← Chapters

မင်း သူလှည့်စားတာ ခံလိုက်ရပြီ

Vol. 118 Ch. 1769

မင်း သူလှည့်စားတာ ခံလိုက်ရပြီ

Vol. 118 Ch. 1769

“ ချီးပဲ …”

လင်းရီ ကျိန်ဆဲလိုက်ပြီး “ ငါတို့တွေ သဘောတူထားတာ တစ်ယောက်ချင်း တိုက်ခိုက်ဖို့လေ… ဘာလို့ လက်နက်တွေ ပါလာတာတုန်း … မင်းတို့ကောင်တွေ ကျင့်ဝတ်ဆိုတာ မရှိဘူးလားကွ …”

ဟာဆက်၏ လူများထဲ မည်သူကမျှ ထိုအချင်းအရာအား ဂရုစိုက်မနေကြချေ။

သို့မဟုတ် ဤနေရာတွင် နေထိုင်ကြသည့် မည်သူကမျှ တရားမျှတမှုကို ဂရုမစိုက်ကြသည်မျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။

တစ်ဖက်သူကို အနိုင်ယူနိုင်သည်နှင့် သူတို့ အနိုင်ရပြီ ဖြစ်၏။

မကြာမီ လူမည်း အမျိုးသားမှ လင်းရီထံသို့ ပြေးဝင်လာသည်။

သို့သော် လင်းရီ၏ မျက်လုံးထဲတွင် ဤ လူမည်းကောင်ကြီးမှာ စောနက ရှာဘရာထက် အနည်းငယ်သာလျှင် ပိုသာသည့် အရည်အချင်း ရှိသည်။

ကိုယ်အား အနည်းငယ်ယိမ်း၍ တိုက်ခိုက်လာသည့် ဓားချက်အား လင်းရီ ရှောင်တိမ်းလိုက်သည်။

လူမည်း အမျိုးသားမှာ အံ့အားသင့်သွားဟန်ရပြီး ထို့နောက် တစ်ဖက်သို့ ချက်ချင်းလှည့်ကာ ဓားဖြင့် ဝှေ့ရမ်း၍ လင်းရီ တိုက်ခိုက်လာနိုင်သည့် လမ်းကြောင်းအား ကြိုတင် ပိတ်ဆို့ထားလိုက်သည်။

တိုက်ပွဲအတွေ့အကြုံ ရှိသည့် လူတစ်ယောက် ဖြစ်သည်မှာ သိသာလှ၏။ သို့သော် ဤမျှနှင့်ကတော့ လင်းရီအား အနိုင်ယူရန် မျှော်လင့်နေသည်မှာ အိပ်မက်မက်နေခြင်းသာ ဖြစ်လိမ့်မည်။

လင်းရီ၏ လက်ဝါးက ထူးဆန်းသည့် ထောင့်တစ်ခုမှနေ၍ တိုးဝင်လာပြီး လူမည်းအမျိုးသား၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ကာ အပေါ်သို့ လိမ်ကွေးပစ်လိုက်၏။

“ အား ….”

လူမည်းအမျိုးသားမှာ ညည်းညူမိလိုက်ပြီး လက်ထဲရှိ ဓားမှာလည်း မြေပြင်သို့ ပြုတ်ကျသွားခဲ့လေသည်။

လင်းရီ ထိုဓားအား လှမ်းဆွဲယူ၍ လူမည်းအမျိုးသား၏ ကော်လံအား ဆွဲကာ ဝမ်းဗိုက်သို့ ထိုးသွင်းလိုက်သည်။

“ မင်း …”

တစ်ဖက်သူမှာ ဓားထိုးခံထားရသည့် နေရာအား ဖိနှိပ်ထားလျက် ရှိပြီး မျက်လုံးတို့ ပြူးကျယ်နေလျက် ရှိ၏။

ဟွာရှန့်လူမျိုး တစ်ယောက်၏ ဤကဲ့သို့ အနိုင်ယူခြင်းကို ခံလိုက်ရလိမ့်မည်လို့ သူ မျှော်လင့်မထားခဲ့ပါချေ။

“ မင်း အဆင့်က အဲ့လောက်ကြီးလည်း မဟုတ်ပါဘူးကွာ …”

လူမည်း အမျိုးသား၏ ကော်လာအား လွှတ်ပေးလိုက်ပြီး တစ်ဖက်သူမှာ ဒယီးဒယိုင်နှင် မြေပြင်သို့ လဲကျသွားခဲ့၏။ မြန်မြန် ဆန်ဆန်ကြီး သေမှာ မဟုတ်သော်လည်းပဲ သူ၏ တိုက်ခိုက်နိုင်စွမ်းအား ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်သည်။

