အခန်း (၅၂)
Vol. 4 Ch. 52
လူဝံအိုကြီးက မိန်းမပျို၏ရှေ့ကို ခြေတစ်လှမ်းတည်းနှင့် ရောက်လာခဲ့သည်။ ထို့နောက် လက်ကိုမြှောက်လိုက်ပြီး သူမ၏ခေါင်းကို လက်သီးနှင့် ထိုးလိုက်၏။
မိန်းမပျိုက သူမ၏အစိမ်းရောင် ဓားမောက်နှင့် တိုက်ခိုက်မှုကို တားဆီးထားလိုက်ပြီး လူဝံအိုကြီး၏ လက်ကောက်ဝတ်ကို ဓားနှင့် ခုတ်လိုက်သည်။ ထို့နောက် သူမက ဓားရှည်နှင့် လူဝံအိုကြီး၏ နှလုံးနေရာကို လှမ်းထိုးလိုက်၏။
လူဝံအိုကြီးက သူ၏လက်နှင့် ဓားမောက်၏ ဓားသွားကို ညှပ်ထားလိုက်ပြီး တစ်ချိန်တည်းတွင် တခြားလက်တစ်ဖက်နှင့် ဓားရှည်၏ထိပ်ဖျားကို ချုပ်ကိုင်ထားလိုက်သည်။
လူဝံအိုကြီးက မိန်းမပျိုလေးကို သတ်ဖြတ်ရန် ကြိုးစားခဲ့သည်မှာ ဟန်ဆောင်လိုက်ခြင်းဖြစ်ပြီး သူ၏အစစ်အမှန် ရည်ရွယ်ချက်ကတော့ မိန်းမပျို၏ဓားများ ဆွဲထုတ်လာရန် မျှားခေါ်လိုက်ခြင်း ဖြစ်သည်။
အရှေ့ပိုင်းကုန်းမြေကြီးထဲတွင် ဓားအထွဋ်အမြတ်နယ်မြေတစ်ခုမှ ရောက်လာသော တောင်ရွှေ့လူဝံကြီးက ကြည့်လိုက်ရုံနှင့် ထိုဓားများက ထူးခြားကြောင်း ပြောပြနိုင်သည်။
လူဝံအိုကြီးက ဒုတိယတစ်ကြိမ် သူ၏ချီစွမ်းအားများကို အသုံးပြုရန် တွေဝေမနေခဲ့ပေ။ ဓားထိပ်ဖျားက လူဝံအိုကြီး၏ရင်ဘတ်ကို ထိုးစိုက်သွားခဲ့သော်လည်း နှလုံးသားကို ထိုးဖောက်မိရန် တစ်လက်မခန့် လိုသေးသည်။ ထိုအချိန်တွင် လူဝံအိုကြီးက အတော်လေး နောက်ကျသွားပြီဟု ခံစားမိနေသေး၏။
အခြေအနေက ဆိုးရွားကြောင်း မြင်လိုက်ရသည့်အခါ နင်ယောင်က ဓားရှည်၏လက်ကိုင်ကို လွှတ်ပေးလိုက်ပြီး သူမ၏ဓားမောက်ကိုသာ အစွမ်းကုန် ဆွဲထုတ်လိုက်သည်။ ဓားမောက်က လူဝံအိုကြီး၏ လက်ဖဝါးထဲမှ လျှောထွက်လာပြီး သံချင်းထိခိုက်သံတစ်ခုပင် ထွက်လာခဲ့၏။
ဓားမောက်ကို ဆွဲထုတ်လိုက်ပြီးနောက် မိန်းမပျိုက နောက်သို့ ယိုင်သွားခဲ့ပြီး လျင်မြန်စွာ ဆုတ်ခွာသွားခဲ့သည်။ ထင်ထားသည့်အတိုင်း လူဝံအိုကြီးက ဘေးဘက်သို့လှည့်ပြီး ဓားရှည်၏ထိပ်ဖျားကို နောက်ပြန်လွှဲပစ်လိုက်သည်။ ထိုဓားရှည်က မီတာအနည်းငယ်ခန့် အကွာသို့ လွင့်သွားခဲ့၏။ ထို့နောက် မိန်းမပျိုကို ခြေထောက်နှင့် ကန်လိုက်သည်။
မိန်းမပျိုက ဓားရှည် ကိုင်ထားခဲ့သော ညာဘက်လက်ကို မြှောက်လိုက်သော်လည်း လူဝံကြီး၏ ကန်ချက်ကို ခံလိုက်ရ၏။ ကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်လာပြီး မိန်းမပျိုက မီတာ (၂၀) ခန့်အကွာထိ လွင့်သွားခဲ့သည်။ သူမက မြေပေါ်သို့ အရှိန်ပြင်းစွာ လဲကျသွားခဲ့၏။ ထို့နောက် သူမ၏ဓားမောက်ကို မြေကြီးတွင်စိုက်ပြီး ပြန်ထလိုက်ရသည်။
ဓားမောက်၏ထိပ်ဖျားက မြေကြီးထဲတွင် တစ်ပေခန့် စိုက်ဝင်နေပြီးမှ သူမ၏ ခန္ဓာကိုယ်ကို ထိန်းနိုင်ခဲ့၏။ စမ်းချောင်းထဲတွင် ရှိနေသော မြေသားများက ပျော့ပျောင်းပြီး မြေပြင်ပေါ်တွင် ရှိနေသော ကျောက်တုံးများက လုံးဝိုင်း၍ ချွန်ထက်မှုမရှိသည်မှာ ကံကောင်းသွား၏။ ရလဒ်အနေနှင့် မိန်းမပျို၏နောက်ကျောက ဆိုးဆိုးဝါးဝါး ထိခိုက်သွားရခြင်း မရှိချေ။
လူဝံအိုကြီးက မိန်းမပျိုကို အသက်ရှူခွင့်မပေးတော့ပဲ လှမ်းခုန်လိုက်၏။
