အခန်း ၆၉
Vol. 6 Ch. 69
စုချန်ယန်နှင့် ရှောင်လုတို့လည်း ဓာတ်လှေကားထဲ ဝင်လိုက်ကြသည်။ တံခါးမှာ ဖြေးဖြေးချင်း ပိတ်သွားပြီး အလုံပိတ်နေသည့် ထိုနေရာတွင်လည်း သူတို့လေးဦးသာရှိတော့သည်။
လက်ထောက်ရှု - "ချန်ယန် အစီအစဉ်ရဲ့ ရလဒ်ကောင်းတွေအပေါ် ဂုဏ်ယူပါတယ်"
စုချန်ယန်လည်း သူ့ကိုပြုံးပြကာ ပြန်ပြောခဲ့သည်။ "ကျေးဇူးတင်ပါတယ်"
"အစ်ကို့မိန်းမက ဒီအစီအစဥ် ကြည့်ပြီးတာနဲ့ မင်းကိုသဘောကျသွားတာ။ အချိန်ရရင် သူ့အတွက် လက်မှတ် ထိုးပေးလို့ရမလား?" လက်ထောက်ရှုက မေးခဲ့သည်။
"ရတာပေါ့ အစ်ကိုရဲ့" စုချန်ယန်လည်း သဘောတူခဲ့သည်။
အတိုချုဉ်းပြောပြီးနောက် မြေအောက်ကားပါကင် ပထမထပ်ကို ရာက်လာကာ လေးယောက်စလုံး တစ်ယောက်ပြီးတစ်ယောက် ဓာတ်လှေကားထဲမှ ထွက်ခဲ့ကြသည်။
ကားထဲသို့ဝင်လိုက်ကြပြီး လင်းယွီက တစ်လမ်းလုံး စကားတစ်ခွန်းမှ မပြောပေ။
စုချန်ယန်က မောင်းသူခုံ၏ အနောက်တွင် ထိုင်ကာ တစ်ဖက်ခုံတွင် ထိုင်နေသည့် လင်းယွီဘက် ခဏခဏ လှမ်းကြည့်ခဲ့သည်။
သူမလည်း အနည်းငယ် စိတ်လှုပ်ရှားနေပေမယ့် သူမကိုသတိမထားမိသည့် လင်းယွီကို မြင်လိုက်ရတော့ စကားစမပြောရဲတော့ပေ။
ကားပါကင်နေရာမှ ထွက်လာပြီးနောက် အပြင်ဘက်သို့ထွက်သည်နှင့် အလင်းရောင်ကြောင့် စူးရှနေပြီး စုချန်ယန်လည်း နောက်ထပ်ထပ်ပြီး လင်းယွီဘက်ကို ကြည့်မိပြန်သည်။
လင်းယွီက ခေါင်းအပြင်ဘက် လှည့်ထားတာကို စုချန်ယန် သတိထားမိသည်။ သူမလည်း သူကြည့်နေတဲ့ နေရာဆီ ကိုယ်တိုင်တောင် မသိလိုက်ဘဲ လိုက်ကြည့်မိတော့ နောက်ကြည့်မှန်မှ တစ်ဆင့် ကြည့်နေသော သူ့ မရေမရာအကြည့်များနှင့် မထင်မှတ် ဆုံခဲ့သွားသည်။
စုချန်ယန်လည်း လုံးဝ အာစေးမိကာ ကြက်သေသေနေမိသည်။
နေ...နေဦးး..
နောက်ကြည့် ဘက်မှန်ကနေ သူမ လုပ်နေသမျှကို လင်းယွီက မြင်နေရတာလား?
စုချန်ယန်လည်း ကပျာကယာ အကြည့်လွှဲလိုက်ကာ သူမမျက်နှာကလည်း သိသိသာသာကို ပူနွေးလာရသည်။
"ကျွန်မ..ကျွန်မ..."
သူမ ဘာထပ်ပြောဦးမလို့ပါလိမ့်?
