ညဉ့်သန်းခေါင်ယံ လက်သည်းများ
Vol. 118 Ch. 1761
အပျက်သဘောဆောင်သည့် ရယ်မောသံတို့က အခန်းထဲတွင် အချိန်တစ်ခုမျှ တည်တံ့နေပြီး ၊ လင်းရီ တုတ်တုတ်မလှုပ်ခဲ့ပေ။
သူ၏ ထိုင်ခုံနေရာ၌ ရုပ်ထု တစ်ခုကဲ့သို့ တည်ငြိမ်စွာ ထိုင်နေခဲ့၏။
ရှောင်ပင်းနှင့် စွေ့ချန်တို့လည်း ထို့နည်းတူစွာ တိတ်ဆိတ် ငြိမ်သက်နေခဲ့ကြသည်။
သူ့အနီးနား တစ်ဝိုက်ရှိ လေထုက အတော်လေးကို ပုံမှန် ဟုတ်မနေချေ။ လင်းရီ ပိုတည်ငြိမ်နေလေ၊ သူ၏ တန်ပြန် ကလဲ့စားက ပိုပြီး ပြင်းထန်မှာ ဖြစ်၏။
နှစ်မိနစ် ၊ သုံးမိနစ်ခန့် ကုန်ဆုံးသွားပြီးသည့်နောက် အစည်းအဝေးခန်းထဲရှိ ရယ်မောသံတို့ကလည်း ဖြည်းဖြည်းချင်း တိတ်ဆိတ်သွားခဲ့လေသည်။
လင်းရီ၏ အကြည့်က လူတိုင်းအပေါ်သို့ ယှက်သန်းသွားခဲ့ပြီး “ အခု ရှိနေကြတဲ့ လူတိုင်းက ပြဿနာထဲမှာ ပါဝင်ပတ်သက်နေကြတဲ့ လူတွေချည်းပဲဆိုတာ ဟုတ်တယ်မလား …”
“ မင်း သိနေတာပဲ …” ဂိုဟန် အမှန်အတိုင်း ပြောလိုက်ပြီး “ ဟိုကောင့် ခေါင်းကိုလည်း ငါ့သေနတ်နဲ့ ထုပေးလိုက်တာ … ဘယ်တတ်နိုင်မှာ … စကားနားမထောင်မှတော့ အပိုးကျိုးအောင် လုပ်ပေးရမှာပေါ့ …”
ထိုအခိုက်အတန့်တွင် ချန်ချင်ဖုန်းသည် အံ့အားသင့်စရာ ကောင်းလောက်အောင် လင်းရီ၏ မျက်နှာက ပြုံးနေသည်ကို မြင်တွေ့လိုက်ရ၏။
“ အဲ့လိုဆိုမှတော့ ဒီနေ့ ကိစ္စကို ဒီမှာတင် အဆုံးသတ်လိုက်ကြတာပေါ့ … ကျုပ်ပြန်ပြီး သေချာ စုံစမ်း စစ်ဆေးလိုက်ဦးမယ်… နောင်ကျ ခင်များဆီ ထပ်လာခဲ့ပါဦးမယ်… အဲ့ခါကျလည်း ကျုပ်တို့နဲ့ ပူးပေါင်းပေးဖို့ မျှော်လင့်ပါတယ်….”