ယခုတစ်ကြိမ်တော့ မိန်းမပျိုက သူမ၏ဓားမောက်ကို ပြန်ဆွဲထုတ်နိုင်ခဲ့ခြင်းပင် မရှိတော့ချေ။ သူမက နောက်ကို ဆက်တိုက် ဆုတ်သွားနေရ၏။ လူဝံအိုကြီးကတော့ မိန်းမပျို၏ နောက်သို့ လိုက်သွားခဲ့ခြင်း မရှိချေ။ ခြေချလိုက်ပြီးနောက် ထိုနေရာတွင် ရပ်လိုက်ပြီး သူ၏ခြေထောက်တစ်ဖက်နှင့် ဓားမောက်၏လက်ကိုင်ပေါ်ကို ဖိနင်းချလိုက်သည်။
မိန်းမပျိုက မော့ကြည့်လိုက်သည့်အချိန်တွင် ဒူးတစ်ဖက် ထောက်ထားသော လူဝံကြီးက ထိုဓားမောက်ကို မြေပြင်ထဲသို့ နစ်ဝင်သွားစေရန် အားစိုက်ခဲ့သည်။ လူဝံအိုကြီး၏မျက်နှာပေါ်တွင်လည်း ခရမ်းရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာနေသည့်အတွက် ညအမှောင်ထဲတွင် တလက်လက် တောက်ပနေပုံရသည်။
သူက ခနဲ့သလို ပြောလိုက်၏။
"မင်းက ဓားရှည်နဲ့ ဓားမောက် (၂) မျိုးစလုံးကို လေ့ကျင့်ထားတယ်။ ဒါပေမဲ့ အဆုံးသတ်ကတော့ သနားစရာပဲ…"
မိန်းမပျိုက မတ်တပ်ရပ်လိုက်ပြီး ပါးစပ်ထဲသို့ ပျို့တက်လာသော သွေးများကို မျိုချလိုက်သည်။
"ရှင်လုပ်နိုင်တာ ဒါအကုန်ပဲလား…"
လူဝံကြီးက ခေါင်းခါပြီး ပြုံးလိုက်၏။
"ငါက မင်းကို အခုပဲ နောက်ထပ်အခွင့်အရေးပေးနေတာ..."
နင်ယောင်က ပင့်သက်ရှိုက်မိလိုက်ပြီး ပြန်ဖြေလိုက်သည်။
"ကျွန်မရဲ့မွေးရပ်မြေမှာ သူသေကိုယ်သေတိုက်ပွဲတစ်ခုက မိဘတွေနဲ့ ဘာမှမဆိုင်ဘူး။ ရှင့်မှာ ကျွန်မကို မျှမျှတတ တိုက်ခိုက်ပြီး သတ်နိုင်တဲ့ အရည်အချင်းရှိတယ်ဆိုရင် ကျွန်မက ရှင့်လောက် အစွမ်းမထက်ဘူးဆိုတာ ဝန်ခံတယ်။ ကျွန်မရဲ့မိဘတွေက နောက်ပိုင်းအကြောင်းပြချက်ကို ရှာတွေ့တယ်ဆိုရင်တောင် အရှေ့ပိုင်းကုန်းမြေကြီးထဲမှာ ရှင့်ကိုပဲလာပြီး ပြဿနာရှာမှာ...။ သူတို့က ကျန့်ယန်တောင်ကို ဒုက္ခပေးမှာ မဟုတ်ဘူး။ ဒါကြောင့် ရှင်က စိတ်အေးအေးနဲ့ တိုက်ခိုက်လို့ရတယ်…"
ထိုမိန်းကလေးက ပထမဆုံးအကြိမ် အလွန်စကားများနေသည်ကို လူဝံအိုကြီးက ကြားလိုက်ရခြင်း ဖြစ်သည်။ သူမက စကားပြောဆိုခြင်းနှင့် အပြုအမူပိုင်းတွင် အလွန်လေးနက်သော မျက်နှာကာဦးထုပ်ဆောင်းထားသည့် မိန်းမပျိုနှင့် အလွန်ကွဲပြားသည်။
ထိုအချိန်တွင် လူဝံကြီး၏ နောက်ကျောဘက်မှနေ၍ အေးစက်သွားသလို ခံစားလိုက်ရသည့်အတွက် သူက အနောက်ဘက်ကို လျင်မြန်စွာ လှည့်ကြည့်လိုက်သည်။ အဖြူရောင်အလင်းတန်းတစ်ခုက သူ့လည်ပင်းကို ဖြတ်သွားပြီး ဓားထိပ်ဖျားကြောင့် ဒဏ်ရာတစ်ခု ပေါ်လာခဲ့၏။
အကယ်၍ သူသာ ပြန်လှည့်မလာခဲ့လျှင် ထိုဓားက လူဝံကြီး၏လည်ပင်းကို ထိုးဖောက်မသွားလျှင်ပင် ဆိုးဆိုးဝါးဝါး ဒဏ်ရာရသွားနိုင်သည်။ အနည်းဆုံးတော့ သူက ဆိုးဆိုးဝါးဝါး အော်ဟစ်ရနိုင်၏။ ခြေတစ်လှမ်း မှားသွားခြင်းက ခြေလှမ်းပေါင်းများစွာကို မှားယွင်းသွားစေနိုင်သည်။
အကယ်၍ သူကသာ အစစ်အမှန် ခန္ဓာကိုယ်ကို ထုတ်သုံးလိုက်မည်ဆိုလျှင် ဤနေရာ၌ ဆုံးရှုံးသွားရမည်ဖြစ်ကြောင်း တွေးမိထားပြီး ချီကျင့်ချွန်နှင့် ဆရာရွမ်တို့ကို အချေအတင်ပြောဆို၍ မရနိုင်တော့ပေ။ သူ့ကြောင့် သူ့သခင်မလေးကပင် ပြဿနာဖြစ်သွားနိုင်ပြီး ဤကမ္ဘာကြီးထဲတွင် အန္တရာယ်များကို တစ်ယောက်တည်း ရင်ဆိုင်ခွင့်ပေးရတော့မည် ဖြစ်သည်။
