အခန်း (၄၆)
Vol. 4 Ch. 46
လူငယ်လေး အိမ်ထဲမှထွက်သွားပြီး သိပ်မကြာခင် အစိမ်းဝတ်မိန်းမပျိုက ခြေဆောင့်လိုက်ပြီး သူ့နောက်မှ လိုက်သွားရန် ပြင်လိုက်သည်။
သို့သော် သူမကို ဆရာရွမ်က တားဆီးထားလိုက်၏။ သူက ရှုတည်တည်နှင့်ပြောလိုက်သည်။
“ရှို့ရှို့ ….
အခုဒီကိစ္စမှာ ဝင်ပါလိုက်မယ်ဆိုရင် ချန်းပင်အန်းအတွက် ပိုပြီးတော့ ဆိုးသွားလိမ့်မယ်။ အဲဒီအချိန်ကျမှပဲ သူက တကယ့်ကို ပျက်စီးသွားရလိမ့်မယ်…”
ရွမ်ရှို့က ပြန်လှည့်မလာခဲ့ပေ။ သူမက ခေါင်းကိုသာ ပြန်လှည့်ကြည့်လိုက်၏။ ထိုအချိန်တွင် နက်ပြောင်နေသော အနက်ရောင်ဆံပင်လေးက လေထဲတွင် လှုပ်ရှားသွားခဲ့ပြီး သူမ၏မျက်လုံးများကတော့ ဝင်းလက်တောက်ပနေခဲ့သည်။
“အဖေ …
အဖေက လျှိုရှန်းယန်ရဲ့ကိစ္စမှာလည်း ဝင်မပါခဲ့ဘူး။ ပြီးတော့ ဘာတွေဖြစ်လာခဲ့တာလဲ…”
သက်လတ်ပိုင်းလူကြီးက တစ်စုံတစ်ခု ပြောချင်နေသော်လည်း ရပ်တန့်လိုက်၏။ အဆုံးတွင်တော့ သူက လျှို့ဝှက်ချက်ကို ပြောပြခဲ့ခြင်း မရှိချေ။ သူက လေးလေးနက်နက် အမူအယာနှင့် ပြောလိုက်၏။
“အဖေ့ကို ယုံပါ။ အခုချိန်မှာ အဲဒီကောင်လေးကို သမီးပေးနိုင်တဲ့ အကြီးမားဆုံး အကူအညီက ဒီသုခဘုံလေးရဲ့လျှို့ဝှက်ချက်တွေ၊ စည်းမျဉ်းတွေကို တတ်နိုင်သမျှ ပြောပြပေးဖို့ပဲ။ ပြီးတော့ သူ့ကို စည်းမျဉ်းတွေထဲကနေ လုပ်ဖို့ပဲ ပြောလိုက်ပါ။ တကယ်လို့ သူသာ အရာအာလုံးကို အခွင့်အရေးယူနိုင်မယ်ဆိုရင်တော့ ကောင်းလာပါလိမ့်မယ်…”
ရွမ်ရှို့က ထိုစကားကို ပြည့်ပြည့်ဝဝ နားမလည်နိုင်ခဲ့ပေ။ သူမက တွေဝေနေခဲ့၏။
သက်လတ်ပိုင်းလူကြီးက လက်ကိုဝှေ့ယမ်းပြီး စိတ်ရှည်လက်ရှည်နှင့် ပြောပြလိုက်သည်။
“သမီးက အဖေ့ရဲ့သမီးပါ။ ရွှံ့ပုလင်းလမ်းကြားထဲက ကောင်လေးက ရေကန်ထဲကို ဘယ်လောက်ကြီးတဲ့ ခဲလုံးပဲ ပစ်ပစ်၊ ပြန့်လာမဲ့ပမာဏက ကန့်သတ်ချက်ရှိတယ်။ အဲဒါက ရေကန်အောက်ခြေမှာရှိတဲ့ မကောင်းဆိုးရွားအိုကြီးကို နှောင့်ယှက်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် အရာအားလုံးကို ရင်ဆိုင်နိုင်လိမ့်မယ်…”
“ဒါပေမဲ့ သမီးကတော့ မတူတော့ဘူး။ သမီးက ကြီးကြီးမားမားကိစ္စတွေကို ဖြေရှင်းရတဲ့အချိန်တိုင်း တည်ငြိမ်နေဖို့ မမေ့ပါနဲ့။ အဖေက သမီးကို စာများများဖတ်ဖို့ ပြောခဲ့တယ်။ ဒါပေမဲ့ နားမထောင်ခဲ့ဘူး။ သမီးက လမ်းကြားလေးထဲက ကောင်လေး တစ်ယောက်ကိုတောင် မယှဉ်နိုင်ဘူး။ အဲဒါက ကျင့်ကြံသူတစ်ယောက်လား…”
သက်သတ်ပိုင်းလူကြီးက နောက်ဆုံးစကားကို ပြောလိုက်သည့်အချိန်တွင် အမှန်တကယ် နောင်တရသွားခဲ့သည်။ သူက ထိုအရာမျိုးကို အကူအညီမပေးနိုင်ခဲ့ပေ။ သူ့သမီးနှင့် ပတ်သက်လာသည့် နောက်ဆုံးစကားကို ပြောခြင်းမှ ရှောင်လွှဲနေ၍လည်း မရနိုင်ပေ။
ယခုတစ်ကြိမ်တော့ မိန်းမပျိုက အမှားလုပ်ထားသလို ခံစားမိခဲ့ခြင်း မရှိသည်မှာ ကံကောင်းသွား၏။ သူမက အိမ်ထဲမှ လျင်မြန်စွာ ပြေးထွက်သွားသည့်အတွက် ထိုလူကလည်း အလွန်ရှုပ်ထွေးနေခဲ့သည်။