ရှောင်လုလည်း ဇဝေဇဝါနှင့် သူမကို ကြည့်ကာ မေးလိုက်သည်။
"ဘာဖြစ်လို့လဲ?"
ခိုးချောင်းတာ လက်ပူးလက်ကြပ် မိသွားတာကြောင့် စုချန်ယန် ရှက်သလို ခံစားမိသည်။ သူမ ခေါင်းခါကာ ပြန်ပြောခဲ့သည်။ "ဘာမှမဖြစ်ပါဘူး"
ပြောပြီးနောက် စုချန်ယန်က ခေါင်းကိုငုံထားလျက် မော့မကြည့်ရဲတော့ချေ။
မနေ့ညက အစီအစဉ်ရှိုးကို ကြည့်ပြီးပြီလားလို့ လင်းယွီကို မေးချင်နေခဲ့ပြီး သူမ မုန့်ထုတ်တွေ အများကြီး ဖွက်ထားခဲ့တာလည်း သတိထားမိသွားလားဆိုတာ သိချင်နေခဲ့သည်။
သို့သော် လင်းယွီက ဘာမှပြောမလာတာကြောင့် စုချန်ယန်လည်း သူ့ကိုတည့်တည့်ကြီး မမေးရဲခဲ့ပေ။
သူမသာ သူ့ကိုသတိပေးသလို ဖြစ်သွားခဲ့ရင် သူမဆီအာရုံရောက်လာပြီး စစ်ဆေးမည်ဖြစ်သည်။
ထိုအခါ သူမကိုယ်သူမ အရောက်ပို့သလို ဖြစ်သွားလိမ့်မည်ပင်။
ကားထဲတွင် ခဏတာမျှ တိတ်ဆိတ်နေခဲ့ပြီးနောက် လင်းယွီက တစ်ခုခုကို ရုတ်တရတ် သတိရသွားဟန်ဖြင့် စုချန်ယန်ဘက် လှည့်ကာ ပြောခဲ့သည်။
"မင်းအိတ်ပေး"
"အာ..." စုချန်ယန်က အထိတ်တလန့် ကြည့်မိသွားသည်။
လင်းယွီ - "အဲ့ထဲမှာ တစ်ခုခုဖွက်ထားတာ ရှိသေးလား ကြည့်လိုက်"
စုချန်ယန် - "..."
စုချန်ယန်လည်း အလိုက်သင့် ကြောက်ကြောက်နှင့် ရယ်ကာ စကားကို သတိထားပြီး ပြောခဲ့သည်။ "ရှင် မနေ့ညက အစီအစဉ်ကို ကြည့်ပြီးပြီမလား?"
"အွန်း.." လင်းယွီက ခေါင်းငြိမ့်ပြပြီးနောက် မေးခဲ့သည်။
"မင်း ကားထဲ ရောက်နေကတည်းက တစ်ခုခု စိုးရိမ်သလိုဖြစ်နေတာက အဲ့ဒါမေးချင်လို့ပေါ့ ဟုတ်လား?"
စုချန်ယန်လည်း မျက်နှာပူသွားကာ ခေါင်းငြိမ့်လိုက်သည်။"ဟုတ်တယ် ဒါကိုမေးချင်လို့"
လင်းယွီက စကားပြောနေတာကို ရပ်လိုက်ပြီး စုချန်ယန်ကို စက္ကန့်အနည်းမျှ စိုက်ကြည့်ခဲ့သည်။
"ဘာ....ဘာဖြစ်လို့လဲဟင်?"
