အခန်း (၆၀)
Vol. 4 Ch. 60
ချန်းသွမ့်က ထူးဆန်းသော လူပေါင်းများစွာနှင့် စိတ်ဝင်စားစရာကောင်းသော ပုံပြင်ဒဏ္ဍာရီများအကြောင်းကို ပြောပြနေခဲ့သည်။ ကျန့်ယန်တောင်မှ ကလေးမကတော့ စိတ်ဝင်တစား နားထောင်ပြီး ပြောလိုက်၏။
“အစ်မကြီးက အများကြီး သိထားတာပဲ..”
ချန်းသွမ့်က အပြုံးနှင့် ပြောလိုက်၏။
“မင်းလည်း ကြီးလာတဲ့အချိန်ကျရင် အများကြီး သိလာပါလိမ့်မယ်…”
စုန့်ကျိရှင်းကတော့ အမှန်တရားတစ်ဝက်ရော၍ ပြောလိုက်သည်။
“ငါကတော့ မင်းနဲ့ အတူတူရှိနေတဲ့အချိန် မင်းက သာမန်လူတစ်ယောက်လိုပဲ ခံစားရတယ်..”
မိန်းကလေးက မျက်တောင်ရှည်ကြီးများနှင့် မော့ကြည့်ပြီး မေးလိုက်သည်။
“ဒါဆိုရင် တာ့လီက စုန့်ချန်ကျင့်ရဲ့ရှေ့မှာဆိုရင် ငါက နှိမ့်ချပြီးနေရမယ်လို့ ပြောချင်တာလား…”
စုန့်ကျိရှင်းက ရယ်လိုက်ပြီး ချန်းသွမ့်ကို လက်ညှိုးထိုးပြလိုက်သည်။
“မိန်းကလေး …
တကယ်လို့ ငါတို့မြို့ထဲမှာရှိတဲ့ ဆရာချီကသာ နင် ပြောတဲ့စကားကိုကြားမယ်ဆိုရင် သူက သေချာပေါက် မျက်မှောင်ကြုတ်လိမ့်မိမယ်။ ဒါက တခြားတစ်ယောက်ကို ခေါ်တာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ်ပဲဖြစ်ဖြစ် ကျိုးကြောင်းသင့်လျော်မှု မရှိဘူးလေ။ ပထမတော့ အဲဒီစကားက ကျိုးကြောင်းဆီလျော်မှုရှိပါတယ်။ ဒါပေမဲ့ စေ့စေ့စပ်စပ် စဉ်းစားစရာမလိုပါဘူး။ ငါပြောချင်တာက နင်က စုန့်ချန်ကျင့်ရဲ့ရှေ့မှာ နှိမ့်ချနေစရာ မလိုဘူး။ ဒါပေမဲ့ စုန့်ချန်ကျင့်က တာ့လီမှာ အင်အားအကြီးဆုံး နယ်မြေခံ တစ်ယောက်ပဲ။ သူက နှစ်ယောက်မရှိတဲ့ သိုင်းသခင် တစ်ယောက်လည်း ဖြစ်နေသေးတယ် မဟုတ်လား။ အပြင်လူတစ်ယောက်ဆိုမှတော့ နင်က ရောမရောက်ရင် ရောမလို ကျင့်ရမှာပဲလေ။ နင်က အိမ်ရှင်အပေါ်ကိုတော့ နည်းနည်းလေး ပိုပြီးယဉ်ကျေးသင့်တယ် မဟုတ်လား။ နင်က ဘာလို့ ဒီလိုမျက်နှာပုံစံမျိုးလုပ်ပြီး အရှင်သခင်တစ်ယောက် ပုံစံမျိုး လုပ်ချင်ရတာလဲ။ တကယ်လို့ နင်က ဆန္ဒရှိတယ်ဆိုရင် ဟန်ဆောင်နိုင်ပါတယ်။ ဒါပေမဲ့ နင့်ကို စုန့်ချန်ကျင့်က မသေမရှင်ဖြစ်အောင် တိုက်ခိုက်ပစ်မှာပေါ့။ နင်က သူ့ရှေ့မှာတောင် အဲဒီလိုစကားမျိုး ပြောရဲသေးတယ်။ ငါ နင့်ကို ဘယ်လိုစကားမျိုး ပြောရမလဲတောင် မသိတော့ဘူးး…”
အဆုံးတွင်တော့ စုန့်ကျိရှင်းက သူ့ကိုယ်သူ လက်ညှိုးထိုးပြီး စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်၏။
“ငါ့လိုလူတစ်ယောက်ကတောင် အခြေအနေကို ဘယ်လိုသုံးသပ်ရမလဲဆိုတာ သိသေးတယ်…”
ချန်းသွမ့်က ခဏကြာ စဉ်းစားနေခဲ့ပြီး ပြန်ပြောလိုက်သည်။
“ငါလည်း သိုင်းပညာရှင် တစ်ယောက်ပဲလေ။ ရိုးရိုးသားသား ပြောရမယ်ဆိုရင် ငါက အရှေ့ပိုင်းကုန်းမြေကြီးပေါ်မှာရှိတဲ့ သိုင်းပညာရှင်တွေကို အမြဲတမ်း အထင်သေးမိတာပဲ။ အဆုံးမှာတော့ ငါ မှားသွားတယ်။ ငါက အတော်လေး မှားသွားခဲ့တာပဲ…”
စုန့်ကျိရှင်းက အံ့အားသင့်စွာ ပြောလိုက်သည်။
“နင်က တော်တော်ရိုးသားတာပဲ…”
ချန်းသွမ့်က တည်ငြိမ်စွာ ပြောလိုက်သည်။
“ပညာရှင် တစ်ယောက်ဆိုတာကို လက်သီးနဲ့ပဲ အသိအမှတ်ပြုရတာပဲလေ..”
စုန့်ကျိရှင်းက ရုတ်တရက် မေးခွန်းတစ်ခု မေးလိုက်သည်။
“ဒီမြို့လေးထဲကို ရတနာတွေ၊ အခွင့်အရေးတွေ လာရှာတဲ့ နင်တို့လို အပြင်လူတွေက ငါတို့တွေးထားတဲ့ အကြောင်းပြချက်တွေနဲ့ မတူဘူးထင်တယ်။ ဒါက နင်တို့ရဲ့ အစွမ်းတွေကြောင့်လား…”
ချန်းသွမ့်က ခေါင်းခါပြီး အပြုံးနှင့် ပြောလိုက်သည်။
“ငါက အရာအားလုံးကို ရှင်းပြဖို့ မလိုအပ်ဘူး။ နောက်ပိုင်း နင်သာ ဒီမြို့ထဲကနေ အပြင်ကို ထွက်လာမယ်ဆိုရင် သိပ်မကြာခင် ငါ့လို လူတစ်ယောက်ဖြစ်လာလိမ့်မယ်။ နင်က တနေ့နေ့ ကျင့်ကြံမှုလမ်းကြောင်းကို လျှောက်လှမ်းတဲ့အချိန်ကျရင် တဖြည်းဖြည်း နားလည်လာလိမ့်မယ်။ မဟုတ်ရင်တော့ ငါရှင်းပြမယ်ဆိုရင်တောင် နင်နားလည်မှာ မဟုတ်ဘူး…”
စုန့်ကျိရှင်းက ခံစားချက် ပြည့်နှက်စွာ ပြောလိုက်သည်။
“နင့်လို လူမျိုးဖြစ်ရတာ တော်တော်လေး ပျင်းစရာကောင်းတယ်”
ကလေးမလေးက ဝင်ပြောလိုက်၏။
“ဒါဆိုလည်း ကစားဖို့အတွက် ကျန့်ယန်တောင်ကို လာခဲ့လေ။ အဲဒီနေရာက အရမ်းစိတ်ဝင်စားစရာ ကောင်းတယ်…”
စုန့်ကျိရှင်းက သူမ၏ခေါင်းကို ပုတ်လိုက်ပြီး အေးအေးဆေးဆေး ပြောလိုက်သည်။
“ကောင်းပါပြီလေ ချန်းသွမ့် ချန်းသွမ့်...”
