အခန်း (၄၈)
Vol. 4 Ch. 48
ထိုရက်များအတောအတွင်း မြက်ဖိနပ်နှင့် လူငယ်လေးက ဖုလုလမ်းကြားနှင့် မက်မွန်ပွင့်လမ်းကြားထဲသို့ နေ့စဉ် စာများ ပို့ဆောင်ပေးခဲ့ရသည်။ တံခါးစောင့်များ အားလုံးနီးပါးကလည်း ထိုစာပို့သမားလေးကို သိနေကြသည့်အတွက် အိမ်ထဲမှ ထွက်မလာခဲ့ကြပေ။
ထို့ပြင် ထိုလူငယ်လေးက တည်တည်ငြိမ်ငြိမ် အမူအရာနှင့် အပြာရောင် ကျောက်တုံးလမ်းပေါ်တွင် လျှောက်လှမ်းနေခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူ့ကို တစ်စုံတစ်ယောက်က မြင်သွားမည်ဆိုလျှင်ပင် တခြားမည်သည့်အရာမျှ တွေးမိလိမ့်မည် မဟုတ်ချေ။
ချန်းပင်အန်းက အိမ်တစ်အိမ်၏ တံခါးအနားကို ကပ်လာခဲ့သည်။ အိမ်၏ရှေ့တွင်တော့ မကောင်းဆိုးဝါးဝိညာဉ်များကို ဖိနှိပ်ရန် အသုံးပြုထားသော ကျောက်ရုပ်ထုတစ်ခု ရှိသည်။ လူတစ်ယောက်၏ ခန္ဓာကိုယ်တစ်ဝက်ခန့် ရှိနေသော ထိုရုပ်ထုက စစ်သူကြီးကဲ့သို့ ထင်ရ၏။
ထိုအရာက လီမိသားစု စံအိမ်ဖြစ်ကြောင်း ချန်းပင်အန်းက သိနေခဲ့သည်။ အလွန်ကြွယ်ဝချမ်းသာသော ဖုလုလမ်းကြားပေါ်တွင် အိမ်တိုင်းက မကောင်းဆိုးဝါး ဝိညာဉ်များကို ကာကွယ်ရန် မတူညီသော နည်းလမ်းများကို အသုံးပြုထားခဲ့၏။
တံခါးပေါ်တွင် တံခါးနတ်ဘုရားများကို ရေးဆွဲထားရာတွင်ပင် လူထုရေးရာနှင့် စစ်ဘက်ရေးရာဟူ၍ ခွဲခြားထားသည်။ ထိုအရာများကိုလည်း ခွဲခြားရန် အလွန်လွယ်ကူလှ၏။
သူက ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ပြီး ရှေ့ကိုဆက်၍ လျှောက်သွားခဲ့၏။ ရှေ့တွင်တော့ စုန့်မိသားစု ရှိနေပြီး စုန့်မိသားစု၏ နောက်တွင်တော့ မီးဖိုကြီးကြပ်သူ၏နေအိမ် ရှိသည်။
လီမိသားစုနှင့် စုန့်မိသားစု၏ အိမ်ဂေဟာ ကြားထဲတွင် ရှိနေသော အပြင်ဘက် နံရံပေါ်တွင် သစ်ခါးပင်တစ်ပင် ပေါက်နေခဲ့၏။ ထိုသစ်ခါးပင်ကြီးက အိုမင်းပြီး ခြောက်သွေ့နေသည့်အပြင် သစ်ကိုင်းများက ကြီးမား၍ အစိမ်းရောင် သစ်ရွက်များ ပြည့်နေသည်။
ထိုသစ်ပင်က မြို့ငယ်လေးထဲတွင် ရှိနေသော သစ်ခါးပင်ကြီးကဲ့သို့ ရှေးကျမှု မရှိသော်လည်း ထူးခြားနေသေးသည်။ ဘိုးဘေးများ၏ အဆိုအရ ထိုသစ်ခါးပင်နှင့် မြို့ငယ်လေး၏ အလယ်တွင် ရှိနေသော ဧရာမသစ်ခါးပင်ကြီးက တူညီသော ဇစ်မြစ် ရှိသည်ဟု ပြောကြသည်။ ထိုသစ်ပင်ကြီးကိုတော့ ဘိုးဘေးသစ်ခါးပင်ဟု ခေါ်ကြပြီး လူငယ်လေး၏ရှေ့တွင် ရှိနေသော သစ်ခါးပင်ကိုတော့ မျိုးဆက်သစ်ခါးပင်ဟု ခေါ်ကြသည်။
ချန်းပင်အန်းက လုကျန့်ချွန် နေထိုင်သော လုမိသားစုဆီကို သွားရမည့်အစား လီမိသားစုဆီသို့ လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ရုံးတော်ထဲမှ ထွက်လာခဲ့သည့် အချိန်တွင် သူ့ကို လိုက်ပို့သော အိမ်တော်ထိန်း အကြီးအကဲက မိသားစုရေးရာ ကိစ္စများကို သူနှင့် ပြောခဲ့သည်။
ဤလမ်းပေါ်တွင် ရှိနေသော ကျိုးမိသားစုတွင် စာသင်သားတစ်ယောက် ရှိကြောင်း ပြောခဲ့၏။ ကျိုးယောင်က မြို့ငယ်လေးထဲမှ ထွက်သွားပြီဖြစ်ပြီး တချိန်ချိန်တွင် သူက အဆင့်မြင့်အရာရှိတစ်ယောက် ဖြစ်လာနိုင်သည်။
တစ်ဖက်ခြံတွင် ရှိနေသော စုန့်မိသားစုမှ သခင်မလေးက လက်ထပ်ရမည့် အသက်အရွယ်ကို ရောက်နေသော်လည်း အိမ်မှုကိစ္စများကို မလုပ်နိုင်ကြောင်း ပြောနေခဲ့သေးသည်။ သူမက ဓားရေး၊ လှံရေးများ ဆော့ကစားရန်သာ သဘောကျသည်။
သူမက ချမ်းသာသော သခင်မလေးတစ်ယောက်နှင့် လုံးဝ မတူခဲ့ပေ။ အဘိုးအိုက အသေးအဖွဲလေးများကိုသာ ပြောနေသေး၏။ လီမိသားစုစံအိမ်တွင်လည်း မကြာသေးမီက အလွန်ထူးခြားသော ဧည့်သည်တစ်ယောက် ရောက်လာခဲ့သည်။
ထိုကလေးမလေးက ကျောက်စိမ်းနှင့် ထွင်းထုထားသလို ထင်ရပြီး တော်ဝင်ကြွေထည် အပိုင်းအစတစ်ခုကဲ့သို့ ထင်ရသည်။ သူမက အသက်(၁၈)နှစ်အရွယ်တွင်သာ ပြောင်းလဲသွားခြင်း မရှိလျှင် အလွန်ဆွဲဆောင်မှုရှိသော မိန်းမလှလေးတစ်ယောက် သေချာပေါက် ဖြစ်လာနိုင်ပေသည်။ မည်သည့်မိသားစုက ကံကောင်းပြီး ထိုမိန်းကလေးကို သူတို့မိသားစု၏ချွေးမအဖြစ် လက်ထပ်နိုင်မလဲ မသိနိုင်ချေ။
ရုံးတော်၏ အနောက်ဘက်ခန်းမမှ အပြန်လမ်းတွင် လူငယ်လေးက ထိုစကားများကိုသာ နားထောင်နေပြီး ပြန်ပြောခဲ့ခြင်း မရှိချေ။ သို့သော် သူကတော့ ဖြည်းညင်းစွာ လျှောက်လှမ်းခဲ့သည်။ သူက ရုံးတော်၏ အဆောက်အဦး ပြင်ဆင်မှုကိုလည်း သေချာ ဂရုတစိုက် လေ့လာခဲ့၏။
အဆုံးတွင်တော့ သူက ချမ်းသာကြွယ်ဝသော မိသားစုများအကြောင်းကို စိတ်ဝင်တစား မေးခဲ့သည်။ အကြီးအကဲကလည်း သူသိထားသမျှကို မခြွင်းမချန် ပြောပြခဲ့၏။
