အခန်း ၇၂
Vol. 6 Ch. 72
သူမကို ဂရုဏာသက်ကာ သနားသလိုကြည့်လာခြင်းမျိုး၊ သူမနားက လူတွေအားလုံး သူမအတွက် စိတ်မကောင်း ဖြစ်လာခြင်းမျိုးတွေကိုသာ အကြောက်ဆုံးပင်။
စကားပြော အစီအစဉ်တစ်ခုတွင် သနားစဖွယ် ဟန်ဆောင်ရခြင်းမျိုးနှင့် မတူတာကြောင့် စုချန်ယန်၏ ဘဝအတွေ့အကြုံကို သိရပြီး သူမကို ဂရုဏာသက်ကာ သနားသလို ကြည့်လာခဲ့လျှင်လည်း ဟန်ဆောင်နေခြင်းသာဖြစ်ကာ သူမကိုယ်တိုင်ကလည်း ဒီဘက်ကမ္ဘာက စုချန်ယန်အစစ် မဟုတ်တာကြောင့် နည်းနည်းမှ ဂရုမစိုက်ခဲ့ပေ။
သို့သော် သူမ၏ နောက်ခံအနေအထားက သူမဘဝတစ်လျှောက်လုံးကို ထင်ဟပ်စေခဲ့မည့် အရာမျိုးဖြစ်ခဲ့လျှင် ... သူမအနေနှင့် ဤကဲ့သို့သော သနားစရာကောင်းသည့်အဖြစ်မျိုးကို နည်းနည်းတောင်မှ မဆုပ်ကိုင်ထားချင်ပေ။
အထူးသဖြင့်... မိတ်ဆွေ အပေါင်းအသင်းဟု သူမမှတ်ယူထားခဲ့သူစီမှ သူမကို ဂရုဏာသက်ကာ သနားကြောင်း ပြသလာသည့် အချိန်မျိုးတွင်ပေါ့..
"ချန်ယန်...ငါတောင်းပန်ပါတယ် တကယ်မရည်ရွယ်ပါဘူး" ရှောင်လုက သူမလက်ကို သူမဆီဆွဲကာ တောင်းပန်တိုးလျှိုးသည့် အကြည့်များဖြင့် ကြည့်ခဲ့သည်။
"နင်ဘာစားချင်လဲ ငါဘာယူပေးရမလဲ?"
စုချန်ယန် ရှောင်လုကို စက္ကန့်ပိုင်းမျှ အတော်ကြာသည်အထိ ကြည့်နေမိသည်။
ရှောင်လု အပြစ်မဟုတ်မှန်း သူမလည်း သိသည်။ ဒီမေးခွန်းကိုတော့ သူမကိုယ်သူမ ဖြေရမည်သာ...
သို့သော်ငြား သူမကို သနားသည့်သူတွေနဲ့တော့ မိတ်ဆွေ သူငယ်ချင်း မဖြစ်ချင်ခဲ့ပေ။
ယင်းအခြေအနေကို သူမ မခံစားနိုင်... သူမကိုယ်သူမ ယူကြုံးမရဖြစ်သည်အထိ ဝမ်းနည်းနေမိလိမ့်မည်။
သူမဘဝမှာ အသားငါးကို လုံးဝထပ်မစားရတော့သည့်အဖြစ်မျိုးထက်ပင် ရင်ဆိုင်နိုင်ရန် ပို၍ခဲယဉ်းသည်။
ဒါကြောင့်ပင် ရှောင်လု၏ တောင်းပန်လိုသောအကြည့်များကြောင့် စုချန်ယန်က သူမလက်ကို ဖြေးဖြေးချင်း ဖယ်လိုက်သည်။
စုချန်ယန်၏ ပုံစံမှာ နူးညံ့ညှင်သာသည်ဟု ပြောလို့ရသလို မိတ်ဆွေဖွဲ့ရာတွင်လည်း သူမအတွက် အခက်အခဲတစ်စုံတစ်ရာမျှမရှိပေ။
သို့သော် သူမပေါင်းလိုက်သည့်သူတိုင်းကို စည်းထားပြီးသာပေါင်းသည်။ လင်းယွီ၏ စိတ်ချရသော သတိမှတ်ထားသည့် နယ်နိမိတ်ကဲ့သို့ပင်။
