အခန်း (၅၄)
Vol. 4 Ch. 54
ချန်းပင်အန်းက နင်ယောင်ကို ရောင်စုံရွှံ့ရုပ်တုတစ်ခုဆီသို့ ဦးဆောင်ခေါ်သွားခဲ့သည်။ ထိုအရာက လူငယ်လေးထက် ခေါင်းတစ်လုံးစာ ပို၍အရပ်မြင့်၏။ မူလတုန်းကတော့ ထိုရုပ်ထုတွင် လက်(၃)စုံ ရှိနေသော်လည်း ယခုတော့ အပေါ်ဆုံးလက်တစ်စုံသာ ကျန်နေတော့သည်။
ထိုအရာက အတော်လေးကို မြင့်မားပြီး အနိမ့်ဆုံးလက်ကတော့ လှုပ်ရှားနေသော လက်တစ်ဖက် ဖြစ်သည်။ လက်တစ်ဖက်လှုပ်ရှားနိုင်သည့် အကြောင်းပြချက်က ရုပ်ထုတွင် ရှိနေသော လက်ချောင်း(၁၀)ချောင်းကို စုစည်းထားခြင်းကြောင့်ဖြစ်၏။ ထို့ကြောင့် တခြားလက်ကို ပုခုံးမှ ဖြတ်လိုက်လျှင်ပင် လက်ဖဝါးနှင့် လက်ကောက်ဝတ်ကတော့ ကျန်နေသေးသည်။
ရောင်စုံရွှံ့ရုပ်ထုက မုတ်ဆိတ်မွေးနှင့် ချပ်ဝတ်အင်္ကျီဝတ်ဆင်ထားသော နတ်ရုပ်ထုတစ်ခု ဖြစ်သည်။ ချပ်ဝတ်အင်္ကျီ၏ အစွန်တွင်တော့ ပုလဲလုံး(၂)လုံး အလှဆင်ထားပြီး ပုလဲလုံးများက ကြီးမားလှသည်။ အလွန်ရုပ်ဆိုးသော လျှိုရှန်းယန်၏ ဘိုးဘေးချပ်ဝတ်အင်္ကျီနှင့် ယှဉ်လိုက်မည်ဆိုလျှင် ပုံသဏ္ဍာန်က မိုးနှင့်မြေပမာ ကွာခြားလွန်းလှသည်။
ထိုနတ်ရုပ်ထုက နက်မှောင်နေသော ကျောက်ပြားတစ်ခုပေါ်တွင် ရပ်နေခဲ့၏။ ညအချိန် သူတို့နေထိုင်ခဲ့သော ခေါင်းမရှိသည့် နတ်ရုပ်ထုနှင့် ယှဉ်လိုက်မည်ဆိုလျှင် ထိုရောင်စုံနတ်ရုပ်ထုက လက်မောင်းများ ပြုတ်နေပြီး ဆေးရောင်စုံများက အစက်အပြောက်များ ဖြစ်နေသော်လည်း အတော်လေး ကောင်းမွန်နေသေးသည်။ အရေးကြီးဆုံးအရာကတော့ ထိုရုပ်ထု၏ဝမ်းဗိုက်နှင့် ခါးနေရာတွင်ဖြစ်၏။ လက်နှစ်ဖက်က ထိုနေရာတွင် စုနေပြီး အလွန်ထူးဆန်းသော ပုံသဏ္ဍာန်တစ်ခု ပေါ်နေခဲ့၏။
နင်ယောင်က သဲလွန်စများကို ကြည့်လိုက်ရုံနှင့် ဘာကြောင့် ချန်းပင်အန်းက သူမကို ဤနေရာသို့ ခေါ်လာကြောင်း နားလည်သွားခဲ့သည်။ သူမက ခေါင်းညိတ်ပြီး ပြောလိုက်၏။
