မသိနိုင်တဲ့ တစ်စုံတစ်ရာ
Vol. 118 Ch. 1765
“ နင်က Tesla ရဲ့ အဓိက ဒေတာတွေ ရထားတယ် ဟုတ်လား …”
မျက်နှာမာ့စ်ကပ်နေသည့် ရှန်းရှုရီသည် ရုတ်ချည်းဆိုသလို ဆိုဖာပေါ်မှ ဆတ်ကနဲ ထလာခဲ့ပြီး လျန်ချွင်းရှောင်အား ထိတ်လန့်သွားစေခဲ့၏။
“ ဒီကိစ္စက အတော်လေး ပြင်းထန်သွားတာဆိုတော့ တောင်းပန်တာ တစ်ခုတည်းနဲ့ အဆင်ပြေပေးလိုက်လို့ ဘယ်ဖြစ်မှာ … လူတို့ရဲ့ မျက်နှာကို ဖြတ်ရိုက်ပြီး သူတို့ကို ဆူငေါက်ပေးတာက ကျွန်တော် လုပ်ရတာ နှစ်သက်တဲ့ အရာတွေပဲလေ… ဒါတွေ အန်တီရှန်း သိပါတယ်…” လင်းရီ ပြုံးလိုက်ပြီး “ ဒါပေမယ့် ကျွန်တော် အကြံပြုချင်တာတော့ ဒီရဲ့ ဒေတာတွေကို ရပြီးတာနဲ့ မြန်နိုင်သမျှ မြန်မြန် အသုံးချဖို့ပဲ … Tesla ရဲ့ လူတွေထဲ ရူးတဲ့လူတွေ တစ်ယောက်မှ မပါဘူး … သူတို့ဘက်က ဒီရဲ့ နည်းပညာတွေ ကမ်းပေးလာတယ်ဆိုတာ နောက်ကွယ်မှာ နည်းပညာ အသစ်တွေကို ဖန်တီးနေပြီ မလို့ပဲ … နောက် တစ်နှစ်၊ နှနှစ်လောက်ဆိုရင် ဒီရဲ့ နည်းပညာတွေက တန်ဖိုး မရှိလောက်တော့ဘူး … ဒါကြောင့်မို့ ကျွန်တော်တို့တွေ တတ်နိုင်သမျှ မြန်မြန် အသုံးချမှ ဖြစ်မှာ …”
“ ငါကရော ဒါတွေ လိုချင်ပါတယ်လို့ ပြောရသေးလို့လား …” ရှန်းရှုရီ အပြုံးလေးဖြင့် ပြောလိုက်ပြိး “ လင်းယွင်အုပ်စုက ဟွာရှမှာ အကြီးဆုံး semiconductor လုပ်ငန်းစုကြီး တစ်ခု ဖြစ်နေပြီ … ပြီးတော့ လျှပ်စစ်ကားတွေက နယ်ပယ်ရဲ့ အနာဂတ်ပဲ … လင်းယွင်အုပ်စုရဲ့ နယ်ပယ်ထဲ လျင်လျင်မြန်မြန်နဲ့ ပေါင်းစပ်နိုင်စွမ်းနဲ့သာဆိုရင် အခုက နင်တို့ဖို့ လျှပ်စစ်ကား ဈေးကွက်ထဲ ဝင်ဖို့ အချိန်ပဲ …” ရှန်းရှုရီ အကြံပြုပေးလာခဲ့သည်။
လင်းရီ တိတ်ဆိတ်သွားခဲ့၏။ ရှန်းရှုရီ၏ အကြံပေးစကားကြောင့် လင်းရီ အံ့အားသင့်သွားခဲ့လေသည်။ သို့သော တွေးကြည့်လိုက်တော့ ၎င်းကလည်း အဓိပ္ပာယ် ရှိနေပြန်သည်။
“ လျှပ်စစ်ကား နယ်ပယ်က big player တွေအများကြီးနဲ့ ပြိုင်ဆိုင်မှုက အကြိတ်အနယ် ဖြစ်နေပြီးသား … တကယ်လို့ ကျွန်တော်ကသာ စစ်ပွဲထဲ ဝင်လာရင် သူတို့နဲ့ ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူး … တည်တည်ငြိမ်ငြိမ်နဲ့ ခြေကုပ်ယူနိုင်ဖို့ဆိုရင် အန်တီရှန်းလို ထူးချွန်တဲ့ အရည်အသွေး ရှိတဲ့ တစ်စုံတစ်ယောက်ရဲ့ အကူအညီကို လိုအပ်တယ် … ကျွန်တော့်လို ကစားသမား အသေးစားလေးက ဘေးမှာ ထိုင်ပြီး စိတ်လှုပ်ရှားတကြီးနဲ့ စောင့်ကြည့်ဖို့ပဲ ကောင်းပါတယ်ဗျာ …..”
