အခန်း (၅၁)
Vol. 4 Ch. 51
သူက ဖုလုလမ်းကြားထဲသို့ ပြန်ရောက်လာပြီးနောက် စုန့်ချန်ကျင့်နှင့် ခဏကြာ တိုက်ခိုက်ခဲ့သည်။ ကျန့်ယန်တောင်မှ လူဝံအိုကြီးက လီစံအိမ်တော်ထဲတွင် အချိန်တော်တော်ကြာ နေထိုင်ခဲ့ခြင်း မရှိချေ။ သူက မြို့အပြင်ဘက်ကို ပျံသန်းလာခဲ့ပြီး မြက်ဖိနပ်နှင့် လူငယ်လေးတောင်တန်းထဲကို ဝင်ရောက်သွားသောနေရာတွင် ခဏကြာ ရပ်နေခဲ့သည်။
ထို့နောက် သူက လက်သီးနှင့် ထိုးခဲ့သောနေရာကို ပြန်လာပြီး မြေပြင်ပေါ်တွင် ရှိနေသော လူငယ်လေး၏ ခြေရာများကို ဂရုတစိုက် စစ်ဆေးကြည့်နေခဲ့၏။ ထိုအရာကလွဲလျှင် အရွယ်ရောက်သူ တစ်ယောက်၏ ခြေရာများကိုလည်း လူဝံအိုကြီးက မြင်လိုက်ရသည်။
ကြည့်ရသည်မှာ ထိုအရာကတော့ လေမိုးကြိုးဥယျာဉ်မှ လူငယ်ဓားပညာရှင် ဖြစ်ပုံရ၏။ ရွှံ့ပုလင်းလမ်းကြားထဲမှ လူငယ်လေးကို လက်သီးနှင့် ထိုးလိုက်သည့်အချိန်တွင် ထိုလူငယ်က အခြေအနေကို အခွင့်ကောင်းယူရန် ရှင်းရှင်းလင်းလင်း ကြိုးစားခဲ့၏။ တခဏအတွင်း ဓားချီစွမ်းအင်များ ထွက်ပေါ်လာခဲ့သည်။
ထိုဓားချီစွမ်းအင်များက အလွန်သိုသိပ်သော်လည်း လူဝံအိုကြီးက တိုက်ပွဲရာပေါင်းများစွာ အတွေ့အကြုံရှိနေသော ပညာရှင်တစ်ယောက် ဖြစ်သည်။ သူက ဓားချီစွမ်းအင်များ ပြည့်နှက်နေသော ကျန့်ယန်တောင်ပေါ်တွင် နှစ်ထောင်ပေါင်းများစွာ လေ့ကျင်နေခဲ့သော လူတစ်ယောက်လည်းဖြစ်၏။ ထို့ကြောင့် သူက ဓားချီစွမ်းအင်များ၊ ဓားဆန္ဒများနှင့် အလွန်ရင်းနှီးနေခဲ့သည်။
ကျန့်ယန်တောင်၏ အစောင့်အရှောက်လူဝံကြီးက နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်ခဲ့ပြီး ဗဟုသုတ ပြည့်စုံလှသည်။ သူက အဆင့်မြင့်ဓားပျံများကို ပျိုးထောင်ရာတွင် ကျွမ်းကျင်သော ဓားအင်မော်တယ်များကိုလည်း မြင်ခဲ့ဖူးသည်။ သူတို့ထဲတွင်တော့ ဆံပင်မွေးပမာ သေးငယ်လွန်းလှသော ဓာပျံပေါင်းများစွာလည်း ရှိနေသေး၏။ ထိုအရာကတော့ တောင်တန်းကြီးများ၊ မြစ်များကိုပင် ထက်ပိုင်းပြတ်သွားစေနိုင်သော အသက်ဓားပျံလေးများ ဖြစ်ကြသည်။
လူဝံအိုကြီးက ခဏကြာ စဉ်းစားနေပြီး ရှေ့သို့ဆက်၍ လိုက်သွားခဲ့၏။ တောင်တန်းထဲသို့ ဝင်ရောက်လာပြီးနောက် အလွန်ရှည်လျားနေသော ပေါင်းပင်များနှင့် ဝါးတောကြီးတစ်ခု ရှိနေခဲ့သည်။ မြေပြင်ပေါ် နေရာအများစုတွင်တော့ သစ်ရွက်ခြောက်များ ဖုံးလွှမ်းနေခဲ့၏။
သို့သော် မြို့နှင့်အနီးဆုံးတွင် ဖြစ်နေခဲ့သည့်အတွက် ဝါးတောကြီးက ခြောက်ကပ်ပြီး ရှုပ်ထွေးနေပုံ မရချေ။ သူက ခြေရာခံရန် ခက်ခဲသော ခြေရာများအတိုင်း လိုက်လာခဲ့ရာ ထိုခြေရာများက ဝါးတောထဲမှ ထွက်သွားတော့မည်ဖြစ်ကြောင်း လူဝံအိုကြီးက တွေ့လိုက်ရသည်။
