အခန်း ၇၁
Vol. 6 Ch. 71
စုချန်ယန် အခန်းထဲ ပြန်ရောက်သွားချိန် ဟန်စုန့်ရွှယ်က အရက်မူးနေပြီဖြစ်ကာ မိန်းကလေး ဧည့်သည် သရုပ်ဆောင် တစ်ဦးကို အတင်းဆွဲပြီစ အတူတူ ကခိုင်းနေခဲ့သည်။
ထိုမိန်းကလေးမှာ စုချန်ယန်ထက် လအနည်းမျှ ငယ်သေးပုံပေါ်ပြီး နာမည်မှာ ချင်ယိုဖြစ်သည်။ အထက်တန်းကျောင်းမှ ဘွဲ့ရပြီးဖြစ်ကာ အလားအလာရှိသည့် ကောလိပ်ကျောင်းသူ တစ်ဦးလည်း ဖြစ်သည်။
သူမ ကျောင်းတုန်းကလည်း စာကိုကောင်းကောင်းကြိုးစားခဲ့ပြီး အနုပညာတက္ကသိုလ်တစ်ခုတွင် ဝင်ခွင့်လက်ခံရရှိခဲ့သည်ဟုလည်း ပြောကြသည်။
အထက်တန်းတုန်းကလည်း ဇာတ်လမ်းတို တစ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ကောင်းကောင်း သရုပ်ဆောင်နိုင်ခဲ့ပေမဲ့ နောက်ပိုင်းတွင် သူမ၏ ကျောင်းစာနှင့်သာ လုံးပန်းနေခဲ့ရပြီး အလုပ်တစ်ခုထဲရှိကာ ထိုအလုပ်သည်လည်းပဲ ဖျော်ဖြေရေးနယ်ပယ်ထဲတွင် တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်နေပေသည်။
ပြီးခဲ့သည့်အစီအစဉ် မရိုက်ကူးခင်တွင် ကျောင်းဖွင့်ပွဲအခမ်းအနား တက်ရောက်နေရတာဖြစ်ပြီး ရိုက်ကူးနေစဉ်တစ်လျှောက်လုံး ကျောင်းတက်နေရတုန်းပင် ဖြစ်သည်။
စုချန်ယန်သည် သူမနှင့်မိနစ်အနည်းမျှစကားစမြည်ပြောကြည့်ခဲ့သည်။ သူမသည် လေ့လာသင်ကြားမှုအပိုင်းကို အစီအစဉ် ရိုက်ကူးမှုကြောင့် စာမလိုက်နိုင်တာမျိုး မဖြစ်ချင်ကြောင်း၊ အတန်းဖော်များနှင့်ယှဉ်လျှင် နောက်ကျကျန်နေခဲ့တာမျိုး မဖြစ်ချင်ကြောင်း ပြောပြခဲ့သည်။
ချင်ယိုသည် သာမန် စာဖတ်ဝါသနာကြီးသော စရိုက်ရှိကာ စကာနည်းပြီးအနေအေးသည့် မိမ်းကလေးမျိုးဖြစ်သည်။ သို့သော် ပြုံးလိုက်တိုင်း အတော်ကြည့်ကောင်းသည့်အထဲတွင် ပါသည်။
"ရှောင်ယိုယို ဒီကိုလာ!" ဟန်စုန့်ရွှယ်သည် သူမကို ထိုင်ခုံမှ ဆွဲထူလာတာကြောင့် ပါးများနီမြန်းကာ အနည်းငယ်ရှက်ရွံ့နေပေမဲ့ သူမကိုဆွဲခေါ်နေသည်ကိုတော့ မငြင်းဆန်ပေ။
ဟန်စုန့်ရွှယ်သည် သူမကိုမှီကာ လေချဉ်တက်ရင်း ပြောခဲ့သည်။ " နင်မသိပါဘူး... ငါကျောင်းတက်တုန်းကဆိုရင် နင့်လို အမြဲလိုလို စာပဲဖတ်နေတဲ့ စာဂျပိုးတွေကိုအရမ်းမုန်းတာ..."
