အခန်း (၄၇)
Vol. 4 Ch. 47
ချန်းပင်အန်းနှင့် နင်ယောင်တို့က ခြေ(၁၂)ချောင်း အထိမ်းအမှတ်အဆောက်အဦးတွင် လူချင်းခွဲသွားကြသည်။
ချန်းပင်အန်းက ရွှံ့ပုလင်းလမ်းကြားဆီသို့ ထွက်သွားခဲ့ပြီး တံခါးကိုခေါက်လိုက်၏။
“စုန့်ကျိရှင်း အိမ်မှာရှိလား…”
မီးဖိုချောင်ထဲတွင် ရေပုံးတစ်ပုံးနှင့် အလုပ်ရှုပ်နေသော မိန်းမပျိုတစ်ယောက် ရှိနေသည်။ ရေသောက်လိုက်ပြီးနောက် သူမက လန်းဆန်းတက်ကြွသွားသလို ခံစားလိုက်ရပြီး ရေခွက်ကိုချ၍ မီးဖိုချောင်ထဲမှ ဖြည်းညင်းစွာ ထွက်လာခဲ့၏။
သူမက ခြံဝန်းတံခါးကို အပြေးလေးလာဖွင့်လိုက်ပြီး အနည်းငယ် ထူးဆန်းနေသလို ခံစားလိုက်ရသည်။ သူမက သေသေသပ်သပ် အမူအယာနှင့် တံခါးကို ဖွင့်လိုက်၏။
“ငါ့သခင်လေး အိမ်မှာမရှိဘူး။ ချန်းပင်အန်း … ဘာလို့တံခါးလာခေါက်တာလဲ။ နင်က ဟိုဘက်ခြံထဲမှာပဲရပ်ပြီး ငါတို့နဲ့ အမြဲတမ်း စကားပြောတာ မဟုတ်ဘူးလား…”
ချန်းပင်အန်းက ခြံဝန်းတံခါးကို လှည့်ကြည့်ပြီး ပြောလိုက်သည်။
“ငါ့မှာ ကိစ္စရှိလို့ပါ…”
ကျစ်ကွေးက တံခါးဖွင့်ပေးလိုက်ပြီးနောက် စနောက်လိုက်၏။
“ရှားရှားပါးပါး ဧည့်သည်ပါလား…”
သူမက ချန်းပင်အန်း၏အမူအယာကိုကြည့်ပြီး မေးလိုက်သည်။
“နင်က ဘာလို့ ငါ့ရဲ့သခင်လေးကို ရှာနေရတာလဲ။ တကယ်လို့ နင်သာ အလျင်မလိုဘူးဆိုရင် ငါက နင့်ကို သတင်းပို့ပေးဖို့ ကူညီလို့ရတယ်။ တကယ်လို့ အလျင်လိုနေတယ်ဆိုရင်တော့ ရုံးတော်ကိုပဲ လိုက်သွားလိုက်။ နင်က အဲဒီမှာ ကိုယ်တိုင်သွားတွေ့လို့ရတယ်။ ငါ့သခင်လေးက ကြီးကြပ်သူအသစ်နဲ့ ဆက်ဆံရေးကောင်းတာကို နင်လည်းသိမှာပေါ့…”
ချန်းပင်အန်းက နေရာတွင်သာ ရပ်နေကြောင်း သူမက တွေ့လိုက်ရသည့်အတွက် သူမက မျက်ခုံးပင့်၍ ပြောလိုက်၏။
“ဝင်လာလေ။ ဘာလို့ အဲဒီနေရာမှာ ရပ်နေရသေးတာလဲ။ ငါ့အိမ်က နဂါးသိုက် ဒါမှမဟုတ် ကျားရဲတွင်း ဖြစ်နေလို့လား။ ဒါမှမဟုတ် ငါက နင့်ကိုငွေစ တောင်းနေလို့လား…”
ထိုစကားကိုပြောလိုက်ပြီးနောက် မိန်းမပျိုက နှုတ်ခမ်းကိုလက်နှင့်အုပ်ပြီး တိုးတိုးလေးရယ်လိုက်သည်။
“နင့်အတွက်တော့ နောက်ဆုံးတစ်ခုက ပိုပြီးတော့ ကြောက်စရာကောင်းနိုင်တယ်…”
ချန်းပင်အန်းက အားတင်း၍ပြုံးလိုက်သည်။ သူက တိုးတိုးလေးပြောလိုက်၏။
“အမှန်အတိုင်း ပြောရရင်တော့ ငါ ဒီကိုလာတာ နင့်ကိုလာရှာတာ။ နဂိုတုန်းက အော်လိုက်တယ်ဆိုတာ စုန့်ကျိရှင်း နားလည်မှုလွဲသွားမှာဆိုးလို့ပါ…”
ကျစ်ကွေးက အပြုံးနှင့်မေးလိုက်သည်။
“ဒါဆိုလည်းပြောလေ။ ဘာကိစ္စလဲ။ မျက်နှာပျက်ရမဲ့စကားကိုပဲ အရင်ပြောထားမယ်။ အိမ်နီးချင်းက အိမ်နီးချင်း၊ မိတ်ဆွေက မိတ်ဆွေပဲ။ ငါက ရွှံ့ပုလင်းလမ်းကြားထဲမှာရှိတဲ့ အစေခံငယ်လေးတစ်ယောက်ပဲ။ ငါက ဘာမှမလုပ်နိုင်ဘူး။ အကူအညီလည်း များများမပေးနိုင်ဘူး။ ဒါပေမဲ့ နင်က ငွေနည်းနည်းချေးချင်တယ်ဆိုရင်တော့ ပြဿနာကို ရှင်းပေးလို့ရတယ်။ ငါ့မှာလည်း အကြံရှိတဲ့အတွက် နင် ကံကောင်းတယ်…”
ချန်းပင်အန်းက မချိပြုံးပြုံးလိုက်သည်။
“အဲဒါက တကယ်ပဲ ငွေကြောင့်ပါပဲ။ နင်ကတော့ ထူးဆန်းသလို ဖြစ်လိမ့်မယ်။ လျှိုရှန်းယန်က လူတစ်ယောက်ကြောင့် အမိုးတံတားမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတယ်။ ယန်မိသားစုရဲ့ဆိုင်ရှင်အိုကြီးက လာကြည့်ခဲ့ပေမဲ့ ဘာမှမလုပ်ပေးနိုင်ခဲ့ဘူး…”
ကျစ်ကွေးက ရှုပ်ထွေးသွားခဲ့သည်။
“ငါ ဘာလို့ ဒီသတင်းကို မကြားရတာလဲ။ လျှိုရှန်းယန်က ဘယ်သူ့ကို ရန်စမိခဲ့လို့လဲ…”
ချန်းပင်အန်းက မသက်မသာ ပြောလိုက်သည်။
“အဲဒီလူက ကျန့်ယန်တောင်လို့ခေါ်တဲ့နေရာက လူစိမ်းတစ်ယောက်ပဲ…”
ကျစ်ကွေးက အလေးအနက်မေးလိုက်၏။
“ဒါဆိုရင် နင်က လျှိုရှန်းယန်ကို မြှုပ်ပေးဖို့အတွက် နေရာကောင်းတစ်ခုရှာချင်တာလား။ ဒါက မခက်ပါဘူး။ ငါက ကြီးကြပ်ရေးမှူးကို ပြောပေးဖို့ သခင်လေးကို တောင်းဆိုလိုက်လို့ ရတယ်။ ပြီးရင် ရုံးတော်က အိမ်တော်ထိန်းနဲ့ တံခါးစောင့်တို့ဆီကိုသွားပြီး နေရာတစ်နေရာ ရှာပေးဖို့ အဘိုးကြီးဝေ့ကို ဖိတ်ခေါ်ခိုင်းလို့ရတယ်။ နန်းတွင်းရဲ့ တားမြစ်နေရာမှာရှိတဲ့ တောင်တန်းတစ်ခုသာ မဟုတ်ဘူးဆိုရင် သိပ်ပြီးခက်မှာ မဟုတ်လောက်ဘူး..”
ချန်းပင်အန်း၏မျက်နှာက မည်းမှောင်နေပြီး ပို၍ပင် နက်မှောင်လာခဲ့သည်။
သူမ၏အတွေးက မှားယွင်းနေခဲ့ကြောင်း ကျစ်ကွေးက နားလည်သွားခဲ့၏။ ထို့ကြောင့် သူမက သွားပေါ်အောင်ပြုံးလိုက်ပြီး နံရံပေါ်တွင် ရှိနေသော နှစ်သစ်ကူးစာသားကို မှီထားလိုက်သည်။ သူမက အပြုံးနှင့်မေးလိုက်၏။
“ချန်းပင်အန်း …
နင်က ငါ့အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ပြန်ပြီးတော့ ပေးဆပ်စေချင်နေတာလား။ ဒါပေမဲ့ ငါက အစေခံတစ်ယောက်ပဲလေ။ ယန်မိသားစုဆေးဆိုင်က ဆိုင်ရှင်အဘိုးကြီးတောင် ဘာမှမလုပ်နိုင်ရင် ငါက ဘာလုပ်နိုင်မှာလဲ….”