လင်းယွီ - "မုန်တစ်ထုတ် ဖွက်ထားရင် ယွမ်၁၀၀ဒဏ်ကြေးဆောင်ရမယ်"
စုချန်ယန်က စိတ်ပျက် အားလျော့သွားကာ "အဲ့အစား ယွမ် ၅၀ပဲ ပေးလို့ရမလား?" လို့မေးခဲ့သည်။
လင်းယွီမှ သူမကို ဘာမှမပြောဘဲ ကြည့်ကာ မသိမသာ ရယ်လိုက်သည်။
ဒီတစ်ခါတော့ စုချန်ယန်က (ဘီးတပ်)ခရီးဆောင်အိတ်ကို ယူလာခဲ့သည်။ နေရာအများကြီး မပေးရတာကြောင့် သူမ ခုံအောက်တွင်သာ ထည့်ထားခဲ့သည်။
သူမ လင်းယွီကို ကြည့်ရင်း အင်တင်တင်ဖြင့် ကုန်းယူကာ သူ့စိတ်ပြောင်းသွားမလားလို့ မျှော်လင့်နေမိသည်။
လင်းယွီ - "လုရင် စစ်ကြည့်လိုက်"
ရှောင်လု - "အိုခေ ဝမ်းကွဲဘရားသား"
သူမပေါင်ပေါ်တွင် ထိုခရီးဆောင်အိတ်ကိုတင်ပြီး ဖွင့်လိုက်သည်။
အစကတော့ စုချန်ယန် သိပ်စိတ်မပူခဲ့ပေ။ သူမနှင့် ရှောင်လုတို့က တပူးပူးတတွဲတွဲနှင့် ရင်းနှီးနေပြီဖြစ်တာကြောင့် သူမ လျှို့ဝှက်ချက်တွေကို မဖော်ထုတ်လောက်ဖူးလို့ သူမထင်ခဲ့မိသည်။
ဒါပေမဲ့ သူမသိထားသင့်သည်က သူမ ဝမ်းကွဲအကိုရှေ့တွင်တော့ ရှောင်လုလည်း ဘာကိုမှ ခိုးမလုပ်ရဲသလို မျက်နှာသာပေး ဘက်လိုက်တာမျိုးလည်း မလုပ်ပေ။
"တစ်ထုပ်၊ နှစ်ထုပ်၊ သုံးထုပ်...... ၇ထုပ်။ ချန်ယန် နင် ဒီလောက် မုန့်ထုပ်တွေ အများကြီး ငါမသိအောင် ဘယ်ချိန်က ဖွက်ထားလိုက်တာလဲ?" ရှောင်လုက တအံ့တဩ မေးခဲ့သည်။
ထိုအချိန်တွင် စုချန်ယန်တစ်ယောက် ဘာမှပြန်မဖြေချင်တော့ပေ။
သူမ ပြုံးကာ ပြောခဲ့သည်။ "အဲ့ဒါတွေအကုန်လုံးကို ဖြေရှင်းနိုင်မဲ့ နည်းလမ်းရှိပါတယ်"
"မန်နေဂျာလင်း ကျွန်မ အဲ့ဒါတွေကို ဖွက်ထားတာမဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ပရိုဂရမ်အဖွဲ့ဘက်က ဒါတွေအကုန်သိမ်းသွားမှာပဲလေ။ ကျွန်မက လမ်းပေါ်မှာ မုန့်နည်းနည်းလေး စားချင်ရုံပါ.." စုချန်ယန်က ရှင်းပြလိုက်သည်။
လင်းယွီက နောက်လှည့်ကြည့်ကာ ပြောခဲ့သည်။ "အကန့်တွေထဲမှာလည်း ပလတ်စတစ်အိတ်တွေ ရှိနေဦးမှာ အကုန်ဖယ်ထုတ်လိုက်"
စုချန်ယန် ရင်ဘတ်တစ်ခုလုံး စို့နင့်သွားရသည်။ "မစ္စတာလင်း ဒီမုန့်တွေက အရမ်းကို ကျန်းမာရေးနဲ့ညီညွတ်တာပါ။ ပြီးတော့ နည်းနည်းလေး စားရင် ဝိတ်လုံးဝမတက်ပါဘူး"
လင်းယွီ - " အခုတော့ ငါအဲ့ဒါတွေ အကုန် သိမ်းသွားမယ်။ မင်းသာ ကောင်းကောင်း သရုပ်ဆောင်နိုင်ခဲ့ရင် နောက်မှ သီးသန့်ဆုချမယ်"
"ဒါဆို အခုရော ကျွန်မကောင်းကောင်း သရုပ်ဆောင်နိုင်နေတယ်လို့ မထင်ဘူးလား? မုန့်ထုတ်တွေနဲ့ ဆုချခံသင့်တယ်မို့လား?"
