← Chapters

သူမအပေါ်မှာ မျက်စိကျနေတယ်။

Vol. 5 Ch. 67

သူမအပေါ်မှာ မျက်စိကျနေတယ်။

Vol. 5 Ch. 67

အာလူးများကို တတ်နိုင်သမျှ အမြန်ဆုံး တူးဖော်နိုင်ရန် လီယောင်သည် တာ့ကျွမ်း၊ တတိယသားနှင့် စတုတ္ထသားတို့အား နောက်တနေ့ မိုးမလင်းမီအချိန်တွင် သူမနှင့်အတူ ခေါ်ဆောင်လာခဲ့သည်။

နွားများသည် ကန်စွန်းဥအရွက်နှင့် နွယ်ပင်များကို ကြိုက်နှစ်သက်ကြပြီး ဝက်များသည် ကန်စွန်းဥအစိမ်းကို ပိုကြိုက်သည်ဟု အမေကပြောခဲ့သည်။ ထို့ကြောင့် တာ့ကျွမ်းသည် နွားဝါလေးကို ယူလာခဲ့ပြီး ဝမ်စန်းအာသည် သူ့ဝက်ငယ်လေးကို ကိုင်ဆောင်လာခဲ့သည်။

ဟဲရှောင်ယာသည်လည်း သွားချင်ခဲ့သော်လည်း ငန်းနှပ်နှင့် အသားနှပ်များကို ပြုလုပ်ရန်အတွက် အိမ်တွင် နေခဲ့ရန် ဆုံးဖြတ်ခဲ့သည်။ ယင်းတို့သည် ယခုအခါ မိသားစု၏ လုပ်ငန်းငယ်လေးများ ဖြစ်ကြသော်လည်း ယင်းတို့အား လက်မလျော့နိုင်ပေဟု သူမခံစားခဲ့ရသည်။

ဝမ်အာသည်လည်း သွားချင်ခဲ့သော်လည်း လီယောင်က ခွင့်မပြုခဲ့ပေ။

မနက်ဖြန်သည် ခရိုင်တရားသူကြီးမင်းစုန့်၏ “မိုးရွာစေရန် ဆုတောင်းပွဲ” ပြုလုပ်မည့် နေ့ရက်ကြီးတစ်ခုဖြစ်သောကြောင့် ဝမ်အာသည် ယင်းအတွက် ပြင်ဆင်ရမည် ဖြစ်သည်။

သူတို့သည် ချိုင့်ဝှမ်းအစွန်းသို့ ရောက်ရှိသောအခါ လီယောင်သည် ကြိုးတစ်ချောင်းကို ဦးစွာချခဲ့ပြီး သေးငယ်သော လမ်းကြောင်းတစ်ခုကို ဖြေးညှင်းစွာ ရှင်းလင်းရန် တာ့ကျွမ်းနှင့်အတူ လုပ်ဆောင်ခဲ့သည်။ လမ်းကြောင်းသည် အကွေ့အကောက်များပြီး အလွန်ကျဉ်းမြောင်းသော်လည်း ကံကောင်းထောက်မစွာပင် နွားငယ်လေးသည် အလွန် ကြီးကြီးမားမား မဟုတ်သောကြောင့် ချောချောမွေ့မွေ့နှင့် ဆင်းနိုင်ဆဲ ဖြစ်သည်။

သူတို့ ချိုင့်ဝှမ်းထဲသို့ ရောက်သွားသောအခါ လွယ်ကူသွားခဲ့သသည်။ လီယောင်၏ဦးဆောင်မှုအောက်တွင် သူတို့သည် မကြာမီအချိန်အတွင်း ချိုင့်ဝှမ်းအဆုံးသို့ ရောက်ရှိသွားခဲ့သည်။

အပျော်ဆုံးသူများမှာ သဘာ၀အလျောက် နွားငယ်လေးနှင့် ဝက်လေးတို့သာ ဖြစ်သည်။ နေရာတိုင်းတွင် စိမ်းစိုနေသော မြက်ပင်များနှင့် ကန်စွန်းနွယ်ပင်များ ရှိပြီး ၎င်းတို့ အနည်းငယ် လှန်လှောရှာဖွေပါက ကန်စွန်းဥကိုပင် စားနိုင်လိမ့်မည်ဖြစ်သည်။ ၎င်းတို့ မည်မျှပင် ပူပင်ကြောင့်ကြကင်းကာ ပေါ့ပါးလွတ်လပ်နေကြမည်ကို တွေးကြည့်နိုင်ပါသည်။