တာ့လီဦးရီးတော်က တံခါးဝတွင် ရပ်နေရင်း စုန့်ကျိရှင်းကို ပြောလိုက်သည်။
“ရွှံ့ပုလင်းလမ်းကြားထဲကိုသွားပြီး အထုတ်အပိုးတွေ သိမ်းလိုက်တော့။ ငါတို့ထွက်သွားတော့မယ်…”
စုန့်ကျိရှင်းက အပြုံးနှင့် ပြောလိုက်၏။
“ကောင်းပြီလေ။ ငါလည်း မွေးရပ်မြေကနေ သွားရတော့မှာပေါ့…”
ကလေးမလေးက ထွက်သွားရန် တွေဝေနေပုံရသည်။ သူမက မေးလိုက်၏။
“မွေးရပ်မြေကနေ ထွက်သွားပြီဆိုရင် ပြန်လာရဦးမှာပဲ မဟုတ်လား…”
စုန့်ကျိရှင်းက ရယ်ကာမောကာနှင့် မတ်တပ်ရပ်လိုက်သည်။
“သွားကြစို့။ ငါက မင်းကို လီမိသားစုရဲ့စံအိမ်ဆီ အရင်ဆုံးပြန်ပို့ပေးမယ်။ ဒါက ကိုယ်စခဲ့တဲ့အရာကို ပြန်ပြီးအဆုံးသတ်တယ်လို့ခေါ်တယ်….”
စုန့်ကျိရှင်းက ကလေးမလေး၏လက်ကို ကိုင်ပြီး ရုံးတော်တံခါးဝဆီသို့ လျှောက်သွားခဲ့သည်။ သူက ပြန်လှည့်ပြီး မေးလိုက်၏။
“အပြင်ဘက်မှာရှိတဲ့ ဖုလုလမ်းကြားပေါ်မှာ လုပ်ကြံသူတွေ မရှိဘူးမလား…”
စုန့်ချန်ကျင့်က အပြုံးနှင့် ပြောလိုက်၏။
“မင်းက မင်းရဲ့အိမ်နီးချင်းကို မေးသင့်တယ်လေ…”
စုန့်ကျိရှင်းက ပြုံးလိုက်ပြီး ကောင်းကင်ကြီးပေါ်ကို မော့ကြည့်လိုက်၏။ ကောင်းကင်ပေါ်တွင် အနက်ရောင်တိမ်တိုက်ကြီးများ စုည်းနေပြီး မိုးရွာမည့် လက္ခဏာမျိုး ရှိနေခဲ့၏။ ထိုအခိုက်တွင် သူ၏ခံစားချက်များက ရုတ်တရက် ဆိုးရွားလာခဲ့သည်။
ထောင်ကျိကို ပြန်ပို့လိုက်ပြီးနောက် စုန့်ချန်ကျင့်က မက်မွန်ပင်ကြီးအောက်တွင် ရပ်နေကြောင်း တွေ့လိုက်ရသည်။ သူက လျင်မြန်စွာ လျှောက်လာပြီး စိတ်ဝင်တစား မေးလိုက်၏။
“ဘာလို့ အလျင်စလို ထွက်သွားဖို့ လိုအပ်တာလဲ…”
စုန့်ချန်ကျင့်က ခေါင်းညိတ်ပြီး ပြောလိုက်၏။
“အပြင်ဘက်မှာ ငါကိုယ်တိုင် ဖြေရှင်းဖို့လိုတဲ့ ကိစ္စတစ်ခုရှိတယ်လို့ သတင်းရတယ်။ ဒါကြောင့် ငါက ရွှံ့ပုလင်းလမ်းကြားထဲကို မြင်းလှည်းခေါ်လာပြီး ပစ္စည်းတွေ ထုတ်ပိုးပြီးတာနဲ့ သွားရတော့မယ်…”
စုန့်ကျိရှင်းက လှမ်းကြည့်လိုက်ရာ ရုံးတော်အပြင်ဘက်တွင် ရောက်နေသော မြင်းလှည်း(၃)စီးကို တွေ့လိုက်ရသည်။ သူ့ဘဝတွင် မြင်လှည်းတစ်စီးကို ပထမဆုံးအကြိမ် စီးဖူးခြင်းဖြစ်၏။ စုန့်ကျိရှင်းက ခေါင်းငုံ့လိုက်ပြီး ရှေ့ဆုံးတွင် ရှိနေသော မြင်းလှည်းထဲတွင် ထိုင်လိုက်သည်။
စုန့်ချန်ကျင့်ကတော့ သူ့နောက်မှ မြင်းလှည်းတွင် ထိုင်လိုက်ပြီး တင်ပျဉ်ခွေထိုင်လိုက်၏။
စုန့်ကျိရှင်းက ပတ်ပတ်လည်ကို လှည့်ကြည့်နေခဲ့သည်။ သူ ထိုင်နေသော မြက်ထိုင်ဖုံက လွဲလျှင် တခြားမည်သည့်အရာမျှ မရှိချေ။ ထိုအရာက သူထင်ထားသလို အဆောင်အယောင်တစ်ခုနှင့် မတူညီပေ။ ထို့ကြောင့် မတူညီသော ကမ္ဘာကြီးတစ်ခုကဲ့သို့ ခံစားမှုတစ်ခုလည်း မပေးနိုင်ခဲ့ပေ။ စုန့်ကျိရှင်းက အနည်းငယ်စိတ်ပျက်သွား၏။
သူက မြင်းလှည်းပေါ်သို့ တက်သည့်အချိန်တွင် ကျစ်ကွေးက အံ့ဩနေသည်ကို တွေ့လိုက်ရ၏။ မြင်းခွာများက အပြာရောင်ကျောက်ပြားလမ်းပေါ်တွင် နင်းလိုက်သည့်အချိန်တိုင်း တခွပ်ခွပ် မြည်သံများ ထွက်ပေါ်လာသည်။ မြင်းလှည်း(၃)စီးက ဖုလုလမ်းကြား၏ အပြင်ဘက်သို့ တစ်စီးပြီး တစ်စီး ထွက်ခွာသွားခဲ့၏။
စုန့်ချန်ကျင့်က ကန့်လန့်ကာကိုမြှောက်ပြီး ပြတင်းပေါက်၏အပြင်ဘက်တွင် ရှိနေသော မြို့ငယ်လေးကို ကြည့်လိုက်သည်။ ယခုမှစ၍ တာ့လီအင်ပါယာက ဤသုခဘုံလေးအပေါ် ထိန်းချုပ်မှု ဆုံးရှုံးလိုက်ရတော့မည်ဖြစ်သည်။
သို့သော် တစ်ဖက်တွင်တော့ တာ့လီအင်ပါယာကို တည်ထောင်ခဲ့သည့် အချိန်ကတည်းကစပြီး ဤသုခဘုံကြောင့် အကျိုးအမြတ် မြောက်များစွာရရှိခဲ့ပြီး သီးခြားတိုင်းပြည်ငယ်လေးအဖြစ်မှနေ၍ အရှေ့ပိုင်းကုန်းမြေကြီး၏ မြောက်ပိုင်းတခွင်လုံးတွင် အကြီးဆုံးတိုင်းပြည်တစ်ခုဖြစ်လာခဲ့ရသည်။
ထိုသုခဘုံလေးတွင် မိုင်(၁၀၀၀)ခန့် ရှည်သော မြစ်ကြီးများ၊ တောင်တန်းကြီးများ ရှိနေသည်။ အနာဂတ်တွင်တော့ တာ့လီနန်းတော်၏ လျှို့ဝှက်သမိုင်းကြောင်းထဲတွင်သာ ထိုအရာကို ပြန်လည်ရှာဖွေရတော့မည်ဖြစ်သည်။
စုန့်ချန်ကျင့်က သူ၏အတွေးများကို စုစည်းပြီး အေးအေးဆေးဆေး ပြောလိုက်၏။
“မင်းက ချန်းပင်အန်းကို နှုတ်မဆက်တော့ဘူးလား…”