ရစ်ချ် အနိုင်ယူခံလိုက်ရသည်ကို မြင်တော့ မည်သူကမျှ အသံတစ်သံ မထွက်ဝံ့ကြတော့ချေ။

ထိုလူက ဟာဆက်ဘက်ခြမ်းရှိ စကေး အရှိဆုံး လူတစ်ယောက်ဖြစ်သည့်တိုင် ဤဟွာရှန့်ကောင်၏ အနိုင်ယူခြင်းကို ခံလိုက်ရ၏။

ဆိုလိုသည်မှာ ဤနေရာရှိ မည်သူကမှ ထိုကောင်အား အနိုင်ယူနိုင်မှာ မဟုတ်သည့် သဘောပင် ဖြစ်လေသည်။

လူတော်တော်များမှာ တိတ်တဆိတ် ထိတ်လန့်သွားခဲ့ကြ၏။ အကယ်၍ စောနက ရှေ့ထွက်လာခဲ့သူသာ ရှာဘရာ မဟုတ်ခဲ့ပါက မိကျောင်းစာ ကျွေးခံလိုက်ရသည့်လူမှာ သူတို့ ဖြစ်သွားနိုင်လေသည်။

လင်းရီ ဟာဆက်အား လှမ်းကြည့်လိုက်၏။

“ မင်း ဆက်ချင်သေးလား …”

ဟာဆက်၏ မျက်ဝန်းတို့က အဆိပ်ပြင်းသည့် မြွေဟောက်ကဲ့သို့ ကျဉ်းမြောင်းသွားခဲ့ပြီး “ မင်း ငါ့ရဲ့ သည်းခံနိုင်စွမ်းကို လာစမ်းသပ်နေတာပဲ ..”

သူ့စကားဆုံးသည်နှင့် ဟာဆက်သည် နောက်ကျောမှ သေနတ်အား ထုတ်လာခဲ့ပြီး လင်းရီ၏ ဦးခေါင်းအား ချိန်ရွယ်ထားခဲ့၏။

“ ဟွာရှန့် … မင်း ဒူးထောက်စမ်း … ဒါဆိုရင် မင်းကို ငါ့လက်အောက်ခံ အဖြစ် စဉ်းစားပေးမယ်… မဟုတ်ရင် သေလိုက်တော့ ..”

“ အဲ့ဒီအရာလေးနဲ့ ငါ့ကို ခြိမ်းခြောက်ချင်နေတယ်ဆိုရင်တော့ မဖြစ်နိုင်သေးဘူးနော်… မင်းရဲ့ ခွန်အားတွေ ဖြုန်းတီးမနေနဲ့ …”

လူတိုင်း‌ ရှော့ခ်ရသွားခဲ့ကြ၏။

ခေါင်းကို သေနတ်နဲ့ ရွယ်ခံထားရတာတောင် ဘယ်လိုစကားတွေ ပြောဝံ့နေတာတုန်း …

သူ တကယ်ပဲ သေရမှာ မကြောက်တာများလား ….

“ ငါ့ရဲ့ သည်းခံနိုင်စွမ်းက အကန့်အသတ်နဲ့ … ငါမင်းကို အခွင့်အရေး ပေးခဲ့ပြီးပြီ … ဒါပေမယ့် မင်းက လက်မခံချင်မှတော့ ….. “

ဘန်း …

ဟာဆက်သည် ခလုတ်အား တုံ့ဆိုင်းခြင်း မရှိ ဆွဲချလိုက်၏။

သူတို့ရှေ့ရှိ ဟွာရှန့်မှာ ဤတစ်ချက်နှင့် အသက်ထွက်ပြီဟု လူတိုင်း တွေးတောနေစဉ်မှာပဲ တစ်ဖက်သူမှာ ကျည်ဆံအား ရှောင်တိမ်းသွားခဲ့သည်ကို သူတို့အားလုံး မျက်မြင်ကြုံတွေ့လိုက်ရလေသည်။

“ ဘယ်လို ဖြစ်နိုင်မှာ… ဘုရားသခင် ကိုယ်ထင်ပြလာတာများလား ….”