ချန်းပင်အန်းက ခဏကြာ ငြိမ်သက်နေပြီး ဖြည်းညင်းစွာ ပြောလိုက်၏။
“ဝမ်ကျူး …
နင်က သာမန်လူတစ်ယောက် မဟုတ်ဘူးဆိုတာ ငါ သိတယ်။ အဲဒီနေ့ ငါ့အိမ်ရှေ့တံခါးမှာ နင့်ကို မြင်လိုက်ရတဲ့အချိန် နင်က ငါတို့နဲ့ ကွဲပြားတယ်ဆိုတာ ငါသိတယ်။ နောက်ပိုင်းမှာ မြွေကျောက်တုံးတွေက သာမန်မဟုတ်ဘူးဆိုတာကို ပထမဆုံးသိတဲ့သူကလည်း နင်ပဲ။ အခုသေချာစဉ်းစားကြည့်လိုက်တော့ ငါတို့လို အိမ်နီးချင်းတွေကို နင် ကြည့်နေတဲ့ အကြည့်က လူစိမ်းတွေ ငါတို့ကို ကြည့်တဲ့အကြည့်နဲ့ ဘာမှမကွဲပြားဘူး…”
မိန်းမပျိုက ပြုံးလိုက်၏။
“ဟုတ်တယ်။ အဲဒါတော့ အမှန်ပဲ။ ငါက သာမန်လူတွေကိုပဲ အဲဒီလိုကြည့်တာ မဟုတ်ဘူး။ အင်မော်တယ်တွေကိုလည်း အဲဒီလို အထင်သေးတာပဲ…”
သို့သော် ကျစ်ကွေးကတော့ ထိုစကားကို ထုတ်မပြောခဲ့ပေ။ တချို့သော စည်းမျဉ်းစည်းကမ်းများက သူမအတွက် မှန်ကန်ပြီး သင့်တော်သော်လည်း တခြားသူများအတွက်တော့ မောက်မာပြီး စည်းကမ်းမရှိရာကျသည်။
ချန်းပင်အန်းက မေးလိုက်၏။
“ငါ နင့်ဆီကို လာခဲ့တယ်ဆိုတာ နင့်ဆီမှာ လျှိုရှန်းယန်ကို ကယ်တင်ဖို့ အခွင့်အရေးရှိမရှိ မေးချင်လို့ပါ။ ငါက သစ်ခါးပင်သစ်ရွက်တစ်ခုကို သုံးခဲ့တယ်။ အဲဒီအချိန်မှာ လျှိုရှန်းယန်ရဲ့အသက်ကို ထိန်းထားနိုင်ရုံလောက်ပဲ ရှိတယ်။ အဲဒါက အသုံးမဝင်ဘူး ထင်ရပေမဲ့ နည်းနည်းတော့ အသုံးဝင်တယ်။ ဒါကြောင့် နင့်ဆီမှာ နောက်ထပ်သစ်ခါးပင်သစ်ရွက်များ ရှိမလား တောင်းဆိုချင်တာ…”
မိန်းမပျိုက သူမကိုယ်သူမ လက်ညိုးထိုးပြပြီး မေးလိုက်သည်။
“ငါ့သခင်လေး စုန့်ကျိရှင်းဆီမှာ သစ်ခါးပင်သစ်ရွက်ရှိတယ်လို့ မေးချင်တာလား။ ဒါမှမဟုတ် ငါ့လို မိဘမရှိတဲ့ အစေခံမလေးဆီမှာ မေးချင်တာလား…”
ချန်းပင်အန်းက ထိုမိန်းမပျိုကို စိုက်ကြည့်ပြီး ပြောလိုက်သည်။
“တကယ်လို့ စုန့်ကျိရှင်းဆီမှာ ရှိနေရင်တောင် သူက ငါ့ကိုပေးမှာ မဟုတ်ဘူး။ ငါနင့်ကိုတောင်းဆိုနေတာ ဝမ်ကျူး။ တကယ်လို့ နင်မှာ ရှိတယ်ဆိုရင် ငါ့ကိုနည်းနည်းလောက် ပေးလို့ရမလား။ တကယ်လို့ နင်မပေးချင်ဘူးဆိုလည်း လျှိုရှန်းယန်ကို ကယ်တင်ဖို့ တခြားနည်းလမ်းများ သိသေးလား…”
ဝမ်ကျူးဟုခေါ်သော မိန်းမပျိုက သူမ၏မေးစေ့ကို လက်တစ်ဖက်နှင့် ပွတ်လိုက်ပြီး ဗိုက်ကိုတော့ တခြားလက်တစ်ဖက်နှင့် ပွတ်လိုက်သည်။ သူမက ခေါင်းခါပြီး ပြောလိုက်၏။
“မရှိဘူး။ ငါ့မှာ တကယ်မရှိဘူး။ ငါ နင့်ကို လိမ်နေတာ မဟုတ်ဘူး။ တကယ်လို့ နင်သာ စောစောလာခဲ့မယ်ဆိုရင်တော့ သစ်ခါးပင်သစ်ရွက် နည်းနည်းလေး ကျန်နေနိုင်သေးတယ်။ တခြားနည်းလမ်းတွေကတော့ ငါ့ဆီမှာလည်း မရှိဘူး။ ငါက အင်မော်တယ်တစ်ယောက်မှ မဟုတ်တာ။ အသက်ပြန်ရှင်အောင် လုပ်နိုင်တဲ့ နည်းလမ်းကို ဘယ်လိုလုပ် သိနိုင်မှာလဲ။ ချန်းပင်အန်း … ငါ့ကို တွန်းအားမပေးပါနဲ့။ အနည်းဆုံးတော့ ငါက နင်နဲ့ပတ်သက်ပြီး မှားခဲ့တယ်။ နင်က သူတို့တွေနဲ့ ကွဲပြားတယ်လို့ ငါက ထင်နေတာ။ နင့်ရဲ့ကျေးဇူးတရားကို ပြန်ပြီးပေးဆပ်ဖို့ တခြားသူတွေလို တွန်းအားမပေးဘူးလို့ ထင်နေခဲ့တာ…”
ချန်းပင်အန်းကတော့ လက်မလျော့နိုင်သေးပေ။
“နင့်မှာ တကယ်ပဲ မရှိဘူးလား။ ဒါမှမဟုတ် ကယ်တင်နိုင်တဲ့ နည်းလမ်းတစ်ခုခု ပြောပြပေးလို့ ရမလား…”
ကျစ်ကွေးက ခေါင်းခါပြီး ပြတ်သားစွာ ပြောလိုက်သည်။
“ငါ့မှာ တကယ်မရှိဘူး…”
ချန်းပင်အန်းက ပြုံးလိုက်၏။
“ငါသိပါပြီ…”
လူငယ်လေးက ပြန်လှည့်ပြီး ထွက်သွားခဲ့သည်။ ပိန်ပိန်ပါးပါး သူ၏ပုံရိပ်က ရွှံ့ပုလင်းလမ်းကြားထဲမှ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့၏။
အိမ်ရှေ့တွင် ရှိနေသော မိန်းမပျိုက တဖြည်ဖြည်း ပျောက်ကွယ်သွားသော လူငယ်လေး၏ နောက်ကျောဘက်ကို ကြည့်နေခဲ့၏။ သူမ၏အမူအယာက ရှုပ်ထွေးနေပြီး ကံဆိုးမှုနှင့် ဒေါသများကြောင့် ဝမ်းနည်းနေသယောင် ထင်ရသည်။ သူမက ဒေါသတကြီး ပြောလိုက်၏။
“နင်က ဒီလောက်ရဖို့ခက်တဲ့ သစ်ခါးပင်သစ်ရွက်တွေကို ဖြုန်းတီးပစ်တာလား။ ဒါဆိုရင်တော့ နင်လည်း လျှိုရှန်းယန်နဲ့အတူ သွားသေလိုက်တော့။ ဘယ်လိုပဲဖြစ်ဖြစ် စောစောသေတော့ စောစော လူဝင်စားရတာပေါ့။ ကံကောင်းမယ်ဆိုရင်တော့ နင်က နောက်ဘဝမှာလည်း ဒီလိုဒုက္ခခံရတဲ့လူတစ်ယောက် ဆက်ပြီးဖြစ်နေဦးမယ်။ နောက်ဘဝတောင်မရှိတဲ့ သနားစရာသတ္တဝါလေးတွေထက်တော့ ပိုပြီးတော့ ကောင်းပါသေးတယ်..”