ရွမ်ချုံဟုခေါ်သော သက်လတ်ပိုင်းလူကြီးက ထိုင်ခုံတစ်ခုကိုယူပြီး ထိုင်နေခဲ့သည်။ သူက လျှိုရှန်းယန်၏လက်ကောက်ဝတ်ကို ကိုင်ထားသေး၏။ သူ၏သွေးခုန်နှုန်းများက ရှုပ်ထွေးနေသည်မှာ အလွန်ကြောက်စရာကောင်းသည်။ ရွမ်ချုံက အတော်လေးကို စိတ်ပျက်နေခဲ့ပြီး အတော်လေးလည်း မျက်နှာပျက်နေခဲ့၏။
သူက အပြစ်တင်စကား ဆိုလိုက်မိသည်။
“ချီကျင့်ချွန်က တစ်ခုခု လုပ်နေတာပဲ။ ကျန့်ယန်တောင်ကို ဒီလိုမျိုးအခွင့်အရေးတောင် ပေးထားတယ်။ တကယ်လို့ ငါတို့က စည်းမျဉ်းစည်းကမ်းတွေအတိုင်း သူ့ကို မဖယ်ရှားနိုင်ဘူးဆိုရင်တောင် အနည်းဆုံးတော့ သူ့ကို ဥပမာပေးပြီး သင်ခန်းစာ ပေးသင့်တယ်။ တကယ်လို့ ငါတို့က သူ့ကို မသတ်နိုင်ဘူးဆိုရင်တောင် ဒဏ်ရာရသွားအောင် တိုက်ခိုက်လိုက်ရင် ဘာများမှားမှာလဲ။ မဟုတ်ရင် လူသစ်တွေ အများကြီးဝင်လာတဲ့အချိန် ပိုပြီးတော့ ရှုပ်ထွေးသွားနိုင်တယ်။ အဲဒါက မရှုပ်ထွေးဘူးလို့ မင်းက ထင်နေတာလား။ မင်းက ရက်အနည်းငယ်အတွင်း နေရာကနေ ထွက်သွားဖို့ စဉ်းစားနေမှတော့ အရှုပ်အထွေးတွေပဲ ငါ့အတွက် ချန်ထားခဲ့မလို့လား။ စာသင်သားတစ်ယောက်ရဲ့ တာဝန်ယူမှုက ဘယ်မှာလဲ….”
သမားတော်အိုကြီးက ဘေးတွင်ထိုင်ပြီး ခေါင်းငုံ့နေခဲ့သည်။ သူကတော့ ပြသနာတက်မှာဆိုးသည့်အတွက် ဝင်ရောက်နှောင့်ယှက်ခဲ့ခြင်းမရှိချေ။ အဘိုးအိုက ရင်ထဲတွင်သာ အပြစ်တင်ရဲသည်။ ဤကဲ့သို့ ကြီးမားသောကိစ္စရပ်များတွင် မည်ကဲ့သို့ တည်ငြိမ်နိုင်မည်နည်း။
ရွမ်ချုံက အပြစ်တင်လိုက်ပြီးနောက် နောက်ဆုံးတွင် သက်ပြင်းချပြီး ပြောလိုက်သည်။
“ချီကျင့်ချွန် …
မင်းရဲ့လက်တွေ၊ခြေထောက်တွေက ချုပ်နှောင်ခံထားရတယ်။ မင်းလုပ်နိုင်တဲ့အရာ ဘာမှမရှိဘူး။ မင်းက ငါပြောတဲ့ ပထမတစ်ပိုင်းကို လျစ်လျူရှုလိုက်ပါတော့။ ဒါပေမဲ့ ဒီတစ်ပိုင်းကိုတော့ နားထောင်ဖို့မမေ့နဲ့…”
ယန်မိသားစုဆိုင်ရှင်အိုကြီးက ထိုအရာများအားလုံးကို ကြားနေရသည်။ ရွမ်ချုံ ပြောသောစကားကို ကြားလိုက်ရပြီးနောက် သူက ချက်ချင်းပင် ထိတ်လန့်သွားခဲ့၏။ ရွမ်ချုံက ဤသုခဘုံကို ကာကွယ်ရန် နောက်ထပ်ရောက်လာသည့် သူတော်စင် တစ်ယောက် အမှန်တကယ်ကို ဖြစ်ထိုက်သည်ဟုလည်း တွေးခဲ့သည်။ သူ့မျက်နှာက အလွန်တင်းမာနေသည့်အတွက် ဓားပျံတစ်ချောင်းကိုပင် တားဆီးနိုင်၏။
ရွမ်ချုံက အဘိုးအိုကို ကြည့်ပြီး ပြောလိုက်သည်။
“လက်ထပ်ထားတဲ့ သမီးတစ်ယောက်က ရေတွင်းတစ်တွင်းလိုပဲတဲ့။ အခုတော့ သူက အခုချိန်ထိ လက်မထပ်ရသေးတာတောင် အပြင်လူတစ်ယောက်အတွက် ရပ်တည်နေပြီလား…”
အဘိုးအိုက အချိန်တော်တော်ကြာ ထိန်းချုပ်ထားနိုင်ခဲ့သော်လည်း မနေနိုင်တော့ဘဲ စကားအနည်းငယ် ပြောချင်ခဲ့သည်။ မဟုတ်လျှင် သူ၏အကျင့်စရိုက်အရ ခွင့်ပြုနိုင်လိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် သူက အားတင်းပြီး ပြောလိုက်၏။
“ဆရာရွမ် …
ကျွန်တော်က အသက်ကြီးလို့ အမြင်မရှိတော့တာလားတော့ မသိဘူး။ အဲဒီကောင်လေးက ဆရာရွမ်ရဲ့သမီးကို သဘောကျတဲ့ခံစားချက်မျိုး မရှိဘူးထင်တာပဲ.”
ရွမ်ချုံက အဘိုးအိုကို သနားစဖွယ်ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“ဘာမှသံသယဝင်စရာ မလိုပါဘူး။ ခင်ဗျားက အသက်ကြီးတော့ မျက်စိမှုန်နေတာ..”
