← Chapters

အခန်း ၇၃

Vol. 6 Ch. 73

အခန်း ၇၃

Vol. 6 Ch. 73

စုချန်ယန်က သူမကို ရုတ်တရတ်ကြီး အရိပ်အကဲပြကာ စကားစလာတော့ သူမအနေနှင့် အံ့ဩသွားကာ ခြေလှမ်းလှမ်းဖို့ပင် မေ့နေမိသည်။ မျက်နှာမှာ ပန်းနုရောင်သန်းသွားကာ ကဗျာတစ်ကြောင်းနှစ်ကြောင်းမျှ ရွတ်ပြလေသည်။

သူမရွတ်ပြပြီးနောက် ၎င်းတို့အုပ်စုလိုက် ပင်လယ် ကမ်းခြေဘက်ကို ဆက်သွားခဲ့ကြသည်။

ချင်ယိုသည် စုချန်ယန်၏ နောက်ကျောကိုကြည့်ရင်း အခုချိန် သူမ သိပ်ပျော်နေပုံမရသည်ကို ပိုလို့ပင် သေချာသလောက် ခံစားမိသွားသည်။

သူမ ကြိုက်တာ မစားခဲ့ရလို့များလား?...

ချင်ယိုသည် စုချန်ယန်အကြောင်း အမြဲတမ်းလိုလိုသိချင်နေခဲ့ပြီး မကြာခဏဆိုသလို တိတ်တိတ်ကလေး စူးစမ်းနေမိသည်။ ကားပေါ်တွင် သူမ၏ အပြုအမူမှာ အနည်းငယ် ပုံမှန်မဟုတ်သလိုပင်။

စုချန်ယန်မှ သူမအားကူညီခဲ့ပြီး သူမစာအုပ်ကိုတောင် ယူလာခဲ့ပေးသည်။ သူမ၏ ကူညီဖေးမမှုအတွက် တစ်ခုခုတော့ ပြန်ပေးသင့်ပါတယ်လေ...

ကမ်းစပ်နားတွင် ခဏတာမျှ ဆော့ကစားကြပြီးနောက် ဝန်ထမ်း တစ်ယောက်မှ သူတို့အတွက် ပင်လယ်စာများဖြင့် စားပွဲဝိုင်းတစ်ခုကို ပြင်ဆင်ပေးထားခဲ့သည်။

နေ့ခင်းကြောင်တောင်ကြီး ကောင်းကင်မှာ စုချန်ယန်၏ စိတ်အခြေအနေတိုင်း မှောင်ရီပျိုးနေခဲ့သည်။

ပင်လယ်ပြင်၏ အပေါ်တွင်ရှိနေသော တိမ်စိုင်များမှာ ပိုလို့ပင် မဲမှောင်နေကာ အမည်းရောင် လေပွေကြီး သဏ္ဌာန်ဖြစ်နေပြီး အချိန်အခါမရွေး မိုးရွာချလာနိုင်သည်။

ပင်လယ်စာ ဧည့်ခံပွဲကို ပင်လယ်ကမ်းစပ်နား၌ ဤသို့သော ရာသီဥတု အခြေအနေမျိုးတွင် စားနေရခြင်းမှာ ထူးကဲသည့်အရသာမျိုး ပေးစွမ်းနိုင်လောက်သည်။

"ချန်ယန် လွတ်လွတ်လပ်လပ် ကြိုက်သလောက် စားနော်"

ရှောင်လုသည် ဘေးနားမှဖြတ်သွားသည့် စုချန်ယန်၏ အင်္ကျီလက်အနားစကို သာသာလေးဆွဲခဲ့သည်။

စုချန်ယန်လည်းပြုံးပြကာ ဖြတ်လျှောက်သွားခဲ့သည်။

ရှောင်လု၏ လက်မှာ ချက်ချင်း ဟာသွားသလိုပင်..

