← Chapters

သေမင်းတမာန်ချိုင့်၀ှမ်း

Vol. 5 Ch. 70

သေမင်းတမာန်ချိုင့်၀ှမ်း

Vol. 5 Ch. 70

နွေဦးရောက်သည်အထိ တစ်ရွာလုံးအား ကျွေးမွေးနိုင်လိမ့်မည်လား။ ဤမျှကောင်းမွန်သည့် ကိစ္စရပ်အား ဝမ်ကျားဖူသည် သူ့အိမ်မက်ထဲတွင်တောင် ထည့်မမက်ရဲခဲ့ချေ။

ရွာရှိ ကြီးကြီးငယ်ငယ် အားလုံးပေါင်းထည့်လိုက်သော် လူဦးရေ ၁၅၀၀ ကျော် ရှိသည်။ လူတစ်ယောက်သည် တစ်နေ့လျှင် ဆန်ကြမ်း ၂လျန်မျှသာ စားခဲ့လျှင်တောင် အစားအစာ ကျင်း ၃၀၀ ရှိနေပြီ ဖြစ်သည်။ တစ်လလျှင် ကျင်း ၉၀၀၀ ကုန်ကျပေမည်။

ယခုလာမည့်နှစ်၏ ရိတ်သိမ်းချိန်ထိတိုင်အောင် အနည်းဆုံး ငါးလခန့် ကျန်ရှိနေဆဲဖြစ်ပြီး ကျင်း ၄၅၀၀၀ လိုအပ်ပေသည်။

“လီယောင်၊ နင် ဦးလေးကို ရယ်စရာတွေ လာပြောမနေနဲ့။” ဟု ရွာလူကြီးက ပြောခဲ့သည်။ “နင် ပိုက်ဆံတော်တော်များများ ရှာနိုင်ခဲ့တာကို ငါသိပါတယ်။ ဒါပေမဲ့ နင် တစ်ရွာလုံးကို ကူညီချင်တယ်ဆိုရင်တော့ မလုပ်ဖို့ပဲ ငါအကြံပေးမယ်။ ဆန်စပါးအလှူက မကျေမချမ်းဖြစ်တာတွေကို နှိုးဆွပေးနိုင်တယ်။ လူတိုင်းက နင့်ရဲ့ သနားကြင်နာမှုကို သတိရနေမှာ မဟုတ်ဘူး။ နင် တကယ်ပဲ ကူညီချင်တယ်ဆိုရင် တကယ်ကို မတတ်နိုင်တဲ့ မိသားစုတချို့ကိုပဲ ရွေးပြီးတော့ နည်းနည်းပါးပါး ထောက်ပံ့ချေ။ ကျန်တဲ့လူတွေမှာ လုပ်နိုင်ကိုင်နိုင်တဲ့ ခြေတွေ လက်တွေ ရှိတယ်။ သူတို့ အမြဲတမ်း နည်းလမ်းတစ်ခုတော့ ရှာနေကြမှာပါ။ ”

သူမ၏ ဆိုလိုရင်းအား သူ နားလည်မှုလွဲနေခဲ့ကြောင်း လီယောင် သိရှိခဲ့သည်။

“ကျွန်မက လူတိုင်းကို ပိုက်ဆံပေးနေမှာ မဟုတ်ပါဘူး။ တခြား နည်းလမ်းတစ်ခုပါ။”ဟု လီယောင်က ပြောခဲ့သည်။ “ဒီငွေချောင်းကို အရင်ဆုံး လက်ခံလိုက်။ အဲဒါဆို ကျွန်မ ဦးလေးကို ပြောပြမယ်။”

“အဖိုးကလည်း၊ ယူသာ ယူထားလိုက်စမ်းပါ။”

သူသည် တုံ့ဆိုင်းနေဆဲ ဖြစ်သည်ကို မြင်သောအခါ ဝမ်ရှောင်စစ်သည် ငွေချောင်းကို ဆွဲယူကာ သူ့အိတ်ကပ်ထဲသို့ တိုက်ရိုက် ထည့်ပေးခဲ့သည်။ “အေး… နင်တို့ကလေးတွေကလေ.. တကယ်ကို ကြင်နာတတ်တဲ့ နှလုံးသားတွေ ရှိကြတာပဲ။ ကောင်းပြီ။ ငါလက်ခံလိုက်မယ်။ နင်ပြောတဲ့ နည်းလမ်းဆိုတာက…”

