← Chapters

အခန်း (၅၃)

Vol. 4 Ch. 53

အခန်း (၅၃)

Vol. 4 Ch. 53

ချန်းပင်အန်းက မိန်းမပျိုကိုကယ်ပြီး အလွန်လျင်မြန်စွာ ပြေးသွားနေခဲ့သည်။ သူက တောင်ပေါ်သို့ တက်သည့်အရှိန်ထက်ပင် ပို၍ လျင်မြန်နေသေး၏။

နင်ယောင်က အတွင်းဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိထားသည့်အတွက် အနိမ့်အမြင့် အတက်အကျများကြောင့် အတော်လေး မသက်မသာ ခံစားနေရသော်လည်း ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်နိုင်သေးပေ။ အကယ်၍ လူဝံကြီးကသာ ယခုအချိန် သူမကို လက်သီးနှင့် ထိုးလိုက်မည်ဆိုလျှင် သူမနှင့် ချန်းပင်အန်းတို့ (၂)ယောက်လုံး အတူတူ သေသွားနိုင်ပေသည်။

နင်ယောင်၏ နဖူးပေါ်တွင် ချွေးသီးချွေးပေါက်များ ပြည့်နှက်နေသည်။ သူမက ပြန်မေးလိုက်၏။

“နင်က ဘယ်လိုအသက်ရှင်နေတာလဲ။ ဘာလို့ ကျောက်တုံးက နင့်ကိုမထိခဲ့ရတာလဲ။ လူဝံကြီးရဲ့အစီအစဉ်က ငါ့ကို ပစ်မှတ်ထားနေတာ မဟုတ်ဘဲ နင့်ကို ပစ်မှတ်ထားနေတယ် ဆိုတာကို နင်က ဘယ်လို သိခဲ့တာလဲ…”

မေးခွန်းပေါင်းများစွာကို မေးလိုက်ပြီးနောက် နင်ယောင်က ရုတ်တရက် တစ်စုံတစ်ခုကို နားလည်သွားခဲ့သည်။

“ဒီကိစ္စကို အရင်ဆုံး မပြောတော့ဘူး။ လူဝံကြီးက ခဏအနားယူဖို့ လိုအပ်နေတဲ့အချိန်မှာ ငါတို့က တတ်နိုင်သမျှ ဝေးဝေးပြေးဖို့ လိုတယ်။ ငါက ဓားကို အမိန့်ပေးပြီး လူဝံကြီးကို အချိန်ဆွဲခိုင်းထားတယ်။ ဒါပေမဲ့ သူက အကြာကြီး အချိန်မဆွဲနိုင်လောက်ဘူး..”

လူငယ်က ခေါင်းညိတ်ပြလိုက်ပြီး စမ်းချောင်း၏ အောက်ခြေတွင် ကူးခတ်နေသော ငါးတစ်ကောင်ကဲ့သို့ လမ်းကြားထဲတွင် တတ်နိုင်သမျှ မြန်မြန် ပြေးနေခဲ့သည်။ သူတို့က မြို့၏ အနောက်ဘက်တွင် ရှိနေသော လမ်းကြားနှင့် အ‌တော်ဝေးဝေးကို ရောက်လာခဲ့သော်လည်း ချန်းပင်အန်းကတော့ ပြေးလွှားနေခြင်းကို ရပ်တန့်ခဲ့ခြင်း မရှိချေ။

သူက အသံတိုးတိုးနှင့် ရှင်းပြလိုက်၏။

“အစောပိုင်း ရွှံ့ပုလင်းလမ်းကြားထဲမှာ အဲဒီလူဝံအိုကြီးက ကျွန်တော်လှည့်စားတာ ခံခဲ့ရပြီး အိမ်အစုတ်တစ်လုံးရဲ့ အမိုးပေါ်ကို ခုန်လာခဲ့တယ်။ ပြီးတော့ သူက တွင်းတစ်ခုထဲကို ပြုတ်ကျသွားတယ်။ အဲဒီနောက်မှာ ကျွန်တော်က တစ်ဖက်အိမ်မှာရှိတဲ့ အမိုးကနေ ပျက်စီးသွားတဲ့ အမိုးအုတ်ပြားလေးတစ်ချပ်ကို တိတ်တဆိတ် ပစ်ချလိုက်တယ်။ ထင်ထားတဲ့အတိုင်းပဲ .. ကျွန်တော်က ဂရုမစိုက်မိဘဲ ခြေရာလက်ရာချန်ထားတယ်လို့ အဲဒီလူဝံအိုကြီးက တွေးမိသွားတာပဲလေ။ ပြီးတော့ သူက အဲဒီအမိုးအုတ်ပြားနဲ့ တစ်ဖက်အိမ်မှာရှိတဲ့ အမိုးနံရံဆီကို လှမ်းပစ်ခဲ့တယ်…။ ကျွန်တော်က အရမ်းကို ကြောက်သွားခဲ့တာ…”

“အမှန်အတိုင်းပြောရရင်တော့ ကျွန်တော်က အဲဒီအမိုးပေါ်မှာ ပုန်းနေခဲ့တာပဲ။ ကျွန်တော်က ခေါင်းတောင် မဖော်ရဲဘူး။ ဘာလို့လဲဆိုတော့ မိန်းကလေးက အာရုံပျံ့သွားမှာ စိုးလို့လေ။ ကျွန်တော်က လူဝံအိုကြီးဆီကို မြားတစ်ချောင်း ပစ်လို့ရတယ်လို့ တွေးမိခဲ့တယ်…”

“အဲဒီနောက်မှာတော့ လူဝံအိုကြီးက မိန်းကလေးကို ကျောက်တုံးတစ်တုံးနဲ့ တိုက်ခိုက်လိုက်တာ မြင်လိုက်ရတာပဲ။ အဲဒီအရာက မီးတောက်မြွေတစ်ကောင်လို ကောင်းကင်ပေါ်ကို ပျံသန်းသွားတာ။ တကယ်လို့ ကျွန်တော်သာ ခေါင်းဖော်လိုက်မယ်ဆိုရင် မြို့ထဲမှာရှိတဲ့လူတိုင်းက မြင်သွားနိုင်တော့ ကျွန်တော်က သတိမထားဘဲ မနေရဲဘူး။ တကယ်လို့ သူရဲ့နေရာမှာ ကျွန်တော်သာဆိုရင် မိန်းကလေးကို ငါးစာအဖြစ် သေချာပေါက် အသုံးချမိမယ်လို့ တွေးခဲ့မိတယ်။ ကျွန်တော်က အ‌မှောင်ထဲမှာ ပုန်းနေတဲ့သူကို အရင်ဆုံး တိုက်ခိုက်ပြီးမှ အလင်းထဲမှာ ရှိနေတဲ့သူကို ရင်ဆိုင်မှာပဲလေ။ ဒါက ငါးမျှားချိတ်တစ်ခုတည်းနဲ့ ငါး(၂)ကောင် ဖမ်းလိုက်သလိုပဲ မဟုတ်လား။ ဒါကြောင့် ကျွန်တော်က လျှိုရှန်းယန်ရဲ့ အင်္ကျီကို အရင်လှမ်းပစ်လိုက်ပြီးမှ မိန်းကလေးကို ကယ်ပြီး ထွက်ပြေးလာရဲတာ….”

နင်ယောင်၏ မျက်လုံးများက ဝင်းလက်တောက်ပသွားခဲ့ပြီး အလွန်အံ့သြနေပုံရသည်။ ထို့နောက် သူမက အလွန်ရှုပ်ထွေးစွာ ပြောလိုက်၏။

“ချန်းပင်အန်း။ နင်က ဒီလှည့်ကွက်တွေကို ဘယ်သူ့ဆီကနေ သင်လာတာလဲ။ နင်က သူတော်စင်တစ်ယောက်လို ဆိုပေမဲ့ အပေါ်ယံမှာ မြင်နေရသလို ရိုးသားမှုတော့ မရှိဘူး။ တာအိုသခင်လုက ရွှံ့ပုလင်းလမ်းကြားထဲမှာရှိတဲ့ နင့်ရဲ့အိမ်ကို ကယ်လာခဲ့တဲ့အချိန်မှာ နင်က ငါ့ရဲ့ဦးထုပ်ကို ချွတ်ပေးတာအပြင် ဘာအခွင့်အရေး ယူခဲ့သေးလဲ…”

ချန်းပင်အန်းက ဘာပြန်ပြောရမှန်း မသိ‌တော့ချေ။ သူက ကလေးဘဝတွင် ကြာပွတ်နှင့် အရိုက်ခံလိုက်ရလို ခံစားလိုက်ရသည်။

“ဘယ်...ဘယ်လို...”