ဟန်စုန့် ရွှယ်က အမြဲဆိုသလို ဟော့ဟော့ဒိုင်းဒိုင်း ပြောတတ်ပြီး ချင်ယိုသည် အထိမခံသည့် အသားအရေရှိသူမို့ သူမဆောင့်ဆွဲလိုက်တိုင်း ပါးတွေကအစ နီရဲလာသည်။
"အစ်မ စုန့် ရွှယ်... " ကောင်မလေးမှာ ချုံးပွဲချငိုတော့သည်။ သို့ပေမဲ့ ဟန်စုန့် ရွှယ်သည် သူမပေါ်အတင်းမှီထားတာကြောင့် ရှောင်လိုက်ရင်လည်း ကြမ်းပြင်ပေါ် လဲကျသွားမှာစိုးတာကြောင့် ထိန်းကိုင်ပေးထားရသည်မှာ အတော်လေး ရယ်စရာကောင်းနေသည်။
" နင်က အရမ်းချစ်ဖို့ကောင်းတာပဲ... ဘာလို့ခေါင်းကိုအမြဲငုံ့ထားတာတုန်း? ရှိတယ်လို့ကို နည်းနည်းမှ မထင်ရဘူး.."
ဟန်စုန့်ရွှယ်က လူရမ်းကားမတစ်ယောက်ကဲ့သို့ ချင်ယို၏ အနားနားကပ်ရင်း ပါးကိုဆွဲဆိတ်လိုက်သည်။
ချင်ယိုလည်း ဘာလုပ်ရမှန်း မသိတာကြောင့် ငိုမိတော့မလိုပင်။
အစီအစဉ်၏ အဆင့် သတ်မှတ်ချက်များမှာ ကောင်းမွန်ခဲ့ပြီး သူတို့၏ မှန်းဆတွက်ချက်မှုများသည်လည်း အောင်မြင်ခဲ့သည်ပင်။
အားလုံးသည်လည်း စိတ်ကောင်းဝင်နေကြပြီး အားအင်အပြည့်ဖြင့် ပျော်ရွှင်မြူးထူးကာ အရက်မူးနေခဲ့ကြတာကြောင့် ချင်ယိုကို ဝင်ကယ်ပေးဖို့ အင်အားအလုံအလောက် မရှိကြတော့ချေ။
ဟန်စုန့် ရွှယ်သည် ထိခိုက်အောင် တမင်တကာ ရည်ရွယ်တာမျိုးမဟုတ်ဘဲ ချင်ယိုကို စကားပြောစေချင်ခဲ့ရုံမျှသာဖြစ်သည်။
ပြီးခဲ့သည့် ရိုက်ကူးရေးတုန်းက သူမ၏ တည်ရှိနေမှုသည် သိပ်မထင်ရှားခဲ့ခြင်းကြောင့် ဟန်စုန့် ရွှယ်နှင့် ထန်ချီတို့မှာ သူမဘက်က ပြောလာအောင် စကားလမ်းကြောင်း အစပျိုးပေးခဲ့ရခြင်းကြောင့် သူမပါဝင်သော အခန်းတချို့မှာ ပြုပြင်ခံထားရသည်များရှိခဲ့သည်။
ဟန်စုန့်ရွှယ်ဘက်က သူမကို စကားများများပြောစေချင်လေ၊ သူမဘက်ကလည်း စိတ်လှုပ်ရှားလာလေဖြစ်ကာ ပိုပြီး စကားပြောမထွက်နိုင်လေ ဖြစ်သည်။
ပုံမှန်အားဖြင့် ဟန်စုန့် ရွှယ်သည် ထိုသို့ ဖြစ်နေသည်ကိုသာ မြင်နေရလျှင် ရပ်ကောင်းရပ်လိုက်နိုင်ပေမဲ့ ယခုအချိန်မှာတော့ သူမသည် အရက်မူးနေပြီဖြစ်တာကြောင့် စကားပင်ဖြောင့်အောင် မပြောနိုင်ချေ။
"ရှောင်ယိုယို နင့်ကျောင်းလွယ်အိတ်ထဲမှာ ဘာလို့ ဒီလောက် စာအုပ်တွေ အများကြီးရှိနေရတာလဲ? ကြည့်ကြည့်ရအောင် ဟေ.. ဟေး.. ဟေးးး...!"
