← Chapters

အာလူးအမဲသားနှပ်

Vol. 5 Ch. 68

အာလူးအမဲသားနှပ်

Vol. 5 Ch. 68

“သူဌေးရေ….”

ခေတ်မီစတိုးအရောင်းဆိုင်တွင် ဆိုင်စောင့်ဝန်ထမ်းတစ်ဦးသည် အပေါ်ထပ်သို့ လျင်မြန်စွာ တက်သွားခဲ့သည်။

“ဘာတွေ အလောတကြီး ဖြစ်နေတာလဲ။”

“သတင်းဆိုး၊ သူဌေးရေ။” ဟု ဆိုင်ဝန်ထမ်းလေးသည် မောပန်းတကြီးနှင့် ပြောခဲ့သည်။ “အောက်ထပ်မှာ လူအယောက် နှစ်ဆယ်ကျော်လောက်က ကျွန်တော်တို့ရဲ့ ကုန်ပစ္စည်းတွေကို အများကြီးဝယ်ချင်တယ်လို့ ပြောနေကြတယ်။ သူတို့က ကျွန်တော်တို့မှာ ရှိသမျှ အကုန်လိုချင်နေတာ။ ဆေးဖက်ဝင် မြက်စိမ်းလိမ်းဆေးဆီ၊ ဆပ်ပြာ၊ အမွှေးခဲဆပ်ပြာ အားလုံးတဲ့။ ”

“ဒါက သတင်းကောင်းလေ။”ဟု သူဌေးကျိုးက ပြောခဲ့သည်။

“ဒါပေမဲ့ ကျွန်တော်တို့မှာ ဘာပစ္စည်းမှ မရှိဘူးလေ။”

သူဌေးကျိုး….. ဟုတ်သားပဲ။

“သူတို့အားလုံးကို အပေါ်ထပ်ကို ဖိတ်ကြားပြီး အကောင်းဆုံးလက်ဖက်ရည်နဲ့ ဧည့်ခံလိုက်ပါ။ ပြီးတော့ နမူနာတစ်ချို့ကိုလည်း ပြင်ဆင်ထားလိုက်။ သူတို့တွေ ဒီကိုလာတဲ့ခရီးကို တို့တွေ အလကားဖြစ်စေလို့ မရဘူး။”

သိပ်မကြာခင်မှာပင် အပေါ်ထပ်သို့ လူအယောက် နှစ်ဆယ်ကျော်ကို ဖိတ်ခေါ်ခဲ့သည်။ သူဌေးကျိုးကို မြင်သောအခါ သူတို့သည် ကုန်ပစ္စည်းများ ဝယ်ယူလိုသည့် ရည်ရွယ်ချက်တစ်ခုဖြင့် သူ့အနီးတစ်ဝိုက်တွင် စုဝေးနေခဲ့ကြသည်။

“မလောကြပါနဲ့ဦးဗျာ။” သူဌေးကျိုးသည် အေးဆေးတည်ငြိမ်စွာဖြင့် ဟန်ဆောင်ပြီး ပြောခဲ့သည်။ “ပစ္စည်းတွေက သေချာပေါက် ရှိပါတယ်ဗျာ။”

“ဒါဆိုလည်း ကျွန်တော်တို့ကို အဲဒါတွေ မြန်မြန်ရောင်းပေးလိုက်တော့ဗျာ။”

“ဒါပေမဲ့… သူဌေးက ဒီမှာ မရှိသေးဘူးဗျ။ ကျွန်တော် ဆုံးဖြတ်ပေးလို့ မရဘူး။” ဟု မန်နေဂျာကျိုးက ပြောခဲ့သည်။ “ဒီလိုလုပ်ကြရင်ကောဗျာ။ ကျွန်တော်တို့ရဲ့ ပစ္စည်းတွေ ကောင်းမကောင်းဆိုတာကို လူတိုင်း အရင်စမ်းကြည့်ကြပါဦး။ သူဌေးပြန်လာတဲ့အခါကျရင် ကျွန်တော်တို့ အသေးစိတ် ဆွေးနွေးလို့ ရပါတယ်။”

တခြားနည်းလမ်းမရှိပဲ ဤသည်မှာ သူအချိန်ဆွဲထားနိုင်သည့် တစ်ခုတည်းသော နည်းလမ်းသာလျှင် ဖြစ်သည်။