မြေကြီးသည် မာကျောပြီး လုံး၀ အားသွန်ခွန်စိုက် လုပ်ရသည့်အတွက် အာလူးတူးခြင်းသည် လွယ်ကူသည့် အလုပ် မဟုတ်ပေ။

နာရီအနည်းငယ်မျှကြာအောင် တူးဖော်ပြီးနောက် တာ့ကျွမ်းသည်ပင် စတင်မောပန်းလာခဲ့သည်။

နောက်ဆုံးတွင် လီယောင်သည် အဖြေတစ်ခုကို တွေးတောခဲ့ပြီး တာ့ကျွမ်းအား အိမ်သို့ပြန်ကာ ထွန်ယက်သွားယူစေခဲ့ပြီး နွားဝါလေးကို ဆွဲခိုင်းခဲ့သည်။ သူတို့သည် မြေဆီလွှာကို ထွန်ယက်ဖြင့် တိုက်ရိုက်လှန်လှောခဲ့ပြီး တခြားသူများသည် လှန်ထားသောမြေပေါ်တွင်သာ အာလူးများကို ကြည့်ရန်သာ လိုအပ်ပေတော့သည်။

အာလူးတစ်ပုံတစ်ပင်ကို မြင်ရသောအခါ တတိယသားနှင့် စတုတ္ထသားတို့သည် အလွန်အမင်း ပျော်ရွှင်သွားခဲ့ပြီး ၎င်းတို့အား ဖုတ်စားရန် ချက်ချင်း မီးမွှေးခဲ့ကြသည်။

သူတို့သည် ဧကပေါင်းများစွာရှိ အာလူးအားလုံးကို တစ်ရက်တည်းနှင့် သေချာပေါက် တူးဖော်နိုင်လိမ့်မည် မဟုတ်ပေ။ လီယောင်သည် တောင်ပေါ်တွင် ညအိပ်ရန် စီစဉ်ထားခဲ့သောကြောင့် သူတို့လိုအပ်သမျှ အရာအားလုံးကို သူတို့ယူဆောင်လာခဲ့ကြသည်။ သူတို့ပြီးဆုံးသွားသည့်အချိန်တွင် အိမ်ပြန်ကြမည်ဖြစ်သည်။

***

သူတို့ အာလူးတူးကာ အလုပ်များနေချိန်တွင် ပိုင်ချွမ်းခရိုင်ရှိ သာမာန်ပြည်သူပြည်သားများသည် သူတို့၏မိသားစုဝင်များကို စျေးထဲရှိ ပွဲခင်းသို့ စိတ်လှုပ်ရှားစွာဖြင့် ခေါ်ဆောင်လာခဲ့ကြသည်။

ယနေ့သည် ကြီးကျယ်သည့် နေ့တစ်နေ့ ဖြစ်သည်။

ခရိုင်တရားသူကြီးမင်းစုန့်သည် မိုးရွာစေရန်အတွက် ဆုတောင်းပွဲလုပ်ခြင်း သို့မဟုတ် မလုပ်ခြင်းအား လူအများသည် အမှန်တကယ် ဂရုမစိုက်ကြပေ။ ပြဇာတ်များကို ကြည့်ရန်အတွက်လည်း အလွန်အရေးမကြီးလှပေ။ အဓိကမှာ လူတိုင်း ဆန်ကြမ်း တစ်ကျင်း ရရှိနိုင်ဖို့အတွက်ပင် ဖြစ်သည်။

ယခုအခါ တချို့မိသားစုအနည်းငယ်သာလျှင် ဆန်ပိုအနည်းငယ် ကျန်ရှိနေကြပြီး ဆန်တစ်ကျင်းသည် မိသားစုတစ်စုကို ရက်ပေါင်းများစွာ ကျွေးမွေးရန်အတွက် လုံလောက်ပေသည်။