ဘာလို့လဲဆိုရလျှင် သူမသာ ထိုနယ်နိမိတ်စည်းကို ကျော်မိသွားခဲ့လျှင် သူမ၏ နောက်ခံ အနေအထားသည်လည်း သနားစရာ ဖြစ်သွားလိမ့်မည်ဖြစ်ပြီး လင်းယွီလိုမျိုး သူမသည်လည်း စည်းကျော်လာသည့်သူများကို အဝေးကိုတွန်းပို့မိလိမ့်မည်ဖြစ်သည်။
မနက်စာစားကြပြီးနောက် စီစဉ်ကွပ်ကဲသည့်အဖွဲ့မှ သရုပ်ဆောင်များအား ဆင်ခြေဖုံးရှိသည့် မြို့စွန်မြို့ဖျားနားသို့ သွားရန် ကားစီစဉ်ပေးခဲ့သည်။
ယခုလည်း တစ်စီးကို သုံးယောက်နှုန်းစီးရတာ ဖြစ်ပြီး ဟန်စုန့်ရွှယ်ကတော့ စုချန်ယန်နှင့်အတူ စီးချင်တာဖြစ်ပေမယ့် စီစဉ်ပေးသည့်အဖွဲ့မှ နေရာချထားနှင့်ပြီးသား ဖြစ်တာကြောင့် ချီဖု၊ ကျန်းရှစ်ချီတို့နှင့်သာ တခြားကားထဲတွင် အတူတူစီးရသည်။
စုချန်ယန်က အစီအစဉ်ထဲတွင် စကားအနည်းဆုံး နှစ်ယောက်နှင့် တစ်ကားတည်း အတူတူစီးခဲ့ရသည်။
သူမနှင့်ချင်ယိုတို့မှာ နောက်ခန်းတွင် ထိုင်ကြပြီး ရှန်းဖုဟုခေါ်သည့် အမျိုးသားဧည့်သည်မှာ ရှေ့ခန်းတွင် ထိုင်လေသည်။
စားသောက်ဆိုင်ထဲမှ ထွက်လာကတည်းက စုချန်ယန်လည်း စကားသိပ်မပြောပေ။
သူမလည်း စကားမပြောသလို ကားထဲက အခြားနှစ်ယောက်သည်လည်း စကားမပြောကြပေ။
ကားမောင်းနေသည့်သူမှာ လေးလံသည့်လေထုကိုသာ ခံစားနေမိတာမို့ နောက်မှန်မှ တစ်ဆင့် ထိုသုံးယောက်ကို မကြာခဏဆိုသလို လှမ်းကြည့်နေမိသည်။
ပရိုဂရမ်အဖွဲ့မှ သူတို့သုံးဦးအား ကားတစ်စီးထဲ အတူတူစီးရန် စီစဉ်ထားခဲ့ကြရသည်မှာ အရင်အပိုင်းတုန်းက စုချန်ယန်ကြောင့် အသုံးဝင်သည့် အခန်းတော်တော်များများကို ရိုက်ကူနိုင်ခဲ့တာကြောင့် အခြားနှစ်ယောက်ကိုလည်း သူမလို တက်ကြွလှုပ်ရှားလာအောင် လှုံ့ဆော်ပေးနိုင်မည်ဟု သူတို့ဘက်က ထင်ခဲ့ကြသည်။
သို့သော် ဒီသုံးယောက်စလုံး ဤမျှလောက် တိတ်ဆိတ်နေကြလိမ့်မည်ဟု မထင်ထားမိခဲ့ကြပေ။ သူတို့ခမျာ ရိုက်ကူးရေးတွင် ခရီးစဉ်တစ်လျှောက်လုံး အသုံးဝင်နိုင်လောက်မည့် ဘယ်လိုရိုက်ချက်မျိုးမှ မရနိုင်လောက်ပ။
အဖွဲ့တိုင်းရှိ သရုပ်ဆောင်များမှ ခရီးစဉ်တစ်လျှောက် အခန်းတချို့ အနည်းငယ်စီ ရိုက်ကူးထားမိမှဖြစ်မှာမို့
နားကြပ်တပ်ထားသည့် ဝန်ထမ်း တစ်ယောက်မှ ကားမောင်းသူကို စကားတစ်ခုခုစပြောရန် တိုက်တွန်းခဲ့သည်။
ကားမောင်းနေသူမှာ ပါးစပ်က တဆတ်ဆတ်တုန်နေပြီး စကားစပြောရန် သူ့ကိုယ်သူ ဖိအားပေးခဲ့သည်။"ရှောင်ချင်..ကားထဲမှာစာဖတ်တော့ ခေါင်းမမူးဘူးလား?"