တစ်ဖက်ခြံတွင် ရှိနေသော စုန့်မိသားစုနှင့် လီမိသားစုတို့ကို ဥပမာပေးပြီး လူငယ်လေးက မိသားစုများ၏ စည်းမျဉ်းစည်းကမ်းများကို သိလာခဲ့ရသည်။ အိမ်တော်ထိန်း၏ အစစ်အမှန် ရည်ရွယ်ချက်ကို လူငယ်လေးကလည်း သိခဲ့သည်။ သို့သော် စလာစဉ်က ဆုံးသည့်တိုင်အောင် ချန်းပင်အန်းက သူတို့၏ ဆန္ဒများအတိုင်း လုပ်ဆောင်ရန် စိတ်ကူးမရှိပေ။
လက်ရှိအချိန်တွင် သူက လမ်းမပေါ်တွင် ဖြည်းဖြည်းမှန်မှန်နှင့် လမ်းလျှောက်နေခဲ့သည်။ အနားတွင် မည်သူမျှ မရှိကြောင်း မြင်သည့်အခါ ချန်းပင်အန်းက ရုတ်တရက် အရှိန်မြန်လိုက်ပြီး သစ်ခါးပင်ကြီးဆီသို့ ပြေးသွားခဲ့၏။
သူက တစ်ချက်ခုန်လိုက်ပြီး သစ်ပင် ပင်စည်ပေါ်မှ အပေါ်ကို ခြေလှမ်း(၄)လှမ်း လှမ်းလိုက်ရာ ပြုတ်ကျမည့် လက္ခဏာမျိုး ပြလာသည်။ သို့သော် ထိုအချိန်တွင် လူငယ်လေးက လက်မြှောက်လာပြီး သစ်ခါးပင်၏ သစ်ကိုင်းကို လှမ်းခိုလိုက်၏။
တခဏအတွင်း လူငယ်လေးက မျောက်တစ်ကောင်ကဲ့သို့ လွှဲခိုပြီး သစ်ကိုင်းတစ်ခုပေါ်တွင် ထိုင်လိုက်မိသည်။ သူက တည်ငြိမ်စွာ မတ်တပ်ရပ်လိုက်ပြီး မျက်စိတမှိတ်အတွင်း အပေါ်ကိုဆက်၍ တက်သွားခဲ့၏။
ချန်းပင်အန်းက ခပ်တုတ်တုတ် သစ်ခါးပင်ကြီး၏ သစ်ကိုင်းတစ်ခုပေါ်တွင် ထိုင်နေပြီး ထိုအရာက ခြံဝန်းနံရံထက် အနည်းငယ်လေးသာ မြင့်သည်။ လူငယ်လေး၏ ခန္ဓာကိုယ်ကတော့ အစိမ်းရောင်သစ်ရွက်များ၏ နောက်ကွယ်တွင် ဖုံးကွယ်နေခဲ့၏။
သူက အသက်ရှုသံကို ထိန်းထားပြီး စိတ်ကို သေချာအာရုံစိုက်ထားခဲ့သည်။ သူ၏မျက်လုံးများကတော့ ပတ်ပတ်လည်ကို လှည့်ကြည့်နေခဲ့၏။ သူက အလျင်စလို ခိုးဝင်ရန် စိတ်ကူးမရှိချေ။
နင်ယောင်နှင့်အတူ အမိုးတံတားဆီမှ မြို့ငယ်လေးသို့ ပြန်လာခဲ့သည့် လမ်းတလျှောက်တွင် ချန်းပင်အန်းက မေးခွန်းများစွာ မေးခဲ့သည်။
ဥပမာအနေဖြင့် ပြောရလျှင် ကျန့်ယန်တောင်မှ လူဝံအိုကြီးက မြို့ငယ်လေး၏ ကန့်သတ်ချက်အောက်တွင် မည်မျှ မြန်မြန်ပြေးနိုင်လဲဟူသော မေးခွန်းမျိုး ဖြစ်သည်။ သူ၏ခန္ဓာကိုယ်က မည်မျှမာကျောပြီး သူ၏အရေပြားနှင့် အရိုးများက မည်မျှမာကျောလဲ ဟူသော မေးခွန်းများလည်း ပါဝင်သည်။
သူ၏ လက်သီးတစ်ချက်က လူဝံအိုကြီးအတွက် ခြစ်ရာတစ်ခုသာ ဖြစ်စေမည်ဆိုလျှင် လေးခွတစ်လက် သို့မဟုတ် ခြေလှမ်း(၂၀) ခြေလှမ်း(၄၀) အတွင်း ပစ်လွှတ်လိုက်သော သစ်သား လေးက မည်မျှ ထိခိုက်နိုင်လဲဟူသော မေးခွန်းများလည်း ပါနေသေးသည်။ ကျန့်ယန်တောင်၏ အင်မော်တယ်ဆီတွင် ပေါင်ခြံနှင့် လည်ပင်းကဲ့သို့ နေရာမျိုးက အားနည်းချက် ရှိမရှိလည်း သိချင်နေခဲ့၏။
“တကယ်လို့ ငါ့ပြိုင်ဘက်ကသာ ဒဏ်ရာရမှာကို မစိုးရိမ်ဘဲ ငါ့ကို အစွမ်းကုန်သတ်ဖို့ ကြိးစားလိုက်မယ်ဆိုရင် ငါက သေချာပေါက် သေရမှာလား…”
ထိုအချိန်တွင် နင်ယောင်ကတော့ လူငယ်လေး၏ မေးခွန်းများကို မကြားချင်ယောင်ဆောင်ပြီး ပါးစပ်ပိတ်နေ၍ မရသည့်အတွက် အတော်လေး စိတ်ညစ်နေခဲ့သည်။
အနက်ဝတ်မိန်းကလေး၏ စကားအရ ချီကျင့်ကြံသူတစ်ယောက်ဖြစ်စေ၊ သိုင်းပညာရှင် တစ်ယောက်ဖြစ်စေ ကျင့်စဉ်အဆင့်က ပို၍မြင့်မားလေလေ၊ ဤနေရာတွင် ဖိအားများကို ပို၍ခံစားရလေလေ ဖြစ်သည်။
မြင်းတပ်တစ်တပ်က တစ်ယောက်ချင်း သွားနိုင်ရုံသာရှိသော တောင်ကြားတစ်ခုကို ဖြတ်သန်းသွားရသည့်အချိန်တွင် သေခြင်းတရားကိုသာ ရင်ဆိုင်နိုင်ရသည့်အဖြစ်မျိုး ဖြစ်၏။ သူတို့က တခဏလေးကို ခံနိုင်ရည် ရှိနိုင်ကြသည်။ သူတို့က ပါးစပ်ဟလိုက်သည်နှင့် ရေစီးကြောင်းများ၊ ကျောက်တုံးကြီးများ၏ ထိခိုက်မှုကို ခံရနိုင်သည်။
ထိုဥပမာကို စဉ်းစားကြည့်၍ ရနိုင်၏။ အလွန်ပြင်းထန်သော ရေစီးကြောင်းများနှင့် ယှဉ်လိုက်မည်ဆိုလျှင် သူက ဆည်တွင် အပေါက်လေးတစ်ပေါက် ဖွင့်လိုက်ခြင်းက အလုပ်မဖြစ်နိုင်ခြင်းပေလော။ သို့သော် နင်ယောင်၏ နောက်ဆုံး သုံးသပ်ချက်ကတော့ ထိုလူငယ်လေးက ကျန့်ယန်တောင်မှ လူဝံအိုကြီးနှင့် ထိပ်တိုက်ရင်ဆိုင်ရမည်ဆိုလျှင် အနိုင်ရရန် အခွင့်အရေး လုံးဝမရှိချေ။
သစ်ခါးပင်၏ အရိပ်အောက်တွင် ရှိနေသော လူငယ်လေး၏ မျက်လုံးက အလွန်ပြတ်သားပြီး မျက်နှာအမူအရာက အေးစက်နေသည်။ သူက တစ်ယောက်တည်း တီးတိုးရေရွတ်နေခဲ့၏။
“အဲဒီလူဝံကြီးကို ခြေလှမ်း(၁၀)လှမ်းအတွင်း ရောက်မလာစေနဲ့။ ခြေလှမ်း(၁၀)လှမ်း။ အနည်းဆုံးတော့ ငါတို့(၂)ယောက်ရဲ့ကြားထဲမှာ အကွာအဝေးတချို့ ထားလို့ရမယ်..”
