← Chapters

အခန်း ၇၀

Vol. 6 Ch. 70

အခန်း ၇၀

Vol. 6 Ch. 70

စုချန်ယန်လည်း သူတို့ပြောနေတာကို ခိုးနားထောင်သလို မဖြစ်ချင်တာမို့ ရှောင်ခဲ့ခြင်းသာ။ သူမ အိမ်သာဆီ ပြန်သွားကာ ခဏလောက် စောင့်နေပြီးမှ ပြန်လာမယ်လုပ်ရင်း လှည့်ထွက်တော့သလို ပြင်လိုက်ချိန် အနောက်မှ 'မယ်ရီ'ဆိုသည့် နာမည်အား ထည့်ပြောလိုက်ခြင်းကို ယဲ့ယဲ့လေး လှမ်းကြားလိုက်မိတာကြောင့် သွားနေရာကနေ ခဏလောက် ရပ်နေမိသည်။

လင်းယွီ၏ စီမံကွပ်ကဲမှုအောက်တွင် ရှိခဲ့ဖူးသော မယ်ရီဆိုသည့် အမျိုးသမီးအကြောင်းအား စုချန်ယန်တစ်ယောက် သိချင်စိတ်ကလေး ဖြစ်မိပြန်သည်။

ရှောင်လု - "ဝမ်းကွဲ.. နင်သတင်းကြားပြီးပြီလား မယ်ရီက ပွဲတစ်ခုအတွက် မြို့ထဲမှာ ရက်တော်တော်ကြာတဲ့အထိ ရှိနေမှာတဲ့ ချန်ယန်ကို တစ်ခုခုလာပြီး ပြဿနာလာရှာမှာ စိုးရိမ်တယ်"

လင်းယွီသည် ပြတင်းပေါက်မှ အပြင်ဘက်တွင် မှောင်နေပြီဖြစ်ပြီး စင်္ကြံလမ်းရှည်ကြီး၏ ပုံရိပ်မှာ တစ်ဖက်ကအဆောက်အဦး၏ မှန်သားနံရံပေါ်တွင် ထင်ဟပ်နေသည်ကို ကြည့်နေသည်။

"မလုပ်လောက်ပါဘူး မယ်ရီက လူကောင်းပါ"လင်းယွီက ပြန်ပြောခဲ့သည်။

စုချန်ယန်လည်း တမင်တကာ ခိုးနားထောင်နေတာမဟုတ်တာကြောင့် ပြန်လှည့်ကာ အိမ်သာရှိရာဘက်ကိုပြန်လာလိုက်သည်။ လူမရှိသည့် အိမ်သာအကန့်တစ်ခုကိုတွေ့တာကြောင့် ဝင်ပြီးတံခါးကိုပိတ်ကာ အိမ်သာဖုံးပေါ်တွင်ထိုင်ပြီး ဖုန်းဖွင့်လိုက်သည်။

စုချန်ယန်လည်း သူမကိုယ်တိုင် ဘာလုပ်ချင်နေမှန်းမသိခဲ့ပေ။ သို့ပေမဲ့ ‌မယ်ရီ့အကြောင်းကိုတော့ သူမသိချင်နေမိသည်သာ..

ဘရောက်ဇာကို ဖွင့်လိုက်ပြီး မယ်ရီ့နာမည်ကို ရှာလိုက်သည်။

ရှာဖွေမှုရလဒ်များ ပေါ်ပေါက်လာကာ ရင်းနှီးနေသည့် အဖြူအမည်း ပုံလေးတစ်ခုက ဖုန်းစခရင်ပေါ်တွင် ပေါ်လာခဲ့သည်။

သူမ၏ ပရိုဖိုင်းပုံကို မြင်လိုက်သည်နှင့် စုချန်ယန်အံ့အားသင့်သွားမိခဲ့သည်။

သူမအနေနှင့် အတည်ပြုမရသေးတာကြောင့် လင်းယွီနာမည်ကို ထပ်ရှာလိုက်ပြီး ခပ်ဆင်ဆင်ပုံစံလိုမျိုး ဓာတ်ပုံက ပေါ်လာခဲ့သည်။