မိန်းမပျိုကတော့ သူ့ကို ဆက်လက် ခြောက်လှန့်နေခြင်း မရှိတော့ချ။ သူမက တိုးတိုးလေး ရယ်လိုက်မိ၏။ ချန်းပင်အန်းက ငွေမက်သူတစ်ယောက် ဖြစ်သော်လည်း တဏှာရူးတစ်ယောက် မဟုတ်ချေ။

နင်ယောင်က ထိုအရာကိုတော့ သေချာယုံကြည်နေခဲ့၏။ သူမက အနာဂတ်တွင် အလွန်ကြီးမြတ်သော ဓားအင်မော်တယ် တစ်ယောက် ဖြစ်လာမည်ဟု ယုံကြည်သလိုမျိုး ဖြစ်သည်။ ထိုအရာက ရှားပါးသော ဆန္ဒတစ်ခု မဟုတ်သော်လည်း သူမ အတွက်တော့ ထူးခြားနေသည်။

နင်ယောင်က တိုးတိုးလေး ပြောလိုက်၏။

“ငါ့ကို အောက်ချပေး…”

ချန်းပင်အန်းက ပြန်မေးလိုက်သည်။

“မိန်းကလေးက ကိုယ့်ဘာသာ လမ်းလျှောက်နိုင်ပြီလား..”

နင်ယောင်က မသက်မသာ ပြောလိုက်သည်။

“ငါက အခုတော့ လမ်းမလျှောက်နိုင်သေးဘူး။ ဒါပေမဲ့ နင်သာ ဒီလို ဆက်ပြေးနေမယ်ဆိုရင် ငါ့ရဲ့နှလုံး၊ အသည်း၊ ကျောက်ကပ်နဲ့ အစာအိမ်က တစစီ ဖြစ်သွားလိမ့်မယ်။ အချိန်ကျလာရင် ငါက လူဝံအိုကြီးရဲ့ လက်သီးနဲ့ မသေဘဲ နင့်ရဲ့ ပုခုံးပေါ်မှာ သေသွားမှာ စိုးရတယ်။ အဲဒီဆိုရင် လူဝံအိုကြီးက ငါတို့ကိုကြည့်ပြီး ရယ်လိမ့်မယ်..”

ချန်းပင်အန်းက အရှိန်လျှော့လိုက်ပြီး ခေါင်းကိုက်နေသည့် အမူအရာနှင့် ပြောလိုက်သည်။

“ဒါဆိုရင် ကျွန်တော်က ဘာလုပ်ရမလဲ။ အနားမှာပဲ ပုန်းနေဖို့ နေရာတစ်ခု ရှာရမလား။ နဂိုတုန်းကတော့ ကျွန်တော်က မြို့ထဲကနေထွက်ပြီး အလွယ်တကူ ရှာမတွေ့နိုင်တဲ့နေရာကို သွားမလို့…”

နင်ယောင်က တစ်စုံတစ်ခုကို စဉ်းစားမိသွားပြီး စိတ်ဝင်တစား မေးလိုက်သည်။

“နင်ကိုယ်တိုင် လုပ်ထားတဲ့ သစ်သားကြွေ ချပ်ဝတ်အင်္ကျီက ဘယ်မှာလဲ။ ဘာလို့ အခု ဝတ်မထားတော့တာလဲ..”

ချန်းပင်အန်းက မချိပြုံး ပြုံးလိုက်၏။

“လူဝံကြီးကို ရင်ဆိုင်တဲ့နေရာမှာ အဲဒါက အသုံးမဝင်ဘူးလေ။ ဒါပေမဲ့ အဲဒါက ကျွန်တော် ပြေးတဲ့အရှိန်အပေါ် သက်ရောက်စေနိုင်တဲ့အတွက် ချွတ်ထားခဲ့တာ။ ကျွန်တော်က ကံကောင်းထောက်မပြီး အဲဒါကို လုပ်နိုင်ခဲ့တယ်။ မဟုတ်ရင် ကျွန်တော်က မိန်းကလေးကို အဲဒီနေရာကနေ ဘယ်လိုခေါ်ထုတ်ရမလဲဆိုတာ သိမှာတောင် မဟုတ်ဘူး။ စဉ်းစားကြည့်လိုက်တာနဲ့ တော်တော်လေးကို ခေါင်းကိုက်ရတယ်…”

နင်ယောင်က သက်ပြင်းချပြီး စိတ်ထဲတွင် ဆုံးဖြတ်လိုက်သည်။

“ချန်းပင်အန်း…

ငါ့ကို ပွေ့ထားရာကနေ အရင်ဆုံး ချပေး။ ပြီးမှ နင်ပြောတဲ့ နေရာဆီ ခေါ်သွားပေး..”

ချန်းပင်အန်းက ကန့်ကွက်နေခြင်း မရှိဘဲ သူမ ပြောသည့်စကားအတိုင်း လုပ်ဆောင်လိုက်သည်။ ထို့နောက်တွင်မှ သူက မိန်းမပျိုကို နောက်ကျောပေါ်တွင်ပိုးပြီး ဆက်ပြေးသွားခဲ့သည်။

သူက မေးလိုက်၏။

“မိန်းကလေးနင်…

မိန်းကလေးရဲ့ ဓားမောက်က ဘယ်မှာလဲ။ ဘာလို့ ဓားအိမ်ပဲ ရှိတော့တာလဲ..”

မိန်းကလေး၏ လူငယ်၏လည်ပင်းကို ဖက်ထားရင်း မကျေမနပ် ပြောလိုက်သည်။ “မြေကြီးထဲမှာ နစ်ဝင်သွားပြီ..”

ချန်းပင်အန်းက နောက်ထပ် မေးခွန်းများ မမေးတော့ဘဲ မြို့အပြင်ဘက်တွင် ရှိနေသော သီးသန့်နေရာဆီသို့ ပြေးသွားခဲ့လေသည်။

ပတ်ပတ်လည်တွင် ရှိနေသော တောင်တန်းများက တိတ်ဆိတ် ခြောက်ကပ်နေပြီး ထိုနေရာတွင် မည်သူမျှ အလေးမထားသော အုတ်ဂူပေါင်းများစွာနှင့် ပြည့်နှက်နေသည်။ ထိုအုတ်ဂူကြီးများပေါ်တွင် ပေါင်းပင်များ ဖုံးလွှမ်းနေသည်မှာ သစ်သီးသစ်ရွက် ဥယျာဉ်ကြီး တစ်ခုပမာ ဖြစ်နေခဲ့သည်။ ညဇီးကွက်များ၏ အော်သံများကိုလည်း မကြာခဏ ကြားနေရသည်မှာ အတော်လေး ကြောက်စရာကောင်းသည်။

ချန်းပင်အန်းကတော့ ဤနေရာနှင့် ပတ်သက်ပြီး ခံစားချက်တစ်ခု ရှိနေသည့်အတွက် မသက်မသာ ခံစားခဲ့ရခြင်း မရှိချေ။ နာရီဝက်ခန့် ကြာပြီးနောက် ချန်းပင်အန်းက မိန်းကလေးကို သယ်ပြီး ပျက်စီးပြိုကျနေသော ရုပ်ထုများကို ဖြတ်ကျော်၍ အလွန်ကြီးမားသော ရုပ်ထုကြီးတစ်ခု၏ နောက်ကို ပတ်လာခဲ့သည်။

မြေပေါ်သို့ ပြုတ်ကျနေသော ရွှံ့ရုပ်ထုကြီး၏ ဦးခေါင်းကိုတော့ မည်သည့်နေရာတွင်မျှ မတွေ့ရပေ။ သူ့ခန္ဓာကိုယ်က ပေ(၂၀)ကျော် မြင့်မားသည်။ ထိုရုပ်ထုကြီးက ဘိုးဘေးခန်းမထဲ၌ မတ်မတ်ထိုင်နေမည်ဆိုလျှင် မည်မျှ ကြီးကျယ်ခမ်းနားကြောင်း သိသာနိုင်ပေသည်။

မုန့်ချီက ထိုင်ချလိုက်ပြီး နင်ယောင်ကို အရင်ဆုံး ချပေးရန် ကြိုးစားလိုက်သည်။ သို့သော် ခဏကြာ စောင့်နေပြီးနောက် သူမဆီမှ လှုပ်ရှားမှု မတွေ့ရသည့်အတွက် ချန်းပင်အန်းက အလွန်ထိတ်လန့်သွားခဲ့သည်။ မိန်းကလေးနင်က လမ်းတွင် သေဆုံးသွားပြီဟု တွေးမိခဲ့ခြင်းကြောင့် ဖြစ်သည်။

ချန်းပင်အန်းက အံ့သြနေသည့်အချိန်တွင် မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရ၏။ သူလည်း စကားတစ်ခွန်းမျှ မပြောနိုင်ခဲ့ပေ။ ထိုအချိန်ကျမှသာ လမ်းတစ်လျှောက်လုံး အိပ်ပျော်နေခဲ့သော မိန်းမပျိုက နိုးလာခဲ့သည်။