လူဝံအိုကြီးကသာ သူသေကိုယ်သေ တိုက်ခိုက်ခြင်း မရှိသရွေ့ အသက်ရှင်နိုင်ရန် အခွင့်အရေးတစ်ခု ရှိသေးသည်ဟု နင်ယောင်က ပြောခဲ့သည်။ သို့သော် လူဝံအိုကြီးက သူ့ကို သတ်ဖြတ်လာရန် တွန်းအားပေးမည်ဟု ချန်းပင်အန်းက ပြန်ဖြေခဲ့၏။ မဟုတ်လျှင် ထိုအရာက အဓိပ္ပာယ် မရှိနိုင်တော့ပေ။
သူက ကျန့်ယန်တောင်မှ လူဝံကြီးကို ဒေါသထွက်အောင် လုပ်ဆောင်ပြီး သူ၏ စွမ်းအားများကို အသုံးပြုရန် တွန်းအားပေးချင်ခဲ့သည်။ ထိုသို့ဆိုမှသာ သူ နှစ်ပေါင်း (၁)ထောင်ကျော် စုဆောင်းလာခဲ့သော ကျင့်ကြံမှုကို အမှန်တကယ် ဆုံးရှုံးသွားရမည် ဖြစ်၏။
လျှိုရှန်းယန်နှင့် သူတို့မိသားစုက အဖိုးမတန်ဟု လူဝံကြီးက တွေးမည်ဆိုလျှင်တော့ သူလည်း မတတ်နိုင်တော့ပေ။ သို့သော် မျက်စိရှေ့တွင် သူ၏ကျင့်စဉ်အဆင့်များ ပျောက်ကွယ်သွားသည်ကို မြင်သည့်အချိန်တွင် လူဝံကြီးက ခေါင်းကိုက်သွားသလို ခံစားရခြင်း ရှိမရှိ သူလည်း အမှန်တကယ် သိချင်နေခဲ့သည်။ ထိုအရာများအားလုံး မဖြစ်ခင် သူက လက်သီးတစ်ချက်တည်းနှင့် အသတ်မခံရရန် လိုအပ်၏။
လူငယ်လေးက စံအိမ်ထဲတွင် သွားလာလှုပ်ရှားနေကြသော လူများကို ငုံ့ကြည့်ပြီး တီးတိုးရေရွတ်လိုက်သည်။
“တကယ်လို့ ငါက မလုပ်နိုင်ဘူးဆိုရင်တောင် ပြန်ပြီး တုံ့ပြန်ရမှာပဲ..”
ချန်းပင်အန်းကတော့ လူဝံအိုကြီးကို သတ်ရန် စိတ်ကူးလုံးဝ မရှိခဲ့ချေ။
လီမိသားစု စံအိမ်ထဲတွင် -
ကျန့်ယန်တောင်မှ ကလေးမလေးက ထောင်မိသားစု ဘိုးဘေး၏ မြေးမလေး ဖြစ်သည်။ သူမကို လီမိသားစုတစ်ခုလုံးက နတ်ဘုရားသဖွယ် ရိုသေလေးစားနေကြရသည်။ ခြံဝန်းထဲတွင် လီမိသားစုမှ ပထမတန်းစား၊ ဒုတိယတန်းစားအစေခံများ နေရာချထားခြင်းကလွဲလျှင် သူမ၏အနား၌ သန့်ရှင်းသပ်ရပ်သော မိန်းကလေးများသာ ရှိသည်။
အများစုကတော့ သူတို့အချင်းချင်း သိနေကြပြီး နောက်ကြောင်းရှင်းသည်။ သူတို့က သူတို့၏ဘိုးဘေးများ ဖြစ်ကြသော လီမိသားစုအပေါ် အလွန် သစ္စာရှိကြ၏။ ခြံဝန်းက အလယ်ခေါင်တွင် ရှိနေပြီး ဖုလုလမ်းကြားနှင့် နီးကပ်နေခြင်း မရှိချေ။
ထိုကလေးမလေး၏ နာမည်က ထောင်ကျိဟုခေါ်ပြီး သူမကတော့ ကျန့်ယန်တောင်မှ ဓားအင်မော်တယ် ဘိုးဘေးများ၏ အသည်းကျော်လည်း ဖြစ်သည်။ ထိုအရာက အပြစ်ကင်းပြီး ချစ်စရာကောင်းသော သူမ၏ရုပ်ရည်ကြောင့် မဟုတ်ဘဲ အနာဂတ်တွင် သူမ ရောက်နိုင်သော ဓားတာအိုအဆင့်အတန်းကြောင့် ဖြစ်သည်။
ကျန့်ယန်တောင်က သူမကို အလွန်များပြားသော အရင်းအမြစ်များ ပေးရန် အရည်အချင်းလည်း ပြည့်မီသည်။ လွန်ခဲ့သော နှစ်ပေါင်း(၅၀၀)အတောအတွင်း ထောင်ကျိ၏ အရိုးတည်ဆောက်ပုံ၊ ပါရမီ၊ စိတ်နေစိတ်ထားနှင့် ကံတရားက ကျန့်ယန်တောင်၏ တောင်ထိပ်အသီးသီးတွင် ရှိနေသော ခေါင်းဆောင်များထဲတွင် အကောင်းဆုံးဟု သတ်မှတ်နိုင်သည်။
ရိုးရှင်းစွာ ပြောရမည်ဆိုလျှင် ထောင်ကျိဟူသော ကလေးမလေးက အားနည်းချက်မရှိဘဲ အလွန်ထူးခြားသော တည်ရှိမှုတစ်ခု ဖြစ်သည်။ ထိုအရာက နှစ်ပေါင်း(၁၀၀)တွင် တစ်ယောက်သာ ပေါ်ထွက်နိုင်သော ပါရမီရှင်တစ်ယောက် ဖြစ်ပြီး သာမန်လမ်းကြိုလမ်းကြားများတွင် တွေ့နိုင်ခြင်း မရှိချေ။ သူမ၏အနားတွင် တောင်ရွှေ့လူဝံကြီးသာ မရှိလျှင် ကလေးမလေးက မရင်းနှီးသော နေရာတွင် တစ်ယောက်တည်း ဖြစ်နေပါလိမ့်မည်။
ကလေးမလေးက လူစိမ်းများကို မကြောက်ပေ။ သူမက အနည်းငယ် ပျင်းရိနေရုံသာ ရှိသည်။ အဘိုးလူဝံကြီး၏ စကားအရ ဤနေရာမှ တောင်တစ်တောင်ကို ယူဆောင်ရန် နည်းလမ်း မရှိတော့ချေ။ ထို့ကြောင့် ကလေးမလေးက အလွန်စိတ်ပျက်နေမိခဲ့၏။
ကျန့်ယန်တောင်မှ အစ်မကြီးစုက အလယ်ဘုံ(၅)ဆင့်ကို တက်လှမ်းခဲ့သည့်အချိန်တွင် သူမကို ဘိုးဘေးက တောင်တစ်တောင် လက်ဆောင်ပေးခဲ့သည်။ ထိုအရာက အစ်မကြီးစု၏ သီးခြားပိုင်နက်တစ်ခု ဖြစ်လာခဲ့သည်။ အဘိုးလူဝံကြီးကိုယ်တိုင် ထိုတောင်ကို အဝေးမှနေ၍ ကျန့်ယန်တောင်ဆီကို သယ်ယူလာခဲ့ပြီး ကျန့်ယန်တောင်၏ မြောက်ဘက်တွင် ချထားပေးခဲ့သည်။ ထိုတောင်က ကြီးမားမှု မရှိသော်လည်း ကလေးမလေးကတော့ အလွန်အားကျနေခဲ့၏။
လေ့ကျင့်မှုက အနည်းငယ် ပြဿနာများကြောင်း ခံစားမိသည့်အတွက် သူမက ပင်မခန်းမဆီကို လမ်းလျှောက်သွားခဲ့သည်။ သူမက လက်နောက်ပစ်ထားပြီး အကြီးအကဲတစ်ယောက်ကဲ့သို့ ဆိုင်းဘုတ်ကို မော့ကြည့်လိုက်သည်။
