ဇီယာအာလူး
Vol. 5 Ch. 65
လူတစ်ယောက်သည် လိုင်ဖူတည်းခိုခန်းတွင် သူ့ကိုယ်သူ ကြိုးဆွဲချသည်။
ခရိုင်တရားသူကြီးမင်းစုန့်သည် အစီရင်ခံစာကို လက်ခံရရှိသည့်အခါ ယင်းကို အလွန် အလေးအနက်ထားခဲ့သည်။ ဤသည်မှာ သူတာဝန်ယူပြီးနောက် ပထမဆုံးလူသတ်မှုဖြစ်သည့်အတွက် သူ ဂရုမပြုပဲ မနေနိုင်ခဲ့ပေ။ သို့သော် သူသည် လူသေလောင်း၏ အသွင်အပြင်ကို မြင်သောအခါ သူ မျှော်လင့်ထားသည့်ပုံ လုံး၀ မဟုတ်ခဲ့ပေ။
“ဘယ်လိုလုပ် သူဖြစ်နေတာလဲ။”
“သခင်ကြီး” ခရိုင်ကာကွယ်ရေးခေါင်းဆောင်ကျန်းက အလျင်စလို မေးခဲ့သည်။ “ဒီလူကို သိလို့လား။”
“ငါ သူ့ကို သိတယ်လို့ မပြောပါဘူး။” ခရိုင်တရားသူကြီးမင်းစုန့်က ပြောခဲ့သည်။ “ဒီလူက အတိုင်ပင်ခံဟယ်လေ။ စီရင်စုမှုးဟူရဲ့ ဆရာလေ။”
အာ…
ခရိုင်ခေါင်းဆောင်ကျန်းသည် ကြက်သေ သေသွားခဲ့သည်။
စီရင်စုမှုးဟူ၏ ဆရာဖြစ်သည့် သူသည် မည်ကဲ့သို့များ ပိုင်ချွမ်းသို့ ရောက်ရှိလာခဲ့ပြီး တည်းခိုခန်းထဲတွင် ကိုယ့်ကိုကိုယ် ကြိုးဆွဲချကာ အဆုံးစီရင်သွားခဲ့ရသနည်း။
အခင်းဖြစ်ပွားရာနေရာသည် မသင်္ကာစရာ တစ်စုံတရာကိုမှ ဖော်ပြခြင်း မရှိပဲ သူသည် သေတမ်းစာတစ်ခုကိုတောင် ချန်ရစ်ထားခဲ့သော်လည်း ဤသည်မှာ အတော်လေး ယုတ္တိမညီပေ။
ဤဆရာသည် အမှန်တကယ်ပင် ရှက်စရာကိစ္စရပ်များကို ပါဝင်ပတ်သက်လိုသည့် ဆန္ဒမရှိတော့ပဲ တရားနည်းလမ်းတကျ ဖြစ်လိုခြင်းကြောင့် မိမိကိုယ်ကို အဆုံးစီရင်သွားခြင်း ဖြစ်နိုင်ပေလား။
ခရိုင်တရားသူကြီးမင်းစုန့်ကလည်း အမှန်ပင် ထိုသို့ မထင်မြင်ခဲ့ပေ။ သည့်အပြင် သူထံ၌ အလွန်ပင် ရဲရင့်သည့် ထင်မြင်ယူဆချက်တစ်ခုပင် ရှိနေခဲ့သည်။
“သူ့ကိုယ်သူ ကြိုးဆွဲချတာ မဖြစ်နိုင်ဘူး။ သူ အသတ်ခံရတာပဲ ဖြစ်မယ်။” ခရိုင်တရားသူကြီးမင်းစုန့်က ပြောခဲ့သည်။ “ပြီးတော့ လူသတ်သမားက… လွဲရင် တခြားသူ မဖြစ်နိုင်ဘူး။”
ခရိုင်ကာကွယ်ရေးခေါင်းဆောင်ကျန်းသည် တံတွေးများကို ခက်ခက်ခဲခဲ မြိုချခဲ့ပြီး အလွန်စိတ်လှုပ်ရှားကာ မေးခဲ့သည်။ “ဘယ်သူလဲခင်ဗျ။”
“မင်း..”