သူမက နှုတ်ခမ်းထောင့်ကို တိတ်တဆိတ် သုတ်လိုက်ပြီး ကြောင်တောင်တောင်အမူအရာနှင့် ပြောလိုက်၏။

“ငါတို့က ရောက်ပြီလား…”

လူငယ်က မြေပေါ်တွင် ထိုင်ချလိုက်ပြီး သူမကို နားလည်နိုင်ခြင်း မရှိချေ။ မည်သို့ဖြစ်စေကာမူ သူ့မျက်လုံးထဲမှ မျက်ရည်များ စီးကျလာခဲ့၏။ လူငယ်က ပင့်သက်ရှိုက်လိုက်မိပြီး ထူးဆန်းသော ခံစားချက်ကို ဖိနှိပ်လိုက်သည်။

သူက မိန်းကလေး၏ ခြေထောက်ကို လွှတ်ပေးလိုက်ပြီး အပြုံးနှင့် လှည့်ပြောလိုက်၏။

“ဒါက အရင်နှစ် ဆောင်းရာသီမှာ ကျွန်တော် ဆောက်ထားတဲ့ ယာယီအိမ်တစ်လုံးပါပဲ။ အရင်တုန်းကတော့ ကျွန်တော်က ကုစန့်ကိုခေါ်ပြီး ဒီနေရာကို မကြာခဏ လာခဲ့ဖူးတယ်။ သူက တခြားနေရာတွေမှာ လှည့်ပတ်ကစားချင်တယ်လို့ ပြောတဲ့အတွက် ကျွန်တော်က ပုဆိန်တစ်လက်ယူပြီး သစ်ကိုင်းတချို့ကို ခုတ်တယ်။ ပြီးတော့ ဒီနေရာမှာ အိမ်ပုံစံ ဆောက်လိုက်တယ်။ အပေါ်ဘက်ကိုတော့ သစ်ရွက်တွေ၊ မြက်ပင်တွေနဲ့ ဖုံးထားခဲ့တယ်။ ဒါက ‌တော်တော်လေး ခိုင်ပါတယ်။ အရင်နှစ် ဆောင်းရာသီမှာ နှင်းလုံးကြီး ကျလာတာတောင် ပြိုမသွားခဲ့ဘူး…”

နင်ယောင်က မတ်တပ်ရပ်လိုက်ပြီး နောက်ပြန်လှည့်ကြည့်လိုက်သည်။ ဓားပျံကတော့ ပြန်လာခဲ့ခြင်း မရှိချေ။ ထိုအရာကလည်း ကောင်းမွန်သော လက္ခဏာတစ်ခု ဖြစ်၏။ အနည်းဆုံးတော့ လူဝံအိုကြီးက သူတို့ပုန်းနေသည့်နေရာကို ရှာမတွေ့နိုင်သေးပေ။

ချန်းပင်အန်းက နင်ယောင်ကို ခဏစောင့်နေရန် ပြောလိုက်ပြီး သစ်သားနှင့်မြက်များ အသုံးပြု၍ ဆောက်ထားသော ယာယီအိမ်ငယ်လေးဆီကို ခေါ်သွားခဲ့သည်။ သူက တံခါးကိုဖွင့်ပြီး အနည်းငယ် ရှင်းလင်းလိုက်ပြီးနောက် ဧည့်သည်ကို ကြိုဆိုလိုက်၏။

နင်ယောင်က အိမ်ငယ်လေးထဲတွင် ထိုင်လိုက်ပြီး စိတ်သက်သာရာ ရသွားသလို ခံစားလိုက်ရ၏။ ချန်းပင်အန်းက တံခါးကို မပိတ်ခဲ့ပေ။ ထိုအစား သူက တံခါးကို ကျောပေး၍ ထိုင်နေခဲ့သည်။

နင်ယောင်က မေးလိုက်သည်။

“ဘာလို့ တံခါးကို မပိတ်ရတာလဲ…”

ချန်းပင်အန်းက ခေါင်းခါပြလိုက်သည်။

“တကယ်လို့ လူဝံကြီးကသာ ဒီနေရာကို တွေ့သွားမယ်ဆိုရင် ဘာမှ မထူးခြားဘူးလေ”

တင်ပျဉ်ခွေထိုင်နေသော နင်ယောင်က ခေါင်းညိတ်ပြလိုက်သည်။

“အဲဒါတော့ အမှန်ပဲ…”

ခဏကြာ တိတ်ဆိတ်နေပြီးနောက် နင်ယောင်က မေးလိုက်သည်။

“နင့်မှာ မေးစရာ တစ်ခုခု ရှိလား…”

ချန်းပင်အန်းက မေးလိုက်၏။

“လူဝံအိုကြီးက စွမ်းအား (၃)ကြိမ် သုံးခဲ့တာလား…”

နင်ယောင်က ပြန်ပြောလိုက်သည်။

“ဒါပေမဲ့ နင့်ကို သတင်းဆိုးတစ်ခု အရင်ပြောရလိမ့်မယ်။ အနည်းဆုံးတော့ လူဝံအိုကြီးက ဒဏ်ရာရနေတဲ့ ငါတို့ (၂)ယောက်လုံးကို ရင်ဆိုင်ဖို့အတွက် စည်းမျဉ်းကို အကြိမ်ပေါင်းများစွာ ချိုးဖောက်လို့ရတယ်…”

ချန်းပင်အန်းက နောက်တစ်ကြိမ် မေးလိုက်သည်။

“မိန်းကလေးနင်…

လူဝံအိုကြီးက ဒါအတွက် ဘယ်လောက်ပေးဆပ်ရမယ်လို့ ထင်လဲ…”

အိမ်ထဲတွင် မြက်ပင်ရနံ့များ လွှမ်းခြုံနေသည်။ မြေပြင်က အနည်းငယ် စိုစွတ်သော်လည်း လူငယ်လေးက မိန်းမပျိုကို နောက်ထပ် မမေးနိုင်တော့ကြောင်း လူငယ်လေးက ခံစားမိနေခဲ့သည်။

နင်ယောင်က ထိုအရာကို သေချာစဉ်းစားနေခဲ့သည်။ သူမက ပြန်ပြောလိုက်၏။

“အဲဒီလူဝံအိုကြီးက စုစုပေါင်း (၃)ကြိမ် တိတိ ဖောက်ဖျက်ခဲ့တယ်။ ပထမဆုံးအကြိမ်ကတော့ ရွှံ့ပုလင်းလမ်းကြားထဲကနေ မြို့ရဲ့အနောက်ဘက်ဆုံးအပိုင်းမှာပဲ။ လူဝံအိုကြီးက နင့်ရဲ့နောက်ကွယ်မှာ တခြားလူ ရှိမရှိ အဓိကစစ်ဆေးကြည့်ချင်တဲ့အတွက် သူ့ရဲ့စွမ်းအားတွေကို ထိန်းချုပ်ထားခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်ယောက်ယောက်က နောက်ကွယ်မှာ ကြံစည်နေပြီး သူ ခေါ်လာတဲ့ ကျန့်ယန်တောင်က သခင်မလေးကို ပစ်မှတ်ထားမှာ စိုးရိမ်နေတာ။ ဒါကြောင့် သူ့သက်တမ်းက (၃)နှစ်ကနေ (၅)နှစ်အထိပဲ လျော့နည်းသွားခဲ့တယ်။ အဲဒီနောက်မှာတော့ သူက ငါနဲ့ စမ်းချောင်းနားမှာ တိုက်ခိုက်ခဲ့တာ နှစ်ပေါင်း(၂၀)လောက် ကုန်ဆုံးသွားတယ်။ တတိယတစ်ကြိမ်ကတော့ အနည်းဆုံး နှစ်ပေါင်း(၅၀)လောက် ကုန်ဆုံးသွားနိုင်တယ်…”

ချန်းပင်အန်း၏ မျက်လုံးများက ဝင်းလက်တောက်ပနေခဲ့သည်။ သူက ရှေ့ကို ငုံ့လိုက်ပြီး မြက်ပင်လေးတစ်ခုကို ဆွဲနှုတ်လိုက်၏။ မြေသားများကို ဖယ်လိုက်ပြီးနောက် ထိုအရာကို ဝါးနေရင်း ဝမ်းသာအားရ ပြောလိုက်သည်။

“နှစ်ပေါင်း (၁၈၀)ပဲ ဆိုကြပါစို့။ သာမန်လူတစ်‌ယောက်က နှစ်ပေါင်း (၆၀)လောက်ပဲ အသက်ရှင်နိုင်တယ်။ ဒါဆို နောက်ထပ်ဘဝ(၂)ခုလောက် ရလိုက်သလိုပဲ။ ပြီးတော့ ဒီလူဝံအိုကြီးရဲ့ သက်တမ်းက နှစ်ပေါင်း (၂၀၀)နီးပါး ကုန်သွားခဲ့တာ။ သူသာ အဲဒါကို တွေးမိသွားရင် ဒေါသထွက်ပြီး သေသွားနိုင်တယ်..”