သူက ဝါးတောထဲမှ ချက်ချင်းထွက်သွားခဲ့ခြင်းမရှိချေ။ ထိုအစား ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ရာ လူငယ်လေး၏ခြေရာများကို မတွေ့ခဲ့တော့ပေ။ သူက အပေါ်ကို မော့ကြည့်လိုက်ရာ ဘေးပတ်ပတ်လည်တွင် ရှိနေသော ဝါးတောများပေါ်တွင်လည်း သိသာထင်ရှားသော ခြေရာများကို မတွေ့ရပေ။
သို့သော် လူဝံအိုကြီးကတော့ လူငယ်လေး၏နောက်မှ တောင်ပေါ်သို့ လိုက်မသွားခဲ့ပေ။ ထိုအစား အလွန်ကြီးမားသော ဝါးပင်ကြီးတစ်ပင်ပေါ်သို့ တက်လိုက်သည်။ ထို့နောက် သူက စွမ်းအားကို အနည်းငယ်မြှင့်တင်လိုက်ပြီး ခန္ဓာကိုယ်ကို တောင်တန်းရှိရာသို့ အနည်းငယ် ကိုင်းလိုက်၏။
ဝါးပင်ကြီးက ကွေးသွားပြီး ကျိုးကျတော့မည့်အချိန်တွင် လူဝံကြီးက သူ၏အငွေ့အသက်များကို ရုတ်တရက် ဖြန့်ကျက်လိုက်သည်။ ထိုအခါ သူ၏ခန္ဓာကိုယ်ကြီးက ငှက်မွေးလေးတစ်ခုပမာ ပေါ့ပါးသွားခဲ့၏။ လေးလံသော ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု မရှိတော့သည့်အတွက် ဝါးပင်ကြီးက ချက်ချင်းပင် ပြန်ကန်လာပြီး တည့်တည့်မတ်မတ် ထောင်သွားခဲ့၏။
လူဝံအိုကြီးက ဝါးပင်ပေါ်တွင် လေနတ်ဘုရားတစ်ပါးကဲ့သို့ ရပ်နေခဲ့၏။ သူ့ခန္ဓာကိုယ်က ဝါးပင်နှင့်အတူ ယိမ်းထိုးလှုပ်ရှားနေသည်။ ပတ်ပတ်လည်နှင့်အောက်ဘက်ကို လှမ်းကြည့်ပြီးနောက် သူက သဲလွန်စတချို့ကို တွေ့လိုက်ရသည်။
လူဝံအိုကြီးက သူ၏ဘယ်ဘက်ခြမ်းကိုကြည့်ပြီး ကျေနပ်စွာပြုံးလိုက်၏။ သေချာနားထောင်နေပြီးနောက် သူက ရေစီးဆင်းသည့်အသံများကို ဝိုးတဝါး ကြားလိုက်ရသည်။
လူဝံအိုကြီးက ခနဲ့သလိုပြုံးလိုက်၏။
“မင်းက တော်တော်လေး ဉာဏ်များတာပဲ…”
လူဝံအိုကြီးက ဝါးပင်ပေါ်မှ ခုန်ချလိုက်ပြီး သူ၏ဘယ်ဘက်ခြမ်းတွင် ရှိနေသော စမ်းချောင်းရှိရာသို့ ပြေးသွားခဲ့သည်။ လမ်းတလျှောက်တွင် ဝါးပင်မည်မျှ ကျိုးသွားခဲ့ကြောင်း သူလည်း မသိခဲ့ပေ။ စမ်းချောင်းဆီသို့ ရောက်လာသည့် အချိန်တွင်တော့ မြက်ဖိနပ်နှင့် လူငယ်လေးက စမ်းချောင်းအတိုင်း ဆင်းသွားခြင်းလော၊ သို့မဟုတ် သစ်တောထဲကို ဝင်ပြေးသွားခြင်းလော သူလည်း သေချာမသိနိုင်တော့ပေ။
လူဝံကြီးက စမ်းချောင်း၏ဘေးနားတွင် ထိုင်ပြီး မျက်မှောင်ကြုတ်နေမိ၏။ သူက အတော်လေးကို မကျေမနပ်ဖြစ်နေခဲ့သည်။ အကယ်၍ အပြင်ဘက်ကမ္ဘာကြီးတွင်ဆိုလျှင်တော့ စိတ်ဝိညာဉ်စွမ်းအား ရှိနေသော တောင်တစ်တောင် ရှိနေသေးသ၍ လူဝံကြီးက မြေနတ်ကို အတင်းအကြပ်ဆင့်ခေါ်ပြီး လူငယ်လေး ထွက်သွားသည့်နေရာကို မေးမြန်းစုံစမ်း၍ရနိုင်သည်။
ထိုအရာက တောင်ရွှေ့လူဝံကြီး၏ မွေးရာပါစွမ်းအားများထဲမှ တစ်ခုလည်းဖြစ်၏။ မဟုတ်လျှင် တခြားကျင့်ကြံသူများက မည်မျှအစွမ်းထက်ပြီး မည်မျှနာမည်ကျော်စေကာမူ နယ်မြေတစ်ခု၏ အပိုင်စားနတ်များကို အလွယ်တကူ အမိန့်ပေးနိုင်ခြင်းမရှိချေ။ မဟာတာအိုလမ်းစဉ်က ကွဲပြား၏။