“ ငါတော့ မင်းနဲ့ ထပ်မတွေ့ချင်တော့ဘူး …” ဂိုဟန် ပြောလိုက်ပြီး “ ငါတို့မှာ လုပ်စရာ အလုပ်တွေ ရှိတယ်… မင်းတို့နဲ့ ဖြုန်းဖို့ အချိန်မရှိဘူး …’
“ အဲ့တာက ခင်များကိစ္စလေ … ဒီလို ဧရာမ ကိစ္စကြီး ဖြစ်ပျက်ပြီးမှတော့ ကျုပ်တို့ဘက်က တရားမျှတမှုကို ရှာဖွေရမှာ ဝတ္တရားပဲ …”
“ မင်းတို့ ဟွာရှန့်ကောင်တွေက တော်တော် စိတ်ရှုပ်စရာကောင်းတဲ့ ကောင်တွေပဲ …” ဂိုဟန် ဒေါသတကြီးဖြင့် ပြောလိုက်ပြီး “ ငါ သွားပြီ … နောင်ကျ ထပ်လာမနှောင့်ယှက်နဲ့ … မင်းဖို့ ကောင်းမှာ မဟုတ်ဘူး …”
“ ကျုပ် ကြိုးစားပါ့မယ်…” လင်းရီ ပြုံးလျက် ပြန်ပြောလိုက်သည်။
၎င်းနောက် လူ ၂၀ ကျော်မှာ အခန်းထဲမှ ထွက်ခွာသွားခဲ့လေသည်။ ချန်ချင်ဖုန်းသည် လင်းရီအား ကြည့်ပြီး “ ဥက္ကဌလင်း .. အမှန်တရားက ငါတို့ မျက်စိရှေ့မှာတင်ပဲ … သူတို့ရဲ့ လုပ်ရပ်က တကယ်ကို တရားလွန်တယ်… အယူခံဝင်လိုက်တာ ပိုကောင်းမယ် ထင်တယ်… “
“ အယူခံဝင်လို့ ဘာမှ ထူးမှာ မဟုတ်ဘူး … ဒါက ပနားမား … ဒေသခံ အစိုးရက ကျုပ်တို့ကို ကြည်ဖြူမှာလား .. ပြီးတော့ သူတို့ အခုလို လုပ်တာကလည်း သူတို့ အကြောင်းပြချက်နဲ့ သူတို့ ရှိလောက်တယ်… တရားရုံးတက်ရင်တောင် ရှုံးတဲ့လူက ကျုပ်တို့ပဲ ဖြစ်မှာ …. ”
“ ဒါဆို ဒီလိုပဲ လက်လွှတ်လိုက်ရတော့မှာလား …”
“ ပြန်ပြီး ဒီကိစ္စကို သေချာလေး ဖြေရှင်းနိုင် ၊ မဖြေရှင်းနိုင် စဉ်းစားကြည့်ကြတာပေါ့ …”
“ ကောင်းပြီလေ… ဥက္ကဌလင်း အကူအညီ တစ်ခုခု လိုအပ်တယ်ဆိုရင် ငါ့ဆီ ချက်ချင်း ဆက်သွယ်ဖို့ မမေ့နဲ့ …”
“ ကောင်းပြီ…”
စကားအနည်းငယ် ပြောပြီးနောက် သူတို့ချင်း လမ်းခွဲလိုက်ကြသည်။
လင်းရီနှင့် ကျန်နှစ်ယောက်လည်း အခန်းအပြင်ဘက်သို့ ထွက်လာခဲ့ကြ၏။
“ အစ်ကိုရီ … ကျွန်မတို့ အခု ဘာလဲ ဆက်လုပ်ကြမှာ …”
“ မပူနဲ့ … ဒီလို ကိစ္စကြီးကို ညတွင်းချင်း ဖြေရှင်းချင်လို့တော့ ဘယ်ရမှာ … ငါတို့ ဖြေးဖြေးချင်း ကိုင်တွယ်ကြမယ်…”
“ ကျွန်တော်တို့တွေ တရားဝင် အစိုးရကို ဒီကိစ္စထဲ ဝင်စွက်ဖက်ခိုင်းကြမလား …” စွေ့ချန် မေးလိုက်၏။
“ ငါ သူတို့နဲ့ တွေ့ချင်တယ်ဆိုတာ ပြဿနာ ဖြေရှင်းချင်လို့ မဟုတ်ဘူး .. ဒီတိုင်း ဘယ်သူတွေ လုပ်ခဲ့လဲဆိုတာ သိချင်ရုံ သပ်သပ်ပဲ …”
လင်းရီ ပြောလိုက်ပြီး “ အခု နိဒါန်း လုပ်ရမယ့် အရာတွေက ပြီးသွားပြီ ဆိုတော့ အစိုးရရဲ့ အကူအညီ မလိုတော့ဘူး …”
နောက်ခြေလှမ်းအား တိုင်ပင်ဆွေးနွေးရန်အတွက် ဟိုတယ်သို့ ပြန်လာခဲ့ကြလေသည်။
လမ်းတွင် လင်းရီသည် ရှန်းထျန်းကျိုးထံသို့ ဖုန်းခေါ်လိုက်၏။ “ ဟယ်လို ဒါရိုက်တာရှန်း … ခင်များအနားယူနေတာကိုတော့ မနှောင့်ယှက်မိဘူးမလား …”