အဘိုးအိုက ထိုလူကို သနားစဖွယ် ပြန်ကြည့်လိုက်၏။ သူတို့နှစ်ယောက်လုံး စကားမပြောဖြစ်ကြပေ။
ရေတွင်း၏ တခြားတစ်ဖက်တွင်တော့ ရွမ်ရှို့က ချန်းပင်အန်းကို မီလာခဲ့သည်။ သူမက ဘာပြောရမှန်း မသိခဲ့သည့်အလား စကားတစ်ခွန်းမျှမပြောခဲ့ပေ။
ချန်းပင်အန်းက သူမကိုပြုံးပြလိုက်၏။ သူက ကျောက်တုံးပြာကမ်းပါး၏ နောက်ကျောပေါ်တွင် သူမနှင့် ပထမဆုံးတွေ့ခဲ့ရသည့်အချိန်ကို မှတ်မိနေသေးသည်။ ထိုအချိန်တွင် သူမက စကားမပြောတတ်ခြင်းပေလော။ သို့မဟုတ် မြို့ငယ်လေး၏ ဘာသာစကားနှင့် မည်သို့ပြောရမှန်းမသိခြင်းလောဟု တွေးခဲ့မိသည်။ ယခုတော့ သူမက စကားပြောရသည်ကို သဘောမကျကြောင်း နားလည်သွားခဲ့၏။
သူမက မြက်ဖိနပ်နှင့် လူငယ်လေး၏နောက်မှ လိုက်လာပြီး အမိုးတံတားဆီသို့ လျှောက်လာခဲ့သည်။ နောက်ဆုံးတွင်တော့ အစိမ်းဝတ်မိန်းမပျိုက အားတင်းပြီးပြောလိုက်၏။
“ချန်းပင်အန်း …
ငါ့နာမည်က ရွမ်ရှို့လို့ခေါ်တယ်။ ငါ့အဖေကတော့ ငါ့ကို ရှို့ရှို့လို့ခေါ်တယ်။ သူက ဓားဖန်တီးသူ တစ်ယောက်ပဲ။ ငါလည်း ငယ်ငယ်ကတည်းက ငါ့အဖေနဲ့အတူ ဓားတွေ ထုလုပ်တတ်တယ်။ ဒီတစ်ကြိမ်တော့ ငါက နင်တို့မြို့ငယ်လေးကို ရောက်လာခဲ့တယ်ဆိုတာ ငါ့အဖေရဲ့ဂိုဏ်းက သူ့ကို တာဝန်တစ်ခုပေးလိုက်တယ်လို့ ပြောခဲ့လို့ပဲ။ ဒီနေရာမှာရှိတဲ့ ရေနဲ့မြေကလည်း ဓားမီးဖိုကြီးတစ်ခုအတွက် အသင့်တော်ဆုံးပဲလေ။ ဒါကြောင့် ငါက ဒီနေရာမှာရှိတဲ့ ရွှံ့၊ ရေတွေနဲ့ ဓားဖန်တီးဖို့ ရောက်လာခဲ့တာ…”
“အမှန်အတိုင်းပြောရရင် ငါ့အဖေက ငါ့အတွက် အခွင့်အရေးတစ်ခု ရှာပေးချင်နေတယ်ဆိုတာ ငါသိတယ်။ ငါ့အဖေက ဘယ်လိုကိစ္စမျိုးကိုဖြစ်ဖြစ် ဂရုမစိုက်တဲ့ လူတစ်ယောက်ပဲ။ သူက နင့်ရဲ့သူငယ်ချင်း လျှိုရှန်းယန်လိုပဲ။ ငါ့အဖေက သူ့ကို တကယ်ပဲ တပည့်တစ်ယောက်အဖြစ် လက်ခံချင်ခဲ့တယ်။ နင်က သိချင်မှသိမှာ။ ငါ့အဖေက နောက်ပိုင်း ဒီနေရာမှာ ဂိုဏ်းတစ်ခု တည်ထောင်ဖို့ ရွေးချယ်ထားတဲ့အတွက် ပထမဆုံးတပည့်ရွေးချယ်မှုက အရမ်းအရေးကြီးတယ်လေ….”