“ နင် ကောင်စုတ်လေးကတော့ …” ရှန်းရှုရီ အပြုံးလေးဖြင့် ပြောလိုက်ပြီး “ မနက်ဖြန် နင့်ကုမ္ပဏီဆီ ဆက်သွယ်ပြီး အဲ့ဒီ နည်းပညာတွေ ယူလာခဲ့ဖို့ လူလွှတ်လိုက်မယ်….”
“ ကောင်းပြီလေ…”
အလုပ်ကိစ္စ ပြောဆိုပြီးနောက် လင်းရီ ဖုန်းချလိုက်သည်။
နောက်ကျနေပြီး ဖြစ်သဖြင့် လင်းရီသည် ရှန်းရှုရီ၏ အနားယူအိပ်စက်မှုကို မနှောင့်ယှက်လိုပေ။
ဖုန်းချပြီးနောက် ရှန်းရှုရီသည် ဆိုဖာပေါ်တွင် ထိုင်နေရင်း မျက်ဝန်းတို့က တစ်စုံတစ်ရာကို အတွေးနက်နေသည့်နှယ် ဗလာကျင်းနေလျက် ရှိသည်။
လင်းရီ၏ ဉာဏ်များ ကောက်ကျစ်မှုက မယုံကြည်နိုင်စရာ ကောင်းလောက်အောင်ပင်။ သူ့ဘက်က ဤအရာအား လွန်ခဲ့သည့် တစ်နှစ်နီးပါးလောက်ကပင် စီစဉ်ထားခဲ့ဟန်ပင်။
ပထမဦးဆုံးအနေဖြင့် သူ့ဘက်က သူမအား လီတိုဂရပ်ဖီစက် ပရောဂျက်တွင် ရင်းနှီးမြုပ်နှံစေခဲ့သည်။
ထို့နောက် မစ်ဆူမိသားစု အကြီးစား စက်မှု လုပ်ငန်း၏ နည်းပညာများနှင့် မစ်ဆူ အဆင့်မြင့် နည်းပညာတို့အား သူမထံ လွှဲပြောင်းပေးအပ်ခဲ့၏။
ယခု သူ့ဘက်က Tesla ၏ နည်းပညာများကိုပင် ပေးအပ်လာနေသည်။ ထို့ပြင် အကုန်လုံးကလည်း အလကား ပေးလာခဲ့ခြင်း ဖြစ်၏။
ရှန်းရှုရီ မနေနိုင်ဘဲ ရှုံ့မဲ့စွာ ပြုံးလိုက်မိပြီး သူမ၏ နဖူးအား ကိုင်ထားမိသည်။
ဒါက သူ့ရဲ့ ယောက္ခမကို နှုတ်ပိတ်တဲ့ နည်းလမ်းလား …
ရှန်းရှုရီ၏ ဖုန်းကို ချပြီးနောက် လင်းရီလည်း ခေါင်းကိုက်လာသလို ခံစားနေရသည်။
Smart ဖြစ်သည့် လူတို့အား ကိုင်တွယ်ရသည်မှာ အတော်လေး စိတ်ပင်ပန်း၊ လူပင်ပန်း ဖြစ်ရ၏။
