အခန်း ၇၅
Vol. 6 Ch. 75
အကုန်လုံး စားပြီးကြသည်နှင့် ပရိုဂရမ်အဖွဲ့မှ တည်းခိုရာနေရာဆီ ပြန်ပို့ပေးခဲ့ကြသည်။
ဧည့်ခန်းမထဲ ထိုင်နေကြချိန် စုချန်ယန်ကတော့ ပျင်းတိပျင်းရွဲနှင့် ဆိုဖာကိုမှီထားခဲ့သည်။ လူ့ခန္ဓာကိုယ် သဘာဝအရကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် သူမ ဗိုက်တင်းသွားသည်နှင့် အိပ်ချင်လာပြီဖြစ်သည်။
လက်ထောက်ဒါရိုက်တာ လက်ထဲမှာ ကဒ်ပြားအနည်းငယ် ကိုင်လာတာကို မြင်တော့ အားလုံး စိတ်ထဲ၌ အချက်ပေးခေါင်းလောင်းသံများ မြည်သွားကြသည်။
"အဲ့ဒါက အခန်းနံပါတ်တွေလား?"
"ဒီတစ်ခါလည်း အခန်းနံပါတ် ၁ ပဲလို့တော့ မပြောနဲ့နော်!"
"ကမ်းခြေနားမှာ အိမ်နည်းနည်းပဲရှိတယ်။ ၉ ယောက်မြောက် ဧည့်သည်ကိုတော့ ပင်လယ်ပြင်ပေါ်မှာ နေရအောင်တော့ မလုပ်ဘူးမလား?"
စုချန်ယန်လည်း အလန့်တကြား ထရပ်မိသည်။ သူမ နေရမည့် ပတ်ဝန်းကျင် အခြေအနေကိုတော့ သိပ်ဂရုမစိုက်ပေမဲ့ ဒီတစ်ခါတော့ ညမီးအိမ်ထွန်းသည့် ပလတ်ခေါင်း တစ်ခုတည်းသာ ယူခဲ့သည်ပင်။ ပင်လယ်နားမှာသာ နေရမည်ဆိုလျှင် သူမတော့ ပြဿနာတက်ပြီဖြစ်သည်။
လက်ထောက်ဒါရိုက်တာက မျက််ဖြူ လှန်ပြရင်း ပြောခဲ့သည်။ " Villa တစ်လုံးငှားရတာ ဘယ်လောက်ဈေးကြီးလဲသိလား? နေရာတိုင်းကို ငှားဖို့ ငါတို့မှာပိုက်ဆံမရှိဘူး "
ထိုသို့ပြောလိုက်တော့မှ အားလုံး ရင်ထဲမှ အလုံးကြီးလည်း ကျသွားတော့သည်။" အိုခေလေ အဲ့လိုဆိုရင်တော့ရပါတယ်"
"ဒါနဲ့ လက်ထဲကဟာက ဘာလဲ"
လက်ထောက် ဒါရိုက်တာက လက်ထဲက ကဒ်များကို ထောင်ပြရင်း ပြောခဲ့သည်။ "အလှည့်ကျစားတဲ့ဂိမ်းကစားရအောင်"
ချီဖုမှ ရှေ့တိုးလာပြီး ကဒ်ကိုကြည့်ကာ ပြောခဲ့သည်။ "ပင်လယ်စာ ပုံတွေ?"
"ဟုတ်တယ်.. မင်းတို့ အခုစားပြီးတဲ့ ပင်လယ်စာတွေကို စီစဉ်တဲ့အဖွဲ့ဘက်က ပြည်တွင်းဖြစ် ပင်လယ်စာဈေးထဲကနေ ပိုက်ဆံမရှင်းဘဲ အကြွေးဝယ်လာတာ"
အားလုံး - "..."
"ပြန်ပြောပေးလို့ ရမလား?"
"ရှင်တို့ရဲ့ အစီအစဉ်အဖွဲ့က ပိုက်ဆံမရှင်းဘဲ အကြွေးယူလာရလောက်အောင်ကို မွဲနေကြပြီလား?"
" ငါတို့ ဘာလို့ မစားဘဲ မနေလိုက်မိတာပါလိမ့်! ပိုက်ဆံမရှင်းဘဲ မျက်နှာအပျက်ခံပြီး အကြွေးယူလာဖို့ထိ လိုလို့လား?"