လူဝံအိုကြီးက လေးလေးနက်နက် စဉ်းစားနေပြီး စမ်းချောင်း၏အသံကို နားထောင်နေခဲ့၏။ ပုံမှန်အားဖြင့် ပြောရမည်ဆိုလျှင် လူငယ်လေးက ငယ်စဉ်ကတည်းက သူ၏စွမ်းရည်နှင့် သက်လုံကို လေ့ကျင့်ထားပုံရသည်။
သူက အလွန်ကြံ့ခိုင်သော ခန္ဓာကိုယ်များ ရရှိစေရန်အတွက် အသက်ရှု လေ့ကျင့်ခန်းများကိုပင် လေ့လာထားခြင်း ဖြစ်နိုင်၏။ သူ့ခန္ဓာကိုယ်က ပေါ့ပါးပြီး အရိုးများက မာကျောသည်။ ချီနှင့်သွေးကလည်း အစွမ်းထက်သည့်အတွက် သူက လမ်းကြားလေး၏ အမိုးပေါ်တွင် လူဝံအိုကြီးနှင့် ကြောင်နှင့်ကြွက်ကစားပွဲ ကစားနိုင်ခဲ့ခြင်းဖြစ်သည်။
အကယ်၍ ထိုသို့ဆိုလျှင်တော့ သူနှင့် အလွန်ရင်းနီးသော သစ်တောကြီးထဲတွင် ပုန်းအောင်းနေနိုင်သည်မှာ ဖြစ်နိုင်ခြေရှိသည်။ အကယ်၍ သူက သာမန်လူငယ်လေးတစ်ယောက်သာဆိုလျှင် သွေးပူနေသည့်အတွက် လက်တုံ့ပြန်ခြင်း ဖြစ်နိုင်သည်။
အခြေအနေကို စစ်ဆေးကြည့်လိုက်ပြီးနောက် သူက တဖြည်းဖြည်း တည်ငြိမ်သွားပြီး ကြောက်လန့်လာခြင်း ဖြစ်နိုင်၏။ ထိုသို့ဆိုလျှင် သူက တောင်ဘက်တွင် ရှိနေသော ပန်းပဲဖိုသို့သွားပြီ ဆရာရွမ်၏ အကာအကွယ်ကိုပင် ယူထားနိုင်သည်။
ပထမတစ်ခုကတော့ အချိန်ပေးရ၏။ ဒုတိယတစ်ခုကတော့ စွမ်းအားကုန်ဆုံးသည့်အပြင် ကျန့်ယန်တောင်မှ အငွေ့အသက်များလည်း ကုန်ဆုံးသွားနိုင်သညိ။ လူဝံကြီးက ရင်ထဲတွင် သူ၏စိတ်ဆန္ဒအတိုင်းလုပ်ဆောင်ရန် ဆုံးဖြတ်လိုက်၏။
“ဒီကောင်လေးက သေမှရမယ်…”
ထိုစကားကို ပြောလိုက်ပြီးနောက် လူဝံကြီးက သံသယဝင်မနေတော့ပေ။ သူက စမ်းချောင်း၏အောက်ဘက်ကို လိုက်သွားရန် ရွေးချယ်လိုက်၏။
…………
မြို့၏တောင်ဘက်ပိုင်းတွင်တော့ အဝါရောင်ရွှံ့သားလမ်းတစ်ခု ရှိသည်။ ထိုလမ်းကြောင်း၏ ဘေးနှစ်ဖက်တွင်တော့ မြို့သူမြို့သားများ၏ လယ်ကွင်းများ ရှိနေ၏။ ထိုလမ်းကြောင်း၏ တစ်ဝက်ခန့်တွင်တော့ အဖြူရောင်နံရံများ၊ အနက်ရောင် အမိုးအုတ်များနှင့် ပျက်စီးနေသော ကျောင်းဆောင်လေးတစ်ခုရှိသည်။
ထိုအရာကို ကျောင်းဆောင်တစ်ခုဟုခေါ်သော်လည် မြို့ထဲမှလူများ အနားယူရန် နေရာတစ်ခုဖြစ်သည်။ အထူးသဖြင့် ထွန်ယက်စိုက်ပျိုးသည့်အချိန်မျိုး၊ ပူပြင်းသော နွေရာသီနှင့် မုန်တိုင်းထန်နေသော ရာသီဥတုအခြေအနေတွင် ထိုအရာက အရိပ်တစ်ခု ဖြစ်ပေးနိုင်သည်။
လက်ရှိအချိန်တွင် ချန်းပင်အန်းနှင့် နင်ယောင်တို့က ထိုနေရာတွင် အနားယူနေကြ၏။ နင်ယောင်က ဓားနှလုံးသားနှင့် မွေးဖွားလာခြင်း ဖြစ်သည့်အတွက် ညအချိန်တွင် အလွယ်တကူ မြင်နိုင်သည်။ သူမက ပျက်စီးနေသော နံရံပေါ်တွင် ကလေးငယ်များ မီးသွေးနှင့် ရေးခြစ်ထားသော စကားလုံးများကိုတွေ့လိုက်ရသည်။
