အမေက အမြဲမှန်တယ်။
Vol. 5 Ch. 66
နောက်တစ်နေ့နံနက်တွင် လီယောင်သည် ရိက္ခာတချို့ကို စားပြီးနောက် ချိုင့်ဝှမ်းထဲရှိ မြေပြန့်များကို စစ်ဆေးကြည့်ရှုခဲ့သည်။
ဤမြေပြန့်သည် အနည်းဆုံး ဧက ၁၀၀၀ခန့် ရှိပြီး ဧက ၈၀၀ခန့်သည် ကန်စွန်းဥပင်များ ပေါက်ရောက်နေကြသည်။ လူလုပ်စိုက်ပျိုးမှုများထက် သိပ်သည်းမှု နည်းပါးကာ ဥများသည် အလွန်သေးငယ်လှသော်လည်း လူလုပ်စိုက်ခင်းများထက် ဆယ်ပုံတစ်ပုံခန့် ပို၍ရိတ်သိမ်းနိုင်မည်ဟု သူမ ခန့်မှန်းခဲ့သည်။ တစ်ဧကလျှင် ကျင်း ၃၀၀ခန့် ထွက်နိုင်သည်။
ဧက ၈၀၀မှ ကျင်း ၂၄၀၀၀ ရိတ်သိမ်းနိုင်လိမ့်မည်။
ဟဲဝမ်ရွာရှိ ရွာသူရွာသား ၁၀၀၀ကျော်ဖြင့် တစ်ဦးလျှင် ပျှမ်းမျှ ကျင်း ၁၆၀ခန့် ရရှိနိုင်သည်။
ရွာသူရွာသားတိုင်းအတွက် လာမည့်နှစ် စပါးရိတ်သိမ်းမည့်အချိန်ထိ မလုံလောက်သော်လည်း စေ့စေ့စပ်စပ်ဖြင့် ဝေပုံကျ ခွဲဝေပေးခဲ့ပါက နှစ်သစ်ကို ကူးဖြတ်ရန် သေချာပေါက် လုံလောက်လိမ့်မည်ဖြစ်သည်။
သို့သော် ဤကန်စွန်းဥများကို မည်ကဲ့သို့ ဖြန့်ဖြူးရန်၊ မည်သူများ ရနိုင်ရန်၊ တစ်ဦးလျှင် မည်မျှ ရနိုင်ရန် … စသည်ဖြင့် ဂရုတစိုက် စဉ်းစားဆုံးဖြတ်ရန် လိုအပ်ပါသည်။
ကန်စွန်းဥများနှင့် နှိုင်းယှဉ်ပါက အာလူးသည် ဆယ်ဧကကျော်သာရှိပြီး အလွန်နည်းပါးသည်။ ကျင်း၅၀၀၀ခန့်သာ ရိတ်သိမ်းနိုင်မည်ဟု ခန့်မှန်းခဲ့သည်။
အာလူးများသည် ပမာဏနည်းသောကြောင့် ရွာသူရွာသားများကို မဝေငှတော့ပဲ သူမမိသားစုအတွက် ၎င်းတို့ကို သိမ်းဆည်းထားမည်ဟု သူမ ဆုံးဖြတ်ခဲ့သည်။ အကြွင်းအကျန်များကို နောက်နှစ်တွင် ကန်စွန်းဥများနှင့်အတူ ကျတ်တီးမြေတောင်တန်းတစ်လျှောက် စိုက်ပျိုးရန်အတွက် အာလူးမျိုးစေ့အဖြစ် ချန်ထားနိုင်သည်။
၎င်းသည် ပိုလျှံလာခဲ့ပါက သူမတို့သည် ပိုမိုကျယ်ပြန့်သော စိုက်ပျိုးခြင်းကို တဖြည်းဖြည်းချင်း တိုးမြှင့်သွားနိုင်သည်။
အကြမ်းဖျင်း အစီအစဉ်ချပြီးနောက် လီယောင်သည် ကန်စွန်းဥများနှင့် အာလူးတချို့ကို တူးဖော်ပြီး သူမ၏ အိမ်အပြန်လမ်းတွင် ဟင်းခတ်အမွှေးအကြိုင်များကို စတင်စုဆောင်းလာခဲ့သည်။