လီယောင် မည်သည်ကို တွေးနေခဲ့သည်ကို မည်သူသိနိုင်လိမ့်မည်နည်း။ လုပ်ငန်းကြီးကြီးမားမား ရောက်လာခဲ့သည့်အချိန်တွင် သူမသည် မိသားစုတစ်ခုလုံးကို ဆေးဖက်ဝင်အပင်များတူးရန် တောင်ပေါ်သို့ ခေါ်ဆောင်သွားခဲ့သည်။

“ဟဲဝမ်ရွာကို အမြန်သွား။ မင်း တောင်ပေါ်ကို သွားရမယ်ဆိုရင်တောင် သူ့ကို တက်ရှာပြီး ခေါ်လာခဲ့ချေ။”

…

အာလူးတူးခြင်းသည် ပင်ပန်းသော်လည်း အလုပ်လုပ်ရသည်မှာ အလွန်ပျော်စရာကောင်းသည်။

အထူးသဖြင့် တာ့ကျွမ်းပင် ဖြစ်သည်။ မြေကြီးပေါ်မှ အာလူး တစ်ပုံတစ်ပင်ကို တူးလိုက်မိသည့်အချိန်တိုင်း သူသည် ရတနာရှာတွေ့သကဲ့သို့ပင် အလွန်ပျော်ရွှင်နေခဲ့သည်။

သုံးရက်ကြာ ကြိုးကြိုးစားစား တူးယူခဲ့ကြပြီးနောက် တစ်မိသားစုလုံးသည် အာလူးများအားလုံးနီးပါးကို တူးဖော်နိုင်ခဲ့ကာ တာ့ကျွမ်း၏ နှုတ်ခမ်းလေးများ ကွေးတက်နေအောင် ပြုံးနေစေခဲ့ပြီး ၎င်းတို့အား တောင်ငယ်လေး တစ်ခုကဲ့သို့ စုပုံထားခဲ့သည်။

“မေမေ၊ ဒါ အနည်းဆုံး ကျင်း ၃၀၀၀လောက်တော့ ရှိလိမ့်မယ်။ ဟုတ်တယ်မဟုတ်လား။”

“အဲ့လောက်တော့ ရှိပါလိမ့်မယ်။”

လီယောင်သည် ဤအထွက်နှုန်းကို အလွန်စိတ်တိုင်းမကျခဲ့ပေ။ အမှန်တကယ်တွင်မူ ၎င်းတို့အားလုံးသည် အာလူးရိုင်းများဖြစ်ကြပြီး အထွက်နှုန်းသည် အလွန်နည်းပါးလှသည်။

“ကျွန်တော်တို့ လယ်တွေအားလုံးကို နောက်နှစ် အာလူးတွေ စိုက်မယ်ဆိုရင် ကျွန်တော်တို့ ဘယ်တော့မှ စားစရာ ပြတ်တော့မှာ မဟုတ်ဘူးနော်။”

“စားစရာ မပြတ်ရုံတင် မဟုတ်ဘူး” ဟု လီယောင်က ပြောခဲ့သည်။ “သူတို့ကို စိုက်ပြီး မြေဩဇာကောင်းကောင်း ကျွေးမယ်ဆိုရင် တစ်မူကို ကျင်း၁၀၀၀ကျော်လောက် ထွက်နိုင်တယ်။”

“ဘယ်လောက်တောင်….”

တာ့ကျွမ်းသည် စကားပြန်မပြောနိုင်လောက်အောင် အံအားသင့်သွားခဲ့သည်။

တစ်မူလျှင် ကျင်း ၂၀၀၀ အထွက်နှုန်းသည် လူနှစ်ဦးကို တစ်နှစ်စာ ကျွေးမွေးရန် လုံလောက်ပေသည်။

သူတို့ ဝယ်ယူထားခဲ့သည့် တောင်ပေါ်မြေအားလုံးတွင် အာလူးများ စိုက်ပျိုးခဲ့ပါက လူဘယ်လောက်ကိုများ ကျွေးမွေးနိုင်ပါလိမ့်မည်နည်း။

သို့သော် အံဩစရာသတင်းက မပြီးဆုံးသေးပေ။ လီယောင်က ဆက်ပြောခဲ့သည်။ “ကန်စွန်းဥတွေရဲ့ အထွက်နှုန်းက ပိုတောင် မြင့်ဦးမယ်။ တစ်မူကို ကျင်း ၁၅၀၀နဲ့ အထက်ပဲ။”