အများစုကတော့ နာမည်များဖြစ်ပြီး အောက်ပိုင်းတွင် ရှိနေသော နာမည်အများစုက မသေမသပ်နှင့် ထပ်၍ ရေးထားကြသည်။ အမြင့်တွင် ရှိနေသော နာမည်များတွင်တော့ စုန့်ကျိရှင်း၊ ကျစ်ကွေး၊ ကျိုးယောင်၊ ရှဲ့ရှစ်၊ ချောင်ကျိဟူသော နာမည်တချို့ရှိနေသည်။
ထိုနေရာတွင် နာမည်များကို အတန်းလိုက်ရေးထားခဲ့၏။ သူတို့က တစ်ယောက်ပုခုံးပေါ် တစ်ယောက်တက်ပြီး ရေးသားကြခြင်း ဖြစ်ပုံရသည်။ နင်ယောင်က လျှိုရှန်းယန်၊ ချန်းပင်အန်းနှင့် ကုစန့်ဟူသော နာမည်များကိုပင် တွေ့နေရ၏။ သူတို့ကတော့ အပေါ်ဘယ်ဘက်ထောင့် အမြင့်ဆုံးနေရာတွင် စုပြုံရေးသားထားသည့်အတွက် သီးသန့်ဖြစ်နေသလို ထင်ရသည်။
နင်ယောင်က ကြည့်နေရာမှ ပြန်လှည့်လာပြီး မေးလိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က ပထမခြေလှမ်း ပြီးသွားပြီ။ ငါတို့က အဲဒီလူဝံအိုကြီးကို ပထမတစ်ကြိမ် အစွမ်းသုံးအောင် တွန်းအားပေးနိုင်ခဲ့ပြီ။ နင်က သစ်သား လေးနဲ့မြားကို ပြန်ယူဖို့အတွက် မြို့ထဲကို တကယ်သွားမှာလား။ အဲဒါက အရမ်းစွန့်စားလွန်းရာ မကျဘူးလား။ အဲဒီလူဝံအိုကြီးက သတိထားနေပြီး နင့်ကိုပြဿနာရှာဖို့ တောင်ပေါ်ကို တက်မလာရင် နင် ဘယ်လိုလုပ်မလဲ။ ဒါက ကျားရဲတွင်းထဲကို သွားနေတဲ့ သားကောင်လေးတစ်ကောင်လို ဖြစ်မနေဘူးလား…”
မြက်ဖိနပ်နှင့် လူငယ်လေးက လေပူများကို မှုတ်ထုတ်လိုက်သည်။ သူ၏အသက်ရှုသံက ငြိမ်သက်နေခြင်း မရှိချေ။ အရာအားလုံးက သူ၏ခံစားမှုအပေါ်သာ မူတည်နေခဲ့၏။ သူကတော့ သက်တောင့်သက်သာအရှိဆုံး အခြေအနေကိုသာ ဖန်တီးထားခဲ့သည်။
နင်ယောင်၏စကားကို ကြားလိုက်ရပြီးနောက် သူက ဆုံးဖြတ်ချက် ပြတ်သားစွာ ပြောလိုက်၏။
“တခြားနည်းလမ်းမရှိဘူး။ ကျွန်တော်တို့က အဲဒီသစ်သား လေးနဲ့မြားကို ပြန်ယူမှရမယ်။ မဟုတ်ရင် အရင်ကြိုးစားထားတဲ့ အရာတွေအားလုံး အချည်းနှီးဖြစ်သွားလိမ့်မယ်။ ပြီးတော့ ကျွန်တော်က ရွှံ့ပုလင်းလမ်းကြားထဲမှာ အဲဒီလူဝံအိုကြီးရဲ့ခေါင်းကို မြားတစ်ချောင်းနဲ့ ပစ်ခဲ့တယ်။ မိန်းကလေးနင်ပြောခဲ့သလိုပဲ။ ဒီလောက်နီးနီးလေးကနေ ပစ်တာတောင် မြှားက လူဝံကြီးရဲ့မျက်လုံးကို မစိုက်သလို ထိခိုက်မှုက ပြောပလောက်စရာတောင် မရှိဘူး…”
နင်ယောင်က အနည်းငယ် စိတ်ပျက်သွားခဲ့သည်။
“နင့်ရဲ့လှည့်ကွက်လေးတွေက အသုံးမဝင်ပါဘူးလို့ ငါ ပြောခဲ့တာပဲ။ နင်က ငါ့စကားကို မယုံသလို ငါ့အကြံကိုလည်း နားမထောင်ခဲ့ဘူး။ ထားလိုက်တော့။ နင့်သဘောအတိုင်းပဲ။ ဒါပေမဲ့ နင်သာ အခု ငါ့ကို ယုံကြည်တယ်ဆိုရင် ငါ့ရဲ့နည်းလမ်းအတိုင်း လိုက်လုပ်သင့်တယ် မဟုတ်လား..”
