးလုံးမှာ အဆင်ပြေသည့် ထိုင်ခုံများ၌ ဝင်ထိုင်လိုက်ကြသည်။

လင်းရီ မျက်လုံးမှိတ်လျက် ထိုင်ခုံနောက်သို့မှီပြီး စကားတစ်ခွန်းမျှလည်း မပြောပေ။ သူ ဘာတွေ စဉ်းစားနေလဲဆိုတာကို မည်သူကမျှ မမှန်းဆနိုင်ချေ။

သို့သော် ၎င်း၏ ကိုယ်မှ အုံ့မှိုင်းနေသည့် အရှိန်အဝါတို့ကိုတော့ သူတို့တွေ ခံစားနေကြရသည်။

ချန်ချင်ဖုန်းသည် လင်းရီအား မျက်လုံးထောင့်ကပ်ကြည့်၍ စိတ်ထဲတွင်တော့ မနေနိုင်ဘဲ စောဒကတက်မိ၏။

ဒီလင်းရီက တကယ်ပဲ ပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းမယ့်လူရော ဟုတ်ရဲ့လားဟ …

သူ့ပုံစံကြည့်ရတာ ဘာလို့ အဲ့လို မခံစားရတာပါလိမ့်….

မိနစ် ၂၀ ခန့်ကြာပြီးနောက် ရောထွေး ဆူညံနေသည့် ခြေလှမ်းသံများနှင့် ကျိန်ဆဲသံများက အစည်းအဝေးခန်း အပြင်ဘက်မှ ထွက်ပေါ်လာသည်။

၎င်းနောက် မကြာမီ အစည်းအဝေးအခန်း တံခါး တွန်းပွင့်လာခဲ့ပြီး ဂါနိုးမှ လူအုပ်ကြီး တစ်အုပ်စုနှင့်အတူ အထဲသို့ ဝင်ရောက်လာခဲ့သည်။

သူ့ဘေးတွင် ညိုညစ်ရောင် ယူနီဖောင်းနှင့် ပါးသိုင်းမွေးပါသည့် လူတစ်ဦး ကပ်လျက် လိုက်ပါလာသည်။

ထိုလူကတော့ လုံခြုံရေး ဌာန၏ တာဝန်ခံ ဂိုဟန်ဆိုသူပါပင်။

သူ့နောက်ရှိ လူများကလည်း ၎င်းနည်းတူ ညိုညစ်ရောင် ယူနစ်ဖောင်းများ ဝတ်ဆင်ထားခဲ့ကြ၏။

အထဲသို့ ရောက်လာသည်နှင့် ဂိုဟန်သည် လင်းရီအား မြင်တွေ့သွားခဲ့ပြီး အသံကို နိမ့်၍ “ ငါနဲ့ တွေ့ချင်တယ်ဆိုတာ ဒီဟွာရှန့်ကောင်လား ….”

“ အင်း … သူက လင်းယွင်အုပ်စုရဲ့ ဥက္ကဌ မစ္စတာ လင်းရီပဲ … မနေ့က ဖြစ်ခဲ့တဲ့ ကိစ္စကို သူက သိချင်နေတာ ….”

“ ဘာသိစရာလိုလို့ … သူတို့ သင်္ဘောပေါ်မှာ မှောင်ခိုပစ္စည်းတွေ ပါတယ်… ငါတို့က စစ်ဆေးရေးအတွက် တာဝန်ယူထားတဲ့ လူတွေပဲ .. သာမန်ကိစ္စလေး တစ်ခုကို ဒီကောင်တွေက ဇာလာချဲ့နေကြတယ်….”

လင်းရီ ခေါင်းမော့၍ ဂိုဟန်အား ကြည့်လိုက်သည်။ သူ ဒေါသ မထွက်ပေ။ ထိုအစား အပြုံးလေးဖြင့် “ ကျေးဇူးပြုပြီး ထိုင်ကြပါဦး .. ကျုပ်တို့ ဖြည်းဖြည်းချင်း စကားပြောကြတာပေါ့ ….”