" အစ်ကို.. ချန်ယန်က မပျော်ဘူးလားမသိဘူး.." စုချန်ယန်၏ ကွဲထွက်နေသည့်ပုံစံကိုကြည့်ရင်း ရှောင်လုမှာ စိတ်ပူနေမိသည်။

သူမ၏ အတွေးများမှာ မိန်းကလေးတွေတွေးနေကျအတွေးမျိုးနှင့် မတူဘဲ တည့်တိုးဆန်ကာ သွယ်ဝိုက်ပြောတာမျိုး၊ နူးနူးညံ့ညံ့ ပြောရတာမျိုးကိုလည်း သိပ်သဘောမကျပေ။

ဘာလို့လဲဆိုတာကိုတော့ မပြောတတ်ပေမယ့် စုချန်ယန်ကို သိလာတာကြာသည်နှင့်အမျှ သူမ စိတ်မကြည်ဘူးဆိုတာကိုတော့ သေချာပေါက်ခံစားနေမိသည်။

သူမအကြိုက်ဆုံး အစားအစာမျိုးမြင်တာတောင်မှ မျက်လုံးအရောင်တွေ တောက်ပမနေတာမျိုးကို မြင်နေရသည်မှာ ဒါပထမဆုံးဖြစ်သည်။

လင်းယွီ၏အကြည့်က စုချန်ယန်ဆီ ရောက်သွားခဲ့သည်။

သူမ ဟန်စုန့်ရွှယ်ဘေးတွင် တိတ်ဆိတ်စွာ ဝင်ထိုင်ခဲ့သည်။ ထို့နောက် စကားပြောနေကြရင်း သူမအကြောင်းပါလာရင်တောင်မှ တစ်ခွန်း နှစ်ခွန်းသာ ပြန်ဖြေလေသည်။

အရသာရှိသော ပင်လယ်စာများ အပြည့်ရှိသည့် စားပွဲကိုမျက်မြင်ကိုယ်တွေ့ ထိုင်စားနေရတာတောင်မှ ဟိုနည်းနည်း သည်နည်းနည်းသာ မြည်းစမ်းနေသည်။

"သူမ ပင်လယ်စာ မကြိုက်လို့လားမသိဘူး?" ရှောင်လုက တိုးတိုးလေး ပြောခဲ့သည်။

လင်းယွီက သူကိုယ်တောင် သတိမမူမိဘဲ မျက်မှောင်ကြုတ်မိခဲ့သည်။ " သူမက အစားရွေးတတ်တဲ့သူမှ မဟုတ်တာ.."

" ဟုတ်သားပဲ.. ချန်ယန်က အစားရွေးတတ်တဲ့သူမှ မဟုတ်ပဲကို.. ဘာလို့လဲ? နေမကောင်းဖြစ်နေလို့များလားမသိဘူး.." သူမ လင်းယွီ ဘက်လှည့်ရင်း ပြောခဲ့သည်။

"နင်သူ့ကို ဝိတ်ချဖို့ အသီးအရွက်တွေချည်းပဲ စားခိုင်းနေတော့ အခုအသားစားဖို့ စိတ်ကုန်သွားတာရော မဖြစ်နိုင်ဘူးလား?"

လင်းယွီက ပိုပြီး မျက်မှောင်ကြုတ်သွားရပြန်သည်။

ညစာစားပွဲတွင် စီစဉ်သည့်အဖွဲ့မှ ညစာထိုင်မစားခင်တွင် ဂိမ်းတစ်ခုကစားဖို့ အကြံပြုလာတာကြောင့် သရုပ်ဆောင်များမှ စိတ်ရှုပ်သလို ဖြစ်သွားကြသည်။

" အစားလေးတစ်ခါ စားရဖို့အ‌ရေးကို ဇာချဲ့နေပြန်ပြီ"

" ချန်ယန်ကို ဗိုက်ဟောင်းလောင်းနဲ့ အငတ်ထားမိရင် ဘယ်လိုလုပ်မလဲ?"

စုချန်ယန်လည်း တကယ့်ကို ဘာမှ ရေရေရာရာ မစားရသေးတာကြောင့် ထရပ်ကာ စီစဉ်ပေးသည့်အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရန် ဦးဆောင်လိုက်သည်။

ဝန်ထမ်းမှ သီချင်းဖွင့်လိုက်လျှင် အားလုံးသည် သံစဉ်အတိုင်း အလိုက်သင့် စီးမြောကာ ခန္ဓာကိုယ်ကို လှုပ်ယမ်းနေကြပြီး မေးခွန်းကို ဖြေလျှင် လက်ထောင်ကြရသည်။

တီးလုံးစစချင်းမှာပင် တိတ်ဆိတ်နေတတ်သည့် ရှန်းဖုက လက်ထောင်လာခဲ့သည်။

"ဝမ်ရှီးသဲ"

စုချန်ယန်သည် သူ့အသံကို ပထမဆုံး သေချာနားထောင်ကြည့်မိတော့ သူ့ပုံစံအတိုင်း အေးတိအေးစက်ပင်။

" အဖြေမှန်ရသွားတဲ့ ရှန်းဖုအတွက် ဂုဏ်ပြုပါတယ်!"