ချန်းပင်အန်းက ခေါင်းခါပြီး ပြောလိုက်သည်။
“ငါက နင့်အဖေကို အပြစ်မတင်ပါဘူး”
ထိုအချိန်တွင် မြက်ဖိနပ်နှင့် လူငယ်လေးက ခဏရပ်လိုက်ပြီး လက်ခုံနှင့် မေးစေ့ကိုပွတ်လိုက်သည်။ သူက ခါးသီးစွာ ပြောလိုက်၏။
“ငါက တခြားသူတွေကို အပြစ်မတင်သင့်ဘူးဆိုတာ သိတယ်။ ဒါပေမဲ့ ငါက တော်တော်လေး ဒေါသထွက်နေတာတော့ အမှန်ပဲ။ နင့်အဖေက လျှိုရှန်းယန်ကို တပည့်အဖြစ် စောစောလက်မခံခဲ့တဲ့အတွက် ငါအရမ်းဒေါသထွက်တယ်။ လျှိုရှန်းယန် ဒုက္ခရောက်နေတဲ့အချိန်မှာ ဘယ်သူမှ မတားခဲ့ကြတဲ့အတွက် ငါ ဒေါသထွက်တယ်။ အဲဒါက မှားနေရင်တောင် ငါ ဒေါသထွက်နေတုန်းပဲ…”
ရွမ်ရှို့က ခေါင်းညိတ်ပြလိုက်သည်။
“ဒါက လူသားသဘာဝပါပဲ…”
ချန်းပင်အန်းက ဤနေရာတွင် နောက်ထပ်အချိန်မဖြုန်းချင်ခဲ့ပေ။ သူက မေးလိုက်၏။
“မိန်းကလေးရွမ် … ကျွန်တော့်ကို ပြောစရာတစ်ခုခုရှိလို့လား…”
ရွမ်ရှို့က သတိထားပြီး ပြောလိုက်သည်။
“နင်က ကျန့်ယန်တောင်က လူတွေကို လက်တုံ့ပြန်ဖို့ သွားမှာ မဟုတ်လား…”
ချန်းပင်အန်းက စကားတစ်ခွန်းမျှ ပြန်မပြောခဲ့ပေ။ သူက ငြင်းဆန်ခြင်း မရှိသလို ဝန်ခံခြင်းလည်း မရှိပေ။
ထိုမိန်းမပျိုက စကားပြောမကောင်းချေ။ သူမက စိတ်ထဲတွင် ပေါ်လာသည့် အရာအတိုင်းသာ ရိုးရှင်းစွာ ပြောတတ်၏။
“မဆင်မခြင်မလုပ်ပါနဲ့။ ကျန့်ယန်တောင်က ငါတို့အရှေ့ပိုင်းကုန်းမြေကြီးထဲမှာ နာမည်ကျော်ဂိုဏ်းတစ်ခုပဲ။ အဲဒီလူဝံကြီးကလည်း ကျန့်ယန်တောင်ရဲ့ဘိုးဘေးနဲ့ ဘာမှမခြားဘူး။ တကယ်လို့ အဲဒီလူဝံအိုကြီးက ဒီနေရာမှာ သူ့ရဲ့မှော်စွမ်းရည်၊ နတ်ဘုရားစွမ်းရည်တွေကို မသုံးနိုင်ရင်တောင် နင့်ကို ရင်ဆိုင်ဖို့တော့ အရမ်းကို လွယ်လွန်းတယ်။ ပြီးတော့ သူက လျှိုရှန်းယန်ကို ဆိုးဆိုးရွားရွားဒဏ်ရာရအောင် လုပ်ခဲ့တဲ့အတွက် ဆရာချီက သူ့ကိုသေချာပေါက် အပြစ်ပေးလိမ့်မယ်။ ဒါကြောင့် နင်က အနည်းဆုံးတော့ ဒီကိစ္စကို ဘာမှမဟုတ်သလို ပြီးသွားမှာကို စိုးရိမ်ဖို့မလိုဘူး…”
ချန်းပင်အန်းက မိန်းမပျိုကိုကြားဖြတ်ပြီး ပြောလိုက်သည်။
“မိန်းကလေးရွမ် …
အပြစ်ပေးမှုဆိုတာက လူသတ်သမားကို မြို့အပြင်ဘက် မောင်းထုတ်လိုက်တာကို ပြောချင်တာလား…”
ရွမ်ရှို့ဆီတွင် ပြန်ပြောစရာစကားလုံး မရှိခဲ့ချေ။
ချန်းပင်အန်းက ပြုံးလိုက်ပြီး မိန်းမပျိုကို နှစ်သိမ့်လိုက်သည်။ သူ့မျက်လုံးများက စမ်းချောင်းတစ်ခုတွင် ရှိသော ရေလှိုင်းများပမာ တည်ငြိမ်နေခဲ့၏။
“မိန်းကလေးရွမ် …
မိန်းကလေးရဲ့စေတနာကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်က အဲဒီလို အင်မော်တယ်မျိုးကို မဆင်မခြင် တိုက်ခိုက်မှာ မဟုတ်ပါဘူး…”
ရွမ်ရှို့က စိတ်သက်သာရာရသွားပြီး သူ့ရင်ဘတ်ကို လက်နှင့်ပုတ်လိုက်သည်။ သူမ၏လုပ်ရပ်က အနည်းငယ် ကလေးဆန်ပြီး ရင့်ကျက်မှု မရှိသည့်အပြင် အထက်တန်းလွှာ မိသားစုတစ်ခုမှ သခင်မလေးတစ်ယောက်နှင့် မတူညီခဲ့ပေ။ ရွမ်ရှို့က အနည်းငယ် ရှက်ရွံ့စွာ ပြုံးမိခဲ့၏။
ချန်းပင်အန်းကလည်း အပြုံးနှင့် ပြောလိုက်သည်။
“ငါ အရင်တခေါက်က နင့်ကို ငါး(၃)ကောင်ပဲ ပေးနိုင်ခဲ့တယ်။ ငါက တော်တော်ကပ်စေးနည်းခဲ့တာပဲ…”
ရွမ်ရှို့၏မျက်နှာလေးက နီရဲသွားပြီး စိုးရိမ်စွာ မေးလိုက်သည်။
“နင့်ရဲ့ဘယ်ဘက်လက်က ဘယ်လိုနေသေးလဲ…”
ချန်းပင်အန်းက အဝတ်နှင့် စည်းထားသော ဘယ်ဘက်လက်ကို မြှောက်လိုက်သည်။
“ကောင်းသွားပါပြီ။ အခုတော့ အဆင်ပြေသွားပြီ…”
ရွမ်ရှို့က သေချာစဉ်းစားပြီး ဖြည်းညင်းစွာ ပြောလိုက်၏။
“ချန်းပင်အန်း …
အလျင်စလို မလုပ်ပါနဲ့။ အခုဆရာချီက ခက်ခဲတဲ့ အခြေအနေကိုရောက်နေတယ်။ ပြီးတော့ ဆရာချီနဲ့ ငါ့အဖေက လူပြောင်းတဲ့အချိန်မှာလည်း ဒီမြို့ငယ်လေးက အကြီးအကျယ် လှုပ်ရှားသွားလိမ့်ဦးမယ်။ အဲဒီအချိန်မှာ ကောင်းလား ဆိုးလားဆိုတာတော့ ပြောဖို့ခက်တယ်။ ဒါကြောင့် မဆင်မခြင် မလုပ်ပါနဲ့…”