ဤနေရာသည် ရွာနှင့်အနည်းဆုံး ၃၀လီခန့် ဝေးကွာပြီး ချိုင့်ဝှမ်းသည် နက်ရှိုင်းသောကြောင့် ရွာတွင် အလုပ်သမား ရာနှင့်ချီ ရှိနေသည့်တိုင်အောင် ကန်စွန်းဥများစွာကို ပြန်လည်သယ်ယူရန်အတွက် မလွယ်ကူလှချေ။
သူတို့သည် ဦးစွာ လမ်းဖောက်လုပ်ရန် လိုအပ်ပြီး ဤအလုပ်ကို အချိန်တိုတွင်း ပြီးမြောက်စေရန် ပို့ဆောင်ဆက်သွယ်ရေးအတွက် နွားလှည်းကို အသုံးပြုရမည် ဖြစ်သည်။
သို့မဟုတ်ပါက အချိန်ကြာမြင့်စွာ တရွတ်တိုက် ဆွဲယူပါက ကန်စွန်းဥများ ပျက်စီးသွားပေလိမ့်မည်။ ထို့အပြင် တစ်ခြားရွာမှ ရွာသူရွာသားကလည်း ဤသတင်းကို ကြားပါက သူတို့သည်လည်း ဝေစုလိုချင်နေကြပေလိမ့်မည်။
တစ်နေ့လုံး ဟင်းခတ်အမွှေးအကြိုင်များကို စုဆောင်းပြီးနောက် လီယောင်သည် မမှောင်ခင် အိမ်သို့ ပြန်ရောက်လာခဲ့သည်။
“မေမေ၊ ရက်နည်းနည်းကြာအောင် သွားမှာ မဟုတ်ဘူးလား။”
“ကိစ္စတစ်ခုပေါ်လာလို့ နည်းနည်းစောပြန်လာခဲ့တာ။”
မီးဖိုချောင်သို့ သူမ ကြည့်လိုက်သောအခါ ဟဲရှောင်ယာသည် ပေါက်စီတချို့ကို ပေါင်းခဲ့ပြီးပြီဖြစ်သည်။ သို့သော် ယခုထိ ဟင်းပွဲတစ်ပွဲမှ စမချက်ရသေးသည့်ပုံရသည်။ ထို့ကြောင့် သူမက မေးခဲ့သည်။ “ဒီည ညစာအတွက် တို့တွေ ဘာချက်စားကြမှာလဲ။”
“အမ်… သမီး ဟင်းချက်ဖို့ မစီစဉ်ထားဘူး။”ဟု ဟဲရှောင်ယာက ပြောခဲ့သည်။ “ဂေါ်ဖီနည်းနည်းကို ရေနွေးဖြောပြီး ပေါက်စီနဲ့ ဟင်းရည်ထဲ ထည့်စားမယ်လို့ စဉ်းစားထားတာ။ အဲဒါဆို လုံလောက်ပါပြီ။”
လီယောင်၏ နှုတ်ခမ်းများ မဲ့သွားခဲ့သည်။
ဟဲရှောင်ယာသည် ပျင်းရိ၍ မဟုတ်ကြောင်း သူမ သိသည်။ ခြိုးခြံချွေတာခြင်းပင် ဖြစ်သည်။
သာမာန်အားဖြင့် သူမတို့အိမ်တွင် ငွေမရှာနိုင်ခင်မှာပင် တောရိုင်းဟင်းသီးဟင်းရွက်များကိုသာ စားသောက်ကာ နေထိုင်ခဲ့ကြသည်။ ယခုအခါ ရုတ်တရက် နေ့စဉ် အစားအသောက်များကို စားသောက်လာနိုင်ခဲ့ပြီး အသားပင် စားလာနိုင်ခြင်းသည် သူမအတွက် လိုက်လျောညီထွေဖြစ်အောင် ချိန်ညှိနေရဆဲ ဖြစ်ပေလိမ့်မည်။