လင်းယွီ၏ စကားများမှာ သူမခေါင်းထဲ လုံးဝ ရောက်မသွားပေ။ သူကျေနပ်အောင် သူမဘက်က တစ်ခုခုလုပ်ခဲ့တာကြောင့် လင်းယွီက သူမကို ဟော့ပေါ့စားခွင့်ပေးဖို့ သဘောတူခဲ့သည်ကို ချက်ချင်းသတိရလိုက်မိသည်။
"[Travel]ရဲ့ မနေ့ညက အပိုင်းက ကောင်းတယ်မလားဟင်?"
လင်းယွီက အတန်ကြာသည်အထိ စဉ်းစားနေပြီးမှ ခေါင်းငြိမ့်ကာ ပြောခဲ့သည်။
"အင်း... မင်းဆုချခံသင့်တယ်"
"ကျေးဇူးပါ မန်နေဂျာလင်း!!"
"ဒါပေမဲ့ မင်းရဲ့မုန့်ဖွက်တတ်တဲ့ အကျင့်က ပြစ်ဒဏ်ပေးခံရဖို့ လုံလောက်တယ်ဆိုတော့ မဖြစ်နိုင်တော့ဘူး"
စုချန်ယန် - "..."
ထိုကိစ္စကြောင့် ဟိုတယ်သို့သွားရာ လမ်းတစ်လျှောက်တွင် စုချန်ယန်၏ မျက်နှာက သုန်မှုန်လာတော့သည်။
ရှောင်လုက သူမကို သစ္စာဖောက်သွားပြီး လင်းယွီသည်လည်း သူမကိုဘတမင်စနေသည်ဟု ထင်မိသည်။ ကူကယ်ရာမဲ့ကာ သနားစရာ ကောင်းသလို ခံစားမိပြီး သူမစိတ်ထဲ အရမ်းမှားယွင်းသလို ခံစားရသည်။
စိတ်ကြည်လင်သွားသည်နှင့် သူမနှင့် ရှောင်လုတို့မှာ ယခင်လို ပြောမနာ ဆိုမနာတွေ ပြန်ဖြစ်သွားကြပြီး လင်းယွီကိုလည်း သူမစိတ်ထဲတွင် အကောင်းဆုံးဟုသာ သတ်မှတ်လိုက်သည်။
‘အမယ် လေးလေး... ဒီလိုမှန်းသာသိခဲ့ရင် ဖွက်မထားပါဘူး... လင်းယွီကို ဆုချဖို့ပဲ ပွင့်ပွင့်လင်းလင်း ပြောလိုက်ရင်တောင် နည်းနည်းပါးပါး စားခွင့်ရ လောက် သေးတယ်။'
စုချန်ယန်က ယခုအခေါက်တွင်လည်း ပထမဆုံးရောက်ရှိရမည့် ဧည့်သည်ဖြစ်တာကြောင့် စီစဉ်ကွပ်ကဲသည့်အဖွဲ့မှ သူမကို အခန်းဆီခေါ်သွားစဉ် အနည်းငယ် ခပ်လှမ်းလှမ်းကနေ ကင်မရာဖြင့် လှမ်းရိုက်ဖို့သာ စီစဉ်ထားခဲ့ကြသည်။
ဝန်ထမ်း တစ်ယောက်၏ ပြောပုံအရ အစီအစဉ်၏ ပထမအပိုင်းမှာ rating တော်တော်လေး ကောင်းမွန်ခဲ့ပြီး ဒုတိယအပိုင်းကို အတည်တကျ မရိုက်ကူးခင် စီစဉ်ကွပ်ကဲသည့်အဖွဲ့မှ ဧည့်သည်ကိုးဦးတို့ကို မနက်စာစားရန်ဖိတ် ခေါ်ထားသည်။
“ချန်ယန်!”