“စကားပြောဖို့ အထဲကို ဝင်လိုက်ကြရအောင်။”

ရုန်းရင်းဆန်ခတ် ဖြစ်ပွားခြင်း မရှိပဲ ရွာသူရွာသားများအား ကန်စွန်းဥများ ဝေပေးရန် နည်းလမ်းတစ်ခုကို ယမန်နေ့ညက လီယောင် စဉ်းစားခဲ့ပြီး ဖြစ်သည်။

သူမသည် ချိုင့်ဝှမ်းသိုသွားကာ ကန်စွန်းဥများ တူးယူရန် အတွက် ရွာလူကြီးအား ယုံကြည်အားကိုးထိုက်သော လူအယောက် သုံးဆယ်ကို ဦးစွာ ရှာစေခဲ့သည်။ ရွာရှိ အကြီးဆုံးမျိုးနွယ်စုများ ဖြစ်ကြသည့် ဝမ်မိသားစုနှင့် ဖန်မိသားစုများမှ လူများကို ရွေးချယ်ရန် အကောင်းဆုံး ဖြစ်သည်။

ကန်စွန်းဥများအားလုံး တူးယူမှု မပြီးမြောက်ခင်အထိ သူတို့သည်လည်း အိမ်မပြန်နိုင်ကြပေ။

ကျန်ရှိသော ရွာသူရွာသားများအတွက်မူ၊ ကောင်းကင်မှ ပြုတ်ကျလာမည့် အစားအသောက်များကို အိမ်၌သာ ထိုင်စောင့်၍ မရနိုင်ပေ။ ကန်စွန်းဥ စားချင်ပါက လုပ်အား ထည့်ဝင်ပေးရမည် ဖြစ်သည်။

ဦးစွာ ကန်စွန်းဥအများအပြားကို ပြန်လည်သယ်ယူရန် လိုအပ်သောကြောင့် လမ်းတစ်ခု ဖောက်ရန် လိုအပ်ပေသည်။ ဤသည်မှာ ကျန်ရှိနေသည့် ရွာသူရွာသားများ၏ တာဝန်သာ ဖြစ်သည်။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ၊ လူကြီးဖြစ်စေ၊ ကလေးဖြစ်စေ၊ အသက်အနည်းငယ်မျှသာရှိသော ကလေးများပင်လျှင် အားလုံးသည် လီယောင့်အိမ်သို့ သွားသည့် လမ်းအား ပြုပြင်ရန် ကူညီပေးရမည်ဖြစ်သည်။

လီယောင်သည် ထိုအတွက် သေချာပေါက် ငွေပေးချေလိမ့်မည် မဟုတ်ပေ။ ထိုအစား သူတို့၏ လုပ်အားပေါ် မူတည်၍ ကန်စွန်းဥများကို ဝေငှပေးမည် ဖြစ်သည်။

တောင်ပေါ်တွင် အမှန်တကယ်ပင် အစားအစာများ အများအပြားရှိသည်ဟု ကြားသောအခါ ဝမ်ကျားဖူသည် အိပ်မက်ထဲသို့ ရောက်နေသကဲ့သို့ ခံစားရကာ တချိန်လုံး မှင်တက်မိနေခဲ့သည်။

သို့သော် သူ အသိပြန်ဝင်လာခဲ့ပြီးနောက် လီယောင်၏ အစီအစဉ်သည် လုံး၀ အကျိုးသင့် အကြောင်းသင့် မဟုတ်ကြောင်း သူ ချက်ချင်း သတိပြုမိခဲ့သည်။

“လမ်း လီ ၃၀ လောက်က အဲ့လောက် လူအများကြီး မလိုဘူး”ဟု ရွာလူကြီးက ပြောခဲ့သည်။ “ဒီလို လုပ်ကြစို့။ အုပ်စု နှစ်ခု ခွဲလိုက်။ တစ်စုက လမ်းဖောက်။ နောက်တစ်စုက နင့်အိမ်မှာ အလုပ်တွေ ကူလုပ်ပေးရမယ်။”

“ကျွန်မအိမ်မှာက အဲ့လောက် လူများများစားစားလိုတဲ့ အလုပ် မရှိဘူး။”

