အခန်း ၆၈
Vol. 6 Ch. 68
နေ့လည်ခင်းမှာ သူမတို့နှစ်ယောက်စလုံး အိမ်မှာ စားနေကျပုံစံအတိုင်း အလွယ်စားလိုက်ကြသည်။
ညနေပိုင်းရောက်တော့ ရိုက်ကူးရေး အချိန် မဟုတ်သေးတာကြောင့် တခမ်းတနားကြီး ဝတ်ဖို့မလိုအပ်သေးတာမို့ စုချန်ယန်လည်း ရေအရင်ချိုးလိုက်ပြီး အဝတ်အစား အသစ်လဲဝတ်ကာ လင်းယွီ အကြောင်းကြားမည်ကို ထိုင်စောင့်နေလိုက်သည်။
"မန်နေဂျာလင်းကရော ငါတို့နဲ့ တူတူသွားမှာလား?" စုချန်ယန်က မေးလိုက်သည်။
ပုံမှန်အားဖြင့် မန်နေဂျာသာ ကိုယ့်မင်းသား၊ မင်းသမီးကို ရိုက်ကွင်းနေရာဆီ အကြိုအပို့ လုပ်ပေးရပေမယ့် လင်းယွီက အလုပ်အရမ်း များတတ်သည့်သူမို့ စုချန်ယန်လည်း သူမကြောင့် လင်းယွီကို အချိန် မကုန်စေချင်ပေ။
သို့သော် ဤအကြောင်းပြချက်၏ နောက်ကွယ်မှာ အနားနားတွင် လင်းယွီ ရှိနေလျှင် စိတ်လက်ပေါ့ပါးစွာ နေလို့ မရခြင်းကြောင့်သာ။
ရှောင်လုက ဖျော်ရည် တစ်ငုံမျှသောက်ရင်း ခေါင်းငြိမ့်ပြခဲ့သည်။
" ရိုက်ကူးရေးက သိပ်မကြာလောက်ပါဘူး။ ပြီးတော့ သူက အလုပ်ကို တခြားနေရာကနေလည်း ကိုင်တွယ်ဖြေရှင်းနိုင်တယ် ဆိုတော့ ဘာမှနှောင့်နှေးစရာမရှိဘူးလေ.."
"ဪ.." စုချန်ယန်လည်း တခြားဘာမှ ဆက်မပြောဖြစ်ပေ။
အကြောင်းကြားလာမည်ကို စောင့်နေစဉ် စုချန်ယန်လည်း သူမ tablet ကိုယူလိုက်ပြီး ပုံတွေသာ ရေးဆွဲနေတော့သည်။
သူမ၏ Weibo အကောင့်မှာ လူကြားထဲတွင် အုတ်အော်သောင်းနင်း ဖြစ်ကုန်ကာ လူအတော်များများသည်လည်း သူမဆီတွင် ပုံအပ်ရန် အော်ဒါတင်ချင်လာကြသည်။ သို့သော် သူမဘက်က မည်သူတစ်ဦး တစ်ယောက်ကိုမှ ပြန်မဖြေရသေးပေ။
အနုပညာလောကမှ အပြီးသတ် အနားယူဖို့ အတွက် နောက်ထပ် အကောင့်သစ်တစ်ခု ဖွင့်ထားဖို့ စဉ်းစားပြီးပြီဖြစ်သည်။
သို့ပေမယ့် သူမ ရေးဆွဲပုံက သိသိသာသာကို မှတ်မိလွယ်တာမို့ သူမစိတ်အပန်းဖြေချိန်တွင်သာ ရေးဆွဲနိုင်မည်ပင်။
ညနေ၄နာရီတွင် လင်းယွီ ဖုန်းခေါ်လာပြီး ရှောင်လုကို စုချန်ယန်ကို သူတို့နှင့်အတူတူ ဟိုတယ်သွားရန် ကုမ္ပဏီဆီ ခေါ်လာခိုင်းသည်။
ကုမ္ပဏီကို ရောက်ပြီးနောက် စုချန်ယန်က ကားခေါင်းခန်းထဲ ထိုင်ကာ ပြတင်းပေါက်အပြင်ဘက်ကိုသာ ကြည့်နေမိသည်။
ဝင်ပေါက်တွင် လူအုပ်ဖြင့် ပြည့်ကျပ်နေကာ သတင်းသမားများသည်လည်း ကင်မရာများ တကိုင်ကိုင်နှင့် ရှိနေကြပြီး သာမန်လူတွေလည်း အပါအဝင်ဖြစ်သည်။