ထိုကလေးမလေး၏ နောက်ဘက်တွင်တော့ နူးညံ့သိမ်မွေ့ပြီး တောက်ပသော အစေခံမလေး(၂)ယောက် လိုက်လာခဲ့သည်။ သူတို့ထဲမှ တစ်ယောက်ကိုတော့ ထူးခြားသော ပါရမီရှိနေသည့်အတွက် လီမိသားစုက ခေါ်ထားခဲ့ခြင်း ဖြစ်သည်။ သူမကို သိုင်းပညာရှင်တစ်ယောက်အဖြစ် အထူးမွေးထုတ်ထားခဲ့ပြီး အောင်မြင်မှုတချို့လည်း ရရှိခဲ့သည်။
အမှန်အတိုင်း ပြောရလျှင် လီမိသားစု၏ တိုက်ရိုက်မျိုးဆက်များအတွက် ထိုအပြုအမူက ပန်းပွင့်များ၊ ငှက်များ၊ ငါးများ မွေးမြူခြင်းနှင့် ကွဲပြားမှု မရှိချေ။ ထိုမိန်းကလေးက နောက်ပိုင်းတွင် သိုင်းပညာရှင်တစ်ယောက် ဖြစ်လာရန် မျှော်လင့်ထားခဲ့ခြင်း မရှိချေ။
မိသားစုကြီးတစ်ခုထဲတွင် အစေခံက သခင်ဖြစ်သူကို အနိုင်ကျင့်သည့်အဖြစ်မျိုး ကြားပင် မကြားဖူးကြချေ။ ထို့ပြင် အစေခံများက အရည်အချင်း ပြည့်မီပြီး အစွမ်းထက်လာသည်မှာ မိသားစုတစ်ခု၏ နောက်ထပ်မျိုးဆက်များအတွက် ကောင်းမွန်သောအရာတစ်ခု မဖြစ်နိုင်တော့ပေ။
ကလေးမလေးက တံခါးဆီသို့ လျှောက်သွားခဲ့ပြီး ခြံဝန်းထဲတွင် လှည့်ပတ်သွားလာနေခဲ့၏။ သူမက ခွင့်ပြုချက်မရှိဘဲ ခြံဝန်းထဲမှ ထွက်သွားခဲ့ခြင်း မရှိသည့်အတွက် အစေခံများကို အခက်တွေ့အောင် လုပ်နေသေးသည်။
လေမိုးကြိုးဥယျာဉ်မှ လူများက မြို့ထဲကို ရောက်နေကြောင်း အဘိုးလူဝံကြီးက သတိပေးထားခဲ့သည်။ သူက သူတို့ကို မဖြေရှင်းရသေးခင်အချိန်ထိ သူမက ခြံဝန်းထဲမှ ထွက်သွား၍ မရနိုင်ပေ။
ထိုကလေးမလေး ငယ်စဉ်ကတည်းက တောင်တန်းပေါ်၌ ကျင့်ကြံနေစဉ် အလွန်ဆိုးလှသည်။ အန္တရာယ်ဟူသည်မှာ နေရာတိုင်းတွင် ရှိနေ၏။ ထို့ပြင် သူမ မိသားစု၏ သင်ကြားပေးမှုကလည်း အလွန်ပြင်းထန်ပြီး သူမက အကြီးအကဲများကို စိုးရိမ်အောင် လုပ်ဆောင်တတ်သည့် ကလေးတစ်ယောက်လည်း မဟုတ်ပေ။
အဆုံးတွင်တော့ ပျင်းနေသော ကလေးမလေးက ကျောက်တုံးစားပွဲပေါ်တွင် မှီအိပ်လိုက်သည်။ စားပွဲပေါ်တွင်တော့ ငှက်လှောင်အိမ်တစ်ခု ရှိနေ၏။ ထိုငှက်လှောင်အိမ်ထဲတွင် ရှိနေသော ငှက်ကိုတော့ မြွေဖမ်းသိမ်းငှက်တစ်ကောင်ဟု ခေါ်ကြသည်။
သူ့ခေါင်းက အောက်သို့ ငုံ့နေပြီး နေမကောင်းဖြစ်နေပုံရ၏။ သူ၏ အမွှေးအတောင်များက မီးခိုးရောင် ခပ်ညစ်ညစ် ဖြစ်နေပြီး ကျန်းမာရေးကောင်းပုံ မရချေ။
ကလေးမလေးက မည်မျှပင် စနောက်နေစေကာမူ မြွေဖမ်းသိမ်းငှက်ကတော့ သူမကို လျစ်လျူရှုထားခဲ့၏။ ထို့ကြောင့် သူမက ပျင်းရိလာခဲ့သည်။ ယခုတော့ သူမက လုပ်စရာ ကိစ္စမရှိတော့ဘဲ လေချွန်၍ ထိုသိမ်းငှက်ကိုသာ စနောက်နေလိုက်သည်။
ငှက်လှောင်အိမ်ထဲတွင်တော့ နဂါးမီးဖိုကြီးထဲတွင် လီမိသားစု သေချာဖန်တီးထားခဲ့သော ငှက်အစာ (၂)ခွက် ရှိသည်။ ထိုငှက်အစာခွက်လေးများက သေးငယ်ပြီး ထူးခြား၏။ တစ်ခုကတော့ ရိုးရှင်းပြီး ရေထည့်ရန် အသုံးပြုနိုင်သည်။ အခြားတစ်ခုကတော့ အစာထည့်ရန် ရောင်စုံခွက်တစ်ခု ဖြစ်သည်။
သို့သော် မြွေဖမ်းသိမ်းငှက်ကို ဖမ်းဆီးလာပြီးနောက် သူကတော့ ရေတစ်စက်မျှ မသောက်သလို ဆန်စေ့တစ်စေ့မျှလည်း မစားခဲ့ပေ။ (၂)ရက် နီးပါးခန့် ရှိနေပြီ ဖြစ်၏။ မြို့ငယ်လေးထဲတွင် မြွေဖမ်းသိမ်းငှက်ကို ဖမ်းမိရန် ရှားပါး၏။ ရံဖန်ရံခါ ငှက်ပေါက်လေးတစ်ကောင် ဖြစ်စေ၊ အရွယ်ရောက်နေသော မြွေဖမ်းသိမ်းငှက် တစ်ကောင်ဖြစ်စေ ဖမ်းမိလျှင်လည်း အစာငတ်ခံ၍ သေဆုံးသွားကြသည်။
မည်မျှကြိုးစားစေကာမူ သူတို့ကို မွေးမြူ၍ မရနိုင်သလို အမဲလိုက် သိမ်းငှက်တစ်ကောင်ကို လူသားများ ထိန်းချုပ်၍လည်း မရနိုင်ပေ။ မြွေဖမ်းသိမ်းငှက်က တုံ့ပြန်မှု မရှိကြောင်း မြင်လိုက်ရသည့် အခါ ကလေးမလေးက စိတ်မရှည်နိုင်တော့ပေ။ သူက မတ်တပ်ရပ်ပြီး လှည့်ထွက်ရန် ပြင်လိုက်သည်။
“ဖုန်း.....”
ငှက်လှောင်အိမ်ထဲတွင် ရှိနေသော အစာခွက် တစ်ခွက်က ပြင်းပြင်းထန်ထန် လှုပ်ရှားသွားခဲ့၏။
ကလေးမလေးက လန့်သွားခဲ့သည်။ ထို့နောက် သူက အရပ်ရှည်ရှည် အစေခံမလေး တစ်ယောက်ကို ဆွဲခေါ်လိုက်ပြီး သူမ၏ရှေ့မှ ကာထားလိုက်၏။
အရပ်ရှည်ရှည် အစေခံမလေးကတော့ သူမ၏လက်ကောက်ဝတ်ကို သံကြိုးကြီးတစ်ခုနှင့် ချုပ်နှောင်ထားသလို ခံစားလိုက်ရသည်။ အလွန်နာကျင်နေသည့်အတွက် သူမက ကျယ်လောင်စွာ အော်မိမတတ် ဖြစ်သွားခဲ့၏။
သို့သော် အရပ်ပုပုနှင့် အစေခံမလေးကတော့ ထက်မြက်သော မျက်လုံးများ ရှိနေသည်။ သူမက ချက်ချင်းဆိုသလိုပင် ကလေးမလေး၏ ရှေ့တွင် ရပ်လိုက်ပြီး ပတ်ပတ်လည်ကို လျင်မြန်စွာ လှည့်ကြည့်လိုက်၏။ ထိုအချိန်တွင် လှောင်အိမ်ထဲ၌ ရှိနေသော ရေခွက်က ကျယ်လောင်စွာ ကွဲကြေသွားခဲ့ပြန်သည်။
“သန့်စင်ရနံ့ခြံဝန်းရဲ့အမိုးပေါ်မှာ လုပ်ကြံသူတစ်ယောက် ရှိတယ်…”
“ဖုန်း....”