မိန်းမပျိုက ခြံဝန်းထဲသို့ ပြန်လျှောက်သွားခဲ့သည်။ သူမက တံခါးကို ဖြတ်လာခဲ့သည့် အချိန်တွင် ဗိုက်ကို လက်နှင့်ပွတ်ပြီး တိတ်တဆိတ်ပြုံးလိုက်မိသည်။
“ငါက နည်းနည်းတော့ ဗိုက်ဝသွားပြီ…”
သူမက မြေပြင်ပေါ်သို့ အားနှင့် ခြေဆောင့်လိုက်သည်။ ထို့နောက် ဖြည်းညင်းစွာ ထိုင်လိုက်ပြီး ခေါင်းပေါ်တွင် ချိုပေါက်နေသော ခြေ(၄)ချောင်းမြွေလေးကို စိုက်ကြည့်လိုက်၏။
“ချေးထားတဲ့အရာကို ပြန်ပေးဖို့က မခက်ပါဘူး။ တကယ်လို့ နောက်ပိုင်းမှာ မင်းတို့ မှော်သားရဲလေး(၅)ကောင် ကတိဖျက်ရဲတယ်ဆိုရင်တော့ ငါက နင့်ရဲ့အရေပြားကို အရှင်လတ်လတ်ခွာပစ်မယ်…”
အစေခံမလေး၏ ခြေထောက်အောက်တွင် ရှိနေသော ခြေ(၄)ချောင်းမြွေလေးက အစွမ်းကုန် ရုန်းကန်ပြီး အသံအနည်းငယ် ထွက်နေခဲ့သည်။ သူက တောင်းပန်နေသလို ထင်မှတ်ရ၏။
ရွှံ့ပုလင်းလမ်းကြားထဲမှ ထွက်လာပြီးနောက် ချန်းပင်အန်းက ကျောင်းတော်ဆီကို ပြေးသွားခဲ့သည်။ သို့သော် ဆရာချီက ယမန်နေ့တွင် လူစိမ်းဧည့်သည်(၃)ယောက်နှင့်အတူ တောင်တန်းများပေါ်သို့ ထွက်သွားကြောင်း သန့်ရှင်းရေးအဘိုးအိုက ပြောလိုက်သည်။ သူက ထူးဆန်းသောနေရာများကို သွားရောက်ရှာဖွေမည်ဟု ပြောသွားပြီး အသွားအပြန် အနည်းဆုံး(၃)ရက်ခန့် ကြာမည်ဟု ပြောခဲ့သည်။
ချန်းပင်အန်းက စိတ်ပျက်သွားခဲ့၏။ သူက ထွက်လာတော့မည့်အချိန်တွင် တံမြက်စည်းကိုင်ထားသော အဘိုးအိုက တစ်စုံတစ်ခုကို အမှတ်ရသွားခဲ့၏။ သူက လူငယ်လေးကိုတားပြီး ပြောလိုက်သည်။
“ဒါနဲ့ ဆရာချီ ထွက်မသွားခင် ငါ့ကိုပြောခဲ့တယ်။ တကယ်လို့ ရွှံ့ပုလင်းလမ်းကြားထဲက ကောင်လေး သူ့ကို လာရှာတယ်ဆိုရင် မှာခိုင်းခဲ့တာ။ သူပြောတာကတော့ အကြောင်းပြချက်တစ်ခုပဲ။ သူ ကျောင်းထဲမှာ ရှိရှိ၊မရှိရှိ ရလဒ်က ပြောင်းလဲမှာ မဟုတ်ဘူးလို့ ပြောခဲ့တယ်…”
လူငယ်လေးကတော့ ရလဒ်ကို နားလည်သွားပုံရသည်။ သူ၏မျက်လုံးများက မှေးမှိန်သွားခဲ့၏။ ရပ်တန့်နေသည့်ရေများက အသက်မဲ့သလို ထင်ရသည်။ လူငယ်လေးကတော့ အဘိုးအိုကို ဦးညွှတ်ပြီး ကျေးဇူးတင်စကားပြောလိုက်သေး၏။
“ကျေးဇူးတင်ပါတယ် ဆရာ…”
အဘိုးအိုက လျင်မြန်စွာ နောက်ဆုတ်သွားခဲ့ပြီး ဘေးတွင် ရပ်လိုက်သည်။ သူက လက်ကာပြပြီး ပြုံးလိုက်၏။
“ငါက ဆရာလို့ အခေါ်မခံထိုက်သေးပါဘူး…”
အဘိုးအိုက ဖြည်းညင်းစွာ ထွက်ခွာသွားသော လူငယ်လေးကို ကြည့်နေမိသည်။ ခဏကြာ လမ်းလျှောက်နေပြီးနောက် သူက လက်မြှောက်ပြီး မျက်လုံးများကို ပွတ်လိုက်၏။
အဘိုးအိုက ညင်သာစွာ ခေါင်းခါလိုက်မိသည်။ သူ့အတွေးထဲတွင်တော့ သူက ထိုလူငယ်နှင့်သက်တူရွယ်တူဖြစ်ကြသော စုန့်ကျိရှင်းနှင့် ကျိုးယောင်တို့ကို တွေးလိုက်မိ၏။ ထို့နောက် သူက လူငယ်လေးကိုကြည့်လိုက်မိသည်။
သူတို့၏ ဘဝအတွေ့အကြုံများက တခြားလူငယ်များနှင့် ကမ္ဘာခြားနေခဲ့သည်။ အကယ်၍ လူတချို့ကသာ သူတို့၏ အောင်မြင်မှုအတွက် ဂုဏ်ယူနေကြမည်ဆိုလျှင် တခြားသူများကတော့ ပြဿနာ ရှာနေကြပါလိမ့်မည်။
ချန်းပင်အန်းက ရွှံ့ပုလင်းလမ်းကြားထဲသို့သွားခဲ့ပြီး ရွှံ့အိုးထဲတွင် သိမ်းထားခဲ့သော နောက်ဆုံးကြေးပြား(၁)အိတ်ကို ယူလိုက်သည်။ သူက ကြေးပြား(၃)အိတ်ကိုယူပြီး ဖုလုလမ်းကြားထဲတွင် ရှိနေသော ကြီးကြပ်ရေးမှူးရုံးတော်သို့ လျှောက်သွားခဲ့၏။
သူ၏မိတ်ဆက်မှုကို ကြားလိုက်ပြီးနောက် တံခါးစောင့်က အနည်းငယ် ရှုပ်ထွေးနေခဲ့သည်။ ရွှံ့ပုလင်းလမ်းကြားထဲမှ စုန့်ကျိရှင်း၏အိမ်နီးချင်းက စုန့်ကျိရှင်းနှင့် ကြီးကြပ်သူတို့ကို လာရောက်ရှာဖွေနေခြင်းပေလော။
ချန်းပင်အန်းက စကားတစ်ခွန်းမျှမပြောဘဲ ကြိုတင်ပြင်ဆင်ထားခဲ့သော ကြေးပြားလေး(၁)ပြားကို တိတ်တဆိတ် ပေးလိုက်သည်။ တံခါးစောင့်က ငုံ့ကြည့်လိုက်ပြီး လက်ထဲတွင် ချိန်ဆကြည့်နေခဲ့၏။ ထို့နောက် လက်သည်းနှင့် ခြစ်ကြည့်လိုက်သည်။
သူက ထိုအရာကို နားလည်သွားခဲ့သော်လည်း သူ၏ထင်မြင်ချက်ကို အလျင်စလို မပြောခဲ့ပေ။ လူငယ်လေးက နောက်ထပ်ရွှေပြား(၁)ပြားကို လျင်မြန်စွာ ပေးလိုက်ပြန်၏။
တံခါးစောင့်က ပြုံးလိုက်ပြီး ထိုအရာကို မယူခဲ့ပေ။ သူက ပြောလိုက်၏။
“မင်းက အခြေအနေကို နားလည်တဲ့ လူငယ်တစ်ယောက်ဆိုမှတော့ ငါက မင်းကိုထောက်ခံပေးရတာ အဆင်ပြေသွားပြီ။ မဟုတ်ရင် ငါလည်း မင်းကြောင့် ဒီအလုပ်ကို ဆုံးရှုံးလိုက်ရမယ်ဆိုရင် အရူးတစ်ယောက်လို ဖြစ်သွားလိမ့်မယ်။ အရင်ဆုံးတော့ ဒီကြေးပြားတွေကို မင်းလက်ထဲမှာပဲ ယူထားလိုက်ဦး။ တကယ်လို့ အိမ်တော်ထိန်းက မင်းကို ရုံးတော်ထဲဝင်ဖို့ သဘောတူတယ်ဆိုရင် မင်းက ငါ့ကိုပေးနိုင်တယ်။ မဟုတ်ဘူးဆိုရင်တော့ ငါလည်း ကူညီချင်ရင်တောင် မကူညီနိုင်ဘူး။ ငါက ငါနဲ့ကံမစပ်တဲ့ အဲဒီကြေးပြားကို ယူလိုက်ရုံပဲဖြစ်လိမ့်မယ်။ မင်းက ဘယ်လိုသဘောရလဲ…”
ချန်းပင်အန်းက ခေါင်းညိတ်ပြလိုက်၏။ သိပ်မကြာခင် အိမ်တော်ထိန်းအိုကြီးနှင့် တံခါးစောင့်တို့က အတူတူ ပြန်ရောက်လာကြသည်။ တံခါးစောင့်က လူငယ်လေးကို ကြည့်လိုက်ပြီး ယခုအချိန်တွင် ကြေပြား(၁)ပြားကို ထုတ်မပေးသင့်ကြောင်း အချက်ပြလိုက်သည်။ လူမြင်ကွင်းတွင် လာဘ်စားခြင်းက သေးငယ်သောပြစ်မှုတစ်ခု မဟုတ်ချေ။