“ပေါက်စီတွေကို မနက်ဖြန်အတွက် သိမ်းထားလိုက်။ အဲ့အစား ထမင်းနည်းနည်း ချက်လိုက်၊ အမေက ဟင်းနည်းနည်း ချက်လိုက်မယ်။”
လီယောင်သည် သူမ၏ ကျောပိုးအိတ်ထဲမှ ၀တုတ်တုတ် ပြည့်ပြည့်၀၀ တောကြက်နှစ်ကောင်ကို ထုတ်ကာ တာ့ကျွမ်းအား သန့်ရှင်းခိုင်းပြီး သူမတို့ ပြင်ဆင်ခဲ့ကြသည်။ လီယောင်သည် ကန်စွန်းဥနှင့် အာလူးတချို့ကိုလည်း အခွံ့ခွာထားခဲ့သည်။
“မေမေ၊ ဒါတွေက ဘာတွေလဲ။”
“မသိဘူး၊ တောင်ပေါ်က တူးခဲ့တာ။” လီယောင်သည် ပေါ့ပေါ့ပါးပါး ပြန်ပြောခဲ့သည်။ “ဒါပေမဲ့ အမေ စားကြည့်ပြီးပြီ။ မင်းတို့လည်း စားလို့ရတယ်။ အရသာတော်တော်လေးရှိတယ်။”
သူတို့ စားနိုင်သည်ဟု ကြားသောအခါ ဟဲရှောင်ယာသည် မျက်လုံးများသည် တောက်ပလာခဲ့သည်။ ဝမ်စန်းအာနှင့် ဝမ်ရှောင်စစ်တို့သည်လည်း စိတ်အားထက်သန်စွာ ဝိုင်းအုံနေခဲ့ကြသည်။
ယခုအချိန်တွင် အစားအသောက်ထက် မည်သည့်အရာမှ လူများကို မဆွဲဆောင်နိုင်ပေ။
အိုးထဲမှ ထမင်းများကို ရေငှဲ့ပြီးနောက် လီယောင်သည် ကန်စွန်းဥများကို အတုံးလိုက်လှီးကာ အိုးထည့်သို့ ပေါင်းထည့်ခဲ့ပြီး ၎င်းတို့အပေါ်မှ ချက်ပြီးသားထမင်းများကို လောင်းထည့်ခဲ့သည်။ ထို့နောက် သူမသည် ယောက်ချိုနှင့် ရေသန့်တချို့ကို ထပ်ထည့်ခဲ့သည်။
“အရင်ဆုံး မီးပြင်းပြင်းနဲ့ချက်၊ ပြီးမှ မီးအေးအေးနဲ့ နှပ်ထားလိုက်။”
“နားလည်ပါပြီ။”
ထိုစဉ်တွင် တာ့ကျွမ်းသည် ကြက်များကို သန့်စင်ပြီး အတုံးသေးလေးများ တုံးထားခဲ့သည်။
သူသည် နောက်တစ်အိုးဖြင့် ဆီကို အပူပေးခဲ့ပြီး ကြက်သားတုံးများကို မျက်နှာပြင် ရွှေရောင်သန်းလာသည်အထိ မွှေကြော်ခဲ့ပြီးနောက် ကြက်သွန်ဖြူ၊ ပဲငပိ၊ ဆားနှင့် စီချွမ်ငရုတ်ကောင်းတို့ကို ထည့်ခဲ့သည်။ အာလူးတုံးများကို မထည့်မီ မွှေးလာသည့်တိုင်အောင် မွှေကြော်ခဲ့သည်။
သူသည် ပါဝင်ပစ္စည်းများကို ဖုံးသွားသည့်အထိ လုံလုံလောက်လောက် ထမင်းရည်ပျစ်ပျစ်ကို လောင်းထည့်ခဲ့ပြီး အဖုံးဖုံးကာ အပူချိန်တိုးလာစေရန် မီးထိုးခဲ့သည်။
သိပ်မကြာခင်အချိန်တွင် ကြက်သား၊ အာလူးနှင့် ကန်စွန်းဥများ၏ မွှေးရနံ့များသည် သာမာန်မီးဖိုချောင်လေးထဲတွင် စတင်လွှမ်းခြုံလာခဲ့သည်။