သူတို့ လက်ထဲ ဆိုင်းဘုတ်တွေ ကိုင်ထားကြတာကို ခပ်ရေးရေးလေး မြင်လိုက်ရသည်။ စုချန်ယန်က နေကာမျက်မှန်ကို အောက်နည်းနည်းဆွဲချရင်း လှမ်းကြည့်ကာ ထိုဆိုင်းဘုတ်တွေထဲ သူမနာမည်ရေးထားတာများ ပါမလားဟူ၍ လိုက်ရှာမိတော့သည်။
ရှောင်လုက ကုမ္ပဏီနှင့် ခပ်လှမ်းလှမ်းအကွာ လမ်းဘေး၌ကား ရပ်ထားလိုက်သည်။ ပြတင်းပေါက် တစ်ဖက်ကို နည်းနည်းချထားပြီး ပါးစပ်ထဲတွင်လည်း ပီကေဝါးရင်း လက်တစ်ဖက်ကို ပြတင်းတံခါးတွင်တင်ထားခဲ့သည်။ သူမက ချန်ယန်ကို ပြောခဲ့သည်။
" ချန်ယန်.. ကားပေါ်ကဆင်းပြီး ပရိသတ်တွေကိုနှုတ်ဆက်ချင်လား?"
မနေ့ညက အစီအစဉ်၏ ပထမအပိုင်းအား ထုတ်လွှင့်ပြီးနောက် စုချန်ယန်သည် လိုင်းပေါ်တွင် နာမည်ကြီးကာ ရေပန်းစားလာခဲ့သည်။
ထပ်ပြီးပြောရလျှင် လတ်တလော ရေပန်းစားသည့် ရှာဖွေမှုများထဲ သူမနာမည်က မကြာခဏ ပေါ်လာလေ့ရှိပြီး ရှေးရိုးစွဲ ရိုးရာဓလေ့များကို ကြိုက်နှစ်သက်တတ်သည့် ပရိသတ်များအပေါ် ဆွဲဆောင်မှုမှာ ပြင်းပြင်းထန်ထန် ရိုက်ခတ်မိသွားသလိုပင်။
သူမ ရေပန်းစား ကျော်ကြားလာသည်နှင့်အမျှ အင်တာဗျူးများထဲ ပါဝင်ဖို့ရာအတွက် အလိုအလျောက် အရေးပါလာခဲ့သည်။
စုချန်ယန်လည်း ထိုလူအုပ်ဘက်ကို လှမ်းကြည့်လိုက်တော့ လူအမြောက်အများကို တွေ့လိုက်ရသည်။ သူမသာ လူလုံးထွက်မပြလျှင် ထိုသူများအားလုံး ရပ်စောင့်နေခဲ့ရသည်မှာ အချည်းအနှီးသာ ဖြစ်ကုန်မည်ပင်။
တော်တော်ကြာ စဉ်းစားနေခဲ့ပြီးနောက် စုချန်ယန်က ပြောလိုက်သည်။ "အဲ့ကိုသွားပြီး သူတို့ကို နှုတ်ဆက်စကား သွားပြောလိုက်မယ်။ ခဏနေကျမှ မြေအောက် ကားပါကင် ဘက်ကနေ ပြန်ထွက်မယ်လေ"
အရင်တစ်ခါ ကားပါကင်နေရာမှာ စုချန်ယန်
တိုက်ခိုက်ခံရသည့် ဖြစ်ရပ်အား ကြုံပြီးနောက်ပိုင်းရှောင်လုက ကားကို ကားပါကင်တွင် မရပ်ရဲတော့ပေ။
ထိုသို့ပြောလာတော့ ရှောင်လုက ခေါင်းငြိမ့်ကာ ပြောခဲ့သည်။"ရတယ်လေ ဒါနဲ့ ငါ့အစ်ကိုကားကိုပဲ မောင်းတော့မယ်"
ရှောင်လုက ကားပါကင်ထိုးပြီး သူတို့ရောက်ပြီဖြစ်ကြောင်းနှင့် ကားပါကင် ထိုးထားသည့် နေရာတွင် စောင့်နေမည်ဖြစ်ကြောင်း လင်းယွီကို စာပို့ထားလိုက်သည်။ ထို့နောက် စုချန်ယန်နှင့်အတူ ကားထဲမှ ထွက်လိုက်သည်။
ကားပေါ်က မဆင်းမှီ မတော်တဆမှုများအား ရှောင်ရှားနိုင်ရန် သူမ အိတ်ကပ်ထဲ အိတ်ဆောင်ဓားအသေးလေးထည့်ထားလိုက်သည်။
"သူတို့ရောက်လာကြပြီ!"
