← Chapters

အားကျမနာလိုဖြစ်ခြင်း

Vol. 5 Ch. 62

အားကျမနာလိုဖြစ်ခြင်း

Vol. 5 Ch. 62

လီယောင် လှည့်ကြည့်လိုက်သောအခါ ကောင်းမွန်စွာ ဝတ်ဆင်ထားသည့် အမျိုးသားသုံးယောက်သည် သူမနှင့် တာ့ကျွမ်းတို့၏ အိမ်အပြန်လမ်းကို ပိတ်ဆို့ထားခဲ့သည်ကို လီယောင် တွေ့ခဲ့ရသည်။ သူတို့သည် သူစိမ်းများဖြစ်ကြပြီး ဤနေရာသည် တောအုပ်ထဲရှိ သီးခြားနေရာတစ်ခုဖြစ်သည့်ကို မြင်လိုက်ရသောအခါ တာ့ကျွမ်းသည် သတိရှိလာပြီး သူတို့သုံးယောက်၏ လုပ်ရပ်များကို အနီးကပ် စောင့်ကြည့်နေခဲ့သည်။

ယခုအခါ မိသားစုတွင် ငွေဝင်လာသောအခါ သူတို့၏ မနာလိုမှုနှင့် အလိုလောဘကို နှိုးဆွသည့်ဘက်သို့ ဦးတည်သွားခဲ့သည်။

“အမျိုးသမီးလီ။” ခေါင်းဆောင်ဖြစ်ပုံပေါ်သည့် မုတ်ဆိတ်မွေးနှင့် လူသည် တခစ်ခစ်ရယ်ကာ ရှေ့တိုးလားခဲ့သည်။ “ကျွန်တော်စကားတစ်ခွန်းလောက် ပြောလို့ရမလားဗျာ။”

တာ့ကျွမ်းက ပြောခဲ့သည်။ “ခင်ဗျားတို့ ပြောချင်တာတွေကို ဒီမှာပဲပြော။”

ကိုမုတ်ဆိတ်မွှေးသည် တာ့ကျွမ်းကို လျစ်လျူရှုကာ လီယောင်ကို ကြည့်ခဲ့သည်။ သူမသည် တာဝန်ခံဖြစ်သည်ကို သိပုံရသည်။

လီယောင်သည် ဤလူများကို မကြောက်ပေ။ နောက်ထပ် ဆယ်ယောက် ထပ်လာခဲ့လျှင်တောင် သူမ့ကိုယ်သူမ လုံခြုံမှုရှိစေရန် အာမခံနိုင်သည်။ ထိုအစား သူမသည် တာ့ကျွမ်းအတွက် စိတ်ပူသည်။ ကောင်ငယ်လေးသည် ကိုယ်ခံပညာ လေ့ကျင့်မှု လုံး၀ မရှိပဲ ပကတိအင်အားသာလျှင် ရှိသည်။

တိုက်ခိုက်ခဲ့ပါက သူဒဏ်ရာရသွားနိုင်ချေ အလွန်များလှသည်။

“တာ့ကျွမ်း၊ အိမ်ကို အရင်ပြန်နှင့်။ အမေ ပြီးမှ ပြန်လာခဲ့မယ်။”

“အမေ၊ ဒါပေမဲ့…. ”

“အိမ်ကိုပြန်နှင့်ချေ။”

သူမ၏ အမူအယာသည် အေးစက်သွားပြီး အလျော့မပေးသည့် လေသံကို ကြားလိုက်ရသောအခါ တာ့ကျွမ်းသည် မနာခံရန် တွန်းအား မရှိခဲ့ပေ။ သူသည် နွားလှည်းကို အိမ်သို့ ဦးတည်မောင်းကာ စိုးရိမ်တကြီးနှင့်သာ ပြန်လှည့်ကြည့်နိုင်တော့သည်။

တာ့ကျွမ်းသည် အဝေးသို့ ရောက်သွားသည့်နောက် လီယောင်က ပြောခဲ့သည်။ “ဘယ်မှာ ပြောမှာလဲ။”

“အဝေးကြီး သိပ်သွားဖို့ မလိုပါဘူး။ စပ်စုတဲ့ မျက်လုံးတွေနဲ့ ဝေးတဲ့ နေရာလေးမှာပါပဲ။”ဟု ကိုမုတ်ဆိတ်မွေးနှင့်လူက ပြောခဲ့သည်။

