ညှာတာမှု ကင်းမဲ့သည့် နည်းလမ်းများ
Vol. 118 Ch. 1763
ကျန်းချောင်ယွဲ့ ကျောချမ်းသွားခဲ့သည်။
“ သူများတွေ ပြောသံကြားတာ ရင်ဘက်သေးတဲ့ လူတွေက စိတ်ကြီးကြတယ်တဲ့ … ဒီနေ့မှပဲ ငါ ယုံတော့တယ် … အစ်မယင်က အရမ်းကို မဆင်မခြင်နိုင်တာပဲ .. ကျုပ် အထင်ကြီးမိပြီ …”
“ သူက အတွေ့အကြုံ ရှိပြီးသားလေ … ဘာပဲဆိုဆို D အဆင့် ရောက်ပြီးသားတဲ့လူပဲဟာ မင်းထက် အတွေ့အကြုံတွေ ပိုများတယ်… သူ့ဆီက ကောင်းကောင်းသင်ယူ …” လင်းရီ ပြောလိုက်သည်။ “ ဒါပေမယ့် တစ်ခုတော့ မှတ်ထား … ဟွာရှမှာဆို ငါတို့က သာမန် ပြည်သူတွေပဲ … ဒါပေမယ့် နိုင်ငံပြင်ပမှာဆိုရင်တော့ ဘာကိုယ်ကျင့်တရားမှ မရှိတဲ့လူတစ်အုပ်စုပဲ … ငါတို့ရဲ့ ရည်မှန်းချက် အောင်မြင်သရွေ့ တခြား အသုံးမဝင်တဲ့ အရာတွေနဲ့ စိတ်အနှောင့်အယှက် ဖြစ်ခံမနေနဲ့ … စကားကို အနှစ်ချုပ်ပြီး ပြောရရင် … လုပ်ဖို့လိုအပ်တာ အကုန်လုပ် …”
“ နားလည်ပါပြီ ခေါင်းဆောင် …”
လင်းရီ၏ စကားလုံးက ကျန်းချောင်ယွဲ့အတွက် များစွာ အကျိုးဖြစ်ထွန်းသွားစေခဲ့သည်။ ယခုတော့ ကျုံးဝေ့တပ်ဖွဲ့၏ အနှစ်သာရကို သူ နားလည်သွားခဲ့ချေပြီ။
“ သွားစို့ … ဒီမှာ ပြီးသွားပြီဆိုတော့ နောက်တစ်နေရာ သွားရမယ့် အချိန်ပဲ …”
သုံးယောက်သား ဂိုဟန်၏ အိမ်ထဲမှ ထွက်လာခဲ့ကာ ရပ်ထားသည့် လန်ခရူဇာကားထံသို့ ပြန်လာခဲ့ကြသည်။
“ ခေါင်းဆောင် … ဂိုဟန်ကတောင် အသေးစိတ် မသိဘူးဆိုတော့ ကျန်တဲ့ သူ့လက်အောက် ငယ်သားတွေကလည်း ဘာမှ သိမယ့်ပုံ မပေါ်ဘူးနော်…” ယွီစီယင် ပြောလိုက်၏။
“ အဲ့ဒါကြောင့်မို့ ခုကပြီး ဘာမှ မေးမြန်းနေစရာ မလိုတော့ဘူး … သတ်သာသတ် …”
“ နားလည်ပါပြီ …”
တစ်ချိန်တည်းတွင် လင်းရီသည် ရှောင်ပင်းနှင့် စွေ့ချန်တို့ဆီမှ မက်ဆေ့ချ်များအား လက်ခံရရှိလိုက်၏။
၎င်းတို့ နှစ်သင်းက လူနှစ်ယောက်ကို ရှင်းလင်းပြီးခဲ့ပြီး ယခု တတိယ ပစ်မှတ်ထံသို့ ဦးတည်နေသည်။
“ သွားစို့ … အလုပ်ဆက်လုပ်ကြမယ်… ရှောင်ပင်းနဲ့ စွေ့ချန်က ငါတို့ထက်တောင် မြန်နေသေးတယ်… ငါတို့လည်း နောက်ကောက်ကျန်နေလို့ ဘယ်ဖြစ်မှာ ….”
“ အိုကေ .. သွားစို့ ….”