ရှန်းဖု ချက်ချင်း ငေါက်ခနဲ ထိုင်ချလိုက်သည်မှာ စိတ်လှုပ်ရှားနေခဲ့ရပြီး ဗိုက်ဆာလွန်းနေတာကြောင့်လည်း ဖြစ်နိုင်တာမို့ သူစားစရာရှိတာ စစားခဲ့သည်။

ဒုတိယတစ်ပုဒ်ဖွင့်ကာ စာသားအနည်းငယ်လာပြီးနောက် ဟန်စုန့်ရွှယ်သည် စိတ်လောလာပြီး ခြေဆောင့်နင်းမိတော့သည်။

" ဒီ.. ဒီ.. ဒီသီချင်းနာမည်ကဘာလဲ!!!! ရုတ်တရက်ကြီး ငါကဘာလို့ မမှတ်မိတော့တာလဲ?!" ပြောပြီးနောက် စုချန်ယန်ဘက်ကို အကူညီတောင်းသလို ကြည့်ခဲ့သည်။

စုချန်ယန်လည်း ဘာမှမသိနားမလည်သလိုလေး မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။ ဒီသီချင်းနှစ်ပုဒ်လုံးကို အရင်က သူမ မကြားဖူးပေ။

တီးလုံးကိုတော့ ရေးတေးတေးလေးတော့ ကြားဖူးသလိုပင်။ သို့ပေမဲ့ အရင်က အလုပ်နှင့် လုံးလည်ချာလည်လိုက်ကာ မအားလပ်တာကြောင့် သီချင်းနားထောင်ဖို့ အချိန်မရှိခဲ့ပေ။

"အာ.. အာ.. အာာာာ.. အနာဂတ်! အနာဂတ်မလား! " ဟန်စုန့်ရွှယ်က သီချင်းခေါင်းစဉ်ကို ရှေ့နောက်တွေးမနေဘဲ ပြောချလိုက်သည်။

'အဖြေမှန်ပါတယ်!" အခုတော့ ဟန်စုန့် ရွှယ်သည် ထိုင်စားလို့ရပြီဖြစ်သည့် ဒုတိယမြောက်လူ ဖြစ်လာခဲ့သည်။

တတိယမြောက် သီချင်းဖွင့်ဖို့ အလှည့်ကျလာပြီဖြစ်ပြီး မိန်းကလေး၏ သီချင်းဆိုနေသည့်အသံမှာ စာသားအနည်းမျှရောက်လာပြီးနောက် ဟန်စုန့်ရွှယ်မှာ သူမအားခပ်ဆတ်ဆတ်လေး တွန်းခဲ့သည်။ " ဒီသီချင်း! စဉ်းစားရအရမ်းလွယ်တာနော်"

စုချန်ယန်က ကြောင်တောင်တောင်ဖြင့် ပြန်ကြည့်လေသည်။ "ဟမ်?"

"ဒီတိုင်း...ဘယ်သူ့သီချင်းလဲ! အဲ့ဒါ.. အဲ့ဒါအရမ်းလွယ်တယ်နော်!"

" အဟမ်း!... ဘေးကလူက ပြောပြလို့မရဘူး!''

လက်ထောက် ဒါရိုက်တာက ဟန်စုန့်ရွှယ်ကို ပြူးကြည့်နေပေမဲ့ အကြောက်တရားမရှိသည့် ဟန်စုန့်ရွှယ်ကတော့ သူ့ကိုတောင် ပြန်စိုက်ကြည့်ခဲ့သည်။ သူမ မျက်လုံးများက တခြားသူတွေထက် ပိုပြူးသည်။

လက်ထောက်ဒါရိုက်တာ - "..."

အဆုံးထိ ပြီးသွားတာတောင်မှ စုချန်ယန်ခမျာ စဉ်းစားမရပေ။

သူမနောက်က နောက်တစ်ယောက်ပြီး တစ်ယောက် ထိုင်သွားကြကာ နောက်ဆုံးမှာတော့ စုချန်ယန်တစ်ဦးတည်းသာ ကျန်ခဲ့တော့သည်။

သူမခေါင်းရှုပ်နေလေပြီ... တကယ့်ကို စိတ်ရှုပ်နေမိပြီ...