"စုချန်ယန် ရောက်လာပြီ!"
တံခါးနားက လူအုပ်ကြီးမှာ ဂနာမငြိမ် ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြပြီး ကင်မရာနှင့် မိုက်များကိုင်ထားသည့် သတင်းသမားများ အပါအဝင် ဆိုင်းဘုတ်များ ကိုင်ထားသည့် ပရိသတ်များကပါ စုချန်ယန်ဆီ အုတ်အော်သောင်းနင်း လာကြသည်။
ဒီနေ့ စုချန်ယန်က ပုံမှန်သာ ဝတ်ဆင်ထားခဲ့သည်။ အဖြူရောင်ရှပ်အင်္ကျီလေးနှင့် ဂျင်းဘောင်းဘီ အရောင်ဖျော့လေးအား တွဲဖက်ဝတ်ဆင်ထားသည်။
သူမ၏ လိမ္မော်ရောင် ဆံနွယ်များက အနောက်ဘက်တွင် လျော့တိလျော့ရဲလေး စည်းထားတာမို့ မျက်နှာပေါ်တွင် ဖျာကျနေသည့် ဆံစကလေးများက သူမရဲ့ ရင်သပ်ရှုမောဖွယ် မျက်နှာလေးကို တစ်မျိုးတစ်ဖုံ ပြီးပြည့်စုံအောင် ဖြည့်စွမ်းပေးနေသည်။
သူမဘေးပတ်ပတ်လည်ရှိ လေထုအငွေ့အသက်မှာလည်း အလွန်ကို သက်သောင့်သက်သာ ရှိလွန်းလှသည်။
"မိန်းကလေးစု။ မေးချင်တာလေးရှိ..."
"ဒီမှာခင်ဗျ ဒါလေးဖြေပေးလို့ရ..."
စုချန်ယန်နားတွင် သတင်းထောက်များမှာ ကြပ်သိပ်နေကြပြီး သူတို့၏ မိုက်ခရိုဖုန်းများက သူမ မျက်နှာကို ထိုးမိတော့မလိုပင်။
စုချန်ယန်လည်း နောက်ကိုတစ်လှမ်းဆုတ်လိုက်ပြီး ရှောင်လုက ချက်ချင်း ရှေ့ထွက်ကာ သတင်းထောက်များရှေ့တွင် ကာပေးလိုက်ရသည်။
"ချန်ယန်.. မင်းအရမ်းးလှတယ်!!!"
"အချစ်လေးးးးး ဒီဘက်ကို ကြည့်ပါဦးးး!!"
"အားးးးးး ငါ့ဘက်ကို မကြည့်နဲ့ ခံနိုင်ရည်မရှိဘူးးး!"
"သူ့ကိုအပြင်မှာ မြင်ဖူးပြီ!!!! အမေရေ!!!!! သူ့ကိုအပြင်မှာ လူကိုယ်တိုင် မြင်ဖူးပြီ!!!!!"