နောက်ဆုံးတွင်တော့ ကျန့်ယန်တောင်မှ လူဝံအိုကြီးက တတိယတစ်ကြိမ် ဒေါသထွက်လာခဲ့၏။ ဓားပျံက ဓားအိမ်ထဲသို့ ပြန်ဝင်သွားခဲ့ခြင်းမရှိဘဲ မိန်းကလေး၏ ပတ်ပတ်လည်တွင် လှည့်ပတ်နေပြီး သူ့သခင်ကို ကာကွယ်ပေးနေသည်။
ထိုအရာကို မြင်လိုက်သည့်အချိန်တွင် လူဝံအိုကြီးက အလွန်ဒေါသထွက်သွားသည့်အတွက် ကျယ်လောင်စွာ အော်ရယ်လိုက်၏။
"ကောင်းတယ် .. ကောင်းတယ် .. ကောင်းတယ်။ ငါက စုန့်ချန်ကျင့်နဲ့ တိုက်ခိုက်ဖို့ အချိန်ကောင်းကောင်းမရခဲ့ဘူး။ ငါက မင်းနဲ့အရင်ဆုံး တိုက်ခိုက်ရတာပေါ့။ မင်းရဲ့ခန္ဒာကိုယ်က တိုက်ခိုက်မှု ဘယ်နှစ်ကြိမ် ခံနိုင်ရည်ရှိမလဲ ကြည့်ချင်သေးတယ်…"
မိန်းမပျိုက လူဝံကြီး၏မျက်နှာပေါ်တွင် ရှိနေသော ခရမ်းရွှေရောင် အငွေ့အသက်များကို သေချာဂရုတစိုက် စစ်ဆေးကြည့်နေပြီး အနည်းငယ် မျက်မှောင်ကြုတ်နေမိ၏။ သူ တွေးထားသည်နှင့် မတူတော့သည်မှာ ထိုလူဝံအိုကြီးက သူ၏အတွင်းအားများ၊ မှော်စွမ်းအားများကို (၃) ကြိမ်တိတိ သုံးခဲ့သော်လည်း စွမ်းအားအနည်းငယ် ကျန်နေသေးသည်။
ထိုအရာက သူ၏ပင်မသွေးကြောပေါက်တွင် ရှိနေသော စွမ်းအားများကို ပျက်စီးသွားစေပြီး သူ၏အစစ်အမှန် ပုံစံပေါ်လာအောင် တွန်းအားပေး၍ မရနိုင်သေးပေ။ ထို့ပြင် လူတစ်ယောက်ကို သက်တမ်းတိုအောင် လုပ်ဆောင်ခြင်းက အထက်ဘုံ (၅)ဆင့် အောက်တွင် ရှိနေသော လူသားကျင့်ကြံသူများအတွက် အလွန်အမင်းကို သေစေနိုင်လောက်သည်။
ထိုအရာက တောင်ရွှေ့လူဝံကြီးအတွက် နာကျင်စရာကောင်းသော်လည်း လူသားများကဲ့သို့ သေစေနိုင်လောက်သော အခြေအနေတော့ မဟုတ်ချေ။
မိန်းမပျိုက သူမ၏လက်ချောင်းလေးများကို အနည်းငယ် လှုပ်ရှားလိုက်ရာ ဓားရှည်ကလည်း လက်ဟန်အတိုင်း လည်ပတ်နေခဲ့သည်။ သူမက ပြုံးလိုက်၏။
"ဒါကြောင့်လည်း အရှေ့ပိုင်းကုန်းမြေမှာရှိတဲ့ ကျန့်ယန်တောင်က ပြောပလောက်စရာ မရှိဘူးလို့ ကျွန်မရဲ့အဖေက ပြောခဲ့တာပဲ။ ရှင်က မောက်မာပေမယ့် ရှင့်ရဲ့ဓားအငွေ့အသက်တွေကတော့ အားနည်းတယ်.."
လူဝံကြီး၏ဆံပင်နှင့် မုတ်ဆိတ်မွေးများက ထောင်လာခဲ့သည်။ သူက ဒေါသတကြီး အော်ပြောလိုက်၏။
"မင်းက သေချင်နေတာပဲ…"
သူက ကိုယ့်အခြေအနေကိုယ် မသိသော မိန်းကလေးဆီသို့ ခုန်လာခဲ့သည်။
နင်ယောင်က ဆက်လက် တိုက်ခိုက်နေခြင်းမရှိတော့ပဲ မြောက်ဘက်ကို ပြေးသွားခဲ့၏။ သူမက လမ်းတလျှောက်တွင် အန္တရာယ်များ ဝိုင်းရံနေခဲ့သည်။ အကယ်၍ ဓားပျံကသာ ဆိုင်းဘုတ်ပေါ်မှ စကားလုံး (၂) ခုကို မရခဲ့လျှင် ဓား၏အငွေ့အသက်များ စိတ်ဝိညာဉ်ဆန္ဒများက မြင့်တက်လာလိမ့်မည် မဟုတ်ချေ။
ထို့ပြင် သူက မိန်းကလေးနှင့် စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုရှိနေပြီး သူမ အလိုရှိသည့်အတိုင်း ဓားနှင့် တိုက်ခိုက်နိုင်သည်။ ထိုဓားရှည်ကိုယ်တိုင်က အလွန်ထူးခြားသော တည်ရှိမှုတစ်ခုဖြစ်နေပြီး လူဝံအိုကြီး၏ တိုက်ခိုက်မှုပေါင်းများစွာကို တားဆီးကာကွယ်၍ သူ့သခင် ထွက်ပြေးနိုင်ရန် ကူညီပေးနေခဲ့သည်။