ရူးလောက်စရာပဲ …

လင်းရီ ကျည်ဆံအား ရှောင်ရှားပြသွားသည်ကို မြင်တော့ အကျဉ်းထောင် နံပါတ် ၇ ထဲရှိ နေထိုင်သူများအားလုံး စိတ်ကြွလွန်း၍ ရူးမတတ် အခြေအနေသို့ ကျရောက်သွားခဲ့တော့သည်။

“ သူ ဘယ်လိုလုပ်လိုက်တာလဲ … နတ်ဆိုးပဲ အဲ့လိုလုပ်နိုင်မယ်… “

“ ဒါမှမဟုတ် ဘုရားသခင်မှပေါ့ …”

လင်းရီ ကျည်ဆံအား ရှောင်တိမ်းပြသွားသည်ကို မြင်တော့ ဟာဆက် စိတ်ထဲ တုန်လှုပ် ခြောက်ခြားသွားခဲ့၏။

လူတစ်ယောက်က ယခုလိုမျိုး လုပ်နိုင်စွမ်း ရှိသည်ကို သူ ဘယ်တုန်းကမှ မမြင်တွေ့ခဲ့ဖူးခဲ့ချေ။

တစ်လှမ်းချင်း တစ်လှမ်း။

လင်းရီသည် ဟာဆက်ထံသို့ ဦးတည်လာခဲ့၏။

တစ်ဖက်သူမှာ ပို၍ပင် ထိတ်ထိတ်ပြာပြာ ဖြစ်သွားခဲ့ပြီး သေနတ်ခလုတ်အား ဆက်တိုက်ဆိုသလို ဆွဲပစ်လိုက်၏။

သေနတ်ပြောင်းဝမှနေ၍ လိမ္မော်ရောင် မီးတောက်တို့က ဖြာထွက်လာခဲ့ပြီး လင်းရီသည် ဤတစ်ချီတွင်တော့ အဆုံးသတ်ချေပြီဟု လူတိုင်း တွေးတောနေစဉ်မှာပဲ …

မယုံကြည်နိုင်စရာ ကောင်းလောက်အောင် တစ်ဖက်သူမှာ ကျည်ဆံအားလုံးကို ရှောင်တိမ်းပြသွားခဲ့လေသည်။

“ နတ်ဆိုး … သူက နတ်ဆိုးပဲ … စေတန်က သူ့ကို စေလွှတ်လိုက်တာဖြစ်မယ်….”

လူတိုင်း ထိတ်လန့်အံ့အားသင့်စွာဖြင့် စိတ်အတွင်းမှ အော်ဟစ်နေစဉ်တွင် လင်းရီသည် ဟာဆက်ထံသို့ ရောက်ရှိလာြီး သူ့အား ငုံ့ကြည့်ကာ ခေါက်ထိုင်ခုံပေါ်မှ ကန်ချလိုက်၏။

ဤတစ်ကြိမ်တွင်တော့ ဟာဆက်သည် လင်းရီနှင့် မငြင်းခုန်ဝံ့တော့ချေ။ မြေပြင်သို့ ကြောက်လန့်တုန်လှုပ်စွာဖြင့် ချက်ချင်း ဒူးထောက်ချလိုက်၏။

“ မလုပ်ပါနဲ့ … မလုပ်ပါနဲ့ ….”

“ ဒီလို ဖြစ်မယ်မှန်း သိရင် ဘာလို့ အစောကတည်းက မင်း လုပ်ခဲ့လဲ ….”

လင်းရီ ခေါက်ထိုင်ခုံပေါ်သို့ ထိုင်ချလိုက်ရင်း ပန်းကန်ပြားထဲရှိ သစ်သီးအား တစ်ကိုက် ကိုက်လိုက်၏။

“ မင်း အခု ဘာတွေ တွေးနေလဲ ငါသိတယ်… မင်းရဲခေါ်ပြီး ငါ့ကိုသတ်ချင်နေတာမလား …”

“ မဟုတ်ဘူး မဟုတ်ဘူး … ငါ့မှာ အဲ့လို အတွေးတွေ မရှိပါဘူး …”

ဟာဆက် အလျင်အမြန် ရှင်းပြလိုက်ရ၏။

“ ငါမင်းကို ပြောလိုက်မယ်… တကယ်လို့ ငါ့ကို ကိုင်တွယ်နိုင်မယ့် နည်းလမ်းသာရှိရင် အီဗန် အစောကြီးကတည်းက လုပ်ပြီးနေလောက်ပြီ … သူ မင်းကို ဆက်သွယ်လာမှာတောင် မဟုတ်ဘူး … မင်းသိအောင် ပြောရရင် သူက မင်းကို အသုံးချနေတာ ..” လင်းရီ ပြောလိုက်ပြီး “ ပြီးတော့ ငါ ဘာဒဏ်ရာမှ မရသွားတာ မင်း ကံကောင်းသွားတယ်မှတ် .. ငါ့ကိုယ်ပေါ်မှာ ခြစ်ရာလေးတောင် ထင်သွားခဲ့ရင် မင်း တစ်ပတ်ထက်ပိုပြီး အသက်ရှင်နိုင်မှာ မဟုတ်ဘူး … မင်းတော့ အီဗန် ကစားတာ ခံလိုက်ရပြီ ..” လင်းရီ၏ စကားလုံးတို့က ဟာဆက်အား အယုံသွင်းသွားစေခဲ့သည်။