လက်ထောက်ဒါရိုက်တာက ချောင်းဟန့်ကာ ရှင်းပြခဲ့သည်။ " ငါတို့မွဲနေလို့တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ Villa ငှားပေးချင်ပေမဲ့ ဘတ်ဂျက်က သတ်မှတ်ထားပြီးသားမို့လို့ပါ။ မင်းတို့လည်း သန့်ရှင်းတဲ့ တကယ့်သဘာဝ ပင်လယ်စာအရသာကို မြည်းစမ်းနိုင်ခဲ့မယ်လို့ မျှော်လင့်ပါတယ်။"
"ဒါဆို အဲ့ဒီ့သဘာဝ ပင်လယ်စာတွေကို ဘယ်ကရမှာတဲ့လဲ?"
"ယုံချင်ယုံ မယုံချင်နေ... စားထားသမျှအကုန် အခုချက်ချင်း အန်ပစ်လိုက်တော့မယ်!"
"သက်သက်မဲ့ ပေါင်းကြံထားကြတာ! အစီအစဉ် အဖွဲ့ဘက်က ရုတ်တရတ်ကြီးထပြီး ရက်ရောပြပြီးမှ ငါတို့အတွက် ထောင်ချောက် ဆင်ထားတာဖြစ်နေမယ်လို့ အစထဲက ကြိုသိထားပြီးသား"
"ဘယ်လိုပဲဖြစ်ဖြစ်! ဘယ်လိုပဲဖြစ်ဖြစ်... အခုချိန်မှာ မင်းတို့က ပုံထဲမှာပါတဲ့ နေ့လည်စာတွေထဲက စားခဲ့တဲ့ဟင်းပွဲတိုင်းရဲ့ ပါဝင်ပစ္စည်းမှန်သမျှကို မှန်မှန်ကန်ကန်နဲ့ ဖော်ပြနိုင်ရမယ် ဟိုဟာအပါအဝင်....ဟို..."
ထိုခဏမှာတော့ လက်ထောက်ဒါရိုက်တာ၏ မျက်နှာမှာ ပြောမထွက်သော အရိပ်အယောင်ကိုပင် ဖုံးမထားနိုင်တော့ချေ။
အားလုံးလည်း သင်္ကာမကင်းဖြစ်ကုန်ကြကာ မေးလိုက်သည်။ "ဘယ်ဟာအပါအဝင်လဲ?"
"အဟမ်း.. ဟင်းခတ်အမွှေးအကြိုင်"
"??"
"ရှင်တကယ် လူစကားပြောနေတာကော ဟုတ်ရဲ့လား?"
ကျန်းရှစ်ချီသည် အဓိကကျသည့် ဆိုလိုရင်းကို အသေအချာ မှတ်ထားပြီးမေးခဲ့သည်။ "တကယ်လို့ ကျွန်မတို့ မရှာနိုင်ခဲ့ရင်ရော?"
လက်ထောက်ဒါရိုက်တာ - "ညနေဘက် ရေကျသွားတာနဲ့ အစီအစဉ် အဖွဲ့ဘက်ကနေ ခုံးကောင်တူးဖို့အတွက် အကုန် စီစဉ်ပေးထားလိမ့်မယ်။ ပါဝင်ပစ္စည်းအားလုံးကို ရှာနိုင်တော့မှ မနက်ဖြန်မနက်မှာ ပင်လယ်စာရောင်းတဲ့ ဈေးသည်ကို အကုန်ပေးခဲ့ရမှာ ဖြစ်ပါတယ်။ ပြီးတော့မှ ဟင်းခတ်အမွှေးအကြိုင်တွေ ဝယ်ဖို့ တခြားပိုနေတဲ့ ပင်လယ်စာတွေကို ထပ်ရောင်းရမယ်။ အဲ့ဒါတွေ အကုန်ပြီးသွားမှ တာဝန်တွေအကုန် ပြီးမြောက်တယ်လို့ သတ်မှတ်ပေးမှာဖြစ်ပါတယ်။ အကုန်မပြီးခဲ့ရင်တော့ နောက်နှစ်ရက်အထိ ဈေးမှာ ပင်လယ်စာတွေ ကူရောင်းပေးရမှာပဲ ဖြစ်ပါတယ်"
စုချန်ယန်လည်း ခဏလောက် ငြိမ်ကျသွားပြီး မေးခဲ့သည်။"တကယ်ကြီး။ ဘာပိုက်ဆံမှ မရှင်းခဲ့တာလား?"