အကယ်၍ ထိုအရာကသာ အခက်အခဲများစွာကို ကျော်ဖြတ်ပြီး လေ့ကျင့်ထားခဲ့သော အသက်ပစ္စည်းတစ်ခု ဖြစ်နေလျှင်တော့ လူဝံအိုကြီးက အံ့သြနေလိမ့်မည် မဟုတ်ချေ။ သို့သော် ထိုဓားရှည်က ထူးဆန်းသော မိန်းမပျို၏ အသက်ဓားပျံ မဟုတ်ကြောင်း လူဝံအိုကြီးက ရှင်းရှင်းလင်းလင်း ခံစားမိနေခဲ့သည်။
သူမက နတ်ဘုရားလက်နက် အနည်းငယ်နှင့် သိုင်းလောကတွင် ခရီးသွားလာနေသော သာမန်သိုင်းပညာရှင် တစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ သူမက ဓားထက်ရန်သာ လိုအပ်၏။ သူမ၏ပုံစံက ဓားနှလုံးသားနှင့် ဓားဝိညာဉ်ကို လေ့ကျင့်ထားသော ဓားကျင့်ကြံရေးလမ်းကြောင်းကို လျှောက်လှမ်းနေပုံရသည်။
ထိုမိန်းကလေးက သိုင်းပညာရှင်တစ်ယောက် မဟုတ်သည်မှာ ထူးဆန်းနေသည်။ ခန္ဓာကိုယ်ကို ထုဆစ်ရန် အလေးထားရသော သိုင်းပညာရှင် တစ်ယောက်ဆိုလျှင် ကမ္ဘာလောကကြီး ပြိုလဲသွားလျှင်ပင် ထာဝရရှင်သန်ခြင်းကိုသာ လိုချင်ကြ၏။ အကယ်၍ သူမကို လက်နက်တစ်ခုက ကျော်လွန်သွားမည်ဆိုလျှင်တော့ ထိုအရာက တခြားလမ်းကြောင်းတစ်ခုကို ပြောင်းလဲသွားပါလိမ့်မည်။
လူဝံအိုကြီးက လမ်းတလျှောက်တွင် မိန်းမပျိုကို မဖမ်းနိုင်ရသည့် အကြောင်းပြချက်ကတော့ ဓားပျံ၏ နှောင့်ယှက်မှုက တစ်စိတ်တစ်ပိုင်း ဖြစ်နေသည့်အပြင် မိန်းမပျိုက နည်းလမ်းများစွာကို သင်ယူထားခဲ့ခြင်းကြောင့်လည်း ဖြစ်သည်။
သူမက ဓားကျင့်ကြံသူတစ်ယောက် ၊ သိုင်းပညာရှင်တစ်ယောက်နှင့် ချီကျင့်ကြံသူတစ်ယောက် ဖြစ်နေခဲ့၏။ သူမ၏အငွေ့အသက်များက သန့်စင်ပြီး မြင့်မားသည်။ အရှေ့ပိုင်းကုန်းမြေကြီးထဲတွင် မည်ကဲ့သို့သော ဂိုဏ်းတစ်ခုက ထိုကဲ့သို့ ထူးဆန်းသည့် လူငယ်တစ်ယောက်ကို လေ့ကျင့်ပေးနေကြောင်း လူဝံကြီးလည်း အဖြေမရှာနိုင်ခဲ့ပေ။
ထို့ကြောင့် သူက နောက်ကြောင်းကို စစ်ဆေးနိုင်ရန် တိုက်ခိုက်နေသည့်အချိန်တွင် သတိထားနေရ၏။ မည်သို့ဖြစ်စေကာမူ သူတို့ကသာ မြို့ငယ်လေး၏အနားသို့ မရောက်သရွေ့ အခြေအနေက မည်မျှဆိုးရွားနေကာမူ လူဝံကြီးက စိုးရိမ်နေခြင်း မရှိချေ။
ထွက်ပြေးနေသော မိန်းမပျို၏ အမူအရာက တဖြည်းဖြည်း ဖြူဖပ်ဖြူရော် ဖြစ်လာ၏။
"ပျံသန်းမှုရဲ့အဆုံးမှာ မြားတစ်စင်းရှိတယ်…"
လူဝံအိုကြီးက ပြုံးလိုက်၏။
"မင်းက မြို့ကိုပြန်ရောက်တဲ့အချိန်ထိ အသက်ရှင်နိုင်ဖို့ မပြောနဲ့။ တကယ်လို့ မင်းက ကံကောင်းပြီး အောင်မြင်သွားမယ်ဆိုရင်တောင် ငါက မင်းကို မသတ်နိုင်ဘူးလို့ ထင်နေတာလား…"
လူဝံအိုကြီးက မိန်းမပျို၏ခေါင်းပေါ်မှ ကျော်သွားပြီး သူမ ပြေးနေသော လမ်းပေါ်တွင် ဆင်းသက်လိုက်သည်။ သူက ပြန်လှည့်လာပြီး မြောက်ဘက်သို့ ပြေးနေသော မိန်းမပျို၏လမ်းကို တားဆီး၍ ဓားပျံကို လက်သီးနှင့် တိုက်ခိုက်လိုက်ရာ ဓားပျံက မီတာ(၃၀၀) ခန့်အကွာသို့ လွင့်သွားခဲ့သည်။
သို့သော် ဓားပျံက မျက်စိတမှိတ်အတွင်း ပြန်ရောက်လာပြီး လူဝံကြီး၏ခေါင်းကို နောက်တစ်ကြိမ် တိုက်ခိုက်လိုက်ပြန်သည်။ လူဝံကြီးက ထိုဓားပျံကို လက်ဖဝါးထဲတွင် တင်းတင်းကျပ်ကျပ် ချုပ်နှောင်ထားရန် ကြိုးစားခဲ့သည့်အချိန်တွင် သူက ကြိုတင်သိနေသည့်အလား နောက်ဆုတ်သွားခဲ့ပြီး တိုက်ခိုက်ခဲ့ခြင်း မရှိချေ။
