ချောက်နက်ကို စူးစမ်းလေ့လာခြင်း
Vol. 5 Ch. 64
ပိုင်ချွမ်းစျေး၊ လိုင်ဖူတည်းခိုခန်း။
ကိုမုတ်ဆိတ်သည် နေ့ခင်းဘက်တွင် လီယောင်၏လမ်းကို ပိတ်ဆို့ရန် လူများကို ခေါ်ဆောင်လာခဲ့ပြီး အခန်းနံပါတ် ( ၁ ) ကို ကပျာကယာ ခေါက်ခဲ့သည်။
“အတိုင်ပင်ခံဟယ်”
တံခါးသည် ပွင့်လာခဲ့ပြီး စီရင်စုမှုးဟူ၏ စိတ်မချရသည့် စစ်မှုရေးရာ အတိုင်ပင်ခံပုဂ္ဂိုလ်ဟယ်သည် ဒေါသထွက်ထွက်နှင့် ကြည့်နေခဲ့သည်။ ဤအသုံးမကျသည့်လူသည် ကောင်းတာထက် ဆိုးတာကိုသာ ဖြစ်စေသည်။ သူသည် နေ့ဘက်တွင် လီယောင်နှင့် ညှိနှိုင်းရန်အတွက် မုတ်ဆိတ်မွှေးနှင့်လူကို စေလွတ်ခဲ့ပြီး ကိစ္စရပ်များကို ဖြစ်ကတတ်ဆန်းလုပ်ကာ ကျရှုံးခဲ့သည်။
“ဘာကိစ္စရှိလို့လဲ၊ အရမ်းနောက်ကျနေပြီ။”
“အတိုင်ပင်ခံဟယ်၊ ကျွန်တော် ကိုယ့်ကိုကိုယ် အဖတ်ဆယ်ဖို့ လာခဲ့တာပါခင်ဗျာ။” ကိုမုတ်ဆိတ်မွှေးသည် အလျင်အမြန် ပြုံးကာ တောင်းပန်ခဲ့သည်။ “ကျွန်တော် အခုပဲ အရေးကြီးတဲ့ သတင်းတချို့ ရလာလို့ပါ။”
အတိုင်ပင်ခံဟယ်သည် သူ့ဒေါသကို ဖိနှိပ်ကာ ကိုမုတ်ဆိတ်မွှေးကို အထဲသို့ ဝင်ခွင့်ပြုလိုက်သည်။
“ပြောစမ်း၊ ဘာသတင်းလဲ။”
“ဒီလိုပါ။ ဒီနေ့ နေ့လည်တုန်းက ခရိုင်တရားသူကြီးမင်းက သုံးရက်အတွင်းမှာ မိုးရွာအောင်လို့ ဆုတောင်းပွဲလုပ်မယ်လို့ ပြောတယ်ဗျ။ နေရာတိုင်းမှာလည်း လူတွေကို အသိပေးတဲ့ စာတွေကို လိုက်ကပ်ခိုင်းတယ်။ ခရိုင်က လူတွေအားလုံးကိုလည်း ပွဲလာကြည့်ဖို့အတွက် ဖိတ်ထားတယ်။”
သတင်းကို ကြားပြီးနောက် အတိုင်ပင်ခံပုဂ္ဂိုလ်၏မျက်နှာသည် ပို၍ပင် လေးလေးနက်နက်ဖြစ်လာခဲ့သည်။
တော်ဝင်ခုံရုံးမှ ခန့်အပ်ထားသည် အရာရှိတစ်ဦးသည် မိုးရွာစေရန်အတွက် ဆုတောင်းပွဲတစ်ခု ကျင်းပခြင်းသည် အလွန်ထူးဆန်းလှသည်။
အတိုင်ပင်ခံပုဂ္ဂိုလ်တစ်ယောက်အနေဖြင့် သူသည် အလွန်လိမ္မာပါးနပ်လှပေသည်။ အဓိကအချက်ကို အချိန်မကြာပဲ သူနားလည်သဘောပေါက်ခဲ့သည်။
“သူက လီယောင်အတွက် မိုးခေါင်ရေရှားမှုကို ပြီးမြောက်စေတဲ့ အသိအမှတ်ဂုဏ်ပြုခံရမှုကို သေချာအောင် တည်ဆောက်ပေးချင်နေတာ။”