ခရိုင်ကာကွယ်ရေးခေါင်းဆောင်ကျန်း - …
“မင်းက ငါ့အပေါ် အရမ်းသစ္စာရှိပြီး ဟဲဝမ်ရွာက အမျိုးသမီးလီကိုလည်း ကာကွယ်ပေးချင်တာ ငါသိပါတယ်”ဟု ခရိုင်တရားသူကြီးမင်းစုန့်က ပြောခဲ့သည်။ “မနေ့က အမျိုးသမီးလီကို တစ်ယောက်ယောက်က တိတ်တိတ်လေး အန္တာရာယ်ပေးဖို့ ကြိုးစားနေတာကို မင်းတွေ့လိုက်တယ်။ ပြီးတော့ အတိုင်ပင်ခံဟယ်က ငါ့ကိုလည်း ဒုက္ခပေးချင်နေတာကို မင်း အမှတ်တမဲ့ သိလိုက်ရတော့ သူ ငြိမ်ငြိမ်နေအောင်လို့ မင်း သူ့ကို အမြန်သတ်ပစ်လိုက်တာပဲ။ ကျန်းရီ၊ မင်းမှာ ရည်ရွယ်ချက်ကောင်းတွေ ရှိတာကို ငါနားလည်ပေမဲ့ ဒီကိစ္စကို ဖြေရှင်းဖို့ နည်းလမ်းတွေ အများကြီး ရှိတယ်ကွ။ ဘာလို့ မင်းလက်နဲ့ တရားဥပဒေကို ဖြေရှင်းရတာလဲကွာ။ ဟေ့ အစောင့်တွေ၊ ဒီအရာရှိကို လာဖမ်းစမ်း။”
အခင်းဖြစ်ပွားရာ နေရာရှိ လူများသည် တုန်လှုပ်ခြောက်ခြားစွာဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်နေခဲ့ကြသည်။
ဒီလူကို တကယ်ပဲ ခေါင်းဆောင်ကျန်းက သတ်ပစ်တာ ဖြစ်နိုင်လောက်လား။
ခရိုင်ကာကွယ်ရေးခေါင်းဆောင်ကျန်းအား မြေကြီးပေါ်တွင် မလှုပ်နိုင်အောင် ချုပ်ထားသင့်မသင့် မသိနေသော အစောင့်များနှင့် ရင်ဆိုင်ရသောအခါ ခရိုင်ကာကွယ်ရေးခေါင်းဆောင်ကျန်းသည် သူ့နဖူးမှ ချွေးများ မနည်းမနော ထွက်လာခဲ့ပြီး သူ့ကိုယ်သူ အလျင်အမြန် ကာကွယ်ခဲ့သည်။ “သခင်ကြီး၊ မနေ့ကညတုန်းက ကျွန်တော်မျိုး ခရိုင်ရုံးမှာ တာဝန်ကျနေတာပါခင်ဗျာ။ ကျွန်တော်မျိုးညီတွေက သက်သေခံပေးနိုင်ပါတယ်…။”
“အမှန်ပဲလား။”
“ဒီနိမ့်ပါးတဲ့လူက သခင်ကြီးကို မလှည့်စားရဲပါဘူးခင်ဗျာ။”
“သခင်ကြီး” အစောင့်တစ်ယောက်လည်း ပြောလာခဲ့သည်။ “ခေါင်းဆောင်ကျန်းက အမှန်တိုင်း ပြောနေတာပါခင်ဗျာ။ ”
“မင်းမဟုတ်ဘူးဆိုရင် တခြားဘယ်သူကမှ သူ့ကိုသတ်ဖို့ အကြောင်းမရှိဘူး။” ခရိုင်တရားသူကြီးမင်းစုန့်သည် အနည်းငယ်မျက်မှောင်ကြုတ်ကာ ခတ္တခဏမျှ တွေးဆခဲ့ပြီးနောက် ပြောခဲ့သည်။ “နောက်ဆုံးတော့ သူ့ကိုယ်သူ သတ်သေသွားတယ်လို့ မြင်ရတယ်။ ဒီအမှုကို ပိတ်လိုက်ပါ။ စီရင်စုမှုးဟူကို အကြောင်းကြားဖို့ သေချာပါစေ။”