သူ့ဘက်က Tesla နည်းပညာအား လက်ဆောင်ပေးစဉ်တွင် သူမဘက်က အမှန်တကယ်ကို တုံ့ဆိုင်းနေပြီး ပြန်လည်၍ပင် ငြင်းဆန်လိုနေခဲ့သည်။
ရှန်းရှုရီမှ သူ့အတွေးများအား ထွင်းဖောက်မြင်ထားပြီး ဖြစ်သည်ဟု လင်းရီ မှန်းဆလိုက်၏။
အနာဂတ် ယောက္ခလောင်းကြီးနဲ့ ဖိုက်ရတာ တကယ်ပင်ပန်းတာပဲ …
မျက်နှာသစ်ပြီးနောက် ရှောင်ပင်းနှင့် ကျန်သူများမှ လင်းရီ၏ အခန်းထဲသို့ ရောက်လာကြသည်။ ၎င်းနောက် မကြာမီ အော်ဒါမှာထားသည့် စားစရာများ ရောက်လာခဲ့၏။
“ အစ်ကိုရီ … လက်စားချေမယ့် ကိစ္စလည်း ပြီးပြီဆိုတော့ ရှေ့ဆက် ဘာလဲ လုပ်ကြမှာ …”
“ ငါတို့ ကုန်တွေက ဒီမှာ ပိတ်မိနေတုန်းပဲဆိုတော့ အဲ့ကိစ္စ ဖြေရှင်းပြီးတာနဲ့ ပြန်ကြမယ်…”
လင်းရီ စတိတ်ခ်အား လှီးဖြတ်၍ အသားတစ်ဖဲ့အား ဝါးရင်း ပြောလိုက်သည်။
“ နောက်ပိုင်းကျ ဘာလုပ်စရာမှ ရှိတော့မှာ မဟုတ်ဘူး … မင်းတို့ အိမ်မှာ ကိစ္စ ရှိတယ်ဆိုလည်း အရင် ပြန်ချင် ပြန်နှင့်ကြ … ဒီမှာနေပြီး ငါ့ကို အဖော်လုပ်ပေးစရာ မလိုဘူး ….”
“ အဲ့လို လုပ်လို့ ဘယ်ဖြစ်မှာ … အကုန်လုံးက အသင်း ၁ အဖွဲ့သား အချင်းချင်းကိုပဲ … အတူလာပြီးမှတော့ အတူပြန်ရမှာပေါ့ ….” ကျောက်ယွင်ဟူက ပြောလိုက်သည်။
“ ငါတို့ကောင်တွေ ဒါလေးတောင် မလုပ်ပေးနိုင်ရင် အသင်း ၁ ထဲမှာ ဆက်ပြီးနေဖို့ ထိုက်တန်ပါဦးမလား … ဟုတ်တယ်မလား ….” အသင်းဝင် ၊ ရှောင်ကျန်းဖုန်းမှ ပြောလိုက်၏။
“ ရပြီ … မင်းတို့ကောင်တွေ ဘာမှ ထပ်မပြောနဲ့ … ငါ့ရဲ့ အသင်း ၁ ထဲမှာ မင်းတို့လို အသင်းသားတွေ ရှိတာ ဂုဏ်ယူစရာပဲ … လာကြ … ခွက်ချင်းတိုက်မယ်….”