ထိုဓားပျံက လေ၏အလျင်ကဲ့သို့ ရောက်ရှိလာနေသည့်အတွက် ခုခံကာကွယ်ရန် လုံးဝ မဖြစ်နိုင်ပေ။ လူဝံအိုကြီး၏အရေပြားက မည်မျှမာကျောစေကာမူ ဒဏ်ရာများက တဖြည်းဖြည်း ဆိုးရွားလာခဲ့သည်။
မိန်းမပျိုက လူဝံကြီးနှင့် ထိပ်တိုက်ရင်ဆိုင်လိုခြင်း မရှိသည့်အတွက် ဘေးကိုရှောင်၍ အရှေ့မြောက်ဘက်ကို ထွက်ပြေးသွားခဲ့သည်။ လူဝံကြီးကတော့ အတည့်အတိုင်း ပြေးလိုက်သွားခဲ့၏။
ထို့နောက် လူဝံအိုကြီးက ဘေးဘက်မှ ပျံသန်းလာသော ဓားပျံကို ရိုက်ချလိုက်ရာ ထိုအရာက ယင်ကောင်တစ်ကောင်ကို ရိုက်ချလိုက်သလို ထင်ရသည်။ နောက်ဆုံးတွင်တော့ ဓားပျံက ရွံ့ထဲမှ ဆွဲထုတ်လိုက်သလို ဖြစ်သွားခဲ့၏။ သူက လေထဲတွင် ပျံသန်းနေရင်း ဓားပျံ၏ထိပ်ဖျားကတော့ ဒေါသထွက်နေသော ကြောင်ရိုင်းလေးတစ်ကောင်ကဲ့သို့ ပြင်းပြင်းထန်ထန် လှုပ်ရှားနေခဲ့သည်။
သိပ်မကြာခင် သူက လူဝံအိုကြီးဆီကို ကြောက်စရာကောင်းစွာ တိုးဝင်လာခဲ့၏။ လူဝံအိုကြီးက စိတ်မရှည်နိုင်တော့ချေ။ သူက မနေနိုင်တော့ပဲ မေးလိုက်၏။
"ဒီဓားပျံက ဒီမှာရှိတဲ့စည်းမျဉ်းတွေကို ဘယ်လိုဖြစ်ပြီး လျစ်လျူရှုနိုင်ရတာလဲ။ မင်းနဲ့ချီကျင့်ချွန်က ဘယ်လိုပတ်သက်နေတာလဲ…"
နင်ယောင်၏နဖူးကို လူဝံအိုကြီးက ရိုက်မိမတတ် ဖြစ်သွားခဲ့သည်။ ခန္ဓာကိုယ်ကို နောက်သို့ ရှောင်လိုက်ပြီးနောက် နင်ယောင်က ဓားပျံ၏လက်ကိုင်ကို လှမ်းဆွဲလိုက်၏။ ထို့နောက် သူက လူဝံအိုကြီး၏ လက်ဖဝါးထဲမှနေ၍ အတင်းအကျပ် ဆွဲထုတ်လိုက်သည်။ သူ့လက်ကို တစ်စုံတစ်ယောက်က နောက်ပြန်ဆွဲထားသလို ခံစားလိုက်ရ၏။
ဓားပျံက အဝေးသို့ ဆွဲခေါ်သွားပြီးနောက် ဘာကြောင့်မှန်း မသိသော်လည်း မိန်းမပျိုက မြို့ထဲသို့ပြန်သွားရန် အခွင့်အရေးကို မယူခဲ့ပေ။ ထိုအစား သူမက နေရာတွင် မတ်တပ်ရပ်နေခဲ့သည်။ သူမက ပြန်လှည့်ကြည့်လိုက်ပြီး သွေးများကို ထွေးထုတ်လိုက်၏။
ဓားပျံကတော့ မိန်းမပျို၏အနားတွင် ပျံဝဲနေပြီး လှုပ်ရှားနေခဲ့သည်။ ထိုအရာက အပြစ်တင်နေသော အကြီးအကဲတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ မိန်းမပျိုက သူမ၏ဘယ်ဘက်ပုခုံးကို ညာလက်နှင့် ဖိထားလိုက်၏။
လူဝံကြီးက ရုတ်တရက် အရှိန်လျှော့လိုက်ပြီး ကျယ်လောင်စွာ ရယ်လိုက်သည်။
"ထင်ထားတဲ့အတိုင်းပဲ ။ ဒီဓားပျံက မင်းကိုသခင်အဖြစ် အသိအမှတ်ပြုထားတာပဲ။ ဒါပေမဲ့ သူက ဓားပျံတစ်လက်ပဲလေ။ သူက ဘယ်လောက်ပဲ ထူးခြားဆန်းကြယ်ပြီး စိတ်ဝိညာဉ်စွမ်းအားတွေရှိရှိ အဲဒီအရာကို ထိန်းချုပ်တဲ့နေရာမှာတော့ မင်းထက် ပိုပြီးနိမ့်ကျနေဦးမယ်။ မင်းရဲ့ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်က မြို့ထဲမှာ ဆိုးဆိုးဝါးဝါး ဒဏ်ရာရခဲ့ပြီး အခုအချိန်ထိ ပြန်မကောင်းသေးတာ ကံဆိုးသွားတယ်။ ဒါကြောင့် မင်းက သူ့ကို မထိန်းချုပ်နိုင်ဘူး။ ဒါကြောင့်လည်း ပြတ်တောင်းပြတ်တောင်းဖြစ်နေပြီး သူ့သဘောအတိုင်း တိုက်ခိုက်နေရတာ...။ ဘယ်လိုပဲဖြစ်ဖြစ် မင်းက ငါ့ကို ဆိုးဆိုးဝါးဝါး ဒဏ်ရာရစေချင်တာ မဟုတ်ဘဲ ကိုယ့်အသက် ကိုယ်ကာကွယ်ဖို့ပဲ လှုပ်ရှားနေတာ...။ ဒါကြောင့် မင်းဆီမှာ ရွေးချယ်စရာမရှိဘဲ မင်းရဲ့စိတ်နဲ့ပဲ ဓားပျံကို ထိန်းချုပ်နေရတာ...."