ဟန်စုန့် ရွှယ်သည် အရက်ကြောင့် ပေါက်ကရတွေ လျှောက်လုပ်နေစဉ် သူမ၏ အင်္ကျီကော်လံက အဆွဲခံလိုက်ရသည်။ အရက်မူးနေကာ ယိုင်တိယိုင်တိုင်ဖြစ်နေတာကြောင့် သူမနောက်တွင် ရပ်နေသည့် သူဆီမှ အသာလေးဆွဲမခြင်း ခံလိုက်ရလေသည်။
"ချန်ယန်? ပြန်လာပြီလား?.. ဘာလို့နောက်ကျမှ လာရတာလဲ?.. ငါနင့်ကို အရမ်းလွမ်းနေတာ..."
ထိုသို့ပြောပြီးနောက် လက်နှစ်ဖက်ကို ဆန့်တန်းကာ စုချန်ယန်ပေါ်ကို ခုန်တက်ရန် ပြင်ခဲ့သည်။
စုချန်ယန်သည် သူမဆီက အရက်နံ့ကို မခံနိုင်တာကြောင့် အရမ်းနီးမလာစေရန် နှဖူးမှထောက်ကာ တွန်းလိုက်သည်။
သူမသည် လေ့ကျင့်ခန်း လုပ်နေတာကြာပြီဖြစ်ကာ ကောင်းမွန်သည့် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိတာကြောင့် ဟန်စုန့်ရွှယ်ခမျာ အနားမကပ်နိုင်ရှာပေ။
" နင် ကလေးကို အနိုင်ကျင့်နေတာလား" စုချန်ယန်က သူမဆံပင်ကို အသာလေးဆွဲကာ မေးခဲ့သည်။
"အာ... မဟုတ်ပါဘူး ချင်ယိုကို နည်းမှန်လမ်းမှန်နဲ့ လူတွေကို ဆက်ဆံတတ်အောင် သင်ပေးချင်ရုံပါ! " ဟန်စုန့် ရွှယ်က ဗလုံးဗထွေးပြောခဲ့သည်။
စုချန်ယန်လည်း ရယ်ခဲ့သည်။ "နင်က? ကလေးကို နည်းမှန်လမ်းမှန်နဲ့ လူတွေကို ဆက်ဆံတတ်အောင် သင်ပေးတယ်? တကယ်ကိုအရှက်မရှိတာပဲ"
ချင်ယို - "...."