နင်ယောင်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်၏။

“ချန်းပင်အန်း…

နင့်ရဲ့အသက်က တန်ဖိုးမရှိဘူးလို့ ထင်နေတာလား…”

ချန်းပင်အန်းက စဉ်းစားမနေဘဲ ပြန်ပြောလိုက်သည်။

“နှစ်ထောင်ပေါင်းများစွာ အသက်ရှင်နေတဲ့ လူဝံအိုကြီးတစ်ယောက်နဲ့ ယှဉ်လိုက်မယ်ဆိုရင် ကျွန်တော်က မြို့ငယ်လေးထဲမှာ သာမန်လူတစ်ယောက်ပဲလေ။ ကျွန်တော်က တန်ဖိုးမရှိဘူးပေါ့။ ကျွန်တော်က အဲဒါကို ဝန်ခံရလို့လည်း မရှက်ပါဘူး..”

နင်ယောင်ကတော့ ချန်းပင်အန်း၏ အတွေးမှားများကြောင့် တုန်လှုပ်သွားခဲ့သည်။

ချန်းပင်အန်းက ပြန်လှည့်လာပြီး ပြုံးလိုက်၏။

“ကျွန်တော်က ဒီကိစ္စကို စဉ်းစားမိပြီး ကျွန်တော်ရဲ့ကံကြမ္မာကို လက်ခံလာတဲ့အချိန် ရင်ထဲမှာတော့ ဝမ်းနည်းနေသလို ခံစားခဲ့ရတယ်။ စဉ်းစားကြည့်လိုက်တော့ ကျွန်တော်က ဒီကမ္ဘာကြီးထဲကို အတွေ့အကြုံယူဖို့ ရောက်လာတဲ့အချိန်မှာ ဘာကြောင့် ကျွန်တော့်ရဲ့အသက်က တန်ကြေးမရှိရတာလဲ..”

နင်ယောင်က ထောက်ခံပြီး သူတော်စင်များကဲ့သို့ ပြန်ဖြေပေးရန် ကြိုးစားလိုက်သည်။

သို့သော် လူငယ်လေးက အဖြေတစ်ခုကို လျင်မြန်စွာ ပေးလိုက်၏။ သူက လေးလေးနက်နက် အမူအရာနှင့် ပြောလိုက်သည်။

“ကျွန်တော်က အရင်ဘဝမှာ ကောင်းတဲ့အရာမလုပ်ခဲ့လို့များ ဖြစ်နိုင်မလား။ ဒါပေမဲ့ ဒီဘဝမှာလည်း ကောင်းတဲ့အရာ ဘာမှလုပ်ဖို့ အချိန်မရခဲ့ဘူးလေ။ ဒါဆိုရင် ကျွန်တော့်ရဲ့နောက်ဘဝမှာလည်း မကောင်းနိုင်တော့ဘူးလား။ ကျွန်တော်က ဘာလုပ်သင့်တာလဲ…”

နင်ယောင်က အစိမ်းရောင် ဓားအိမ်အလွတ်ကို ကောက်လိုက်ပြီး လူငယ်လေး၏ နောက်‌ကျောကို ဓားအိမ်နှင့် ထုလိုက်သည်။

မြက်ဖိနပ်နှင့် လူငယ်က ရုတ်တရက် ရှုံ့မဲ့သွားခဲ့၏။ သူက ပြန်လှည့် ကြည့်လိုက်ချိန်တွင် ဒေါသထွက်သွားပုံရသော်လည်း စကားတခွန်းမျှ မပြောခဲ့ပေ။

နင်ယောင်က သူ့ကို စိုက်ကြည့်ပြီး ပြောလိုက်၏။

“ဒီဘဝကြီးက အခုထိ အဆုံးသတ် မဟုတ်သေးဘူးလေ။ ဘာလို့နင်က နောက်ဘဝ အကြောင်းကို စဉ်းစားနေရတာလဲ…”

ချန်းပင်အန်းက လက်ညှိုးတစ်ချောင်းကို ပါးစပ်ပေါ်သို့ တင်လိုက်ပြီး နင်ယောင်ကို တိုးတိုးနေရန် အချက်ပြလိုက်သည်။ မိန်းကလေးက လျင်မြန်စွာ ပါးစပ်ပိတ်လိုက်၏။ ချန်းပင်အန်းက ဖင်ရွှေ့သွားခဲ့ပြီး မိန်းမပျိုနှင့် ဓားအိမ်၏ အဝေးသို့ ရွှေ့သွားရန် ကြိုးစားလိုက်သည်။

နင်ယောင်က စကားတစ်ခွန်း ပြောချင်သော်လည်း စဉ်းစားနေခဲ့၏။ အဆုံးတွင်တော့ သူမက လူငယ်လေးကို အမှန်အတိုင်း ပြောပြရန် ဆုံးဖြတ်လိုက်သည်။ သူမက အက်ရှရှ လေသံနှင့် ပြောလိုက်၏။

“ချန်းပင်အန်း…

အဲဒီကျန့်ယန်တောင်က လူဝံအိုကြီးက နှစ်ပေါင်း(၁၂၀)လောက် သက်တမ်းတိုသွားတော့ ဘယ်လောက်ကြာကြာ အသက်ရှင်ဦးမလဲဆိုတာ သိလား..”

လူငယ်လေးက မိန်းမပျိုကို နောက်ကျောပေးပြီး အဝေးကောင်းကင်ကို ငေးကြည့်နေရင်း ခေါင်းခါပြလိုက်သည်။ လူငယ်လေးတစ်ယောက်က ထိုကဲ့သို့ လျို့ဝှက်ဆန်းကြယ်သော အရာတစ်ခုကို မည်ကဲ့သို့ သိနိုင်မည်နည်း။

အကယ်၍ သူက ခေါင်းပေါက်မတတ် စဉ်းစားလျှင်ပင် အဖြေတစ်ခုကို ရှာတွေ့နိုင်မည် မဟုတ်ချေ။ တချို့အရာကတော့ ဖုလုလမ်းကြားနှင့် မက်မွန်ပွင့်လမ်းကြားထဲတွင် ရှိနေသော ကျောက်တုံးပြာများကဲ့သို့ ဖြစ်သည်။ အကယ်၍ လူငယ်လေးကသာ စာပို့ရန်အတွက် ထိုနေရာကို မရောက်ဖူးလျှင် ကမ္ဘာပေါ်၌ ရှိနေသော လမ်းများအားလုံးက ရွှံ့သားလမ်းများဟုသာ တွေးမိပါလိမ့်မည်။

နင်ယောင်က သက်ပြင်းချပြီး ပြောလိုက်သည်။

“ဒီလိုမှော်သားရဲမျိုးက ကမ္ဘာမြေကြီးထဲကနေ မွေးဖွားလာခဲ့တာ။ သူတို့တွေက လူသားတွေရဲ့သွေးကြောမှတ်တွေနဲ့ မတူဘူး။ သူတို့တွေ လေ့ကျင့်ဖို့အတွက် အရမ်းခက်ပေမဲ့ အကျိုးကျေးဇူးကတော့ အဆီအနှစ်၊ ချီစွမ်းအင်နဲ့ စိတ်ဝိညာဉ် အသုံးပြုမှုက တော်တော်လေး နှေးတယ်။ ရလဒ်အနေနဲ့ သူတို့က နှစ်ပေါင်း (၅၀၀) ကနေ နှစ်ပေါင်း (၅၀၀၀)အထိ အသက်ရှင်နိုင်တယ်။ အဲဒီ အစောင့်အရှောက်လူဝံကြီးကတော့ လှုပ်ရှားနေပြီး တိတ်တိတ်နေရတာကို မကြိုက်ဘူး။ တကယ်လို့ သူက မလေ့ကျင့်ရင်တော့ သူ့ရဲ့သက်တမ်းက မရှည်နိုင်ဘူး။ သူတို့က လိပ်နဲ့ ရေနဂါးတွေထက် ပိုပြီးတော့ နိမ့်ကျတယ်။ ဒါပေမဲ့ တောင်ရွှေ့လူဝံကြီးက အရှင်သခင်တစ်ယောက် ဖြစ်နေပြီး သူ့ရဲ့သက်တမ်းက နှစ်ပေါင်း (၂၀၀၀)လောက် ရှိနေတယ်။ ဒီတောင်ရွှေ့လူဝံကြီးက တာအိုကျင့်စဉ်တွေ၊ စွမ်းအားတွေကိုလည်း လေ့ကျင့်ထားတယ်။ သူသာ အထက်ဘုံ(၅)ဆင့်နဲ့ သူ့ရဲ့ ခန္ဓာကိုယ်က အဆင့်(၉)ကို ရောက်သွားပြီဆိုရင် နှစ်ပေါင်း (၃၀၀၀)ကနေ (၄၀၀၀)လောက် နေနိုင်တယ် ဆိုတော့ နှစ်ပေါင်း (၂၀၀)က ပြောဖို့တောင် မလိုတော့ဘူး..”