ဖုလုလမ်းကြား၏ အပြင်ဘက်သို့ မောင်းထွက်လာပြီးနောက် လမ်းကြောင်းက မညီမညာဖြစ်နေသည်။ စုန့်ကျိရှင်း၏ ခန္ဓာကိုယ်ကလည်း မြင်းလှည်းနှင့်အတူ ယိမ်းထိုးနေခဲ့၏။ သူက ခေါင်းခါပြီး ပြောလိုက်သည်။
“သူက အသက်ရှင်နိုင်ပါ့မလားဆိုတာတောင် ပြောဖို့ခက်တယ်။ တကယ်လို့ ကျွန်တော်တို့က အလောင်းကို စောင့်နေမယ်ဆိုရင်တောင် ရွံစရာကောင်းတယ်လေ။ ချန်းပင်အန်းမှာ မိဘမှမရှိတာ။ အခုသူ့ရဲ့မိတ်ဆွေကောင်းကလည်း သေသွားပြီဆိုတော့ သူသေသွားမယ်ဆိုရင် သူ့ရဲ့ဈာပနကို အိမ်နီးချင်းဖြစ်တဲ့ ကျွန်တော်က တာဝန်ယူပေးရနိုင်တယ်မဟုတ်လား…”
စုန့်ချန်ကျင့်က ခေါင်းညိတ်ပြလိုက်သည်။
စုန့်ကျိရှင်းက မေးလိုက်၏။
“ကျန့်ယန်တောင်က ကလေးမကလေးက မာခူရွှမ်လို့ခေါ်တဲ့ လူတစ်ယောက် အကြောင်းကို ပြောခဲ့တယ်။ သူက တရုတ်ဇီးသီးပွင့်လမ်းကြားထဲကပဲ။ ကျွန်တော်နဲ့ အသက်တူတူပဲ။ ကြည့်ရတာတော့ သူက ချန်းပင်အန်းနဲ့ ဟိုမိန်းကလေး ပုန်းနေတဲ့နေရာကို ငွေ(၁)အိတ်အတွက်နဲ့ ကျန့်ယန်တောင်ဆီ ရောင်းစားလိုက်တာ ဖြစ်မယ်ထင်တယ်။ အဲဒီလူက ဘယ်ကနေ ရောက်လာလဲဆိုတာသိလား။ အရင်တုန်းကတော့ သူက အရူးတစ်ယောက်ဆိုတာပဲ ကျွန်တော်ကြားဖူးတယ်။ သူက ဒီလောက်တောင် လျှို့ဝှက်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး….”
စုန့်ချန်ကျင့်က ခဏကြာစဉ်းစားပြီး ပြောလိုက်သည်။
“စုန့်မိသားစုထဲမှာ ပုန်းအောင်းနေတဲ့ လုပ်ကြံသူက နဂါးစီးလမ်းကြားထဲမှာ တာ့ဆွေအင်ပါယာရဲ့မင်းသားကို လုပ်ကြံဖို့ ကြိုးစားခဲ့တယ်။ နဂိုတုန်းကတော့ သဲလွန်စတချို့ကို တွေ့ခဲ့ရတယ်။ အဲဒီလူက မာခူရွှမ်လို့ခေါ်တဲ့လူငယ်လေးနဲ့ ပတ်သက်နေတယ်။ အရင်နှစ်တွေ အတောအတွင်း အပြစ်သားတစ်ယောက်ဖြစ်ခဲ့တဲ့ လုပ်ကြံသူက မာခူရွှမ်နဲ့ အကြိမ်ပေါင်းများစွာ တိတ်တဆိတ် ဆက်သွယ်ခဲ့တယ်။ သူတို့က ဆရာတပည့်တောင် ဖြစ်ကောင်းဖြစ်နိုင်တယ်။ အခုတော့ စစ်တောင်တန်းက ဝင်ပြီးနှောင့်ယှက်လိုက်ပြီဆိုတော့ ငါတို့က ဒီကိစ္စကို အချိန်အတိုင်းအတာတစ်ခုထိ လက်ရှောင်နေမှ ဖြစ်လိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် တာ့လီတပ်ဖွဲ့ထဲမှာ စစ်တောင်တန်းက ပညာရှင်တွေ အများကြီးရှိတယ်။ သူတို့အရာရှိတွေရဲ့ ရာထူးကလည်း မနိမ့်ဘူး…”
စုန့်ကျိရှင်းက အပြုံးနှင့် ပြောလိုက်၏။
“တစ်ခါတရံ ဦးလေးပြောတဲ့စကားတွေက နည်းနည်းလေးတော့ မဟုတ်သေးဘူး…”
စုန့်ချန်ကျင့်က ထိုအရာကို အလေးအနက်မထားဘဲ ပြောလိုက်သည်။
“ဘာလို့လဲဆိုတော့ ငါက တာ့လီမှာ အရေးပါတဲ့ လူတစ်ယောက်ဖြစ်နေလို့လေ…”
မြင်းလှည်းက ရွှံ့ပုလင်းလမ်းကြားနားသို့ ချဉ်းကပ်လာသည့်အချိန်တွင် စုန့်ကျိရှင်းက ပြောလိုက်သည်။
“ချန်းပင်အန်းက တကယ်ပဲ ချန်းပင်အန်းပဲလား…”
စုန့်ချန်ကျင့်က မနေနိုင်တော့ဘဲ ရယ်လိုက်မိ၏။
“မင်း ရွှံ့ပုလင်းလမ်းကြားထဲကို မရွှေ့သွားခင် ရုံးတော်က သူ့ရဲ့နောက်ကြောင်းကို သေသေချာချာ စုံစမ်းခဲ့တယ်။ ချန်းပင်အန်းရဲ့ မိသားစုမှာ ဘိုးဘေး(၁၈)ဆက် ရှိတယ်။ ဒါကြောင့် သူတို့တွေက သူ့မိသားစုနောက်ခံကို သေချာရှင်းရှင်းလင်းလင်း သိကြတယ်။ သူတို့နဲ့ ပတ်သက်ပြီး ဘာမှမှားစရာ မရှိဘူး။ သူတို့မှာ ကြွယ်ဝချမ်းသာမှုတွေ ၊ အစွမ်းတွေလည်း ဘာမှမရှိဘူး။ ဘာလဲ… အဲဒီချန်းမိန်းကလေးကို ကြောက်လို့လား။ ဘာမှမစိုးရိမ်ပါနဲ့ .. ငါက သူ့ရဲ့အဆင့်အတန်းကို အကြမ်းဖျင်း ခန့်မှန်းထားပြီးသားပါ။ သူ့ရဲ့ချန်းမိသားစုက ဒီမြို့ထဲမှာရှိတဲ့ ချန်းပင်အန်းရဲ့ ဘိုးဘေးတွေနဲ့ ဘာမှပတ်သက်မှုမရှိဘူး။ ဒါကြောင့် ဘာမှစိုးရိမ်မနေနဲ့။ ချန်းပင်အန်းက ချန်းပင်အန်းပဲ…”
“လုံဝေတပ်ဖွဲ့ ချန်းမိသားစုက ချန်းသွမ့်နဲ့ ပတ်သက်ရုံလေးပဲ ရှိတာ၊ ဒါပေမဲ့ သေချာစဉ်းစားကြည့်လိုက်မယ်ဆိုရင် နှစ်ရာပေါင်းများစွာ မဆက်သွယ်ဘဲနေခဲ့တဲ့ ဆွေမျိုးတွေကို ဆွေမျိုးအဖြစ် သတ်မှတ်နိုင်ဦးမှာလား။ ပြီးတော့ မြို့ထဲမှာရှိတဲ့ ချန်းမိသားစုက လူတစ်ယောက်ပဲ ကျန်တော့တဲ့ အခြေအနေကို ရောက်နေပြီ။ အစေခံတစ်ယောက်၊ အစောင့်တစ်ယောက်တောင် မရှိတော့ဘူး…”
“ဆင်ခြေဖုံးရပ်ကွက်ထဲက လူဆင်းရဲတွေကိုတော့ ဘယ်သူမှ ဂရုစိုက်မှာ မဟုတ်ဘူး။ တောင်တန်းတွေထဲမှာ ချမ်းသာနေတဲ့သူတွေကလည်း သူတို့နဲ့ဝေးကွာနေတဲ့ ဆွေမျိုးတွေ ဖြစ်နေတယ်။ မင်းက စာအုပ်တွေ အများကြီး ဖတ်ထားတာပဲ။ ဒီကိစ္စလေးကိုတောင် နားမလည်နိုင်ဘူးလား…”