ကံကောင်းစွာပင် လူငယ်လေးက အရူးတစ်ယောက်မဟုတ်ချေ။ သူက အိမ်တော်ထိန်း၏နောက်မှနေ၍ ရုံးတော်၏ အနောက်ဘက်ခန်းမထဲသို့ လိုက်သွားခဲ့သည်။
တံခါးစောင့်က သက်ပြင်းချလိုက်မိ၏။ သူက အနည်းငယ် ရှုပ်ထွေးနေခဲ့သည်။ ဘာကြောင့် ရွှံ့ပုလင်းလမ်းကြားထဲမှ လူငယ်လေးဟု ကြားသည့်အချိန်တွင် အိမ်တော်ထိန်းက ချက်ချင်းသဘောတူခဲ့ရသနည်း။ ရုံးတော်ထဲကို ဝင်ရောက်ရခြင်းက မည်သည့်အချိန်တွင် အလွန်လွယ်ကူသွားရသနည်။
တံခါးစောင့်က အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။ အမှန်အတိုင်းပြောရလျှင်တော့ အိမ်တော်ထိန်းကို တွေ့သည့်အချိန်တွင် ထိုလူငယ်လေးကို ရုံးတော်ထဲသို့ ဝင်ခွင့်မပြုရန် အိမ်တော်ထိန်းကို အကြံပေးနေခြင်းဖြစ်သည်။
သို့သော် သူက ထိုအရာကို တိုက်ရိုက်မပြောခဲ့ပေ။ အိမ်တော်ထိန်းက ရုံးတော်ထဲတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည့်အတွက် ထိုအရာကို သေချာပေါက်သိမည်ဟု ယုံကြည်နေခဲ့၏။ တံခါးစောင့်၏ မူလအစီအစဉ်ကတော့ ကြေးပြား(၁)ပြားကို အခမဲ့ယူဆောင်ရန်ဖြစ်သည်။ သူက မည်သည့်စွန့်စားမှုမျှ လုပ်ဆောင်ရန် မလိုဘဲ ရှင်းရှင်းလင်းလင်း ယူဆောင်၍ ရနိုင်၏။ ယခုတော့ လူငယ်လေးက ပြဿနာမရှာရန်သာ မျှော်လင့်နေခဲ့ရသည်။
ရုံးတော်၏အနောက်ဘက်ခန်းမထဲတွင် အဖြူရောင်ဝတ်စုံနှင့် လူတစ်ယောက်က အလယ်ထိုင်ခုံတွင် ထိုင်ပြီး ရေနွေးသောက်နေခဲ့၏။
စုန့်ကျိရှင်းကတော့ ဘယ်ဘက်တွင် ရှိနေသော ဧည့်သည်ထိုင်ခုံတွင် ထိုင်နေခဲ့သည်။ သူက လက်တစ်ဖက်တွင် ဝါးယပ်တောင်လေး တစ်ချောင်းကို ကိုင်ထားပြီး ဖွင့်လိုက်ပိတ်လိုက် လုပ်နေခဲ့၏။ သူက ခေါ်လာသော လူငယ်လေးကို ပြုံး၍ ကြည့်လိုက်သည်။
အနက်ရောင်ထိုင်ခုံနှင့် အဖြူရောင်ဝတ်စုံ၏ကြားထဲတွင် ထူးခြားမှုတစ်ခု ရှိနေခဲ့သည်။ အိမ်တော်ထိန်းက ထွက်သွားခဲ့၏။
ထိုင်ခုံတွင် ထိုင်နေသောသူ ရေနွေးခွက်ကို ချလိုက်ပြီး လူငယ်လေးကိုပြုံးပြလိုက်၏။
“ချန်းပင်အန်း …
ကြိုက်တဲ့နေရာထိုင်လို့ရတယ်။ ငါတို့က ရွှံ့ပုလင်းလမ်းကြားထဲမှာ တွေ့ဖူးတာပဲ။ အဲဒီအချိန်တုန်းကတော့ ငါ မင်းကို မမှတ်မိခဲ့ဘူး။ မဟုတ်ရင်တော့ ငါမင်းကို အစောကြီးကတည်းက နှုတ်ဆက်လိုက်ပါတယ်…”
စုန့်ကျိရှင်းက အနည်းငယ် ရယ်စရာကောင်းသလို ခံစားလိုက်ရသည်။ ထိုလူက သူ့ကိုယ်သူ ‘ငါ’ဟု သုံးနှုန်းလိုက်သည့်အတွင် အနည်းငယ် အိုးတိုးအမ်းတန်း ဖြစ်နေကြောင်း သူသိနေသည်။
လူငယ်က စုန့်ကျိရှင်း၏ မျက်နှာချင်းဆိုင်တွင်ရှိနေသော ထိုင်ခုံတွင် ထိုင်လိုက်သည်။ ထိုလူက အဓိကအချက်ကိုသာ တည့်တည့်မေးလိုက်၏။
“ချန်းပင်အန်း…
မင်းက လျှိုရှန်းယန်ရဲ့ဒဏ်ရာကြောင့် ဒီနေရာကို ရောက်လာတာလား…”
လူငယ်က မတ်တပ်ရပ်ပြီး ပြောလိုက်သည်။
“သခင်ကြီးစုန့်က ကျန့်ယန်တောင်က လူသတ်သမားကို မြို့ထဲကနေ ဖယ်ရှားရုံမဟုတ်ဘဲ ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့ မျှော်လင့်ပါတယ်…”
ထိုလူက ပြုံးလိုက်သည်။
“အမှန်အတိုင်းပြောရရင် ဒီမြို့လေးက ဥပဒေမရှိတဲ့ နေရာတစ်ခုပဲ။ ဒါကြောင့် ဒီနေရာမှာ နန်းတွင်းစည်းမျဉ်းတွေ မရှိဘူးလို့ သတ်မှတ်နိုင်တယ်။ ရုံးတော်ကလည်း ဒီနေရာမှာ ရှိတယ်ဆိုရုံလောက်ပဲ ရှိတာ။ ဒီနယ်မြေခံကိစ္စတွေကို နှောင့်ယှက်ဖို့အတွက် အရည်အချင်းမရှိဘူး။ ပြီးတော့ ဒီမြို့လေးက သူ့ရဲ့ကိုယ်ပိုင်စည်းမျဉ်းတွေကို လိုက်နာရပြီး လူတွေကသာ မတိုင်ရင် ရုံးတော်ကလည်း စစ်ဆေးခွင့်မရှိဘူး။ အိမ်ကြီးတစ်အိမ်ထဲမှာ အစေခံတစ်ယောက်ကို သတ်လိုက်တာတွေ၊ အိမ်ငယ်လေးတစ်ခုထဲမှာ အစေခံတစ်ယောက်ကို ရိုက်နှက်တဲ့အရာမျိုးက ရုံးတော်ကိုလာပြီး ဖြေရှင်းတဲ့ အလေ့အထမျိုးလည်း မရှိဘူးလေ။ ဒါကြောင့် ချန်းပင်အန်း မင်းက နေရာမှားပြီး ရောက်လာခဲ့ပြီ…”
ထိုလူ၏စကားလုံးနှင့် လုပ်ရပ်များက ကျေနပ်စရာကောင်းသည်။ သူ့ပုံစံက မောက်မာသည့် သဘောထား လုံးဝမရှိချေ။
ချန်းပင်အန်းက ကြေးပြားအိတ်(၃)အိတ်ကို ထုတ်လိုက်ပြီး ထိုင်ခုံဘေးတွင် ရှိနေသော လက်ရန်းပေါ်တွင် တင်လိုက်သည်။ ထို့နောက် သူက ထိုလူကို တည်ငြိမ်သော အမူအယာနှင့် ပြောလိုက်၏။
“သခင်ကြီးစုန့်…
သခင်ကြီးစုန့်က အရမ်းအစွမ်းထက်တယ်ဆိုတာ ကျွန်တော် သိတယ်။ သခင်ကြီးစုန့်က လျှိုရှန်းယန်ကို ကင်တင်ပေးနိုင်မလားဆိုတာပဲ ကျွန်တော် သိချင်တယ်။ တကယ်လို့ မကယ်နိုင်ဘူးဆိုရင်တောင် တရားမျှတမှု ယူပေးလို့ရမလား။ လူသတ်သမားကို မသတ်ရင်လည်း ကိစ္စမရှိဘူး။ သူ ဒီမြို့ထဲကနေ ထွက်သွားတာနဲ့ အရာအားလုံး အဆင်ပြေတယ်…”
ထိုလူက ရယ်လိုက်သည်။
“ငါက အရမ်းအစွမ်းထက်တာလား။ အနက်ဝတ်မိန်းကလေးက မင်းကို ပြောလိုက်တာလား။ ဟုတ်တယ်။ သူက သိုင်းပညာမှာ အရမ်းပါရမီရှိတယ်။ သူက မင်းရဲ့မိတ်ဆွေ လျှိုရှန်းယန်ထက်တောင် ပိုပြီးတော့ ထူးချွန်သေးတယ်။ အမှန်အတိုင်းပြောရရင် ငါက ဘယ်လိုလူသတ်ရမလဲဆိုတာပဲ သိတယ်။ လူကယ်တဲ့နေရာမှာတော့ မကျွမ်းကျင်ဘူး။ ပြီးတော့ ငါက တစ်ကြိမ်ပဲတွေ့ဖူးတဲ့ လူငယ်လေး တစ်ယောက်အတွက် ဒီနေရာမှာ နှစ်ထောင်ပေါင်းများစွာ ရှိလာခဲ့တဲ့ စည်းမျဉ်းကို ဘာကြောင့်ချိုးဖျက်ရမှာလဲ…”