သီချင်းတွေထဲက တစ်ပုဒ်ကိုတောင် အရင်က ဘာလို့ တစ်ခါလေးတောင် နားမထောင်ခဲ့ဖူးတာပါလိမ့်...

" အဲ့သီချင်းလေ... အဲ့ဒါလည်း မသိဘူးလား?"

"တကယ်ကြီး?"

နောက်ဆုံးမှာတော့ သူတို့ရှေတွင်ရှိနေသည့် စားသောက်ဖွယ်ရာများကိုပင် မေ့သွားကြကာ စုချန်ယန်၏ သီချင်းနှင့်ပက်သက်ပြီး ဘယ်လောက်ထိ ဗဟုသုတ ခေါင်းပါးလဲဆိုသည်ကို အံ့ဩနေမိကြတာကြောင့် ဘယ်သူကမှ လည်း သတိပေးမလာကြချေ။

သီချင်းသုံးပုဒ်လုံး ဆက်တိုက်ဖွင့်ပြပြီးပေမယ့် စုချန်ယန်က ဘုမသိဘမသိကြည့်နေပြီး သီချင်းခေါင်းစဉ်ကိုလည်း ခုချိန်ထိ စဉ်းစားမရပေ။

Staff များမှာ မျက်နှာပူကုန်ကြကာ အရိုးရှင်းဆုံးနှင့် လူသိအများဆုံးဖြစ်ကာ သီချင်းအဟောင်းတစ်ပုဒ်ကိုပင် ဖွင့်ပြလာကြပေမဲ့ စုချန်ယန်မှာ မဖြေနိုင်သေးပေ။

ရှောင်လုက ဆက်တိုက်ဆိုသလို ခြေကိုဆောင့်ရင်းပြောလေသည်။ "စဉ်းစားလို့မရတော့ရင် ထားလိုက်တော့လေ.. ဘာလို့ဆက်စဉ်းစားခိုင်းနေတာလဲ! စုချန်ယန် ဗိုက်ဆာနေတော့မှာပေါ့ဟ!"

ထိုသို့ပြောပြီးနောက် သီချင်းဖွင့်နေတာကို ရပ်ခိုင်းရန် ထို Staff နားသွားခဲ့သည်။

လင်းယွီက သူမကို ကြည့်လိုက်ကာ ပြောလိုက်သည်။ " စုချန်ယန်ကို တခြားသူတွေထက် ပ,စားပေးပြီး မဆက်ဆံသင့်ဘူးလေ"

ရှောင်လုလည်း ခဏလောက် တွေဝေမိသွားသည်။"ဒါပေမဲ့..."

လင်းယွီလည်း အကြည့်ကို ပြန်လွှဲကာ စားပွဲဘေးတွင်တစ်ယောက်တည်းထိုင်ပြီး သီချင်းစာသားတွေကို ခက်ခက်ခဲခဲ ထိုင်စဉ်းစားနေသည့် စုချန်ယန်ဘက်ကို လှမ်းကြည့်ခဲ့သည်။

စုချန်ယန်၏ ပုံစံမှာလည်း တက်ကြွနေပြီး သီချင်းတွေထဲမှ တစ်ပုဒ်ကိုဖြေဆိုနိုင်ရန် ဇွဲမလျှော့စတမ်း ထိုင်စဉ်းစားနေခဲ့သည်။ အခြားသရုပ်ဆောင်များကလည်း သူမကို အားပေးနေကြသည်။

ဆူညံပွက်လောရိုက်နေစဉ် ဟန်စုန့်ရွှယ်ကတော့ စုချန်ယန်အတွက် ပုစွန်ကို အခွံခွာကျွေးဖို့ မမေ့ပေ။

ဟန်စုန့်ရွှယ်က တချို့တလေကို အခွံနွှာစဉ် ကျန်းရှစ်ချီကလည်း အခွံဝိုင်းနွှာခဲ့သည်။ ကျန်းရှစ်ချီ ပြီးလျှင် စုန့်မင်ကန်နှင့် ချီဖုတို့ကလည်း ပျော်ပျာ်ပါးပါး ဝိုင်းနွှာပေးကြသည်။

စုချန်ယန် ပါးစပ်မှာ စားစရာအပြည့်ဖြစ်နေပြီး ပါးနှစ်ဖက်သည်လည်း ဟမ်းစတားလေးလို ပလုတ်ပလောင်းဖြစ်နေသည်။