ချန်းပင်အန်း ခေါင်းညိတ်ပြီး ပြောလိုက်၏။
“ကောင်းပါပြီ…”
ရွမ်ရှို့က အတော်လေးကို စိုးရိမ်နေခဲ့သည်။ အဆုံးသတ်နေ့ရက်များကြောင့် သူမက အလွန်စိုးရိမ်နေခဲ့ခြင်းဖြစ်၏။ သူမ၏ အကျင့်စရိုက်အရ ပြောရမည်ဆိုလျှင် ယခုချက်ချင်းပင် ကျန့်ယန်တောင်က လူဝံကြီးကို သတ်ပစ်သင့်သည်။ သို့သော် သူမက လူငယ်လေးကို စွန့်စားမှုများ မလုပ်ရန်သာ ဖျောင်းဖျနေရ၏။
ထိုအရာက သူမ၏သိစိတ်နှင့် လုံးဝကိုဆန့်ကျင်နေခဲ့သည်။ သို့သော် အဓိကပြဿနာကတော့ သူမ ပြောထားသည့်အတိုင်း ပုံမှန်အခြေအနေများက အလျင်စလိုလုပ်ခြင်းထက် ပို၍တည်ငြိမ်လှသည်။ ထိုအရာက သူမ၏အတွေးလည်း ဖြစ်၏။
အကယ်၍ ရွမ်ရှို့ကသာ ရှင်းပြမှုတစ်ခု တောင်းဆိုရန်အတွက် မဆင်မခြင် လှုပ်ရှားလိုက်မည်ဆိုလျှင် အကယ်၍ သူမကသာ ပြဿနာကြီးတစ်ခု ဖန်တီးလိုက်မည်ဆိုလျှင်ပင် သူမ၏အဖေက သေချာပေါက် လျစ်လျူရှုထားလိမ့်မည် မဟုတ်ချေ။ သူက ထိုအရာကို ဖိနှိပ်ရန် ဖြစ်နိုင်သည်။ သို့သော် သူမ၏ရှေ့တွင် ရှိနေသော ချန်းပင်အန်းကတော့ ကိုယ့်ဘဝ ကိုယ်တာဝန်ယူရမည်ဖြစ်သည်။
ချန်းပင်အန်းက ရွမ်ရှို့ကို နှုတ်ဆက်စကားပြောလိုက်ပြီး အမိုးတံတားပေါ်သို့ တစ်ယောက်တည်း လျှောက်သွားခဲ့သည်။ သူက မိန်းမပျိုတစ်ယောက်ကို နှုတ်ဆက်ပြီး သိပ်မကြာခင် နောက်ထပ် မိန်းမပျိုတစ်ယောက်ကို တွေ့လိုက်ရပြန်၏။
အမိုးတံတား၏ တောင်ဘက်တွင် ရှိနေသော လှေကားထစ်ပေါ်တွင် ဓားရှည်တစ်ချောင်းနှင့် ဓားမောက်တစ်ချောင်း ကိုင်ထားသော မိန်းမပျို တစ်ယောက် ထိုင်နေခဲ့၏။ သူမ၏မျက်နှာက အေးစက်နေခဲ့သည်။ သူမက အစိမ်းရင့်ရောင်အင်္ကျီကို ဝတ်ဆင်ထားပြီး မျက်ခုံးရှည်ရှည်နှင့် နှုတ်ခမ်းကို တင်းတင်းစေ့ထားခဲ့၏။ သူမ၏ဘေးတွင်တော့ ရွှေချည်များနှင့် ထိုးထားသော အိတ်(၂)အိတ်ရှိနေခဲ့သည်။
ချန်းပင်အန်းက အမိုးတံတားဆီသို့ လျင်မြန်စွာ ပြေးလာခဲ့၏။ သူက လှေကားထစ်၏ အောက်ခြေသို့ ရောက်သည့်အချိန်တွင် မိန်းကလေးနင်ယောင်က သူ့ကို ကြေးပြား(၂)အိတ် ပစ်ပေးလိုက်သည်။
“ဒီမှာ ပြန်ယူလိုက်တော့…”
ချန်းပင်အန်းက လှေကား၏အောက်ခြေတွင် ရပ်လိုက်ပြီး ထိုငွေအိတ်(၂)အိတ်ကို လက်နှစ်ဖက်နှင့် ဖမ်းလိုက်သည်။ တခဏအတွင်း သူလည်း ဘာပြောရမှန်း မသိခဲ့ချေ။
နင်ယောင်က မျက်နှာပျက်ပျက်နှင့် ပြောလိုက်၏။
“ငါက လျှိုရှန်းယန်ရဲ့လုံခြုံမှုကို အာမခံဖို့ ကတိပေးထားတယ်။ အခုဒါတွေက ငါ့ရဲ့အပြစ်ပါပဲ။ ငါ နင်ယောင်က ချန်းပင်အန်းနဲ့ လျှိုရှန်းယန်တို့ရဲ့ယုံကြည်မှုနဲ့ မထိုက်တန်ဘူး…”
ဤမြို့ငယ်လေးထဲတွင် သာမန်ခန္ဓာကိုယ်အချိုးအဆစ်သာ ရှိနေသော လူငယ်တစ်ယောက်၏ ရင်ဘတ်ကို အင်မော်တယ်တစ်ယောက်က ဖျက်ဆီးလိုက်မည်ဆိုလျှင် မည်သူမျှ ကယ်တင်ပေးနိုင်မည် မဟုတ်ကြောင်း မိန်းမပျိုက ကောင်းကောင်းကြီး သိနေခဲ့သည်။
အကယ်၍ လျှိုရှန်းယန်ကို ကယ်တင်နိုင်မည်ဆိုလျှင် အသက်ရှင်ရန် အခွင့်အရေး အနည်းငယ်လေး ရှိနေမည်ဆိုလျှင်ပင် ချန်းပင်အန်း၏ အကျင့်စရိုက်အရ ပန်းပဲဖိုတွင် နေရမည်ဆိုလျှင်လည်း သူက ခွင့်ပြုချက်မရှိဘဲ သေချာပေါက် ထွက်ခွာသွားလိမ့်မည် မဟုတ်ချေ။
ချန်းပင်အန်းက လှေကားဆီသို့ လျှောက်လာပြီး သူမနှင့် မလှမ်းမကမ်းတွင် ထိုင်နေခဲ့၏။ သူက ငွေအိတ်(၂)အိတ်ကို မိန်းမပျိုဆီသို့ပြန်ပေးပြီး တိုးတိုးလေး ပြောလိုက်သည်။
“မိန်းကလေးနင် …
ဒီငွေတွေကို ယူထားလိုက်ပါ။ မိန်းကလေးက ရွှံ့ပုလင်းလမ်းကြားထဲမှာရှိတဲ့ ကျွန်တော့်အိမ်က ငွေအိတ်ကိုလည်း ယူသွားနိုင်တယ်။ ကျွန်တော်က အဲဒါကို မလိုအပ်တော့ဘူး။ နောက်ပိုင်းဖြစ်နိုင်မယ်ဆိုရင်တော့ ကျွန်တော့်အိမ်နဲ့ လျှိုရှန်းယန်ရဲ့အိမ်ကို ဂရုစိုက်ဖို့အတွက် လူတစ်ယောက်ငှားဖို့ပဲ ကူညီပေးပါ..”