'ငါ့ထက် လပိုင်းနည်းနည်း ကြီးတာလေးကို ငါ့ကိုကလေးလို့ ချည်းခေါ်နေတယ်'
'ဪ.. ဟုတ်သားပဲ.. စုချန်ယန်က ငါ့ထက် လပိုင်းနည်းနည်းကြီးတာကိုး.. တခါတလေကျ အရမ်းကလေးဆန်နေပေမဲ့ ဘာလို့ တခါတလေကျ အရမ်းရင့်ကျက်နေသလို ခံစားမိတာပါလိမ့်? '
စုချန်ယန်မှ ချင်ယိုကို တောင်းပန်ကာ ဟန်စုန့် ရွှယ်ကိုခေါ်ပြီး သူမတို့၏ ထိုင်ခုံရှိရာဆီ ပြန်ဆွဲခေါ်သွားရသည်။
အချိန်လည်း ည့ည့်နက်ခါနီးပြီမို့ လက်ထောက်များမှ သူတို့၏ မင်းသားမင်းသမီးများကို သူတို့၏ အခန်းဆီ ပြန်ပို့ပေးခဲ့ကြ သည်။ စုချန်ယန်သည် ဟန်စုန့်ရွှယ်သောက်ထားသည့်အရှိန်ကို မထိန်းနိုင်ခဲ့ချေ။
ပြီးလျှင် လင်းယွီက သူမကို အရက်သောက်ခြင်းမှ တားမြစ်ထားတာကြောင့် ချင်ယိုနှင့် ချင်ယိုထက်ပိုပြီးအေးသော အခြား ယောကျ်ားလေး ဧည့်သည်တို့မှာသာ မမူးပဲရှိလေသည်။
သို့သော် ချင်ယိုလိုတော့မဟုတ်.. ရှက်တာမျိုးမဟုတ်ဘဲ ဒီအတိုင်း စကားမပြောချင်ခဲ့တာပင်။ စုချန်ယန်လည်း Wechat ထဲတွင် သူစကားဝင်ပြောသည်ကို တစ်ခါမှ မမြင်ဖူးပေ။
တစ်ညတာမျှ အနားယူကြပြီးနောက် စုချန်ယန် စောစောနိုးလာသည်။
သူမကို ရှောင်လုလာနှိုးသည်နှင့် ရေမိုးချိုးပြီးကာ သွားဖို့အဆင်သင့်ဖြစ်နေသည်။
သူမသည် အစကတည်းက စိတ်ကြည်နေတာပင်။ အစီအစဉ်တွင် သူမ၏ သရုပ်ဆောင်မှုမှာ အကောင်းဆုံးတော့ မဖြစ်ခဲ့ပေမဲ့ rating ကတော့ အတော်လေးမြင့်သည့်အထဲ ပါခဲ့တာမို့ ရလာမည့်ပိုက်ဆံတွေထဲမှ အများစုသည် လင်းယွီဆီပဲ ရောက်မည်ဆိုလျှင်တောင်မှ သူမပိုပြီးရှာရမည်ပင်။
လင်းယွီပျော်နေဖို့ကိုသာ မျှော်လင့်မိသည်။ ဒါမှသာ.. သူမလည်း အရသာရှိတာ တစ်ခုခုစားရဖို့အတွက် အခွင့်အရေး ကြုံလာမည်ဖြစ်သည်။
ရှောင်လုနှင့်အတူ စကားပြော ရယ်မောရင်း ဟိုတယ် နားနေခန်းဆီ လျှောက်လာသည်။ မထင်ထားဘဲ သူမခေါင်းကိုမော့လိုက်တော့ ဒါရိုက်တာဘေးမှာရပ်နေကာ သူမတို့အား ပြုံးကာကြည့်လာသည့် လင်းယွီကို တွေ့လိုက်ရသည်။
သူမတို့ နှစ်ယောက်စလုံး ညကဖြစ်ခဲ့တာကို ပြန်မြင်ယောင်မိတော့ ရယ်နေရာမှ ပြန်တည်သွားကြရင်း သင့်တော်သော ဟန်အမူအရာဖြင့် သူတို့ရှိရာဆီ သွားလိုက်ကြသည်။