ပရိသတ်များမှာ စုချန်ယန်ကို မြင်လျှင် အလွန်အမင်း
အပျော်လွန်ကုန်ကြပြီး သူတို့၏ ဖုန်းကိုထုတ်ကာ ဓာတ်ပုံနှင့် ဗီဒီယိုများ ရိုက်ကြရင်း တစ်ချက်တစ်ချက်ဆိုသလို အလန့်တကြား ထအော်ခဲ့ကြသည်။
"ချန်ယန်!!! ငါ့ဆိုင်က အသားတွေ ပေးမယ်နော်!! ငါ့မိသားစုက အသားစိမ်းဆိုင်ဖွင့်ထားတာ!!!"
"ငါ့အိမ်က တိဘက်မှာ ငါတို့ဆီမှာ ဆိတ်တွေ အများကြီးရှိတယ်.. နင်နည်းနည်းလိုချင်လား? နင့်ဆီကို ပို့ပေးလို့ရတယ်နော်!!"
"မင်းအခု ဝတ်ထားတဲ့ပုံစံက တကယ် အရမ်းကြည့်လို့ကောင်းတယ်!!..အစီအစဉ်ထဲမှာ မင်းနဲ့အတူ ပါတဲ့ကောင်လေးက ဘယ်သူလဲ!!!"
"ငါလည်း သိချင်တယ်!! နင်ရွာသားတွေနဲ့ အတူတူစားနေတုန်း နောက်ကနေ နင့်ကို သူစကားလာပြောတာ ငါလည်း တွေ့လိုက်တယ်!!"
"ချန်ယန်..!!! ချန်ယန်....!!! မင်း အရမ်းလှတယ်!!!!!"
ဤအခြေအနေမှာ စုချန်ယန် ပထမဆုံး ကြုံတွေ့ဖူးသည့် အဖြစ်အပျက်ပင်။ အရင်တုန်းက ပရိသတ်များမှာ သူမ၏ အချိန်ဇယားနှင့် စီစဉ်ထားသည့် အကြိုအပို့ များအား ချက်ချင်း သိခဲ့ကြသော်လည်း ပုံမှန်အားဖြင့် လူအများကြီး သိပ်မရှိချေ။ သူတို့သည်လည်း ယခုပရိသတ်တွေလောက် စိတ်မရှုပ်ရှားကြပေ။
စုချန်ယန်သည် မိသားစု၏ အသားစိမ်းဆိုင်နှင့် ဆိတ်မွေးထားကြောင်း ပြောနေသည့် မိန်းကလေးနှစ်ယောက်ဘက်ကိုကြည့်ရင်း သူတို့ကို ဆက်သွယ်လို့ရမည့် လိပ်စာကတ်များ ပေးထားခဲ့နိုင်မလားဟု သိချင်နေမိသည်။
"ဆောရီးပါနော်" စုချန်ယန်လည်း သူမဘေးက မိုက်ခရိုဖုန်းများနှင့် ကင်မရာများ ကိုင်ထားသည့် သတင်းထောက်များ ဘက်ကို ကြည့်ရင်း မသိမသာ ခေါင်းငုံ့နေလိုက်သည်။
"ဒီနေ့တော့ ဘယ်အင်တာဗျူးကိုမှ လက်မခံပါဘူးရှင့်။ အားလုံးကို နှုတ်ဆက်ဖို့ လာခဲ့တာမို့ပါ"
"မိန်းကလေးစု ယန်ရှို့ရီရဲ့ တရားခွင်အမှုအခင်းကိစ္စကို ဘယ်လိုထင်ပါသလဲ?"
"အစီအစဉ်မှာတုန်းက မင်းတင်ဆက်ပေးခဲ့တာက အစီအစဉ်အတွက် အကျိုးအမြတ်ရအောင် တမင်လုပ်ပြခဲ့တာလား?"
"မင်းရဲ့ ကာတွန်းတွေက အစားအသောက်နဲ့ပဲ ပက်သက်တာလား ဒါမှမဟုတ် မင်းသမီး ရှန်ရှင်းယုနဲ့ပက်သက်တာလား?"