“ ချီးယား …”
လူတိုင်း ဖန်ခွက်များအား မြင့်မြင့်မြှောက်လိုက်ကြပြီး လေထု အခြေအနေကလည်း လှုပ်ရှားသက်ဝင်နေသည်။
ဒုန်း ဒုန်း ဒုန်း
အရက်ခွက်အား လက်စဖြတ်ပြီးသည့် အချိန်မှာပဲ တံခါးဝသို့ လေးလံ သိပ်သည်းသည့် အရာဝတ္ထု တစ်ခုဖြင့် ထုရိုက်လာသည့် အသံများအား ကြားလိုက်ကြားရ၏။
သို့သော် ကျိုးလျန် တံခါး သွားမဖွင့်နိုင်သေးခင်မှာပဲ တံခါးက ဖျက်ဆီးခံလိုက်ရကာ ရဲ အရာရှိ အယောက် ၂၀ ကျော်မှာ အခန်းထဲသို့ ပြေးဝင်လာကြပြီး သေနတ်များဖြင့် လင်းရီတို့၏ ဦးခေါင်းကို အသီးသီး ချိန်ရွယ်ထားကြ၏။
အုပ်စုမှာ ထိုင်ခုံကိုယ်စီ၌သာ ထိုင်နေရင်း မည်သည့် မလိုလားအပ်သည့် လှုပ်ရှားမှုတို့ကိုမျှ မပြုလုပ်ခဲ့ချေ။
တစ်ယောက်ချင်း တိုက်ခိုက်မည်ဆိုပါက ထိုလူများ အားလုံးသည် သူတို့ထဲ မည်သူ၏ ပြိုင်ဘက်မျှ မဖြစ်နိုင်ချေ။ သို့သော် တစ်ဖက်လူ၏ လက်ထဲတွင် သေနတ်များ ရှိနေသည့် အချိန်၌ အခြေအနေသည်လည်း ကွဲပြားသွားခဲ့တော့၏။
ကျည်ဆံများက သွားနောက်၍ ကောင်းသည့် အရာတစ်ခု မဟုတ်ချေ။
“ မင်းတို့ ဘာလာလုပ်တာ .. အခန်းထဲမှာ အစားစားတာက တရားမဝင်လို့လား ….” လင်းရီ ပြောလိုက်၏။
“ မြို့ထဲမှာ အလောင်းပြိုင် လူသတ်မှုတွေ အများကြီး ဖြစ်ထားတယ် … အဲ့ဒီ လူသတ်မှုတွေအတွက် မင်းကို ငါတို့ သံသယ ရှိတယ်… ကျေးဇူးပြုပြီး ငါတို့နဲ့ လိုက်ခဲ့ပေးပါ … မစ္စတာလင်း... ”
“ ကောင်းပြီလေ… ငါက ဖြောင့်မှန်တဲ့ စီးပွားရေး သမား တစ်ယောက်ပဲ … အရာရှိကြီးတို့က ကျုပ်ကို သံသယ ရှိတယ်ဆိုတော့ စုံစမ်း စစ်ဆေးမှုမှာ ပူးပေါင်းပါဝင်ပေးရမှာပေါ့ …” လင်းရီ ယဉ်ကျေးစွာ ပြောလိုက်ပြီး “ ဒါပေမယ့် ကျေးဇူးပြုပြီး သေနတ်လေးတွေ အောက်ချပြီးမှ အေးအေးဆေးဆေး ပြောတာက ပိုမကောင်းဘူးလား … မင်းတို့တွေက ငါ့ဝန်ထမ်းတွေကို ထိတ်လန့်အောင် လုပ်နေတာပဲ … စိတ်ဒဏ်ရာ ရသွားခဲ့ရင် ငါ့ အိတ်ကပ်ထဲက ဆေးဖိုး ထွက်နေရဦးမယ်….”