လင်းယွီသည် ခေါင်းငုံ့ကာ ရှောင်လုအား တစ်ခုခုပြောလိုက်သည်။ နားထောင်နေပြီးနောက် Staff တစ်ယောက်အား သွားပြောခဲ့သည်။ ထို့နောက် Staffသည်လည်း လက်ထောက် ဒါရိုက်တာဆီ ပြေးသွားပြီး တိုးတိုးလေး ကပ်ပြောလိုက်သည်။

သီချင်းနောက်တစ်ပုဒ် စဖွင့်ခဲ့သည်။

တီးလုံးစသည်နှင့် စားပွဲတွင် ထိုင်နေသည့် သရုပ်ဆောင်များမှာ ချက်ချင်း စိတ်လှုပ်ရှားလာကြပြီး စုချန်ယန်သည်လည်း အံ့အားသင့်ကာ ပါးစပ်ကိုအဆုံးထိဟထားမိသည်။

"အဲ့သီချင်းက ဘာပါလိမ့်..."

သရုပ်ဆောင်များသည် အချင်းချင်း ဇဝေဇဝါကြည့်မိကြကာ စီစဉ်သည့်အဖွဲ့မှ ဘာလုပ်နေကြမှန်း မသိကြတော့ချေ။

"စုချန်ယန်က 'အနာဂတ်'ဆိုတဲ့ သီချင်းတောင် မကြားဖူးတာ ဒီလိုသီချင်းမျိုးကို သူက ဘယ်လိုလုပ်ကြားဖူးမှာလဲ ဒီသီချင်းမှာ နာမည်တောင်ရှိရဲ့လား?" ဟန်စုန့် ရွှယ်က သိချင်စိတ်ပြင်းပြနေခဲ့သည်။

"စုချန်ယန် စားနေတုန်း မတ်တပ်ရပ်နေလေ။ နင့်ရဲ့ မတောက်တစ်ခေါက် ဗဟုသုတလေးနဲ့ သေတဲ့အထိ ဖြေနိုင်မှာကို မဟုတ်ဘူး..." ကျန်းရှစ်ချီက ရေထည့်ရင်း ပြောခဲ့သည်။

စုချန်ယန်လည်း ပါးစပ်ထဲရှိတာကို မျိုချရင်း ပြောလိုက်သည်။ "ငါ အဲ့သီချင်းသိတယ်"

ကျန်လူများ - " ? "

စုချန်ယန်မှ ဆက်ပြောလေသည်။ "ကြက်ကြော်ဆိုင်တစ်ဆိုင်ရဲ့ ၉ကြိမ်မြောက် ဈေးလျှော့ပေးတဲ့ ဗီဒီယိုထဲက နောက်ခံသီချင်း.. 'ကျွန်တော် Coke သောက်ချင်တယ်' "

သူမ ခဏလောက် ပြန်စဉ်းစားနေပြီး ထပ်ပြောခဲ့သည်။ " ကြော်ငြာက နာနတ်သီး ပီဇာနဲ့ နဂါးမောက်သီးပီဇာ အတွဲလိုက်အတွက်လေ.. အဲ့ဒါကိုအရမ်းစားချင်နေတာ..."

ဘေးပတ်ပတ်လည်ကလူများ -"..."

" နာနတ်သီး အရသာ ပီဇာ..."

ရှောင်လုလည်း ၎င်းကို တတွတ်တွတ်ရွတ်နေမိကာ တစ်ခုခုကိုသတိရသလိုမျိုး သူမဘေးက လင်းယွီကို လှည့်ကြည့်ခဲ့သည်။

ထို့နောက် ဖြစ်သွားသည့် မျက်နှာ အမူအရာမှာ တော်တော့်ကို ရှုပ်ထွေးသွားဟန်ပင်..

သူသည် တရုတ်ရိုးရာကို အစားအစာကို နှစ်သက်မြတ်နိုးသူဖြစ်ပေမဲ့ အီတလီသွေး တစ်ဝက်ပါသည်မို့လား...

" အဖြေမှန်ရသွားတဲ့အတွက် စုချန်ယန်ကို ဂုဏ်ပြုပါတယ်!"