"မန်နေဂျာလင်း.. မင်္ဂလာပါ။ ဒါရိုက်တာကြီး မင်္ဂလာပါ" ဟု နှုတ်ဆက်ကြခဲ့သည်။
နှုတ်ဆက်နေစဉ် စုချန်ယန်က လုံးဝမမော့မကြည့်ပေ။
မန်နေဂျာ၏ ကွယ်ရာတွင် သူ့မကောင်းကြောင်းကို ပြောနေတုန်း လက်ပူးလက်ကြပ် လူမိသွားတာကြောင့် သူမလည်းရှက်တာမို့ မနေတတ်ချေ။
လင်းယွီကတော့ ဘာမှဖြစ်ပုံမပေါ်ဘဲ မနေ့ကဘာဖြစ်ခဲ့လဲဆိုတာကိုပင် မေ့နေပြီဖြစ်သည်။ သူသည်လည်းခေါင်းငြိမ့်ကာ ပြောခဲ့သည်။ " မနက်စာစားပြီးရင် လူစုခွဲကြရအောင်"
စုချန်ယန်နှင့် ရှောင်လုလည်း ကျိုးကျိုးနွံနွံ ခေါင်းငြိမ့်ပြကာပြန်လှည့်ရင်း စားသောက်ဆိုင်ရှိရာဆီ သွားခဲ့ကြသည်။ လင်းယွီ၏ မြင်ကွင်းအောက်မှ လွတ်သွားသည်နှင့် သူတို့ပြောလက်စကို ဆက်ပြောကြသည်။
မနက်ပိုင်းတွင် ရှောင်လုသည် စုချန်ယန်ကို သူမ စားချင်တာ စားနေခြင်းကို မတားခဲ့ပေ။ စုချန်ယန်လည်း သိချင်လာကာ ဘာလို့လဲဆိုတာကို မေးချင်ရသည်မှာ ဤအချင်းအရာမှာ လင်းယွီ၏ အကြံများလားဆိုသည်ကို သိချင်ရုံပင်။ ၎င်းသည် သူမကိုအတော်လေး စိတ်လှုပ်ရှားစေသည်ပင်။
သို့သော် ဟိုတယ်၏ မနက်စာမှာ ဘူဖေးစတိုင်ဖြစ်ပြီး ပါမုန့်လုံးများ၊ ခေါက်ဆွဲများ၊ ပဲနို့၊ ထမင်းကြော်၊ အသားပြားများနှင့် ဝက်ပေါင်ခြောက် တစ်မျိုးတည်းကသာ အသားဟင်းအဖြစ် ပါဝင်သည်။ သို့သော်ငြားလည်း စုချန်ယန်က အားရပါးရစားနေဆဲပင်။
ဟင်းပွဲတိုင်းလိုလို မြည်းစမ်းနေသည့် စုချန်ယန်ကိုကြည့်ရင်း ရှောင်လုက သက်ပြင်းချနေမိစဉ် သူမကတော့ ထိုင်ခုံ၌ နောက်ကို ပစ်လှဲလိုက်ရင်း ဘဝမှာ ဘာကိုမှ နောင်တမရတော့သလို နေခဲ့သည်။
ရှောင်လုလည်း မနေနိုင်တော့ဘဲ မေးခဲ့သည်။ " ချန်ယန် အရင်တုန်းက နင့်မှာခက်ခဲခဲ့တဲ့ အချိန်တွေများ ကြုံခဲ့ရလို့လား? ဘာလို့ဒီလောက်ထိ ကောင်းကောင်း စားနိုင်ရတာလဲ?"
" အခုနေများ လောက်လောက်ငှငှ မစားရရင် နောက်ကျ မစားရတော့မှာ ကျနေတာပဲ..."
ရှောင်လု မေးလိုက်သည်ကတော့ တခြားအဓိပ္ပာယ်နှင့် ဆိုလိုချင်တာမဟုတ်ဘဲ သဘောရိုးသာ ဖြစ်ပေမယ့် ချန်ယန်မှာတော့ သိသိသာသာကို အရှိုက်ထိသွားစေခဲ့သည်။
စုချန်ယန်သည် မသိမသာလေး မှိုင်ကျသွားကာ အားမရှိတော့သည့် အသံမျိုးဖြင့် ပြောခဲ့သည်။ " ငါကမိဘမဲ့ဆိုတာ နင့်ကိုပြောပြဖူးလား?"