“ဟုတ်ကဲ့ပါ။”
ခရိုင်ကာကွယ်ရေးခေါင်းဆောင်ကျန်းသည် စိတ်သက်သာရာ ရသွားသည့်အတွက် သက်ပြင်းရှည်ကြီးချခဲ့သည်။ ခရိုင်တရားသူကြီးမင်းစုန့်သည် ယနေ့ အနည်းငယ် ထူးဆန်းနေသည်ဟု သူ ဘာကြောင့် ခံစားမိနေရတာပါလိမ့်။
ခရိုင်တရားသူကြီးမင်းစုန့်သည် အချိန်အကြာကြီး မနေခဲ့ပေ။ သူသည် အခင်းဖြစ်ပွားရာနေရာကို ချန်ကာ လှည့်ထွက်သွားခဲ့သည်။
ယမာန်နေ့ညက ခရိုင်ကာကွယ်ရေးခေါင်းဆောင်ကျန်းသည် ခရိုင်ရုံးတွင် တာဝန်ကျနေသည်ကို အမှန်တကယ်တွင်မူ သူသိခဲ့သည်။ ယခုတွင် သူ၏ တမင်သက်သက် “အပြစ်မဲ့သူအပေါ် မဟုတ်မမှန် စွပ်စွဲကာ သက်သေအထောက်အထားထုတ်ခြင်း”သည် တခြားသူများကို ပြသရန်အတွက်သာ ဖြစ်သည်။
အတိုင်ပင်ခံဟယ် အမှန်တကယ် မည်သို့သေဆုံးသွားမှန်း သူ ကောင်းမွန်စွာ သိရှိသည်။
ရာထူးမှ ဖယ်ရှားခံရပြီးနောက် သူ၏သက်ကြီးရွယ်အိုဖခင်သည် သူ့အား အလွန်အမင်း စိတ်ပျက်ခဲ့ပြီး သူ့ကို တွေ့ပင်မတွေ့ချင်ခဲ့တော့သော်လည်း သူ့မိသားစုသည် သူ့အား တိတ်တဆိတ် ကာကွယ်ရန် လူတချို့ကို စေလွတ်ထားဆဲဖြစ်ကြောင်း သူသိသည်။
သို့သော် ယခုတစ်ခေါက်တွင်မူ သူတို့ အလွန်ဝေးဝေးသို့ သွားခဲ့သည်။ ဤသည်မှာ သူ့အဖေ၏ နည်းလမ်းများကို သူ မကြိုက်ရသည့် အကြောင်းအရင်းများထဲမှ တစ်ခုလည်း ဖြစ်သည်။
သူတို့သည် အလွန်ပင် ရက်စက်ယုတ်မာလွန်းလှသည်။
***
လီယောင်သည် ရင်းနှီးကျွမ်းဝင်သော လမ်းကြောင်းကို လျှောက်ကာ ချိုင့်ဝှမ်းအောက်ခြေသို့ ဆင်းသွားခဲ့သည်။
နောက်ဆုံးတစ်ခေါက်တွင် အရေးပေါ်အခြေအနေကြောင့် သူမသည် မိုင်အနည်းငယ်ကိုသာ စူးစမ်းနိုင်ခဲ့သည်။ ယခုတစ်ခေါက်တွင်မူ သူမသည် နှစ်ရက်သုံးရက်မျှ အချိန်ယူကာ ချောက်နက်အဆုံးထိသို့ သွားရန် စိတ်ကူးထားခဲ့သည်။
ချိုင့်ဝှမ်းအတွင်းရှိ လေထုစိုထိုင်းမှုပမာဏသည် အလွန်ပင် သိပ်သည်းသောကြောင့် ဟင်းသီးဟင်းရွက်များသည် အပြင်ဘက်ထက် ပို၍ စိမ်းလန်းကာ သန်စွမ်းသည်။ မည်သူတစ်ဦးတယောက်မျှ ဤနေရာသို့ မလာရောက်ဖြစ်သောကြောင့် တောတွင်းစားကောင်းသောက်ဖွယ်ရာများ အလွန်ပေါများလှသည်။