အမှန်အတိုင်းပြောရလျှင်တော့ ကျန့်ယန်တောင်မှ လူဝံအိုကြီးကို မည်သို့ရင်ဆိုင်ရမလဲ ဟူသည့်အရာနှင့် ပတ်သက်၍ လူငယ်နှင့် မိန်းမပျိုတို့က အမိုးတံတားပေါ်တွင် အရင်ဆုံး ဆွေးနွေးခဲ့ကြသည်။ ချန်းပင်အန်းက လူ(၃)ယောက်ကို သွားရှာပြီး ပြန်လာသည့်အချိန်ကို စောင့်နေရန် မိန်းမပျိုကို တောင်းဆိုထားခဲ့သည်။
သို့သော် လူငယ်လေးက ချက်ချင်း စိတ်ပြောင်းသွားခဲ့ပြီး နင်ယောင်နှင့်အတူ အမိုးတံတား၏ မြောက်ဘက်အစွန်တွင် ရှိနေသော လှေကားဆီသို့ လျှောက်လာခဲ့၏။ ထို့နောက် သူတို့(၂)ယောက်က သဘောတူညီချက်မရ ဖြစ်နေခဲ့သည်။
ပထမတွင် ဓားရှည်တစ်လက်နှင့် ဓားမောက်တစ်လက်ကို သယ်ဆောင်ထားသော မိန်းမပျိုက အလွန်ခိုင်မာနေခဲ့၏။ ချန်းပင်အန်းက ကျင့်ကြံသူတစ်ယောက် မဟုတ်ဘဲ လက်သီးပညာကိုလည်း မသိသေးပေ။ သူက ဘေးမှသာ ရပ်ကြည့်နေသင့်သည်။ အများဆုံး သူက လျှိုရှန်းယန်အတွက် လက်တုံ့ပြန်ပြီး သူ့ရင်ထဲတွင် ရှိနေသော အမုန်းတရားများကို ဖြေဖျောက်ရန်အတွက် လူဝံအိုကြီးကို သတ်ရန် အကူအညီပေးနိုင်ရုံသာရှိသည်။
သို့သော် ချန်းပင်အန်းက လူဝံအိုကြီးကို မည်သို့သတ်ရမလဲ သူမကို မေးခဲ့သည့် အချိန်တွင် နင်ယောင်က ပြောမပြချင်ခဲ့ပေ။ သူမက ကမ္ဘာကြီးထဲတွင် တစ်ယောက်တည်း သွားလာနိုင်သော ဝှက်ဖဲတစ်ချပ်ရှိသည်။ သူမ၏မိသားစုက ဝှက်ဖဲတစ်ချပ်ကို မည်သို့အလွယ်တကူ လက်ဆင့်ကမ်းပေးနိုင်မည်နည်း။
ချန်းပင်အန်းကတော့ သဘောမတူခဲ့ပေ။ ထို့ကြောင့်လည်း ချန်းပင်အန်းက သူမကို (၃)ကြိမ်တိတိ သွားရှာရန် ပြောခဲ့ခြင်း ဖြစ်သည်။
ချန်းပင်အန်းက မတ်တပ်ရပ်လိုက်ပြီး ခါးကြောဆန့်လိုက်သည်။ သူကတော့ အေးအေးဆေးဆေး မတ်တပ်ရပ်ပြီး ပြောလိုက်၏။
“ကျွန်တော်က သေချာကောင်းကောင်းအနားယူပြီးသွားပြီ…”
နင်ယောင်က အံ့ဩသွားခဲ့၏။
“ယန်မိသားစုဆေးဆိုင်က ဆေးတွေက ဒီလောက်တောင် အသုံးဝင်တာလား..”
ချန်းပင်အန်း၏မျက်လုံးများက ခဏကြာ မှေးမှိန်သွားခဲ့ပြီး လျင်မြန်စွာ ခေါင်းညိတ်ပြလိုက်သည်။ သူက အပြုံးနှင့် ထပ်ပြောလိုက်၏။
“တော်တော်အသုံးဝင်တယ်…”
နင်ယောင်က ထပ်မေးလိုက်သည်။
“နင်ထွက်ပြေးသွားတဲ့ လမ်းကြောင်းကို လူဝံအိုကြီးက မြင်မယ်လို့ ထင်လား…”
ချန်းပင်အန်းက ခဏကြာစဉ်းစားပြီး သတိထား၍ ဖြေလိုက်သည်။
“မြင်ကောင်းမြင်နိုင်ပါတယ်…”
နင်ယောင်က စက်ဝိုင်း(၂)ခု ဆွဲလိုက်ပြီး သူမ၏ဓားအိမ်နှင့် မြေပြင်ပေါ်တွင် မျဉ်းကြောင်းတစ်ခု ဆွဲလိုက်သည်။ သူမက မေးလိုက်၏။
“ဒါက ကျောင်းဆောင်ငယ်လေးနဲ့ ဖုလုလမ်းကြားထဲမှာရှိတဲ့ လမ်းကြောင်းပဲ။ နင်က နင့်ရဲ့သစ်သား လေးနဲ့မြားကို ဘယ်နေရာမှာ ဖွက်ထားခဲ့တာလဲ…”
ချန်းပင်အန်းက ဆောင့်ကြောင့်ထိုင်လိုက်ပြီး စက်ဝိုင်းတစ်ခု ရေးဆွဲလိုက်သည်။
“ဒါက အရှေ့ဘက်နဲ့နီးတယ်။ ဒီနေရာမှာ ဖြစ်မယ်ထင်တယ်။ ရွှံ့ပုလင်းလမ်းကြားနဲ့တော့ သိပ်ပြီးမဝေးဘူး…”
နင်ယောင်က ခေါင်းညိတ်ပြလိုက်၏။
“ကောင်းပြီလေ။ လူဝံအိုကြီးက ကျောင်းဆောင်ငယ်လေးဆီကို တိုက်ရိုက်ရောက်လာမယ်ဆိုရင်တောင် ငါက သူ့ကို အချိန်ဆွဲပြီး နင့်အတွက် အချိန်လုံလုံလောက်လောက် ဖန်တီးပေးမယ်…”
ချန်းပင်အန်းက လက်ညှိုးနှင့် စက်ဝိုင်း၏အလယ်တွင် မျဉ်းတစ်ကြောင်းဆွဲလိုက်သည်။
“တကယ်လို့ အဆိုးဆုံးအခြေအနေကို ရောက်လာပြီဆိုရင် မိန်းကလေးနင်က သူ့ကို ဒီနေရာဆီ မျှားခေါ်လာနိုင်မလား။ ဒါက ကျွန်တော် တောင်ထဲကို ဝင်လာခဲ့တဲ့ နေရာပဲ။ ကျွန်တော်က သစ်သား လေးနဲ့မြားကိုယူပြီး ခဏအတွင်း အဲဒီနေရာကို ပြေးလာလို့ရတယ်..”