………………
နောက်တစ်နေ့ နံနက် ၊ နေမင်းကြီးက ကောင်းကင်ယံ အထက်သို့ အတော်လေး မြင့်တက်နေပြီး ပင်လယ်၏ ဆားပါသည့် လေညင်းတို့က သာယာ လှပသည့် နေ့ရက်လေး တစ်ရက်ဖြစ်မည့် အမှတ်လက္ခဏာများပင်။
သံရုံးတွင်တော့ ကျန်းရှုဖျင်သည် စားပွဲပေါ်ရှိ သက်ဆိုင်ရာ စာရွက်စာတမ်းများအား ကိုင်တွယ်နေလျက်ရှိ၏။
လင်းယွင်အုပ်စုနှင့် ပတ်သက်သည့် ကိစ္စရပ်က အတော်လေး ထိလွယ်ရှလွယ် ရှိလှသဖြင့် သူ့မှာ သတိထား ကိုင်တွယ်နေရသည်။ ကံကောင်းစွာဖြင့် ၎င်းတို့၏ အကြီးဆုံး ဥက္ကဌက ဤနေရာသို့ ရောက်ရှိနေသဖြင့် ဤပြဿနာအား အချိန်တိုအတွင်း ဖြေရှင်းနိုင်ရန်က ပြဿနာ ရှိလိမ့်မှာ မဟုတ်ချေ။
သို့သော် ထိုအချိန်တွင် ချန်ချင်ဖုန်း ပြေးဝင်လာပြီး
“ ခေါင်းဆောင် … ကိစ္စကြီးကြီးမားမားတော့ ဖြစ်ပြီ….”
ကျန်းရှုဖျင် သူ၏ မျက်မှန်အား ချွတ်၍ အေးအေးလူလူ မေးလိုက်၏။
“ ဘာဖြစ်တာလဲ .. ဒီမှာ ငါ အားယားနေတာ မဟုတ်ဘူး …”
“ မနေ့ညက ပစ်ခတ်မှုကြောင့် လူ ၂၈ ယောက် သေသွားတယ်…” ချန်ချင်ဖုန်း ပြောလိုက်ပြီး “ သူတို့ထဲ ၂၇ ယောက်က စီမံခန့်ခွဲရေးဗျူရို လုံခြုံရေးဌာနကလူတွေ … နောက်တစ်ယောက်က သူတို့နဲ့ ရင်းနှီးတဲ့ ဆွေမျိုး …”
“ လုံခြုံရေး ဌာနက လူတွေ ဟုတ်လား ….”
ကျန်းရှုဖျင် မျက်ဝန်းတို့ ပြူးကျယ်ကာ ထိုင်နေရာမှ အလိုလို မတ်တပ်ရပ်မိသွားခဲ့သည်။
“ ဧကန္တ …… “
“ ခေါင်းဆောင် ထင်တဲ့အတိုင်းပဲ … သေသွားတဲ့ လူ ၂၇ ယောက်က မနေ့တုန်းက ဥက္ကဌလင်းတို့နဲ့ ဆွေးနွေးညှိနှိုင်းသွားတဲ့ လူတွေချည်းပဲ … ဒါပေမယ့် ညရောက်တော့ အကုန်သေကုန်ကြပြီ …”
“ သူ လုပ်လိုက်တာပဲ ဖြစ်မယ်…..”
ကျန်းရှုဖျင် စားပွဲမှ ထပြီး ရုံးခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်လျက် “ ဒီလူ ဘယ်လိုတွေ စဉ်းစားနေတာလဲကွာ … သူက လျန်မိသားစုနဲ့ ရင်းနှီးတယ်ဆိုတာနဲ့ပဲ ဒီလိုတွေ လုပ်လို့မှ မရတာ….”
“ ကျုပ်တို့တွေ သူ့ရဲ့ အထောက်အထားကို အထင်သေးခဲ့မိပြီ တူတယ်…” ချန်ချင်ဖုန်း အကျည်းတန်သည့် အမူအရာဖြင့် ပြောလိုက်ပြီး “ လူတော်တော်များများမှာ ဒီလို လုပ်ရဲတဲ့ ဇမရှိကြဘူး … ကျုပ်အထင် သူ့ဘက်က ဒီပြဿနာကို အစကတည်းကရင် သာမန်နည်းလမ်းနဲ့ ဖြေရှင်းဖို့ အစီအစဉ် မရှိထားဘူး … ဒီလို လုပ်ဖို့ စီစဉ်ထားတာ ကြာနေပြီ ဖြစ်ရမယ်….”