သိုင်းပညာ လေ့ကျင့်ထားသော အစေခံမလေးက နောက်ဆုံးတွင်တော့ လူတစ်ယောက်ကို မြင်လိုက်ရသည်။
တစ်ဖက်ခြံဝန်း၏ အမိုးပေါ်တွင် ဆောင့်ကြောင့်ထိုင်နေသော လူတစ်ယောက် ရှိသည်။ အစေခံမလေးက စတင်ပြေးထွက်သွားခဲ့၏။ ခြံဝန်း၏နံရံက မြင့်မားမှု မရှိချေ။ သူမက နံရံ၏အစွန်ကို လက်(၂)ဖက်နှင့်ကိုင်၍ နံရံပေါ်သို့ ခုန်တက်လိုက်သည်။ ထို့နောက် ခွန်အားကို အသုံးပြုပြီး နံရံပေါ်သို့ လျင်မြန်စွာ တက်သွားခဲ့၏။
တခဏအတွင်း သူမက အနည်းငယ် စိုးရိမ်သွားခဲ့သည်။ ထိုခြံဝန်းက သန့်စင်ရနံ့ခြံဝန်းနှင့် မလှမ်းမကမ်းတွင် ရှိနေသော်လည်း လုပ်ကြံသူကတော့ သန့်စင်ရနံ့ခြံဝန်း၏ ပင်မအဆောက်အဦး အမိုးပေါ်တွင် ရှိနေခြင်း ဖြစ်သည်။
သန့်စင်ရနံ့ခြံဝန်းက ဖုလုလမ်းကြားနှင့် နီးကပ်နေသည်။ ထိုလူက နံရံပေါ်သို့ အလွယ်တကူ ခုန်သွားနိုင်၏။ ထို့ကြောင့် သူမက တခဏအတွင်း ဆုံးဖြတ်ချက်ချလိုက်၏။
သူမက နံရံပေါ်မှ ခုန်ဆင်းမလာတော့ဘဲ သန့်စင်ရနံ့ခြံဝန်းဆီကို ပြေးသွားခဲ့သည်။ သူက ကြောင်တစ်ကောင်ကဲ့သို့ နံရံဆီသို့ ပြေးသွားခဲ့ပြီး ခြံဝန်းအမိုးပေါ်သို့ ခုန်တက်လိုက်သည်။ ထိုအချိန်အတောအတွင်း အစေခံမလေးကတော့ လုပ်ကြံသူ၏ အလစ်ချောင်းတိုက်ခိုက်မှုကို သေချာ သတိထားနေခဲ့သည်။
ထူးဆန်းသည်မှာ လုပ်ကြံသူက သူမ၏ခြေလှမ်းကို နှောင့်ယှက်ခဲ့ခြင်း မရှိသလို ချက်ချင်း နောက်ဆုတ်သွားမည့် အရိပ်အယောင်မျိုးလည်း မရှိချေ။ ခြံဝန်း၏ တံစက်မြိတ်က (၁၀)မီတာခန့် ကွာဝေးသည်။
အစေခံမလေးက လုပ်ကြံသူ၏ လှုပ်စားမှုများကို စောင့်ကြည့်နေခဲ့ပြီး တံစက်မြိတ်မှ တိတ်တဆိတ် နောက်ဆုတ်လာခဲ့သည်။ နောက်ဆုံးတွင်တော့ သူမက လေကို တဝကြီးရှူလိုက်ပြီး ပြေးလွှားရန် ပြင်ဆင်လိုက်၏။ အစေခံမလေးက အလွန်ထိတ်လန့်အံ့သြသွားခဲ့ရသည်။
အဝေးမှ ရောက်လာသော လုပ်ကြံသူက ပိန်ပိန်ပါးပါး လူငယ်လေးပေလော။ လူငယ်လေး၏ ခါးတွင်တော့ အိတ်ငယ်လေး(၂)အိတ်ကို ချည်ထားသည်။ သူမက သူ့လက်ထဲတွင် လူသတ်လက်နက်ကိုလည်း မမြင်မိပေ။ ကြည့်ရသည်မှာ သူက ထိုအရာကို ဖုံးကွယ်ထားပုံရသည်။
ထိုအရာက လေးခွတစ်လက်ဖြစ်ကြောင်း အစေခံမလေးက ခံစားမိခဲ့၏။ သူမက သံသယဝင်နေသေးသည်။ ထိုအရာကသာ သူမ၏ခေါင်းကို ပစ်မိလိုက်မည်ဆိုလျှင် နေရာ၌ သေဆုံးသွားမည်ဟု မပြောနိုင်သော်လည်း ဆိုးဆိုးဝါးဝါး ဒဏ်ရာရသွားနိုင်သည်။
ထိုလူငယ်လေး၏ ကြောက်စရာကောင်းသော လေးခွစွမ်းရည်ကြောင့် သူက ငှက်လှောင်အိမ်ထဲတွင် ရှိနေသော အစာခွက်(၂)ခွက်ကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်နိုင်သည်။ သူက သူမ သို့မဟုတ် ကျန့်ယန်တောင်မှ ကလေးမကို အမှန်တကယ် မပစ်ချင်ခြင်းပေလော။
ခြံဝန်းထဲတွင် ရှိနေသော ကလေးမလေးကတော့ ဒေါသတကြီး အော်ပြောလိုက်၏။ “အရူးတွေ…
တောင်တန်းထဲကနေ ကျားကို မျှားခေါ်တဲ့ လှည့်ကွက်ကိုတောင် မသိကြဘူး။ မြန်မြန် ပြန်လာခဲ့ကြ…”
လုပ်ကြံသူကို ဖမ်းဆီးပြီး စစ်ဆေးရန် အလွန်အရေးပါသည်။ သို့သော် ထိုကလေးမလေး မတော်တဆ မဖြစ်စေရန်နှင့် သူ့အသက်ကို ကာကွယ်ရန်က ပို၍အရေးပါ၏။ ကလေးမလေးက အရပ်ရှည်ရှည် အစေခံမလေး၏ လက်မောင်းကို လွှတ်ပေးလိုက်ကာ ကြောက်လန့်နေသော မိန်းကလေးကို လက်မြှောက်ပြီး အားနှင့် ရိုက်ချလိုက်သည်။
“ပြီးတော့ နင်... မြန်မြန်သွားပြီး တခြားသူတွေကို သတိပေးလိုက်။ တကယ်လို့ ငါသေသွားမယ်ဆိုရင် ဒီအိမ်ထဲက လူတိုင်းလည်း သေရမယ်ဆိုတာ သိတယ် မဟုတ်လား…”
အမိုးပေါ်တွင် ရှိနေသော အစေခံမလေးကတော့ ခြံဝန်းထဲကို ချက်ချင်း ခုန်ချသွားခဲ့ခြင်း မရှိချေ။ ထိုအစား သူမက ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“လုပ်ကြံသူ ရှိတယ်…”
ထို့နောက် သူမက အရှိန်ပြင်းစွာ စတင်ပြေးလွှားနေလိုက်သည်။ သူမက အမိုးစွန်းမှ ခုန်ချလိုက်ပြီး သန့်စင်ရနံ့ခြံဝန်း အမိုးပေါ်သို့ ခုန်တက်လိုက်၏။
လုပ်ကြံသူကတော့ ထိုမိန်းကလေး၏ လှုပ်ရှားမှုကို ကြည့်ပြီး သူမ၏ခြေလှမ်းများကို အကြမ်းဖျင်း တွက်ချက်ကြည့်လိုက်သည်။ သူက ခေါင်းငုံ့၍ အမိုးအုတ်ကြွပ်(၂)ခုကို ကောက်ယူလိုက်သည်။ ထို့နောက် ညာဘက်လက်နှင့် အားထည့်ပြီး ထိုမိန်းကလေး၏ ဦးခေါင်းရှိရာကို ပစ်ထည့်လိုက်၏။
မိန်းကလေးကတော့ သူမ၏ခေါင်းရှေ့တွင် လက်ကို ကန့်လန့်ဖြတ်ခံလိုက်သည်။ အသံ(၂)ခုနှင့်အတူ အစေခံမလေးက နာကျင်မှုကို ခံစားလိုက်ရ၏။ ထိုစွမ်းအားက အစေခံမလေး ထင်ထားသည်ထက်ပင် အဆပေါင်းများစွာ ပို၍ပြင်းထန်နေခဲ့သည်။
ရှေ့သို့ ပြေးလိုက်လာနေသော သူမ၏အရှိန်က ချက်ချင်း လျော့ကျသွားခဲ့ပြီး သူမက အရဲကိုးမိသည့်အတွက် နောင်တရနေခဲ့သည်။ ထိုအချိန်တွင် အမိုးစွန်း၌ ရပ်နိုင်ရုံသာ ရှိနေသော အစေခံမလေးက ဗိုက်ကို လက်သီးနှင့် အထိုးခံရပြီး နောက်ပြန်ပြုတ်ကျသွားခဲ့၏။ သို့သော် လုပ်ကြံသူကတော့ သူမ၏ခြေကျင်းဝတ် တစ်ဖက်ကို ဆွဲထားလိုက်သည်။ ခဏကြာပြီးမှသာ လူငယ်က လွှတ်ပေးလိုက်၏။
အစေခံမလေးက လုံလုံခြုံခြုံ ကျမသွားခဲ့သော်လည်း အနည်းဆုံးတော့ ဆိုးဆိုးဝါးဝါး ဒဏ်ရာ မရခဲ့ပေ။ အစေခံမလေး၏ ခေါင်းထဲတွင်တော့ ရှုပ်ထွေးနေခဲ့သည်။
လူငယ်က ပတ်ပတ်လည်ကို လှည့်ကြည့်နေ၏။ သူ၏ ပတ်ပတ်လည်တွင် အနက်ရောင် အစက်အပျောက်များကို မြင်သည့်အချိန်တွင် သူက ပြန်လှည့်ပြီး ထွက်ပြေးသွားခဲ့သည်။ သူ့အရှိန်က အလွန်လျင်မြန်ပြီး ခြေလှမ်းများကလည်း ကျယ်သည်။ စည်းချက်ကလည်း ကိုက်နေခဲ့သည်။ အထူးသဖြင့် သူ၏အသက်ရှူသံက ပုံမှန် ဖြစ်နေသည်။