အထူးသဖြင့် ကန်စွန်းဥ၏ ချိုမြိန်သော မွှေးရနံ့လေးသည် ဖုတ်စားသလောက် မပြင်းထန်သော်လည်း သကြားကို အလွန်အမင်း ၀အောင် မစားသောက်ရသည့် ကလေးများအတွက် ချိုမြိန်သည့် အရိပ်အယောင်လေးကပင် သူတို့ပါးစပ်ထဲတွင် ရေများထွက်လာအောင် ပြုလုပ်ရန် လုံလောက်ပေသည်။
ထမင်းပေါင်းပြီးသည်နှင့်တပြိုင်နက် ကြက်သားနှင့်အာလူးမွှေကြော်နှပ်ကလည်း အဆင်သင့်ဖြစ်နေခဲ့ပြီ ဖြစ်သည်။
“စားဖို့ အချိန်ရောက်ပြီ။”
တဖြည်းဖြည်းချင်း နှပ်ထားသော ကြက်သားနှင့် အာလူးတို့ကို ပန်းကန်ပြားကြီးများစွာနှင့် ကန်စွန်းဥနှင့် ချက်ထားသော ထမင်းကို တစ်ယောက် တစ်ပန်းကန်စီကို မကြာမီတွင် စားပွဲပေါ်သို့ တင်ထားခဲ့သည်။
“မေမေ” လိမ္မော်ရောင် အာလူးတုံးကြီးများကို ကြည့်ကာ ဝမ်ရှောင်စစ်သည် သူ့တူများနှင့် မကောက်ယူရဲခဲ့ပေ။ “အဲဒါက ဘယ်လိုအရသာမျိုးလဲ။”
“သားစားကြည့်ရင် သိလာလိမ့်မယ်။”
နောက်ဆုံးတွင် မျက်မှောင်ကြုတ်ရင်း အရင်ဆုံး တစ်တုံးကောက်ယူကာ သူ့ပါးစပ်ထဲသို့ တိုက်ရိုက် ထိုးထည့်ခဲ့သူမှာ ဝမ်စန်းအာ ဖြစ်သည်။
“တတိယအစ်ကို၊ အရသာမရှိဘူးလား။”
“အင်း… နည်းနည်းခါးတယ်၊ သိပ်မကောင်းဘူး”ဟု ဝမ်စန်းအာက ပြောခဲ့သည်။ “မင်း အသားပဲ စားလိုက်သင့်တယ်ကွ။”
သို့သော် တတိယအစ်ကိုသည် အရသာမရှိဟု ပြောသော်လည်း နောက်တစ်တုံးကို ချက်ချင်း ကောက်ကူခဲ့သည်ကို ဝမ်ရှောင်စစ် သတိထားမိခဲ့သည်။
“သားကို လာလိမ်နေတာ သားသိတယ်နော်။”
ဝမ်ရှောင်စစ်သည် စားကြည့်ရန် တစ်တုံးကို အလျင်အမြန် ဆွဲယူခဲ့တယ်။ တစ်ကိုက်စားပြီးနောက် သူ့ပန်းကန်လုံးထဲသို့ နောက်ထပ် နှစ်တုံးကို ထည့်ခဲ့သည်။
“မေမေ၊ ဒီဟာက တအားအရသာရှိတာပဲနော်။”
ဟဲရှောင်ယာကလည်း သူမ၏ ကျွမ်းကျင်သော ထင်မြင်ယူဆချက်ကို ပေးခဲ့သည်။ “အပိုင်းသေးလေးဖြတ်ပြီးတော ဟင်းအနှစ်ထဲမှာ နှစ်ပီးတော့ စားရင် အရသာပိုကောင်းလာစေတယ်။”
သူတို့အားလုံးသည် စိတ်အားထက်ထက်သန်သန်နှင့် အတုံးများကို လုယူသွားခဲ့ရာ မကြာမီတွင် အာလူးများ အကုန်ကုန်သွားပြီး ကြက်သားများသာ ကျန်တော့သည်။