နောက်ဆုံးတွင်တော့ မိန်းမပျိုက နောက်တစ်ကြိမ် စကားပြောလိုက်သည်။
"ရှင် စကားပြောတာ အရမ်းများနေပြီ…"
သူမ၏နှုတ်ခမ်းလေးက နီရဲနေပြီး သူမ၏မျက်နှာက ဖြူဖွေးနေသည်။ သူမက အစိမ်းရင့်ရောင်ဝတ်စုံကို ဝတ်ဆင်ထားခဲ့၏။ ညလယ်ခေါင်တွင် မိန်းမပျိုက တောတောင်ထဲတွင် သွားလာနေသော တစ္ဆေမိန်းကလေးကဲ့သို့ ထင်ရသည်။
လူဝံအိုကြီးက ရှေ့ကို တစ်လှမ်းချင်းဆီ လျှောက်လာခဲ့၏။
"မင်းမှာ ဓားကောင်းတစ်လက်ရှိပေမယ့် မင်းရဲ့ခန္ဓာကိုယ်က အားနည်းတယ်။ တော်တော်လေး သနားဖို့ကောင်းတာပဲ။ မင်းနဲ့လမ်းကြားထဲက ကောင်လေးက ငါ့ရဲ့အငွေ့အသက်တွေ ပြောင်းလဲလာအောင်လုပ်ဖို့အတွက် အရာအားလုံးကို ကြိုးစားခဲ့ကြတယ်။ အဲဒါဆိုရင် ဒီကမ္ဘာကြီးက ဖိနှိပ်လာမှာပေါ့။ မိန်းကလေး … အခုတော့ မင်းက မခန့်မှန်းကြည့်တော့ဘူးလား။ တတိယတစ်ကြိမ် စွမ်းအားတွေ သုံးပြီးသွားတဲ့အချိန်မှာ နောက်တစ်ကြိမ် လှုပ်ရှားလိုက်တာနဲ့ ကောင်းကင်ဘုံရဲ့ဒေါသကို ရင်ဆိုင်ရမှာလား။ ငါက စီးဝင်လာတဲ့ပင်လယ်ရေတွေကို ခုခံရမှာလား…"
မိန်းမပျိုက လှပစွာ ပြုံးလိုက်သည်။ သူမက ဓားထိပ်ဖျားကို ခြေထောက်နှင့် ကန်လိုက်ပြီး နောက်ပြန်ခုန်သွားခဲ့၏။ သူမက (၃) မီတာခန့် အမြင့်နှင့် (၁) မီတာခွဲခန့် အကွာအဝေးသို့ ရောက်သွားခဲ့သည်။
သူမ၏နောက်ကို လိုက်သွားချင်နေသော လူဝံအိုကြီးက အံ့သြသွားခဲ့၏။ သူကတော့ လှည့်ကွက်တစ်ခု ဖြစ်နေမှာ စိုးသည့်အတွက် ရှေ့ကို ဖြည်းညင်းစွာ လျှောက်လာပြီး အခြေအနေကို စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
တစ်ဆက်တည်းဆိုသလိုပင် လေထဲ၌ ရှိနေသော သူမက ခြေဖျားလေးကို နောက်တစ်ကြိမ် ထောက်လိုက်ပြန်သည်။ ယခုတစ်ကြိမ်တော့ သူမ၏ခြေဖျားထဲတွင် စွမ်းအားများ ပို၍ပေါင်းထည့်လိုက်ပြီး သူမ၏ခြေချင်းဝတ်ကို လှုပ်ရှားလိုက်သည်။
သူမက နောက်သို့ အတည့်အတိုင်း ခုန်သွားခဲ့ခြင်းမရှိဘဲ ညာဘက်သို့ ခုန်သွားခဲ့ခြင်း ဖြစ်သည်။ မိန်းမပျိုက အောက်သို့ မကျသေးခင် ဓားပျံက မိန်းမပျို၏ ခြေထောက်အောက်ကို ရောက်လာခဲ့၏။ ထို့ကြောင့် မိန်းမပျိုက ဓားပျံကို အသုံးချပြီး နောက်သို့ဆက်၍ ခုန်ရှောင်သွားခဲ့သည်။
ထိုမြင်ကွင်းကြောင့် အလွန်အတွေ့အကြုံများသော လူဝံအိုကြီးကပင် အံ့ဩမှင်တက်သွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူ့ရှေ့တွင် မြင်နေရသော မြင်ကွင်းက အလွန်ထူးဆန်းနေသည်။
မိန်းမပျိုက မှန်တစ်ချပ်ပေါ်တွင် ခုန်နေသော သမင်ငယ်လေးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ သူမက အလွန်သွက်လက်ပေါ့ပါးသော အငွေ့အသက်တစ်ခုနှင့်အတူ ဆက်၍ ခုန်နေပြီး သိပ်မကြာခင် ကောင်းကင်ကြီးပေါ်၌ ပျောက်ကွယ်သွားခဲ့သည်။
အဘိုးအိုက လမ်းတစ်ဝက်တွင် အလစ်ချောင်း တိုက်ခိုက်မှာကို စိုးရိမ်နေသည့်အတွက် သူမက ဆက်၍ ခုန်သွားခဲ့ခြင်း ဖြစ်သည်။ သူမက ဘယ်ဘက်မှ ညာဘက် ၊ မြင့်ရာမှ နိမ့်ရာ ၊ ရှေ့မှနောက်သို့ ခုန်သွားခဲ့၏။ လူဝံအိုကြီးက ပါးစပ်ဟလိုက်ပြီး အလွန်ရှုပ်ထွေးသော အမူအရာနှင့် ကောက်ချက်ချလိုက်သည်။
"တော်တော်ကို ဉာဏ်များကြတာပဲ…"
ထိုသို့ဆိုရာတွင် လူဝံအိုကြီးကတော့ မိန်းကလေးကို ထွက်ပြေးသွားခွင့် မပေးပေ။ သူက ခြေထောက်ကို အနည်းငယ် လှုပ်ရှားလိုက်ပြီး ကျောက်ခဲလေးများကို ကောက်လိုက်၏။ ထို့နောက် လက်ထဲတွင် ကိုင်ထားပြီး လေထဲကို မြှောက်ကြည့်လိုက်သည်။
ထို့နောက် လေ၏အရှိန်နှင့် မိန်းမပျိုဆီကို ပစ်လွှတ်လိုက်သည်။ ကျောက်တုံးအများစုက လွဲချော်သွားခဲ့သော်လည်း (၇) တုံး (၈) တုံးခန့်ကတော့ ထိုမိန်းမပျိုအတွက် အန္တရာယ် ဖြစ်နေစေသည်။ ထို့ကြောင့် သူမက ဓားပျံကိုသုံးပြီး ထိုကျောက်တုံးများကို ဖျက်ဆီးပစ်နေရ၏။