“ဒါက တကယ့်ကို ဟန်ရှန်သိုင်းကျမ်းထဲမှာရှိတဲ့ လက်သီးသိုင်းကွက်တစ်ခုလိုပဲ။ ဒါပေမဲ့ သိုင်းကျမ်းထဲမှာရှိတဲ့ ပုံစံနဲ့တော့ နည်းနည်းလေးကွဲတယ်…”
နင်ယောင်က ခဏကြာစဉ်းစားပြီး မေးလိုက်သည်။
“နင်က အနားမှာ တခြားပြုတ်ကျနေတဲ့ လက်တွေ တွေ့သေးလား…”
ချန်းပင်အန်းက မြေပေါ်တွင် ထိုင်ချလိုက်ပြီး နောင်တရနေသည့်အမူအရာနှင့် ခေါင်းခါပြလိုက်၏။
“ကျွန်တော် ရှာကြည့်သေးတယ်။ ဒါပေမဲ့ ဘာမှမတွေ့ခဲ့ဘူး။ ဒီနေရာမှာ တူတူပုန်းတမ်း လာဆော့တဲ့ ကလေးတွေက ဖျက်ဆီးလိုက်တာပဲဖြစ်မယ်။ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဆိုတော့ ရွှံ့နဲ့ လုပ်ထားတဲ့ ဒီနတ်ရုပ်ကြီးတွေကလည်း အခက်အခဲမျိုးစုံကို ကြုံရမှာပဲလေ။ ဒီတစ်ခုကိုပဲ ကြည့်လိုက်ဦး။ သူ့ရဲ့အမြင့်ဆုံးလက်က လက်ကောက်ဝတ်မှာ အကြီးကြီး ပဲ့ထွက်နေပြီ။ ပတ်ပတ်လည်မှာလည်း အက်ကွဲကြောင်းတွေ အများကြီးပဲ။ ဒါက လောက်လေးခွတွေ၊ ကျောက်တုံးတွေကြောင့် ထိခိုက်သွားတာ ဖြစ်နိုင်တယ်…”
“မြို့ထဲမှာရှိတဲ့ ကလေးတွေက အဲဒီအတိုင်းပဲ။ အရွယ်ရောက်သွားပြီဆိုရင် ဒီနေရာမှာ လာကစားဖို့ ခွင့်မပြုတော့ဘူး။ သူတို့က ဒီနေရာကိုလာပြီး ပုရစ်ဖမ်းကြတယ်။ သစ်ဥသစ်ဖုတွေကို တိတ်တိတ်လေးတူးရတာ သဘောကျကြတယ်။ အထူးသဖြင့် နှစ်တိုင်း နှင်းကျတဲ့အချိန်ကို ရောက်ရင် လူပေါင်းများစွာက ဒီနေရာမှာ နှင်းဘောလုံးနဲ့ အချင်းချင်း ပစ်ပေါက်ဆော့ကစားကြတယ်။ လူလည်း တော်တော်လေးများတယ်။ သူတို့ဆော့လို့ဝသွားရင်တော့ တခြားဘာကိုမှ ဂရုမစိုက်တော့ဘူး…”
“သူတို့ငယ်ငယ်တုန်းကတော့ သူတို့က အမြင့်တက်တာကို ယှဉ်ပြိုင်ကြတယ်။ တချို့ကတော့ နတ်ရုပ်ထုတွေရဲ့ ခေါင်းပေါ်ကို တက်ပြီး သေးပေါက်ကြတယ်။ ဘယ်သူက ဝေးဝေးကိုရောက်လဲ ပြိုင်ကြတယ်။ အဲဒါတွေကို စဉ်းစားကြည့်လိုက်မယ်ဆိုရင်တော့ နှစ်ပေါင်းများစွာ ကြာတဲ့အချိန်မှာ အကောင်းတိုင်း ရှိနေတဲ့ ရွှံ့ရုပ်ထုတစ်ခုမှ မရှိတော့ဘူး…”