“အမ်…” မုတ်ဆိတ်မွှေးနှင့်ပုဂ္ဂိုလ်သည် အံအားသင့်သွားခဲ့သည်။ “သူ.. သူက စီရင်စုကို ဒီလို ထိပ်တိုက်တွေ့ရဲတယ်ပေါ့လေ။ သူ အသက်ရှင်ရတာ ပင်ပန်းနေပြီပဲ။”
“ဟမ့်…” အတိုင်ပင်ခံပုဂ္ဂိုလ် အေးစက်စွာဖြင့် လှောင်ရယ်ခဲ့သည်။ “မြို့တော်က သူရဲ့ လူကြီးလူကောင်းဆိုတဲ့ ဂုဏ်ပုဒ်ရယ်၊ သူ့အဆက်အသွယ်တွေရယ်ကို အားကိုးပြီး သူက စီရင်စုကို ဘယ်တုန်းကမှ အလေးအနက်မထားခဲ့ဘူး။ သူက စီရင်စုကို တစ်ပြားတစ်ချပ်မှမပေးပဲ ဒီရာထူးကို အကြာကြီးကိုင်ထားခဲ့တာ။”
“ဒါဆို ကျွန်တော်တို့ ဘာလုပ်သင့်လဲ။”
“အထိတ်တလန့် ဖြစ်နေဖို့မလိုဘူး။ အခု ငါ ဒီအကြောင်းကို သိသွားပြီဆိုတော့ သူ့လှည့်ကွက်တွေကို စိတ်ပူနေဖို့ မလိုတော့ဘူး။” အတိုင်ပင်ခံဟယ်သည် အသံကို လျှော့ကာ ပြောခဲ့သည်။ “ဒီည၊ လူတွေ ပိုခေါ်သွား၊ ဓါးပြတိုက်သလို ဟန်ဆောင်…”
သူသည် စကားပြောနေရင်း သူ့လည်ပင်းသူ ပြင်းပြင်းထန်ထန် ရိုက်ခဲ့သည်၊ “တစ်ယောက်မှ အသက်မရှင်စေနဲ့။”
ကိုမုတ်ဆိတ်မွှေးသည် ထိတ်လန့်သွားခဲ့သည်။ ဤသည်မှာ တစ်မိသားစုလုံးကို သတ်ခိုင်းခြင်းပင် ဖြစ်သည်။
“စိတ်မပူပါနဲ့။ ငါ မင်းကို သေချာပေါက် ကောင်းကောင်း ဆုချမှာပါ။” သူ၏ တုံ့ဆိုင်းနေမှုကို မြင်သောအခါ အတိုင်ပင်ခံဟယ်သည် ချက်ချင်း ငွေချောင်း ၁၀၀ တန်ကြေး ရှိသည့် ငွေစက္ကူကို ထုတ်ယူခဲ့သည်။ “အဲ့ဒီကိစ္စပြီးသွားရင် ငါမင်းကို နောက်ထပ် ငွေချောင်း ၂၀၀ ထပ်ပေးမယ်။ ပြီးတော့ အိမ်ထဲက ပိုက်ဆံတွေအားလုံးကလည်း မင်းဟာပဲ။”
ဝိုင်သည် မျက်နှာကို နီမြန်းလာစေပြီး ပိုက်ဆံသည် နှလုံးသားကို လှုပ်ရှားစေသည်။
ဤသည်မှာ စုစုပေါင်း ငွေချောင်း ၃၀၀ ဖြစ်သည်။
လီယောင့်အိမ်မှ သူ ငွေဘယ်လောက်များ ထပ်ရနိုင်မလဲဆိုတာ ဘယ်သူ သိနိုင်မှာလဲ။
ဤသို့သော ငွေအများကြီးဖြင့် တစ်မိသားစုလုံးကို သတ်ဖို့ မပြောနှင့်၊ တရွာလုံးကိုပင် အစုလိုက် အပြုံလိုက် သတ်ရဲပေလိမ့်မည်။
ငွေလက်မှတ်ကို ယူပြီးနောက် ကိုမုတ်ဆိတ်မွှေးသည် အေးစက်စွာ ပြောခဲ့သည်။ “ကျွန်တော် အခုပဲသွားပြီး သေသေချာချာ ပြီးအောင် လုပ်ခဲ့မယ်။”