အမှန်တကယ်တမ်းတွင်မူ လီယောင်သည် ဤနေရာတွင် မယုတ်မလွန်သာ ခန့်မှန်းထားခြင်းပင် ဖြစ်သည်။ စနစ်တကျ သေသေချာချာ စိုက်ပျိုးခဲ့ပါက တစ်မူလျှင် အာလူး ကျင်း ၄၀၀၀ နှင့် ကန်စွန်းဥ ကျင်း ၆၀၀၀ အထိ ထွက်ရှိနိုင်ပါသည်။

သို့သော် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများစွာနှင့် အကောင်းဆုံးသော မျိုးစေ့များကို စိုက်ပျိုးရန် လိုအပ်ပေသည်။ သို့သော ထက်ဝက်မျှပင် ရိတ်သိမ်းနိုင်ခဲ့သော် အထွက်နှုန်းသည် တစ်ပုံတစ်ပင် ဖြစ်နေပေလိမ့်မည်။

တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် မြှင့်တင်နိုင်ခဲ့ပါက တစ်နိုင်ငံလုံးအတွက် စားနပ်ရိက္ခာများ‌ ပြတ်လပ်တော့မည် မဟုတ်ချေ။

“ကဲ.. ဒါဆိုလည်း မြန်မြန်ပြန်သယ်ပို့ကြရအောင်။”ဟု တာ့ကျွမ်းက ပြောခဲ့သည်။ “နောက်နှစ်အတွက် မျိုးစေ့ချန်ဖို့ ငါတို့ အခုကစပြီး နည်းနည်းလျော့စားကြစို့။”

ယခုအချိန်တွင် ပြန်လည်သယ်ယူခြင်းသည် လက်တွေ့မကျပေ။ လမ်းများပင် မရှိသေးချေ။ သူတို့ ဘယ်လိုများ သယ်ရမှာပါလိမ့်။

အစောပိုင်း၌ သူတို့ အနားယူနေကြစဉ်တွင် လီယောင်သည် ချောက်ကမ်းပါးအောက်တွင် မြေအောက်ခန်းအဖြစ် အသုံးပြုနိုင်သည့် မီတာ ၅၀ သို့မဟုတ် ၆၀ ခန့် နက်သော သဘာ၀လှိုဏ်ဂူတစ်ခုကို တွေ့ရှိခဲ့သည်။

လမ်းများဖောက်လုပ်ပြီး နွားလှည်းဝင်လာနိုင်သည့်အချိန်မှသာ ၎င်းတို့အား အိမ်သို့ သယ်ဆောင်ရန် သူတို့ ပြောနိုင်လိမ့်မည် ဖြစ်သည်။

“ကောင်းပြီ။ သူတို့ကို စရွှေ့လိုက်ရအောင်။”

ညီအစ်ကိုသုံးယောက်လုံးသည် အာလူးများကို လှိုဏ်ဂူထဲသို့ စတင်သယ်ယူခဲ့ကြသည်။ ၎င်းတို့ကို အတွင်းထဲသို့ အခြေချထားခဲ့ပြီးနောက် သူတို့သည် အပေါ်မှ အပေါက်အား ကျောက်တုံးကြီးများကို လှိမ့်ကာ တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားခဲ့သည်။

ဝမ်ရှောင်စစ်သည် စိတ်ချလက်ချ မရှိသေးပေ။ သူသည် ထပ်မံ၍ ဂူဝင်ပေါက်ကို ဖုန်းကွယ်စေရန် သစ်ကိုင်းများကို ခုတ်ပြီး ကာခဲ့သည်။

အားလုံးပြီးစီးသွားသည့်အခါ လီယောင်သည် ကလေးသုံးယောက်ကို အိမ်သို့ပြန်ခေါ်သွားခဲ့သည်။ သို့သော် လမ်းတစ်ဝက်တွင် ခေတ်မီစတိုးဆိုင်မှ ဝန်ထမ်းနှစ်ဦးက ကြားဖြတ်ဟန့်တားခဲ့သည်။

“သူဌေး၊ မြန်မြန်ပြန်သွားပါဦး။ သူဌေးကျိုးက ဒါကို မထိန်းထားနိုင်တော့ဘူး။”

စတိုးဆိုင်တွင် တခြားနေရာမှ ကုန်သည်များနှင့် ပြည့်နှက်နေပြီး သူဌေးကျိုးသည် ရောင်းချရန် ကုန်ပစ္စည်းများ မရှိပဲ ကြံရာမရဖြစ်နေသည်ဟု ကြားသောအခါ လီယောင်သည် မြို့သို့ အရင်ဦးတည်သွားရန် ဆုံးဖြတ်ခဲ့သည်။