ကိုမုတ်ဆိတ်မွှေးသည် လီယောင်ကို တောထဲ့သို့ ဖြတ်လမ်းမှ ခေါ်ဆောင်လာခဲ့ပြီး ရပ်ခဲ့သည်။

“သခင်မလီ၊ ခင်ဗျား တော်တော်သတ္တိရှိတာပဲ။”

“ရှင်ပြောချင်တာကိုပဲ တည့်ပြောလိုက်။”

“ဒါက ပိုကောင်းတယ်။ တည့်တည့်ပဲပေါ့။”ဟု ကိုမုတ်ဆိတ်မွှေးက ဆိုသည်။ “တကယ်တော့ ကျွန်တော်က မိုးခေါင်ရေရှား ကယ်ဆယ်ရေး ရေတွင်းကိစ္စနဲ့ လာခဲ့တာပါ။”

လီယောင်၏ မျက်ခုံးများသည် မသိမသာ တွန့်သွားခဲ့သည်။

ကိုမုတ်ဆိတ်မွှေးသည် ဆေးဖက်ဝင် မြက်စိမ်းလိမ်းဆေးဆီနှင့် ရေမွှေးဆပ်ပြာသည် အလွန်ရောင်းရသည့်အတွက် ကလိမ်ကကျစ်ကျကာ သူမနှင့် သီးသန့်သဘောတူညီချက် ပြုလုပ်ချင်ခဲ့သည်ဟု သူမ တွေးထင်နေခဲ့သည်။ သူမ မှားယွင်းခန့်မှန်းမိပုံရသည်။

“ကယ်ဆယ်ရေး ရေတွင်းကိစ္စက ဘာဖြစ်လို့လဲ။ မကောင်းလို့လား။”

“ဆန့်ကျင်ဘက်ပဲ။ အရမ်းကောင်းတယ်။”ဟု ကိုမုတ်ဆိတ်မွှေးက ပြောခဲ့သည်။ “ဒါကြောင့် တရားသူကြီးမင်းက မင်းကို အဲဒါအတွက် ဆုချချင်နေတာပါ။”

ဘာ …။

လီယောင်သည် သူမ နားကြားများမှားနေသလားဟု တွေးနေမိခဲ့သည်။

တရားသူကြီးမင်းက သူမကို ဆုချချင်သော်လည်း တိတ်တဆိတ် တွေ့ဆုံပွဲအတွက် တောထဲသို့ သူမအား ဆင့်ခေါ်ရန် လူတွေကို စေလွှတ်လိုက်တာလား။

သို့သော် သူမသည် အဓိကအချက်ကို ချက်ချင်းဆိုသလို နားလည်သဘောပေါက်ခဲ့သည်။

တရားသူကြီးမင်းသည် ကယ်ဆယ်ရေးရေတွင်းအတွက် ဂုဏ်ပြုခံရမှု မူပိုင်ခွင့်ကို တောင်းဆိုလိုသည့်ပုံရသည်။

သူမသည် ဂုဏ်ပြုခံရမှုများနှင့် ဆုလာဒ်များကို ဂရုမစိုက်သော်လည်း တခြားသူတစ်ဦး ယူဆောင်သွားခြင်းကိုမူ ခွင့်မပြုနိုင်ပေ။ တစ်ဦးဦးကို သူမ ပေးရမည်ဆိုပါက ခရိုင်တရားသူကြီးမင်းစုန့်သာလျှင် ဖြစ်နိုင်သည်။ သူသည် ပိုင်ချွမ်းခရိုင်ရှိ သာမာန်ပြည်သူလူထု၏ ကောင်းကျိုးအတွက် တစ်ညလုံး နေခဲ့သည်။

ယခု တရားသူကြီးမင်းအတွက်ကိုမူ သူသည် ယာမင်ဝန်ထမ်းကို တာဝန်ပေးအပ်ခြင်းပင် မရှိပဲ ဂုဏ်ပြုခံရမှုကို လိုချင်နေသေးသည်။ ၎င်းမှာ လုံး၀ လက်မခံနိုင်ပေ။

“ခင်ဗျား ဘယ်လိုထင်လဲ၊ သခင်မလီ။”ဟု ကိုမုတ်ဆိတ်မွှေးက ပြောခဲ့သည်။ “ကယ်ဆယ်ရေးရေတွင်းအကြောင်း တစ်ခွန်းတောင် ခင်ဗျားမပြောဘူးလို့ ကတိပေးရင် ကျွန်တော် ခင်ဗျားကို…. ငွေချောင်း ၅၀လောက် ပေးနိုင်တယ်။”