ရုတ်တရတ် ချင်ယိုမှာ ကားမောင်းသူဆီမှ စကားစကာ အချက်ပြလာပေမဲ့လည်း ဇဝေဇဝါနှင့်သာ ခေါင်းမော့လာသည်။
အခြားနှစ်ယောက်က ပြတင်းပေါက် အပြင်ဘက်ကိုသာကြည့်နေကြပြီး စကားပြောဖို့ စိတ်ကူးမရှိကြချေ။
ပြောရမည်ဆိုလျှင် ဒီအပိုင်းကိုသာ ထုတ်လွှင့်လိုက်လျှင် သရုပ်ဆောင်တွေ အချင်းချင်း ဆက်ဆံရေး သိပ်အဆင်မပြေကြလောက်ဘူးဟု သေချာပေါက် ထင်ကြေးပေးခံရနိုင်လောက်သည်။
မသေချာပေမဲ့လည်း ချင်ယိုကတော့ ကားမောင်းသူအား ရှက်ပြုံးလေး ပြုံးပြခဲ့သည်။ "ကားမောင်းပေးတဲ့အကိုက မောင်းတာ ကားအရမ်းငြိမ်တော့ ညီမလည်း ခေါင်းသိပ်မမူးဘူးလေ။ ကျောင်းသင်ခန်းစာတွေကို အချိန်ဖြုန်းရင်း အတန်းဖော်တွေနောက်မှာ နောက်ကျ ကျန်မနေခဲ့ချင်လို့ပါ.."
ကားမောင်းသူမှ ခြောက်ကပ်ကပ် ရယ်နေပေမဲ့ ကျန်တဲ့နှစ်ယောက်ကတော့ တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။
စကားအစပျိုးကာ ထပ်ပြီးအချက်ပေးရပြန်သည်။ "ချန်ယန်.. မင်းနဲ့ချင်ယိုက အသက်အတူတူလောက်ပဲလေ။ မင်းကော အခုချိန် ကျောင်းတက်နေရမှာမဟုတ်ဘူးလား?"
စုချန်ယန် - "..."
ဒီတစ်လော မာကျူရီဂြိုလ် နောက်ပြန်လည်သည့်ဖြစ်စဉ်များဖြစ်နေလို့လား? မနေ့ကလည်း လင်းယွီကွယ်ရာမှာ အတင်းတုပ်နေသည်ကို လူမိသည့်အပြင်
ဒီနေ့လည်း အချင်းချင်း စိတ်ရှုပ်စရာကိစ္စများသာ
ကြုံနေရပြန်သည်။
သေချာပေါက် ဘယ်သူ့ကိုမှ အပြစ်တင်လို့မရပေ။ ရုတ်တရတ် အတိတ်က ကိစ္စတွေအကြောင်း ပြန်မှတ်မိတာမျိုးသာမရှိခဲ့ရင် စုချန်ယန်လည်း ဒီလိုကိစ္စတွေကြောင့်နှင့် စိတ်ရှုပ်နေရမည်မဟုတ်ချေ။
ဒါပေမဲ့ ယခုအချိန်တွင် စုချန်ယန် တကယ်ကို ပြန်ဖြေချင်စိတ်မရှိပေ။
"ဟင့်အင်း ကျွန်မက စာလုပ်ရတာနဲ့ သိပ်မအက်စပ်ဘူး" နောက်ဆုံးတော့ သူမ ပြန်ဖြေခဲ့သည်မှာလည်း ယာဉ်မောင်းကို အဆင်မပြေ မဖြစ်စေချင်တာကြောင့်သာ။
"ဪ.."