“ကျွန်တော် ငယ်ငယ်တုန်းကတော့ သစ်သားရုပ်ထုနည်းနည်းရှိတယ်။ နောက်ပိုင်းမှာတော့ လူပျင်းတစ်ယောက်က တောင်တန်းထဲဝင်ပြီး သစ်ခုတ်ရမှာကို အရမ်းပျင်းတဲ့အတွက် အဲဒီနတ်ရုပ်ထုတွေကို မျက်စိကျနေခဲ့တာ။ ဆောင်းရာသီ အစောပိုင်းမှာ သူက နတ်ရုပ်ထုတွေကို တိတ်တဆိတ်ယူသွားပြီး မီးရှို့ပစ်လိုက်တယ်လို့ကြားတယ်…”
လူငယ်လေးက တစ်ယောက်တည်း ဝမ်းနည်းစွာ ရေရွတ်နေခဲ့၏။
“အဲဒီအချိန်တုန်းကတော့ ကျွန်တော်က အဘိုးယောင်နဲ့အတူ တောင်တန်းတွေထဲကို သွားနေခဲ့ရတာ။ ကျွန်တော်က မီးဖိုကြီးတွေအကြောင်းကို လေ့လာဖို့ စွမ်းရည်လည်း မရှိခဲ့ဘူးလေ။ တကယ်လို့ မြို့ထဲမှာ တစ်ယောက်ယောက်ကသာ အဲဒီအရာကို လုပ်ကြောင်း သိခဲ့မယ်ဆိုရင် ကျွန်တော်က သူ့ကို သေချာပေါက် ဖျောင်းဖျမှာပေါ့။ အလုပ်မဖြစ်ရင် ကျွန်တော်က သူ့ကိုယ်စား ထင်းခုတ်ပေးဖို့တောင် သဘောတူနိုင်သေးတယ်။ ဒီရွှံ့နတ်ဘုရားရုပ်ထုတွေ၊ ရွှံ့ဗုဒ္ဓရုပ်ထုတွေက ဘာအစွမ်းမှ မရှိတော့ပေမဲ့ သူတို့က ဗုဒ္ဓတွေ နတ်ဘုရားတွေ ဖြစ်နေတုန်းပဲလေ။ သူတို့ကို ထင်းလုပ်ပစ်ခဲ့တယ်ဆိုတော့ ဒါက တော်တော်လေး ယုတ်မာတယ်လို့ ပြောရမှာပဲ..”
ထိုအချိန်တွင် နင်ယောာင်နှင့် ချန်းပင်အန်းတို့၏အာရုံစိုက်မှုက လုံးဝကို ကွဲပြားနေခဲ့သည်။ နင်ယောင်ကတော့ မေးစေ့ကို လက်တစ်ဖက်နှင့် ဖျစ်လိုက်ပြီး တခြားလက်တစ်ဖက်က တံတောင်ဆစ်ကို ထောက်ပေးထားသည်။ သူမ၏မျက်လုံးများထဲမှနေ၍ အလင်းရောင်များ တောက်ပနေပြီး ဖြည်းညင်းစွာ ပြောလိုက်၏။
“ငါထင်တာမမှားရင် နင့်ရဲ့လက်သီးသိုင်းကျမ်းထဲမှာ ရှိတဲ့ပုံစံတွေက ဒီနေရာကနေ ဆင်းသက်လာတာ ဖြစ်မယ်။ ဒါပေမဲ့ နင်အခု မြင်နေရတဲ့ လက်ပုံစံတစ်စုံတော့ မဟုတ်ဘူး။ ဒီနတ်ရုပ်ထုရဲ့အလယ်မှာရှိတဲ့ လက်တစ်စုံ ဖြစ်နိုင်တယ်။ အဲဒီလက် ဖြစ်ပေါ်လာတဲ့ ပုံစံတွေက ပျောက်နေတယ်။ ဘာလို့လဲဆိုတာ မသိပေမဲ့ ဒီလက်သီးသိုင်းကျမ်းကို ရေးခဲ့တဲ့သူက လက်တစ်ဖက်တည်းကိုပဲ ရွေးချယ်ခဲ့ပြီး သူမြင်နေရတဲ့ လက်ပုံသဏ္ဍာန်တွေကိုတော့ မရွေးချယ်ခဲ့ဘူး။ အခုမြင်လိုက်ရတဲ့အချိန်မှာ တစ်ခုတော့ သေချာသွာပြီ။ ဒီပုံစံတွေ ဒါမှမဟုတ် နတ်ရုပ်ထုရဲ့ လက်ချောင်းက ဓားပုံသဏ္ဍာန် ပြောင်းလဲထားတာကလည်း အရွယ်အစားမတူနိုင်ဘူး…”