လင်းရီမှ လက်အား မိုးပေါ်သို့ မြှောက်၍ ပူးပေါင်းပါဝင်လာသည်ကို မြင်တော့ ဦးဆောင်လာသည့် ရဲအရာရှိမှ သူ့အား လက်ထိပ်ခတ်ကာ စိတ်သက်သာရစွာဖြင့် သက်ပြင်းချလိုက်မိ၏။ ယခု မည်သည့် အန္တရာယ်မျှ မရှိတော့ဟု သူ့စိတ်ထဲ ခံစားလိုက်ရ၏။
ရှောင်ပင်းနှင့် ကျန်သူများမှာ စားပွဲတွင် ထိုင်နေရင်း တုတ်တုတ်မလှုပ်ကြချေ။
လင်းရီ ဘာဆက်လုပ်မလဲဆိုတာကို သူတို့လဲ မသိပေ။ ထို့ပြင် မည်သည့် အမိန့်မျှ ပေးမလာသဖြင့် မျက်ကန်းတိုက်ခိုက်လိုက်မည်ဆိုပါက စဉ်းစားဉာဏ်မရှိရာ ကျလေသည်။
လင်းရီသည် ရှောင်ပင်းနှင့် ကျန်သူများထံသို့ အကြည့်တစ်ချက် ပို့လိုက်ပြီး စိတ်ငြိမ်ငြိမ်ထားရန် ပြောလိုက်သည်။
အသင်းသား ရှစ်ယောက်လုံးကလည်း နာခံစွာဖြင့် လင်းရီ ဖမ်းခေါ်ခံသွားရသည်ကို တစ်ချက်မျှ မလှုပ်ဘဲ အသာထိုင်ကြည့်နေခဲ့ကြလေသည်။
“ ခေါင်းဆောင်က ဘာဖြစ်ချင်နေတာလဲတဲ့ … ငါတော့ နားမလည်တော့ဘူး …” ရှောင်ကျန်းဖုန်း ရေရွတ်လိုက်သည်။
“ ငါ့အထင်တော့ သူ ဒီခုလို ဖြစ်လာမှာကို ခန့်မှန်းပြီးသားလို့ ထင်တယ်….” ကျောက်ယွင်ဟူ ပြောလိုက်ပြီး “ သူ့ဘက်က အတော်လေး ပူးပေါင်းပေးနေပြီးမှ ဘယ်လို ဆန့်ကျင် စောဒကတက်တာမျိုးမှလည်း မလုပ်ဘူး … ပြီးတော့ ငါတို့ကို သူ့ ဝန်ထမ်းတွေလို့တောင် ပြောလိုက်သေးတယ်… ဒါက ရဲအရာရှိတွေ ငါတို့အပေါ် သတိထားတာကို ပြေလျော့စေပြီး ငါတို့ကို ကာကွယ်ပေးနေတာပဲ …”
ရှောင်ပင်း ခေါင်းညိမ့်လိုက်ပြီး လေးနက်သည့် လေသံဖြင့် “ အစ်ကိုရီက တကယ်လည်း အဲ့လို လူစားမျိုးပဲ … သူ့ဘေးက လူတွေ ထိခိုက်ခံရမှာထက် သူ့ကိုယ်သူပဲ အနာခံလိုက်မယ့် လူစားမျိုး ….”
“ ငါတို့ကို ကယ်တင်ဖို့ဆိုပြီး သူ့ကိုယ်သူ ရောင်းထုတ်လိုက် မလို့များလား မသိဘူးနော်…” ကျိုးလျန် စိတ်လှုပ်ရှား တကြီးဖြင့် ပြောလာခဲ့ပြီး “ မဖြစ်သေးဘူး … ငါ သွားပြီး တစ်ချက်ကြည့်မှ ဖြစ်မယ်…”
“ ရပ် ရပ် ရပ် … စိတ်အေးအေးထားစမ်း …” ယွီစီယင် လှမ်းအော်လိုက်ပြီး “ နင် ဒါကို ဝတ္ထုဇာတ်လမ်းလိုမျိုးများ ထင်နေလား … အဲ့လောက် ဇာတ်လမ်း ဆန်တဲ့ ဇာတ်ကွက်မျိုးက ငါတို့ ခေါင်းဆောင်ဆီမှာ ဖြစ်လာမှာ မဟုတ်ဘူး … နင် သွားလိုက်မှ ဇယားတွေ ပိုရှုပ်ကုန်မယ်….”