စုန့်ကျိရှင်းကတော့ လက်မလျော့သေးပေ။
“အဲဒီမျိုးဆက်(၁၈)ဆက်ရဲ့ အရင်မျိုးဆက်ဘိုးဘေးတွေကရော၊ သူတို့တွေထဲမှာ ထူးချွန်ထက်မြက်တဲ့ပါရမီရှင် တစ်ယောက်မှမရှိခဲ့ဘူးလား…”
စုန့်ချန်ကျင့်က အပြုံးနှင့် ပြောလိုက်သည်။
“ဒါဆိုရင် ချန်းပင်အန်းရဲ့နောက်ခံက ထူးခြားဖို့ မင်းက မျှော်လင့်နေတာလား…”
စုန့်ကျိရှင်းကတော့ သူ့အတွေးများကို ဖုံးကွယ်ထားခြင်းမရှိဘဲ ခေါင်းညိတ်ပြလိုက်သည်။
“တကယ်လို့ သူက သာမန်လူနဲ့ ကွဲပြားနေတယ်ဆိုရင်တော့ ကျွန်တော် ခံစားရတာ နည်းနည်းသက်သာတာပေါ့…”
စုန့်ချန်ကျင့်က ပို၍ပင် စိတ်ဝင်စားလာပြီး စနောက်လိုက်သည်။
“အဲဒီကောင်လေးက မင်းကို ဘယ်လိုများ အနိုင်ကျင့်ခဲ့တာလဲ။ ဘာလို့ မင်းက သူ့ကို ဒီလောက်တောင် စွဲလမ်းနေရတာလဲ။ ဒါပေမဲ့ အဲဒီကောင်လေးနဲ့ ပတ်သက်ပြီး ငါနားလည်ထားတာတွေအရ သူက အဲဒီလိုလူတစ်ယောက် မဟုတ်နိုင်ဘူး…”
စုန့်ကျိရှင်းက ပြုံးလိုက်ပြီး တာ့လီဦးရီးတော်၏စကားကို ဖြတ်ပြောလိုက်သည်။
“ဒီနေရာငယ်လေးမှာနေတဲ့ လူသားတွေက အမြင်မရှိတဲ့အပြင် သူတို့ရဲ့အတွေးကလည်း တိမ်တယ်။ ဒါပေမဲ့ သူတို့က ရူးနေတယ်လို့ မထင်နဲ့။ လူကောင်းတွေမှာ သန့်စင်ပြီး ကြင်နာတတ်တဲ့ နှလုံးသားတစ်ခုရှိတယ်။ တချို့လူတွေကတော့ ရက်စက်ကြမ်းကြုတ်တဲ့အပြင် ရူးသွပ်တဲ့အတွက် တော်တော်လေးကို ဆိုးတယ်..”
စုန့်ချန်ကျင့်က ပို၍ပင် ဇဝေဇဝါဖြစ်သွားခဲ့၏။
“ဒါဆိုရင် ချန်းပင်အန်းက ဘယ်လိုလူစားမျိုးလဲ…”
စုန့်ကျိရှင်းက သက်ပြင်းချလိုက်ပြီး စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်၏။
“သူက အဲဒီလူမျိုးတစ်ယောက်မှ မဟုတ်ဘူး။ သူက တကယ့်ကို အရူးတစ်ယောက်ပဲ။ ကျွန်တော်တောင် နစ်နာနေတယ်လို့ ခံစားခဲ့ရတယ်…”
…………….
နင်ယောင်က ခုံတန်းရှည်၏ရှေ့တွင် ထိုင်နေပြီး အိပ်နေသော ချန်းပင်အန်း၏မျက်နှာကို သေချာစိုက်ကြည့်နေခဲ့သည်။ သူမ၏ရင်ထဲတွင်တော့ ထိတ်လန့်မှုများ ပြည့်နှက်နေခဲ့၏။ ထိုကဲ့သို့ မှော်အစွမ်းမျိုးက စကားလုံးနှင့်ပြောပြရန် အလွန်အံ့ဩစရာ ကောင်းလွန်းလှသည်။
ချန်းပင်အန်း အိပ်နေသည့်ပုံစံက အလွန်ထူးဆန်းနေပြီး ခေါင်းမှခြေဖျားထိအောင် မူလအခြေအနေကို ပြန်ရောက်သွားသလို ခံစားမှုမျိုး ဖြစ်သည်။ နင်ယောင်က ထိုအရာကို ရှင်းမပြနိုင်သော်လည်း သူမက မှော်အစွမ်းတစ်ခု၏ ကောင်းခြင်း၊ဆိုးခြင်းကို ခွဲခြားနိုင်သော မသိစိတ်တစ်ခု ရှိနေသည်။
နင်ယောင်က ပြန်လှည့်လာပြီး စိတ်ဝင်တစားမေးလိုက်၏။
“ဆရာကြီးက ချန်းပင်အန်းရဲ့ကျင့်ကြံမှုကို လမ်းညွှန်ပေးနေတာလား…”
အဘိုးအိုက ဆေးတံကြီးကို မှုတ်ထုတ်လိုက်ပြီး တင်ပျဉ်ခွေထိုင်လိုက်သည်။ သူကတော့ အိမ်အပြင်ဘက်တွင် ရွာကျနေသော မိုးများကိုကြည့်ပြီး ပြုံးလိုက်၏။
“ကျင့်ကြံမှုလား... ဒါကိုရော ကျင့်ကြံမှုလို့ သတ်မှတ်နိုင်တာလား။ ဘာလဲ.. အပြင်ဘက်ကမ္ဘာကြီးထဲမှာ ဂိုဏ်းတစ်ဂိုဏ်း တည်ထောင်ဖို့ အရည်အချင်းရှိနေတဲ့ နောက်ထပ်လူတစ်ယောက် ရှိနေတာလား။ အပြင်ဘက်ကမ္ဘာကြီးက ပျက်စီးယိုယွင်းနေတဲ့အတွက် ကျင့်ကြံခြင်းလမ်းကြောင်းက တစ်နှစ်ပြီးတစ်နှစ် တဖြည်းဖြည်းပိုပြီးဆိုးရွားလာတာလား။ အဲဒီလိုလည်း မဟုတ်နိုင်ပါဘူး။ အဲဒီလူတွေက အသီးအရွက်စားတဲ့လူတွေက မဟုတ်ကြတာ၊ သူတို့က လမ်းကြောင်းပေါ်ကို ရောက်နေပြီဆိုမှတော့ နောက်ပြန်လှည့်လာလို့မရတဲ့ လမ်းကြောင်းပေါ်မှာ ဆက်သွားဖို့ပဲ ရှိတော့တယ်။ သူတို့က အကျိုးအမြတ် တစ်စိတ်တစ်ပိုင်းကို အပြင်လူတွေနဲ့ လုံးဝမျှဝေမှာ မဟုတ်ဘူး…”
နင်ယောင်က ရှုပ်ထွေးသွားခဲ့သည်။
“အဘိုးကြီးယန် …ဘာတွေပြောနေတာလဲ…”
အဘိုးအိုက တွေဝေသွားခဲ့၏။
“မင်းရဲ့အကြီးအကဲတွေက ရှေးဟောင်းဒဏ္ဍာရီတွေနဲ့ ပတ်သက်ပြီး ဘာမှမပြောခဲ့ဘူးလား…”
နင်ယောင်က ခေါင်းခါပြလိုက်သည်။
“ကျွန်မ အဘိုးရဲ့မျိုးဆက်က အစောကြီး သေသွားခဲ့တယ်။ ကျွန်မရဲ့မိဘတွေကလည်း တခြားကမ္ဘာက ပုံပြင်တွေအကြောင်းကို ပြောပြရတာမျိုး မကြိုက်ဘူး။ ကျွန်မက အိမ်ကနေ အဝေးထွက်သွားမှာကိုပဲ သူတို့က ကြောက်နေကြတာ..”