သူပြောပြီးသွားသော်အခါ သူမ အလွန်အမင်း ပျော်ရွှင်သွားမည်ကို စောင့်မျှော်ရင်း လီယောင်အား မျှော်လင့်တကြီး ကြည့်နေခဲ့သည်။

အဆုံးတွင် ငွေချောင်း ၅၀သည် ရွာသူတစ်ယောက်အတွက် ဆယ်နှစ်စာ နေထိုင်စားသောက်ရန်အတွက် လုံလောက်သည်။

သို့သော် လီယောင်သည် ကျေကျေနပ်နပ်နှင့် သဘောတူမည့်အစား အေးစက်စက်အပြုံး တစ်ခု ပေးခဲ့သည်။

ကိုမုတ်ဆိတ်မွှေးသည် မျက်မှောင်ကြုတ်သွားခဲ့သည်။ “ခင်ဗျား ဘာဖြစ်လို့ ရယ်နေတာလဲ။ ဒါမှမဟုတ် မလုံလောက်လို့လား။”

“မလုံလောက်တာ မဟုတ်ပါဘူး။ တအားကို နည်းနေတာ။”ဟု လီယောင်က ပြောခဲ့သည်။ “ကယ်ဆယ်ရေးရေတွင်းအတွက် အသိအမှတ်ပြုမှုကို ကျွန်မ စွန့်လွှတ်ပေးရမယ်ဆိုရင် ရှင်တို့ အနည်းဆုံး ရွှေချောင်း ၅၀နဲ့ ကမ်းလှမ်းသင့်တယ်။”

“ခင်ဗျား…။” ကိုမုတ်ဆိတ်၏ မျက်လုံးများ ပြူးထွက်လာခဲ့သည်။ “ရွှေချောင်း ၅၀ ဟုတ်လား၊ ခင်ဗျား ဘယ်လိုတောင် စိတ်ကူးယဉ်အိပ်မက်ကမ္ဘာထဲ နေနေရတာလဲ။ ကောင်းပြီ။ ငွေချောင်း ၁၀၀ပဲ။ ပိုက်ဆံယူပြီး ကောင်းကောင်းနေလိုက်၊ မဟုတ်ရင်တော့…”

ထိုစဉ် ကိုမုတ်ဆိတ်မွှေး၏ နောက်ကွယ်ရှိ လူနှစ်ဦးသည် ရှေ့သို့ ခြေလှမ်း အနည်းငယ် လှမ်းလာခဲ့ပြီး သူ့အမိန့်ကို လိုက်နာအောင် အင်အားသုံးရန် သိသိသာသာပင် အဆင်သင့် ဖြစ်နေခဲ့သည်။

သူတို့၏ ပေါ်တင်ခြိမ်းခြောက်မှုကို ရင်ဆိုင်ရသော်လည်း လီယောင်သည် လုံး၀ မတုန်လှုပ်ပေ။

“ရှင်တို့ရဲ့ တရားသူကြီးကို သွားပြောလိုက်ပါဦး။ ဒီကနေတဆင့် နိုင်ငံရေးအောင်မြင်မှုတွေကို လိုချင်နေတယ်ဆိုရင် တရားမျှတစွာ အုပ်ချုပ်ပြီး လူတွေအတွက် ပိုလုပ်ပါလို့…။ သူ တွေးသမျှ အားလုံးက အကြံအစည်တွေချည်းပဲဆိုရင် နောက်ဆုံးကျ သူ ဘယ်လိုသေမလဲဆိုတာ ဘယ်သူသိနိုင်လိမ့်မတုန်း။”

“ခင်ဗျား၊ ခင်ဗျား ရဲတင်းလှချေလား။” ကိုမုတ်ဆိတ်မွှေးသည် သူ့ဆံပင်များ အရင်းမှ ထောင်သွားသည့်အထိ အလွန်ဒေါသထွက်သွားသည်။ “မိုက်မဲလှတဲ့ အမျိုးသမီး၊ ခင်ဗျားက တရားသူကြီးကိုတောင် ခြိမ်းခြောက်ရဲတယ်။ ဟေ့ကောင်တွေ၊ သူ့ကို ဖမ်းဆီးစမ်း။”

သူ့အမိန့်ကြောင့် လူမိုက်နှစ်ယောက်သည် လီယောင့်ကို တပြိုင်တည်း ခုန်အုပ်လုနီးပါး ဖြစ်ခဲ့သည်။