ထို့အပြင် ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း ဤသတင်းသည် အနီးအနားရှိ ခရိုင်များသို့လည်း အတောင်ပေါက်ကာ ပျံနှံ့သွားခဲ့ပြီး သူတို့၏ အနီးအနား ခရိုင်ရှိ လမ်းလျှောက်နိုင်သည့် လူအများအပြားသည် ပိုင်ချွမ်းစျေးတွင် လာရောက်ဆုံစည်းခဲ့ကြသည်။

နေထွက်ပြီး သိပ်မကြာခင်အချိန်၌ပင် ပိုင်ချွမ်းစျေး၏ အပြင်ဘက် အကျယ်ဆုံး ကွင်းပြင်နေရာကြီးတွင် လူများနှင့် ပြည့်နှက်နေခဲ့ပြီဖြစ်သည်။

လူပေါင်းမြောက်များစွာနှင့် ရင်ဆိုင်တွေ့ကြုံရမည်ဖြစ်သောကြောင့် ခရိုင်တရားသူကြီးမင်းစုန့်သည် မတော်တဆဖြစ်ပွားမှုများကို ကာကွယ်ရန်နှင့် စည်းမျဉ်းစည်းကမ်းများကို ထိန်းသိမ်းရန်အတွက် တာဝန်ယူရမည့် လူနှစ်ရာကျော်သည့် တပ်ဖွဲ့တစ်ဖွဲ့ကို ခရိုင်ကာကွယ်ရေးခေါင်းဆောင်ကျန်းအား ကြိုတင်၍ ပြင်ဆင်ထားစေခဲ့သည်။

မနက်ပိုင်း ကန်အချိန်တွင် လူအများအပြား၏ စိတ်အားထက်သန်နေသော အကြည့်များအောက်တွင် ခရိုင်တရားသူကြီးမင်းစုန့်သည် အလယ်ဗဟိုရှိ စင်မြင်ပေါ်သို ခြေလှမ်းကျဲကျဲနှင့် တက်လာခဲ့သည်။

ဒုန်း… စာရေးတစ်ယောက်သည် မောင်းကြီးတစ်ခုအား တီးခဲ့ပြီး မြင်ကွင်း တစ်ခုလုံး ချက်ချင်း ငြိမ်ကျသွားခဲ့သည်။

“လေးစားရပါသော ရပ်မိရပ်ဖများနှင့် ရွာသူရွာသားများခင်ဗျာ။” ခရိုင်တရားသူကြီးမင်းစုန့်သည် ကျယ်လောင်စွာ ပြောခဲ့သည်။ “လူတိုင်း အခု ဆန်ယူပြီး အိမ်ပြန်လို့ ရပါပြီခင်ဗျာ။”

ဟမ်….

လူဦးရေ အနည်းဆုံးသောင်းနှင့်ချီကာ ရှိနေသော လူအုပ်ကြားတွင် အားလုံးသည် ဇဝေဇဝါဖြစ်ကာ ခေါင်းကုတ်ပြီး ကျန်နေခဲ့ကြသည်။

သူက မိုးရွာဖို့ ဆုတောင်းမှာ မဟုတ်ဘူးလားဟ။

သူက ဆုတောင်းပွဲကိုတောင် မလုပ်ရသေးပဲ ဘာဖြစ်လို့ လူတွေအားလုံးကို ပြန်ခိုင်းရတာပါလိမ့်။

“သခင်ကြီး၊ မိုးရွာဖို့ ဆုမတောင်းတော့ဘူးလားခင်ဗျ။”

“မိုးရွာဖို့လား။” ခရိုင်တရားသူကြီးမင်းစုန့်က ပြောခဲ့သည်။ “မိုးက ခင်ဗျားတို့ ရွာတွေက အိမ်တိုင်းနဲ့ လယ်ကွင်းတိုင်းဆီကို ပို့ပြီးသွားပြီလေ။ ”

ပြည်သူများသည် တရားသူကြီးမင်းသည် အဓိပ္ပါယ်မရှိသည်ကို လေပန်းနေသည်ဟု တွေးထင်ကာ ပို၍ပင် စိတ်ရှုပ်ထွေးသွားခဲ့သည်။