ချန်ယန်သည် သူမ၏ မိသားစုအခြေအနေ၊ နောက်ခံအနေအထားနှင့် ကလေးဘဝ အတွေ့အကြုံများကို အခြားသူများအား ပြောပြရသည်မှာ ဘယ်လိုမှမနေပေမဲ့လည်း မမေးလျှင် စကားထဲထည့်မပြောပေ။
အခြားသူများမှ သူမကိုကြည့်ရင်း စိတ်မကောင်းမဖြစ်စေချင်သလို မည်သူတစ်ဦးတစ်ယောက်စီကမှ ဂရုဏာသက်တာမျိုး မခံယူချင်ပေ။
သူမ၏ နောက်ခံအနေအထားနှင့် အတိတ်က အတွေ့အကြုံများကို ဂရုစိုက်မနေဘဲ သူမလိုချင်သည့် ဘဝအခြေအနေမျိုးတွင် နေထိုင်နိုင်ရန် အားသွန်ခွန်စိုက်ကြိုးစားလာခဲ့သည်မှာ တခြားကမ္ဘာက စုချန်ယန်ဖြစ်လာကာ အောင်မြင်လာသည့်နေ့ မတိုင်အထိ ဖြစ်သည်။
ရှောင်လုလည်း စုချန်ယန်ကို ခဏတာမျှ အံ့အားသင့်စွာ ငေးကြည့်နေမိရင်း မည်သည့်အမူအရာမျိုးနှင့် မည်သို့တုံ့ပြန်ရမလဲဆိုသည်ကို ဝေခွဲမရဖြစ်နေသည်။
ချန်ယန်၏ လက်ထောက် ဖြစ်မလာခင်က ရှောင်လုသည် သူမ၏ ကိုယ်ရေးရာဇဝင်ကို ဖတ်ကြည့်ခဲ့ဖူးပေမယ့် သူမ၏ နောက်ခံအနေအထား အကြောင်းကိုတော့ ကုမ္ပဏီတွင် သိပ်မကြားမိပေ။
အရေးပေါ်ဆက်သွယ်စရာ လိပ်စာတောင်မှ မရှိခဲ့ချေ။ စပ်စုချင်တာကြောင့် လင်းယွီကိုလည်း မေးခဲ့ဖူးပေမယ့် လင်းယွီကတော့ သူတို့ဘက်က စုချန်ယန်ကို နောက်မှ အသစ်ထပ် တင်ခိုင်းလိမ့်မည်ဟု ပြောခဲ့ပေမဲ့ သူ မေ့နေခဲ့သည်ပင်။
စုချန်ယန်က မိဘမဲ့ဖြစ်ခဲ့တာလား...
ချန်ယန်က ရှောင်လုမျက်နှာကို အကဲခတ်ရန် လှမ်းကြည့်လိုက်စဉ် ရှောင်လု၏ မျက်နှာပေါ်က အံ့အားသင့်ကာ ဂရုဏာသက်ပြီး အားနာနေသည့် အရိပ်အယောင်များကို မြင်လိုက်ရတာတောင်မှ သူမအနေနဲ့ဘာမှမထူးဆန်းတော့သလိုပင်။ ထိုအချိန်တွင် ရှောင်လု၏ အကြည့်များကို အာရုံစိုက်မနေတော့ဘဲ အကြည့်လွှဲလိုက်သည်။
စုချန်ယန် အကြောက်ဆုံးအရာမှာ အလုပ်ကြိုးစားရတာမျိုး၊ အဆူခံရတာမျိုး၊ အရှက်ကွဲတာမျိုး၊ စားဖို့မတတ်နိုင်တော့တဲ့အထိ ဆင်းရဲတာမျိုး၊ အသားငါး မစားနိုင်တော့တာမျိုးတွေတောင် မဟုတ်ခဲ့ချေ။