ထိုအချိန်တွင် သူက ကြေးပြားအိတ်(၃)အိတ်ကို လက်ညိုးထိုးပြလိုက်သည်။
“ရတနာချပ်ဝတ်အင်္ကျီနဲ့ ဓားသိုင်းကျမ်းတို့မရှိရင် လျှိုရှန်းယန်ရဲ့အသက်က ဒီငွေကြေးတွေလောက်တောင် တန်ကြေးမရှိဘူး။ ငါ့ရဲ့အခွင့်အရေးကို ဝယ်ချင်တယ်ဆိုရင်တော့ ဒီငွေကြေးက လုံလောက်တာထက်တောင် ပိုနေသေးတယ်။ ငါက ဒီငွေကြေး(၃)အိတ်အတွက်နဲ့ ကျန့်ယန်တောင်ကို ဖျက်ဆီးပစ်လိုက်ရမှာလား။ အဲဒါက လုံးဝမဖြစ်နိုင်ဘူး။ တကယ်လို့ ဒီသတင်းသာ ပြန့်နှံ့သွားမယ်ဆိုရင် ငါ့ကို အရှေ့ပိုင်းကုန်းမြေကြီးတစ်ခုလုံးမှာ လူတိုင်းက ရယ်ကြလိမ့်မယ်။ ချန်းပင်အန်း … မင်းက ဒီကိစ္စကို အချိန်အတိုင်းအတာတစ်ခုထိတော့ နားလည်ဦးမှာ မဟုတ်ဘူး။ ဒါပေမဲ့ နောက်ပိုင်း အခွင့်အရေးရလာရင်တော့ မင်းက အမှန်တရားကို နားလည်ပါလိမ့်မယ်…”
ချန်းပင်အန်းက အံကြိတ်ပြီး ပြောလိုက်၏။
“သခင်ကြီးစုန့် …
ဒါဆိုရင် ကျွန်တော့်ကို ဘယ်လိုကူညီပေးနိုင်မလဲ ပြောလို့ရမလား။ တကယ်လို့ ကျွန်တော် သေရမယ်ဆိုရင်တောင် သခင်ကြီးစုန့်က ကျွန်တော့်ကို ပြောလို့ရပါတယ်…”
ထိုလူက သဲလွန်စများကို ထုတ်ဖော်ရန် ခံစားချက်မျိုး မရှိခဲ့ချေ။ သူ၏မျက်လုံးထဲတွင်တော့ အံ့ဩနေသော အမူအရာတစ်ခု ပေါ်လာခဲ့၏။ သူက အပြုံးနှင့် ပြောလိုက်သည်။
“ချန်းပင်အန်း …
ငါက မင်းကို အထင်သေးတာတော့ မဟုတ်ဘူး။ မင်းအတွက် ခက်ခဲအောင် လုပ်နေတာလည်း မဟုတ်ဘူး။ ပြောရရင်တော့ မင်းက တော်တော်လေးကို စိတ်ဝင်စားစရာကောင်းတဲ့ လူတစ်ယောက်လို့ ငါ ထင်တယ်။ ဒါကြောင့်လည်း ငါက မင်းကို အချိန်ကုန်ခံပြီး ရှင်းပြနေရတာပဲ။ မင်း နားလည်ပြီလား…”
ချန်းပင်အန်းက ခေါင်းညိတ်ပြလိုက်သည်။
စုန့်ကျိရှင်းကတော့ နေရာတွင် အေးအေးဆေးဆေး ထိုင်နေခဲ့သည်။ သူက ထိုင်ခုံပေါ်တွင် တမင်ခွေထိုင်ပြီး ခေါက်ယပ်တောင်နှင့် ဒူးနှစ်ဖက်ကို ညင်သာစွာ ပုတ်နေခဲ့၏။ သူက တစ်ဖက်တွင် လောင်ကျွမ်းနေသော မီးတောက်များကိုကြည့်နေပြီး သူနှင့်မဆိုင်သည့်အလား ဂရုမစိုက်ခဲ့ပေ။
စုန့်ချန်ကျင့်က စုန့်ကျိရှင်း၏ အမူအယာကို ဂရုမစိုက်ပေ။ မြို့ငယ်လေးထဲတွင်တော့ သူက အချက်အလက် အမြောက်အများကိုသိသည်။ နောက်ဆုံးတွင်တော့ သူက ပြောလိုက်၏။
“ချန်းပင်အန်း …
မင်းရဲ့မိတ်ဆွေက မင်းကြောင့် သေသွားတယ်ဆိုပြီးတော့ အပြစ်ရှိသလို ခံစားမနေနဲ့။ ဘာကြောင့်လဲဆိုတော့ လျှိုရှန်းယန်က မလွှဲသာမရှောင်သာ အခြေအနေမှာ ပိတ်မိနေခဲ့တာပဲ။ ဒီကောင်လေးကသာ ဓားသိုင်းကျမ်းကိုပေးဖို့ ငြင်းဆန်မယ်ဆိုရင် အဲဒါက သေစေနိုင်လောက်တဲ့ အရာတစ်ခုပဲ။ ဘာလို့လဲဆိုတော့ ကျန့်ယန်တောင်က သူ့ကို သေချာပေါက် သတ်မှာမို့လို့ပဲ။ ချီကျန့်ချွန်နဲ့ ဆရာရွမ် ဘယ်သူကမှ တားဆီးနိုင်မှာ မဟုတ်ဘူး။ ဘယ်သူကမှ အဲဒီလူဝံအိုကြီးကို မတိုက်ခိုက်ချင်လို့လည်း မဟုတ်ဘူး။ ပေးဆပ်ရမဲ့တန်ကြေးက အရမ်းကိုကြီးမားလွန်းတယ်။ အဲဒါက မထိုက်တန်ဘူး..”
ထိုလူက ရေနွေးကို တစ်ငုံသောက်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“ချန်းပင်အန်း …
မင်းလို ဘိုးဘေးတွေရဲ့ ကောင်းချီးပေးမှု မရတဲ့ လူတစ်ယောက်ကတောင် ဘာလို့ သစ်ခါးပင်သစ်ရွက်တစ်ခု ရတာလဲဆိုတာ မတွေးမိဘူးလား။ လျှိုရှန်းယန်ရဲ့စွမ်းရည်က အရမ်းထူးခြားတယ်။ ဒါပေမဲ့ သူက သစ်ခါးပင် သစ်ရွက်တစ်ရွက်မှ မရခဲ့ဘူး။ ဒီမေးခွန်းနဲ့ ပတ်သက်ပြီး မင်းက တွေးထားခဲ့ဖူးလား…”
ချန်းပင်အန်းက ပြောလိုက်သည်။
“နှောင့်ယှက်မိတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်ကြီးစုန့်…”
မြက်ဖိနပ်နှင့်လူငယ်လေးက ကြေးပြားအိတ်(၃)အိတ်ကို သိမ်းလိုက်ပြီး သူ့အရှေ့တွင် ရှိနေသော ကြီးကြပ်သူကို နှုတ်ဆက်စကားပြောလိုက်သည်။
စုန့်ချန်ကျင့်က သူ့ကို ဆက်နေရန် တောင်းဆိုခဲ့ခြင်း မရှိသော်လည်း သူ့ကို လိုက်ပို့ရန် မတ်တပ်ရပ်လိုက်၏။ စုန့်ကျိရှင်းက မတ်တပ်ရပ်လိုက်သည့်အချိန်တွင် သူ့ဦးလေးက ခေါင်းခါပြလိုက်ကြောင်း မြင်လိုက်ရသည်။ ထို့နောက် သူလည်း ထိုင်ခုံတွင် ပြန်ထိုင်ပြီး အေးအေးဆေးဆေး မှီနေခဲ့၏။
သူက တံခါးပေါက်သို့ ရောက်သည့်အချိန်တွင် စုန့်ချန်ကျင့်က လှမ်းပြောလိုက်သည်။
“ငါ လုပ်ပေးနိုင်တဲ့အရာ(၂)ခုတော့ ရှိတယ်။ တကယ်လို့ မင်းကသာ အဲဒီအရာ(၂)ခုထဲက တစ်ခုခုကို လုပ်နိုင်ခဲ့မယ်ဆိုရင် ငါက အဲဒီလူဝံအိုကြီးကို သင်ခန်းစာပေးဖို့ ကူညီပေးနိုင်တယ်…”
လူငယ်လေးက လျင်မြန်စွာ ရပ်လိုက်ပြီး သူ့ကို တည်ငြိမ်စွာ လှည့်ကြည့်လိုက်သည်။
စုန့်ချန်ကျင့်က ဆက်ပြောလိုက်၏။