“ခင်ဗျားတို့ မေ့သွားကြပြီလားဗျ။ လွန်ခဲ့တဲ့ ဆယ်ရက်လောက်က ရွာတိုင်းက ကိုယ့်ဖာသာကိုယ် ရေတွင်းတူးဖို့ စီစဉ်ကြပြီးပြီလေ။ ရလာဒ်အနေနဲ့ ခင်ဗျားတို့ စပါးတွေတောင် စိုက်ပြီးကြပြီမဟုတ်လားဗျ။”

“အို… ဒါဆို ခရိုင်တရားသူကြီးမင်းက မိုးရွာပါစေလို့ ဆုတောင်းတယ်ဆိုတာ ဒါကို ပြောတာပေါ့။”

“အဲဒါ အဓိပ္ပါယ်ရှိတယ်။” ဟု တစ်ယောက်ယောက်က ပြောခဲ့သည်။ “တကယ်တော့ ဒီရေတွင်းကို အားကိုးတာက ကောင်းကင်ဘုံကို အားကိုးတာထက် ပိုပြီး ယုံကြည်စိတ်ချရတယ်လို့ ကျုပ်ခံစားရတယ်။ အနည်းဆုံးတော့ ကျုပ်တို့ လိုချင်တဲ့အချိန်တိုင်း လယ်ကွင်းတွေကို ရေလောင်းဖို့ အသုံးပြုလို့ရတယ်လေ။”

“အဲဒါအမှန်ပဲ။ ဒီရေတွင်းက အလွန်ကောင်းတဲ့ တီထွင်မှုတစ်ခုပဲ။”

***

“ဒါပေမဲ့ ဒီရေတွင်းကို ဘယ်သူက အရင်ဆုံး ရှာတွေ့ခဲ့တာလဲ ခင်ဗျားတို့သိလား။ ဘယ်သူကအရင်ဆုံး သူတို့ကို စတူးဖော်ခဲ့တာလဲ သိလား။”

ပိုင်ချွမ်းခရိုင်မှ ပြည်သူပြည်သားများသည် ဤအကြောင်းကို ကြားဖူးကြသော်လည်း တခြားခရိုင်မှ လူများကမူ တကယ် မသိခဲ့ကြပေ။

“သူက ကျွန်တော်တို့ ပိုင်ချွမ်းခရိုင်က အိမ်ရှင်မတစ်ယောက်ပါ။ ဟဲဝမ်ရွာက လီယောင်ပါ။”

“သူက သောက်သုံးရေအတွက် ရေတွင်းကို ပထမဆုံး တူးခဲ့တဲ့သူပါ။ ပြီးတော့ မိုးခေါင်ရေရှား ကယ်ဆယ်ရေးရေတွင်းကိုလည်း အရင်ဦးဆုံး တူးခဲ့တဲ့သူပါ။”

“ဒီတော့ ခင်ဗျားတို့သိတဲ့အတိုင်း ရေသောက်တဲ့အခါ ရေတွင်းတူးတဲ့သူကို မမေ့ပါနဲ့။ ခင်ဗျားတို့အားလုံး ဒီနှစ် စပါးတွေကို စိုက်ပျိုးနိုင်ခဲ့ကြပြီ။ နောက်နှစ်မှာ အငတ်ဘေးကို ကြုံရတော့မှာ မဟုတ်ဘူး။ ဒါတွေအားလုံးက လီယောင်ရဲ့ ကျေးဇူးတွေပါ။”

“လီယောင်ဆိုတာက ဘယ်သူကြီးတုန်း” တခြားခရိုင်မှ ပြည်သူများသည် ဇဝေဇဝါဖြစ်နေဆဲ ဖြစ်ကာ မေးခဲ့ကြသည်။