သူတို့၏ မျက်လုံးထဲတွင် လီယောင်သည် ရွာသူတစ်ဦးသာ ဖြစ်သည်။ နှစ်ရှည်လများစွာ လယ်ယာလုပ်ကိုင်ရသည့်တိုင်အောင် သူမတွင် ခွန်အားများစွာ ရှိနေလိမ့်မည် မဟုတ်ပေ။ သူမအား ထိန်းချုပ်ရန် အလွန် လွယ်ကူပေလိမ့်မည်။

သူတို့၏ တိုက်ခိုက်မှုတွင် သိသာထင်ရှားသည့် အားနည်းချက်များကို မြင်လိုက်ရသောအခါ လီယောင်သည် သူမ၏လက်ကောက်ဝတ်ကို ဆတ်ခနဲ ခါခဲ့ပြီး သူမ၏ အင်္ကျီလက်ထဲမှ ဓါးမြှောင်ကို လက်ဖဝါးဆီသို့ ပို့ကာ မျက်စိတစ်မှိတ်အတွင်း၌ နှစ်ယောက်လုံးကို သတ်ပစ်ရန် လုပ်ဆောင်ခဲ့သည်။

ရုတ်တရက်ဆိုသလို အနောက်ဘက်မှ အော်ဟစ်သံတစ်ခု ပေါ်ထွက်လာခဲ့သည်။

“ရိုင်းပျလိုက်တဲ့ သူခိုးတွေ၊ မင်းတို့ လုပ်ရဲလား။”

လီယောင်တစ်ယောက် မျက်ခုံးကြုတ်သွားခဲ့ပြီး ယင်းအသံမှာ ခရိုင်ကာကွယ်ရေးခေါင်းဆောင်ကျန်းဖြစ်ကြောင်း ချက်ချင်း မှတ်မိခဲ့သည်။ သူမသည် လျင်မြန်စွာ ဓါးမြှောင်ကို ပြန်ဝှက်ထားခဲ့သည်။

အာဏာပိုင်များထံမှ တစ်စုံတစ်ယောက်ကို မြင်လိုက်ရသောအခါ ကိုမုတ်ဆိတ်မွှေးသည် လီယောင်အား ခက်ထန်သည့် အကြည့်တစ်ချက် လွတ်ခဲ့သည်။ “သွားကြစို့။”

သုံးယောက်သား အလျင်စလို နောက်ဆုတ်သွားကြသည်။ ခရိုင်ကာကွယ်ရေးခေါင်းဆောင်ကျန်း တစ်ယောက်တည်း ရှိသောကြောင့် လီယောင် တခြားအန္တရာယ်များနှင့် ကြုံကြိုက်လိမ့်မည်ကို ကြောက်ရွံစိုးရိမ်သောကြောင့် သူတို့နောက်သို့ မလိုက်သွားခဲ့ပေ။

“သခင်မလီ၊ အဆင်ပြေရဲ့လားခင်ဗျာ။”

“ကျွန်မ အဆင်ပြေပါတယ်။”

“ခရိုင်တရားသူကြီးမင်းက သခင်မကို ဟဲဝမ်ရွာမှာ ဂုဏ်ပြုဖို့ ကျွန်တော့်ကို အရင်လွှတ်လိုက်တာ။ ကျွန်တော် တာ့ကျွမ်းနဲ့တွေ့တော့ သခင်မကို လူသုံးယောက်ခေါ်သွားတယ်ပြောလို့ အမြန်လိုက်လာလိုက်တာပါ။”

လီယောင်၏ နှုတ်ခမ်း တွန့်သွားခဲ့သည်။ ခရိုင်တရားသူကြီးမင်းက ထပ်လာပြန်ပြီလား။

ယင်းမှာ ဆိုးဝါးလှသည်။ ဤနေရာတွင် ခရိုင်ကာကွယ်ရေးခေါင်းဆောင်ကျန်း ရှိနေသည့်အတွက် ယခုတစ်ခေါက်တွင် သူမ ရှောင်ရှားနိုင်မည့်ပုံ မပေါ်ပေ။

“သခင်မလီ၊ ခရိုင်တရားသူကြီးမင်းက မကြာခင် ရောက်လာတော့မယ်။ ကျွန်တော်တို့ သူ့ကို လမ်းမှာ စောင့်ကြရအောင်။”

“ကောင်းပါပြီ။”