ဤကဲ့သို့သော အစွမ်းအစမျိုး ရှိသည့်လူက အပြင်လောက၌ သာမညောင်ည လူတစ်ယောက် ဖြစ်မည်ကို ဟာဆက် လုံးဝ မယုံပါချေ။

ဤလူ ပြောခဲ့သည့်အတိုင်း…. အကယ်၍ အီဗန်သာ အစွမ်းအစ ရှိသည်ဆိုပါက သူကိုယ်တိုင် အစောကြီးကတည်း ကိုင်တွယ်ပြီး ဖြစ်လောက်၏။ သူ့ကိုပင် ဆက်သွယ်လာမှာ မဟုတ်ချေ။

“ အဲ့ဒီ ခွေးမသား .. ငါ အခုချက်ချင်း အဲ့ကောင်ကို သွားသတ်မယ်….”

“ တော်တော့ … ငါအခု နားအေးအေးနဲ့ နားချင်တယ်… ငါ့ကို မနှောင့်ယှက်နဲ့ …”

“ ဟုတ်ကဲ့ ဟုတ်ကဲ့ … လူကြီးမင်း အရင်နားလိုက်ပါ …”

အပြင်ဘက်ရှိ ရဲစခန်းတွင်တော့ ဘန်တလေ နှစ်စင်းမှာ ရဲစခန်းရှေ့သို့ ထိုးရပ်လာသည်။

ဆံပင် ရွှေရောင်နှင့် နိုင်ငံခြားသား တစ်ချို့ ကားထဲမှ ထွက်လာပြီး အကုန်လုံးက အနောက်တိုင်း ဝတ်စုံနှင့် သားရေရှူးဖိနပ်တို့ စီးနင်းထားကာ သန့်ပြန်နေကြသည်။

ရှေ့ဆုံးက ဦးဆောင်လာသူကတော့ မိုက်ခရိုဆော့ဖ်၏ အထွေထွေမန်နေဂျာ အဲလစ် ဖြစ်လေသည်။

သူမ အနောက်တွင် လိုက်ပါလာသူများကတော့ အမေရိကားရှိ နာမည်ကြီး ရှေ့နေအုပ်စု ဖြစ်ပြီး သူတို့အားလုံးက လင်းရီဘက်မှ ရပ်တည်ပေးရန် ဤနေရာသို့ ရောက်ရှိလာခဲ့ကြခြင်းပင်။

လင်းရီက မလှုပ်ရှားခင်ကပင် ဤကိစ္စအား ကြိုတင် စီစဉ်ထားခဲ့လေသည်။

ပနားမား ဒေသခံ အစိုးရက အမေရိကန်ကို အကြီးစား ဖော်လံဖားနေသည့် လူများထဲမှ တစ်ယောက်ဖြစ်ပြီး ယခုလို ကိစ္စမျိုး ဖြစ်ပျက်ပြီးသည့်နောက်တွင် ဤကိစ္စအား အဲလစ်အား ဖြေရှင်းပေးဖို့ တောင်းဆိုလိုက်သည်က သင့်တင့်လျောက်ပတ်ဆုံး ဖြေရှင်းနည်းလမ်း ဖြစ်လေသည်။

၎င်းတို့အပြင် ၊ သူ့ဘက်က တစ်ဖက်အစိုးရအား အကျိုးအမြတ် အနည်းငယ် ပေးလိုက်ပါကလည်း ဤကိစ္စအား လွယ်လင့်တကူ ဖြေရှင်းလိုက်၍ရသည်။ ဤသဘောတရားများအား ထွင်းဖောက်မြင်နေ၍သာ လင်းရီသည် ရဲရဲတင်းတင်း လုပ်ကိုင်ဝံ့ခဲ့ခြင်း ဖြစ်၏။