ယာဉ်မောင်းလည်း ဘာဆက်ပြောရမည်ကို မသိတော့တာမို့ ခုံချင်းကပ်ရပ်ထိုင်နေသည့် ရှန်းဖုနှင့် စကားစပြောဖို့ ကြံစည်ရတော့သည်။
ကောင်လေးက လျှာထိုးဦးထုပ်ဝတ်ထားပြီး မှေးနေရင်း ခေါင်းငိုက်စိုက်ကျနေတာကြောင့် သူ့ပွယောင်းယောင်း ဆံပင်များမှာ လှစ်ဟနေသည်။ ယာဉ်မောင်းလည်း သူ့အားနှောင့်ယှက်တော့ပေ။
ထိုအချိန်တွင် ဝန်ထမ်း အဖွဲ့သားတစ်ယောက်၏ ပြောသံကို နားကြပ်မှကြားရပြန်သည်။
"စာလုပ်တာနဲ့ ဘာလို့မအက်စပ်ရတာလဲဆိုတာ စုချန်ယန်ကို မေးလိုက်။ အဆင့် မကောင်းလို့ ကျောင်းထွက်လိုက်ရတာလား ဒါမှမဟုတ် တခြား အကြောင်းအရာတွေကြောင့်များ ကျောင်းထုတ်ခံလိုက်ရတာလားလို့.."
စုချန်ယန်သည် ပထမနှစ်ကို စတက်ဖို့ လုပ်ထားပြီးသား ဖြစ်သည်။ သို့ပေမဲ့ လွန်ခဲ့သည့်တစ်နှစ်က အရည်အချင်းစစ်သည့် အေဂျင်စီတစ်နှင့် စာချုပ်ချုပ်ပြီးသားဖြစ်တာမို့ ကျောင်းမတက်တော့သည်မှာ အနည်းဆုံး သူမအထက်တန်း စီနီယာနှစ်ကတည်းကပင် ဖြစ်သည်။
ယာဉ်မောင်းမှာ နားကြပ်ထဲမှပြောလာသည့် စကားကြောင့် ကြောင်သွားမိသည်။
"ချန်ယန်..ဘာလို့ မအက်စပ်ရတာတုန်း?"
စုချန်ယန်လည်း ယာဉ်မောင်းကို လှမ်းကြည့်လိုက်သည်။ သူသည်လည်း အားနာပုံရကာ သူ့ညာဘက်နားတွင်လည်း နားကြပ်တပ်ထားသည်။
မေးခွန်းမှာ စီစဉ်သည့်အဖွဲ့မှ မေးခိုင်းသည့် မေးခွန်းမှန်း သူမ သိလိုက်ပြီဖြစ်သည်။ သူတို့ကားကနေ တစ်ဆင့် ထုတ်လွှင့်ဖို့ တခြားစိတ်ဝင်စားစရာ အကြောင်းအရာ များများစားစား ရှိပုံမရချေ။
သူမလည်း ခေါင်းကိုပြန်လှည့်သွားကာ ပြတင်းပေါက်အပြင်ဘက်ကိုကြည့်ရင်း နှစ်အတော်ကြာကြာ သုံးကာ ပြောခဲ့ဖူးသည့် မုသားတစ်ခွန်းကိုသာ ပြောခဲ့သည်။
"အထက်တန်းကျောင်းပြီးတော့ မိသားစုရဲ့အကြောင်းပြချက်တချို့ကြောင့် ကျောင်းဆက်မတက်နိုင်ခဲ့ဘူး"
ထိုတစ်ခဏ၌ မည်သူတစ်ဦးတစ်ယောက်မှ နောက်ထပ်မေးခွန်းတွေကို ဆက်မမေးရဲကြတော့ပေ။