“ မင်း ဘာကို ပြောချင်နေတာ.. ရှင်းရှင်းပြောစမ်းပါဟ ….”
“ ခေါင်းဆောင်က သူ မလှုပ်ရှားခင်ကတည်းက ဒီနေ့လိုကိစ္စမျိုး ဖြစ်လာမှာကို ကြိုတင်မျှော်လင့်ထားပြီး လောက်တယ်… ဒါကြောင့်မို့ ငါ့အထင် သူ့မှာ အရန် အစီအစဉ် တစ်ခုတော့ ရှိကို ရှိထားလိမ့်မယ်… မဟုတ်ရင် ဒီလောက်ထိ မျက်နှာပြောင်တိုက်နေမှာ မဟုတ်ဘူး ….”
“ ညီမယင် ပြောတာ မှန်တယ်…” လော့ချီ ခေတ္တ စဉ်းစား၍
“ အစ်ကိုရီမှာ အရန် အစီအစဉ်တစ်ခု ရှိမှာ ကျိန်းသေပေါက်ပဲ … ဒီတိုင်း ငါတို့ မသိသေးတာပဲ ဖြစ်မယ်… သတင်းကို စောင့်ကြည့်ကြတာပေါ့ …”
“ ငါလည်း အဲ့ဒီ အချက်ကို ထောက်ခံတယ်… လောလောဆယ်တော့ စောင့်ကြည့်ကြတာပေါ့… “ ရှောင်ပင်း ပြောလိုက်ပြီး “ အစ်ကိုရီမှာက ပိုက်ဆံလည်း ရှိတယ်… မိန်းမလည်း ရှိတယ်… အဆင့်အတန်းလည်း ရှိတယ်… ပြီးတော့ သူက ခုမှ ၂၀ ကျော်ပဲ ရှိသေးတာ … သူ့ကို စောင့်မျှော်နေတဲ့ ကောင်းမွန်တဲ့ ဘဝကြီးက ခုထိ ရှိနေသေးတုန်းပဲ … ကိုယ့်လည်ပင်ကိုယ် ကြိုးကွင်းစွပ်တဲ့ ကိစ္စတော့ လုပ်မှာ မဟုတ်လောက်ဘူး … အရန် အစီအစဉ်တစ်ခု ရှိထားတယ်ဆိုတာ လုံးဝ ဖြစ်နိုင်တယ်….”
၎င်းတို့၏ ဝေဖန် သုံးသပ်ချက်များအား နားထောင်ပြီးသည့်နောက် အမျိုးသား ငါးယောက်မှာ ၎င်းတို့အား ပြိုင်တူ ကြည့်လိုက်ကြသည်။
“ နင်တို့ အဲ့တာ ဘာလာကြည့်တာ .. ငါတို့ပြောနေတာတွေက မှားနေလို့လား …” ယွီစီယင် မျက်လုံးကြီး ပြူးပြီး ပြန်လည် မေးခွန်းထုတ်လိုက်၏။
“ ငါ နည်းနည်း ဇဝေဇဝါ ဖြစ်နေမိလို့ .. ဒါက ငါတို့တွေ စစ်ဆေးပွဲ ပြီးကတည်းက ခေါင်းဆောင်နဲ့ တွေ့ဖြစ်တာ ပထမဆုံး အကြိမ် မဟုတ်လား … မင်းတို့က သူ့အကြောင်း ဘာလို့ ဒီလောက်တောင် နားလည်နေကြတာ …” ကျန်းချောင်ယွဲ့မှ ပြောလိုက်ပြီးနောက် တစ်စုံတစ်ရာကို စဉ်းစားမိဟန်ဖြင့် မျက်ဝန်းတို့ ပြူးကျယ်လာကာ “ မဟုတ်မှလွဲရော ……. ၊ မင်းတို့ သုံးယောက်လုံး ခေါင်းဆောင်နဲ့ ပြောပြလို့ မရတဲ့ ဆက်ဆံရေးတွေ ရှိနေကြတာလား …”