“ ငါ သူ့ကို တကယ် အထင်သေးခဲ့မိတာပဲ ….” ကျန်းရှုဖျင် တည်ကြည်လေးနက်သည့် အမူအရာဖြင့် ပြောလိုက်ပြီး “ ငါ ဒီအကြောင်း လျန်မိသားစုဆီ ပြောပြမှ ဖြစ်မယ် … သူတို့ ဘယ်လိုကိုင်တွယ်မလဲ ကြည့်ကြတာပေါ့ ….”
………….
ဟွာရှ ၊ ရန်ကျင်း ၊ လူနေရပ်ကွက် တစ်ခု၌။
ည ဆယ်နာရီ ဝန်းကျင်ခန့်တွင် လျန်ချွင်းရှောင်နှင့် ရှန်းရှုရီတို့မှာ လျန်ရှန့်ဟော်၏ နေအိမ်၌ ညစာ စားပြီးသွားခဲ့ကြပြီး အိမ်ပြန် အနားယူရန် ဟန်ပြင်နေခဲ့ကြသည်။
“ ယူသွား ….” လျန်ရှန့်ဟော် ပြောလိုက်ပြီး “ ဒါ ပင်းချိန်ရဲ့ အနီရောင် ဝက်အူချောင်း စစ်စစ်တွေ … အိမ်ယူသွားပြီး မြည်းကြည့်ကြည့် …”
“ အဖေစားဖို့သာ သိမ်းထားစမ်းပါဗျာ…. ကျွန်တော့်ဆီမှာ ရဲဘော်ဟောင်းတစ်ယောက် လက်ဆောင်ပေးထားတာ အများကြီး ရှိတယ်… အိမ်မှာ စားလို့တောင် မကုန်သေးဘူး …” လျန်ချွင်းရှောင်သည် သူ့ထံသို့ ပေးလာသည့် အထုပ်အား ပြန်ပေးရင်း ပြောလိုက်သည်။
“ ဒါဆိုလည်း မယူနဲ့ပေါ့ … ငါ့ဘာငါ စားဖို့ပဲ သိမ်းထားတော့မယ်….”
ကလင် ကလင် ကလင် …
ထိုအချိန်တွင် အိမ်ရှိ ကြိုးဖုန်းမှ အသံမြည်လာပြီး အိမ်ထဲရှိ လူတိုင်း အလိုအလျောက် ထိုနေရာသို့ အကြည့်ပို့မိလိုက်ကြသည်။
အဘယ်ကြောင့်ဆိုသော် ထိုလိုင်းက နိုင်ငံတကာလိုင်း ဖြစ်နေသောကြောင့် ဖြစ်လေသည်။ ပုံမှန်လူတို့ ခေါ်ဆိုလေ့ မရှိပေ။
ထို့ပြင် ယခုက ည ဆယ်နာရီကျော်နေပြီး ဖြစ်၏။ ဤအချိန်ကြီး ခေါ်ဆိုလာသည်ဖြစ်ရာ သေးသေးမွှားမွှား ကိစ္စ တစ်ခုတော့ မဖြစ်တန်နိုင်ရာ။
လျန်ရှန့်ဟော်မှ တည်ကြည်စွာ လျှောက်လှမ်းသွားပြီး ဖုန်းကိုင်ကာ တစ်ဖက်လူနှင့် ဆယ်မိနစ်ခန့်ကြာအောင် ဖုန်းပြောလိုက်၏။
လျန်ချွင်းရှောင်မှာတော့ ဘာကိစ္စလဲဆိုတာ ခုထိ မသိပေးပေ။ သို့သော် ထက်ရှသည့် အလိုလိုသိစိတ်ကို ပိုင်ဆိုင်ထားသည့် ရှန်းရှုရီကတော့ ယခု ဖုန်းဆက်လာသူမှာ လင်းရီအကြောင်း ပြောဆိုနေခြင်း ဖြစ်လိမ့်မည်ဟု ခံစားနေရ၏။
“ အဖေ … ဘယ်သူတဲ့တုန်း ဖုန်းခေါ်လာတာက ….” လျန်ချွင်းရှောင်မှ ဖိနပ်စီးရင်း မေးမြန်းလိုက်၏။
“ ကျန်းရှုဖျင် .. ပနားမား သံရုံးက တာဝန်ခံ အရာရှိ တစ်ယောက်ပဲ …”
ဘေးတွင် ရပ်နေသည့် ရှန်းရှုရီမှ မျက်လုံးလှိမ့်လိုက်မိ၏။
သူမ၏ လျင်မြန်သည့် တွေးခေါ်နိုင်စွမ်းဖြင့် ဖြစ်နိုင်ချေအား တွေးတောကြည့်ပြီး ဖြစ်သည်။
လင်းယွင်အုပ်စု၏ သစ်တန်ပေါင်းများစွာ သယ်ဆောင်လာသည့် ကာဂိုသင်္ဘောက ပနားမား တူးမြောင်း၌ ပိတ်မိနေသည်။ ဧကန္တ ထို ကိစ္စကြောင့်များလော။
“ အဲ့လူက လျန်မိသားစုက လူတော့ မဟုတ်ဘူးမလား ….”