“တစ်ခုကတော့ လူဝံအိုကြီးနဲ့အတူ ပါလာတဲ့ ကျန့်ယန်တောင်က ကလေးမလေးကို ပြန်ပေးဆွဲဖို့ အခွင့်အရေးတစ်ခု ရှာဖို့ပဲ။ မင်းက သူ့ရဲ့စိတ်ကို နှောင့်ယှက်ပြီး လူဝံအိုကြီးကို မြို့ထဲမှာပဲ ဆက်နေဖို့ တွန်းအားပေးရမယ်။ တခြားအရာကတော့ ရှေးဟောင်းသစ်ခါးပင်ကြီးကို ညအချိန် တိတ်တဆိတ် ခုတ်လှဲပြီး သံကြိုးရေတွင်းထဲက သံကြိုးကို ဆွဲထုတ်ရမယ်။ မင်းက အဲဒီ(၂)ခုလုံးကို လုပ်နိုင်သည်ဖြစ်စေ၊ ဒါမှမဟုတ် တစ်ခုတည်းကို လုပ်နိုင်ရင်လည်း ရတယ်။ တကယ်လို့ တစ်ခုတည်း လုပ်နိုင်တယ် ဆိုရင်တော့ ငါက လူသတ်သမားကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင်လုပ်ဖို့ ကူညီပေးနိုင်တယ်။ တကယ်လို့ မင်းက (၂)ခုလုံး လုပ်နိုင်တယ်ဆိုရင်တော့ ငါက ကျန့်ယန်တောင်က လူဝံအိုကြီးကို မင်းအတွက် သတ်ပေးမယ်…”
စုန့်ချန်ကျင့်က အပြုံးနှင့် ကတိပေးလိုက်သည်။
“ငါပြောပြီးသွားပြီဆိုရင် လုံးဝကတိမဖျက်ဘူး…”
ထို့နောက် တာ့လီတွင် အစွမ်းထက်ဆုံးပညာရှင်က ထူးဆန်းစွာ ပြောလိုက်၏။
“ချန်းပင်အန်း …
မင်းက ဒီစကားလုံးတွေရဲ့ အမှန်တရားကို သတိထားမိမယ်လို့ ယုံကြည်ပါတယ်…”
လူငယ်က တိတ်တဆိတ် ထွက်သွားခဲ့၏။ စုန့်ချန်ကျင့်ကတော့ လူငယ်၏အသက်ရှုသံ ပြင်းထန်လာခြင်း၊ အပိုစကားများ ပြောခြင်းကို မမြင်ရ မကြားရပေ။ အရာအားလုံးက သာမန်ဖြစ်နေသလိုသာ ခံစားရ၏။
စုန့်ကျိရှင်းကို နောက်ကျောပေးထားပြီး တံခါးဝတွင် ရပ်နေရင်း သူက မေးလိုက်၏။
“မင်းက သူနဲ့ရင်းနီးတာပဲ။ သူက လုပ်မယ်လို့ထင်လား…”
စုန့်ကျိရှင်းက ခေါင်းခါပြီး ပြောလိုက်သည်။
“ပြောဖို့တော့ ခက်တယ်။ ပုံမှန်အခြေအနေမျိုးမှာတော့ သူက သူ့ရဲ့ဆန္ဒကို ဆန့်ကျင်နေတဲ့ အရာမျိုးလုပ်ဖို့ အရမ်းခက်တယ်။ ဒါပေမဲ့ လျှိုရှန်းယန်အတွက် ဆိုရင်တော့ ပြောဖို့နည်းနည်းခက်တယ်…”
ထိုလူက လက်နောက်ပစ်ထားပြီး ကောင်းကင်ကြီးပေါ်ကို မော့ကြည့်၍ မေးလိုက်၏။
“တကယ်လို့ ဒီကောင်လေးကသာ အံ့ဩစရာကိစ္စတွေကို သယ်ဆောင်လာမယ်ဆိုရင် ငါက ဒီအခွင့်အရေးကို အသုံးချပြီး နှောင့်ယှက်ရမှာပေါ့။ ကျန့်ယန်တောင်နဲ့ ရင်းနှီးတာဖြစ်ဖြစ်၊ လေမိုးကြိုးဥယျာဉ်နဲ့ မဟာမိတ်ဖွဲ့တာပဲဖြစ်ဖြစ်။ ငါက တစ်ခုပဲ ရွေးချယ်လို့ရတယ်။ ငါက တခြားတစ်ဖက်နဲ့ သေချာပေါက် ရန်ငြိုးဖြစ်လာမှာပဲ။ ဒီတော့ ဘေးမှာရပ်ကြည့်နေတာနဲ့စာရင် ဘယ်ရလဒ်က တာ့လီအတွက် ပိုကောင်းမယ်လို့ မင်းထင်လဲ..”
စုန့်ကျိရှင်းက မတ်တပ်ရပ်လိုက်ပြီး ခေါက်ယပ်တောင်ကို လက်ဖဝါးတစ်ဖက်နှင့် ရိုက်လိုက်သည်။ သူက သေချာစဉ်းစားလိုက်ပြီးနောက် ဖြည်းညင်းစွာ ပြောလိုက်၏။
“ငြိမ်းချမ်းမှုကို လိုချင်တယ်ဆိုရင်တော့ ကျွန်တော်က ဒုတိယတစ်ခုကို ရွေးချယ်မယ်။ ဖရိုဖရဲအခြေအနေကို လိုချင်တယ်ဆိုရင်တော့ ပထမတစ်ခုကိုပဲ ရွေးချယ်မယ်..”
ထို့နောက် လူငယ်က အပြုံးနှင့် ပြောလိုက်သည်။
“မြို့ငယ်လေးရဲ့ အပြင်ဘက်မှာရှိတဲ့ ကမ္ဘာကြီးက ငြိမ်းချမ်းတာပဲဖြစ်ဖြစ်၊ ဖရိုဖရဲဖြစ်တာပဲဖြစ်ဖြစ် အနည်းဆုံးတော့ ဦးလေးက ကြိုက်ရာရွေးချယ်လို့ ရတာပဲလေ”
စုန့်ချန်ကျင့်က ခနဲ့သလို ပြောလိုက်၏။
“ငါတို့က ငြိမ်းချမ်းတဲ့အချိန်မျိုးမှာ ဘာလုပ်နိုင်မှာလဲ။ ငါတို့က စာသင်သား တစ်ယောက်ရဲ့အိမ်မှာ စောင့်ကြပ်နေတဲ့ ခွေးတစ်ကောင်လို နေရမှာလား..”
စုန့်ချန်ကျင့်က ပြန်လှည့်လာပြီး လူငယ်လေးကို ကြည့်လိုက်သည်။
“ဒီကောင်လေးကမှ မင်းရင်ထဲမှာရှိတဲ့ အစစ်အမှန် အဖုအထစ်တစ်ခုဆိုတာ ငါ နားလည်သွားပြီ။ ပြီးတော့ မင်းက အဲဒါကို အချိန်တိုလေးအတွင်း ဖြေရှင်းဖို့ အရမ်းခက်လိမ့်မယ်။ မင်းသာ ရင်ထဲမှာ ရှိနေတဲ့ ဒီအဖုအထစ်နဲ့အတူ မြို့ငယ်လေးထဲကနေ ထွက်သွားမယ်ဆိုရင် မင်းရဲ့အနာဂတ်ကျင့်ကြံမှုက ပျက်စီးသွားလိမ့်မယ်။ အခုတော့ သန့်စင်တဲ့ နှလုံးသားရှိနေတဲ့ ဒီကောင်လေးက ရက်စက်ကြမ်းကြုတ်လာတာကို မင်းမျက်လုံးနဲ့ ကိုယ်တိုင်မြင်တွေ့လာစေရမယ်။ အချိန်ကျလာရင် ဒီလိုလူမျိုးကို ဒေါသထွက်နေတာ အဓိပ္ပာယ်မရှိဘူးဆိုတာကို မင်းက ခံစားမိလာလိမ့်မယ်…”
စုန့်ကျိရှင်းက ပါးစပ်ဟပြီး ပြန်ပြောချင်နေသော်လည်း အဆုံးတွင်တော့ ငြင်းဆန်ခဲ့ခြင်း မရှိချေ။ သူက တစ်ယောက်တည်း လေးလေးနက်နက် စဉ်းစားနေခဲ့၏။
စုန့်ချန်ကျင့်က အိမ်ထဲသို့ ပြန်လျှောက်လာပြီး ထိုင်ခုံတွင် ပြန်ထိုင်လိုက်သည်။ သူက ရေနွေးသောက်ပြီး ပြောလိုက်၏။
“အရေးကြီးဆုံးအရာကတော့ ငါက ဒီလိုပျင်းစရာကောင်းတဲ့ကစားပွဲကို ကစားနေတယ်ဆိုတာ ဒီပြဿနာ ဖြစ်နေတဲ့နေရာကနေ အကျိုးအမြတ်ရချင်တဲ့အပြင် ကျင့်ကြံမှုလမ်းကြောင်းပေါ် လျှောက်လမ်းတဲ့အချိန် လူတိုင်းက ရန်သူဖြစ်နိုင်တယ်ဆိုတာ မင်းကို နားလည်စေချင်တာ။ ဥပမာအနေနဲ့ပြောရရင် မင်းရဲ့ဦးလေး ငါပဲ…”
လူငယ်လေးက ဇဝေဇဝါ ဖြစ်သွားခဲ့၏။
စုန့်ချန်ကျင့်က ခနဲ့သလို ပြောလိုက်သည်။
“မင်းရဲ့ရင်ထဲမှာရှိတဲ့ အဖုအထစ်ကို မင်း ကိုယ်တိုင် မဖယ်ရှားနိုင်ဘူးဆိုရင်တော့ နောက်ပိုင်းမှာ ပြဿနာတွေ ဆုံးမှာ မဟုတ်တော့ဘူး။ သစ်တောကြီးထဲမှာ မြက်ပင်တွေ ပေါက်နေသလိုပဲ။ လေတိုက်တိုင်း ကြီးလာလိမ့်မယ်…”
စုန့်ချန်ကျင့်က လှောင်ရယ်သလို ပြောလိုက်သည်။
“စုန့်ကျိရှင်း ….