ကိုမုတ်ဆိတ်မွှေး ထွက်ခွာပြီးနောက် အတိုင်ပင်ခံဟယ်သည် စီရင်စုမှုးဟူကို ဤကိစ္စရပ်အား ချက်ချင်း သတင်းပေးပို့ချင်သည့်အတွက် ချက်ချင်း စုတ်တံနှင့် မှင်ရည်ကို ထုတ်ယူခဲ့သည်။ ခြေမြန်တော်ဆတ်သားကို သူစေလွတ်ခဲ့ပါက ထိုစာသည် အာရုံမတက်မီ ရောက်ရှိနိုင်ပြီး စီရင်စုမှူးသည် တန်ပြန်ရေးအစီအမံများကို သေချာပေါက် ပြုလုပ်နိုင်ပေလိမ့်မည်။
ဒေါက်… ဒေါက်… ဒေါက်…။
သူ စာရေးပြီးသည်နှင့်တပြိုင်နက် တံခါးမှ ခေါက်သံထွက်လာသည်။
“ဘယ်သူလဲ။”
“ဧည်သည်တော်ကြီးရှင့်၊ ကျွန်မ ရေနွေးလေး ယူလာပေးတာပါရှင့်။”
“ခဏစောင့်ပါ။”
အတိုင်ပင်ခံဟယ်သည် တံခါးထမဖွင့်မီ စာကို တံဆိပ်နှိပ်ကာ ချိတ်ပိတ်လိုက်သည်။
မမျှော်လင့်ပဲ ရေနွေးပူပူနှင့် စားပွဲထိုးအစား မျက်နှာကို အဝတ်နက်ဖြင့် ဖုံးအုပ်ထားသည့် လူတစ်ဦး ဖြစ်သည်။ သူ ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ အတိုင်ပင်ခံဟယ်သည် အကူအညီ တောင်းဆိုရန် အော်ဟစ်ချင်သောကြောင့် အနောက်သို့ ဒယိမ်းဒယိုင် ဆုတ်သွားခဲ့သည်။
လီယောင်သည် သူ့အား သေချာပေါက် အခွင့်အရေးပေးလိမ့်မည် မဟုတ်ချေ။ သူမသည် သူ့လည်ပင်းတွင် ကြိုးခွေတစ်ခွေကို ရစ်ပတ်ခဲ့ပြီး သူ့အား သတိလစ်သွားအောင် တိုက်ရိုက် လည်ပင်းညှစ်ခဲ့သည်။
သူမတို့ တစ်မိသားစုလုံးအား သတ်ချင်နေသူအား သူမသည် သဘာ၀အားဖြင့် သနားညှာတာမှုပြသလိမ့်မည် မဟုတ်ပေ။ ကြိုးကို ထုတ်တန်းပေါ်သို့ ပစ်တင်ခဲ့ပြီး သူမသည် အတိုင်ပင်ခံဟယ်အား ချိတ်ဆွဲခဲ့သည်။ ငရဲသို့မသွားမီ သူသည် သူ့ခြေထောက်များကို အကြိမ်အနည်းငယ်ခန့် အသည်းအသန် ကန်ကျောက်ခဲ့သည်။
လီယောင်သည် သူ့ခြေထောက်အောက်သို့ ခုံတစ်လုံးကို ရွှေ့လိုက်ပြီး ကြိုးဆွဲချကာ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုနှင့်တူအောင် ပြုလုပ်ခဲ့သည်။ ထို့နောက် သူမသည် စားပွဲပေါ်မှ စာကို ဖွင့်ဖတ်ခဲ့သည်။
ဖတ်ရှုပြီးနောက် သူမသည် စာကို သေချာစွာ သိမ်းထားခဲ့သည်။ ၎င်းသည် အနာဂါတ်တွင် အသုံးဝင်လာနိုင်သည့် အရေးပါသည့် အထောက်အထားတစ်ခုဖြစ်သည်။ ထို့နောက် သူမသည် စာရေးစုတ်တံကို ကောက်ကိုင်ကာ သူအသံတွင် နောင်တရနေသည့်ဟန်ဖြင့် “နောင်တရနေသည့်စာ”ကို ရေးသားရန် အတိုင်ပင်ခံဟယ်၏ လက်ရေးကို တုပခဲ့သည်။