“သခင်မလီ၊ နောက်ဆုံးတော့ အစ်မ ရောက်လာပြီ။” သူဌေးကျိုးသည် သူ့ကယ်တင်ရှင်ကို မြင်တွေ့လိုက်ရသကဲ့သို့ပင် ဖြစ်သွားခဲ့သည်။ “အစ်မသာ ပေါ်မလာတော့ဘူးဆိုရင်၊ ဒီလူတွေက ကျွန်တော့်အရိုးတွေကို ရောင်းဖို့ တစစီဖြုတ်သွားကြလိမ့်မယ်။”

နောက်ဆုံးတွင် သူဌေးမ ရောက်လာသည်ကို မြင်သောအခါ ကုန်သည် အယောက် နှစ်ဆယ်ကျော်သည် အနားပတ်ပတ်လည်တွင် စိတ်အားထက်သန်စွာ ဝိုင်းအုံနေခဲ့ကြသည်။

လီယောင်သည် ပိုင်ချွမ်းမြို့မှ ဒေသခံများ မဟုတ်ကြသည့် မရင်းနှီးသော မျက်နှာများကို ကြည့်ရှုခဲ့သည်။

“လူတိုင်းက ကိုယ့်လုပ်ငန်းနယ်ပယ်တွေကို အရင်ပြောကြပါဦးရှင့်။”

လုပ်ငန်းနယ်ပယ်တွေ …..

ကုန်သည်များသည် သူမ၏ ဆိုလိုရင်းကို နားမလည်သောကြောင့် အချင်းချင်း ပြန်ကြည့်ခဲ့ကြသည်။

စီးပွားရေးသမားများအနေဖြင့် သူတို့သွားသည့်နေရာများသည် စီးပွားရေးလုပ်သည့် နေရာများ မဟုတ်ပေလား။

“သခင်မလီ၊ ဒါက ဘာကို ပြောတာပါလဲခင်ဗျ။”

“ဟုတ်တယ်ဗျ” တစ်စုံတစ်ယောက်က ပြောခဲ့သည်။ “ကျွန်တော်တို့က ခင်ဗျားရဲ့ ကုန်ပစ္စည်းတွေ ဝယ်ယူဖို့ ခင်ဗျားကို ပိုက်ဆံပေးတယ်လေ။ အဲ့ဒီနောက် ကျွန်တော်တို့လုပ်တာက ကျွန်တော်တို့ စီးပွားရေးလေ။ ကျွန်တော်တို့ ရောင်းချင်တဲ့နေရာကို ရောင်းချနိုင်တယ်လေ။ ဟုတ်တယ် မဟုတ်လား။”

“ကျွန်မနဲ့ဆိုရင်တော့ မရဘူး။” လီယောင်က ပြောခဲ့သည်။ “ကျွန်မဆီက ဝယ်ချင်တဲ့သူတိုင်းက ကျွန်မရဲ့ စည်းကမ်းကို လိုက်နာရမယ်။”

လီယောင်၏ စည်းမျဉ်းစည်းကမ်းများသည် ရိုးရှင်းလှသည်။ အခြေခံအားဖြင့် သူမ၏ အတိတ်ဘ၀မှ လုပ်ငန်းလုပ်ပိုင်ခွင့်ပုံစံသာ ဖြစ်သည်။ ခြားနားချက် တစ်ခုမှာ ကုန်သည်များသည် ပါဝင်ရန် အာမခံစပေါ်ငွေ ပေးဆောင်ရန် လိုအပ်သည်။

နောက်ဆုံးတွင် ဤနေရာတွင် ဥပဒေအရ ကာကွယ်မှုများ မရှိသေးပေ။ စပေါ်ငွေကြီးကြီးမားမားသည် လိမ်လည်လှည့်ဖြားသည့် အကြံအစည်များကို ဟန့်တားထားနိုင်သည်။

ဤအသင်းအဖွဲ့ပုံစံသည် ကုန်သည်များအတွက် ဆန်းသစ်ပြီး အသစ်စက်စက် ဖြစ်သည်။ ရင်းနှီးငွေများကို မြှုပ်နှံထားရန် လိုအပ်ကြောင်း ဖော်ပြထားခြင်းသည် သူတို့အား ချီတုံချတုံ ဖြစ်စေခဲ့သည်။