စုချန်ယန် ထိုင်ရုံပဲရှိသေး ဟန်စုန့်ရွှယ်က ရောက်ချလာခဲ့သည်။
“နင် ရောက်လာပြီကိုး... “ စုချန်ယန်က သူမကို နှုတ်ဆက်လိုက်သည်။
“ ပင်ပန်းလိုက်တာ... ငါက ဒီကို လေယာဉ်နဲ့လာရတာ...”
ဟန်စုန့် ရွှယ်က စုချန်ယန် ဘေးမှထိုင်ခုံကို ဆွဲယူကာ ထိုင်လိုက်သည်။
စုချန်ယန်ကလည်း သူမအတွက် ရေငှဲ့ပေးခဲ့သည်။
“ဒါနဲ့ ဒီဘက်ကို လာတုန်းက နင့်မန်နေဂျာကို မတွေ့မိပါလားဟဲ့ ဟမ်?” ဟန်စုန့်ရွှယ်က မျက်တောင်တစ် ဖျတ်ဖျတ်နှင့် မှိတ်ပြကာ မေးခဲ့သည်။
လင်းယွီအ ကြောင်မေးလေတော့ စုချန်ယန်လည်း စိတ်ပျက် လက်ပျက်နှင့် သက်ပြင်းချကာ ပြောခဲ့သည်။ “သူ ပါလာတယ်.. ဒါရိုက်တာနဲ့ စကားပြောနေတာနေမှာ”
“အဲ့ဒါဆိုကောင်းတာပေါ့” ဟန်စုန့်ရွှယ် အူမြူးသွားခဲ့သည်။
“ခပ်ချောချော အဆင်လေးနဲ့အတူ ခရီးတူတူသွားရတာကိုက ငါ့အတွက် တော်တော့်ကို နေလို့ကောင်းစေတာ..”
ဟန်စုန့် ရွှယ် ပြောပြီးသည်နှင့် တံခါနောက်မှ အသံတစ်ခုထွက်လာခဲ့သည်။ “ နင်တို့က ငါ့ကိုကျ ယောက်ျားတစ် ယောက်လို မမြင်ဘူပေါ့?’
စုန့်မင်ကန်သည် တံခါးအဝတွင် ရပ်နေကာ သူမတို့ကို ကြည့်နေခဲ့သည်။
ဟန်စုန့် ရွှယ်လည်း သူ့ကိုကြည့်ကာ ပြောခဲ့သည်။“ဪ... နင့်ကိုလည်း ယောက်ျာလေးလိုမြင်ပါတယ်... နင်က အရမ်းကြီး သိပ်ပြီး..ကြည့်မကောင်းရုံလေးပါပဲ”
စုန့်မင်ကန်၏ ချောမောလှသည့် မျက်နှာကို ကြည့်မိရင်း ဟန်စုန့် ရွှယ်က အရမ်းကြီးသိပ်ပြီး ကြည့်မကောင်းဘူးလို့ ရုပ်တည်ကြီးနဲ့ ဘယ်လိုတောင် ပြောထွက်လဲကို စဉ်းစားမရပေ။
စုန့်မင်ကန်၏ မျက်နှာက ချက်ချင်းရှုံ့မဲ့သွားကာ ပြောလိုက်သည်။ “ နင်ဘာပြောလိုက်တယ်? ဘယ်သူက ကြည့် မကောင်းဖြစ်နေလို့လဲ”
စုချန်ယန်က ဝင်မပါဘဲ ထိုင်ကြည့်နေပေမယ့် ဟန်စုန့်ရွှယ်က ရုတ်တရတ်ကြီး သူမကို စစ်ကူခေါ်ခဲ့ပြီး စုန့်မင်ကန်ကို ဒေါက်ဖြုတ်ဖို့ ကြိုးစားခဲ့သည်။
" ချန်ယန်.. နင့်မန်နေဂျာနဲ့ ယှဉ်လိုက်မယ်ဆိုရင် စုန့်မင်ကန်က နည်းနည်း ရုပ်ဆိုးတယ်လို့ ထင်လား?"