မင်းက တာ့လီရဲ့မင်းသားလေးတစ်ယောက် ဖြစ်လာတော့မယ်။ မင်းဆီမှာ ဝမ်းနည်းပူဆွေးမှုတွေ၊ နာကျည်းမှုတွေ ပြည့်မနေဘူးလား။ ဒါပေမဲ့ အခု မင်းက ဘာလုပ်နိုင်မှာလဲ။ ဒါကြောင့် မင်းရဲ့လက်ထဲမှာ အမြဲတမ်းကစားခံနေရတဲ့ ချန်းပင်အန်းက ပိုပြီးသာတယ်လို့ တွေးနေတာလား…”
စုန့်ကျိရှင်းက ထိုလူကို တည်ငြိမ်သော အမူအယာနှင့် စိုက်ကြည့်နေခဲ့သည်။ ယပ်တောင်ကို ကိုင်ထားသော လူငယ်လေး၏ လက်(၅)ချောင်းကလည်း ပေါ်နေခဲ့၏။
ထိုလူက ထိုင်ခုံတွင် မတ်မတ်ထိုင်လိုက်ပြီး မျက်လုံးများက လေးနက်နေသည်။ သူက အိမ်အပြင်ဘက်ကိုကြည့်ပြီး တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်၏။
“နောက်ပိုင်းမှာတော့ မင်းက လူများများတွေ့လာလေလေ စိတ်ဝင်စားစရာ ကောင်းတဲ့အရာတွေကို ပိုပြီးတော့ တွေ့လာလေလေပဲ။ ကောင်းတာ မကောင်းတာကို ပြန်ပြီးပေးဆပ်ရသလို လက်တုံ့ပြန်ခြင်းကိုလည်း ပြန်ပြီးပေးဆပ်ရလိမ့်မယ်။ ဒေါသတွေကလည်း သွေးတွေ ထွက်လာစေနိုင်တယ်။ စာသင်သားတွေ၊ မိန်းမလှလေးတွေလည်း အများကြီးရှိလာလိမ့်မယ်။ အဆုံးသတ်မှာတော့ လက်ထပ်ခြင်းဆိုတာက အမှိုက်တွေထဲက ပျော်ရွှင်စရာ စိတ်ကူးတစ်ခုသက်သက်ပါပဲ။ ဒါကြောင့်လည်း မင်းက မင်းရဲ့လက်သီးကိုပဲ အားကိုးရမှာ။ ငါ့ကို အားကိုးမှာလား။ မင်းရဲ့မိဘတွေကိုအားကိုးမှာလား။ မင်းက တတ်နိုင်သမျှ အဲဒီအတွေးကို စွန့်လွှတ်လိုက်ဖို့ အကြံပေးချင်တယ်။ မဟုတ်ရင် မင်းကိုမြို့ငယ်လေးထဲကနေ ခေါ်သွားတာထက် မင်းရဲ့အလောင်းကို အုတ်ဂူဆီခေါ်သွားတာကမှ ပိုပြီးတော့ ကောင်းဦးမယ်။ တော်ဝင်မိသားစုက သူတို့ရဲ့သေရေးရှင်ရေးအတွက် ကိုယ်တိုင်ပဲတာဝန်ရှိတယ်..”
လူငယ်လေးဆီမှ ချွေးများ ထွက်လာပြီး ထိုင်ခုံပေါ်တွင် ကပ်နေခဲ့သည်။ လူငယ်က သူ၏အစစ်အမှန် အဆင့်အတန်းကို သိလိုက်ရပြီးနောက် လေးလေးနက်နက် တွေးလာခဲ့သော်လည်း ရုံးတော်ထဲတွင် ရှိနေသူများကို ဆက်ဆံရာတွင် ကွဲပြားမှုမရှိချေ။
သို့သော် စုန့်ချန်ကျင့်၏ ရင်ထဲတွင်တော့ သူက နတ်ဆိုးမှန်တစ်လက်ကို ကိုင်ထားသလို ထင်ရသည်။ ထိုအရာက လူသားပုံသဏ္ဍာန်မှ ပြောင်းလဲထားသော နတ်ဆိုးတစ်ကောင်ကဲ့သို့ ထင်ရ၏။ ထို့ကြောင့် သူက စကားပြောရယ်မောနေရင်း ပြာအဖြစ် ပြောင်းလဲသွားနိုင်သည်။
စုန့်ချန်ကျင့်က အဝေးကို လှမ်းကြည့်လိုက်၏။ သူ၏မြင်ကွင်းကလည်း အရှေ့ပိုင်းကုန်းမြေကြီး၏ တောင်ဘက်အပိုင်းမှနေ၍ နဂါးအိုမြို့ဆီသို့ ရောက်သွားသလို ထင်ရသည်။ ဘာကြောင့်မှန်း မသိသော်လည်း သူက စာသားတစ်ခုကို တွေးမိသွားခဲ့၏။
“လူသားတွေရဲ့ နှလုံးသားက မှန်တစ်ချပ်လိုပဲ။ ပိုပြီးတော့ ကြည်လင်လေလေ ပိုပြီးတော့ အစက်အပြောက် မရှိလေလေပဲ။ ပိုပြီးတော့ အစွန်းအထင်း မခံနိုင်လေလေပဲ…”
နန်းတွင်းထဲတွင် ရှိနေသော စာသင်သားများက စကားကြောရှည်ကြပြီး နတ်ဘုရားများ၊ တစ္ဆေများနှင့် ခြိမ်းခြောက်တတ်ကြပြီး တစ်ခါတရံ သူတို့ပြောနေသော စည်းမျဉ်းစည်းကမ်းများက ဓားကိုင်ထားသော သိုင်းပညာရှင်များကဲ့သို့ဖြစ်ကြသည်။ သူတို့က နှစ်ပေါင်း(၁၀၀၀)လောက် အသက်ရှင်နေခဲ့လျှင်ပင် နားလည်နိုင်ကြမည် မဟုတ်ချေ။
စုန့်ချန်ကျင့်က အတွေးများကို ဖယ်ရှားလိုက်ပြီး ဓားတစ်လက်ကို ကိုင်ထားသည့်အလား တောင်ဘက်ကို လက်ညှိုးထိုးလိုက်သည်။
“စုန့်ကျိရှင်း …
ဒီနေ့ ငါပြောတဲ့စကား မှားနေတယ်လို့ ထင်တယ်ဆိုရင် မင်းက အဲဒါကို စိတ်ထဲမှာပဲ ထားလိုက်။ နောက်ပိုင်း မင်းက နဂါးအိုမြို့ကို ရောက်တဲ့အချိန်ကျရင် ငါပြောတဲ့စကားကို နားထောင်ရမလား၊ မထောင်ရဘူးလား သေချာစဉ်းစားကြည့်..”
တာ့လီမင်းသား စုန့်ကျိရှင်းက ပုံမှန်အခြေအနေကိုပြန်ရောက်သွားခဲ့ပြီး အပြုံးနှင့် ပြောလိုက်သည်။
“ကျွန်တော် စောင့်နေပါ့မယ်…”
…………..
ရုံးတော်၏ဝင်ပေါက်တွင်တော့ မြက်ဖိနပ်နှင့် လူငယ်လေးက တံခါးစောင့်ကို ကတိပေးထားသည့်အတိုင်း ဒုတိယကြေးပြား ပေးလိုက်သည်။
ခြေ(၁၂)ချောင်းနှင့် အမိုးခုံးအဆောက်အဦးထဲတွင် ချန်းပင်အန်းက အနက်ဝတ်မိန်းမပျိုကို မြင်လိုက်ရသည့်အတွက် သူမဆီကို လျင်မြန်စွာ ပြေးသွားခဲ့သည်။
နင်ယောင်က တိုက်ခိုက်ခြင်းကျွဲဟူသော စကားအောက်တွင် ရပ်နေပြီး မေးလိုက်၏။
“ဘယ်လိုလဲ…”
ချန်းပင်အန်းက ခေါင်းခါပြီး ပြောလိုက်သည်။
“ကျွန်တော်က သူတို့(၃)ယောက်လုံးကို ရှာပြီးသွားပြီ။ (၂)ယောက်ကိုတော့ တွေ့ခဲ့တယ်။ ဆရာချီကိုတော့ မတွေ့ခဲ့ဘူး။ ဒါပေမဲ့ စလာကတည်းက အဖြေတစ်ခုကိုတော့ သိနေပါတယ်…”
လူကြီးလူကောင်းတစ်ယောက်က လူကယ်မည် မဟုတ်ချေ။ ဆရာချီက ထိုစကားကို ပြောခဲ့ဖူး၏။
နင်ယောင်က မျက်မှောင်ကြုတ်ပြီး စကားတစ်ခွန်းမျှ မပြောခဲ့ပေ။ ထို့နောက် ချန်းပင်အန်းက ထိုမိန်းကလေးကို ဂရုစိုက်ရန် ပြောလိုက်ပြီး အဝေးသို့ ပြေးထွက်သွားခဲ့၏။
ပထမဆုံး သူက ယန်မိသားစုဆေးဆိုင်သို့ သွားခဲ့ပြီး ကြေးပြား(၁)ပြားကိုသုံး၍ လိမ်းဆေးများနှင့် အဘိုးအိုဆီမှ သူသိထားသော အတွင်းဒဏ်ရာအတွက် ဆေးအမြောက်အမြားကို ဝယ်လိုက်သည်။ လူငယ်လေးက ထိုပစ္စည်းများကို မည်သို့ အသုံးပြုရမည်ဖြစ်ကြောင်းနှင့် မည်သို့ဖန်တီးရမည်ဖြစ်ကြောင်း အလွန်ရင်းနှီးနေခဲ့၏။