သုံးမိုင်မျှ လမ်းလျှောက်ခဲ့ပြီးနောက် လီယောင်သည် နေ့လည်စာနှင့်ညစာအတွက် ပြည့်ပြည့်၀၀ တောကြက်နှစ်ကောင်ကို ဖမ်းမိခဲ့ပြီး ဖြစ်သည်။
ရှေ့သို့ဆက်၍ သွားခဲ့သော် ညနေဆည်းဆာအချိန်သို့ နီးကပ်လာခဲ့ပြီး အလွန်ရှည်လျားကျဉ်းမြောင်းသည့်အပိုင်းကို ဖြတ်သန်းပြီးနောက် ရုတ်တရက် မြင်လိုက်ရသည့် မြင်ကွင်းသည် အလွန်ကျယ်ပြန့်သည့် ဟင်းလင်းပြင်မြေပြန့်တစ်ခု ဖြစ်သည်။
မြေပြန့်လွင်ပြင်သည် အလွန်ကြီးမားကျယ်ပြန့်ပြီး အနည်းဆုံး ဧက ၂၀၀၀ခန့်ရှိသည်။ မတ်စောက်သော ချောက်ကမ်းပါးနံရံများက ဝန်းရံထားပြီး ရှေ့သို့ ဆက်သွားရန် လမ်းမရှိပေ။ ဤသည်မှာ ချိုင့်ဝှမ်း၏အဆုံးဖြစ်ပုံပေါ်သည်။
လှည့်ပတ်ကြည့်ရှုလိုက်သောအခါ ကုန်းမြေပြန့်တစ်ခုလုံးတွင် ချောက်ကမ်းပါအစွန်းတစ်ဖက်တွင် နှစ်တစ်ရာအောက် သက်တမ်းရှိသည့် သစ်ပင်တချို့သာလျှင် ရှိပြီး ရှင်းလင်းနေဆဲ ဖြစ်သည်။ အလယ်နားသို့ နီးလာလေလေ ချုံပုတ်များနှင့် ပေါင်းပင်တချို့သာ ကျန်ရှိသည်။
သူမသည် ချိုင့်ဝှမ်းထဲတွင် အသစ်ဖြစ်သော အရာတချို့ကို ရှာတွေ့နိုင်သေးသည်ဟု သူမတွေးထင်ခဲ့သော်လည်း ဤဆန္ဒသည် တစ်ခုမှ ဖြစ်လာမည့်ပုံ မပေါ်ချေ။
လီယောင်သည် ချောက်ကမ်းပါးနံရံပေါ်တွင် ခပ်တိမ်တိမ် အက်ကြောင်းတစ်ခုကို တွေ့ရှိခဲ့ပြီး ၎င်းကို ရှင်းလင်းခဲ့သည်။ ဤသည်မှာ ယနေ့ သူမ စခန်းချမည့်နေရာ ဖြစ်သည်။
သူမ၏ကျောပိုးအိတ်ကို ချထားလိုက်ပြီး ဓားမကို ထုတ်ကာ ကြက်ကို တဖြည်းဖြည်းချင်း မီးကင်ရန် ထင်းကောက်ခဲ့သည်။
သို့သော် ပေါင်းပင်တစ်စုကို ဘေးသို့ ဖယ်ရှားခဲ့ပြီးနောက် နှလုံးပုံသဏ္ဍာန်ရှိသော အရွက်များတစ်စုသည် သူမ၏ နှလုံးသားကို ရုတ်တရက် အခုန်မြန်စေခဲ့ပါသည်။
ဒီအရွက်တွေနဲ့ နွယ်တွေက ကန်စွန်းဥတွေလား။
သူမသည် ထင်းများကို ချက်ချင်းချကာ နွယ်ပင်များနောက်သို့ လိုက်သွားခဲ့သည်။ တချို့ကို တူးခဲ့ပြီးနောက် အမှန်တကယ်ပင် ကန်စွန်းဥ တစ်စုကို သူမ တူးယူနိုင်ခဲ့သည်။
ထို့အပြင် တစ်ခုထက်မက အများကြီး ပိုရှိသည်။