ပနားမားတွင် မနက် ဆယ့်တစ်နာရီ ကျော်ဆိုသော်လည်း ဟွာရှတွင်တော့ ည ဆယ်နာ မတ်တင်းခန့် ရှိနေပြီ ဖြစ်၏။“ အရည်အသွေး ပြည့်မီတဲ့ coder တစ်ယောက်အနေနဲ့ အနားယူဖို့ မလိုပါဘူးကွာ …” ရှန်းထျန်းကျိုး နောက်ပြောင်ကျီစယ်လိုက်သည်။
(TL /N - ဒေသနှစ်ခုရဲ့ အချန်ကွာဟချက်က ၁၁ နာရီကျော်ပါတယ်။)
“ အဲ့လိုဆို ကောင်းတာပေါ့ … ကျုပ် အခု ဒါရိုက်တာရှန်းရဲ့ အကူအညီကို အရေးတကြီး လိုနေတယ်…”
လင်းရီ ပြောလိုက်ပြီး “ ကျုပ် အခု ခင်များဆီ ဗွီဒီယို တစ်ခု ပို့ပေးလိုက်မယ်… စခရင်ရှော့တွေရောပဲ .. ဒီထဲမှာ လူဒါဇင်ကျော်ပါတယ်… ကျုပ် ခင်များကို ပနားမား အာဏာပိုင်တွေရဲ့ ဒေတာ စနစ်ထဲ ဝင်ပြီး သူတို့ရဲ့ သတင်းအချက်အလက်ကို ရှာဖွေပေးစေချင်တယ် … အသေးစိတ် ကျဖို့တော့ မလိုဘူး … သူတို့ရဲ့ အိမ်လိပ်စာလောက်ပဲ သိချင်တာ …”
“ ပနားမား ….”
ရှန်းထျန်းကျိုး၏ အသံမှာ လေးနက်လာခဲ့ပြီး “ မင်း အခု ဥက္ကဌချီရဲ့ ကိစ္စကို ကိုင်တွယ်နေတာလား …”
“ အင်း …” လင်းရီ ပြောလိုက်ပြီး “ ဒါက အစိုးရရဲ့ စနစ်ဆိုတော့ ဝင်ဖို့ ဖြစ်နိုင်လောက်လား …”
“ နည်းနည်းခက်တယ်ဆိုပေမယ့် ငါ့ အဆက်အသွယ်တွေကို အကူအညီတောင်းလိုက်ရင် ရတယ်… “ ရှန်းထျန်းကျိုး ပြောလိုက်ပြီး “ ဘာဆက်လုပ်ရမလဲ ငါသိတယ် … မင်း ဒီကိစ္စ မပူနဲ့တော့ … ငါ့ဆီက သတင်းကောင်းကို စောင့်နေလိုက် …”
“ ကျေးဇူးပါ ဒါရိုက်တာရှန်း …”
“ ဘာတွေ လာပြောနေတာ … မင်း အကောင်းဆုံးသာ ကြိုးစားပြီး ဥက္ကဌချီအတွက် လက်စားပြန်ချေပေးခဲ့ …”
“ ကျုပ်နားလည်တယ်….”
ဖုန်းချပြီးနောက် ၊ လင်းရီနှင့် ကျန်သူများအားလုံး ဟိုတယ်သို့ မောင်းလာခဲ့ကြကာ နေ့လည်စာ သုံးဆောင်လိုက်ကြသည်။
မွန်းလွဲပိုင်းတွင်တော့ လင်းရီ မည်သည်ကိုမျှ စီစဉ်ထားခြင်း မရှိချေ။ သို့သော် တခြားသူများကတော့ သူတို့စိတ်ကြိုက် အပြင်ထွက်လည်နေကြ၏။
အကုန်လုံးက ငွေဇွန်းကိုက်ပြီး မွေးလာသူများ ဖြစ်သဖြင့် သူတို့ဘာသူတို့ ထွက်သွားကြလျှင်ပင် မရင်းနှီးသည့် အပြင်အဆင်တို့ကြောင့် အထူးတလှယ် စိတ်တုန်လှုပ်နေကြမှာ မဟုတ်ပေ။
ထို့ပြင် သူတို့ထဲ တော်တော်များများက ဤနေရာသို့ ရောက်ဖူးကြသဖြင့် လင်းရီမှ ညွှန်ကြားပြသပေးရန်ပင် မလိုပေ။ အချိန်မီ လူပြန်စုရန်သာ လိုအပ်ခဲ့၏။
အချိန်က ဖြည်းညင်းစွာ ကုန်ဆုံးလာနေပြီး ညနေခင်း ရှစ်နာရီကျော် အချိန်သို့ ရောက်ရှိလာသည်။ ဟိုတယ်၏ စားသောက်ဆိုင် လေသာဆောင်နား၌ လင်းရီ တစ်ဦးတည်း ညစာမှာစားလိုက်သည်။
“ ဆာ… ရှင် လိုချင်တာ ဝယ်လာခဲ့ပါပြီ …” ဝိတ်တာမှ ပြောလာခဲ့၏။
လင်းရီ ပြုံးပြီး ခေါင်းညိမ့်ကာ မုန့်ဖိုး ဒေါ်လာ တစ်ရာ ထုတ်ပေး၍ စီးကရက်နှင့် မီးခြစ်ကို လှမ်းယူလိုက်သည်။
“ ကျေးဇူး… ကောင်းသောညနေခင်းလေး ဖြစ်ပါစေ ..”