“သခင်မလီကိုတောင် မသိဘူးလားဗျ” ပိုင်ချွမ်းခရိုင်မှ အရပ်သူအရပ်သားများသည် ချက်ချင်းရှင်းပြခဲ့သည်။ “ကျုပ်တို့ခရိုင်က သခင်မလီက မယုံနိုင်စရာပဲဗျ။ ခင်ဗျားတို့ သူ့ရဲ့ အသားစွပ်ပြုတ်နဲ့ ငန်းနှပ်ကိုတော့ စားဖူးကြပါလိမ့်မယ်ဗျာ။”

“အိုး.. ဒါဆို သူပေါ့။”

“အံ့ဩစရာပဲ၊ အံ့သြစရာပဲဗျို့။ ဒါတို သူ့ကို ကျုပ်တို့ရဲ့ ကျေးဇူးရှင်ကြီးလို့ သတ်မှတ်လို့ ရတာပေါ့။”

***

“ဒါကြောင့် လီယောင်ရဲ့ ကောင်းမှုကုသိုလ်တွေကို ချီးမွမ်းဂုဏ်ပြုဖို့အတွက် ကျွန်တော်တို့ခရိုင်က အိမ်ရှင်မလီယောင်ကို ငွေချောင်း တစ်ရာ ဆုချီးမြှင့်ဖို့ ဆုံးဖြတ်ထားပါတယ်ခင်ဗျာ။”

ဝိုး…။

သူတို့သည် ကုသိုလ်တရား၏အကြောင်းကို ယခင်က နားမလည်ခဲ့ကြသော်လည်း ငွေချောင်း တစ်ရာသည် လူတိုင်းကို ချက်ချင်း တုန်လှုပ်သွားစေခဲ့သည်။

ငွေချောင်း တစ်ရာ ၊ သူတို့သည် တစ်သက်စာအတွက် စားဝတ်နေရေးကို စိုးရိမ်ပူပန်မှု ရှိတော့လိမ့်မည်မဟုတ်ချေ။

ပြည်သူများ၏ အုတ်အုတ်ကျက်ကျက် ဆွေးနွေးမှုများကို မြင်ရသောအခါ သူ၏ပထမဆုံးပန်းတိုင်သည် ပြီးမြောက်ခဲ့ပြီဖြစ်ကြောင်း ခရိုင်တရားသူကြီးမင်းစုန့် သိရှိခဲ့သည်။

သိပ်မကြာခင်တွင် ပိုင်ချွမ်းခရိုင်နှင့် အနီးအနားရှိ ခရိုင်မှလူများသည် မိုးခေါင်ရေရှား ကယ်ဆယ်ရေးရေတွင်းများသည် လီယောင်၏ အောင်မြင်မှုသာဖြစ်ကြောင်း သိသွားကြပေလိမ့်မည်။

သို့သော် ဤသည်မှာ မလုံလောက်သေးပေ။ အကျိုးသက်ရောက်မှုသည် အလွန်နည်းသေးသည်။

“ထပ်ပြောရမယ်ဆိုရင် လီယောင်က မိုးခေါင်ရေရှားကယ်ဆယ်ရေး ရေတွင်းကို တီထွင်ခဲ့ရုံသာမကဘူး။” ခရိုင်တရားသူကြီးမင်းစုန့်က ဆက်ပြောခဲ့သည်။ “သူရဲ့ အသားစွပ်ပြုတ်နဲ့ ငန်းနှပ်တွေကလည်း အရမ်းအရသာရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အရမ်းကို ကြိုက်နှစ်သက်ပါတယ်။ နောက်ပြီးတော့ သူက အထူးအရောင်းစတိုးဆိုင်တစ်ခုကိုလည်း ဖွင့်ထားပါသေးတယ်။ အထူးသဖြင့် ဆေးဘက်ဝင် မြက်စိမ်းလိမ်းဆေးဆီ၊ ဆပ်ပြာနဲ့ ရေမွှေးဆပ်ပြာတွေကို ရောင်းပါတယ်။ အဲဒါတွေအားလုံးကလည်း ရှားပါးပြီး အရည်အသွေးကောင်းတဲ့ ပစ္စည်းတွေပါ။”

သူတို့ မိသားစုအတွက် အဆုံးမရှိသော ခရိုင်တရားသူကြီးမင်းစုန့်၏ ကြော်ငြာမှုများကို နားထောင်ကာ ဝမ်အာသည် လုံး၀စိတ်ရှုပ်ထွေးသွားခဲ့သည်။