ထိုအရာကို မြင်သည့်အခါ ဤလူငယ်ကလည်း သူမကဲ့သို့ လူတစ်ယောက် ဟူ၍ပင် အစေခံမလေးက တွေးမိခဲ့သည်။ သူက သိုင်းပညာကို နှစ်ပေါင်းများစွာ လေ့ကျင့်နေခဲ့သူ တစ်ယောက်ဟု သတ်မှတ်မိခဲ့၏။ သူ့ကို ကြည့်ရသည်မှာ လူသစ်တစ်ယောက်နှင့် မတူညီပေ။
ခေါင်မိုးပေါ်တွင် ရှိနေသော လူငယ်လေးက လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့၏။ သူ့ပုံစံက လှောင်အိမ်ထဲမှ ပြေးထွက်သွားသော မြွေဖမ်းသိမ်းငှက်တစ်ကောင်လို ဖြစ်သည်။
နာရီဝက်ခန့် ကြာပြီးနောက် သန်သန်မာမာ အဘိုးအိုက လီမိသားစု စံအိမ်ဆီသို့ ပြန်လာခဲ့ပြီး သူ့ဆီတွင် သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်နေသည်။ လီမိသားစု၏ မျိုးနွယ်ခေါင်းဆောင်ဖြစ်သော လီဟုန်မှနေ၍ ခြံဝန်းထဲတွင် ရှိနေသော အစေခံမလေးများ တယောက်မျှ အသက်ပင် ကျယ်ကျယ် မရှူရဲကြပေ။
အထူးသဖြင့် သိုင်းပညာ လေ့ကျင့်ထားသော အစေခံမလေး ဖြစ်သည်။ သူမက မြေပေါ်တွင် ဒူးထောက်နေရပြီး ပါး(၂)ဖက်က ယောင်ကိုင်ပြီး နီရဲနေခဲ့၏။ အစေခံမလေးက စကားတစ်ခွန်းမျှ မပြောရဲပေ။ မကျေနပ်မှုကိုလည်း ပြသရဲခြင်း မရှိချေ။
အဘိုးအိုကို မြင်သည့်အချိန်တွင် တည်ငြိမ်နေသော ကလေးမလေးက သက်ပြင်းချလိုက်၏။ သူမက ခေါင်းခါပြီး ပြောလိုက်သည်။
“အဘိုးလူဝံကြီး…
လီမိသားစုမှာ ရှိတဲ့လူတွေက အမှိုက်တွေပဲ။ ဘယ်လိုဖြစ်ပြီး ကျွန်မကို ဒီလိုလူတွေလက်ထဲ အပ်ထားခဲ့ရတာလဲ…”
တောင်ရွှေ့လူဝံကြီးက ဒူးတစ်ဖက် ထောက်လိုက်သည်။ သူက ကလေးမလေးထက် အနည်းငယ်ပို၍ အရပ်မြင့်နေသေး၏။ ဆံပင်ဖြူနှင့် အဘိုးအိုက အပြစ်ရှိသလို အမူအရာနှင့် ပြောလိုက်သည်။
“သခင်မလေး…
ကျွန်တော် မှားသွားပါတယ်…”
အဘိုးအိုက ပြန်လှည့်ပြီး လေးလေးနက်နက် ပြောလိုက်သည်။
“လီဟုန်...”
မြို့ငယ်လေးထဲတွင် ရှိနေသော လီမိသားစု ခေါင်းဆောင်က အရှေ့ပိုင်းကုန်းမြေ၏ ဘာသာစကားကို အကြမ်းဖျင်း နားလည်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ကျန့်ယန်တောင်မှ ကျင့်ကြံသူများ၏ ဘာသာစကားများကလည်း အတူတူသာ ဖြစ်သည်။
မိသားစုထဲတွင် အရေးပါသော ထိုအဘိုးအိုက မချိပြုံးပြုံးပြီး တောင်းပန်လိုက်ရသည်။ “ဒါက ကျွန်တော်တို့ လီမိသားစုရဲ့အမှားပါပဲ။ ကျွန်တော်တို့က တာဝန်ကနေ ရှောင်လို့ မရပါဘူး။ ကျွန်တော်တို့ ရထားတဲ့ အချက်အလက်တွေအရ အဲဒါက ကောင်လေး တစ်ယောက်ပါပဲ။ သူ့ပုံစံက ကျင့်ကြံသူ တစ်ယောက်နဲ့ မတူဘူး။ ရုံးတော်ကလည်း သူနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို မပေးနိုင်သေးဘူး။ သူတို့က နေ့ရောညပါ စံအိမ်ကို ကာကွယ်ဖို့အတွက် လူလွှတ်လိုက်မယ်လို့ ပြောတယ်…”
ထောင်ကျိက ခဏကြာ စဉ်းစားပြီး ပြောလိုက်သည်။
“အဲဒီလူက ကျွန်မကို သတ်ဖို့ ရောက်လာတယ်လို့ မထင်ဘူး…”
ထို့နောက် သူမက ထပ်ပြောလိုက်၏။
“အနည်းဆုံးတော့ ဒီနေ့ မဟုတ်ဘူး….”
သက်ပြင်းချရန် ပြင်နေသော လီမိသားစု ခေါင်းဆောင်က ရင်ထဲတွင် ခြောက်ကပ်ကပ် ဖြစ်သွားသလို ခံစားလိုက်ရသည်။ လူဝံဖြူကြီးက မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။ “အဲဒီလူငယ်လေးက ပိန်ပိန်ပါးပါး အသားညိုညိုနဲ့ အရပ်က ဒီလောက်ရှိတာလား။ ပြီးတော့ မြက်ဖိနပ်စီးထားတာလား….”
မြေပေါ်တွင် ဒူးထောက်နေသော အစေခံမလေးက ခေါင်းညိတ်ပြလိုက်သည်။
လူဝံကြီးက ပြုံးလိုက်၏။ သူ့မျက်လုံးများကတော့ မည်းမှောင်နေခဲ့သည်။ “ကောင်းလိုက်တဲ့ကောင်လေး။ ဒါဆိုရင် သူက ငါတို့ကို ရန်စဖို့ ဒီကို ရောက်လာတာပေါ့…”
သူက လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်သည်။
“ဒီကိစ္စကို မင်းတို့ ဝင်မပါနဲ့တော့။ ငါက အဲဒီလုပ်ကြံသူရဲ့နောက်ခံကို သိပြီ။ သူက ရွှံ့ပုလင်းလမ်းကြားထဲက သာမန်လူငယ်လေးပဲ…”
ကလေးမလေးက တီးတိုးပြောလိုက်၏။
“အဘိုးလူဝံကြီး….
သတိမထားဘဲ မနေနဲ့ဦး…”
လူဝံအိုကြီးက ခဏတာ တွေဝေနေခဲ့ပြီး မတ်တပ်ရပ်လိုက်သည်။ သူက လီမိသားစု ခေါင်းဆောင်ကို အမိန့်ပေးလိုက်၏။
“ရုံးတော်က မှတ်တမ်းတွေယူပြီး လီမီသားစုဆီ ပို့ခိုင်းလိုက်။ အဲဒီကောင်လေးရဲ့ မျိုးရိုး (၁၈)ဆက်နဲ့ ပတ်သက်တဲ့ နောက်ကြောင်းတွေကို စစ်ဆေးကြည့်လိုက်။ ပြီးရင်တော့ ဒီခြံဝန်းကို စောင့်ရှောက်ဖို့အတွက် လူအင်အားကတော့ နည်းလေ ကောင်းလေပဲ။ လူများရင် အဆင်မပြေနိုင်ဘူး..”
အဘိုးအိုက အသံကျယ်ကျယ်နှင့် ပြောလိုက်သည်။
“မင်းက ဒီကိစ္စကို တည်ငြိမ်အောင် လုပ်ဖို့အတွက် မင်းမိသားစုရဲ့အင်အားစုတွေကို တောင်းဆိုဖို့ အကြံပေးချင်တယ်။ ဒီကိစ္စကို ပေါ့ပေါ့လေး မထင်နဲ့။ တကယ်လို့ ငါ့ရဲ့ သခင်မလေးသာ တစ်ခုခု ဖြစ်သွားမယ်ဆိုရင် မင်းရဲ့မျက်လုံးထဲမှာ မှော်သားရဲအိုကြီးဖြစ်တဲ့ ငါတောင် တာဝန်မယူနိုင်ဘူး။ မင်းတို့လို လီမိသားစု လက်ခွဲတစ်ခုကတော့ ပြောမနေနဲ့တော့…”
လီမိသားစုခေါင်းဆောင်က အလျင်အမြန် ဦးညွှတ်ပြီး တောင်းပန်လိုက်သည်။ သူက စိုးရိမ်တကြီး ပြောလိုက်၏။
“ဘိုးဘေး လူဝံကြီး…
ဘိုးဘေးလူဝံကြီးက ကျွန်တော်တို့ လီမိသားစုကို တောင်းဆိုနေတာ အရမ်းများနေပြီ..”
ကျန့်ယန်တောင်မှ တောင်ရွှေ့လူဝံကြီးက လေးလေးနက်နက်ဖြစ်သွားပြီး ပြောလိုက်၏။
“လေမိုးကြိုးဥယျာဉ်က ကောင်လေးက ဒီတိုက်ပွဲကို အခွင့်ကောင်းယူဖို့များလား။ ဒါမှမဟုတ် ရုံးတော်မှာရှိတဲ့ စုန့်ချန်ကျင့်ရဲ့ အစီအစဉ်များလား..”