ပတ်ဝန်းကျင်ရှိ မြက်ခင်းပြင်နေရာတိုင်းတွင် ကန်စွန်းပင်နွယ်များကို ပေါင်းပင်များက ဖုန်းကွယ်ထားကြသည်။
ဤသည်မှာ သူမအတွက် အံအားသင့်စရာ ကြီးကြီးမားမား တစ်ခုပင်။
ကန်စွန်းဥများသည် အမေရိကတိုက်မှ စတင်ပေါ်ပေါက်လာခဲ့သည်။ ယင်းတို့နှင့် မတွေ့မီ နှစ်ပေါင်းများစွာ ကြာမြင့်ဦးလိမ့်ဦးမည်ဟု သူမထင်မြင်မိခဲ့သည်။
သို့သော် ဤကမ္ဘာသည် သူမ၏အသိမှတ်ဉာဏ်ထဲမှ ရှေးခေတ်အချိန်အခါ မဟုတ်သောကြောင့် မည်သည်မဆို ဖြစ်နိုင်ပေသည်။
ကန်စွန်းဥများရှိပါက တခြားမည်သည့်အရာများ ရှိလိမ့်ဦးမည်နည်း။
ထိုသို့သောအတွေးဖြင့် လီယောင်သည် ကောင်းကင်ကြီး လုံး၀ မှောင်မိုက်သွားသည်အထိ မစောင့်နိုင်ခဲ့တော့ပေ။ သူမသည် ဇွဲလုံလဖြင့် ပတ်ပတ်လည်ရှာဖွေခဲ့ပြီး မီတာ ၃၀၀ ခန့် အကွာအဝေးတွင် အာလူးမြေကွက် သေးသေးလေးကို ရှာဖွေတွေ့ရှိခဲ့သည်။
တခဏအတွင်းမှာပင် လီယောင်၏ စိတ်ထဲတွင် အရသာရှိသော ဟင်းပွဲမျိုးစုံဖြင့် ပြည့်နှက်နေခဲ့သည်။
အာလူးတောက်တောက်စင်း၊ အာလူးပါးပါးလှီး၊ အာလူးအတွန့်လှီး၊ အာလူးပန်ကိတ်၊ ဇီရာအာလူးကြော်၊ အမဲသားအာလူးနှပ်….
ယခုညတွင် အာလူးမီးဖုတ်စားမည်ဟု လီယောင် ဆုံးဖြတ်ခဲ့သည်။
အာလူးတချို့နှင့် ကန်စွန်းဥတချို့ကို တူးဖော်ပြီးနောက် လီယောင်သည် သူမ စခန်းချရာနေရာသို့ ပြန်သွားခဲ့ပြီး မီးမွှေးခဲ့သည်။ သူမသည် သန့်စင်ထားသော တောကြက်များကို တဖြည်းဖြည်းချင်းကင်ရန် ဦးစွာ တင်ထားခဲ့သည်။ ထို့နောက် သူမသည် မြေပေါ်တွင် တွင်းခပ်တိမ်တိမ်တူးကာ ကန်စွန်းဥနှင့် အာလူးများကို ထည့်ကာ အပေါ်မှ မီးခဲတချို့ကို ရွေ့တင်ခဲ့သည်။
ကြက်ကင်ကို စားပြီးနောက် ကန်စွန်းဥနှင့် အာလူးများသည် ဖုတ်ပြီးလုနီးပါး ဖြစ်ခဲ့သည်။
ကန်စွန်းဥကို သူမ အရင်စားမည်ဖြစ်သည်။
လောင်ကျွမ်းနေသည့် အခွံများကို ခွာပြီးနောက် ကန်စွန်းဥကင်၏ ထူးခြားသည့် ချိုမြိန်သော မွှေးရနံများသည် ပျံ့လွှင့်လာခဲ့သည်။ ၎င်းတို့ကို အေးသွားစေရန် မှုတ်ခဲ့ပြီးနောက် တစ်ချက်ကိုက်လိုက်ရုံဖြင့် နူးညံ့ကာ ချိုမြိန်လှသည်။ အစားအသောက်စားပြီးနောက် အချိုပွဲ စားသုံးရသည့် ခံစားချက်သည် ဤကမ္ဘာသို့ စတင်ရောက်ရှိချိန်ကတည်းက သူမ မခံစားခဲ့ဖူးသည့် စိတ်ကျေနပ်မှုကို သူမအား ပေးခဲ့သည်။