ပညာရှင်၊ လယ်သမား၊ အလုပ်သမားနှင့် ကုန်သည်တို့တွင် ‘ကုန်သည်’သည် အနိမ့်ဆုံးအဆင့်ဖြစ်သည်။

ခရိုင်တရားသူကြီးမင်းက ဘာလို့များ ဒီလိုမျိုး လုပ်နေရတာပါလိမ့်။

သို့သော် ဝမ်အာ မသိရှိခဲ့သည်မှာ ခရိုင်တရားသူကြီးမင်းစုန့်၏ စကားများသည် ပွက်လောရိုက်သံများကို စောင့်ကြည်ရန် ရောက်ရှိလာကြသည့် ကုန်သည်တချို့အား စီးပွားရေးအခွင့်အလမ်းများကို ရှာရန် စိတ်အားထက်သန်စေခဲ့သည်။ သူတို့သည် လီယောင်က ချက်ချင်းရှာပြီး ထုတ်ကုန်များအကြောင်း ဆွေးနွေးမှုများကို ပြုလုပ်လိုခဲ့ကြသည်။

လူအများအပြားသည် ပွဲခင်းနေရာမှ ထွက်ခွာသွားကြပြီး အထူးအရောင်းဆိုင်သို့ ဦးတည်သွားခဲ့ကြသည်ကို ခရိုင်တရားသူကြီးမင်းစုန့် မြင်ခဲ့ရသည်။

ဤသည်မှာလည်း သူ၏ ဒုတိယမြောက်ပန်းတိုင်ကို ပြီးမြောက်ခဲ့ခြင်း ဖြစ်သည်။

ကုန်သည်များသည် အနယ်နယ် အရပ်ရပ်သို့ ခရီးထွက်ကြပြီး လီယောင်၏ ဇာတ်လမ်းကို လူများ ပိုမိုသိရှိစေရန် သူတို့က သေချာပေါက် ဖြန့်ကျက်ကြလိမ့်မည်ဖြစ်သည်။

“လီယောင်၊ မင်းရဲ့ ဆုလာဘ်ကို လာယူချေ။”

လီယောင်သည် မည်သို့သော ပုံပန်းသွင်ပြင်ဖြစ်သည်ကို သိချင်ကြသည့်အတွက် လူတိုင်းသည် သူတို့၏ လည်ပင်းကို ဆန့်ထုတ်ခဲ့ကြသည်။ သို့သော် စင်ပေါ်၌ ချောမောသည့် လူငယ်လေးတစ်ယောက် လမ်းလျှောက်လာသည်ကိုသာ တွေ့မြင့်ခဲ့ရသည်။

“ကျွန်တော်မျိုးအမေက နေမကောင်းဖြစ်နေလို့ သူမကိုယ်စား ကျွန်တော်မျိုး လာယူတာပါခင်ဗျာ။”

“အရမ်းကောင်းတယ်” ခရိုင်တရားသူကြီးမင်းစုန့်သည် ဝမ်အာကို ပြုံးကာ ပြောခဲ့သည်။ “ဒီသားလေးကလည်း သူမိဘတွေလိုပါပဲ။ ဝမ်အာက ဝီရိယရှိရှိနဲ့ ကြိုးစားအားထုတ်ပြီး စာပေလေ့လာပြီးတော့ ဉာဏ်ရည်ဉာဏ်သွေး တောက်ပတဲ့ ကျောင်းသားတစ်ယောက်ပါ။ သူက ကျွန်တော်တို့ခရိုင်က အထူးချွန် အပြောင်မြောက်ဆုံး ပညာရှင်လေးတစ်ယောက်ဖြစ်ပြီး နောက်နှစ်မှာ ရှိချိုက်တစ်ယောက်ဖြစ်လာဖို့ ခရိုင်စာမေးပွဲကို သေချာပေါက် အောင်မြင်ပါလိမ့်မယ်။”