နဂါးမီးဖိုကြီးထဲတွင် ကြွေထည်များ ဖန်တီးခြင်းက တခြားသူများကို အမှီပြုပြီး အသက်မွေးရသည့်အရာတစ်ခုဖြစ်သည်။ ထို့ကြောင့် မကြာခဏ ပြဿနာများလည်း ဖြစ်တတ်၏။
အဘိုးယောင်က ချန်းပင်အန်းကို သဘောမကျသည့်အတွက် တပည့်တစ်ဝက်ဟုသာ သတ်မှတ်ထားသော်လည်း ထိုလူငယ်လေးက သွက်လက်ဖြတ်လတ်ပြီး ကောက်ကျစ်မှုမရှိကြောင်း ဝန်ခံထားသည်။ ထို့ကြောင့် သူက ချန်းပင်အန်းကို ပစ္စည်းဝယ်ရန် စေခိုင်းတတ်ပြီး မီးဖိုကြီး၏ ဝင်ပေါက်တွင် ဒဏ်ရာရနေသူအတွက် ဆေးပစ္စည်းများလည်း ဝယ်ခိုင်းတတ်သည်။
ချန်းပင်အန်းက ရွှံ့ပုလင်းလမ်းကြားထဲမှ အိမ်ကို ပြန်လာခဲ့၏။ တံခါးကို ပိတ်လိုက်ပြီးနောက် သူက ဆေးရည်ကျိုနေခဲ့သည်။ ထိုအရာက အတွင်းဒဏ်ရာများကို ကုသနိုင်သော ဆေးညွှန်းတစ်ခုဖြစ်၏။ အပူချိန် အဆင်ပြေသည်အထိ စောင့်နေပြီး သူက သန့်ရှင်းသောအင်္ကျီတစ်ထည်ကို ယူလိုက်ပြီး စားပွဲခုံပေါ်တွင် အစများ ဖြဲလိုက်သည်။
အလွန်ကပ်စေးနည်းသည်ဟု နာမည်ကျော်ကြားသော မြက်ဖိနပ်နှင့် လူငယ်လေးက ယခုအချိန်တွင်တော့ အနည်းငယ်လေးပင် ခေါင်းကိုက်နေသလို မခံစားရပေ။ သူက နင်ယောင်ဆီမှ ငှားထားသော အဝတ်နှင့် လက်မောင်းတွင် ချည်လိုက်သည်။ ထို့နောက် သူ၏လက်ကောက်ဝတ်နှင့် ခန္ဓာကိုယ်ပေါ်တွင် ပတ်၍ချည်လိုက်၏။
ချန်းပင်အန်းက နံရံပေါ်တွင် သူကိုယ်တိုင်လုပ်ထားသော သစ်သား လေးကိုလည်း လှမ်းယူလိုက်သည်။ သူက ခဏကြာတွေဝေနေပြီးနောက် ထိုအရာကို မယူတော့ပေ။ ထိုအစား လေးခွတစ်လက်နှင့် ပြတင်းပေါက်ပေါ်တွင် တင်ထားသော ကျောက်တုံးတစ်အိတ်ကို ယူလိုက်၏။
သူက မဖြစ်နိုင်သောအရာတစ်ခု ဖြစ်ကြောင်း သိသွားခဲ့သည့်အချိန်တွင် နောင်တရနေခဲ့ခြင်း မရှိတော့ချေ။ သူက နံရံတစ်ခုကို (၃)ကြိမ်တိတိ တိုက်ပစ်ရမည်ဆိုလျှင်ပင် ခေါင်းမာနေသေး၏။
လူငယ်လေးက သူကိုယ်တိုင် မကြိုးစားသ၍ ကျေနပ်လိမ့်မည်မဟုတ်ချေ။ ထို့ကြောင့်လည်း လူငယ်လေးက ပန်းပဲဆိုင်တွင် နောက်ဆုံးအကြိမ်အဖြစ် ဆိုင်ရှင်အိုကြီးကို တောင်းပန်ခဲ့ခြင်းလည်း ဖြစ်သည်။ ပထမဆုံး သူက ထူးဆန်းသော လူတစ်ယောက်ဖြစ်သည့် ကျစ်ကွေးကို ရှာဖွေပြီး လျှိုရှန်းယန်အတွက် အခွင့်အရေး ရှာဖွေချင်ခဲ့သည်။
ထို့နောက် တရားမျှတမှု ယူဆောင်ပေးနိုင်သော ဆရာချီကို ရှာဖွေခဲ့၏။ နောက်ဆုံးတွင်တော့ ထိပ်တန်းပညာရှင် တစ်ယောက်ဖြစ်နိုင်သော ကြီးကြပ်သူစုန့်ကို ရှာဖွေခဲ့သည်။ သူက အပေးအယူလုပ်ရန်အတွက် အရာအားလုံးကိုပင် စွန့်လွှတ်နိုင်ကြောင်း သိသာနေခဲ့၏။
စလာသည့်အချိန်ကတည်းက လူငယ်က ရှင်းရှင်းလင်းလင်း တွေးထားခဲ့သည်။ ထို့ကြောင့် သူက အလွန်စိတ်ပျက်သွားခဲ့သော်လည်း ရင်ထဲတွင် ကွဲကြေသွားခဲ့ခြင်း မရှိချေ။ အမှန်အတိုင်းပြောရလျှင် စုန့်ချန်ကျင့်နှင့် အိမ်နီးချင်းစုန့်ကျိရှင်းတို့က ချန်းပင်အန်းကို နားမလည်ခဲ့ကြပေ။ သူ့အတွက်ကတော့ သေသွားရမည်ဆိုလျှင်ပင် တချို့အရာများကတော့ လိုအပ်နေသေး၏။
သို့သော် သေခြင်းတရားနှင့် ပြီးဆုံးသွားနိုင်သောအရာတချို့ရှိပြီး သေခြင်းတရားနှင့် မပြီးနိုင်သော အရာတချို့လည်း ရှိသေးသည်။ လူငယ်လေးက ဆောင့်ကြောင့်ထိုင်လိုက်ပြီး ဆေးရည်ကို တိတ်တဆိတ် စောင့်နေခဲ့သည်။
ထိုဆေးရည်က အလွန်ထူးဆန်း၏။ ထိုအရာကို တခြားအရာများအတွက် အသုံးပြုရခြင်း မဟုတ်ဘဲ နာကျင်မှုသက်သာရန် အသုံးပြုရခြင်းဖြစ်သည်။ တစ်ချိန်တုန်းက နဂါးမီးဖိုကြီး၏ ဝင်ပေါက်တွင် ထူးဆန်းသော ရောဂါရှိသည့် လူတစ်ယောက်ရှိသည်။
သူက အိပ်ရာပေါ်တွင် နေ့ဝက်ခန့် လှဲနေခဲ့ရ၏။ သူက မသေမရှင်ဖြစ်နေသည့်အပြင် အလွန်နာကျင်နေရသည့်အတွက် မျက်နှာတစ်ခုလုံး ရှုံ့မဲ့နေခဲ့သည်။ နောက်ပိုင်းတွင်တော့ ယန်မိသားစုဆေးဆိုင်မှ သူ့ကို ထိုဆေးအညွှန်းပေးခဲ့၏။
အဆုံးတွင်တော့ ထိုလူက လျင်မြန်စွာ သေဆုံးသွားခဲ့သော်လည်း နာကျင်မှုကို မခံစားရတော့ပေ။ သူက ထိုင်ရန် ခွန်အားပင် ရှိလာခဲ့သေး၏။ နောက်ဆုံးစကားကို ပြောလိုက်ပြီးနောက် သူက အဘိုးယောင်၏ အကူအညီနှင့် မီးဖိုကြီး၏ဝင်ပေါက်ဆီကို လှည့်ကြည့်ခဲ့သည်။
ချန်းပင်အန်းကတော့ ထိုအရာကို လိုအပ်မည်ဟု ခံစားမိခဲ့၏။ လူငယ်လေးက စားပွဲပေါ်တွင် အဝတ်အပိုင်းအစတချို့ကို မြင်လိုက်ရသည်။ ထို့နောက် သူက ခြေထောက်တွင် စီးထားသော မြက်ဖိနပ်တစုံကို ချွတ်လိုက်ပြီး ထိုနေရာတွင် ဖိနပ်သစ်တစ်စုံကို ထုတ်လိုက်သည်။
တဖန် သူက အိုးကို နေရာရွေ့လိုက်ပြီး ပျက်စီးနေသော ကြွေထည်အပိုင်းအစများကို ထုတ်လိုက်၏။ (၁)နာရီကြာပြီးနောက် လူငယ်လေးက တံခါးကိုဖွင့်ပြီး ရွှံ့ပုလင်းလမ်းကြားထဲမှ တိတ်တဆိတ်ထွက်လာခဲ့သည်။
မှောင်စပျိုးနေပြီဖြစ်ပြီး နေရောင်က လင်းလက်နေခြင်း မရှိတော့ချေ။ ကောင်းကင်ပေါ်တွင်တော့ အနီရောင်တိမ်တိုက်များ ရှိနေပြီး အလွန်အမင်းကို လှပနေ၏။
မြက်ဖိနပ်နှင့် လူငယ်လေးက ဖုလုလမ်းကြားထဲကို လျှောက်သွားခဲ့သည်။ အပြာရောင်ကျောက်ပြားလမ်းမကြီးပေါ်တွင်တော့ လူသွားလူလာမရှိချေ။ လူငယ်လေး တစ်ယောက်တည်းသာ လမ်းလျှောက်နေခဲ့သည်။
Translated by Hein Htet.