သူတို့ ရဲစခန်းထဲ ရောက်တော့ အဲလစ်သည် ရဲအုပ်နှင့်တွေ့၍ တစ်နာရီမျှကြာအောင် ညှိနှိုင်းဆွေးနွေးခဲ့သည်။ ထို့နောက် သဘောတူညီမှု တစ်ခု ရရှိသွားခဲ့တော့၏။ အမေရိကန်၏ ဖိနှိပ်မှုကို ဖြစ်စေ ၊ ဒေါ်လာ၏ ဆွဲဆောင်မှုကို ဖြစ်စေ သူတို့တွေ မည်သူကမျှ တောင့်ခံနိုင်ခြင်း မရှိကြချေ။

နှစ်ဘက်ကြားရှိ ညှိနှိုင်းဆွေးနွေးမှု ပြီးဆုံးတော့ ရုံးခန်းထဲတွင် ထိုင်နေသည့် အီဗန်သည် သူ့အထက်ကြီးပိုင်းမှ ညွှန်ကြားချက်ကို အလျင်အမြန် လက်ခံရရှိလိုက်သည်။

ထိုညွှန်ကြားချက်ကို ကြားတော့ အီဗန်သည် ဒေါသထွက်လွန်း၍ ရုံးခန်းထဲ၌ အော်ဟစ်သောင်းကြမ်းမိသွားခဲ့၏။

“ ငါ -ီးတွေ ဖြစ်နေတာလား … ဒီကောင်က လူတစ်ယောက်မှ မသတ်ခဲ့ဘူးလို့ ဒီလူတွေက ထောက်ခံနေတယ်… အကုန် -ီးတွေပဲ …”

ရုံးခန်းထဲ၌ အီဗန်သည် ဒေါသထွက်စွာဖြင့် ဆဲလ်ဖုန်းအား ကြမ်းပြင်သို့ ပေါက်ခွဲပစ်မိသည်အထိပင်။

“ မစ္စတာ အီဗန် … ဘာဖြစ်နေတာလဲ ..” သူ့လူတစ်ယောက်မှ မေးမြန်းလာခဲ့သည်။

“ ခေါင်းဆောင်ပြောတာ အဲ့ဒီ ဟွာရှန့်မှာ အပြစ်မရှိဘူးတဲ့ … သူတို့တွေ လူသတ် တရားခံကို ရှာတွေ့ပြီဆိုပဲ ….’

“ ဘယ်လိုလုပ် ဖြစ်နိုင်မှာ … သူ့မှာ လူသတ်ဖို့ လုံလောက်တဲ့ အကြောင်းပြချက်တွေ ရှိနေတာကို တခြားလူသတ်သမားတွေ ရှိနေဖို့က ဘယ်လိုလုပ် ဖြစ်နိုင်မှာ …”

“ ငါလည်း ပြောတာပဲ … ဒါပေမယ့် ခေါင်းဆောင်ပြောတာ လူသတ်သမားက သူကိုယ်တိုင် ဝန်ခံလာပြီတဲ့ … အဲ့ဒီ ဟွာရှန့်ကို အခုချက်ချင်း လွှတ်ပေးဖို့ အမိန့်ပေးလာတယ်… ချီးပဲ …. ဒီဘိုးတော်တွေလည်း ဒေါ်လာကျွေးခံထားရတော့ စောက်ချိုးက ချက်ချင်းကို ပြောင်းတာ …”

“ ဒါဆို ဟိုလူက ဒီလောက် လွယ်လွယ်လေး ပြန်လွှတ်သွားတော့မှာပေါ့ ….”

“ကံကောင်းတာ ငါ အစောပိုင်းက အကျဉ်းထောင် နံပါတ် ၇ ထဲ ထည့်ခဲ့မိလို့ပေါ့ … ခုလောက်ဆို ဒီကောင် ပြားနေအောင် ရိုက်ခံထားရလောက်ပြီးပြီ .. အဲ့တာ သူ့အတွက် သင်ခန်းစာပဲ …” အီဗန် ပြောလိုက်၏။

“ ဒါပေမယ့် .. တကယ်လို့ ဒီကိစ္စ အထက်က သိသွားရင် ပြဿနာ မတက်သွားနိုင်ဘူးလား …”

“ တက်တော့ရော ငါနဲ့ ဘာဆိုင်လို့ … သူ့ကို အဲ့လို ဖြစ်အောင် လုပ်တဲ့လူက အကျဉ်းထောင်ထဲက လူတွေလေ… ငါနဲ့မှ မဆိုင်တာ …” အီဗန် အမှုမထားစွာဖြင့် ပြောလိုက်၏။

All Chapters