ဘာ…။

ယခုတစ်ခါ၌ ဝမ်အာသည် လုံး၀ အံအားသင့်သွားခဲ့သည်။ လူပေါင်းများစွာ၏ ရှေ့မှောက်တွင် သူ့အား အမှန်တကယ် ရက်ရက်ရောရော ချီးမွမ်းထောပနာပြုသည့် ခရိုင်တရားသူကြီးမင်းထံမှ ဤသို့သော မျက်နှာသာပေးမှုကို မည်သည့်အတွက်ကြောင့် သူ ရရှိခဲ့သည်ကို လုံး၀ နားမလည်ခဲ့ပေ။

ခရိုင်တရားသူကြီးမင်းရဲ့ ရည်ရွယ်ချက်က ဘာများပါလိမ့်။

အမေ့ကို သူ မျက်စိကျနေတာများ……….. ဖြစ်နိုင်လောက်လား။

ခရိုင်တရားသူကြီးမင်းသည် လီယောင်အပေါ်တွင် မည်သည့် အကြံအစည်မှ မရှိခဲ့ပေ။ သူသည် ရိုးရှင်းစွာပင် ပင်ကိုစွမ်းရည်ပါရမီကို နှစ်သက်မြတ်နိုးခြင်းသာ ဖြစ်သည်။ ဝမ်အာနှင့် အကြိမ်အနည်းငယ်မျှ အပြန်အလှန် ပြောဆိုဆက်ဆံခဲ့ပြီးနောက် ဤကလေးသည် ပညာရပ်ပိုင်းဆိုင်ရာတွင် လုံး၀ အထုံပါရမီရှိကာ ပို၍ရှားပါးသည်မှာ လုံ့လဝီရိယရှိပြီး ကျိုးနွံကြောင်း သူ တွေ့ရှိခဲ့ရသည်။

သူသည် သဘာ၀အတိုင်းသာ ထိုကဲ့သို့သော ပင်ပျိုလေးကို ဖုန်မှုန့်များထဲတွင် မညှိုးနွမ်းစေလိုပေ။

လူအုပ်ကြားထဲတွင် ခရိုင်တရားသူကြီးမင်းမှ ဝမ်အာထံသို့ ငွေစက္ကူတစ်ရာကို ကိုယ်တိုင်ကိုယ်ကျ ချီးမြှင့်ခဲ့သည်ကို စောင့်ကြည့်နေရင် လီရှန်း၏ မျက်နှာသည် အစိမ်းရောင်ပြောင်းသွားခဲ့သည်။

သူသည် ပိုက်ဆံကို မနာလို၍ မဟုတ်ပေ။ သို့သော် ခရိုင်တရားသူကြီးမင်းသည် ဝမ်အာကို အထူးချွန်ဆုံး ပညာရှင်ဟု ခေါ်ခဲ့သည်။

သိသာထင်ရှားစွာ သူ,လီရှန်း,သည်သာလျှင် ပိုင်ချွမ်းခရိုင်တွင် အထူးချွန်ဆုံးပညာရှင်ဖြစ်သည်။

“ကဲ… အခု အားလုံးပဲ ဆန်ယူဖို့ တန်းစီကြပါ။ ပြီးရင် ပြဇာတ်လည်း ကြည့်ကြပါခင်ဗျာ။”

သူတို့ ဆန်ယူနိုင်ပြီဟု ကြားလိုက်သည်နှင့်တပြိုင်နက် ပြည်သူလူထုသည် ချက်ချင်းအုံကြွလာခဲ့သည်။ လှိုင်းလုံးကြီးတစ်ခုကဲ့သို့သော မြင်ကွင်းကိုကြည့်ကာ ခရိုင်တရားသူကြီးမင်း၏ စိတ်နှလုံးထဲတွင် အမှန်တကယ်ပင် လေးလံလာခဲ့သည်။

ဆန်ကြမ်းတစ်ကျင်းသည် သာမာန်ပြည်သူများ၏ အခြေအနေကို မပြောင်းလဲနိုင်ပေ။ သို့သော် ယခုအချိန်တွင် ဤသည်မှာ သူ့စွမ်းဆောင်နိုင်စွမ်း၏ ကန့်သတ်ချက် အဆုံးစွန်သာ ဖြစ်ပေတော့သည်။

All Chapters