အကျဉ်းချုပ်မှာ “သူသည် စီရင်စုမှုးဟူ၏ အမိန့်အရ ပိုင်ချွမ်းသို့ လူများကို သတ်ရန်နှင့် နှုတ်ပိတ်ရန် လာရောက်ခဲ့သည်။ သို့သော် သူသည် ဖြောင့်မတ်မှန်ကန်သူတစ်ယောက်ဖြစ်ပြီး စီရင်စုမှုးဟူ၏ မကောင်းသောနည်းလမ်းများနှင့် မပတ်သက်လိုပေ။ သို့သော် သူ မနာခံပါက သူ့တစ်မိသားစုလုံးသည် စီရင်စုမှုးဟူ၏ ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရမည်ဖြစ်သည်။ ထို့ကြောင့် သေခြင်းမှတပါး သူ့ဂုဏ်သိက္ခာကို သက်သေပြရန် ရွေးချယ်စရာ မရှိတော့ပေ။”ဟူ၍ စသည်ဖြင့် ဖြစ်သည်။
သူသည် အလွန်သမာဓိရှိပြီး အပြစ်ကင်းစင်သည့်ပုံ ပေါက်စေရန် လီယောင်သည် သူ့တွင်ရှိသည့် စုစုပေါင်း ငွေချောင်း၂၀၀ကျော်သည့် ငွေစက္ကူများနှင့် ငွေဒင်္ဂါးများကို ထုတ်ယူခဲ့သည်။
သူမသည် ငွေချောင်း ၂၀၀တန် ငွေစက္ကူများနှင့် ငွေချောင်း ၂၀ ရှိ ငွေဒင်္ဂါးများကို ယူလိုက်ပြီး ငွေဒင်္ဂါးတချို့နှင့် အလဲအလှယ်လုပ်ကာ ချန်ထားခဲ့သည်။
အဆုံးတွင်မူ ဖြောင့်မှန်သောသူသည် အလွန် ကြွယ်၀နေလိမ့်မည် မဟုတ်ပေ။
အားလုံးပြီးဆုံးသွားသည့်အခါ လီယောင်သည် မှုခင်းမြင်ကွင်းမှ တိတ်တဆိတ် ထွက်ခွာသွားခဲ့သည်။
***
ကိုမုတ်ဆိတ်မွှေးသည် လူငါးယောက်ကို ဟဲဝမ်ရွာအနီးရှိ တောအုပ်ထဲသို့ ဦးဆောင်လာခဲ့သည်။
“နားထောင်ကြ” ကိုမုတ်ဆိတ်မွှေးသည် လုပ်ငန်းအစမပြုမီ လူတိုင်းကို ထပ်မံ သတိပေးခဲ့သည်။ “ကျုပ်တို့က ဓါးပြတွေနော်။ ဒီကို ဓားပြတိုက်ပြီး လုယက်ဖို့လာတာနော်။”
“နားလည်ပါပြီ သူဌေး။”
“ပြီးတော့ နာမည်တွေကို မခေါ်ကြနဲ့။ မဟုတ်ရင် မင်းတို့အထောက်အထားတွေကို ဖော်မိသွားလိမ့်မယ်။”
“သူဌေး” လူတစ်ယောက်က မေးခဲ့သည်။ “ဓါးပြတိုက်ပြီး လုယက်တာအပြင်၊ ကျုပ်တို့ … ရနိုင်ဦးမလား။”
“ဘာကို ရရမှာလဲ။”
“ဟဲ ဟဲ..” လူတစ်ယောက်က ရယ်ခဲ့သည်။ “အဲ့ဒီအိမ်က အကြီးဆုံးချွေးမက တအားလှတာလို့ ကျုပ်ကြားဖူးတယ်။ ပြီးတော့ အဲဒီအမျိုးသမီးလီကလည်း ကြည့်ကောင်းတယ်လေ။”