လီယောင် ရယ်မရလား ငိုရမလား မသိတော့ပေ။ သူတို့သည် လွန်ခဲ့သည့်ရက်အနည်းငယ်ကသာလျှင် စတင်၍ အသားစားခဲ့ကြပြီး ယခု ၎င်းကို မထင်မဲ့မြင်ပြုနေကြပြီလား။
“မေမေ၊ အနီရောင်တွေကလည်း သိပ်အရသာရှိတာပဲ။” အာလူးများ မကျန်တော့သည့်အခါ ဝမ်ရှောင်စစ်သည် သူ့ပန်းကန်ထဲမှ ကန်စွန်းဥများဘက်သို့ လှည့်သွားခဲ့သည်။ “နူးညံပြီးတော့ ချိုနေတာပဲ။ သကြားလုံးလေး စားနေရသလိုပဲ။”
ကန်စွန်းဥများသည် အမှန်တကယ်ပင် ချိုမြိန်လွန်းလှသည်။ လီယောင်သည် ရိတ်သိတ်ပြီးပါက ကန်စွန်းဥသရေစာပြုလုပ်ရန် တချို့ကို အခြောက်လှမ်းရန် ဆုံးဖြတ်ခဲ့သည်။
“မေမေ၊ ဒါတွေကို ဘာလို့ နာမည်မပေးတာလဲ။” ဟဲရှောင်ယာက အကြံပြုခဲ့သည်။
“ရတာပေါ့။” လီယောင်သည် စဉ်းစားနေသည့်ပုံ ဟန်ဆောင်ကာ ကန်စွန်းဥတစ်လုံးကို ကောက်ကိုင်ပြီးနောက် ပြောခဲ့သည်။ “ဒီတစ်မျိုးက လိမ္မော်နီရောင်၊ ပိန်းဥနဲ့လည်းဆင်တယ်ဆိုတော့ ကန်စွန်းဥလို့ ခေါ်ရအောင်။ ဒီတစ်မျိုးကတော့…. အင်း… ကြည့်ရတာ မြေကြီးထဲမှာပေါက်နေတဲ့ ပဲစေ့အကြီးကြီးနဲ့တူတယ်။ ဒါကြောင့်မို့ အာလူးလို့ ခေါ်ကြစို့။”
ကလေးများ၏ နှုတ်ခမ်းများ တွန့်သွားခဲ့သည်။ အဲဒါက ပဲစေ့နဲ့ ဘယ်လိုလုပ်ပြီး တူမှာလဲ။
သို့သော် အမေက အာလူးဟု နာမည်ပေးထားသောကြောင့် သူတို့သည် ၎င်းကို အာလူးဟု ခေါ်ကြပေလိမ့်မည်။
“မေမေ” ညစာစားပြီးနောက် တာ့ကျွမ်းသည် မနေနိုင်တော့ပဲ မေးခဲ့သည်။ “ဒါတွေကို ဘယ်နေရာမှာ တွေ့ခဲ့တာလဲ။ ကျွန်တော်တို့ မနက်ဖြန် နောက်ထပ်တချို့ သွားတူးသင့်လား။”
“အမေကလည်း ဒါကို အခုပဲ ဆွေးနွေးတော့မလို့။” လီယောင်က ပြောခဲ့သည်။ “မနက်ဖြန်ကျရင် မင်းရယ်၊ စန်းအာရယ် ရှောင်စစ်ရယ်က အမေနဲ့အတူ တောင်ပေါ်လိုက်ခဲ့မယ်။ ကန်စွန်းဥတွေ တော်တော်ကို အများကြီးရှိနေတဲ့ နေရာကို အမေတွေ့ထားတယ်။ တစ်ရွာလုံးကို နှစ်တစ်ဝက်လောက် ကျွေးဖို့ လုံလောက်တယ်။”
ကလေးများအားလုံး ပင့်သက်ရှိုက်ခဲ့ကြသည်။
“အဲ့လောက်တောင် များတာလား။”
“ဒါဆို တို့ရွာက ဘယ်သူမှ ဗိုက်ဟောင်းလောင်းဖြစ်တော့မှာ မဟုတ်ဘူး။”