အစိမ်းရင့်ရောင်အင်္ကျီ ဝတ်ဆင်ထားသော မိန်းမပျိုက သူမ၏ဓားအိမ်ကို မြေပေါ်တွင် ထောက်ပြီး မှီထားခဲ့သည်။ သူမက မာနကြီးစွာ ပြောလိုက်၏။
“ငါက အဲဒီလူဝံကြီးရဲ့ခေါင်းကို ဖြတ်လာပြီး နင့်နေရာကို သယ်လာတာလည်း ဖြစ်နိုင်တာပဲလေ…”
ချန်းပင်အန်းက ခေါင်းခါပြလိုက်၏။
“အတင့်ရဲဖို့မကြိုးစားပါနဲ့။ ကျေးဇူးပြုပြီး ဂရုစိုက်ပါ…”
နင်ယောင်က သူ့ခေါင်းကို ဓားအိမ်နှင့် ခေါက်ချင်နေခဲ့သည်။
“ဘယ်သူက အတင့်ရဲဖို့ကြိုးစားနေတာလဲ…”
သူမက သူ့ကိုကြည့်လိုက်၏။
“နင့်ရှေ့မှာ ရပ်နေတဲ့သူက ငါပဲ။ ငါ နင်ယောင်က ဒီကမ္ဘာကြီးထဲမှာ နံပါတ်(၁) ဓားအင်မော်တယ်တစ်ယောက် ဖြစ်လာရမှာ…”
လူငယ်က မတ်တပ်ရပ်လိုက်ပြီ သူ၏ခါးတွင် ချိတ်ထားသော အဝတ်အိတ်(၂)ခုကို ငုံ့ကြည့်လိုက်သည်။ သူက ထိုအရာများကို တင်းတင်းချည်လိုက်ပြီး အပြုံးနှင့် ပြောလိုက်၏။
“ကျွန်တော် သိပါပြီ။ ဒါဆိုရင်လည်း ဒီလိုနေရာသေးသေးလေးမှာ မသေပါစေနဲ့။ မဟုတ်ရင် ဆုံးရှုံးစရာတွေ ဖြစ်လာလိမ့်မယ်။ မိန်းကလေးနင်က နောက်ပိုင်း နံပါတ်(၁) ဓားသမားဖြစ်သွားပြီဆိုရင် မိတ်ဆွေတစ်ယောက်ဖြစ်တဲ့ ကျွန်တော်ကလည်း ဂုဏ်ယူရတာပေါ့…”
နင်ယောင်က သက်ပြင်းချလိုက်မိသည်။
“ချန်းပင်အန်း …
နင်က ပိန်တဲ့အပြင် ဆုံးဖြတ်ချက်လည်း မပြတ်သားဘူး။ နောက်ပိုင်းမှာ နင်က မိန်းမ မယူဖို့ အကြံပေးချင်တယ်…”
လူငယ်က ပြုံးလိုက်ပြီး ငြင်းဆန်ခဲ့ခြင်း မရှိချေ။
သူက ကျောင်းဆောင်ထဲမှ ထွက်သွားရန်ပြင်လိုက်စဉ် နင်ယောင်က ပြောလိုက်၏။
“ငါက နင့်ကို စမ်းချောင်းဆီ အရင်ဆုံး လိုက်ပို့ပေးမယ်။ ပြီးရင် ငါက ကလေးမလေးရဲ့ လုံခြုံမှုအပေါ် လူဝံကြီး စိုးရိမ်မှုရှိမရှိ သိရဖို့အတွက် အနောက်မြောက်ဘက်ကို သွားမယ်။ သိပ်မကြာခင် ငါက ဝါးတောထဲက ထွက်သွားမယ်။ ငါက နင့်ရဲ့ခြေရာလက်ရာတွေကို မရှာတော့ဘူး။ ငါက နောက်ကနေ လိုက်သွားတာကို လက်လွှတ်လိုက်ပြီး မြို့ထဲကိုပဲ ပြန်လာခဲ့မယ်…”
ချန်းပင်အန်းက ခဏကြာစဉ်းစားပြီး ထိုအရာကို ငြင်းဆန်နေခြင်း မရှိချေ။ လူငယ်နှင့် မိန်းမပျိုတို့က စမ်းချောင်းဆီကို အတူတကွ ပြေးသွားကြ၏။ မိန်းမပျို၏ အသက်ရှုသံက မြစ်ကြီးတစ်ခုကဲ့သို့ ဖြစ်နေသည်။ ရေလှိုင်းများက အလွန်နက်ရှိုင်းပြီး ရေစီးကြောင်းများကလည်း လှုပ်ရှားနေခဲ့၏။
လူငယ်လေး၏ အသက်ရှုသံကတော့ စမ်းချောင်းတစ်ခုပမာ ဖြစ်နေခဲ့သည်။ အခြေအနေကတော့ ကွဲပြား၏။
နင်ယောင်က မနေနိုင်တော့ဘဲ မေးလိုက်သည်။
“သစ်သားလေးရဲ့ မြားခေါင်းမှာသာ အဲဒီဆေးတွေ သုတ်လိမ်းလိုက်မယ်ဆိုရင် တကယ်အလုပ်ဖြစ်မှာလား…”
လူငယ်က ပြန်ဖြေလိုက်သည်။
“အဲဒါက ပေါင်(၂၀၀) အလေးချိန်ရှိတဲ့ ဝက်ဝံကြီးတစ်ကောင်ကိုတော့ အသုံးဝင်တယ်။ အဲဒီလူဝံအိုကြီးအပေါ်မှာလည်း အသုံးဝင်မှာပါ…”