စုန့်မင်ကန်က စုချန်ဘက် လှည့်ကြည့်လာခဲ့သည်။
စုချန်ယန် - "ငါလိမ်ရတာ မကြိုက်ဘူး"
စုန့်မင်ကန် - " အမှန်အတိုင်းပဲ ပြောပါ"
စုချန်ယန်က ခဏငြိမ်သက်သွားကာ ပြောခဲ့သည်။"မန်နေဂျာလင်းနဲ့ ယှဉ်ရင် မင်ကန်ကလည်း
ကြည့်ရမဆိုးပါဘူး...."
စုန့်မင်ကန်က ကျေနပ်အားရစွာ ခေါင်းငြိမ့်ပြခဲ့သည်။ "ငါပွဲဦးစထွက်ကတည်းက ရုပ်ဆိုးတယ်လို့ တစ်ခါမှအပြောမခံခဲ့ရဖူးဘူး"
".. .ရွက်ကြမ်းရေကျိုဖြစ်နေရုံလေးပါ" စုချန်ယန်က ပြောလက်စ စကားကို ဆုံးအောင်ပြောခဲ့ကာ လက်ဖက်ရည်ကို တစ်ငုံယူသောက်လိုက်သည်။
စုန့်မင်ကန် - "..."
"ငါတို့တွေအကုန် ညီအစ်မတွေပဲကို.. အဲ့ ညစ်တီးညစ်ပတ်လို အကောင်တွေ အကြောင်း ဆက်မပြောဘဲ နေရအောင်.."
အခြားကျန်သည့် ဧည့်သည်များက ဟိုတယ်ဆီ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။ အစီအစဉ်၏ ပထမတစ်ပိုင်းမှာတင် မထင်ထားဘဲ အောင်မြင်ခဲ့တာကြောင့် အားလုံးမှာ အလွန်ပျော်ရွှင်နေကြကာ တစ်ညထဲနှင့် follower ဘယ်လောက်အထိ ရရှိစုဆောင်းနိုင်ခဲ့ကြောင်းကို အတူတကွ ဆွေးနွေးကြရန် စုဝေး ရောက်ရှိလာကြသည်။ သူငယ်ချင်း တွေ့ဆုံပွဲနှင့်တောင် ဆင်တူနေခဲ့သည်။
စုချန်ယန်လည်း ထုံးစံအတိုင်း အသီးအရွက်မျသာပါသည့် ပန်းကန်ကိုသာ ယူစားနေရပြီး အသားတောင် သိပ်ယူမစားခဲ့ချေ။
စားလက်စကို ခဏရပ်ကာ စုချန်ယန်က အိမ်သာ ရှိရာဆီ ထွက်ခဲ့သည်။
အိမ်သာမှ ပြန်လာရာ စင်္ကြ့လမ်းတစ်လျှောက် ဖြတ်လျှောက်သွားစဉ် လင်းယွီနှင့် ရှောင်လုတို့က ပြတင်းပေါက်နားတွင် ရပ်ကာ တစ်ခုခု ဆွေးနွေးနေကြသည်ကို သူမ တွေ့ခဲ့သည်။
သူတို့ကိုကြည့်ပြီး တစ်ခုခု အရေးကြီးတာ ဆွေးနွေးနေကြသည်ဟု ထင်တာကြောင့် စုချန်ယန်လည်း သူတို့ကို မနှောင့်ယှက်ဘဲ နေလိုက်သည်။ စကားဝင်မပြောခြင်းကလည်း ရုတ်တရတ်ကြီး သူမ အနေနဲ့ လင်းယွီကို စိတ်တိုမိခဲ့သေးသည် မဟုတ်ပါလား...