နင်ယောင်က ပိန်ပိန်ပါးပါးနှင့် လူငယ်လေးကိုကြည့်ပြီး ပြောလိုက်သည်။

“ဒီတော့ နင်က အသက်ရှင်နေတာ လုံလောက်ပြီလို့ မတွေးနဲ့…”

ချန်းပင်အန်းက စကားတစ်ခွန်းမျှ ပြန်မပြောခဲ့ပေ။

နင်ယောင်က အနည်းငယ် ဝမ်းနည်းသွားခဲ့၏။ သူတို့ နှစ်ယောက်က စကားတစ်ခွန်းမျှ ထပ်မပြောခဲ့ကြပေ။ ကောင်းကင်ဘုံ၏ လျို့ဝှက်ချက်ကို ဖော်ထုတ်ခဲ့သော မိန်းကလေးက အနည်းငယ် အပြစ်ရှိသလို ခံစားနေရသည်။ သူမက ထိုလူငယ်လေးကို နှစ်သိမ့်ရန် စကားလုံးများ ရှာဖွေနေခဲ့၏။

သို့သော် နင်ယောင်က ခေါင်းပေါက်မတတ် စဉ်းစားနေသည့်အချိန်တွင် မြက်ဖိနပ်နှင့် လူငယ်လေးဆီမှ ဟောက်သံတိုးတိုးကို ကြားလိုက်ရသည့်အတွက် သူမလည်း အံ့သြသွားမိခဲ့၏။

……………..

တရုတ်ဇီးသီးလမ်းကြား၏ အတွင်းပိုင်းထဲတွင်…

အတွင်းဘက်နှင့် အပြင်ဘက်ကို ရှင်းလင်းထားသော အိမ်ကြီးတစ်လုံး ရှိသည်။ အိမ်ရှေ့ဘက်တွင် ရှိနေသော လမ်းမကပင် တခြားအိမ်များထက် ပို၍ ရှင်းလင်းနေခဲ့သည်။

သနားကြင်နာမှု လုံးဝမရှိသော အဘွားအိုတစ်ယောက်က အိမ်ထဲတွင် မီးအိမ်တစ်လုံးကို ထွန်းလိုက်၏။ ထို့နောက် သူမ၏ မြေးဖြစ်သူကို ကြည့်ပြီး မြည်တွန်တောက်တီး နေခဲ့သည်။

“ဘာလို့ နင်က ညလယ်ခေါင်ကြီး အမိုးပေါ်ကို တက်နေရပြန်တာလဲ။ ဆောင်းရာသီမှာ အရမ်းအေးတယ်။ မင်းကတော့ ငါ့စကားကို လုံးဝ နားမထောင်ဘူး။ မင်းက အရွယ်ရောက်နေပြီပဲ။ တကယ်လို့ မင်းသာ ရာသီဥတုကြောင့် နေမကောင်း ဖြစ်သွားမယ်ဆိုရင် ငါက ဘယ်လိုဆက်ပြီး လုပ်ရမှာလဲ..”

ထိုလူငယ်လေးက ပြုံးလိုက်မိသည်။ အဘွားအိုက ထိုင်ခုံတွင် ထိုင်လိုက်ပြီးနောက် သက်ပြင်းချလိုက်မိပြီး မိသားစု၏ လမ်းညွှန်ချက်များကို စတင်ရွတ်ဆိုလိုက်သည်။ “မြေးလေး မင်းမသိလို့။ အနံ့အရသာနဲ့ ပြည့်စုံတဲ့အသားတွေ အဘွားတို့ရဲ့အိမ်မှာ ရှိနေတယ်ဆိုတာ လက်ဆောင်တစ်မျိုးပဲ။ အဲဒီအချိန်မှာ မင်းကတော့ အိမ်မှာ မရှိခဲ့ဘူး။ အဲဒါကြောင့် မင်းက သူ့မျက်နှာကို မမြင်ခဲ့ဘူး။ သူက တကယ့်ကို ကျေးဇူးသိတတ်တဲ့ သားတစ်ယောက်၊ ကရုဏာထားတတ်တဲ့ အဖေတစ်ယောက်ပဲ။ အဘွားက မျက်ရည်ကျမတတ် ခံစားခဲ့ရတယ်…”

ထိုစကားကို ပြောသည့်အချိန်တွင် အဘွားအို၏ မျက်နှာပေါ်၌ ရယ်ချင်စိတ်များ ပြည့်နေခဲ့သည်။ သူက ရုတ်တရက်ဆိုသလို မြေပေါ်သို့ တံတွေး ထွေးချလိုက်သည်။ ထို့နောက် သူမက အနည်းငယ် နောင်တရသွားပြီး ခြေထောက်နှင့် ဖိချေပစ်လိုက်သည်။

အဘွားအိုက လူငယ်လေးကို မော့ကြည့်လိုက်၏။ သူမက ဒေါသထွက်နေပြီး သူ့ကို သည်းခံနိုင်ခြင်း မရှိချေ။ သူမက ဒေါသတကြီး ပြောလိုက်၏။

“နှလုံးသားမရှိတဲ့‌ ကောင်စုတ်လေး။ အဘွားကိုတောင် ဂရုမစိုက်တော့ဘူး။ မင်းရဲ့နာမည်အရင်းက မာရွှမ်လို့ ခေါ်တယ်။ ဒါပေမဲ့ မင်းက အမေမရှိဘဲ ကြီးလာခဲ့တာ။ အဲဒါက ခက်ခဲတဲ့ဘဝ မဟုတ်ရင် ဘာလဲ။ အဘွားက မင်းရဲ့နာမည်မှာ ခက်ခဲတယ်ဆိုတဲ့ စကားလုံးကို ပေါင်းထည့်ပေးခဲ့တာ။ တကယ်လို့ အဲဒါက ကံဆိုးတယ်လို့ ထင်တယ်ဆိုရင်တော့ မင်းက နောက်ပိုင်းကျရင် ပြန်ပြောင်းလို့ ရတယ်။ အဘွားက ဘယ်လိုတွေးလဲဆိုတာက မင်းက ဂရုစိုက်စရာ မလိုဘူး။ အဘွားက လယ်ကွင်းထဲမှာရှိတဲ့ ဖားတစ်ကောင်လို တောသူမကြီးတစ်ယောက်ပဲ။ အဘွားက အမြင်မရှိတဲ့အတွက် ဒီဘဝမှာ ဒုက္ခခံဖို့ပဲ ထိုက်တန်တယ်…”

အဘွားအိုက မျက်ရည်များကို သုတ်လိုက်သည်။

လူငယ်လေး မာခူရွှမ်ကတော့ အဘွားအို၏ လက်ကို ကိုင်ထားပေးလိုက်၏။

အဘွားအိုက သူ့မြေးကို ကြည့်လိုက်သည်။ နောက်ဆုံးတွင်တော့ လူငယ်၏ မျက်လုံးတွင် ခံစားချက်တချို့ ပေါ်လာခဲ့သည်။ သူက ပြုံးလိုက်ပြီး အဘွား၏လက်ခုံကို ပုတ်လိုက်သည်။

“အဘွား….