နင်ယောင်က တခြားမည်သည့်စကားမျှမပြောခဲ့ပေ။ သူတို့(၂)ယောက်က စမ်းချောင်းအနားသို့ ကပ်လာခဲ့သည့်အချိန်တွင် မြက်ဖိနပ်နှင့် လူငယ်လေးက ကမ်းစပ်သို့ ရောက်သွားခဲ့၏။
လူငယ်နှင့်မိန်းမပျိုတို့က သူတို့၏ စွမ်းအားမျာကို သုံးလိုက်ကြရာ တစ်ချိန်တည်းတွင် လေထဲသို့ မြောက်လာ၍ တဘက်ခြမ်းသို့ ရောက်သွားခဲ့သည်။ မိန်းမပျိုက သူမ၏ဓားအိမ်ကိုကိုင်ပြီး ဖြည်းညင်းစွာ ဆင်းသက်လိုက်၏။
လူငယ်ကတော့ မြစ်ကို ခုန်ဖြတ်လိုက်ပြီးနောက် ဆက်၍ ပြေးသွားခဲ့သည်။ သူက တစ်ကြိမ်တည်းနှင့် အရာအားလုံးကို လုပ်ဆောင်ခဲ့ပြီး တခဏအတွင်း မိန်းမပျိုကို ဖြတ်ကျော်သွားခဲ့၏။
ချန်းပင်အန်းက ပြန်လှည့်လာတော့မည့်အချိန်တွင် မိန်းမပျိုက ပြောလိုက်သည်။
“မြို့ထဲကို အရင်ဆုံးသွားလိုက်တော့။ ငါ့ကို ဘာမှစိုးရိမ်မနေနဲ့…”
လူငယ်က ရှေ့ကို ဆက်၍ ပြေးသွားခဲ့၏။ သူက ပြေးနေရင်း သူမကို သတိပေးလိုက်သည်။
“ကျွန်တော်က မြို့ထဲကို ဝင်ဖို့အတွက် ကွေ့ပတ်ပြီး လျှို့ဝှက်လမ်းကြားလေး တစ်ခုထဲကနေ သွားလိုက်မယ်။ ကျွန်တော်က နည်းနည်းတော့ နောက်ကျနိုင်တယ်..”
နင်ယောင်က ခေါင်းညိတ်ပြလိုက်သည်။ ချန်းပင်အန်း ပျောက်ကွယ်သွားပြီးနောက် သူမက ဓားကို ကိုင်မထားတော့ဘဲ အနောက်ဘက်သို့ ဖြည်းညင်းစွာ လမ်းလျှောက်သွားခဲ့၏။
သိပ်မကြာခင် မိန်းကလေးက ရပ်လိုက်ပြီး စမ်းချောင်းအပေါ်ဘက်ကိုကြည့်၍ မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုအချိန်တွင် အရပ်ရှည်ရှည်၊ သန်သန်မာမာ အရိပ်တစ်ခုက စမ်းချောင်းထဲတွင် ရှိနေသော ကျောက်တုံးကြီးတစ်တုံးပေါ်မှနေ၍ မြောက်ဘက်ကမ်းပါးပေါ်သို့ လှမ်းခုန်လိုက်သည်။ သူက မိန်းမပျို၏ရှေ့ဘက် ခြေလှမ်း(၂၀)ကျော်အကွာတွင် ဆင်းသက်လိုက်၏။
လူဝံအိုကြီးက ဇဝေဇဝါ ဖြစ်နေခဲ့သည်။ သူက ပုန်းအောင်းနေသော လူငယ်၏ အငွေ့အသက်များကို ပတ်ပတ်လည်တွင် သတိမထားမိခဲ့ပေ။ သူက ခါးတွင် အဖြူရောင်ဓားအိမ် ချိတ်ထားသော မိန်းမပျိုကိုကြည့်ပြီး အပြုံးနှင့် ပြောလိုက်၏။
“မိန်းကလေး …
မင်းက ဖုလုလမ်းကြားထဲမှာ ပြဿနာရှာခဲ့တဲ့တစ်ယောက် မဟုတ်လား..”
မိန်းမပျိုက သူမ၏ဓားရှည်နှင့် ဓားမောက်တို့၏လက်ကိုင်ကို တိတ်တဆိတ် ကိုင်ထားခဲ့သည်။
လူဝံအိုကြီးက စိတ်ဝင်တစားမေးလိုက်၏။
“မိန်းကလေး …
မင်းက မြို့ထဲမှာ သေချာဖုံးကွယ်ထားပေမဲ့ မင်းက မရိုးရှင်းဘူးဆိုတာ ငါသိတယ်။ မင်းက ချင်းဖုန်းမြို့နဲ့ နဂါးအိုမြို့က လူ(၂)ယောက်လို အသုံးမကျတဲ့လူတွေ မဟုတ်ဘူး။ ဒါပေမဲ့ ငါကစိတ်ဝင်စားနေတာ။ ငါတို့ရဲ့ကြားထဲမှာ ဘာပြဿနာများရှိလို့လဲ။ မင်းက ဘာလို့ ဒီလိုမျိုးလုပ်ရတာလဲ။ ဒါမှမဟုတ် မင်းတို့ကလန်နဲ့ ကျန့်ယန်တောင်ရဲ့ကြားထဲမှာ အငြိုးအတေးများ ရှိလို့လား..”