စုချန်ယန်မှ ယတိပြတ် ရှင်းပြ ငြင်းဆိုနေသော်လည်း အဆက်မပြတ်ကို အနှောင့်အယှက် ပြုနေတုန်းပင်။
"မင်းတို့..."ရှောင်လုက မျက်မှောင်ကြုတ်ကာသတင်းထောက်တွေကို ကြည့်ပြီး ထိပ်တိုက်ရင်ဆိုင်ဖို့ပြင်လိုက်ပေမဲ့ စုချန်ယန်က သူမအင်္ကျီကို ဆွဲလိုက်သည်။
ရှောင်လုသည် တုတ်ထိုးအိုးပေါက် ပြောတတ်ကာ စိတ်လိုက်မာန်ပါ ပြုမူတတ်သည်မို့ သတင်းထောက်များနှင့် ပဋိပက္ခဖြစ်လာမည်ကို စုချန်ယန်လည်း စိုးရိမ်မိသည်။
ဘယ်လိုပဲဖြစ်ဖြစ် အကြောင်းအရာမှာ အုတ်အော်သောင်းနင်း ဖြစ်လာသည်နှင့် သူတို့ဘက်ကမျိုးစုံ ရေးလာနိုင်သည်သာ။
"ဆောရီးပါ ဒီနေ့ကို ကျွန်မ ဘာအင်တာဗျူးမှလက်မခံပါဘူး။ အားလုံးကို နှုတ်ဆက်ဖို့အတွက်ပဲ လာခဲ့တာပါ" စုချန်ယန်က အေးအေးဆေးဆေး ပြန်ပြောခဲ့သည်။
သတင်းထောက်တွေအနေနှင့် ဘယ်လိုလွယ်လွယ်နှင့်အလျှော့ပေးတတ်ပါမည်နည်း။ စုချန်ယန်ရှေ့တွင် ဆက်ပြီးရပ်နေကြကာ မရပ်မနားမေးခဲ့ကြသည်။
" မိန်းကလေးစု.. မင်းမှာ ဘာမှပြောစရာမရှိလို့ မေးတာတွေကို ဖြေဖို့ငြင်းနေတာလား??..မင်းအနေနဲ့.."
"အင်တာဗျူးတွေ လက်မခံဘူးလို့ သူပြောပြီးပြီလေ။ ကိုယ့်စည်းနဲ့ကိုယ် မနေတတ်ကြဘူးလား?"
"ငါတို့ကောင်မလေးရှေ့မှာ မသတီစရာ နာမည်ကြီး စတားတွေ အကြောင်းလာမပြောနဲ့ ရွံစရာကောင်းတယ်"
" မမရေ!!! သူတို့ကိုအာရုံစိုက်မနေနဲ့ ငါတို့အားလုံး မင်းနဲ့တွေ့ပြီးပြီမို့လို့ မြန်မြန်အထဲကို ဝင်တော့!!!"
"ဒီညလည်း ရိုက်ကူးရေး ရှိသေးတယ်မလား။ မြန်မြန်သွားတော့!!"
"ရာသီဥတုက အေးလာနေပြီ အဝတ်ထူထူဝတ်ပြီး ကိုယ့်ကိုကိုယ် ဂရုစိုက်နော်။ မင်းအအေးမိသွားရင် ငါအသည်းတွေကွဲသလို ခံစားရမှာလို့!"