"တစ်ပြားမှ မပေးခဲ့ဘူး" လက်ထောက်ဒါရိုက်တာက ခပ်တည်တည် ပြန်ပြောခဲ့သည်။
အမှန်မှာတော့ သူ တစ်ခုခု.ပေးခဲ့ပေမဲ့ ဤအစီအစဉ်၏ အကျိုးရလဒ် ပိုကောင်းဖို့အတွက်သာ လုပ်ရခြင်းဖြစ်သည်။
"အခု အကုန် ပြန်အန်ထုတ်လိုက်လို့ ရမလား?" စုချန်ယန်လည်း အတည်မေးနေခြင်းပင်။
သူမ နောက်နေခြင်းမဟုတ်ဘဲ တကယ်ပြောနေတာဖြစ်သည်။ ဈေးမှာ ပင်လယ်စာတွေ ကူရောင်းရတာကိုတော့ ဘာမှမဖြစ်ပေမယ့် တစ်ယောက်ယောက်ဆီက အလကားစားရတာကိုတော့ စိတ်ထဲနေရသည်မှာ မသန့်တော့ချေ။
"ရှင်တို့က အဆိုးဝါးဆုံးပဲ! စောစောကသာ ကြိုသိခဲ့ရင် ဒီကနေထွက်ပြေးပြီး အဆာငတ်ခံနေလိုက်ရမှာ။ ရှင်တို့ ကျွေးတဲ့ထဲက တစ်လုတ်တောင်စားမိမှာ မဟုတ်ဘူး! " ဟန်စုန့်ရွှယ်က စိတ်တိုတိုနှင့် ပြန်ပြောခဲ့သည်။
" အဲ့ဒါတွေ အကုန်ကျက်နေတာကိုပဲ ငါမှတ်မိတာလေ
သူတို့အရှင်လတ်လတ်ကြီး ရှိနေတုန်းက ဘယ်လိုပုံစံလဲဆိုတာ ငါက ဘယ်လိုသိမှာလဲ!"
"ဧရာမခုံးကောင်နဲ့ ရိုးရိုး ခုံးကောင်ရဲ့ ခြားနားချက်ကဘာလဲ?"
"အချိန်တွေဖြုန်းမနေနဲ့ မြန်မြန်ရွေးပြီး ငါတို့ကို တခြားကဒ်တွေပေးလိုက်တော့ " လက်ထောက်ဒါရိုက်တာက ဆော်ဩခဲ့သည်။
"ပါဝင်ပစ္စည်း..." ချီဖုက ဆိုဖာဘေးတွင် တံခါးနှင့် အနီးဆုံးနေရာတွင် မတ်တပ်ရပ်လိုက်သည်။
သူ့ကိုယ်သူနှုတ်မှ ရေရွတ်နေလိုက်သည်။ ပြီးတော့မှ Staff တစ်ယောက်မှ သူ့အားအာရုံမရှိစဉ် တံခါးနားမှ သုတ်ခြေတင် ထွက်သွားခဲ့သည်။
ထိုသို့သွားနေစဉ် Staff မှ သတိထားမိသွားပြီး သူ့ကိုတားဖို့ ကြိုးစားခဲ့သည်။ ခြေလှမ်းအကျဲကြီး တစ်လှမ်းလှမ်းလိုက်ပြီး ကမ်းခြေတွင်ရှိနေသည့် ညစာပြင်ထားပြီးသား စားပွဲနားကို တည့်တည့်မတ်မတ်လျှောက်သွားခဲ့သည်။
"ချီဖု! တစ်ဖွဲ့လုံးရဲ့ မျှော်လင့်ချက်က မင်းအပေါ်မူတည်နေတယ်နော်!"
"လုပ်စမ်းပါ! အကျန်နည်းနည်း ရှိတဲ့ဟာတွေ အရင်ရှာ!"
လက်ထောက်ဒါရိုက်တာက အေးအေးဆေးဆေးရှိနေပြီး တည်ငြိမ်လွန်းလှသည်။
ခဏကြာတော့ ချီဖုလည်း တံခါးဝမှ ဝင်လာခဲ့သည်။
၈ယောက်လုံးက သူ့ကို စိတ်အားထက်သန်စွာ ကြည့်ပြီး မေးခဲ့သည်။"ဘယ်လိုလဲ? ဘာဟင်းတွေလဲ?"