တနေကုန် သုန်မှုန်နေခဲ့ပြီးနောက် စုချန်ယန်၏ စိတ်အခြေအနေမှာ ပြန်ပြီး ရွှင်လန်းတက်ကြွလာသည်။ သူမလည်းပြုံးကာ ထိုင်ရင်း ပန်းကန်ပြားကို ကြည့်လိုက်တော့ အသားတွေ ချည်းပုံနေသည်မှာ ပန်းကန်အောက်ခြေကိုပင် မမြင်ရတော့ချေ။

"လာစမ်းပါ နည်းနည်းထပ်စားဦး"

"နင်ဝအောင် မစားခဲ့ရလို့ စိတ်မကြည်ဖြစ်နေတာလား?"

" အခု အစီအစဉ်ကို ရိုက်ကူးနေပြီမို့လို့ နင့်ရဲ့မန်နေဂျာလင်းလည်း နင့်ကို ဘာမှ လာလုပ်ခိုင်းရဲမှာမဟုတ်ဘူး"

"စားစရာရှိစား သောက်စရာရှိသောက်!"

အသားတွေချည်းပုံနေသည့် ပန်းကန်ကိုကြည့်ရင်း သူမ၏ နှလုံးအိမ်ကို တူသေးသေးလေးနှင့် ထုရိုက်ခံလိုက်ရသလို ရင်ထဲထိသွားခဲ့သည်။

ဒါဆို.. အားလုံးက သူမဘာဖြစ်နေမှန်း သိကြတယ်ပေါ့?

စုချန်ယန် နင့်ရဲ့သရုပ်ဆောင်စွမ်းရည်က တော့်တော့်ကို ဆိုးတာပဲ..

" ကျေးဇူးပါ.. ဒါပေမဲ့ ငါအများကြီးမစားနိုင်ဘူး.." စုချန်ယန်က ပလုတ်ပလောင်းစားရင်း ပြောခဲ့သည်။

"ထားလိုက်ပါတော့ ဒီမနက် နင်က ငါတို့ရှေ့မှာ ဆရာမကြီးလိုမျိုး ဟိတ်ကြီးဟန်ကြီးလုပ်နေတာလေ.. ဟုတ်တယ်မလား?"

"ဘာမှမဖြစ်ပါဘူး ချန်ယန်ရယ် စားပြီးတာနဲ့ ငါတို့အကုန်လုံး လေ့ကျင့်ခန်းလုပ်ရမှာပဲကို"

"များများစား များများစား.. အဲ့ဒါမှ စိတ်လည်းကြည်လာမှာ.."

စုချန်ယန်လည်း ရယ်နေပေမဲ့ တစ်ချိန်တည်းမှာပင် အနည်းငယ် နေရအဆင်မပြေသလို ခံစားမိသည်။ သူမ ခေါင်းမော့ရင်း လင်းယွီ ရှိသည့်ဘက်ကို ကြည့်လိုက်သည်။

သူသည် ကမ်းခြေ၏အလည်နားတွင် မတ်တရပ်နေကာ ကျစ်လစ်သွယ်လျသည့် ပုံစံရှိသည်။

ပင်လယ်ပြင်၏ လေပြည်လေညှင်းတွေသည် သူ၏ ဆံသားများကြား တိုးတိုက်ဝင်ရောက်သွားသည်။ စုချန်ယန်မှ သူ့အား လှမ်းကြည့်နေစဉ်တွင် နှုတ်ခမ်းထောင့်များ ကော့တက်သွားရင်း နူးညံ့ညှင်သာစွာ ပြုံးပြခဲ့သည်။

"စားလေ" သူ့ နှုတ်ခမ်းက မသိမသာ ပွင့်ဟသွားပြီး တိတ်တဆိတ် ပြောခဲ့သည်။

သူတို့နှစ်ဦးသည် မီတာအတော်များများ ဝေးကွာနေပေမဲ့လည်း စုချန်ယန်က သူ့အသံကို ကြားလိုက်ရသလိုပင်။

သူမ နှလုံးသားလေးသည်လည်း အရှိန်အဟုန်ပြင်းစွာ ခုန်လာပြန်သည်။

သူမ ထင်လိုက်မိသည်မှာ မန်နေဂျာလင်း ပျော်သွားအောင် တစ်ခုခု လုပ်မိသွားပြန်သည်ဟုသာ...

သူမ ဘာလုပ်ခဲ့မိလို့လဲ?...

စုချန်ယန်တစ်ယောက် သိချင်စိတ် ပြင်းပြနေပြန်သည်။

ဤသို့ဖြစ်သွားရခြင်းကြောင့်သာ သူမ စိတ်ထဲတွင် အနည်းငယ် နေသာထိုင်သာ ရှိသွားရပြန်သည်။

All Chapters