မိန်းမပျိုကတော့ ထိုငွေအိတ်ကို ပြန်မယူခဲ့ပေ။ သူမက ဒေါသထွက်ထွက်နှင့် ရယ်လိုက်မိ၏။
“ဒါဆိုရင် နင်က နှစ်သစ်ကူးချိန်ရောက်တိုင်း နှစ်သစ်ကူးစာသားတွေနဲ့ တံခါးနတ်ဘုရားတွေပါ ကပ်ပေးဖို့ ကူညီပေးချင်စေသေးတာလား..”
ချန်းပင်အန်းက လေးလေးနက်နက် ပြောလိုက်သည်။
“ဖြစ်နိုင်မယ်ဆိုရင်တော့ အဲဒါက အကောင်းဆုံးပဲ…”
မိန်းမပျိုက အလွန်ဒေါသထွက်သွားသည့်အတွက် တစ်ကိုယ်လုံးမှ မီးခိုးငွေ့များ ထွက်လာသလို ထင်ရသည်။ သူမက ကြိမ်းမောင်းပြောဆိုလိုက်၏။
“နင်ငယ်ငယ်တုန်းက ခေါင်းကို တစ်ခုခုနဲ့ ရိုက်မိတာလား။ နင်က ဒီလိုယုတ္တိမရှိတဲ့ အကြောင်းပြချက်တွေ ရူးမိုက်တဲ့အရာတွေကို လုပ်နေဦးမှာလား။ ငါ တော်တော်ဒေါသထွက်နေပြီ…”
“ချန်းပင်အန်း …
နင်က ဒီကိစ္စကို ဂရုစိုက်စရာမလိုဘူး။ နင်က နင့်ရဲ့အစွမ်းလေးနဲ့ ကျန့်ယန်တောင်က တောင်ရေွှ့လူဝံကြီးကို ရင်ဆိုင်နိုင်မယ် ထင်နေတာလား။ လျှိုရှန်းယန်ရဲ့ အိမ်အစုတ်ကိုတော့ နင့်ဘာသာပဲ ဂရုစိုက်လိုက်။ နင်က နှစ်သစ်ကူးစာသားတွေနဲ့ တံခါးနတ်ဘုရားလည်း သွားဝယ်လိုက်။ ငါ နင်ယောင်ကတော့ နင့်ကို ကူညီမပေးနိုင်ဘူး…”
ချန်းပင်အန်းက မိန်းမပျိုကိုကြည့်ပြီးပြောလိုက်သည်။
“မိန်းကလေးနင် …
ကျွန်တော်က မိန်းကလေးနင်ကို သိတာမကြာသေးပေမဲ့ တစ်ခုကိုတော့ သေချာသိတယ်။ တကယ်လို့ မိန်းကလေးနင်ကသာ လျှိုရှန်းယန်အတွက် လက်တုံ့ပြန်ပေးဖို့ ယုံကြည်ချက်ရှိတယ်ဆိုရင် ဒီငွေအိတ်(၂)ခုကို ကျွန်တော့်ဆီ ပြန်ပေးမှာ မဟုတ်ဘူး။ အနည်းဆုံးတော့ အခုမဟုတ်ဘူးပေါ့…”
ချန်းပင်အန်းက ထိုငွေထုတ်ကို သူတို့နှစ်ယောက်ကြားထဲတွင် ရှိနေသော လှေကားပေါ်တွင် တင်လိုက်သည်။
“မိန်းကလေးနင် …
ကျွန်တော်က အခုလို အချိန်မျိုးမှာ မိန်းကလေးကို ယဉ်ယဉ်ကျေးကျေးပြောဖို့ ဆန္ဒမျိုးရှိတယ်လို့ ထင်နေတာလား။ မိန်းကလေးရယ်၊ လျှိုရှန်းယန်ရယ် ကျွန်တော်ရယ်က အလုပ်လုပ်ခဲ့ကြတာ။ မိန်းကလေးက ကျွန်တော်တို့ကို လှည့်စားဖို့ ကြိုးစားနေတာလည်း မဟုတ်ဘူး။ ကျွန်တော်တို့က ဒီလိုဘေးအန္တရာယ်မျိုးနဲ့ ကြုံရမယ်လို့ ဘယ်သူမှလည်း ထင်မထားခဲ့ဘူး။ ဒီတော့ ဒီကိစ္စကို မိန်းကလေးရဲ့အသက်နဲ့ ပေးဆပ်ခိုင်းလို့ရမလား…”
“ကျွန်တော် ပြောတာကိုယုံပါ။ ကျွန်တော်တင် မဟုတ်ဘူး၊ လျှိုရှန်းယန်ကလည်း ဒီလိုလုပ်ရပ်မျိုးကို မြင်ချင်မှာ မဟုတ်ဘူး။ တကယ်လို့ သူသာ စကားပြောနိုင်မယ်ဆိုရင် ယောကျ်ားတွေ အလုပ်လုပ်တဲ့ကိစ္စမှာ မိန်းကလေးတွေ ဝင်မပါရဘူးလို့ ပြောမှာပဲ..”