ချီဖုမှ မျှော်လင့်ချက်မဲ့စွာဖြင့် ပြောခဲ့သည်။ "စားပွဲကို သူတို့ရွှေ့ထားနှင့်ပြီးပြီ"
ထိုသို့ကြားလျှင် အားလုံးက လက်ထောက်ဒါရိုက်တာကို စိတ်တိုတိုနှင့် စိုက်ကြည့်ခဲ့ကြသည်။
လက်ထောက်ဒါရိုက်တာမှာ နည်းနည်းတောင်ဖြုံမသွားဘဲ ပိုလို့ပင် ဆော်ဩလေသည်။
"မြန်မြန်လုပ်ကြပါ နှစ်မိနစ်ပဲ အချိန်ရတာနော်။ ဆုံးဖြတ်ပြီးတာနဲ့ ကျန်တဲ့ကဒ်တွေကို ဒီကိုပေးရပါမယ်"
"ပုစွန်နဲ့ အမွှေးများများပါတဲ့ ဂဏန်းကို ရွေးရအောင်"
ထန်ချီက သတိပေးခဲ့သည်။
၎င်းပင်လယ်စာနှစ်ခုသာလျှင် သူတို့အများဆုံးစားခဲ့ခြင်းဖြစ်သည်။
သို့ပေမဲ့ စောစောက စားပွဲပေါ်မှာရှိတဲ့ ပင်လယ်စာဟင်းပွဲ ၂၀ ကျော်ကို ပြန်စဉ်းစားကြည့်လျှင် တချို့ကို သူတို့ကြိုက်ကြပေမဲ့ တချို့ကိုတော့ မကြိုက်ကြချေ။ အားလုံးကို မှတ်မိဖို့ဆိုသည်မှာလည်း ဖြစ်နိုင်ချေမရှိပေ။
လက်ထောက်ဒါရိုက်တာက အချိန်မှီပြောခဲ့သည်။ "မနက်ဖြန် ရောက်တဲ့အထိ ပင်လယ်စာ ၃ မျိုး ထက်ပိုပြီး ဈေးသည်တွေကို မပေးနိုင်ခဲ့ဘူးဆိုရင် မင်းတို့အားလုံး ပင်လယ်စာရောင်းတဲ့ ဈေးထဲမှာနေပြီး အလုပ်လုပ်ရမှာပါ ညဘက်ကျတော့ ဒေသခံ တံငှါသည်တွေနဲ့ ငါးသွားမျှားရပါလိမ့်မယ်"
ကြေငြာပြီးသည်နှင့် လူအုပ်ကြီးဆီမှ နောက်ထပ်တစ်ဖန် မထီမဲ့မြင်ပြုသောအကြည့်ဖြင့် ကြည့်ခံခဲ့ရသည်။
စုချန်ယန်က ကဒ်ကိုယူထားလိုက်ပြီး လက်ထောက်ဒါရိုက်တာက အချိန်ရေတွက်ခြင်းကို စတင်ကြေငြာလိုက်သည်။
"ကျွန်မက အစားမရွေးဘူး ပင်လယ်စာတွေ အကုန် မြည်းကြည့်ပြီးပြီ" စုချန်ယန်က တည်တည်ငြိမ်ငြိမ်နှင့်ပြောခဲ့သည်။
လူအုပ်ကြားတွင်ရှိနေသည့် တင်းမာနေသောလေထုက ဖြေးဖြေးချင်း လျော့ကျသွားခဲ့သည်။
စုချန်ယန်သည် ကဒ်ကို ခပ်မြန်မြန် အပေါ်ယံမျှကြည့်လိုက်ပြီး သူမစားခဲ့သည်များကို ခွဲကြည့်လိုက်တော့
မစားလိုက်ရသော ဟင်းပွဲများကို မျက်မှန်းတန်းမိသွားသည်။
နှစ်မိနစ်အတွင်း စားပွဲပေါ်မှာရှိသမျှ ဟင်းပွဲအားလုံးနီးပါးကို ဖော်ထုတ်နိုင်ခဲ့သည်။
အချိန်စေ့ပြီနောက် စုချန်ယန်က ကဒ်ကိုထောင်ပြကာ လက်ထောက်ဒါရိုက်တာကို မေးခဲ့သည်။ "ဒီကဒ်ထဲက ပင်လယ်စာတွေ အားလုံးကို ရေကျသွားရင် ရှာလို့တွေ့မယ်ဆိုတာ သေချာလား?"