အဘိုးကြီးယန်က ပြန်လှည့်လာပြီး မိန်းကလေးကိုလှည့်ကြည့်လိုက်သည်။ နောက်ဆုံးတွင်တော့ သူက ပြောလိုက်၏။
“အခုမြို့နံရံပေါ်မှာ စကားလုံး ဘယ်နှစ်ခု ရေးထိုးထားလဲ…”
နင်ယောင်က ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။
“ကျွန်မအဘိုးရဲ့မျိုးဆက်မှာ သူရဲကောင်းတွေ အများကြီး ထွက်ပေါ်လာခဲ့တယ်။ ဒါကြောင့် နှစ်ပေါင်း(၁၀၀)အတွင်း စကားလုံးအသစ်(၂)ခုကို ရေးထိုးနိုင်ခဲ့တယ်။ အခုစုစုပေါင်း စကားလုံး(၁၈)ခုရှိတယ်..”
အဘိုးအိုက သက်ပြင်းချလိုက်မိသည်။
“စကားလုံး(၁၈)ခုတောင် ဖြစ်နေပြီပဲ။ တာအို၊ ဟောင်ယန်၊ အနောက်ပိုင်းကောင်းကင် ၊ အဲဒီစကားလုံး(၆)ခုရဲ့နောက်မှာ ဘာတွေရှိသေးလဲ…”
နင်ယောင်က လေးလေးနက်နက် ပြောလိုက်သည်။
“မိုးကြိုးရေကန်၊ သုခဘုံ၊ ဓားချီစွမ်းအင်တည်တံ့ခြင်းဆိုတဲ့ စကားလုံး(၄)လုံး ပြီးတော့ ချီ၊ ချန်း၊ တုံ...”
အဘိုးကြီးယန်က မျက်မှောင်ကြုတ်ပြီး မေးလိုက်၏။
“မိန်းကလေး …
နောက်ထပ်စကား(၃)လုံး ကျန်သေးတယ်လေ။ မင်းက သူတို့ကို စားပစ်လိုက်တာလား…”
နင်ယောင်က စိတ်မရှည်သလို ပြန်ပြောလိုက်၏။
“ကျွန်မ မေ့သွားပြီ…”
အဘိုးအိုကတော့ အဆုံးထိအောင် မေးမြန်းခဲ့ခြင်းမရှိဘဲ မေးခွန်းပြောင်းလိုက်သည်။
“အဲဒါက အရင်ရှေးဟောင်းစည်းမျဉ်းတွေအတိုင်း ရှိနေသေးတာလား။ တက်လှမ်းခြင်းနယ်ပယ်အဆင့် မကောင်းဆိုးရွားတစ်ကောင်ကို သတ်လိုက်တဲ့ အချိန်တိုင်း မြို့နံရံပေါ်မှာ စကားတစ်လုံးရေးထိုးဖို့ အရည်အချင်း ရှိနေသေးတာလား.”
နင်ယောင်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
“အဘိုးကြီးယန်က ကျွန်မရဲ့မွေးရပ်မြေမှာရှိတဲ့ အခြေအနေတွေကို ဘာကြောင့် ဒီလောက်တောင် သိနေရတာလဲ…”
အဘိုးအိုက အပြုံးနှင့်ပြောလိုက်သည်။
“ဟိုးအရင်တုန်းက ခရီးသွားမှတ်တမ်းရေးရတာ ဝါသနာပါတဲ့ လူစိမ်း ဓားကျင့်ကြံသူတစ်ယောက် ရှိခဲ့ဖူးတယ်။ သူက သူရောက်ခဲ့တဲ့ နယ်မြေတွေရဲ့ အခြေအနေတွေ၊ ဓလေ့ထုံးထမ်းတွေကို မှတ်တမ်းထဲမှာ ချရေးထားခဲ့တယ်။ အဆုံးမှာတော့ သူက ငါတို့မြို့လေးရဲ့အနားမှာ သေသွားခဲ့တာ။ ငါက သူ့ရဲ့ခရီးသွားမှတ်တမ်းကို ပြန်ယူလာပြီး အားတဲ့အချိန်တိုင်း ဖတ်ကြည့်နေခဲ့တယ်..”