လေထဲ၌ ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာနေသည်မှာ မိုးကြိုးများကဲ့သို့ ဖြစ်နေသည်။ လူဝံအိုကြီးကတော့ မျက်နှာပျက်နေခဲ့၏။ မိန်းမပျိုကတော့ တစ်ခုတည်းကိုသာ အလေးထားနေပုံရသည်။ တခဏအတွင်း သူမက ဓားပျံကို ထိန်းချုပ်ပြီး ကျောက်တုံးများ အားနည်းသွားသော အမြင့်အထိ ပျံသန်းသွားခဲ့သည်။
သူမကတော့ တိုက်ပွဲ၏အစွန်မှနေ၍ ရန်သူမြားသမားများ ပင်ပန်းသွားအောင် မျှားခေါ်နေသော လူတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ သူမက မြို့၏အနောက်ဘက်နှင့် နီးကပ်နေပြီ ဖြစ်၏။ လူဝံအိုကြီးက ကျန်ရှိနေသော မိန်းမပျို၏ အငွေ့အသက်ကို အကြမ်းဖျင်း ခန့်မှန်းမိခဲ့သည်။ သူ့ဆီတွင် စွမ်းအားများများ မကျန်တော့ပေ။
ထို့ကြောင့် သူက လက်သီးဆုပ်အရွယ် ကျောက်တုံး (၂) တုံးကို ကောက်ယူလိုက်သည်။ ထိုအရာကို လက်တစ်ဖက်ဆီတွင် ကိုင်ထားပြီး ရှေ့ကို လျှောက်သွား၍ အားနှင့် လွှဲပစ်လိုက်၏။ သူ၏ ကြွက်သားများကပင် ကြီးမားလာခဲ့သည်။ ထိုအရာက အလွန်အံ့သြစရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်၏။
ကျောက်တုံးများက လေထဲသို့ ထိုးဖောက်သွားသည့်အချိန်တွင် 'တဝှီးဝှီး' မြည်သံများကိုပင် ကြားနေရ၏။ သူတို့နှင့်အတူ မီးပွားများလည်း ထွက်ပေါ်လာခဲ့သည်။ သူတို့က ကောင်းကင်ကြီးပေါ်ကို မီးနဂါးများကဲ့သို့ တက်လှမ်းသွားခဲ့သည်။
လူဝံအိုကြီးက အော်ပြောလိုက်၏။
"ဆင်းလာခဲ့စမ်း..."
ထိုအချိန်တွင် ကောင်းကင်ပေါ်၌ တလက်လက် တောက်ပနေသော လျှပ်စီးကြောင်းတစ်ခု ပေါ်လာပြီး ကျယ်လောင်သော မိုးခြိမ်းသံကြီးတစ်ခု ကြားလိုက်ရသည်။
မိန်းမပျိုက ပလုံးပထွေး အော်ဟစ်လိုက်ရပြီး သူမ၏ခန္ဓာကိုယ်က အောက်သို့ စ၍ ကျလာခဲ့ရ၏။ အရက်မူးသမားတစ်ယောက်ကဲ့သို့ မူးဝေသွားခဲ့သော ဓားပျံက အော်ဟစ်နေသော်လည်း အစွမ်းကုန်ကြိုးစားပြီး သူ့သခင်ဆီသို့ ပျံသန်းလာနေသည်။
လူဝံအိုကြီးက မိန်းကလေးနှင့် ဓားပျံတို့ကို မကြည့်တော့ပေ။ ထိုအစား မျက်မှောင်ကြုတ်လိုက်မိပြီး မြို့၏အနောက်ဘက်တွင် ရှိနေသော အမိုးတစ်ခုပေါ်ကို စိုက်ကြည့်လိုက်၏။
အနက်ရောင်လူရိပ်တစ်ခု လှုပ်ရှားသွားသည့်အချိန်တွင် လူဝံကြီးက တခြားခြေထောက်တစ်ဖက်ကို အားနှင့် ဆောင့်လိုက်ပြီး လက်ထဲတွင် ကျန်နေသော ကျောက်ခဲနှင့် လှမ်းပစ်လိုက်၏။ သူက ကျယ်လောင်စွာ အော်ပြောလိုက်သည်။
"ကယ်တဲ့သူက အရင်သေရမယ်…"
မိန်းမပျိုက သွေးအန်လိုက်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်၏။
"ထွက်မလာခဲ့နဲ့…"
ဆိုးဆိုးဝါးဝါး ဒဏ်ရာရနေသော မိန်းမပျိုက ထိုမြင်ကွင်းကို ကြည့်မနေနိုင်ခဲ့ပေ။ ထိုအချိန်တွင် သူမက အလွန်စိတ်ဓာတ်ကျနေပြီး သူမ၏ဓားလက်ကိုင်ကို ခက်ခက်ခဲခဲ ဆုပ်ကိုင်လိုက်သည်။ သူမက လက်တစ်ဖက်တည်းနှင့် မကိုင်နိုင်သည့်အတွက် ဓားကိုင်ရန် တခြားလက်တစ်ဖက်ကို လျင်မြန်စွာ ပြောင်းလဲလိုက်ရသည်။
သူမက ထိုကဲ့သို့ အကြိမ်ကြိမ် လုပ်ဆောင်နေပြီး အောက်သို့ ကျလာသည့်အရှိန်ကို နှေးကွေးလိုက်၏။ သူမ၏ ဉာဏ်ကောင်းမှုက လူငယ်လေးကို သတ်ပစ်လိုက်သလို ဖြစ်သွားလိမ့်မည်ဟု နင်ယောင်လည်း မထင်ထားခဲ့ပေ။
ထိုမြက်ဖိနပ်နှင့် လူငယ်လေးက နောက်ကျောတွင် ခြင်းတောင်းတစ်ခုကိုသယ်ပြီး ခါးတွင် ငါးခြင်းတောင်းလေးတစ်ခုကို အမြဲချည်နှောင်ထားတတ်သည်။ သူက နေ့စဉ်နေ့တိုင်း လေပွေတစ်ခုကဲ့သို့ သွားချည်ပြန်ချည်လုပ်နေပြီး ငွေကြေးရှာဖွေရန်နှင့် ဆေးကြိုရန် အလုပ်များနေခဲ့၏။ ထိုကဲ့သို့ လူငယ်လေးတစ်ယောက်က ယခုလို သေသွားခြင်းကို သူမက လက်မခံနိုင်ခဲ့ပေ။
မိန်းမပျိုက မြေပေါ်သို့ တုန်လှုပ်စွာ ဆင်းသက်လိုက်ပြီးနောက် လက် (၂) ချောင်းကို ဓားပုံသဏ္ဍာန် ဖန်တီးလိုက်ပြီး သူမ၏နဖူးပေါ်တွင် ဖိနှိပ်လိုက်သည်။ သူမက အံကြိတ်ပြီး ပြောလိုက်၏။
"ထွက်လာခဲ့စမ်း...ငါ့ရဲ့ကိုယ်စား ဒီကမ္ဘာကြီးကို ခုတ်ချပစ်လိုက်..."