“ရှင်တို့အားလုံးက နားလည်သဘောပေါက်လွယ်တဲ့ လူတွေပါ။”ဟု လီယောင်က ပြောခဲ့သည်။ “ကျွန်မ ထုတ်တဲ့ စည်းမျဉ်းစည်းကမ်းရဲ့ နောက်ကွယ်က သဘောတရားကို ရှင်တို့ သေချာပေါက် နားလည်သဘောပေါက်ကြမှာပါ။ ရှင်တို့ စဉ်းစားဖို့ ကျွန်မ လတစ်ဝက်လောက် အချိန်ပေးပါမယ်။ ရှင်တို့ သဘောတူတယ်ဆိုရင် လိုအပ်တဲ့ငွေနဲ့ စာချုပ် ချုပ်ဆိုဖို့ ပြန်လာခဲ့ကြပါရှင့်။”

“ကောင်းပါပြီ။ ကျွန်တော်တို့ သေသေချာချာ စဉ်းစားလိုက်ပါဦးမယ်။”

ပြန်မသွားကြမီ လီယောင်သည် သူဌေးကျိုးအား ကုန်သည် တစ်ဦးချင်းစီအတွက် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် တစ်ခုကို မူကြမ်းရေးဆွဲစေပြီး သူတို့အား ယူသွားစေကာ တဖြေးဖြေး လေ့လာစေခဲ့သည်။

ဤနှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့်ပုံစံသည် ၎င်းတို့အား သဘောထားပြောင်းစေလိမ့်မည်ဟု သူမ ယုံကြည်မှု ရှိသည်။

ကုန်သည်များ ထွက်ခွာသွားပြီးနောက် သူဌေးကျိုးသည် စိတ်သက်သာစွာဖြင့် သက်ပြင်းတစ်ချက် ချခဲ့သည်။

လွန်ခဲ့သော သုံးရက်ခန့်က သူသည် မီးပေါ်တွင် အကင်ခံနေရခြင်းထက်ပင် ပို ၍သောကပွားနေခဲ့သည်။ ယခုအခါ သခင်မလီသည် ဤကဲ့သို့ ကြီးကြီးမားမားကိစ္စရပ်ကို လွယ်ကူချောမွေ့စွာ ဖြေရှင်းခဲ့ပြီး အလွန်ကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှုပုံစံကိုပင် ဖန်တီးခဲ့သည့်အတွက် တောသားတစ်ဦးသည် ကမ္ဘာကြီးအား ပထမဦးဆုံးအကြိမ် မြင်တွေ့ဖူးသကဲ့သို့ သူ ခံစားခဲ့ရသည်။

သူသည် နှစ်အတော်ကြာအောင် စီးပွားရေးကို လုပ်ဆောင်ခဲ့ပြီး အပြည့်အ၀ ကျွမ်းကျင်နေခဲ့ပြီဟု တွေးထင်နေခဲ့သော်လည်း သခင်မလီ၏ ရှေ့မှောက်တွင် အိမ်မှမထွက်ရဲသည့် ကလေးငယ်တစ်ဦးကဲ့သို့ ဖြစ်နေခဲ့သည်။

“အိုး.. ဟုတ်သား။ အစ်မလီ..” မန်နေဂျာကျိုးက ပြောခဲ့သည်။ “ခရိုင်တရားသူကြီးမင်းကတော်က အစ်မ အချိန်ရရင် ခရိုင်ရုံးကို လက်ဖက်ရည်သောက်လာဖို့ သူမျှော်နေတယ်တဲ့။ ကျွန်တော့ကို တဆင့်ပြောခိုင်းလိုက်သေးတယ်။”

“ကျွန်မမှာ အချိန်မရှိဘူး။”

ခရိုင်တရားသူကြီးမင်းကတော်ကို ဖျော်ဖြေဖို့ ခရိုင်တရားရုံးကို သွားလည်ရမယ်ဟုတ်လား။ ရပါပြီ..ကျေးဇူးပါနော်….။

သူမသည် သာမာန်အမျိုးသမီးတစ်ဦးသာ ဖြစ်သည်။ အထက်တန်းစားလူ့အဖွဲ့အစည်းများ၏ ကိစ္စဝိစ္စရပ်များအား ဝင်ရောက်စွက်ဖက်ခြင်း မပြုနိုင်ပေ။ အိမ်သို့ မြန်မြန်ပြန်ကာ ကန်စွန်းဥတူးခြင်းကသာ ပို၍ ကောင်းပေမည်။