လက်ထောက်ဒါရိုက်တာက မုန်းစရာကောင်းအောင် ပြုံးရယ်ကာ ပြောခဲ့သည်။
" ငါပြောပြီးပြီလေ တခြားပိုဖမ်းမိတဲ့ ပင်လယ်စာမှန်သမျှ ရောင်းပြီး ရလာတဲ့ပိုက်ဆံနဲ့ ဟင်းခတ် အမွှေးအကြိုင်တွေ ဝယ်လို့ရတယ်လို့။ ရေကျနေတုန်း ဘယ်ဟာကိုမှ ရှာမတွေ့ရင်တော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဝယ်လိုက်လည်းရတယ်..."
ထိုထုတ်ပြန်ကြေငြာချက်သည် ပြိုင်ပွဲဝင်များ၏ ဒေါသကို ချက်ချင်းဆွ ပေးလိုက်သလိုပင်။
"ချီးလိုပဲ! သက်သက်ဝိုင်းညစ်တာ!"
"တချို့ပင်လယ်စာတွေက ရေကျရုံနဲ့တင် ရှာလို့မရနိုင်တာတွေလည်းရှိမှာပဲကို"
"သေချာတာပေါ့.. အမွှေးပါတဲ့ ဂဏန်းတွေနဲ့ ပုစွန်တွေဆို ပင်လယ်ထဲမှာ ဘယ်လိုလုပ်ရှာလို့ရမှာလဲ သူတို့ကရေချိုသတ္တဝါတွေလေ"
စုချန်ယန်လည်း ခဏတာမျှ နှုတ်ခမ်းကို စူထားမိသည်။ ကဒ်ပေါ်မှာ ပင်လယ်စာ တော်တော်များများမှာ ပင်လယ်ထဲမှရသည် မှန်သော်လည်း ရေကျနေစဉ် အတောအတွင်း အကုန်လုံးကို ရအောင်စုဆောင်းနိုင်ဖို့ဆိုသည်မှာ မလွယ်လှချေ။
စုချန်ယန် - " ဘယ်လို အမျိုးအစားပဲဖြစ်ဖြစ် ငါတို့ကောက်ရသလောက် ကောက်သွားကြပြီး မနက်ဖြန်ကျရောင်းမယ်။ ပြီးတာနဲ့ ဝယ်စရာရှိတာ ထပ်ဝယ်ကြမယ်"
ဟန်စုန့်ရွှယ် - "သဘောတူတယ်"
ကျန်းရှစ်ချီသည်လည်း ခေါင်းငြိမ့်ကာ သဘောတူကြောင်းပြောခဲ့သည်။"အိုခေလေ"
စုချန်ယန် ထောက်ပြသော ဖြေရှင်းနည်းက တကယ်ကို ဖြစ်နိုင်ချေအရှိဆုံး နည်းလမ်းသာ ဖြစ်သည်။
စုချန်ယန်က တော်တော်ကြာသည်အထိ စဉ်းစားလိုက်ပြီး ပြောခဲ့သည်။ " ဒီအနီးအနားမှာ ရေချိုရေကန်တွေ အနည်းအများတော့ ရှိကိုရှိလိမ့်မယ်။ အဖွဲ့နှစ်ဖွဲ့ခွဲပြီးတော့ ဒီည အဲ့ကိုသွားရအောင်"
ချီဖု - " ညဘက်ဆိုရင်တော့ တံငှါသည်တွေ ပင်လယ်ပြင်မှာ ရှိနေလောက်တယ်။ သူတို့နဲ့ တူတူသွားလို့ရမလားဆိုတာကို မေးကြည့်ပြီး လိုတဲ့ပစ္စည်းတွေ ပြန်လာယူလိုက်မယ်"
မည်သူမှ မငြင်းဆန်ခဲ့ကြချေ။ အစားအသောက်နဲ့ ပက်သက်သည့်ကိစွများဆိုလျှင် သူတို့ စုချန်ယန်ကို ယုံကြည်ကြသည်။