ကျွန်တော်က ကံမကောင်းတဲ့ လူတစ်‌ယောက်ပါပဲ…”

“မင်းရဲ့အဘိုးမှာ အသိစိတ်ရှိတယ်။ ဒါပေမဲ့ စွမ်းရည် မရှိဘူး။ ဒါကြောင့် သူက အသုံးမဝင်ဘူး။ ငါ့ရဲ့သားမှာ စွမ်းရည်ရှိတယ်။ ဒါပေမဲ့ အသိစိတ် မရှိဘူး။ ဒါကြောင့် သူကလည်း အသုံးမဝင်ဘူး။ ဒါကြောင့် မင်းဆီမှာ အနာဂတ်တစ်ခု မရှိဘူးဆိုရင် အဘွား ဒီဘဝမှာ ခံစားခဲ့ရတဲ့ ဒုက္ခတွေအားလုံးက အကျိုးမဲ့ ဖြစ်သွားရလိမ့်မယ်…”

“ဒုက္ခခံရတာက ကိစ္စမရှိပါဘူး။ ဒါပေမဲ့ အဘွားကတော့ သဘောမကျဘူး။ နောက်ပိုင်း မင်းမှာ အနာဂတ်တစ်ခု ရှိလာမယ်ဆိုရင် ကြီးမြတ်တဲ့ အနာဂတ်တစ်ခုပဲ ဖြစ်ရမယ်။ တယောက်ယောက်က အနိုင်ကျင့်ရင် မင်းက ပြန်ပြီးတော့ အနိုင်ကျင့်ရမယ်။ လူကောင်းတစ်ယောက် မလုပ်နဲ့။ လူဆိုးလုပ်မယ်ဆိုရင်လည်း တခါတလေတော့ လုပ်လိုက်ပေါ့။ မင်းက ဗိုက်ပြည့်အောင်စားပြီး တခြားသူတွေကို ထိခိုက်အောင် မလုပ်မိစေနဲ့။ တစ်ခါတလေမှာ ကောင်းမှုလုပ်ဖို့လည်း ဂရုစိုက်ပါ။ ကောင်းကင်ဘုံက တစ်ချိန်လုံး အိပ်ပျော်နေမယ်ဆိုရင်တောင် မျက်လုံးဖွင့်တဲ့အချိန်တော့ ရှိပါသေးတယ်။ အဲဒီအချိန်ကျရင်တော့ မင်းကို သတိထားမိမှာပေါ့…”

လူငယ်လေးက ထိုစကားပုံများကို ငယ်ငယ်လေးကတည်းက ကြားခဲ့ဖူးသည်။ သူ နားထဲတွင် ဆူညံနေသည့်အပြင် အကြိမ်ပေါင်းများစွာလည်း ပြောင်းလဲသွားခဲ့၏။ သို့သော် လူငယ်လေးကတော့ သူ့လက်ကို ရုတ်သိမ်းခဲ့ခြင်း မရှိသည့်အတွက် သူ့အဘွားက ညင်သာစွာ ဆက်၍ ကိုင်ထားခဲ့သည်။

အဘွားအိုက ရုတ်တရက် မေးလိုက်၏။

“မင်းက ဟိုအစေခံမလေးကျစ်ကွေးကို ဘာလို့ သဘောကျရတာလဲ…”

လူငယ်က ပြုံးလိုက်သည်။

“သူက အရမ်းလှလို့လေ…”

အဘွားအိုက လက်ကို အနည်းငယ် အားထည့်လိုက်ပြီး မာခူရွှမ်၏ လက်ခုံကိုပုတ်၍ ကျိန်ဆဲလိုက်သည်။

“အရူးကောင်လေး…

မင်းက အဘွားကိုတောင် အမှန်အတိုင်း မပြောနိုင်ဘူးလား…”

လူငယ်က ပြုံးလိုက်သည်။

“အဘွား…

ဘာမှမစိုးရိမ်ပါနဲ့။ ဒါက ကောင်းတဲ့အရာတစ်ခုပါပဲ…”

အဘွားအိုက မေးခွန်းများကို ယာယီ ဖယ်ရှားလိုက်ပြီး ခေါင်းစဉ် ပြောင်းလိုက်သည်။ “မင်းရဲ့မိဘတွေက ဘာလို့ မလိုချင်လဲဆိုတာ သိလား…”

လူငယ်က ပြုံးလိုက်သည်။

“အဲဒီအချိန်မှာ ကျွန်တော့်ရဲ့ မိဘတွေက အရမ်းကို ဆင်းရဲလို့ ကျွန်တော့်ကို မကျွေးမွေးနိုင်ခဲ့တာလား..”

အဘွားအိုက အသံကျယ်ကျယ်နှင့် အော်လိုက်၏။

“ဆင်းရဲတာလား။ အဘွားတို့ မာမိသားစုက မျိုးဆက် (၇)ခု (၈)ခုလောက်ထိ ဆင်းရဲတယ်လို့ မသတ်မှတ်နိုင်ဘူး။ အဘွားတို့က သားသမီး မြေးမြစ်တွေလို နေထိုင်ဖို့ပဲ အသားကျနေခဲ့ကြတာ။ အဆုံးမှာတော့ အဘွားတို့က ဘိုးဘေး ဘယ်လုပ်ရမလဲ ဆိုတာတောင် မသိတော့ဘူး။ အမှန်အတိုင်း ပြောရရင် အဘွားတို့ရဲ့ ဘိုးဘေးတွေက ရှေးဟောင်းစည်းမျဉ်းတစ်ခု ချန်ထားခဲ့တယ်။ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ၊ ဖုလုလမ်းကြားနဲ့ မက်မွန်ပွင့်လမ်းကြားပေါ်မှာ အိမ်တစ်အိမ် ဆောက်ခွင့်မပြုတော့ဘူး။ မင်းရဲ့မိဘတွေကတော့ မိုးကြိုးပစ်ခံရသလိုပဲလေ။ သူတို့သာ ဆင်းရဲမယ်ဆိုရင် နေ့တိုင်း ရွှေတွေငွေတွေကို ဝတ်နိုင်မှာလား။ နေ့စဉ်နေ့တိုင်း အရသာရှိတဲ့ စားစရာ သောက်စရာတွေကို စားနိုင်ပါ့မလား။ သူတို့က မိသားစု(၄)ခုနဲ့ ကလန်ကြီး(၁၀)ခု ရှိနေတဲ့နေရာကို ရွှေ့မသွားရဲရုံပဲ ရှိတယ်။ သူတို့မှာ ဘယ်လိုကံကောင်းခြင်းတွေ မရှိလို့လဲ..”

သူမက သူမ၏သားနှင့် ချွေးမအကြောင်းကို ပြောသည့်အချိန်တိုင်း အံကြိတ်နေခဲ့သည်။ “အဲဒီ ဘိုးဘေးစည်းမျဉ်းတွေက နှစ်ပေါင်းများစွာ ကြာနေပြီ။ အခုအချိန်မှာ ဘယ်လောက်တန်ကြေးရှိမှာလဲ။ မြေးလေး…မင်းက နောက်ပိုင်း အောင်မြင်သွားတဲ့ အချိန်ကျရင် စည်းမျဉ်းတွေကို အလေးထားမနေနဲ့။ အဘွားက အသက်ရှင်နေတာ နှစ်ပေါင်းများစွာ ကြာနေပြီ။ လူချမ်းသာတွေ၊ လူဆင်းရဲတွေ အများကြီးကိုလည်း မြင်ခဲ့ဖူးတယ်။ အဆုံးမှာတော့ ရိုးသားတဲ့လူတွေပဲ အရည်အချင်း မရှိတဲ့လူ ဖြစ်သွားတယ်..”

မာခူရွှမ်၏အပြုံးက တောက်ပနေသည်။ သူကတော့ ကျိုးကြောင်းဆီလျော်မှု ရှိမရှိ စဉ်းစားနိုင်ခြင်း မရှိချေ။ လူငယ်လေးက ငယ်စဉ်ကတည်းက ထိုကဲ့သို့သာ ဖြစ်၏။ သူက ဆုံးရှုံးမှုတိုင်းကို ခံနိုင်ရည်ရှိပြီး အနိုင်ကျင့်မှုတိုင်းကို ခံနိုင်ရည်ရှိသည်။ သို့သော် သူက ခေါင်းမာနေသည့်အချိန်တွင်တော့ သူ့အဘွားကိုယ်တိုင်ကပင် သူ့ကို ဖျောင်းဖျနိုင်ခြင်း မရှိချေ။

အဘွားအိုက ခဏစဉ်းစားပြီး မတ်တပ်ရပ်၍ ခြံဝန်းတံခါးကို သော့ခတ်ထားခြင်း ရှိမရှိ သွားကြည့်လိုက်သည်။ သူမ အခန်းထဲကို ပြန်လာပြီးနောက် နောက်တစ်ကြိမ် ပြန်ထိုင်လိုက်သည်။

သူမက အသံတိုးတိုးနှင့် ပြောလိုက်သည်။

“မြေးလေး..

အဘွားက တစ်နှစ်ပတ်လုံး လျှို့ဝှက်ဆန်းကြယ်သလို ဟန်ဆောင်နေတယ်လို့ မထင်နဲ့။ အဘွားက ဝမ်းဆွဲသည်အလုပ်အပြင် လူတွေကို အဆောင်ရည်တိုက်တာတွေ၊ သူတို့ဆီကနေ အမှိုက်တွေကို အရှက်မရှိ ယူတတ်တယ်။ ဒါပေမဲ့ အဘွား မင်းကို ပြောပြမယ်။ အဘွား စုဆောင်းခဲ့တဲ့ အဲဒီပစ္စည်းတွေအားလုံးက ထိပ်တန်း ရတနာတွေပဲ..”