“ အမှန်ပဲ … ဒါပေမယ့် ဟိုမှာ ဖြစ်သွားတဲ့ ကိစ္စတစ်ခုက လျန်မိသားစုနဲ့ ဆက်စပ်နေတယ်…” လျန်ရှန့်ဟော် ပြောလိုက်ပြီး “ လင်းယွင်အုပ်စုရဲ့ ဒုဥက္ကဌ တစ်ယောက်က ပနားမား အာဏာပိုင် တစ်ချို့နဲ့ ပြဿနာ တက်ပြီး ဆေးရုံတင်လိုက်ရတယ် … အဲ့နောက် လင်းရီက လူတစ်အုပ်စု ခေါ်လာပြီး ညတွင်းချင်း ပြဿနာထဲ ဝင်ပါတဲ့ လူ ၂၈ကို သတ်သွားတယ်…”
“ အာ …”
ထိုသတင်းကို ကြားတော့ လျန်ချွင်းရှောင်မှာ အင်မတန် ရှော့ခ်ရမိသွားခဲ့၏။
“ ဒီစောက်ကလေးက ရူးနှမ်းသွားတာလား … သူ ဘာလို့ အဲ့လိုကိစ္စမျိုးတွေ လုပ်နိုင်ရတာလဲ ….”
သူ၏ ဘဝ၌ အရာများစွာကို ကြုံတွေ့ခဲ့ဖူးသည့် လျန်ချွင်းရှောင်ပင် ထိုသတင်းကို ကြားတော့ မိမိ၏ စိတ်ခံစားချက်တို့အား ထိန်းချုပ်နိုင်ခြင်း မရှိခဲ့ချေ။
လင်းရီက ညတွင်းချင်း လူ ၂၈ ယောက် သတ်သွားခဲ့သည်။
ထိုကောင် ရူးများသွားသည်လော။
ရှန်းရှုရီလည်း လင်းရီ၏ ညှာတာမှု ကင်းမဲ့သည့် သွေးထွက်သံယို နည်းလမ်းများကြောင့် ရှော့ခ်ရသွားခဲ့ရသည်။
သို့သော် နောက်တစ်စက္ကန့်၌ လင်းရီတွင်လည်း ထိုသို့ ပြုနိုင်လောက်သည့် အကြောင်းပြချက်က လုံလောက်နေခဲ့၏။
လင်းယွင်အုပ်စု၏ ဒုဥက္ကဌ သုံးယောက်က လင်းရီ အားအကိုးရဆုံး လူများဖြစ်ပြီး ကုမ္ပဏီ၏ အရေးကြီး ကိစ္စတို့အား လွတ်လပ်စွာ စီရင်ဆုံးဖြတ်နိုင်သည့် လူများ ဖြစ်ကြသည်။
ဤအရေးတွင် တာဝန်ယူထားသူ ချီရှန်းကျောက်က စီးပွားရေး ကိစ္စများ ကိုင်တွယ်ရာ၌ ပြိုင်ဘက်မရှိမည်မှာ သံသယ ရှိဖို့ မလိုချေ။ ယခု ထိုသို့သော ဖြစ်ရပ်ပေါ်ပေါက်လာပြီး သူ၏ လူအား အပြင်းအထန် ဒဏ်ရာရသွားစေခဲ့သဖြင့် လင်းရီ အမျက်ဒေါသထွက်သွားခဲ့သည်မှာ ထူးဆန်းသည်လို့ မဆိုသာပေ။
သို့သော်လည်းပဲ ထိုကဲ့သို့ ပြင်းထန်သည့် လက်တုံ့ပြန်မှုက အမှန်တကယ် လွန်ကဲလှပြီး အုတ်အောသောင်းနင်း ကိစ္စရပ်တို့ ဖြစ်သွားစေနိုင်သည်။