လူအယောက် ၂၀‌ ကျော်မှ တစ်ယောက်ပြီး တစ်ယောက် ထိုင်ချလိုက်ကြ၏။ သို့သော် ရှိနေသည့် ထိုင်ခုံ အရေအတွက်က မလောက်ငှသဖြင့် လူတစ်ချို့ကတော့ ဘေးတွင် မတ်တပ်ရပ်နေကြရ၏။

“ ဒီခု ကိစ္စက အငြင်းပွားစရာ ကိစ္စတစ်ခုဆိုတော့ ကျုပ် ဗွီဒီယိုတိပ် ယူထားမယ် … ပြဿနာ မရှိဘူးမလား …”

“ ဒါပေါ့ .. ပြဿနာ ဘယ်ရှိမှာ …” ဂါနိုး အေးအေးလူလူပဲ ပြောလိုက်ပြီး “ ငါတို့ အဲ့ကိစ္စ ခွင့်ပြုထားတယ်…”

လင်းရီသည် ဖုန်းအား ရှောင်ပင်း၏ လက်ထဲသို့ ထည့်ပေးလိုက်ပြီး နားအတွင်းသို့ စကားလုံး အနည်းငယ် တီးတိုးပြောလိုက်သည်။ တစ်ဖက်သူမှာ ချက်ချင်း ခေါင်းညိမ့်၍ မှတ်တမ်းရိုက်ကူးမည့် ကိစ္စကို ကိုင်တွယ်လိုက်၏။

အရာအားလုံး ပြင်ဆင်ပြီးနောက် လင်းရီသည် သူ၏ ထိုင်နေသည့်ကိုယ်ဟန်အား ပြောင်းလဲ၍ သူနှင့် မျက်နှာချင်းဆိုင်တွင် ရှိနေသည့် လူအား လှမ်းကြည့်လိုက်၏။

“ ကျုပ်သိချင်တာ…. ဘယ်အရာကများ ခင်များတို့တွေ ကျုပ်ရဲ့ ဝန်ထမ်းတွေကို တိုက်ခိုက်ရလောက်တဲ့အထိ ဖြစ်သွားစေခဲ့တာလဲ …”

“ စောနက ပြောပြီးသား စကားကို မင်း နားမလည်ဘူးလား …” ဂိုဟန် ခြေတင်ချိတ်လျက် ပြောလိုက်ပြိး “ မင်းရဲ့ သင်္ဘောထဲမှာ မှောင်ခို ပစ္စည်းတွေပါတယ်… ငါတို့က စုံစမ်း စစ်ဆေးမလို့ ဟန်ပြင်နေတာကို မင်းရဲ့ လူတွေက ခွင့်မပြုဘူး … ဒါကြောင့်မို့ ငါတို့ဘက်က အကြမ်းနည်း သုံးလိုက်ရတာပဲ …”

“ ကျုပ်တို့ရဲ့ ကာဂို သင်္ဘောက ပနားမားတူးမြောင်းကို ရောက်နေတာ ဇန်နဝါရီကတည်းကရင် … ခင်များတို့က ပြဿနာကို ဘာလို့ အခုကျမှ သတိပြုမိကြလဲ …” လင်းရီ ပြောလိုက်ပြီး “ တကယ်တမ်း ပြဿနာ ရှိတယ်ဆိုရင် ခင်များတို့တွေ ဟိုး အကြာကြီးကတည်းက သိနေသင့်တာ မဟုတ်ဘူးလား ….”

“ ငါလည်း မသိဘူး … ဒီသင်္ဘောက မင်းတို့ ကုမ္ပဏီပိုင်တာလေ … ဒီမေးခွန်းက ငါ့ကို မေးရမယ့် မေးခွန်းလို့ ငါ မထင်ဘူး ….”

“ ဟားဟားဟား ….” လင်းရီ ရယ်မော၍ “ တော်တော်မောက်မာကြတဲ့လူတွေပဲ … ကျုပ်ကိုယ်တိုင် ဒီရောက်နေတာတောင် ဒီလိုလေသံမျိုးနဲ့ စကားပြောနေကြသေးတယ်ပေါ့….”

ပြောနေရင်းဖြင့် လင်းရီ၏ လေသံမှာ ဖြည်းဖြည်းချင်း ခက်ထန်လာပြီး သန်မာသည့် အရှိန်အဝါတို့က ချက်ချင်းဆိုသလို ဂိုဟန်နှင့် ကျန်သူများအား ဖိနှိပ်သွားခဲ့သည်။ တစ်ဖက်သူ၏ အမူအရာမှာ နေရထိုင်ရ ခက်လာခဲ့၏။

“ ငါ အခု အမှန်အတိုင်း ပြောနေတာ … ငါ့ဘက်က စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာခဲ့ရုံပဲ ….”

“ ခင်များတို့ စည်းမျဉ်းစည်းကမ်းတွေ အတိုင်း လုပ်နေတာကို ကျုပ် သိတယ်… ဒါပေမယ့် အချင်းများ ပြဿနာ ဖြစ်တယ်ဆိုရင်တောင် လူကို ဒီလို အခြေအနေမျိုး ရောက်တဲ့အထိ လုပ်စရာမလိုဘူးလို့တော့ ထင်တာပဲ ….”