နင်ယောင်ကတော့ ထိုစကားကို သံသယဝင်နေမိသည်။
အဘိုးအိုက နောက်စေ့တွင် မျက်လုံးပါသလို ထင်မှတ်ရသည်။
“မိန်းကလေးက ယုံချင်ယုံ မယုံချင်နေပေါ့…”
နင်ယောင်က ချန်းပင်အန်း၏ အခြေအနေကို စိုက်ကြည့်လိုက်သည်။ ထိုအရာက တာအိုကျင့်ကြံမှု သို့မဟုတ် ဗုဒ္ဓတရားထိုင်ခြင်းနည်းလမ်းနှင့် အနည်းငယ် တူညီနေကြောင်း ခံစားမိနေခဲ့သည်။
သူမက မေးလိုက်၏။
“သူက ဘာများမှားနေတာလဲ…”
အဘိုးကြီးယန် ဖြည်းညင်းစွာ ပြောလိုက်သည်။
“ရှောင်စစ်…”
ရှောင်စစ်ဟူသည်မှာ အိပ်စက်ခြင်းဖြစ်၏။ နင်ယောင်က အနည်းငယ် မသက်မသာ ခံစားလိုက်ရသည်။ ယန်မိသားစုဆေးဆိုင်မှ အဘိုးကြီး၏ စကားလုံးများက တစ်ခါတရံ ကြမ်းတမ်းပြီး တစ်ခါတရံ ထူးဆန်းသည်။
အဘိုးအိုက တစ်ယောက်တည်း ရေရွတ်သလ ိုပြောလိုက်၏။
“ကလေးမလေး …
လူတစ်ယောက်က နှလုံးသားထဲမှာ ငိုကြွေးတဲ့အချိန် ထွက်လာတဲ့အသံက အတွင်းသံလို့ခေါ်တာ မဟုတ်လား…”
နင်ယောင်က အံ့ဩမှင်သက်သွားခဲ့ပြီး လေးလေးနက်နက် စဉ်းစားနေခဲ့သည်။ သိပ်မကြာခင် သူမက မျက်လုံးမှိတ်လိုက်ပြီး အိပ်ပျော်သွားခဲ့၏။ အဆုံးတွင်တော့ သူမက နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်သွာခဲ့သည်။
အဘိုးအိုယန်က မတ်တပ်ရပ်လိုက်ပြီး မိန်းမပျို၏အနားမှဖြတ်၍ လူငယ်ဆီကို ရောက်လာခဲ့၏။ သူက နင်ယောင်ကို ဆေးတံကြီးနှင့် ထိုးပြပြီး လူငယ်ကို ပြောလိုက်သည်။
“သူ့ကိုကြည့်လိုက်စမ်း..။ စကားနည်းနည်းလောက် ပြောလိုက်တာနဲ့ တစ်ခါတည်း အဆင့်တက်သွားတာပဲ။ မင်းကို ကြည့်လိုက်ပါဦး..။ မင်းမှာတော့ ဘာစွမ်းရည်မှမရှိဘူး။ ဒါပေမဲ့ မင်းက အရမ်းကို ခေါင်းမာတယ်။ မင်းကိုယ်မင်း ဘယ်သူထင်တာလဲ။ နတ်ဘုရားတွေက ဘယ်လောက်ကြာအောင် အိပ်စက်နေမှာလဲ။ သူက မင်းလို လူတစ်ယောက်ကို ဂရုစိုက်ချင်မှာလား…”
အဘိုးကြီးယန်က သူ့နေရာတွင် ပြန်ထိုင်လိုက်သည်။ သူက အိမ်အပြင်ဘက်တွင် တဖြည်းဖြည်း သည်းထန်လာသော မိုးများကို ငေးကြည့်နေမိခဲ့၏။ မိုးရေစက်များက ခြံဝန်းထဲကို ကျရောက်လာသည့်အတွက် တဖျောက်ဖျောက်မည်သံများ ကြားနေရသည်။
အဘိုးအိုက အနည်းငယ် ဝမ်းနည်းနေပုံရ၏။
“နှစ်ပေါင်းများစွာ အတောအတွင်း ငါက လူပေါင်းများစွာကို ရွေးချယ်ခဲ့တယ်။ ဒါပေမဲ့ မျှော်လင့်ချက်မရှိဆုံး လူတစ်ယောက်က အသက်အရှည်ဆုံး ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူးလေ…”
……………….
နောက်ကျောတွင် ခြင်းတောင်းကြီးတစ်ခု လွယ်ထားပြီး လက်ထဲတွင် ငါး(၇)ကောင်၊ (၈)ကောင်ခန့်ကို တံစို့ထိုးထားသော လူငယ်လေးတစ်ယောက်က လမ်းကြားထဲတွင် လမ်းလျှောက်နေခဲ့သည်။ ကလေးငယ်က သူ့ခြံဝန်းတံခါးကို တွန်းဖွင့်လိုက်ပြီးနောက် ခြံဝန်းထဲကို ဝင်လာခဲ့၏။
ထိုအချိန်တွင် ပိုးဖဲဝတ်ရုံ ဝတ်ထားသော သခင်လေးတစ်ယောက်က ခုံတစ်ခုပေါ်ကို တက်ပြီး ခြံဝန်းနံရံပေါ်ကို ခုန်တက်လိုက်သည်။ သူက ထိုနေရာတွင် ထိုင်လိုက်၏။ သူ၏ဈေးကြီးသော အဝတ်အစားများ ညစ်ပတ်သွားမှာကို စိတ်မဝင်စားချေ။
သူက အပြုံးနှင့် ပြောလိုက်၏။
“ဟေ့ ချန်းမျိုးရိုး…
မင်းက တောင်ပေါ်မှာသွားပြီး စားစရာတွေ သွားရှာပြန်တာလား။ တောင်တန်းတွေနဲ့ စမ်းချောင်းတွေကို အားကိုးနေရတဲ့ စွမ်းရည်က မသေးဘူးပဲ။ မင်းက ငါ့ကို အတူတူခေါ်သွားပေးလို့ရမလား။ ငါက မင်းကို ဆုလာဘ်အနေနဲ့ ကြေးပြား(၁)ပြားပေးမယ်လေ…”
ပိန်ပိန်ပါးပါးနှင့် ကလေးငယ်က ပြုံးလိုက်သည်။
“မင်းက ဘာမှပေးစရာမလိုပါဘူး…”
ချန်းသာသောသခင်လေးက နှုတ်ခမ်းကိုတွန့်ကွေး၍ ပြုံးလိုက်၏။
“မင်း မလိုချင်ဘူးဆိုရင်လည်း ထားလိုက်တော့။ ငါလည်း မသွားချင်တော့ဘူး..”