ချန်းပင်အန်းက ရှုပ်ထွေးသွားခဲ့သည်။ သို့သော် သူက ငြင်းခုံရန် မေ့မနေခဲ့ဘဲ သူမကို သတိပေးလိုက်သေးသည်။
“အဲဒီလက်သီးသိုင်းကျမ်းက ကုစန့်ရဲ့ပစ္စည်းပဲ။ ကျွန်တော်က သူ့ကိုယ်စား ထိန်းသိမ်းပေးထားတာ…”
နင်ယောင်က ချန်းပင်အန်းနှင့် အပြန်အလှန်ငြင်းခုံနေခဲ့ခြင်း မရှိချေ။ သူမက နတ်ရုပ်ထု၏ပုံစံကိုကြည့်ပြီး ရှင်းပြလိုက်သည်။
“နင်မြင်လား။ လက်သီးသိုင်းကျမ်းထဲမှာ ညာဘက်လက်ရဲ့လက်သန်းက နည်းနည်းလေး ထွက်နေတယ်။ ဒါပေမဲ့ ဒီနေရာမှာတော့ လက်(၉)ချောင်းက ဆုပ်ထားတယ်။ ဘယ်ဘက်လက်ရဲ့ လက်ညှိုးလေးတစ်ခုပဲ ထွက်နေတယ်။ ရည်ရွယ်ချက်ကတော့ သူ့ရဲ့လက်ချောင်းလေးတွေနဲ့ ဓားပုံသဏ္ဍာန်တစ်ခု ဖန်တီးဖို့ပဲ..”
နင်ယောင်က ဆက်ပြီး ပြောလိုက်သည်။
“ငါက နင်တို့ရဲ့ကမ္ဘာကြီးထဲမှာ နှစ်ပေါင်းများစွာ လှည့်ပတ်သွားလာနေခဲ့တာ။ ငါက သူတော်စင်(၄)ပါးနဲ့ တာအိုကျောင်းဆောင်တွေ အများကြီးကို မြင်ခဲ့ဖူးတယ်။ ဒီရွှံ့ရုပ်ထုကတော့...”
ချန်းပင်အန်းက သူမ ဆက်ပြောအောင် စောင့်နေသော်လည်း အဖြေမရခဲ့ပေ။ ထို့ကြောင့် သူလည်း ပြန်မေးလိုက်၏။
“ဒီရွှံ့ရုပ်ထုမှာ ထူးဆန်းတာ တစ်ခုခုရှိလို့လား….”
နင်ယောင်က ခေါင်းညိတ်ပြီး လေးလေးနက်နက် ပြောလိုက်သည်။
“အဲဒါကတော့ အတိုဆုံးပဲ…”
လူငယ်လေးက မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး စကားတစ်ခွန်းမျှမပြောခဲ့ပေ။ သူက သူမကို လက်မထောင်ပြလိုက်၏။ နင်ယောင်က ပြန်လှည့်လာပြီး မေးလိုက်သည်။
“နင်က ပိယွင်တောင်ပေါ်မှာ ဒီနတ်ရုပ်ထုထက်ပိုပြီးမြင့်တဲ့ ရုပ်ထုတစ်ခုကို မြင်ခဲ့ဖူးလား။ သေချာပေါက် မမြင်ဖူးဘူးလေ..”