လီယောင်သည် ရွေးချယ်စရာမရှိသောကြောင့် လမ်းမပေါ်သို့ ပြန်သွားခဲ့သည်။ ထိုနေရာတွင် စိုးရိမ်နေသည့် တာ့ကျွမ်းအား အဝေးမှ လှမ်းမြင်ခဲ့ရသည်။

“မင်းကို အိမ်ပြန်လို့ အမေ မပြောခဲ့ဘူးလား။ ဘာဖြစ်လို့ ပြန်လာရတာလဲ။”

“အမေ၊ သား စိုးရိမ်နေတာ မရပ်တန့်နိုင်ခဲ့ဘူး။”

“ကောင်းပြီ၊ မင်း ပြန်ရောက်နေခဲ့ပြီပဲ။”ဟု လီယောင်က ပြောခဲ့သည်။ “ဒါပေမဲ့ ဒီလို ဘယ်တော့မှ ထပ်မလုပ်ရဘူးနော်၊ နားလည်လား။”

“ဟုတ်ကဲ့။”

များမကြာမီတွင်၊ ခရိုင်တရားသူကြီးမင်းစုန့်သည် ယာမင်ဝန်ထမ်းနှစ်ဦးနှင့် သူတို့ဆီသို့ လျင်မြန်စွာ စီးနှင်းလာခဲ့သည်။

ခရိုင်ကာကွယ်ရေးခေါင်းဆောင်ကျန်း၏ အစီရင်ခံမှုကို ကြားပြီးနောက် တရားသူကြီးမင်းစုန့်သည် နက်နက်နဲနဲ မျက်မှောင်ကြုတ်ခဲ့သည်။ ခြေလှမ်းအနည်းငယ်ဖြင့် သူသည် လီယောင်ရှေ့သို့ ရောက်ရှိနေခဲ့သည်။

လီယောင်က သူ့ကို ဦးညွတ်ခဲ့သည်။

“သခင်မလီ တခမ်းတနားလုပ်နေဖို့ မလိုအပ်ပါဘူး။”

တရားသူကြီးမင်းစုန့်သည် သူမအား ဦးညွတ်ခြင်းမှ ရပ်ရန် သူ့လက်များကို ဝှေ့ယမ်းခဲ့သည်။ လီယောင်လည်း ဝမ်းမြောက်သွားခဲ့ပြီး ချက်ချင်း မတ်တပ်ထရပ်ခဲ့သည်။

သူမကို သူ ဒူးမထောက်ခိုင်းသရွေ့၊ အရာအားလုံးကို သူမ သည်းခံနိုင်သည်။

ဤသည်မှာ လီယောင်အား နီးနီးကပ်ကပ် မြင်ရသည့် တရားသူကြီးမင်းစုန့်၏ ပထမဆုံးအကြိမ်သာ ဖြစ်သည်။

ယခင်က တတိယအဆင့် ရာထူးရာခံကို ပိုင်ဆိုင်ထားသည့် မြို့တော်မှ လူတစ်ဦးအနေဖြင့် ထူးခြားသည့် အမျိုးသမီးပေါင်းစုံကို သူ တွေ့ဖူးခဲ့သည်။

သို့သော် သူမ၏ လှုပ်ရှားမှုတိုင်းတွင် သက်ဝင်လှုပ်ရှားနေသည့် မျက်ခုံးများနှင့် ပူပင်ကြောင့်ကြမဲ့သည် ကျက်သရေတင့်တယ်မှုတို့ဖြင့် ယခုရှိနေသည့် သခင်မလီသည် ယင်းအမျိုးသမီးများနှင့် အလွန်ကွာခြားသည်။

ရိုးရှင်းသည့် ဗြောင်အဝတ်အစားများကို ဝတ်ဆင်ထားသည့် သူမ၏ သွင်ပြင်သည် နှစ်လိုဖွယ်ကောင်းနေသော်လည်း သတ္တိရှိသည့် စိတ်ဝိဉာဏ်ကို ထုတ်လွှင့်နေကာ မြင်မြင်ချင်းပင် မေ့မရနိုင်ပေ။

“တရားသူကြီးမင်း” သူ အတွေးနက်နေသည်ကို မြင်သောအခါ ခရိုင်ကာကွယ်ရေးခေါင်းဆောင်ကျန်းသည် သူ့အား တိတ်တဆိတ် အသိပေးလိုက်သည်။