ဝိတ်တာ ထွက်သွားပြီးနောက် ၊ လင်းရီသည် ဓားနှင့် ခက်ရင်းကို ချ၍ စီးကရက်ဘူးအား ဖောက်လိုက်သည်။
လေသာဆောင် လက်ရန်းပေါ် လက်တင်ထားရင်း စီးကရက် တစ်လိပ်အား တိတ်တဆိတ် မီးညှိလိုက်၏။ ည၏ လေပြေညင်းတို့က သူ့မျက်နှာထံ တိုက်ခတ်သွားပြီး လင်းရီသည် အဝေးတစ်နေရာရှိ မီးရောင်စုံတို့ဖြင့် ထိန်လင်းနေသော ညမြင်ကွင်းအား ငေးမောကြည့်ရှုနေမိခဲ့သည်။
အချိန်တို့ မည်မျှ ကုန်ဆုံးသွားလဲ လင်းရီ မသိလိုက်ပေ။ ထိုစဉ် အဆက်မပြတ် မြည်တမ်းနေသည့် ဖုန်းသံကြောင့် သူ၏ အတွေးတို့မှာ လက်တွေ့ကာလသို့ ပြန်ဆွဲခေါ်လာခြင်း ခံလိုက်ရ၏။
ဆေးလိပ်အား နောက်ဆုံး တစ်ကြိမ် ဖွာပြီးနောက် လက်ထဲမှ စီးကရက်အား လင်းရီ ကောက်ပစ်လိုက်သည်။
ဆေးလိပ်ဘူးထဲမှ နောက်တစ်လိပ်ထပ်ဆွဲရင်း လင်းရီ ရှန်းထျန်းကျိုး၏ ဖုန်းအား ဖြေလိုက်၏။
“ ရှာတွေ့ပြီလား …”
“ တွေ့ခဲ့ပြီ … စုစုပေါင်း ၂၇ ယောက် … သတင်းအချက်အလက်တွေကို အတည်ပြုထားပြီးပြီ … အခု ငါ့အောက်လက်ငယ်သားတွေကို စုစည်းခိုင်းထားတယ်.. ခဏနေ မင်းဆီ ပို့ပေးလိုက်မယ်…”
“ ကောင်းပြီ .. ကျေးဇူးနော် ဒါရိုက်တာရှန်း …”
“ ဒီကိစ္စက အသေးမွှားလေး ဆိုပေမယ့် ငါတို့တွေ သေချာ ကိုင်တွယ်မှ ရမှာ … လင်းယွင်အုပ်စုက သူများ လုပ်တာကို ခေါင်းငုံ့ခံလာရတယ်မျိုး မလုပ်ခဲ့နဲ့ …”
“ ကျုပ် နားလည်ပါတယ်…”
လင်းရီ စီးကရက်အား ခပ်ပြင်းပြင်း ရှိုက်လိုက်ပြီးနောက် “ ကျန်တာကို ကျုပ် ဂရုစိုက်လိုက်မယ်… ဒါရိုက်တာရှန်းလည်း တစ်ညလုံး အလုပ်ရှုပ်လိုက်ရပြီ … ကောင်းကောင်း အနားယူဦး …”
“ ငါ မင်းဆီက သတင်းကောင်းပဲ ကြားချင်တယ်နော်….”