ထိုအချိန်တွင် မိန်းမပျို၏ နဖူးပေါ်မှနေ၍ ရွှေရောင်မျဉ်းကြောင်းလေးတစ်ခု တဖြည်းဖြည်း ထွက်ပေါ်လာခဲ့သည်။ ထိုအရာက ကောင်းကင်မျက်လုံး ဖွင့်လိုက်သော အင်မော်တယ်တစ်ပါးကဲ့သို့ ထင်ရ၏။
ရှေးဟောင်းတံတား၏ အောက်တွင် လက်ရှိအမိုးတံတား ရှိသည်။ ထိုအချိန်တွင် နှစ်ပေါင်း (၁၀၀၀) ကျော် တံတားအောက်တွင် ရှိနေသော ရေကန်ကို ချိန်ထားသည့် သံချေးတက်နေသော ဓားအိုကြီးက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရာမှ နိုးထလာသော လူတစ်ယောက် သမ်းဝေလိုက်သလို ဖြစ်သွားသည်။ သံချေးတက်နေသော ဓားထိပ်ဖျားက သိမ်မွေ့စွာ လှုပ်ရှားသွားခဲ့၏။
ထို့ကြောင့် အမိုးတံတားက လှုပ်ရှားသွားပြီး စမ်းချောင်းတစ်ခုလုံးကလည်း လှုပ်ရှားသွားသည်။ ကမ္ဘာငယ်လေးတစ်ခုလုံးကပင် လှုပ်ရှားသွားခဲ့၏။
တောင်တန်းများထဲတွင် သွားလာနေသော ချီကျင့်ချွန်နှင့် လူပေါင်းများစွာက တောင်တန်းထဲမှ အတူတူ ပြန်ထွက်လာကြသည်။ ဆရာချီက တောင်တက်လမ်းပေါ်တွင် အေးအေးဆေးဆေး လျှောက်နေခဲ့၏။ သူက ခြေထောက်တစ်ဖက်ကို မြှောက်ပြီး နင်းတော့မည့်အချိန်တွင် ခြေထောက်ကို ဖြည်းညင်းစွာ ပြန်ချထားလိုက်သည်။
ယန်မိသားစုဆေးဆိုင်၏ အနောက်ဘက်ခြံဝန်းထဲတွင် …
အဘိုးအိုယန်က ရေနံဆီမီးခွက်တစ်ခု၏ ဘေးတွင် ထိုင်နေပြီး ငိုက်မြည်းနေခဲ့၏။ သူ ရုတ်တရက် နိုးလာသည့်အချိန်တွင် စားပွဲခုံကို ဆေးတံကြီးနှင့် ခေါက်လိုက်မိသည်။
တာ့လီဦးရီးတော် စုန့်ချန်ကျင့်က ထခုန်လိုက်ပြီး ရုံးတော်ထဲတွင် အကြောင်းပြချက်မရှိ ကြိမ်းမောင်းနေခဲ့၏။
ပန်းပဲဆိုင်၏ အနောက်ဘက် ဓားထုဆစ်ရေး ခြံဝန်းထဲတွင် ရွမ်ချုံက တူထုနေရင်း လွဲချော်သွားခဲ့သည်။ ဓားကိုင်ထားသော မြင်းမြီးဆံပင်နှင့် မိန်းကလေးကလည်း ထိတ်လန့်သွားခဲ့၏။
လူတိုင်းက အရူးတစ်ယောက်ဟု သတ်မှတ်ထားသော မာခူရွှမ်က အမိုးပေါ်တွင် လှဲနေပြီး ညကောင်းကင်ကြီးကို မော့ကြည့်နေခဲ့သည်။ ရုတ်တရက်ဆိုသလို သူလည်း ကြောက်စရာကောင်းသောအကြည့်နှင့် ထထိုင်လိုက်မိ၏။
…………..
ထိုအချိန်တွင် နင်ယောင်က အလွန်ရင်းနှီးသော အသံတစ်ခုကို ကြားလိုက်ရသည်။
"မိန်းကလေးနင် …
ဘာလို့ အရူးတစ်ယောက်လို ရပ်နေရတာလဲ။ ပြေးမယ်လေ။ ကျွန်တော် မသေသေးပါဘူး။ ကျွန်တော်က အဝတ်စတစ်ခုကို စုတ်ဖြဲပြီး လှမ်းပစ်လိုက်တာပါ။ အဲဒီအဘိုးကြီးက ဦးနှောက်မကောင်းဘူး။ ဘာလို့မိန်းကလေးက ဒီလောက်တောင် ရူးရတာလဲ…"
မိန်းမပျိုက အနည်းငယ် ဝမ်းသာသွားခဲ့သည်။ သူမ၏အမိန့်ပြန်တမ်းက ပြည့်စုံတော့မည့် အချိန်တွင် သူမက တိမ်တိုက်များအပေါ်၌ စီးနင်းနေရသလို ခံစားလိုက်ရ၏။ သူမကို လူတစ်ယောက်က ပုခုံးပေါ်တွင်သယ်ပြီး မြို့ငယ်လေးဆီသို့ ပြေးသွားခဲ့သည်။
နင်ယောင်က ရုတ်တရက် နိုးလာခဲ့၏။ သူမ၏ခန္ဓာကိုယ်က လူငယ်လေး၏ပုခုံးပေါ်တွင် တငြိမ့်ငြိမ့် ပါသွားခဲ့သည်။ ထိုအရာကြောင့် သူမက အနည်းငယ် မသက်မသာ ခံစားနေရပြီး ရှက်ရွံ့သွားခဲ့၏။
Translated by Hein Htet.