“ဘယ်လိုလုပ် မရှိရမှာလဲ။”ဟု ရွာလူကြီးက ပြောခဲ့သည်။ “နင် တောင်ပေါ် ကျတ်တီးမြေတွေ ထောင်နဲ့ချီ ဝယ်ထားတယ်လေ။ အဲဒါတွေကို အမြဲတမ်း အကျိုးမရှိပဲ ထားလို့ မရဘူး။ နောက်ဆုံးကျရင် နင် အဲဒါတွေကို ရှင်းလင်းပြီးတော့ တစ်ခုခု စိုက်ပျိုးမှာပဲလေ။ ဟုတ်တယ် မဟုတ်လား။ ငါ လူတစ်ဝက်ကို အဲ့မြေရိုင်းတွေကို ရှင်းခိုင်းလိုက်မယ်။ ဒါဆို နင်လည်း နောက်နှစ်ကျရင် အပင်စိုက်လို့ ရပြီ။”

မြေရိုင်းများသည် သေချာပေါက် ရှင်းလင်းရန် လိုအပ်ပေသည်။ ကန်စွန်းဥများကို ရိတ်သိမ်းပြီးပါက ကူညီရန် လူများ ငှားရမ်းမည်ဟု လီယောင်သည် မူလက စီစဉ်ထားခဲ့သည်။

ရွာလူကြီးက ဤသို့သော နည်းလမ်းကို စီစဉ်ပေးသောကြောင့် ငွေတချို့ အကုန်ကျသက်သာသွားသည့်အတွက် သူမ ပျော်ရွှင်နေခဲ့ပါသည်။

“ပြီးတော့...” ဟု ရွာလူကြီးက ဆက်ပြောခဲ့သည်။ “အခု လူတွေက နင့်အိမ်မှာ အလုပ်လုပ်တယ်ဆိုတာက ကျွေးရမွေးရမယ်လို့ ဆိုလိုတယ်။ ဒါပေမဲ့ ဒီလို လူအများကြီးကို ကျွေးမွေးရမယ်ဆိုတော့ နင်အကုန်လုံးကို ပေးကမ်းဖို့ မမျှော်လင့်ထားနဲ့။ နောက်ဆုံးတစ်ခေါက် နင် မြေရိုင်းတွေ ဝယ်တုန်းက ရွာအတွက် ငွေချောင်းနည်းနည်းရထားတယ်။ ဆန်ကြမ်းနည်းနည်းနဲ့ ပြောင်းဆန်ဝယ်ဖို့ အဲဒါကို သုံးလိုက်။ နင်တို့ မိသားစုက အစားအသောက်တွေနဲ့ ယှဉ်လို့တော့ မရပေမဲ့ လူတိုင်းကို အများကြီး ကျွေးမွေးနိုင်တယ်။ ဘယ်သူမှလည်း မကျေမနပ် ဖြစ်တော့မှာ မဟုတ်ဘူး။”

“ဒီလိုဆိုတော့လည်း ဦးလေး ပြောတဲ့အတိုင်း လုပ်ကြတာပေါ့။” ဟု လီယောင်က ပြောခဲ့သည်။ “ပြီးတော့ တောင်ပေါ်မှာ လူတိုင်း အလုပ်သွားလုပ်နေတဲ့အချိန်မှာ ရွာကို စောင့်ကြပ်ဖို့လည်း လူတွေ စီစဉ်ဖို့ လိုတယ်နော်။”

“မေမေ၊ သား လုပ်နိုင်တယ်။” ၎င်းကို ဝမ်စန်းအာကြားသောအခါ ချက်ချင်းထရပ်ခဲ့သည်။ “သား ရွာကို ကောင်းကောင်း စောင့်ရှောက်နိုင်တယ်လို့ အာမခံတယ်။”

ယင်းမှာ ပြီးပြည့်စုံသည်ဟု ရွာလူကြီးက ချက်ချင်း ထင်မြင်ခဲ့သည်။

ရွာရှိ အနည်းဆုံး ဆယ်နှစ်ခန့်အရွယ် ဝမ်စန်းအာကဲ့သို့သော ကောင်ငယ်လေးများသည် အလုပ်ကြမ်းအတွက် များစွာ အသုံးမပြုနိုင်ပေ။ သူတို့အား အိမ်မှာ နေ၍ စောင့်ကြပ်ခိုင်းသည်မှာ ပိုကောင်းလှပေသည်။