လင်းရီ တည်ငြိမ်စွာ ပြောလိုက်ပြီး “ ကျုပ်ကတော့ ဒါက သာမန် အချင်းများတဲ့ ပြဿနာလို့ မထင်ဘူး …”

“ မင်းတို့လူတွေကိုရော ဘယ်သူက စည်းကမ်းမလိုက်နာဘဲ နေခိုင်းလို့ …” ဂိုဟန် ပခုံးတွန့်လိုက်ပြီး “ သူတို့သာ စကားနားထောင်ရင်း ငါတို့လည်း ရိုက်ဖို့ လိုမှာလား … ရောမ ရောက်ရင် ရောမလို ကျင့်ရတယ်… ဒါ ဟွာရှ မဟုတ်ဘူး … မင်းတို့ကောင်တွေ ထင်တိုင်းကျဲနိုင်တဲ့ နေရာမဟုတ်ဘူး …”

“ ကျေးဇူးပြုပြီး စကားကို ဆင်ခြင်ပြီး ပြောပေးပါ မစ္စတာဂိုဟန် …” ချန်ချင်ဖုန်း ဝင်ပြောလာခဲ့၏။

“ ငါ ပြောတာမှားလား … ဒါမှမဟုတ် မင်းတို့ ဟွာရှန့်ကောင်တွေကပဲ အရမ်း ဆတ်ဆတ်ထိမခံလွန်း ဖြစ်နေတာပဲလား ….” ဂိုဟန် အလွန်အမင်း ချဲ့ကားသည့် မျက်နှာ အမူအရာဖြင့် ပြောလိုက်ပြီး “ ပြီးတော့ ငါရိုက်တဲ့ အချိန်တုန်းက အားတောင် သိပ်သုံးခဲ့တာ မဟုတ်ဘူး … ကြည့်ရတာ ငါတို့ အမှားလို့တော့ မထင်ဘူး … အားနည်းလွန်းတဲ့ မင်းတို့ ဟွာရှန့်တွေကိုပဲ အပြစ်တင်ရမှာ …”

“ မင်း ….”

“ တော်ပြီ … ဒေါသထွက်နေစရာ မလိုဘူး ….”

လင်းရီသည် ချန်ချင်ဖုန်းအား ဆွဲထားလိုက်ပြီး ခေါင်းငုံ့၍ “ ပြဿနာရဲ့ ဇစ်မြစ်က ကျုပ်တို့ ကုန်ပစ္စည်းတွေမှာ ပြဿနာ ရှိတယ်လို့ လူတစ်ချို့က သတင်းပို့လာတာကြောင့်လို့ ကြားမိတယ်… ကျုပ်သိချင်တာ အဲ့ဒီ သတင်းက ဘယ်ကရလာလဲဆိုတာပဲ …”

“ ငါ မသိဘူး …” ဂိုဟန် ပခုံးတွန့်ပြလိုက်ပြီး “ ငါ့ဘက်က သတင်းရရချင်း ငါ့လူတွေခေါ်ပြီး အဲ့နေရာကို ရောက်လာခဲ့တာပဲ … ရှင်းပါတယ်…”

“ ဆိုတော့ ခင်များတို့ရဲ့ သဘောက ဒီကိစ္စက ခင်များတို့နဲ့ ဘာမှ မသက်ဆိုင်ဘူးဆိုတဲ့ သဘောပေါ့ …” လင်းရီ အပြုံးလေးဖြင့် မေးလိုက်၏။

“ ဒါပေါ့ … ငါတို့က စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာနေရုံပဲ … မင်းတို့ လူတွေကိုက အရင် ခုခံတာကြောင့် ငါတို့လူတွေကလည်း လက်ပါရတာဆိုတော့ မမှားဘူး …. ဒီကိစ္စ ငါတို့နဲ့ ဘာဆိုင်လို့ …” ဂိုဟန် မေးမြန်းလိုက်ပြီး “ ငါ့အထင်တော့ မင်းတို့တွေ ဒီလာပြီး သောက်ရေးမပါတာတွေ လာပြောနေမယ့်အစား အိမ်ပြန်ပြီး လေ့ကျင့်ခန်း လုပ်ကြတာက ပိုကောင်းမယ် ထင်တာပဲ … ဒီလို နေရာမျိုးက မင်းတို့တွေနဲ့ မလိုက်ဖက်လို့လေ…”

“ ဟားဟား …”

ဂိုဟန်၏ စကားက လူတိုင်းအား ဝါးလုံးကွဲ ဟားတိုက် ရယ်မောသွားစေခဲ့သည်။

သို့ပေမယ့် လင်းရီ၏ အမူအရာမှာတော့ နက်မှောင်သွားခဲ့၏။

All Chapters