နည်းနည်းလောက် တွေးကြည့်လိုက်တော့မှ ထိုပုံနှစ်ပုံမှာ ဓာတ်ပုံဆရာ တစ်ယောက်တည်းကဘဲ ရိုက်ပေးထားတာဖြစ်ပြီး နေရာတစ်ခုတည်းမှာ ရိုက်ထားခြင်းဖြစ်နိုင်သည်။

'ဓာတ်ပုံတစ်ပုံထဲကို...နှစ်ပိုင်းဖြတ်ညှပ်ကပ် လုပ်ထားသလိုပင်။ နှစ်ပုံကိုဆက်ကြည့်လိုက်ရင် တစ်ပုံထဲ ဖြစ်သွားလောက်တယ်'

ထိုပုံနှစ်ပုံကို စုချန်ယန်တစ်ယောက် အတော်ကြာသည်အထိ စိုက်ကြည့်နေမိသည်။

"ဒေါက် ဒေါက်"

"အထဲမှာ လူရှိလား?" ရုတ်တရတ်ကြီး သူမရှိရာ တံခါးဆီလာခေါက်တာကြောင့် စုချန်ယန်လည်း လန့်ဖြန့်သွားတာမို့ ဖုန်းကို အလျင်အမြန် ပိတ်လိုက်ရသည်။

"ဘာလို့ အကုန်လုံးက ကြာနေရတာလဲမသိဘူး..ကျွန်မ အလျင်လိုနေလို့ပါ!"

စုချန်ယန်လည်း နည်းနည်း စိတ်ကိုပြန်ထိန်းကာ တည်တည်တန့်တန့်ဖြစ်အောင် မျက်နှာအမူအရာကိုပါ ထိန်းလိုက်ပြီး သိပ်မကြာအောင် ခပ်သုတ်သုတ် ထွက်ရန်ပြင်လိုက်သည်။ တံခါးကိုဖွင့်ပြီး အပြင်ကိုထွက်ပေးလိုက်သည်။

"မစ္စစ်စု?"

စုချန်ယန် ခေါင်းပြန်မော့ကြည့်လိုက်တော့ အစီအစဉ်အဖွဲ့ထဲမှ ဝန်ထမ်းအဖွဲ့ဝင်လေးဖြစ်နေမှန်း သိလိုက်သည်။

စုချန်ယန်လည်း ပြန်ပြုံးပြကာ သူမဝင်လို့ရအောင် ဘေးဖယ်ပေးလိုက်ပြီး လက်ဆေးသည့်ဘေစင်နားသွားကာ ရေပိုက်ခေါင်းကို ဖွင့်လိုက်သည်။

ဆင်တူသယောင်ဖြစ်နေသည့် ပုံနှစ်ပုံနှင့် ဘယ်ဘက်ထောင့်က လိုဂို ပုံစံလေးကို ယခင်က weibo တွင် မြင်ဖူးခဲ့သေးသည်။ ထိုပုံများမှာ နာမည်ကြီး ဓာတ်ပုံဆရာမှ ရိုက်ကူးပေးထားခြင်းဖြစ်သည်။

ဓာတ်ပုံဆရာတွင် cold tomes တွေကိုသာ သဘောကျနှစ်သက်သည့် တစ်မူထူးသည့် ပုံစံမျိုးရှိသည်ဟု

ပြောကြသည်။ ဖက်ရှင် မဂ္ဂဇင်းကာဗာ တော်တော်များများအတွက်လည်း ရိုက်ပေးဖူးသည်။

ကာဗာများ‌ပေါ်တွင် ပါဝင်သည့် မော်ဒယ်များမှာ မဂ္ဂဇင်းကုမ္ပဏီမှ ရွေးထုတ်ပေးထားသည့် ပြိုင်ပွဲဝင်စာရင်းမှ သူကိုယ်တိုင် ရွေးချယ်ထားသော သူများသာဖြစ်သည်။

သင့်တော်သည့် တစ်စုံတစ်ယောက်ကို ရှာတွေ့လျှင်လည်း ထိုသူသည် နောက်ပိုင်းထုတ်မည့် မဂ္ဂဇင်းအတွက် ကာဗာမော်ဒယ် ဖြစ်လာလိမ့်မည်ပင်။

လင်းယွီနှင့် မယ်ရီတို့နှစ်ဦး၏ ဓာတ်ပုံပုံစံများမှာ ချွတ်စွပ်နီးပါး တူနေပေမဲ့ သူ့ရိုက်ချက်မှာတော့ အလင်းအမှောင်တွေသည် သိသိသာသာပင် ကွဲထွက်နေသည်မို့ ကြည့်ရှုသည့်လူတွေကို မတူညီသည့်ခံစားချက် နှစ်မျိုးကို ပေးစွမ်းနေသယောင်ပင်။