ဖုန်းချလိုက်ပြီးနောက် လင်းရီသည် အသင်း ၁ ထဲရှိ လူရှစ်ယောက်က သူ့အနောက်တွင် မတ်တပ်ရပ်နေသည်ကို လင်းရီ သတိထားမိလိုက်၏။
“ အသံမပေး ဘာမပေးနဲ့ … မင်းတို့ကောင်တွေ ဘယ်အချိန်တုန်းကတည်းက ရောက်နေကြတာ …”
“ အစ်ကိုရီ … ရှင့်စိတ်တွေ လွင့်နေတာပဲ .. ကျွန်မတို့ ဒီရောက်နေတာ ဆယ်မိနစ်လောက် ရှိတော့မယ် .. အဲ့တာတောင် သတိမထားမိဘူးဆိုတော့ …” ရှောင်ပင်းမှ ပြောလိုက်လေသည်။
“ အင်း … ငါစောနက ကိစ္စတစ်ခုကို အာရုံတအား စိုက်မိလိုက်လို့ ပတ်ဝန်းကျင်ကို သတိမထားမိလိုက်ဘူး ဖြစ်သွားတယ်….”
ရှစ်ယောက်လုံးမှ လင်းရီအား ထူးဆန်းစွာ ကြည့်လာခဲ့ကြ၏။
သူတို့မှတ်မိသလောက်တော့ သူတို့၏ အသင်းခေါင်းဆောင်မှာ ဆေးလိပ် သောက်တတ်သည့်လူ မဟုတ်ချေ။
“ အဲ့မှာပဲ ရပ်မနေကြနဲ့ …” လင်းရီ ပြောလိုက်ပြီး “ ကျိုးဟိုင်က သတင်းရလာပြီ.. ခဏနေကျရင် ငါ့နောက်က လိုက်ခဲ့ဖို့ အသင့်ပြင်ထားကြတော့ …”
“ ဟုတ်ကဲ့ ….”
သူတို့အားလုံး ကားထံသို့ တစ်ယောက်ပြီး တစ်ယောက် ပြန်လာခဲ့ကြ၏။ ရှောင်ပင်းမှ သေတ္တာ အနည်းငယ်အား ထုတ်ပြလာခဲ့ပြီး “ အစ်ကိုရီ … ဒီမှာ ကျွန်မတို့ ဘာတွေသုံးနိုင်မလဲ ကြည့်ကြတာပေါ့ …”
ရှောင်ပင်းမှ သေတ္တာ သုံးခုအား ဖွင့်ပြလာသည်တွင် လင်းရီ အံ့အားသင့်သွားခဲ့လေသည်။
အထဲတွင် အမျိုးမျိုးသော လက်နက်ကိရိယာများ ပါဝင်နေပြီး မော်ဒယ်လ်များက နောက်ဆုံးပေါ်တို့ ဟုတ်မနေသော်လည်း အကုန်လုံးက ကောင်းကောင်းမွန်မွန်များ ဖြစ်ကြ၏။ အကုန်လုံးအား စိတ်ချလက်ချ ပစ်ခတ်နိုင်သည်။
“ မင်းတို့ကောင်တွေ ဒီညနေ အပြင်ထွက်သွားခဲ့တာ ဒါတွေ သွားရှာနေကြတာလား ဟုတ်လား …”
“ ဒင်းတို့တွေကို သင်ခန်းစာ မပေးဘူးဆိုရင် လူကို အမြဲတမ်း အခွင့်အရေး ယူလို့ ရတဲ့လူလို့ အထင်မှားသွားမှာပေါ့ ….”
ရှောင်ပင်း သေတ္တာထဲမှာ လက်နက်များအား ထုတ်၍ ကျန်သူများအား အသီးသီး ဝေငှပေးလိုက်သည်။
“ ကျွန်မတို့ အားလုံး ဒီရောက်လာပြီးမှတော့ ကြီးကြီးမားမား တစ်ခုခု လုပ်ပြသွားရမှာပေါ့ … မဟုတ်ဘူးလား …”
လင်းရီ၏ ဘယ်ဘက် နှုတ်ခမ်းထောင့်စွန်းတို့ တွန့်ကွေးတက်သွားခဲ့ပြီး ထေ့ပြုံးတစ်ခု ဖြစ်ပေါ်လာကာ “ ဒါဆိုလည်း ဒီရဲ့ ဂိုဟန်ဆိုတဲ့ ကောင်ကနေ စလိုက်ကြတာပေါ့ …”