အထက်တန်းကျောင်း ပြီးသွားပြီဆိုတာကတော့ အလိမ်အညာ မုသားစကား တစ်ခုပင်။
အရင်အေဂျင်စီက သူမအတွက် ဖန်တီးပေးထားတဲ့ ပညာအရည်အချင်းတစ်ခု သာသာပဲ။
အမှန်အတိုင်းဆိုရလျှင် စုချန်ယန်က ကျောင်းတစ်ရက်မှ မတက်ခဲ့ရပေ။
နေ့တစ်ဝက်တည်းနဲ့တင် နှစ်ခါလောက် အတိတ်ကို ပြန်တူးဆွခြင်းခံလိုက်ရတော့ စုချန်ယန်ခမျာ ပိုလို့တောင် ငြိမ်ကျသွားရသည်။
အတိတ်ကမြင်ကွင်းများက သူမစိတ်ထဲ တစ်ခုပြီးတစ်ခု စပေါ်လာခဲ့သည်။
သူမသည် တွယ်တာတတ်သည့် လူမျိုးမဟုတ်သလို အထူးသဖြင့် ခံစားလွယ်တတ်သည့် သူမျိုးလည်းမဟုတ်ချေ။
အစီအစဉ်များတွင် စုချန်ယန်သည် အများအားဖြင့် တိတ်ဆိတ်နေတတ်ပြီး စိတ်ဝင်စားစရာ မကောင်းတာမျိုးတော့ မဟုတ်ပေ။
သူစိတ်ဝင်စားသည့် အရာမျိုးမဟုတ်လျှင် စကားဝင်မပြောပေ။ ကင်မရာမှ သူမကိုချိန်ထားလျှင်လည်း ဂရုမစိုက်ပေ.. ပုံမှန်အားဖြင့် သူမ လုပ်စရာရှိတာကိုသာ တိတ်တိတ်ဆိတ်ဆိတ် လုပ်နေရင်း နားထောင်နေတတ်သည်။
ဒါပေမဲ့ ဒီတစ်ချိန်တွင်တော့ သူမ၏ တိတ်ဆိတ်နေမှုမှာ တစ်စုံတစ်ခုကို ချုပ်တည်းထားရသည့်ပုံပင်။
ခြောက်နာရီနီးပါးမျှ ကြာအောင် မောင်းနှင်လာပြီးနောက် ပင်လယ်ကမ်းခြေနားက မြို့လေးတစ်မြိုဆီကို ရောက်လာခဲ့ပြီပင်။
စီစဉ်ပေးသည့် အဖွဲ့သားများမှ သူတို့အား ကမ်းခြေနားက ဆယ်မီတာ အကွာအဝေးသာခြားသည့် အဆုံးမရှိသော အပြာရောင် ပင်လယ်ပြင်ကြီးကို မြင်နေရသည့် အပန်းဖြေစံအိမ်ကြီး တစ်လုံးစီ ခေါ်သွားပေးခဲ့သည်။
ချင်ယိုသည် သူမ၏လွယ်အိတ်ကို လွယ်ရင်း ပင်လယ်ပြင်ကို တအံ့တဩကြည့်နေမိသည်။
"ဝိုး!.." ခပ်တိုးတိုးလေး သူမရေရွတ်မိသည်။
စုချန်ယန်သည် သူမနားသွားကာ စာအုပ်တစ်အုပ်ကို လှမ်းပေးရင်း ပြောခဲ့သည်။ "ကားထဲမှာ စာအုပ်မေ့ကျန်ခဲ့တယ်"
ချင်ယိုသည် ကြည့်လက်စကို မျက်စိမခွာနိုင်ဖြစ်ကာ မှင်သက်နေမိတော့သည်။ ပင်လယ်ကို မြင်ရသည်မှာ သူမအတွက် ပထမဆုံးအကြိမ် ဖြစ်တာမို့ ကားပေါ်ကဆင်းတာနှင့် သူမအရမ်းကို စိတ်လှုပ်ရှားနေမိသည်။