ကလေးငယ်က အစိမ်းရောင်အမြီးနှင့် ငါးငယ်လေးတစ်ကောင်ကို ကောက်လိုက်သည်။ အကြီးဆုံးတစ်ကောင်ကတော့ လက်ဖဝါးခန့် အရွယ်အစားရှိပြီး အသေးဆုံးအကောင်က လက်မအရွယ်အစားခန့်သာ ရှိသည်။ ကလေးငယ်က ခြေဖျားထောက်လိုက်ပြီး ထိုအရာကို ပြတင်းပေါက်ဘောင်ပေါ်သို့ တင်လိုက်၏။
သူတို့ကို အခြောက်ခံပြီးသွားလျှင် စားသုံး၍ ရနိုင်သည်။ ထို့ပြင် ဆားထည့်ရန်လည်း မလိုတော့ပေ။ သူက ထိုငါးများကို ဗိုက်ခွဲပြီး အညစ်အကြေးများ ထုတ်ခဲ့ခြင်းလည်း မရှိချေ။ ထိုအရာက ဒုက္ခများခြင်းကြောင့် မဟုတ်ဘဲ အကယ်၍ ထိုသို့လုပ်လိုက်မည်ဆိုလျှင် အသားနည်းသွားမှာ စိုးရိမ်နေခြင်းကြောင့်ဖြစ်သည်။ မည်သို့ဖြစ်စေကာမူ သူတို့က ကြွပ်ရွပြီး အရသာရှိ၏။
တစ်ဖက်ခြံတွင် ရှိနေသော သခင်လေးက စကားပြောလိုက်ပြီးနောက် အမှန်တကယ် နောင်တရနေခဲ့သည်။ အမှန်အတိုင်းပြောရလျှင် သူက သက်တူရွယ်တူအိမ်နီးချင်းကို အမြဲတမ်း အားကျနေခဲ့ရ၏။
သူ အိမ်ကို ပြန်လာသည့်အချိန်တိုင်း လက်ဗလာနှင့် မဟုတ်ခဲ့ပေ။ သူ့လက်ထဲတွင် ယုန်ငယ်လေးများ၊ ငါးသလဲထိုးလေးများ၊ သစ်သီးသစ်ဖုများ ကိုင်ထားတတ်သည်။ သူက ထိုအရာများကိုကြည့်ပြီး အလွန်သဘောကျနေတတ်၏။ သူက စားစရာအတွက် လောဘကြီးနေခြင်း မဟုတ်ဘဲ သူတို့ကိုကြည့်နေရင်း သဘောကျနေခြင်းသာ ဖြစ်သည်။ သို့သော် သူကတော့ စကားကို မပြောင်းချင်ခဲ့ပေ။
ထို့ပြင် ချန်းမျိုးရိုးကောင်လေးက တံခါးကို တွန်းဖွင့်လိုက်သည့်အချိန်တိုင်း သူက မသက်မသာ ခံစားခဲ့ရ၏။ ချန်းပင်အန်းက အလွန်ဆင်းရဲသည့်အတွက် နေ့တိုင်းစားစရာ အလုံအလောက် မရှိချေ။ သူက အပေါက်များစွာ ပြည့်နေသော အိမ်အစုတ်တစ်ခုထဲတွင် အိပ်စက်ခဲ့ရသည်။ သူက တစ်နှစ်ပတ်လုံး သကြားရည်စိမ်ထားသော အကင်ချောင်းများကိုပင် မစားနိုင်ပေ။ သူ့အတွက်ဘာများ ပျော်ရွှင်စရာရှိမည်နည်း။
စုန့်ကျိရှင်းဟုခေါ်သော နံရံပေါ်ရှိ သခင်လေးကတော့ ထိုအရာကို လုံးဝနားမလည်နိုင်ခဲ့ပေ။ တနေ့တွင်တော့ စားစရာနှင့် အဝတ်အစားအတွက် ပူပန်စရာ မလိုသော ကလေးငယ်က နှာခေါင်းသွေးများ လျှံကျပြီး ယောင်ကိုင်းနေသော မျက်နှာနှင့်ပြန်လာခဲ့သည်။
သူ၏အစေခံမိန်းကလေးက သူ့ကို မေးသည့်အချိန်တွင် စုန့်ကျိရှင်းက မည်သည့်အရာမျှမပြောခဲ့ပေ။ အခန်းသို့ ပြန်ရောက်လာပြီးနောက် သူက တံခါးပိတ်ပြီး အိပ်ရာပေါ်တွင် အိပ်နေခဲ့၏။
ယနေ့ သူက လူတစ်ယောက်နှင့် စကားများလာပြီး သူတို့နှင့် တိုက်ခိုက်ခဲ့ရသည်။ ရက်စက်ကြမ်းကြုတ်သော စကားလုံးများကလည်း သူ့နားထဲတွင် စွဲနေသေး၏။ ထို့ကြောင့် သူ့ရင်ထဲတွင် ဓားနှင့် အမွှန်းခံရသလို ခံစားနေရသည်။ သူ့မျက်နှာကလည်း တစ်ခါတရံ ဝမ်းနည်းနေပြီး တစ်ခါတရံ ကြောက်စရာကောင်းနေ၏။
“မင်းဆီမှာ ငွေကြေးနည်းနည်းလေးပဲရှိတာ မဟုတ်လား။ ဘာတွေဂုဏ်ယူစရာရှိလို့လဲ။ မင်းရဲ့ဘဝက ချန်းပင်အန်းလောက်တောင် မကောင်းဘူး။ သူ့မိဘတွေက သေသွားပေမဲ့ အနည်းဆုံးတော့ သူ့မိဘတွေ ဘယ်သူလဲဆိုတာ သိသေးတယ်။ မင်းရဲ့မိဘတွေက ဘယ်သူလဲဆိုတာသိလား…”
စုန့်မျိုးရိုးကလေးငယ်က အိပ်ရာထဲတွင် လှဲနေသော်လည်း ကောင်းကောင်းအိပ်ပျော်နိုင်ခြင်း မရှိချေ။ နောက်တစ်နေ့တွင်တော့ ထိုကလေးငယ်က နံရံပေါ်ကိုတက်ပြီး အိမ်နီးချင်းနှင့် ပုံမှန်အတိုင်း စကားပြောခြင်း မရှိတော့ချေ။
ထိုအစား ပထမဆုံးအကြိမ်အဖြစ် ချန်းပင်အန်း၏အိမ်ကို သွားခဲ့၏။ သူက ချန်းပင်အန်းကို စကားအနည်းငယ်ပြောလိုက်ပြီးနောက် ချန်းပင်အန်းက မြို့ထဲမှ ထွက်သွားခဲ့သည်။ သူက သူ့အမေမသေခင် သစ္စာဆိုထားခဲ့သောအရာကို ဖောက်ဖျက်ခဲ့ပြီး အသက်ငယ်ငယ်လေးနှင့် နဂါးမီးဖိုကြီးကို သွားခဲ့သည်။
……………….
ဆေးဆိုင်ပင်မခန်းမ၏ အနောက်တံခါးတွင် လူတစ်ယောက် ခိုးကြောင်ခိုးဝှက် ရပ်နေခဲ့သည်။ အဘိုးကြီးယန်က သတိထားမိသွားခဲ့သော်လည်း စကားတစ်ခွန်းမျှမပြောခဲ့ပေ။ ထိုအရာက မျက်စိဆံပင်မွေးဆူးစရာကိစ္စဟုသာ သူက ခံစားမိခဲ့၏။
ထိုအဘိုးအို၏လုပ်ရပ်ကို မြင်သည့်အခါ ထိုလူက အတော်လေး နာကျင်သွားခဲ့ရသည်။
ထိုအချိန်တွင် သူ မရီးဟု ခေါ်နေသော မိန်းကလေးက လက်တစ်ဖက်တွင် ထီးတစ်ချောင်းကိုကိုင်ပြီး တခြားလက်တစ်ဖက်က တံခါးကို တွန်းဖွင့်လိုက်သည်။ သူမက အနောက်ဘက်ခြံဝန်းထဲတွင် ရှိနေသော အိမ်မကြီးဆီကို လျှောက်လာခဲ့၏။
အဘိုးအိုကိုမြင်သည့်အခါ သူမက ချက်ချင်း လှမ်းအော်လိုက်သည်။
အဘိုးအိုယန်ကတော့ သက်ပြင်းချလိုက်ပြီး အလျင်အမြန် မတ်တပ်ရပ်၍ အိမ်အပြင်ဘက်ကို ထွက်သွားခဲ့၏။ သူက တံခါးကို ပိတ်လိုက်ပြီး လှေကားတွင် ရပ်နေခဲ့သည်။ အဘိုးအိုက သူမကို စကားပြောရန် စိတ်ကူးမရှိခဲ့ချေ။
မိန်းမပျိုက ခါးထောက်ပြီး ကြိမ်းမောင်းပြောဆိုလိုက်၏။
“ရှင်က ဘာတွေလုပ်နေတာလဲ။ ရှင်က သူခိုးတစ်ယောက်ကို ကာကွယ်ပေးနေတာလား။ အဘိုးကြီးယန် ရှင်က ကျွန်မယောကျ်ားရဲ့ဆရာလေ။ ရှင်က ကိစ္စတွေကို ဘယ်လိုများ လုပ်နေတာလဲ။ လီအာ့က ဆိုင်အကူကောင်း တစ်ယောက်ပဲလေ၊ ဘာလို့ သူ့ကို ပစ္စည်းတွေထုတ်ပြီး ထွက်သွားခိုင်းရတာလဲ။ ရှင်က ယန်မိသားစုဆေးဆိုင်ကို ပိုင်တယ်မဟုတ်လား။ လီအာ့က သူ့ဆရာရဲ့ ဇနီး ဒါမှမဟုတ် သူ့ဆရာရဲ့သမီးအပေါ် မကောင်းကြံခဲ့လို့လား….”