ဓာတ်ပုံ ပုံစံများမှာ တူညီနေသော်လည်း ပုံနှစ်ပုံကို ရိုက်ပေးထားသည့် အလင်းအမှောင်များ၏ ကွန့်မြူးနေပုံက လုံးဝကွဲပြားနေသည်။

စုချန်ယန်က လက်ဆေးကန်ကို မှီထားရင်း မယ်ရီနှင့်လင်းယွီ၏ ပုံတွေကို ‌ဖုန်းထဲတွင် dowmload ဆွဲလိုက်ပြီး ဖုန်းထဲရှိ ဓာတ်ပုံ album ကိုဖွင့်လိုက်သည်။

ပထမတစ်ခုကတော့ လင်းယွီဖြစ်ပြီး သူ့အပေါ်သုံးထားသည့် အလင်းနှင့် မှောင်ရိပ်ကျနေသော effect များသည် သူ၏မတူညီသော စရိုက်နှစ်မျိုးကို ကိုယ်စားပြုသည်။

အလင်းရောင်ဘက်ကို မျက်နှာမူနေသည်တစ်ပုံမှာတော့ လူကြီးလူကောင်းပုံစံပေါ်ပြီး အလင်းရောင်ဘက်ကို ကျောပေးထားသည့် ဘက်ခြမ်းတွင်တော့ လူရမ်းကားတစ်ယာက်၏ ပုံစံပေါက်သည်။

ရိုက်ချက်ရှုထောင့်သည် ပထမတစ်ခုနှင့် ထင်ထင်ရှားရှားကြီး တူညီနေပေမဲ့ မယ်ရီကတော့ ကင်မရာကိုသာတည့်တည့်ကြည့်နေခဲ့သည်။

အလင်းရောင်ဘက်ကိုမျက်နှာမူနေသည့် သူမမျက်နှာပုံစံသည် အရိုင်းဆန်မှုနှင့် ခက်ထန်မှုတွေ ပြည့်လျှံနေစဉ် သူမမျက်နှာ၏ နောက်ခံအလင်းရောင်မှာ အလင်းရောင်ခပ်လင်းလင်းနှင့် မှောင်ရိပ်ကျမှုနှင့်အတူ ဖုံးလွှမ်းနေကာ ဂရုဏာသက်ကာ သနားကြင်နာမှုအပြည့်ရှိသော နတ်ဘုရားမတစ်ပါးကဲ့သို့ပင်။

ပုံစံက သိသိသာသာကို တူညီနေပေမဲ့လည်း သက်ရောက်စေလိုသည့် အဓိပ္ပာယ်နှစ်ခုမှာ တူညီခြင်းအလျှင်းမရှိပေ။

မယ်ရီသည် လှပလွန်းလှပြီး သူ မတူသောပုံစံရှိသည့် အမျိုးသမီးဖြစ်ပြီး အလွန်အမင်းကို ထူးချွန်

ထက်မြက်လောက်သည်။

"ချန်ယန်..."

ရှောင်လုက တံခါးဖွင့်ကာ ရုတ်တရတ်ကြီး ဝင်လာတာမို့ စုချန်ယန်လည်း ငေါက်ခနဲကြည့်မိကာ ဖုန်းကိုသိမ်းလိုက်ရသည်။

ရှောင်လုက သူမကို စူစမ်းလိုသည့်ပုံစံဖြင့် အနားကပ်လာခဲ့သည်။"ဘာလုပ်နေတာလဲ? သူတို့က နင်အိမ်သာထဲမှာ သတိလစ်သွားပြီထင်လို့ ငါ့ကိုတောင် လိုက်ရှာခိုင်းလိုက်လို့"

"လေကောင်းလေသန့်ရှူချင်လို့ ထွက်လာတာပါ" စုချန်ယန်က ပေါ့ပေါ့ပါးပါး ပြန်ပြောခဲ့သည်။

ရှောင်လုမှ လှောင်ပြုံးပြုံးရင်း သူမလိမ်နေသည်ကို

မညှာမတာနှင့် ထုတ်ပြောခဲ့သည်။ "လေကောင်းလေသန့်? အိမ်သာထဲကိုလေ?"