ထို့အပြင် နေ့ခင်းကြောင်တောင်ဖြစ်သောကြောင့် အခက်အခဲများစွာအား သူတို့ ရင်ဆိုင်ရလိမ့်မည် မဟုတ်ချေ။

“ကောင်းပါပြီ။ ဒါဆို သား လူသွားစုလိုက်တော့မယ်။”

ဝမ်စန်းအာသည် သူ့သူငယ်ချင်းများကို ရှာဖွေရန် မြှားတစ်စင်း ပစ်လွှတ်လိုက်သကဲ့သို့ ပြေးထွက်သွားသည်။

ရွာလူကြီးသည်လည်း ဝမ်မိသားစုနှင့်ဖန်မိသားစု၏ အကြီးအကဲများနှင့် တခြားလူတစ်ချို့အား အမြန်သွားရှာဖွေခဲ့ပြီး ဝမ်ယွမ်ပန်းအပါအဝင် အသက်နှစ်ဆယ်အရွယ်ခန့် သန်မာသည့် လူငယ်အယောက် ၃၀အား အတူတကွ ဆွဲခေါ်ကာ အမြန်စုဆောင်းခဲ့သည်။

ရွာလူကြီးသည် လူငယ်ပေါင်းများစွာကို စုဆောင်းနေသည်ကို မြင်သောအခါ တာ့ကျွမ်းသည် အနည်းငယ် ထူးဆန်းနေသကဲ့သို့ ခံစားခဲ့ရသည်။

တခြားရွာနဲ့ သူတို့တွေ ရန်ဖြစ်ရတော့မှာလား။

“ရွာလူကြီး၊ ကျုပ်တို့က ဒီမှာ ဘာလုပ်ရမှာလဲဗျ။”

“မမေးနဲ့။” ဟု ရွာလူကြီးက မျက်နှာထားတင်းတင်းနှင့် ပြောခဲ့သည်။ “မင်းတို့လက်နက်တွေ ယူလာဖို့ သတိရကြ။ မင်းတို့ သိထားရမှာ ဒါ အကုန်ပဲ။”

သူတို့၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများဖြင့် တောက်ပနေခဲ့ပြီး လူအုပ်ကြီးသည် အချင်းချင်း အကြည့်ချင်း ဖလှယ်ခဲ့ကြသည်။

ဝမ်ယွမ်ပန်းသည် ယခုနှစ်တွင် ၁၇ နှစ် ရှိပြီး သွေးဆူလွယ်သော လူငယ်လူရွယ် တစ်ဦး ဖြစ်သည်။ သူသည် သူ့ရင်ဘတ်အား ဗုန်းကနဲ့ထုကာ မေးခဲ့သည်။ “ဦးလေး၊ ပြော...၊ ဘယ်ရွာက ကျုပ်တို့ကို ရန်လာစနေတာလဲ။”

“ဘာကို ရန်စတာတွေ ရန်မစတာတွေတုန်း။” ဤသည်ကို ကြားသောအခါ ရွာလူကြီးသည် မျက်မှောင်ကြုတ်သွားခဲ့သည်။ “မင်း .. အကောင်စုတ်လေး ငယ်တော့တာလည်း မဟုတ်ဘူး။ တစ်နေကုန် သတ်ဖို့ ဖြတ်ဖို့ ရန်ဖြစ်ဖို့ကို တွေးနေတုန်းပဲ။ ဒါကြောင့်လည်း မင်း အခုထိ မိန်းမ မရသေးတာ။”

"ဟား..ဟား…ဟား..."