အဆုံးတွင်တော့ အဘိုးအိုက ခေါင်းခါပြီး ထိုအတွေးက ရယ်စရာကောင်းကြောင်း တွေ့လိုက်ရသည်။
“သူ့ကို ဘယ်သူကပဲ မြှောက်ပေးမြှောက်ပေး သူက မြစ်ကို ဖြတ်ကူးနိုင်မှာ မဟုတ်တဲ့ ပုစွန်တစ်ကောင်လိုပဲ။ သူ့ပုံစံက အသားမရှိတော့ဘဲ ဓါးခုတ်ကောင် တစ်ကောင်လိုပဲ။ ငါတို့ရဲ့ ကွာဟချက်ကို ဖြည့်ဆည်းဖို့ ကြိုးစားနေတာလား။ ငါက သူ့ကိုသတ်ဖို့ အခွင့်အရေးမရှိမှာတောင် စိုးရိမ်ရတယ်။ ဒီတော့လည်း အကြောင်းပြချက် ကောင်းပါတယ်။ အရင်ဆုံး ရွှံ့ပုလင်းလမ်းကြားထဲက ကောင်ဆိုးလေးကို အရင်ဆုံးသတ်မယ်။ ပြီးရင်တော့ လေမိုးကြိုးဥယျာဉ်က ခွေးကောင်လေးတွေကို သတ်မယ်..”
အဘိုးအိုလေးက ကလေးမလေးကို အပြုံးနှင့် ပြောလိုက်သည်။
“သခင်မလေး….
ဒီတစ်ကြိမ် ပြဿနာတွေကို ကျွန်တော် ရှင်းပေးပါ့မယ်။ နောက်ထပ် ဘာမှ မဖြစ်စေရဘူး…”
ကလေးမလေးက ကျန့်ယန်တောင်မှ လူဝံကြီး၏ အားပေးစကားကြောင့် လက်သီးဆုတ်၍ မြှောက်ပြလိုက်သည်။ အဘိုးအို ထွက်မသွားခင် သူက လီမိသားစုကို လှည့်ကြည့်လိုက်၏။
လီဟုန်က မချိပြုံးပြုံးပြီး ပြောလိုက်သည်။
“ကျွန်တော်က ဘိုးဘေးကို ထွက်လာခိုင်းပြီး သခင်မလေးထောင်ကို အကာအကွယ် ပေးထားပါ့မယ်…”
အဘိုးအိုက ခေါင်းညိတ်ပြီး ထွက်ခွာသွားခဲ့သည်။ အဘိုးအိုက ငါးစာကို ကိုက်လိုက်ပြီး ငါးမျှားချိတ်အတိုင်း ရွှံ့ပုလဲလမ်းကြားထဲကို ဦးတည်သွားခဲ့သည်။
“ငါက ငါးစာကိုတော့ ဟပ်လိုက်ပြီ။ မင်းက ငါ့ကို လာသတ်လေ…”
အကယ်၍ မြို့အပြင်ဘက်တွင် ဆိုလျှင်တော့ ကျန့်ယန်တောင်မှ လူဝံကြီးက ထိုမျှမောက်မာရဲလိမ့်မည် မဟုတ်ချေ။ သို့သော် ဤကမ္ဘာကြီးထဲတွင်တော့ မှော်အစွမ်းများ၊ နတ်ဘုရားစွမ်းရည်များနှင့် လျို့ဝှက်ရတနာများ အားလုံးက ကန့်သတ်ထားသည်။ ထို့ကြောင့် သူ့ဆီတွင် အားသာမှုတစ်ခု ရှိနေသေး၏။ ထို့ကြောင့်လည်း ကျန့်ယန်တောင်မှ ဓားအင်မော်တယ် ဘိုးဘေးတစ်ယောက်ကို စေလွှတ်ရမည့်အစား သူ့ကို စေလွှတ်ခဲ့ခြင်း ဖြစ်သည်။
လူဝံအိုကြီးက လမ်းအတိုင်း လျှောက်သွားနေရင်း ရွှံ့ပုလင်းလမ်းကြားကို ရောက်လာမှသာ တစ်စုံတစ်ခုကို နားလည်သွားခဲ့သည်။
“ဒီလမ်းကြားထဲမှာရှိတဲ့ ကောင်လေးက သူ့မိတ်ဆွေအတွက် လက်တုံ့ပြန်ဖို့ ရောက်လာတာ များလား…”
ထိုမတိုင်ခင် လူဝံအိုကြီးကတော့ ထိုအကြံအစည်နှင့် ပတ်သက်ပြီး သေချာ လေးလေးနက်နက် စဉ်းစားနေခဲ့သည်။ ယခုတော့ သူက ရုတ်တရက် ထိုဖြစ်နိုင်ချေကို နားလည်သွားခဲ့ပြီး မှန်ကန်နိုင်ကြောင်းလည်း တွေ့သွားခဲ့သည်။
လူဝံအိုကြီးက အကြောင်းပြချက်ကို နားလည်သွားသည့် အတွက် လျင်မြန်စွာ ပြုံးလိုက်မိသည်။
“ဒီလိုဆိုရင်တော့ အဓိပ္ပာယ်ရှိတယ်။ ဟုတ်သားပဲ။ သူက ကျင့်ကြံသူ တစ်ယောက် မဟုတ်မှတော့ သေမှာကိုလည်း မကြောက်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အဖိုးမတန်တဲ့ ဘဝလေးတစ်ခုပါပဲ…”
သို့သော် သူက ဂရုစိုက်ရမည် ဖြစ်သည့်အတွက် လူဝံအိုကြီးက ရွှံ့ပုလင်းလမ်းကြားထဲကို ပေါ်ပေါ်ထင်ထင် ဝင်သွားခဲ့ခြင်း မရှိချေ။ မည်သို့ဖြစ်စေကာမူ ထိုခရီးစဉ်က အချည်းနှီး မဖြစ်ပေ။ လေမိုးကြိုးဥယျာဉ်မှ တန်ဖိုးထားသော ကောင်လေးက ရွှံ့ပုလင်းလမ်းကြားထဲမှ ကောင်လေးထက် အနည်းငယ်သာ ပို၍ အသက်ရှည်နိုင်မည် ဖြစ်သည်။
ကွေ့ပတ်သွားပြီးနောက် လူဝံကြီးက ကုစန့်၏ ခြံဝန်းထောင့်မှနေ၍ ရွှံ့ပုလင်းလမ်းကြားထဲကို ဝင်လာခဲ့သည်။ အမှန်အတိုင်း ပြောရလျှင်တော့ လူဝံကြီးက လုပ်ကြံသူ လူငယ်လေးအပေါ် သံသယဝင်နေမိသည်။ သူက အိမ်ထဲတွင် သေမှာကို စောင့်နေခြင်းပေလော။ အကယ်၍ သူသာ ဉာဏ်ကောင်းပြီး ကြောက်ရွံ့တတ်လျှင် လေမိုးကြိုးဥယျာဉ်မှ လူငယ်ပြီးမှသာ သေဆုံးသွားနိုင်၏။
လူဝံအိုကြီးက ပြုံးလိုက်မိသည်။ ထို့နောက် သူ့အပြုံးက ချက်ချင်း ပျောက်ကွယ်သွားခဲ့ရ၏။ မှောင်ရီပျိုးစအချိန်တွင် ရွှံ့ပုလင်းလမ်းကြားက အတော်လေးကို မှေးမှိန်ပြီး နက်မှောင်နေခဲ့သည်။
လူဝံအိုကြီးက ရုတ်တရက် ခေါင်းမော့ကြည့်လိုက်မိသည်။ ဘာ့ကြောင့်မှန်း မသိသော်လည်း ပိန်ပိန်ပါးပါး လူငယ်လေးက သူ့ရှေ့တွင် ရှိနေသော လမ်းကြား၏ အမြင့်ပေါ်တွင် ရပ်နေခဲ့၏။
သူ့ခြေထောက်ကတော့ အပေါက်တစ်ခုထဲသို့ နင်းထားပြီး သူက ထိုနေရာတွင် ခြေကုတ်ယူထားပုံ ပေါ်သည်။ လူငယ်လေး၏ နောက်ကျောတွင်တော့ မြားကျည်တောက်တစ်ခုကို သယ်ဆောင်ထားပြီး လက်ထဲတွင်တော့ အစွမ်းကုန်ဆွဲထားသော သစ်သားလေးတစ်ချောင်း ရှိသည်။ မြား၏ ထိပ်ဖျားက လူဝံအိုကြီး၏ မျက်လုံးတစ်ခုကို ချိန်ထား၏။
လူငယ်လေးက လုံးဝကို တိတ်ဆိတ်နေခဲ့သည်။ သူက မြားကို ပြည့်ပြည့်ဝဝဆွဲထားသည့်အပြင် အသက်ရှူသံကပင် ပျောက်ကွယ်နေခဲ့၏။ ရလာဒ်အနေဖြင့် ကျန့်ယန်တောင်မှ ဘိုးဘေးအစောင့်အရှောက်က သူ၏အာရုံခံ စွမ်းရည်ကိုသုံးပြီး အပေါ်ဘက်တွင် ရှိနေသော လူငယ်လေးက သတိထားမိခဲ့ခြင်း ဖြစ်သည်။