“ဒါမှမဟုတ် အငတ်ဘေးကနေ လွတ်မြောက်သွားမှာလား။”
“မင်းတို့ ဘယ်လိုထင်လဲ။” ဟု လီယောင်က မေးခဲ့သည်။ “အမေတို့ လူတိုင်းကိုပြောပြပြီး အတူတူ သွားတူးခိုင်းရမလား။ ဒါမှမဟုတ် တို့ဖာသာတို့တွေ သိမ်းထားပြီး ပိုက်ဆံတွေ အများကြီးရအောင် ရောင်းကြမလား။”
ကလေးများသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ မည့်သို့ဖြေရမည်ကို သေချာမသိပေ။
“တာ့ကျွမ်း၊ မင်းအရင်ဖြေ။”
“သားထင်တာက.. သားတို့အားလုံးကို ပြောပြသင့်တယ်ထင်တယ်။” ဟု တာ့ကျွမ်းက ပြောခဲ့သည်။ “သားတို့မှာ အခု ပိုက်ဆံက ရှားပါးနေတာ မဟုတ်တော့ဘူးလေ။ ဒါပေမဲ့ ရွာသူရွာသား အများစုမှာက စားစရာတွေ မကျန်တော့ဘူး။ တောရိုင်းဟင်းသီးဟင်းရွက်တွေပဲ စားသောက်နေရတာ။ ”
လီယောင်သည် ပီတိဖြစ်လျက် ခေါင်းညိတ်ခဲ့ပြီးနောက် ဝမ်အာ၏ ထင်မြင်ယူဆချက်ကို မေးခဲ့သည်။
“လူတိုင်းကို ပြောရမှာပေါ့။” ဟု ဝမ်အာက ပြောခဲ့သည်။ “ဒါပေမဲ့ ရှေးလူကြီးတွေ ပြောခဲ့သလိုပဲ။ ‘သဒ္ဓါတရားက မလိုမုန်းထားစိတ်ကို ဖြစ်စေတယ်’ဆိုတော့ ကျွန်တော်တို့ လူတိုင်းကို သွားတူးခိုင်းရုံနဲ့ မရဘူး။ ရွာလူကြီးကို အရင်ဆုံး အကြောင်းကြားပြီး နှိုင်းနှိုင်းချိန်ချိန်နဲ့ လုပ်နည်းကိုင်နည်းတစ်ခုကိုလည်း စဉ်းစားထားသင့်တယ်။”
လီယောင်သည် နောက်ထပ်တစ်ခါ ပီတိဖြစ်စွာဖြင့် ခေါင်းညိတ်ခဲ့ပြန်သည်။
ပညာတတ်သောသူတစ်ယောက်သည် မျှော်လင့်ချက်အတိုင်း အကြီးဆုံးထက် ပို၍ တွေးခေါ်နိုင်သည်။
နောက်ဆုံးတွင် သူမသည် စန်းအာနှင့် ရှောင်စစ်ကို ကြည့်လိုက်သည်။
ဝမ်စန်းအာ- “အကြီးဆုံးအစ်ကိုကြီးပြောတာ အဓိပ္ပါယ်ရှိတယ်လို့ သားထင်တယ်။”
ဝမ်ရှောင်စစ်- “သားကတော့ မေမေပြောတာနားထောင်မှာ။ မေမေက အမြဲမှန်တယ်။”
လီယောင် - … ကပ်ဖားယက်ဖားလေး။
“ဒါဆို အကြီးဆုံးအစ်ကိုကြီးပြောတဲ့အတိုင်း လုပ်ကြမယ်။” ဟု လီယောင်က ပြောခဲ့သည်။ “ဒါပေမဲ့ ကန်စွန်းဥတွေနဲ့ယှဉ်ရင် အာလူးတွေက ပိုနည်းတယ်။ ဒါကြောင့် အာလူးတွေကို တို့တွေအတွက်ပဲ ထားလိုက်မယ်။ စားဖို့ သိမ်းထားလိုက်မယ်။”
“ကောင်းသားပဲ။”