လူအုပ်ကြီးသည် ရယ်မောကာ သူ့အား စနောက်ကြလေတော့သည်။

“စတုထ္ထဦးလေးဝမ်က မိန်းမယူဖို့ ပြဿနာ မရှိပါဘူး။ မိန်းမ မရတာ ပဉ္စမမြောက်ဦးလေးပါဗျာ။”

“ဟုတ်ပါ့၊ စတုထ္ထဦးလေးမှာ မရီးကောင်းကြီးတစ်ယောက်လုံးရှိနေတာကို။ ဘယ်လိုလုပ် မိန်းမ မရပဲနေမှာလဲဗျ။”

“အမှန်ပဲဟေ့။ စတုထ္ထဦးလေးရေ မင်းအကြီးဆုံးမရီးကို သွားတောင်းပန်ရင် ပိုကောင်းမယ်ဟေ့။ ငယ်ငယ်ရွယ်ရွယ် တာ့ကျွမ်းကိုပဲကြည့်။ နောက်နှစ်ဆို ကလေးအဖေတောင် ဖြစ်နေလောက်ပြီ။”

ဝမ်ယွမ်ပန်း၏ မျက်နှာသည် ရှက်ရွံမှုကြောင့် နီမြန်းသွားခဲ့သည်။ “သွားစမ်းပါကွာ၊ မိန်းမရဖို့ ငါ့ဖာသာငါ ငွေရှာမှာပေါ့ ။ ဘာလို့ ငါ့မရီးရဲ့ အကူအညီ လိုရမှာလဲ။”

“တော်ပြီ၊ တော်ပြီ၊ ငြင်းခုံနေတာတွေကို ရပ်လိုက်တော့။”ဟု ရွာလူကြီးက အော်ခဲ့သည်။ “မင်းတို့ရဲ့ ပစ္စည်းကိရိယာတွေ သွားယူ။ ငါ မင်းတို့အတွက် ပြင်ထားပေးပြီးသား။”

လူအုပ်ကြီးသည် ရွာလူကြီးနောက်မှ လီယောင်၏ အိမ်အသစ်သို့ လိုက်ပါသွားခဲ့သည်။ တံခါးတစ်ချပ်ကို ဖွင့်လိုက်သောအခါ ပေါက်ပြားများ၊ ခြင်းတောင်းများ၊ ထမ်းပိုးများနှင့် တခြားလယ်ယာသုံးကိရိယာများနှင့် ပြည့်နှက်နေသည်ကို သူတို့ မြင်တွေ့ခဲ့ရသည်။

“နောက်ရွာက မုဆိုးမတွေကို အလုပ်တွေ ကူလုပ်ပေးရမှာလား။”

“အကောင်စုတ်လေးတွေ၊ အဓိပ္ပါယ်မရှိတာတွေပဲ အမြဲတမ်း ပြောနေတော့တာပဲ။”ဟု ရွာလူကြီးက ဆူငေါက်ခဲ့သည်။ “နားထောင်ကြ၊ နောက်ကျရင် သခင်မလီက မင်းတို့ ဘယ်သွားပြီ ဘာလုပ်ရမယ်ဆိုတာ ပြောပြလိမ့်မယ်။ မင်းတို့အားလုံး သူ့စကားကို နားထောင်ရမယ်။ ကြားကြလား။”

လီယောင်နှင့် သူတို့ အလုပ်တွဲလုပ်ရမည်ဟု ကြားသောအခါ လူအုပ်ကြီးသည် ချက်ချင်း ငြိမ်ကျသွားခဲ့သည်။

ယခင်က သူတို့အား ဤကဲ့သို့ တောင်းဆိုခဲ့မည်ဆိုပါက လီယောင်ကဲ့သို့ အော့ကြောလန် အရိုင်းအစိုင်းနှင့် လက်တွဲလိုသည့် လူငယ် တစ်ဦး တစ်ယောက်မျှ ရှိလိမ့်မည် မဟုတ်ပေ။

သို့သော် ယခုတွင်မူ အရာအားလုံးသည် ကွဲပြားသွားခဲ့ပြီ ဖြစ်သည်။

ကျန်းမိသားစု ချမ်းသာကြွယ်၀လာသည့် အကြောင်းအရင်းမှာ လီယောင်ကြောင့်ဖြစ်သည်ဟု လူတိုင်း သိရှိကြသည်။ လီယောင်နှင့် အလုပ်အတူတွဲလုပ်သော ရွာရှိမိသားစုများအားလုံးသည် ငွေအမြောက်အမြား ရှာနိုင်ခဲ့ကြသည်။