လူငယ်ကတော့ ပျင်းသွားသလို ထင်ရသည်။ မာခူရွှမ်ကတော့ သူ့အဘွား၏ အမှိုက်သေတ္တာကြီးကို စိတ်မဝင်စားပေ။ အဘွားအိုက အစောပိုင်းနှစ်များတွင် သူမ အသုံးပြုခဲ့သော လှည့်ကွက်ပေါင်းစုံကို ပြောပြနေပြီး သူ့ကိုယ်သူ အလွန်ဂုဏ်ယူနေခဲ့၏။

မာခူရွှမ်က ရုတ်တရက် မေးလိုက်၏။

“အဘွား…

ရွှံ့ပုလင်းလမ်းကြားထဲက ချန်းပင်အန်းရဲ့အဖေ သေသွားတဲ့အချိန်မှာ .....”

ထိုစကားကြောင့် အဘွားအို၏အမူအရာက သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ သူမက သူ့မြေး၏ပါးစပ်ကို လက်နှင့် အလျင်အမြန် အုပ်လိုက်၏။ ထို့နောက် ရှုတည်တည်နှင့် ပြောလိုက်သည်။

“တချို့ကိစ္စတွေက ပြောလို့ရတာရှိတယ်။ ပြောလို့မရတာ ရှိတယ် ငါ့မြေး…”

လူငယ်က အပြုံးနှင့် ခေါင်းညိတ်ပြလိုက်ပြီး နောက်ထပ်မေးခွန်းများ မမေးတော့ပေ။ ထို့နောက် အဘွားအိုက သူမ၏ အတိတ်အောင်မြင်မှုများကို ဆက်ကြွားရန် ခံစားချက် မရှိတော့ပေ။ သူမက နေမကောင်းဖြစ်လာပြီး ရင်ထဲတွင် လေးလံနေခဲ့သည်။ မကြာခဏဆိုသလို သူမက ပြတင်းပေါက် အပြင်ဘက်တွင် ရှိနေသော ညမြင်ကွင်းများကို ငေးကြည့်နေတတ်၏။

မာခူရွှမ်က အပြုံးနှင့် မေးလိုက်သည်။

“အဘွား…

အဘွားက ဒီမြို့ထဲမှာ နှစ်ပေါင်းများစွာကြာအောင် စုန်းမကြီးတစ်ယောက် ဖြစ်ခဲ့တယ်။ တရုတ်ဇီးသီးပွင့်လမ်းကြားထဲမှာနေတဲ့ အဘွားက ယင်နှင့်ယန် ကန့်သတ်ချက်ကို ကျော်လွန်ပြီး သေသူတွေရဲ့စိတ်ဝိညာဉ်ကို ပြန်ခေါ်ပေးနိုင်တယ်လို့ လူတိုင်းက ပြောနေကြတယ်…”

အဘွားအိုက မျက်ခုံးပင့်၍ ပြောလိုက်သည်။

“တခြားလူတွေကသာ ဒီလိုစကားမျိုးကို ယုံလိမ့်မယ်။ မင်းကရော ယုံနေတာလား။ အဘွားကို မိုးကြိုးတောင် ကြောက်တယ်လေ။ သရဲ၊ တစ္ဆေသာ မြင်ရမယ်ဆိုရင် ကြောက်လို့ သေသွားမှာပေါ့….”

“အဘွား…

အဘွားက တကယ်မကြောက်ပါဘူး…”

မာခူရွှမ်က တိုးတိုးလေး ရယ်လိုက်သည်။

“လူသားတွေနဲ့ တစ္ဆေတွေဆိုတာ မတူညီတဲ့ လမ်းကြောင်းမှာ လျှောက်နေကြတာ။ မဟာလမ်းစဉ်က ကောင်းကင်ဘုံကို ဦးတည်နေတာ။ ကျွန်တော်တို့ တစ်ယောက်ချင်းဆီက ကိုယ့်လမ်းကိုယ် လျှောက်နေကြတာပါပဲ..”

…………

ညနေစောင်းချိန်တွင်…

နင်ယောင်က အိမ်ငယ်လေးထဲတွင် ဖြည်းညင်းစွာ မျက်လုံးဖွင့်ကြည့်လိုက်သည်။ အနီးအနားတွင် လူငယ်လေး၏အရိပ်အယောင်ကို မတွေ့‌ရပေ။

သူမက လျင်မြန်စွာ မတ်တပ်ရပ်လိုက်ပြီး ခေါင်းငုံ့၍ ရှေ့ကို ထွက်လာခဲ့သည်။ သူမက ပျက်စီးနေသော ရုပ်ထုကြီး၏ပုခုံးပေါ်သို့ ခုန်တက်လိုက်သည်။ ထိုအချိန်တွင် သူမရှိရာကို ပြေးလာနေသော မြက်ဖိနပ်နှင့် လူငယ်လေးကို တွေ့လိုက်ရ၏။ သူ၏ ခြေလှမ်းများက လျင်မြန်ခြင်း မရှိသလို နှေးကွေးခြင်းလည်း မရှိချေ။ သူ့နောက်ကို တစ်စုံတစ်ယောက် လိုက်လာခြင်းမျိုးလည်း မရှိပေ။

အစိမ်းရင့်ရောင် ဝတ်ထားသော မိန်းမပျိုကို မြင်သည့်အခါ သူက အောက်ကို ဆင်းလာရန် လျင်မြန်စွာ အချက်ပြလိုက်သည်။

နင်ယောင်က ရုပ်ထုကြီး၏ ပုခုံးပေါ်မှ ခုန်ဆင်းလာပြီး ချန်းပင်အန်း၏အ‌ရှေ့တွင် ရပ်လိုက်၏။

“လူဝံကြီးကို ကျွန်တော်တို့ကို မတွေ့သေးဘူး..”

ထိုစကားကို ပြောလိုက်ပြီးနောက် ချန်းပင်အန်းက ခေါင်းမရှိတော့သော ရုပ်ထုကြီးကိုကြည့်ပြီး လက်အုပ်ချီ၍ တီးတိုးဦးညွှတ်လိုက်သည်။ သူမကို အပြစ်မတင်ရန် သူက ရုပ်ထုကြီးကို တောင်းဆိုနေကြောင်း ဝိုးတဝါး ကြားနေရ၏။

သူမက မျက်ခုံးပင့်လိုက်မိသော်လည်း စကားတစ်ခွန်းမျှ မပြောခဲ့ပေ။

ထို့နောက် ချန်းပင်အန်းက လျှို့ဝှက်ဆန်းကြယ်စွာ ပြောလိုက်သည်။

“ကျွန်တော် ရုပ်ထု(၂)ခုကို လိုက်ပြမယ်။ အဲဒါက ‌တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်..”

နင်ယောင်က မေးလိုက်၏။

“နတ်ဘုရားတွေ…

ဗောဓိတဗ္ပတွေက ထွက်လာပြီး နင့်ကို ကြည့်ကြမှာလား။ ဒါဆိုရင် သူတို့က လှိုက်လှဲတယ်လို့ ဆိုလိုနေတာလား..”

ချန်းပင်အန်းက မကျေမနပ် အမူအရာနှင့် ပြောလိုက်သည်။

“မိန်းကလေးနင်… ဘာတွေ ပြောနေတာလဲ..”

နင်ယောင်က မျက်ခုံးပင့်လိုက်မိ၏။

ချန်းပင်အန်းက အရှိန်နှင့် ဆက်၍ ပြေးသွားခဲ့သည်။

“မိန်းကလေးကို ကြည့်ရတာ စာတွေ အများကြီး ဖတ်ထားသလိုပဲ…”

နင်ယောင်က တခြားလူတစ်ယောက်အဖြစ် ရုတ်တရက် ပြောင်းလဲသွားသလို ထင်ရသည်။ သူမက အနည်းငယ် ချောင်းဟန့်လိုက်ပြီး ရင်ထဲတွင် ပြောလိုက်၏။ “ထိန်းထား.. ထိန်းထား.. ထိန်းထား ..”

လူငယ်လေးက ရှေ့မှ ဦးဆောင်သွားခဲ့ပြီး မိန်းမပျိုက နောက်မှ တိတ်တဆိတ် လိုက်လာခဲ့သည်။ နင်ယောင်က လက်ညှိုးလေးနှင့် သူမ၏မျက်ခုံးကြားထဲတွင် ရှိနေသော နေရာကို တိတ်တဆိတ် ပွတ်လိုက်မိသည်။ သူမ၏အသက်ကို အပ်ချည်တစ်မျှင်နှင့် ဆွဲထားသလို ဖြစ်နေ၏။

မိန်းမပျိုက အချိန်တော်တော်ကြာ စဉ်းစားနေခဲ့သည်။ ပင့်သက်ရှိုက်လိုက်ပြီနောက် သူမက စကား(၂)ခွန်းကို အားနည်းစွာ ပြောလိုက်လေ၏။

“ကျေးဇူးတင်ပါတယ်..”