“မင်းကတော့ တွေးသမျှအားလုံးက မိန်းမတွေကို လှည့်ဖျားဖို့ပဲ။ တစ်နေ့ကျရင် မိန်းမတစ်ယောက်ရဲ့ လက်ထဲမှာ သေနေဦးမယ်။”
“ဒါဆို သူဌေး၊ သဘောတူလား။”
“တခြားသူတွေကို အချက်မပေးနေသရွေ့ မင်းတို့စိတ်ကြိုက်လုပ်ကြ။”
“ကျေးဇူးပါ သူဌေး။ နောက်ကျနေပြီ။ အလုပ်သွားလုပ်ကြစို့။”
“သွားကြစို့။”
လူဆိုးအုပ်စုသည် သူတို့၏ဓါးများကို ချက်ချင်းထုတ်ကာ ဟဲဝမ်ရွာသို့ လျင်မြန်စွာဖြင့် တိတ်တဆိတ် ချဉ်းကပ်သွားခဲ့သည်။
သူတို့နောက်သို့ တလျှောက်လုံး လိုက်နေခဲ့သည့် လီယောင်သည်လည်း သူမ၏ သေးသွယ်သည့် အပ်များကို ထုတ်ကာ သူတို့နောက်မှ တိတ်တဆိတ် လိုက်လာခဲ့သည်။
ယနေ့သည် လဆန်း တစ်ရက်နေ့ဖြစ်သည်။ ကောင်းကင်၌ လမရှိပဲ ကြယ်ရောင်မှိန်ဖျော့ဖျော့သာ ရှိသည်။ သစ်တောသည် မှောင်မိုက်နေခဲ့ပြီး မမြင်ရသလောက်နီးပါးပင်။ သို့သော် လီယောင်အတွက်မူ ဤကဲ့သို့သော ပတ်ဝန်းကျင်သည် အသင့်တော်ဆုံး ဖြစ်ပေသည်။
သူမသည် စိတ်ရှည်သည့် ကျားသစ်တစ်ကောင်နှင့်တူပြီး မျက်လုံးများသည် ရှေ့မှသွားနေသည့် လူ ၆ ယောက် ပေါ်တွင် နီးနီးကပ်ကပ် စူးစိုက်ကြည့်နေခဲ့သည်။
“သူဌေး၊ အရင်သွားနှင့်ကြ၊ ကျုပ် သေးပေါက်လိုက်ဦးမယ်။”
“မြန်မြန် အမှီလိုက်ခဲ့။”
အနက်ရောင်ဝတ်ထားသည့် လူတစ်ဦးသည် သစ်ပင်ကြီးတစ်ပင်ရှေ့တွင် သူ့၏ဘောင်းဘီကို ချက်ချင်းဆွဲချခဲ့သည်။ သေခြင်းတရားသည် သူ့နောက်တွင် ရောက်ရှိနေခဲ့မှန်း မမျှော်လင့်ခဲ့ပေ။
လီယောင်သည် သူ့ပါးစပ်နှင့် နှာခေါင်းကိုအုပ်ပြီး သူ့နားထင်ထဲသို့ အပ်တစ်ချောင်းကို ထိုးထည့်ခဲ့သည်။ အနည်းငယ် ဆန့်ငင်ဆန့်ငင်လှုပ်ပြီးနောက် ပထမလူဆိုးသည် သေလွန်သူများ၏ မြေအောက်လောကသို့ တိတ်တဆိတ် ထွက်သွားခဲ့သည်။
အပ်ကို အသုံးပြုရသည့် အကြောင်းအရင်းများ တတ်နိုင်သမျှ သွေးထွက်နည်းအောင် ချန်ထားခဲ့ရန် ဖြစ်သည်။
သူ့တို့နောက်သို့ ဆက်လိုက်ရင်း အားထုတ်မှု အနည်းငယ်နှင့် လီယောင်သည် နောက်ထပ် လူနှစ်ဦးကို တိတ်တဆိတ် ဖယ်ထုတ်ခဲ့သည်။
ကိုမုတ်ဆိတ်မွှေးသည် ရှေ့မှ သွားနေခဲ့သော်လည်း ပို၍ ပို၍ စိတ်တထင့်ထင့် ဖြစ်လာခဲ့သည်။ အနောက်မှ ခြေသံများသည် လျော့ကျသွားသည့် ပုံရသည်။