စာအုပ်ကို လွယ်အိတ်ထဲ ကပျာကယာ ထိုးထည့်ကာ ကားပေါ်က မဆင်းဘဲ မနေနိုင်ခဲ့ပေ။၊ သို့သော် တစ်ခုခုကျန်နေခဲ့လိမ့်မည်ကိုတော့ မထင်ထားခဲ့မိချေ။
မျက်နှာပူပူနှင့် ခေါင်းငုံ့ကာ စုချန်ယန်လက်ထဲမှ စာအုပ်ကို ယူလိုက်ပြီး မသိမသာလေး မျက်လုံးထောင့်ကပ်ကြည့်ကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောခဲ့သည်။ " ကျေးဇူးပါအစ်မ"
"ရပါတယ်"
ကားပေါ်ကဆင်းပြီးတာနှင့် စုချန်သည် ဟန်စုန့် ရွှယ်နှင့်အခြားသူများရှေ့တွင် ဘယ်လိုပုံစံမျိုးကိုမှ မမြင်စေချင်ပေ။ ကားပေါ်တွင် တစ်စုံတစ်ခုကို သိပ်မကြည်နေချိန်ကလွဲလို့ သူတို့၏ ရွှတ်နောက်နောက် စကားများအား ရေလိုက်ငါးလိုက် တုံ့ပြန်နေခဲ့သည်။
စီစက်ပေးသည့်အဖွဲ့မှ ပြင်ဆင်ပေးထားသော အဝတ်အစားများကို လဲဝတ်ပြီးနောက် ဧည့်သည်ကိုးဦးစလုံး ပင်လယ်ထဲ ဆင်းခဲ့ကြသည်။
ချင်ယိုသည် လူအုပ်ကြီး၏ နောက်တွင် ကျန်နေခဲ့ပြီး အလယ်တွင် ဘေးမှ လူအများ၏ ဝန်းရံထားခံရသော စုချန်ယန်ကို ဗလာချည်းသက်သက် ငေးကြည့်နေမိသည်။
ဟန်စုန့်ရွှယ်နှင့် ကျန်းရှစ်ချီတို့မှာ သူမရဲ့ဘေးမှာရှိနေကာ ဘာမဟုတ်သည့် ကိစ္စလေးကိုလည်း ငြင်းခုန်နေကြပြန်သည်။ သူမလည်းထပ်ခါ ထပ်ခါ ငြင်းဆန်နေပြီး တခြားသူတွေပါ ဝင်ပါလာကြသည်။ သိုသိုသိပ်သိပ်နေတတ်သည့် ထန်ချီတောင်မှ ရွှတ်နောက်နောက် ပြောရင်း ဝင်ပါလာသည်။
"ပင်လယ်နဲ့ပက်သက်တဲ့ကဗျာ? အဲ့လိုမေးခွန်းမျိုးက ထိပ်တန်းကျောင်းသားတွေအတွက်ပဲ သီးသန့်ရှိတာမျိုး မဟုတ်ဘူးလား?"
စကားပြောနေစဉ် စုချန်ယန်က နောက်လှည့်လာကာ ချင်ယိုကို ကြည့်လာတာမို့ အကုန်လုံးကပါ ခေါင်းလှည့်လာကြသည်။
"ရှောင်ယို.. ငါတို့ပင်လယ်နဲ့ပက်သက်တဲ့ ကဗျာအကြောင်းပြောနေတာ။ ငါတို့ကို တစ်ကြောင်း နှစ်ကြောင်းလောက် ရွတ်ပြပါလား?"
" ဟုတ်သားပဲ.. ထိပ်တန်းကျောင်းသားက ကဗာရွတ်ပြမှာကို ကြည့်ရတာ မိုက်တာပေါ့"