…

လီယောင်သည် အချိန်အတော်ကြာအောင် တောင့်တနေခဲ့သည့် အာလူးအမဲရိုးနှပ်ကို ညစာအတွက် ချက်ရန် အမဲခြေထောက်ရိုးတစ်ခုကို ဝယ်ယူခဲ့သည်။ သို့သော် သူမ၏ အိမ်အပြင်ဘက် အဝေးကပင် မွှေးရနံ့ တစ်ခုကို အနံ့ရရှိခဲ့သည်။

အိမ်ထဲတွင် အာလူးများ မီးဖုတ်နေသည့် ဝမ်ရှောင်စစ်၏ အစားလောဘကြီးသည့် အစာအိမ်လေးပင် ဖြစ်ရပေမည်။

ဤကောင်ငယ်လေးသည် သူမ သိခဲ့သောသူတစ်ယောက်ကဲ့သို့ပင် ချိုမြိန်သည့် သွားများနှင့် ကြောင်လေးများကဲ့သို့ အစာစားလိုစိတ်လေး ရှိသည်။

သူမသည် ခြံအစွန်နားသို့ ရောက်သည်နှင့်တပြိုင်နက် ရုတ်တရက် တုန်တုန်ယင်ယင်နှင့် အသံတစ်ခုက ဘေးဘက်မှ အော်ခေါ်လာခဲ့သည်။

“လီယောင်၊ ပြန်လာပြီလား။”

လီယောင် လှည့်ကြည့်လိုက်သောအခါ ရွာမှ အဖွားအိုဝမ် ဖြစ်သည်ကို မြင်တွေ့ခဲ့ရသည်။

အသက်ခြောက်ဆယ်ကျော်အရွယ်တွင် သူမခင်ပွန်း ဆုံးပါးသွားခဲ့ပြီးနောက် သူမ၏ အိမ်ထောင်သည် သမီးနှစ်ယောက်သည် သူမအား စောင့်ရှောက်ပေးရုံမျှသာ ကြည့်ရှုပေးသည်။ ယခင်က သူမသည် အိမ်နီးနားချင်းများကို လယ်ယာလုပ်ငန်းဖြင့် ကူညီလုပ်ကိုင်ပေးပြီး နှစ်တိုင်း အသက်မွေးဝမ်းကြောင်းပြုရန် မှီခိုအားထားခဲ့ရသည်။

ယခုအခါ သူမအား ကူညီရန် မည်သူမျှ အပိုမတတ်နိုင်ကြတော့ပေ။

“အဖွားဝမ်၊ ကျွန်မနဲ့ ကိစ္စတစ်ခုခုရှိနေလို့လား။”

“ညည်းက မေးတော့လည်း ကျုပ်က တည့်တည့်ပဲ ပြောပါတော့မယ်အေ။”

အဖွားဝမ်သည် တစ်ခုခုကို စမ်းတဝါးဝါးလုပ်ကာ အဝတ်အလွှာပေါင်းများစွာထဲ ထုတ်ယူခဲ့သည်။ ၎င်းတို့မှာ မဲနက်နေသည့် ငွေလက်ကောက် တစ်စုံ ဖြစ်သည်။

“ဒါတွေက ကျုပ်ရဲ့ ခန်းဝင်လက်ကောက်တွေပါ။ ကျုပ် တစ်ချိန်လုံး ဖွက်ထားခဲ့တာပါ။” ဟု အဖွားအိုဝမ်က ပြောခဲ့သည်။ “အခုတော့ ကျုပ်မှာ စားဖို့တောင် မတတ်နိုင်တော့ဘူး။ အဲဒါကြောင့် ဒါတွေကို ပေါင်နှံမယ်လို့ ကျုပ်တွေးထားခဲ့တာ။ အပေါင်ဆိုင်က ဝမ် ၃၀၀ပဲ ပေးတယ်။ အခု ညည်းမှာ ပိုက်ဆံရှိနေပြီဆိုတော့ ဝယ်များဝယ်ချင်မလားလို့လေ။ အပေါင်ဆိုင်ထက် ဝမ် ၂၀ လောက် ပိုပေးမယ်ဆိုရင် ကျုပ်ရောင်းပါမယ်… ဝမ် ၁၀ပဲ ပိုပေးလည်း ရပါတယ်။”

All Chapters