“အိုး… အဟမ်း။” ခရိုင်တရားသူကြီးမင်းစုန့်သည် လက်ရှိပစ္စုပ္ပါန်သို့ အသိဖြတ်ကနဲ ပြန်ဝင်လာခဲ့ပြီး မသိမသာ ရှက်သွားခဲ့သည်။ သူသည် လုပ်ငန်းဘက်သို့ အလျင်အမြန် ရောက်ရှိသွားခဲ့သည်။ “သခင်မလီ၊ အဲ့လူသုံးယောက်က ဘယ်ကလဲဆိုတာ ခင်ဗျားသိလား။”

“သူတို့ကို စီရင်စုတရားသူကြီးက လွှတ်လိုက်တာလေ။”

“စီရင်စုတရားသူကြီးက…” ခရိုင်တရားသူကြီးမင်းစုန့်သည် တုန်လှုပ်ကာ အံအားသင့်သွားခဲ့ပြီး မျက်လုံးများ ပြူးသွားခဲ့သည်။ “ဒါ… ဒါ... ဒါက...”

၎င်းမှာ အလွန်အမင်း ဖြစ်နိုင်ပေသည်။

ကယ်ဆယ်ရေးရေတွင်းသည် ကြီးမားသည့် အောင်မြင်မှု တစ်ခု ဖြစ်သည်။ စီရင်စုတရားသူကြီးမင်းသည် တစ်ဦးတည်းအတွက် ဂုဏ်ပြုခံရမှုကို တောင်းဆိုနိုင်ခဲ့ပါက သူ၏ နှစ်ကုန်စွမ်းဆောင်ရည် ပြန်လည်သုံးသပ်မှုသည် အလွန် တောက်ပနေလိမ့်မည်။ သူသည် ရာထူးပင် အတိုးခံရနိုင်ပြီး နောက်နှစ်တွင် မြို့တော်သို့ အရေးပါသည့် ရာထူးတခုဖြင့် ရွှေ့ပြောင်းလာနိုင်ပေလိမ့်မည်။

ဤကဲ့သို့ အကျိုးအမြတ်များသည် အလွန်များပြားသောကြောင့် သူသည် လီယောင်အား နှုတ်ပိတ်ချင်နေခဲ့သည်။

သို့သော် သူ့နှာခေါင်းအောက်ရှိ သူ၏ တရားစီရင်ပိုင်ခွင့်ကို ဤကဲ့သို့ ဖြစ်ပွားရန် သူ-ခရိုင်တရားသူကြီးမင်းစုန့်က မည်ကဲ့သို့ ခွင်ပြုရမည်နည်း။

“ခေါင်းဆောင်ကျန်း၊ ရုံးကို ပြန်သွားကြမယ်။”

ခရိုင်ကာကွယ်ရေးခေါင်းဆောင်ကျန်းသည် အနည်းငယ် အံဩသွားခဲ့သည်။ သခင်မလီကို ဂုဏ်ပြုမဲ့ အစီအစဉ် မဟုတ်ဘူးလား။

ခရိုင်တရားသူကြီးမင်းက ကြောက်ရွံ့သည့်အတွက် သူ့စိတ်အား ပြောင်းလိုက်တာလား။

ခရိုင်တရားသူကြီးမင်းနှင့် သူ့လူများ နောက်ပြန်လှည့်သွားသည်ကို မြင်သောအခါ လီယောင်လည်း စိတ်သက်သာရာ ရသွားခဲ့သည်။ ခရိုင်တရားသူကြီးမင်းသည် သူမအား လူသိရှင်ကြား ဂုဏ်ပြုရန် ရွာသို့ လာခဲ့ပါက သူမ အမှန်တကယ်ပင် ဘာလုပ်ရမည်မှန်း သိတော့လိမ့်မည် မဟုတ်ပေ။

“တာ့ကျွမ်းရေ အမေတို့လည်း ပြန်ကြစို့။”

“ဟုတ်ကဲ့ အမေ၊”ဟု တာ့ကျွမ်းသည် ချက်ချင်းပင် နွားလှည်းကို မောင်းနှင်ယူဆောင်လာခဲ့ပြီး စိုးရိမ်ကြီးစွာဖြင့် ပြောခဲ့သည်။ “အမေ၊ အခုကစပြီး အိမ်မှာပဲနေပြီး အပြင်မထွက်တော့နဲ့နော်။ အပြင်မှာ ဘာပဲဖြစ်ဖြစ် သားကိုပဲ ဖြေရှင်းခွင့်ပြုနော်။ ”

All Chapters