စုချန်ယန် - "..."

စုချန်ယန်ကိုယ်တိုင်က ဒီ့ထက်ပိုပြီးပြောချင်ပုံ မပေါ်တာကြောင့် ရှောင်လုက သူမပုခုံးကို ဖက်လိုက်ကာ တူတူထွက်လာခဲ့ကြသည်။

"အေးလေ.. ဟန်စုန့်ရွှယ်က နင့်ရဲ့အရိပ်လိုဖြစ်နေမှတော့ ခဏလောက်ကြာတာနဲ့ နင့်ကို နေရာတိုင်းလိုက်ရှာနေတော့တာ။ သူမကို စိတ်ပူအောင်လုပ်မနေနဲ့"

စုချန်ယန်ကို တံခါးနားဆီ တွန်းပို့လိုက်ပေမဲ့ သူမ သိချင်တာကို ဆက်ထိန်းမထားနိုင်တာကြောင့် မေးလိုက်သည်။

"မန်နေဂျာလင်းက အရင်ကမော်ဒယ် ဖြစ်ခဲ့ဖူးတာလား?"

ရှောင်လုက အံ့ဩသွားကာ မေးခဲ့သည်။" ဘာလို့ အဲ့လိုတွေးမိတာတုန်း?"

စုချန်ယန်က မပွင့်တပွင့် ပြန်ပြောခဲ့သည်။"လိုင်းပေါ်က တွေ့မိတာ"

"လိုင်းပေါ်က? လိုင်းပေါ်မှာတွေ့သမျှကို ယုံလို့ရကြေးလား? တစ်ယောက်ယောက်က ငါ့ဝမ်းကွဲအစ်ကိုနဲ့ မယ်ရီတို့ကြားမှာ တစ်ခုခုတော့ရှိခဲ့ကြတယ်ဆိုပြီး ပြောထားတာတောင် မြင်ဖူးသေးတယ်။ မယ်ရီဘယ်သူလဲ သိတယ်မို့လား? သူက ငါ့အစ်ကို ရင်အုပ်မကွာကြည့်ရှုပေးရတဲ့ ပထမဆုံးအနုပညာရှင်ပဲ... ကျစ် ကျစ်... လုံးဝကို အဓိပ္ပာယ်မရှိဘူး"

မထင်မှတ်ဘဲ ဒီသတင်းကို ကြားလိုက်မိတော့ စုချန်ယန်သည် အလွန်အမင်း အံ့အားသင့်ကာ ခဏလောက် အသက်အောင့်ထားမိသည်။

"တကယ်ကြီးလား? မန်နေဂျာလင်း၊ သူကဘယ်လိုလုပ်အဲ့လိုလူမျိုး ဖြစ်နိုင်မှာလဲ?

ရှောင်လုက သူမကို ပြုံးစိစိဖြင့် ကြည့်ရင်း သူမ ပါးကိုလက်ဖြင့် တို့ထိခဲ့သည်။"ဘာတွေ တွေးနေတာလဲ။ သေချာပေါက် အတုကြီးပေါ့။ ငါ့ဝမ်းကွဲအစ်ကိုက အဲ့လိုကိစ္စမျိုး ဘာကိစ္စလုပ်ရမှာတုန်း။ လိုင်းပေါ်မှာ ဖတ်မိသမျှကို ယုံလို့မရဘူးဆိုတာ မသိဘူးလား?"

စုချန်ယန်လည်း သတိထားမိသွားကာ သူမကိုယ်တိုင်ကလည်း အနည်းငယ် တုံးသလိုဖြစ်သွားတာကြောင့် ရှက်မိသွားသည်။

"တကယ်တော့.. မန်နေဂျာလင်းရဲ့ပုံကို အင်တာနက်ပေါ်မှာတွေ့ဖူးတယ်။ အဲ့ပုံက ဖက်ရှင်မဂ္ဂဇင်းကပုံနဲ့ တူနေသလိုပဲ..."

"ဪ... အဖြူအမည်းနဲ့ပုံကို ပြောတာလား?"