ကန်စွန်းဥတချို့ပြီးနောက် သူမသည် ရပ်တန့်ရန် ဝန်လေးနေခဲ့သည်။ သူမသည် ပြာပုံထဲသို့ လက်လှမ်းခဲ့ပြီး အာလူးကင်များကို ထုတ်ယူခဲ့သည်။
အခွံများကို မခွဲရသေးခင်မှာပင် ရင်းနှီးကျွမ်းဝင်နေသည့် မွှေးရနံကို သူမ အနံရရှိခဲ့ပြီးဖြစ်သည်။
ကန်စွန်းဥများနှင့်ယှဉ်ပါက အာလူးကင်၏ ရနံ့သည် အနည်းငယ် ပိုဖျော့သည်။ သို့သော် ပြသနာမရှိပေ။ လီယောင်က ပြင်ဆင်ခဲ့သည်။
သူမသည် ကြက်ဗိုက်မှအဆီများကို သိမ်းထားခဲ့ပြီး သူမ ယူဆောင်လာသည့် အိုးငယ်လေးဖြင့် ၎င်းတို့ကို ကြော်ရန် သုံးခဲ့သည်။ အာလူးကင်များကို အတုံးငယ်လေးများ တုံးကာ အရေခွံကို ရွှေဝါရောင်ဖြစ်အောင် ကြက်ဆီနှင့်ကြော်ခဲ့ပြီးနောက် ဟင်းခေတ်အမွှေးအကြိုင်မှုန့်နှင့် ဆားဖြူးပြီးနောက် ၎င်းသည် ပြီးပြည့်စုံသွားခဲ့သည်။
အရသာရှိသော ဇီယာအာလူး တစ်ပန်းကန် အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
ကြက်ဆီကို စုပ်ယူပြီးနောက် အာလူး၏မွှေးရနံ့များသည် အဆင့်ပေါင်းများစွာ မြင့်တက်လာခဲ့သည်။ အထူးသဖြင့် ကြွပ်ရွနေသည့်အရေခွံများသည် တစ်ကိုက်ချင်းစီတိုင်းတွင် မွှေးပျံ့လွန်းလှသည်။
ပထမဆုံးတစ်ပိုင်းနှင့်ပင် သူမ၏ဝိဉာဉ်သည် သူမ့ခန္ဓာကိုယ်မှ ထွက်သွားသကဲ့သို့ လီယောင် ခံစားခဲ့ရသည်။
သူမသာ အလွန်ဗိုက်မပြည့်နေခဲ့ပါက နောက်ထပ် တစ်ပန်းကန် ထပ်လုပ်ချင်နေလိမ့်မည် ဖြစ်သည်။
သူမ၏ စားသောက်ဖွယ်ရာများကို သုံးဆောင်ပြီးနောက် လီယောင်သည် ကြယ်ရောင်စုံနေသည့် ညကောင်းကင်ယံကို ကြည့်ကာ မြက်ခြောက်များပေါ်တွင် ကျေနပ်စွာဖြင့် လှဲလှောင်းခဲ့သည်။
ဤကမ္ဘာသို့ ရောက်လာပြီးနောက် အခြေအနေများသည် ခက်ခဲနေခဲ့သော်လည်း ယခုအချိန်တွင်မူ ကောင်းကင်ဘုံသည် သူမအား ကောင်းကောင်းမွန်မွန် ဆက်ဆံနေဆဲဟု သူမခံစားခဲ့ရသည်။
ဤကန်စွန်းဥနှင့် အာလူးများဖြင့် ယခုအခါ သူမ အရာများကို လုပ်ဆောင်နိုင်ပြီဖြစ်သည်။