ပရိသတ်များက သူတို့လက်ထဲတွင် ကိုင်ထားသည့် ကတ်ပြားများဖြင့် သတင်းထောက်များ၏ ကင်မရာများကို ကွယ်ထားပေးကာ စုချန်ယန်ကို ပြုံးပြကြသည်။
စုချန်ယန်လည်း ညင်ညင်သာသာ ပြန်ပြုံးပြလိုက်သည်။ "မင်းတို့တွေလည်း ပြန်သင့်နေပြီ လမ်းခရီး ဖြောင့်ဖြူးပါစေနော် "
ပရိသတ်များမှ လိုလိုလားလား သွားဖို့လမ်းဖယ်ပေးကြပြီး ရှောင်လုကတော့ စုချန်ယန်အား သတင်းထောက်များဆီမှ ကာပေးထားခဲ့သည်။
သူတို့ဘေးမှဖြတ်လျှောက်သွားရင်း ကုမ္ပဏီ၏ ဆုံလည်တံခါးမှ အထဲဝင်သွားသည်။
ကုမ္ပဏီထဲ ဝင်သွားပြီးနောက် စုချန်ယန်လည်း အသက်ရှူချောင်သွားကာ ရှောင်လုနှင့်အတူ ဓာတ်လှေကားရှိရာသို့ သွားရင်း ကားပါကင်ရှိရာနေရာကို ဆင်းရန်ပြင်လိုက်သည်။
"နင့်ပရိသတ်တွေက တော်တော့်ကို စဉ်းစားချင့်ချိန်တတ်ကြတာပဲ" ရှောင်လုက တအံ့တဩ ပြောခဲ့သည်။
ရှောင်လု - "နာမည်ကြီး ထိပ်တန်းမင်းသားတစ်ယောက် သူ့ပရိသတ်တွေနဲ့ဆုံတုန်းက တစ်ခါ ငါကိုယ်တိုင်မြင်ဖူးသေးတယ်။ သူက ရှေ့က ပြေးသွားတော့ fanတွေက သူ့နောက်ကနေ အသည်းအသန် လိုက်ကြတာ။ နာမည်ကြီးနောက် လိုက်သလိုမဟုတ်ဘဲ ငါ့စိတ်ထဲ သူတို့က အဲ့မင်းသားကို လိုက်ခြောက်နေကြသလိုပဲ"
စုချန်ယန် - " ပရိသတ်တွေက အဲ့လောက်ကြောက်ဖို့မကောင်းပါဘူး။ သူတို့က သူတို့သဘောအကျဆုံး အနုပညာရှင်တွေနဲ့ တွေ့ရဖို့ အနယ်နယ် အရပ်ရပ်ကနေ ဒီမှာလာစုကြရတာ ဘယ်သူ့ကိုမှ ထိခိုက်အောင် လုပ်ဖို့မှမဟုတ်ဘဲ။ တကယ်လို့ အဲ့မင်းသား၊ မင်းသမီးတွေက ဆက်တိုက် ပုန်းနေရင်တော့ ပရိသတ်တွေက ထုံးစံအတိုင်း နောက်ကနေလိုက်လာကြမှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့လည်း တကူးတကကြီး လာရတာဆိုတော့ သူတို့နဲ့ မတွေ့ရလိုက်ရရင် အလကားဖြစ်သွားမှာပေါ့။ သူတို့တွေနဲ့ အချိန်ခဏလေး တူတူရှိရတာလည်း ဘာမှပင်ပန်းတာမှမဟုတ်တာ။ အများစုဆို ခဏလေး အတူတူရှိရရုံနဲ့တင် ကျေနပ်သွားကြတာ"
ရှောင်လုက ပြုံးကာ ပြောခဲ့သည်။ "ဟုတ်လောက်မယ် နင်ဒီလောက် သိလိမ့်မယ်လို့ ငါမထင်ထားဘူး"
သူတို့စကားပြောနေရင်း ဓာတ်လှေကားက ပထမအထပ်ကိုရောက်လာခဲ့သည်။
ဓာတ်လှေကားတံခါးက ဖြေးဖြေးချင်းပွင့်လာပြီး စုချန်ယန်လည်း ဓာတ်လှေကားထဲတွင် ရပ်နေသည့် လင်းယွီနှင့် လက်ထောက်ရှုတို့ ရှိနေသည်ကို မော့ကြည့်လိုက်သည်။
"မန်နေဂျာ လင်း" စုချန်ယန်က လင်းယွီကို ခေါင်းငြိမ့် နှုတ်ဆက်သည်။
ခဏတာမျှ လင်းယွီ၏ အကြည့်တို့မှာ သူ့ရှေ့မှ နှစ်ယောက်၏ မျက်နှာအား သေချာကြည့်နေပြီးနောက် အနည်းငယ်မျှ ကိုင်းညွတ်ပြီး ပြန်အရိုအသေပြုကာ ပြန်နှုတ်ဆက်ရင်း ပြောခဲ့သည်။
" ဝင်လာလေ "