လူငယ်က သတိထားနေပြီး ပတ်ဝန်းကျင်ကို စူးစမ်းနေခဲ့သော်လည်း ကျေးဇူးတင်လိုက်သော မိန်းမပျို၏ စကားကို ကြားလိုက်ရ၏။ သို့သော် သူ့ရင်ထဲတွင်တော့ သူမက သူ့ကို ကျေးဇူးတင်ရန် မလိုကြောင်း ခံစားမိခဲ့သည်။ သူကသာ သူမကို ကျေးဇူးတင်ရမည် ဖြစ်၏။ သို့သော် ချန်းပင်အန်းက မည်သို့ပြန်ပြောရမှန်း မသိသည့်အတွက် ထိုအရာကို ရိုးရှင်းစွာ လျစ်လျူရှုထားခဲ့သည်။

ချန်းပင်အန်းက ရုတ်တရက် ရပ်လိုက်ပြီး တောင်ဘက်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့သည်။ သူက တစ်ယောက်တည်း ပြောလိုက်သည်။

“တကယ်လို့ လူဝံကြီးကို ဆရာချီက မြို့ထဲကနေ မောင်းထုတ်လိုက်မယ်ဆိုရင် သူက ကျွန်တော်တို့နောက်ကို မလိုက်နိုင်တော့ဘူး မဟုတ်လား။ ကျွန်တော်တို့က ဘာလုပ်သင့်လဲ..”

မိန်းမပျိုဆီတွင် ပြောစရာစကားလုံး မရှိခဲ့ပေ။

ချန်းပင်အန်းက ရှေ့ကိုဆက်၍ လျှောက်သွား၏။ အရာအားလုံးက သာမန်သာ ဖြစ်သည်။ နင်ယောင်ကလည်း‌ ခြေလှမ်းကို မြန်လိုက်ပြီး သူနှင့် ဘေးချင်းယှဉ်၍ လျှောက်လိုက်သည်။ သူမက မနေနိုင်တော့ဘဲ မေးလိုက်၏။

“ချန်းပင်အန်း .. နင်အဆင်ပြေရဲ့လား…”

ချန်းပင်အန်းက ခေါင်းခါပြီး ပြောလိုက်သည်။

“ကျွန်တော်က အဆင်ပြေပါတယ်။ တချို့အရာတွေက ဒီလိုမျိုးပဲဆိုတာ ကျွန်တော်သိတယ်။ တခြားဘာနည်းလမ်းမှ မရှိဘူးလေ…”

လူငယ်လေးက ပညာမတတ်သည့်အတွက် ထိုစကားလုံး၏အဓိပ္ပာယ်ကို မသိခဲ့ပေ။ ပြောရမည်ဆိုလျှင် လူတစ်ယောက်၏အစွမ်း ကုန်ဆုံးသွားသည့်အချိန်မျိုး ရှိတတ်သည်ဟု ပြောလိုခြင်း ဖြစ်သည်။

နင်ယောင်က ရုတ်တရက် ရပ်လိုက်မိသည်။ လူငယ်လေးက အလွန်ရှုပ်ထွေးသော အမူအရာဖြင့် ပြန်လှည့်လာသည့်အချိန်တွင် သူမက မျက်ခုံးကြားထဲတွင် ရှိနေသော အနီရောင်အမှတ်အသားကို လက်ညှိုးထိုးပြလိုက်၏။

“နင်က ဒါကို စိတ်ဝင်စားနေတယ်ဆိုတာ ငါသိတယ်။ ဒါပေမဲ့ နင်က မေးရမှာ ရှက်နေတာ။ ငါက နင့်ကို အမှန်အတိုင်း ပြောပြမယ်။ ဒါက ငါ့ရဲ့ဝှက်ဖဲပဲ။ ကျန့်ယန်တောင်က လူဝံအိုကြီးက အစွမ်းထက်တယ်။ သူက နင်နဲ့ငါ့ကို ဒီလို ဆိုးဆိုးဝါးဝါး အခြေအနေမျိုးအထိ မောင်းထုတ်နိုင်ခဲ့တယ်။ ဒါပေမဲ့ ငါ့ရဲ့ မျက်ခုံးကြားထဲမှာရှိတဲ့ သွေးကြောမှတ်က ငါ့အမေရဲ့ (၁၀)နှစ်ပြည့် မွေးနေ့လက်ဆောင်ပဲ။ အဲဒါက ငါ့ရဲ့အသက်ပစ္စည်းလို့လဲ ပြောလို့ရတယ်။ အဲဒါသာ ပေါ်လာမယ်ဆိုရင် လူဝံကြီးက သေသွားနိုင်တဲ့အပြင်.....”

ထိုအချိန်တွင် မိန်းမပျိုက စကားစကို ဖြတ်လိုက်ပြီး ခေါင်းစဉ်ကို လျင်မြန်စွာ ပြောင်းလိုက်သည်။

“ငါ နင့်ကို ဒီကိစ္စတွေ ပြောပြနေတယ်ဆိုတာ ဒီကမ္ဘာကြီးက အရမ်းကြီးတဲ့အကြောင်း သိစေချင်လို့ပဲ။ နင့်ကိုယ်နင် လျှော့မတွက်နဲ့။ စိတ်ဓာတ်လည်း မကျနဲ့။ နင်က သိုင်းပညာကို လေ့ကျင့်နေပြီ မဟုတ်လား။ နင်က ဓားပညာကိုရော ဘာလို့ မလေ့ကျင့်ရသေးတာလဲ..”

ချန်းပင်အန်းက ပြန်မေးလိုက်သည်။

“မိန်းကလေးက ဓားသိုင်းပညာကို ဘယ်လိုသင်ပေးရမလဲ ဆိုတာ သိလို့လား..”

နင်ယောင်က ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။

“ငါက အရမ်းပါရမီရှိတယ်။ ငါက အစောပိုင်းကတည်းက ဓားသိုင်းပညာကို သင်ကြားခဲ့ပြီး ငါ့ရဲ့အဆင့်ကလည်း မြန်မြန်ဆန်ဆန် မြင့်တက်လာခဲ့တယ်။ ဒါပေမဲ့ ဓားသိုင်းပညာကို ဘယ်လိုသင်ပေးရမလဲ ဆိုတာတော့ ငါလည်း မသိဘူး..”

ချန်းပင်အန်းက ခေါင်းကုတ်လိုက်သည်။

နင်ယောင်က ခဏကြာစဉ်းစားပြီး အလေးအနက် ပြောလိုက်၏။

“တကယ်လို့ ငါက အဲဒီဓားပျံပေးချင်တယ်ဆိုရင်တောင် သူက သဘောတူမှာ မဟုတ်ဘူး။ ပြီးတော့ ငါက ဓားပျံကို အဲဒီလိုမျိုးလည်း မစော်ကားချင်ဘူး။ ငါ့ရဲ့မွေးရပ်မြေမှာဆိုရင်တော့ ဝိညာဉ်ရှိတဲ့ ဓားအားလုံးက လူသားတွေလိုပဲလေ…”

နောက်ဆုံးတွင်တော့ နင်ယောင်က သူမ၏ခါးတွင် ချိတ်ထားသော အဖြူရောင် ဓားအိမ်ကို ဖြုတ်လိုက်သည်။

“ဒါပေမဲ့ ငါက နင့်ကို ဒီဓားအိမ်တော့ ပေးနိုင်တယ်..”

ချန်းပင်အန်က ရှုပ်ထွေးသွားခဲ့၏။

“ဘာလို့လဲ…”

နင်ယောင်က ချန်းပင်အန်း၏ ပုခုံးကို ပုတ်ပြီး စိတ်လိုလက်ရ ပြောလိုက်သည်။

“နင့်မှာ ဓားအိမ်တစ်ခုတောင် ရှိနေပြီလေ။ နင်က ဓားအင်မော်တယ်တစ်ယောက်ဖြစ်ဖို့ အလှမ်းဝေးသေးလို့လား..”

ချန်းပင်အန်းက ဓားအိမ်အလွတ်ကိုယူပြီး စဉ်းစားကြည့်နေခဲ့သည်။

“အဲဒါက ဘာပြောချင်တာလဲ…”

နင်ယောင်က ရှေ့ကို လျှောက်သွားခဲ့၏။ သူမက အလွန်ထူးခြားသော အရာတစ်ခုကို လုပ်ဆောင်ခဲ့လိုက်သလို ခံစားနေရသည်။

ချန်းပင်အန်းက ဓားအိမ်ကို ကိုင်ကြည့်နေရင်း မည်သည့်နေရာတွင် ဓားတစ်ချောင်း သွားရှာရမည်ဖြစ်ကြောင်း စဉ်းစားနေခဲ့သည်။

Translated by Hein Htet.

All Chapters