“အစ်ကိုငါး၊ အစ်ကိုခြောက်၊ တတိယအစ်ကို… ”
အကြိမ်ပေါင်းများစွာ အော်ခေါ်ခဲ့ပြီး တုန့်ပြန်မှု မရှိသဖြင့် ကိုမုတ်ဆိတ်မွှေးသည် မျက်မှောင်ကြုတ်ခဲ့သည်။
ထိုအခိုက် အနက်ရောင်အရိပ်တစ်ခုသည် သူတို့ထံသို့ အရှိန်အဟုန်တစ်ခုဖြင့် အမြန်ပြေးလာခဲ့သည်ကို သူတွေ့လိုက်ရသည်။
“ဘယ်သူလဲကွ။” ကိုမုတ်ဆိတ်မွှေးသည် သူ့ဓါးကို တင်းတင်းဆုပ်ကိုင်ကာ ကျယ်လောင်စွာ အော်ဟစ်ခဲ့သည်။ “မင်းကိုမင်းပြစမ်း။”
သူ့အတွက် အဖြေသည် သူ့ခန္ဓာကိုယ်ထဲသို့ သေလောက်သည့် အပ်တစ်ချောင်း ထိုးဖောက်ဝင်ရောက်လာခြင်းပင်။
မျက်နှာချင်းဆိုင် ထိပ်တိုက်ရင်ဆိုင်မှု၏ အမှောင်ထုထဲတွင် ထိုလူသုံးယောက်သည် လီယောင်နှင့် လုံး၀ မယှဉ်နိုင်ပေ။ လီယောင်၏ တည်နေရာကိုပင် မသိပဲ သူတို့ သေဆုံးခဲ့ရသည်။
ထုံးစံအတိုင်း သူတို့၏ပိုက်ဆံများကို အကုန်ယူပြီးနောက် လီယောင်သည် အလောင်းများကို တောင်နက်ကြီးထဲသို့ ဆွဲယူရင်း တစ်ညတာအများစုကို ကုန်လွန်ကျော်ဖြတ်ခဲ့သည်။ နှစ်ရက်မပြည့်မီတွင် အနီးအနားရှိ ဝံပုလွေနှင့် တောခွေးများသည် ကောင်းကင်ဘုံမှ ကျရောက်လာခဲ့သည့် အလျှံပယ်ဖြစ်နေသည့် ဧည့်ခံပွဲကို ရှာဖွေတွေ့ရှိလိမ့်မည် ဖြစ်သည်။
အနာဂါတ်တွင် သူတို့၏အရိုးစုများကို ရှာဖွေတွေ့ရှိခဲ့မည်ဆိုပါက တောင်ပေါ်တွင် ပုန်းအောင်းနေသည့် ဓါးပြများဟု သတ်မှတ်ခံရပေလိမ့်မည်။ မည်သည့်သာမာန်လူမှ အနက်ရောင်ဝတ်ကာ ဓါးများကို သယ်ဆောင်ပြီး လှည့်ပတ်သွားလာမနေကြသောကြောင့် ဖြစ်သည်။
အလုံးစုံ ပြီးမြောက်သွားသည့်အခါ အရှေ့ဘက်ရှိ ကောင်းကင်ကြီးသည် အလင်းရောင်ဖျော့ဖျော့ ထွက်လာခဲ့သည်။
ခေတ္တခဏအနားယူပြီးနောက် လီယောင်သည် ပိုနက်သည့် တောင်တန်းများဆီသို့ ဦးတည်သွားခဲ့သည်။
ယခုတစ်ခေါက် သူမအပြင်ထွက်လာရခြင်းသည် အတိုင်ပင်ခံဟယ်နှင့် သူ့လူများကို ဂရုတစိုက်ပြုမူခြင်းသည် အဓိက မဟုတ်ပေ။ သူမတွင် လုပ်ရမည့် အရေးပိုကြီးသည့် ကိစ္စတစ်ခု ရှိသည် - သူမအတွက် အားလပ်ရက် အနည်းငယ်အဖြစ် ထိုချောက်နက်ကြီးကို ဆက်လက်စူးစမ်းလေ့လာရန်သာ ဖြစ်သည်။