"အင်း ဟုတ်တယ် အဲ့ပုံကိုပြောတာ"

ရှောင်လုလည်း သူမ ရှေ့ကနေ ဦးဆောင်ကာ ပြောပြခဲ့သည်။"အဲ့ပုံက မယ်ရီနဲ့အတူ ရိုက်ထားတဲ့ပုံလေ။ သူက စုံတွဲပုံစံ ဖြစ်ရမှာ"

စုချန်ယန်လည်းအံ့အားသင့်ကာပြောခဲ့သည်။"သူတို့က အတူတူ....."

"သေချာပေါက်မဟုတ်ဘူးပေါ့! ငါ့ဝမ်းကွဲအစ်ကိုက ဘယ်လိုလူမျိုးလဲဆိုတာ နင်မသိဘူးလား။ သူလည်း သူ့ဘဝရဲ့တစ်ဆင့်ချင်းစီတိုင်းမှာ ဘာက ဘယ်လိုလုပ်သင့်တယ်ဆိုတာကို သေသေချာချာ စီစဉ်ထားပြီးသား။ အချစ်နဲ့ပက်သက်တဲ့အကြောင်းနဲ့ တခြားကိစ္စတွေတွေးဖို့ သူ့မှာအချိန်ရှိတာ မဟုတ်ဘူး။ အဲ့တုန်းက ဓာတ်ပုံဆရာ စိတ်တိုင်းကျတဲ့ မော်ဒယ်မျိုးရှာမတွေ့ခဲ့ကြဘူး။ အဲ့ကာဗာက မယ်ရီအတွက် အရေးကြီးခဲ့တယ်လေ။ ပြီးတော့ ငါ့အစ်ကိုက သူ့မန်နေဂျာဆိုတော့ သူနဲ့အတူတွဲရိုက်ပေးဖို့ ငါ့အစ်ကိုကို သူနှစ်ရက်လောက် တောင်းတောင်းပန်ပန်နဲ့ နားပူနားဆာ လုပ်လိုက်ရတယ်"

စုချန်ယန် - "ဪ..အဲ့လိုလား"

ရှောင်လုက သူမပုခုံးကို သိုင်းဖက်ကာ အသံကို တိုးလျက်ပြောခဲ့သည်။ "ငါသိရသလောက်ကတော့ အဲ့တုန်းက ငါ့အစ်ကိုက ထွက်စာတင်ခဲ့တာက အဲ့ပုံနဲ့တစ်ခုခုပက်သက်နေမယ်ထင်တယ်"

စုချန်ယန်လည်း စပ်စပ်စုစုနှင့် မေးခဲ့သည်။ "ဘာတွေ ဆက်စပ်မှုရှိနေလို့လဲ?"

"ကြည့်ရတာ အဲ့ပုံ ရိုက်တဲ့ နေ့တုန်းက..."

"မင်းအဲ့လောက်ထိ တကယ် သိချင်နေရင် ငါ့ကို တိုက်ရိုက် မေးလည်းရပါတယ်"

ရုတ်တရတ်ကြီး နောက်မှ အသံထွက်လာ‌တာကြောင့် ရှောင်လုနှင့် စုချန်ယန်က တောင့်တောင့်ကြီးဖြစ်သွားကြကာ သူတို့နှင့်ခြေလှမ်းနှစ်လှမ်းမျှ အကွာတွင်သာ ရှိနေသည့် လင်းယွီရှိရာ နောက်ကို တဖြေးဖြေး ခေါင်းလှည့်လာကြပြီး အသက်မရှိ‌တော့သလို ငြိမ်ကုပ်သွားကြသည်။

"အစ်ကို.... ဘယ်နားလောက်ထိ...ကြားသွားလဲဆိုတာ

မေးလို့ရလား?" ရှောင်လုက စိတ်လှုပ်ရှားစွာ မေးခဲ့သည်။

"အကုန်လုံးပဲ" လင်းယွီက ခပ်တည်တည်နှင့်ပြန်ပြောခဲ့သည်။ ပြီးတော့မှ စုချန်ယန်ဘက်ကို အကြည့်လွှဲပြောင်းလိုက်သည်။

စုချန်ယန်လည်း အတော့ကို အရှက်ရသွားသည်။ သူမ၏ အရင်ဘဝနှင့် လက်ရှိဘဝတွင် တခြားသူတစ်ယောက်၏ မကောင်းကြောင်း အတင်းပြောနေတုန်း လက်ပူးလင်ကြပ် မိခံရသည်မှာ ယခုအကြိမ်သည်သာ ပထမဆုံးပင်။