ကျန်းတဖုန်းကတော့ တံခါးအနောက်ဘက်တွင် ပုန်းနေခဲ့သည်။ သူကတော့ သူ့ကိုယ်သူ မြေမြုပ်ပစ်ရန်ပင် ဆန္ဒရှိနေပုံရ၏။ သူ့ဆရာက မည်ကဲ့သို့သော လူတစ်ယောက်ဖြစ်ကြောင်း သူ သိနေသည်။ ထို့ပြင် လီအာ့၏မိန်းမက မည်ကဲ့သို့သော လူတစ်ယောက်ပေနည်း။ ထို့ကြောင့် သူကတော့ ယခုတစ်ကြိမ် မသေလျှင်ပင် အရေပြားကို ခွာထုတ်ပစ်ချင်နေသည်။
အဘိုးကြီးယန်၏ အမူအယာကတော့ ခံစားချက်ကင်းမဲ့နေ၏။
“မင်းပြောလို့ ပြီးသွားပြီလား။ ပြီးရင် အိမ်ပြန်ပြီး ချွင်းချွင်းကို သွားခေါ်ခဲ့လိုက်။ မြို့ရဲ့အနောက်ဘက်ပိုင်းမှာရှိတဲ့ ကြောင်တွေက တစ်ချိန်လုံး ဆူနေတယ်လို့ ကြားတယ်။ နေ့ရောညရော ဆူနေကြတာ။ အဲဒီဆူညံသံတွေကြောင့် လူအများစုက သူတို့အိမ်တွေကို ရွှေ့သွားကြပြီ…”
မိန်းမပျိုက နာကျင်သွားသလို ထင်မှတ်ရသည်။ သူမက နောက်တစ်ကြိမ် ပြောလိုက်၏။
“အဘိုးကြီး…
ရှင်နဲ့ အိမ်ပြန်ဖို့ကိစ္စကို လုံးဝမပြောသေးဘူး။ ရှင့်တပည့်က အသက်မွေးဝမ်းကြောင်းအလုပ်ကို ဆုံးရှုံးသွားခဲ့ပြီး ခြေဦးတည့်ရာ လျှောက်သွားနေတာ၊ လွန်ခဲ့တဲ့(၂)ရက်လောက်တုန်းကလည်း ကျွန်မတို့ရဲ့အိမ်အမိုးက ပြိုကျသွားတယ်။ သူက အိမ်ကိုပြန်ပြင်ဖို့တောင် မတတ်နိုင်ဘူး။ ဒါကြောင့် ကျွန်မလည်း ရွေးချယ်စရာမရှိတော့ဘဲ ကျွန်မမိဘအိမ်ကို ပြန်သွားခဲ့ရတော့ အနိုင်ကျင့်ခံနေရတယ်။ တကယ်လို့ လီအာ့သာ ဆိုင်ထဲကနေ မောင်းထုတ်မခံရဘူးဆိုရင် ကျွန်မတို့မိသားစု(၄)ယောက်က ဒီလိုဆိုးဆိုးရွားရွား အခြေအနေ ဖြစ်လာဦးမှာလား။ အဘိုးကြီးယန် အခေါင်းထဲထည့်ဖို့ ငွေမြန်မြန်ပေးပြီး အိမ်ကိုပြန်ပြင်ပေးပါ။ မဟုတ်ရင် ကျွန်မက ရှင့်ကို ဒီနေ့အလွတ်ပေးမှာ မဟုတ်ဘူး…”
အဘိုးကြီးယန်က ပုန်းနေသောသူကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ ထိုအရာက ကျန်းတဖုန်းဖြစ်၏။ ကျန်းတဖုန်းက ကြောက်ကြောက်လန့်လန့်နှင့် ပြောလိုက်သည်။
“ဆရာ …
လီအာ့က ဆရာ ခိုင်းထားတဲ့ကိစ္စကို သွားလုပ်နေပြီ။ သူက ချက်ချင်း ပြန်လာမှာတော့ မဟုတ်ဘူး..”
အဘိုးအိုက မျက်နှာပျက်သွားခဲ့၏။ ကျန်းတဖုန်းကတော့ ဒူးထောက်ပြီး တောင်းပန်ချင်စိတ်ပင် ပေါ်လာခဲ့သည်။
အမျိုးသမီးက ထီးကို အဝေးသို့ လွှတ်ပစ်လိုက်ပြီး မိုးရေထဲတွင်ထိုင်ခဲ့၏။ သူမက အော်ဟစ်ငိုကြွေးနေခဲ့သည်။
“အဘိုးကြီး …
ရှင်က ကျွန်မရဲ့အရိုးပြာတွေ လိုချင်နေတာလား။ ရှင်က တပည့်ရဲ့မိန်းမကိုတောင် ညှာတာမပေးတော့ဘူးလား..”
အဘိုးအိုက ထိုင်ခုံလေးတစ်ခုကို ယူလာပြီး အေးအေးဆေးဆေး ထိုင်နေခဲ့သည်။ သူက ခါးတွင်ချိတ်ထားသော အိတ်ထဲမှနေ၍ ဆေးရွက်ကြီးတချို့ကို ထုတ်လိုက်ပြီး အလုံးအဖြစ်လုံး၍ သူ၏ဆေးတံကြီးထဲသို့ သိပ်ထည့်လိုက်၏။ ထို့နောက် သူက မီးညှိလိုက်ပြီး အမျိုးသမီးကို လျစ်လျူရှု၍ ကောင်းကင်ကြီးပေါ်ကို မော့ကြည့်လိုက်သည်။
ကျန်းတဖုန်းက ခြံဝန်းထဲတွင် အော်ဟစ်ငိုယိုနေသော မိန်းမပျိုကိုကြည့်လိုက်သည်။ မိုးက သည်းထန်စွာ ရွာသွန်းနေပြီး ထိုမိန်းမပျိုက ခန္ဓာကိုယ် အချိုးအစား လှပသော မိန်းမပျိုတစ်ယောက်ဖြစ်သည်။ သူမ၏အဝတ်အစားများကလည်း ပါးလွှာသည့်အတွက် ယန်မိသားစုဆိုင်တွင် ရှိနေသော အလုပ်သမားများစွာက လာရောက်ကြည့်ရှုနေကြ၏။
တချို့ကတော့ မျက်လုံးများ ကျွတ်ထွက်မတတ်ပင် ကျေနပ်နေကြသည်။ မိန်းမပျိုက ကျယ်လောင်စွာ အော်ဟစ်ငိုယိုနေသော်လည်း လူတစ်ယောက်က သူမ၏လည်ပင်းကို ပွတ်သပ်လိုက်သည့်အလား ချက်ချင်း ရပ်တန့်လိုက်သည်။ သူမက မျက်လုံးကို ပွတ်လိုက်ပြီး လျင်မြန်စွာ မတ်တပ်ရပ်၍ ထီးကိုကောက်ပြီး ထွက်ပြေးသွားခဲ့၏။
အမျိုးသမီးက ထွက်ပြေးနေရင်း ကျယ်လောင်စွာ အော်လိုက်သည်။
“သရဲရှိတယ်... သရဲ..သရဲ..”
အဘိုးအိုက ရှုံ့မဲ့သွားခဲ့၏။
“ဆွမ်းဆန်ထဲ ရောနေတဲ့ကြွက်ချေးတွေက တော်တော်လေး ရွံစရာကောင်းတာပဲ..”
Translated by Hein Htet.