လူငယ်က အပြုံးနှင့်ပြောလိုက်သည်။
“ကျွန်တော်က မိန်းကလေးနင်ကိုတော့ အဲဒီလို မပြောရဲပါဘူး…”
နင်ယောင်က လက်နှစ်ဖက်ကို အဖြူရောင်ဓားအိမ်ပေါ်သို့ တင်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
“ငါက ပြောချင်တဲ့စကားကို တစ်ဝက်ပဲ ပြောခဲ့တာ။ အပြစ်ရှိတဲ့စိတ်ကတော့ တစ်ဝက်ပေါ့။ ငါ အိမ်ကနေ ထွက်လာခဲ့တဲ့ အချိန်ကစပြီး လောကတခွင်လုံးကိုသွားလာခဲ့တယ်။ ငါ မကျော်လွှားနိုင်တဲ့ အတားအဆီးတစ်ခုမှ မရှိခဲ့ဘူး..”
မိန်းမပျိုက လက်မထောင်လိုက်ပြီး သူမ၏နှလုံးသားနေရာကို ထိုးပြလိုက်သည်။
“ဒီနေရာမှာလည်း အတူတူပဲ…”
ချန်းပင်အန်းက ခဏကြာစဉ်းစားနေခဲ့၏။
“မိန်းကလေးနင် …
ဘာမှမလုပ်ခင် ကျွန်တော်က လူ(၃)ယောက်ကို အရင်ဆုံး သွားရှာချင်တယ်။ ပြီးမှ ကျွန်တော်တို့က လူခွဲပြီး လုပ်ကြတာပေါ့…”
နင်ယောင်က မေးလိုက်သည်။
“ဘယ်လောက်ကြာမှာလဲ…”
ချန်းပင်အန်းက စဉ်းစားမနေဘဲ ပြန်ပြောလိုက်၏။
“အများဆုံးနေ့ဝက်လောက်ပါပဲ…”
နင်ယောင်က နောက်တစ်ကြိမ် ထပ်မေးလိုက်၏။
“ချီကျင့်ချွန်အပြင် နောက်ထပ်တခြား(၂)ယောက်က ဘယ်သူလဲ…”
ချန်းပင်အန်းက ခေါင်းခါပြလိုက်သည်။
“မိန်းကလေးနင် မမေးပါနဲ့…”
နင်ယောင်က မျက်မှောင်ကြုတ်လိုက်မိ၏။
“မီးဖိုကြီးကြပ်သူက ဒီကိစ္စကို ဂရုစိုက်မှာ မဟုတ်ဘူး။ ဒီလိုအသေးအဖွဲကိစ္စမျိုးကို သူက စိတ်ဝင်စားမယ် ထင်နေတာလား…”
ချန်းပင်အန်းက မတ်တပ်ရပ်ရန် ပြင်လိုက်စဉ် နင်ယောင်က လေးလေးနက်နက် ပြောလိုက်သည်။
“ဒီငွေတွေကို ပြန်ယူသွားလိုက်တော့…”
ချန်းပင်အန်းက ထိုအရာကို သိမ်းဆည်းလိုက်ရသည်။
“ချန်းပင်အန်း … ခဏနေဦး။ ပြန်လှည့်လာခဲ့…”
ချန်းပင်အန်းကို ပြန်လှည့်လာရန် ပြောလိုက်ပြီးနောက် နင်ယောင်က ငုံ့လိုက်ပြီး သူမ၏အင်္ကျီကို အနည်းငယ်မ၍ ခြေသလုံးတွင် ချည်ထားသော ဓားတိုလေး တစ်ချောင်းကို ထုတ်လိုက်သည်။
သူမက မတ်တပ်ရပ်လိုက်ပြီး လူငယ်လေးကိုပေးလိုက်၏။ သူမက လေးလေးနက်နက် အမူအယာနှင့် ပြောလိုက်သည်။
“ဒါက ငါတို့မွေးရပ်မြေမှာ အရမ်းထူးခြားတဲ့ ဂါဝန်ဖိဓားပဲ။ မိန်းကလေးတိုင်းမှာ တစ်ချောင်းဆီ ရှိတယ်။ အခုက အရေးပေါ်အခြေအနေဆိုမှတော့ ငါက ဓလေ့ထုံးတမ်းတွေကို ဂရုမစိုက်တော့ဘူး။ ဒါပေမဲ့ ငါက ဒီဓားကို ငှားပေးတာ။ နင့်ကို အပိုင်ပေးတာ မဟုတ်ဘူးဆိုတာ မမေ့နဲ့…”
ချန်းပင်အန်းက အနည်းငယ် ရှုပ်ထွေးသွားခဲ့ပြီး ထိုဓားတိုလေးကို လှမ်းယူလိုက်သည်။
မိန်းမပျိုက ဒေါသတကြီး ပြောလိုက်၏။
“လက်နှစ်ဖက်နဲ့ယူ။ နင်က နည်းနည်းလေး ယဉ်ကျေးလို့ မရဘူးလား…”
လူငယ်က တခြားလက်တစ်ဖက်ကို မြှောက်လိုက်သော်လည်း အနည်းငယ်ဇဝေဇဝါ ဖြစ်နေသေးသည်။
နင်ယောင်က ဒေါသတကြီး ပြောလိုက်၏။