သူက လူဝံအိုကြီးကို လှုပ်ရှားရန် အခွင့်အရေး မပေးခဲ့ပေ။ မြားက လေလှိုင်းတစ်ခုသဖွယ် ရောက်လာခဲ့သည်။ ထိုမြားက အစွမ်းထက်ပြီး ပြင်းထန်၏။
မြားနှင့် ပစ်လိုက်ပြီးနောက် လူငယ်လေးက ဒုတိယ ရွေးချယ်မှု မလုပ်ခဲ့ပေ။ သူက လည်ပင်းကို ကျုံ့လိုက်ပြီး သစ်သားလေးကို ပုခုံးပေါ်တွင် ကန့်လန့်ဖြတ် လျင်မြန်စွာ ချိတ်လိုက်သည်။ ထို့နောက် ခြေဖျားနှင့် အားယူလိုက်ပြီး တစ်ဖက်တွင် ရှိနေသော နံရံပေါ်သို့ ခုန်တက်၍ တံစက်မြိတ်ပေါ်သို့ လှမ်းခုန်တက်လိုက်သည်။
လူဝံအိုကြီးက သူ၏နဖူးကို လက်ဝါးနှင့် ကာထားလိုက်သည်။ မြားက သူ၏ လက်ဖဝါးပေါ်တွင် စိုက်သွားခဲ့သည်။ ထိုအရာက နက်ရှိုင်းသော ဒဏ်ရာတစ်ခု မဟုတ်သော်လည်း ဒဏ်ရာကိုတော့ မြင်နေရသေး၏။ သို့သော် လူဝံကြီးက ကြောက်လန့်သွားခဲ့သည်။
အကယ်၍ ဤမြို့ငယ်လေးထဲတွင် တစ်စုံတစ်ယောက်ကသာ သူ့မျက်လုံးကို ပစ်လိုက်မည်ဆိုလျှင် သူက အကူအညီ မတောင်းနိုင်သည့်အတွက် ဆိုးဝါးသော အခြေအနေတစ်ရပ် ဖြစ်သွားနိုင်သည်။
သူက မြားကို ဆွဲထုတ်ပြီး ချိုးပစ်လိုက်၏။ ထို့နောက် ရွှံ့ပုလင်းလမ်းကြား၏ မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။ အဘိုးအိုက လက်သီးဆုပ်လိုက်ပြီး လမ်းကြားလေး၏ အပေါ်ဘက် ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်သည်။ သူ၏မျက်နှာက နီရဲနေပြီး ပါးစပ်ထဲမှ အသံအနည်းငယ်ထွက်လာသည်။ သူက ဒေါသထွက်နေသော ရှေးဟောင်း မှော်သားရဲကြီး တစ်ကောင်ကဲ့သို့ အသံကို ဖိနှိပ်ထားရပုံပေါ်၏။
အဘိုးအိုက လက်(၂)ဖက်ကိုသုံးပြီး တခဏအတွင်း အမိုးပေါ်သို့ ခုန်တက်လိုက်သည်။ သူ ခေါင်းထွက်လာသည့်အချိန်တွင် ဒုတိယမြောက် မြားတစ်စင်း ရောက်လာခဲ့၏။ ကြိုတင်သတိထားနေခဲ့သော အဘိုးအိုက လက်တစ်ဖက်ကို မြှောက်ပြီး ထိုမြားကို သူ့လက်နှင့်သာ တားဆီးလိုက်သည်။ ထို့နောက် သူက ကြောက်စရာကောင်းစွာ ပြုံးလိုက်၏။
လူငယ်က သစ်သားလေးကို သိမ်းလိုက်ပြီး ပြန်လှည့်ပြေးသွားခဲ့သည်။ ထိုအချိန်တွင် ရွှံ့ပုလင်းလမ်းကြား၏ တစ်ဖက်တွင် ရှိနေသော အမိုးပေါ်မှ အက်ကွဲသံများ ဆက်တိုက် ကြားနေရသည်။ အဘိုးအို၏လှုပ်ရှားမှုက လူငယ်လေးထက် ပို၍ ကြီးမားသည်။ သူက တဖြည်းဖြည်းနှင့် နီးကပ်လာပြီး ပိန်ပိန်ပါးပါးနှင့် လူငယ်လေးကို သိပ်မကြာခင် ဖမ်းမိတော့မည် ဖြစ်သည်။
အဘိုးအိုက တခဏအတွင်း အားစိုက်ပြီး လေထဲသို့ လှမ်းခုန်လိုက်၏။ အလွန်ကြီးမားသော လက်ကြီးကလည်း သစ်ရွက်ကြီးတစ်ရွက်ကဲ့သို့ လူငယ်လေး၏ ခေါင်းကို ရိုက်ချလိုက်သည်။
လူငယ်ကတော့ နောက်စေ့တွင် မျက်လုံးရှိနေသလို ထင်ရ၏။ ထိုအချိန်တွင် သူက ခါးကို လှုပ်ရှားလိုက်ပြီး ခန္ဓာကိုယ်က ကြောင်တစ်ကောင်ကဲ့သို့ လှုပ်ရှား၍ လမ်းကြား၏ မျက်နှာချင်းဆိုင် ဖြစ်နေသော အမိုးပေါ်သို့ ခုန်ချလိုက်သည်။ ညင်သာစွာ ဆင်းသက် လိုက်ပြီးနောက် သူက ဆက်၍ ပြေးသွားခဲ့သည်။
လူဝံကြီးကလည်း သွက်လက် ပေါ့ပါးလှသည်။ သူကလည်း ညာဘက်ခြမ်းတွင် ရှိနေသော ရွှံ့ပုလင်းလမ်းကြား၏ တခြားတစ်ဖက် အမိုးပေါ်သို့ ခုန်လိုက်လာခဲ့သည်။
လူငယ်လေးက ချက်ချင်း ရပ်လိုက်၏။
တစ်ခုခု မှားနေကြောင်း လူဝံအိုကြီးက နားလည်သွားသည့် အချိန်တွင် အလွန်နောက်ကျသွားပြီ ဖြစ်၏။ ထိုအမိုးတွင် မည်သည့်အရာမျှ မရှိဘဲ ပြန်လည်ပြင်ဆင်ခြင်း မရှိသည်မှာ အတော်လေးကို ကြာခဲ့ပါပြီ။ ထိုအရာက လူဝံအိုကြီး၏ အလေးချိန်ကို မည်သို့ ခံနိုင်ရည် ရှိနိုင်မည်နည်း။
“ဘုန်း....”
လူဝံအိုကြီးက အမိုးအပိုင်းအစများနှင့်အတူ အိမ်ထဲသို့ ပြုတ်ကျသွားခဲ့၏။ သူက ကျယ်လောင်သော အသံတစ်ခုနှင့်အတူ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။ သူ့ကိုယ်သူ လက်တစ်ဖက်နှင့် ထိန်းထားလိုက်ပြီးနောက် သူက အလွန်ပြဿနာများသော မြားကို ရှောင်လိုက်ရပြန်သည်။
ထိုမြားက မြေကြီးကို စိုက်သွားခဲ့၏။ ထိုလူငယ်လေးက လုံလောက်အောင် အစွမ်းမထက်ခြင်း မဟုတ်ချေ။ လူဝံအိုကြီးက အလွန်မာကျောနေခြင်းသာ ဖြစ်၏။
လူငယ်ကတော့ အမိုးပေါ်တွင် ရှိနေသော အပေါက်ကြီး၏ အစွန်တွင် ရပ်နေသည်။ သူက သစ်သား လေးကို ကျွမ်းကျင်စွာ သိမ်းလိုက်ပြီး လူဝံအိုကြီးကို ကျိန်စာတိုက်လိုက်သည်။
“ခွေးကောင်ကြီး… သေလိုက်စမ်း…”
လူဝံအိုကြီး၏မျက်နှာက ထူးဆန်းသွားခဲ့သည်။ သူက သူ့ကိုယ်သူ လက်ဝါးနှင့် ပြန်ရိုက်လိုက်ပြီး တီးတိုးရေရွတ်လိုက်၏။
“အရေးနိမ့်နေတာက ငါပါလား…”
လူဝံကြီးက ချက်ချင်း မတ်တပ်ရပ်လိုက်သော်လည်း လူငယ်က အဝေးကို ရောက်သွားခဲ့ပြီ ဖြစ်သည်။
Translated by Hein Htet.