နင်ယောင်က စကားတစ်ခွန်းမျှ ပြန်မပြောခဲ့ပေ။ သူမက ဓားရှည်နှင့် ဓားမောက်တို့ကို ချက်ချင်း ဆွဲထုတ်လိုက်၏။ သူမ၏ဓားမောက်က အရင်ဆုံး ရောက်လာပြီး ကျန့်ယန်တောင်မှ အစောင့်အရှောက် လူဝံကြီး၏ ဦးခေါင်းကို ခုတ်ချလိုက်သည်။
လူဝံကြီးက သူ့လက်ကို မြှောက်ပြီး ဓားမောက်၏အသွားကို လက်နှင့် ဖယ်ရှားလိုက်သည်။ မိန်းမပျိုက အရှိန်ကိုသုံး၍ ခန္ဓာကိုယ်ကို တစ်ပတ်လှည့်လိုက်သည်။ ထို့နောက် သူမ၏ဓားရှည်နှင့် လူဝံအိုကြီး၏လည်ပင်းကို ခုတ်ချလိုက်၏။
လူဝံအိုကြီးက သူ့လက်ကိုသာ အသုံးပြုပြီး ဓားရှည်၏အစွန်ကို အတင်းအကြပ် ဖယ်ရှားလိုက်သည်။ မိန်းမပျို၏ ပထမသိုင်းကွက်(၂)ခုက ကျရှုံးသွားသည့်အတွက် သူမက လူဝံကြီး၏အနားကို ကပ်မသွားခဲ့ပေ။ ထိုအစား သူနှင့်အနည်းငယ်ခွာ၍ ဖြည်းညင်းစွာ လျှောက်လှမ်းနေခဲ့၏။
လူဝံအိုကြီးက ထိုလက်နက်(၂)ခု၏ ထက်မြက်မှုကို ချီးကျူးလိုက်မိသည်။ သူက လက်မောင်းအပြင်ဘက်တွင် ရှိနေသော ဒဏ်ရာ(၂)ခုကို လုံးဝလျစ်လျူရှုထားခဲ့၏။ သူက အပြုံးနှင့် ပြောလိုက်သည်။
“မိန်းကလေးရဲ့လက်နက်တွေက တော်တော်ကောင်းတယ်။ ကြည့်လိုက်တာနဲ့ မင်းက တောင်ထိပ်ပေါ်မှာ နှစ်ပေါင်း(၁၀၀၀)လောက် သက်တမ်းရှိတဲ့ ဂိုဏ်းတစ်ခုရဲ့ တပည့်တစ်ယောက် ဖြစ်နိုင်တယ်။ ဒါမှမဟုတ် တောင်ခြေမှာရှိတဲ့ ပထမတန်းစား လူချမ်းသာမိသားစုက လက်ရင်းတပည့် တစ်ယောက်ဖြစ်နိုင်တယ်။ အစကတော့ မင်းက အမှောင်ထဲမှာ ပုန်းနေတဲ့ လေမိုးကြိုးဥယျာဉ်က နောက်ထပ်ဓားသိုင်းပညာရှင် တစ်ယောက်လို့ ငါက ထင်ထားခဲ့တာ…”
လူဝံအိုကြီးကတော့ မိန်းမပျို၏ ခြေလှမ်းများအတိုင်း လှုပ်ရှားနေခဲ့သည်။ သူက သူမကို သေချာစိုက်ကြည့်နေပြီး လေးလေးနက်နက် ပြောလိုက်၏။
“မိန်းကလေး …
မင်းက ဒဏ်ရာရသွားမယ်ဆိုရင်တောင် လက်မလျော့ဘူးဆိုတာ ငါသိတယ်။ ငါက မင်းကို နောက်ဆုံးအခွင့်အရေးတစ်ခု ပေးမယ်။ မင်းရဲ့ကလန်အကြောင်းကို ပြောပြပါ။ တကယ်လို့ မင်းကသာ ဒီကိစ္စကြောင့် အသတ်ခံလိုက်ရမယ်ဆိုရင် ကျန့်ယန်တောင်က အမှားကို ဝန်ခံမှာ မဟုတ်ဘူး။ မင်းက ဘယ်ကလဲဆိုတာနဲ့ မင်းဆရာက ဘယ်သူလဲဆိုတာကိုလည်း သူတို့က ဂရစိုက်မှာ မဟုတ်ဘူး..”
နင်ယောင်က ထိုစကားကို မကြားချင်ယောင်ဆောင်ထားလိုက်၏။ သူမက လူဝံအိုကြီး၏ အစစ်အမှန်အားနည်းချက်များကိုသာ ရှာဖွေနေခဲ့သည်။ မည်သို့ဖြစ်စေကာမူ သူမက အဆင့်(၁၀)အထွဋ်အထိပ်သို့ရောက်ခါနီးနေသော တာ့လီ၏ဦးရီးတော် မဟုတ်ချေ။ သူမက တောင်ရွှေ့လူဝံကြီးကို ထိပ်တိုက်ရင်ဆိုင်နိုင်ခြင်း မရှိချေ။
မျက်နှာထောက်ထားသည်မှာ အလွန်များနေပြီဟု တွေးခဲ့မိသော လူဝံကြီးက ခနဲ့သလို ပြောလိုက်၏။
“မင်းက အခြေအနေကို နားမလည်မှတော့ ငါက မင်းသဘောအတိုင်း ခွင့်ပြုရတော့မှာပေါ့…”
Translated by Hein Htet.