လင်းယွီ သူမကို ကြည့်လာတော့ ပုန်းစရာ တွင်းတစ်တွင်းပင် ကောက်တူးချင်လာသည်။ သို့သော် တခြားမိန်းကလေးတွေထက်စာရင် သူမသည် အရေထူကာအကြောတင်းသည့် မိန်းကလေး ဖြစ်တာကြောင့် အဆင်မပြေဖြစ်နေကြောင်း ရေးရေးမျှမပေါ်စေဘဲ ထိန်းထားလိုက်သည်။ လင်းယွီ၏ မျက်လုံးတည့်တည့်ကိုကြည့်လိုက်ပြီး ဟန်လုပ်ပြုံးကာ နှုတ်ဆက်ခဲ့သည်။

"မန်နေဂျာလင်း မင်္ဂလာပါ"

လင်းယွီက သူတို့နှစ်ယောက်ကို ကြည့်ရင်း ရုတ်တရတ် ထရယ်ခဲ့သည်။"အင်တာနက်ပေါ်မှာ တခြားရော ဘာများတွေ့သေးလဲ ငါ့ကိုပြောပါဦး"

သူ့ရီသံက ရှောင်လုကို ဆံပင်မွှေးများပင် ထောင်ထသွားစေသည်။

ရှောင်လု - " ဘာမှ..ဘာမှမတွေ့ပါဘူး အဲ့ဒါတွေ အကုန်

ကောလဟာလတွေပဲလေ အဲ့ထဲက စကားတစ်လုံးကိုမှ မယုံပါဘူး"

စုချန်ယန်လည်း သဘောတူကြောင်း ချက်ချင်းခေါင်းငြိမ့်ခဲ့သည်။ "ကျွန်မလည်း မယုံပါဘူး အကုန်လုံးက ကောလဟာလတွေလေ"

သူက သူမတို့နှစ်ယောက်လုံးကို အပြုံးနှင့်မတူသည့် အပြုံးမျိုးနှင့် ကြည့်လာခဲ့သည်။

"အခုချိန်က အလုပ်ချိန်ဆိုတာ ငါကသတိပေးဖို့‌လိုနေသေးတာလား?" ဟု သူက မေးခဲ့သည်။

နှစ်ယောက်စလုံး ခေါင်းတွေခါပြခဲ့ကြ‌သည်။"ဟင့်အင်း မလိုပါဘူး"

"ဒါဆို မင်းတို့ ဘာလုပ်ဖို့လိုလဲ ဆိုတာကိုရော ငါသတိပေးဖို့ လိုသေးလား?"

နောက်တစ်ခေါက် နှစ်ယောက်စလုံး ခေါင်းခါပြလာသည်။

"တာ့တာ ဘော့စ်လင်း"

"သွားပြီနော် မန်နေဂျာလင်း"

နှစ်ယောက်လုံးရပ်နေရာမှ လှည့်ထွက်ကာ အလျင်စလို ခပ်သုတ်သုတ် လျှောက်သွားကြသည်။

"စုချန်ယန်" လင်းယွီက ရုတ်တရတ် ထခေါ်ခဲ့သည်။

စုချန်ယန်လည်း သွားနေရာမှ တုံ့ခနဲရပ်သွားကာ စိတ်ဖိစီးမှုများ ခံစားမိပြီး နောက်လှည့်ကြည့်မိသည်။

ရှောင်လုလည်း သူမကို သနားသလိုကြည့်ရင်း သုတ်သုတ် သုတ်သုတ်နှင့် ပြေးသွားခဲ့သည်။

"ခဏ..."

"အင်တာနက်ပေါ်မှာ ခဏခဏ အချိန်ဖြုန်းတာလျှော့! သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မန်နေဂျာ လင်း!"

လင်းယွီကို စကားပြောခွင့်တောင် မပေးဘဲ ပြောချပြီးသွားပြီးနောက် စုချန်ယန်လည်း သူမအခန်းဆီ ပြေးထွက်သွားခဲ့သည်။

လင်းယွီလည်း ရပ်နေရင်း သူမ ဖြတ်ခနဲ ပြေးထွက်သွားသည့်ပုံကိုကြည့်ကာ မတွေးတတ်လောက်အောင် ရယ်နေမိသည်။

All Chapters