“နင်က ကြွေထည်အပိုင်းအစလေးတွေနဲ့ တောင်ရေွှ့လူဝံကြီးကို သတ်နိုင်မယ်လို့ ထင်နေတာလား။ ချိုက်ကျင်းကျန့်က ကျင့်ကြံမှုလမ်းကြောင်းမှာ ဝေးဝေးမရောက်သေးတဲ့ လူတစ်ယောက်ပဲ။ ပြီးတော့ ကျန့်ယန်တောင်က မှော်သားရဲအိုကြီးက အမာကျောဆုံး အရေပြားနဲ့ မွေးဖွားလာခဲ့တာ။ ကြွေထည်တွေကို မပြောနဲ့။ အင်မော်တယ်လက်နက်တွေကတောင် အဲဒီမှော်သားရဲအိုကြီးကို ထိခိုက်အောင် မလုပ်နိုင်ဘူး။ သူ့ခန္ဓာကိုယ်အပေါ်မှာ ဒဏ်ရာတစ်ခု၊ နှစ်ခုလောက်ရရုံနဲ့ ဘာဖြစ်မှာလဲ။ ဘာမှအသုံးမဝင်ဘူး…”
လက်နှစ်ဖက်နှင့် ဓားတိုကို လှမ်းယူလိုက်သော လူငယ်ကတော့ ထိုဓားကို မည်သည့်နေရာတွင် ထားရမှန်းမသိသည့်အတွက် ထူးဆန်းနေခဲ့သည်။
နင်ယောင်က သူ့ကိုကြည့်ပြီး ပြောလိုက်၏။
“နင်က ဓားတိုနဲ့ လူတစ်ယောက်ကို ထိုးတော့မှာဆိုတော့ နင်က ကျိန်ဆဲလို့တော့မရဘူး…”
ချန်းပင်အန်းက မသက်မသာ ခံစားလိုက်ရ၏။ ဘာကြောင့်မှန်း မသိသော်လည်း လှေကားထစ်ပေါ်တွင် ထိုင်နေခဲ့သော လူငယ်က တောင်ဘက် ကောင်းကင်ကြီးပေါ်ကို မော့ကြည့်နေခဲ့မိသည်။
မိန်းမပျိုက လူငယ်၏ဘေးတွင် မတ်တပ်ရပ်လိုက်၏။
ချန်းပင်အန်းက နောက်ဆုံးအကြိမ်အဖြစ် သူမကို ဖျောင်းဖျရန် ကြိုးစားလိုက်သည်။
“မိန်းကလေးက တကယ်ပဲ သေရလိမ့်မယ်…”
ထိုမိန်းမပျိုကတော့ လက်ပိုက်ထားပြီး လက်တစ်ဖက်တွင် ဓားရှည်ကိုကိုင်၍ တခြားလက်တစ်ဖက်တွင် ဓားမောက်ကို ကိုင်ထားသည်။ သူမ၏အမူအယာက တည်ငြိမ်အေးစက်နေခဲ့၏။
“ငါက အသက်ရှင်နေတဲ့ လူတွေထက် သေနေတဲ့လူတွေကိုပိုပြီးတော့ မြင်ခဲ့ဖူးတယ်…”
ထို့နောက် သူမက အေးအေးဆေးဆေးလေသံနှင့် ပြောလိုက်၏။
“နင်က အဲဒီဓားတိုကို လက်မောင်းမှာချည်ထားပြီး အင်္ကျီနဲ့ ဖုံးထားလို့ရတယ်…”
ချန်းပင်အန်းက ခေါင်းညိတ်ပြီး ပြောလိုက်၏။
“ကောင်းပါပြီ..”
ထို့နောက် ချန်းပင်အန်းက ဒူးနှစ်ဖက်ကို ပုတ်လိုက်ပြီး မတ်တပ်ရပ်လိုက်သည်။ သူက ရုတ်တရက် ပြောလိုက်၏။
“ကျွန်တော်က မိန်းကလေးနဲ့ တွေ့ခွင့်ရတဲ့အတွက် အရမ်းဝမ်းသာပါတယ်…”
မိန်းမပျိုက ပြန်လှည့်လာပြီး အမိုးတံတားပေါ်သို့ ဦးဆောင်၍ လျှောက်သွားခဲ့သည်။
သူရဲကောင်းဆန်သော မိန်းမပျိုတစ်ယောက်…
အဖြူရောင်ဓားအိမ်နှင့် ဓားရှည်တစ်ချောင်း …
အစိမ်းရောင်ဓားအိမ်နှင့် ဓားမောက်တစ်ချောင်း …
ထိုအချိန်တွင် သူမ၏ပုံစံက လူငယ်လေး မြင်ဖူးသမျှ မြင်ကွင်းများထဲတွင် အလှပဆုံး မြင်ကွင်းတစ်ခုဖြစ်သည်။ သူကတော့ မြို့ငယ်လေးထဲမှ ထွက်သွားလျှင်ပင် ထိုမျှစိတ်လှုပ်ရှားစရာကောင်းသောမြင်ကွင်းကို မြင်တွေ့ရမည်မဟုတ်ဟု ခံစားမိခဲ့၏။ ဤဘဝကြီးက ထိုက်တန်သွားခဲ့ပြီဖြစ်သည်။
တာအိုသခင်လု၏စကားကို ကြားလိုက်ရပြီးနောက် သေခြင်းတရားကို အနည်းငယ် ကြောက်လန့်သွားခဲ့သော လူငယ်လေးက ယခင်တုန်းကကဲ့သို့ သေမှာကိုမကြောက်တော့ပေ။ အကယ်၍ သေမည်ဆိုလျှင်လည်း သူ၏ကံတရားသာဖြစ်သည်။
Translated by Hein Htet.