ဝမ်ယွမ်ပန်း၏ ဖခင်သည်ပင် လဲမှို့မွေ့ယာပြုလုပ်နည်းကို သင်ယူပြီးနောက် နေ့တိုင်း မရပ်မနား အလုပ်များနေခဲ့ရသည်။ သူသည် လှည်းဆွဲရန် နွားငယ်လေးတစ်ကောင်ကိုပင် ဝယ်ယူခဲ့ပြီး လဲမှို့မွေ့ယာများ ပြုလုပ်ရန် လီဒါဇင်ပေါင်းများစွာနှင့် ချီကာ ခရီးသွားနေခဲ့သည်။

ထို့ကြောင့် ဤသည်မှာ လီယောင် စီစဉ်ပေးသည်ဟု သိလိုက်ရသောအခါ အားလုံးသည် သူတို့ ချမ်းသာကြတော့မည်ဟု ဝိုးတိုးဝါးတား ခံစားနေခဲ့ကြရသည်။

မကြာမီတွင် လီယောင်သည် အထုတ်ကြီး နှစ်ထုတ်ကို သယ်ကာ သူမ၏ နွားဝါလေးကို ဦးဆောင်ကာ ရောက်ရှိလာခဲ့သည်။ “မင်းတို့အားလုံးရဲ့ ပစ္စည်းတွေ ယူပြီး ငါ့နောက်ကို လိုက်လာခဲ့ကြ”ဟု လီယောင်သည် ယတိပြတ် ပြောခဲ့သည်။

အများကြီး မမေးရဲကြပဲ သူတို့၏ ပစ္စည်းကိရိယာများကို တိတ်တိတ်ဆိတ်ဆိတ် ကောက်ကိုင်ခဲ့ကြပြီး နွားတွေကို ခေါ်ကာ တောင်ပေါ်သို့ သူ့မနောက်မှ လိုက်သွားခဲ့ကြသည်။

ချိုင့်ဝှမ်းအစွန်းသို့ ရောက်သောအခါ လီယောင်သည် သူတို့အား ရပ်စေပြီး အနားယူစေသည်။

လူအုပ်ကြီးသည် ပို၍ပင် သိချင်လာခဲ့ကြသည်။ သို့သော်လည်း မည်သူမှ မမေးရဲကြပေ။ သူတို့အားလုံးသည် ဝမ်ယွမ်ပန်းအား အသနားခံသောအကြည့်များဖြင့်သာ ကြည့်ခဲ့ကြသည်။ နောက်ဆုံးတွင် သူလည်း သည်းမခံနိုင်ပဲ မေးခဲ့သည်။ “မရီး၊ ကျုပ်တို့ အတိအကျ ဘယ်ကို သွားကြမှာတုန်းဗျ”

“အောက်ထဲ ဆင်းမှာ။”

သူမက သူတို့အားလုံးကို သေမင်းတမာန်ချိုင့်ဝှမ်းထဲကို ဆင်းစေချင်တာလား။

ဤသည်ကို ကြားသောအခါ သူတို့အားလုံးသည် ချက်ချင်း စိတ်မသက်မသာ ဖြစ်သွားခဲ့သည်။

ငယ်ရွယ်စဉ်ကတည်းက ‘သေမင်းတမာန်ချိုင့်ဝှမ်းထဲသို့ ပေါ့ပေါ့တန်တန် ဘယ်တော့မှ မဝင်ရောက်ရ’ဟု လူကြီးများ ပြောကြသည်ကို သူတို့ ကြားဖူးခဲ့ကြသည်။

အထဲတွင် သားရဲတောကောင်ကြီးများသာမက အဆိပ်ရှိသော နွံတွင်းကြီးများနှင့် တခြားအရာများလည်း ရှိသည်။ ဝင်ရောက်ခဲ့သူ အနည်းငယ်မျှသာလျှင် ပြန်ထွက်လာနိုင်ကြသည်။ အတွေ့အကြုံရှိသော ကျွမ်းကျင်သည့် မုဆိုးများပင်လျှင် များသောအားဖြင့် ဤနေရာသို့ ရောက်လျှင် နောက်ကြောင်းပြန်လှည့်ကြပေလိမ့်မည်။

ယခုအခါ လီယောင်သည် သူတို့အား သေမင်းတမာန်ချိုင့်ဝှမ်းထဲသို့ ဆင်းစေချင်နေခဲ့သည်။ သူမ အတိအကျ ဘာကိုများ ရည်ရွယ်နေခဲ့တာပါလိမ့်။

All Chapters