“ သာမန်ပါပဲ .. မင်းတို့လည်း လင်းရီရဲ့ စရိုက်ကို သိကြတယ်မလား …” လျန်ရှန်ဟော်၏ သွင်ပြင်မှာ အတော်လေး တည်ငြိမ်နေပြီး အလျင်လိုခြင်း မရှိပေ။
“ တကယ်လို့ သူ့မှာသာ အဲ့လို ဇမျိုးမရှိရင် ဒီနေ့လို အောင်မြင်မှုတွေ ရှိလာမှာတောင် မဟုတ်ဘူး …”
“ ဒါပေမယ့် ပြဿနာက သူ သတ်သွားတဲ့ လူတွေက ဗျူရိုရဲ့ လူတွေ ဖြစ်နေတာပဲ … အစိုးရ အရာရှိတွေလို့ သတ်မှတ်လို့ရတယ် … ဒါက အရပ်သားတွေကို အတော်လေး ဒေါသထွက်သွားစေလောက်မယ့် အမှုပဲ ….”
“ အမှန်ပဲ … ဒါပေမယ့် ငါတော့ လင်းရီကို ယုံတယ်…” လျန်ရှန့်ဟော် ပြောလိုက်ပြီး “ သူက ဉာဏ်ကောင်းတဲ့ ကလေးပဲဟာ … အပေါ်ယံကြည့်လိုက်ရင် သွေးပူပြီး မဆင်မခြင် နိုင်တဲ့ ပုံစံဆိုပေမယ့် တကယ်တမ်း လက်တွေ့ကျတော့ ခြေတစ်လှမ်းချင်းစီတိုင်းကို ဂရုစိုက်ပြီး လှမ်းတယ်… ဒီခုကိစ္စလည်း အန္တရာယ်များတယ် ထင်ရတယ် ဆိုပေမယ့် ငါ့အထင် သူ့မှာ သင့်တင့်လျောက်ပတ်တဲ့ ဖြေရှင်းနည်းလမ်းတွေ ရှိနေမယ်လို့ ထင်တာပဲ …”
“ အဖေပြောတာ မှန်တယ်… လင်းရီ ဉာဏ်ကောင်းတဲ့ ကလေးပဲဟာ … သူ့ကိုယ်သူတော့ အတောမသတ်နိုင်တဲ့ ငရဲသစ်ငုတ်ဘဝ အရောက်ခံမှာ မဟုတ်လောက်ပါဘူး …” ရှန်းရှုရီ ပြောလိုက်ပြီး “ မစိုးရိမ်ကြရအောင် … ဒီကိစ္စ ရှေ့ ဘာဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့ ….”
လျန်ချွင်းရှောင် ခေတ္တမျှ တွေးတောလိုက်ပြီး “ ကျွန်တော် မှတ်မိသလောက်ဆို ဟွာရန် အုပ်စုက ပနားမား တူးမြောင်းမှာ ယွမ် ရှစ်ဘီလီယမ်ကျော် ရင်းနှီးမြုပ်နှံထားခဲ့တယ်မလား …”
“ အဲ့ဒါက ကျွန်မတို့ရဲ့ အာမခံပဲ .. တကယ်လို့ အကျိုးဆက်တွေက ကျွန်မတို့ မျှော်လင့်ထားတာထက် ကျော်လွန်လာရင် အဲ့ဒီကတ်နဲ့ ကစားလို့ရသေးတယ်…”
လျန်ရှ့န်ဟော် ခေါင်းညိမ့်လိုက်ပြီး မပြောမီ ခေတ္တမျှ အတွေးနက်သွားခဲ့၏။
“ သူ ခေါ်လာခဲ့တဲ့ လူတစ်အုပ်စုက ကြည့်ရတာ ကျုံးဝေ့တပ်ဖွဲ့က လူတွေ ဖြစ်မယ် … ပိုပြီး စိတ်ချရအောင် ငါတို့ ဒီအကြောင်း ခေါင်းဆောင်ဆီ သတင်းပို့ကြတာပေါ့ …”