“ပိယွင်တောင်က ကျွန်တော်တို့ဘက်မှာ ရှိတာလား…”
ချန်းပင်အန်းက သံသယဝင်စွာ ပြန်မေးလိုက်သည်။
နင်ယောင်က ချက်ချင်း နားလည်သွားခဲ့ပြီး ရှင်းပြလိုက်၏။
“အဲဒါက ဒီနေရာမှာ အမြင့်ဆုံးတောင်ထိပ်လေ။ ဟိုးအရင်တုန်းကတော့ ပညာရှင်တစ်ယောက်က ဒီကမ္ဘာကြီးထဲမှာရှိတဲ့ နဂါးချီစွမ်းအားတွေကိုဖိနှိပ်ဖို့အတွက် ပိယွင်တောင်ပေါ်မှာ ကောင်းကင်သခင်တံဆိပ်ကို မြုပ်နှံခဲ့တယ်လို့ ကြားဖူးတယ်…”
“မိန်းကလေးနင်က အဲဒီနေရာကို တိတိကျကျ သိလား။ ကျွန်တော်တို့က အဲဒါကို သွားတူးလို့ရလား…”
ချန်းပင်အန်း၏မျက်လုံးများက ဝင်းလက်သွားခဲ့သည်။
နင်ယောင်က အပြုံးနှင့်ပြောလိုက်၏။
“ဘာလဲ နင်က အဲဒါကိုတူးပြီး ရောင်းစားချင်တာလား…”
အမှန်တရားများ ပေါ်သွားသည့်အတွက် ချန်းပင်အန်း၏မျက်နှာက အနည်းငယ် နီရဲသွားခဲ့သည်။ သူက ထူးဆန်းစွာ ပြောလိုက်၏။
“ကျွန်တော်က အဲဒီအရာကို ငွေကြေးအတွက် ရောင်းစားမှာ မဟုတ်ပါဘူး။ ပစ္စည်းကောင်းပြီး တန်ဖိုးရှိတဲ့အရာဆိုရင်တော့ မိသားစုအမွေအနှစ်အဖြစ် အိမ်မှာ သိမ်းထားတာ ပိုကောင်းပါတယ်…”
နင်ယောင်က ငွေကြေးကိုသာ ဂရုစိုက်သော လူငယ်လေးကို လက်ညှိုးထိုးပြီး မကြည်မသာ အမူအယာနှင့် ပြောလိုက်သည်။
“တကယ်လို့ နောက်ပိုင်း နင်ကသာ ကိုယ်ပိုင်ဂိုဏ်းတစ်ခု တည်ထောင်နိုင်မယ်ဆိုရင် နင့်လို ဂိုဏ်းခေါင်းဆောင်တစ်ယောက်ရှိနေတဲ့အတွက်နင့်ရဲ့တပည့်တွေ၊ ဧည့်သည်တွေက ဘဝတလျှောက်လုံး စားစရာနဲ့ အဝတ်အထည်အတွက် စိတ်ပူစရာလိုမှာ မဟုတ်ဘူး။ သူတို့က ဘဝကြီးကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းရုံပဲ…”
ချန်းပင်အန်းကတော့ ထိုမျှအခြေအနေအထိ စဉ်းစားထားခဲ့ခြင်းမရှိချေ။ ဂိုဏ်းတစ်ဂိုဏ်း တည်ထောင်ခြင်းကိုတော့ သူလည်း နားမလည်ခဲ့ပေ။ သူက မတ်တပ်ရပ်ပြီး မေးလိုက်၏။
“အရွယ်အစားက ဘယ်လိုပဲရှိရှိ၊ ဒါကလည်း ပုံစံတစ်မျိုးပဲ မဟုတ်လား…”
နင်ယောင်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“ပုံစံအကြီးအသေးက ဘယ်လက်နဲ့ ညာလက်အဖြစ် ခွဲခြားထားတယ်။ အစစ်အမှန်ပုံစံကတော့ ဘယ်ဘက်လက်ညှိုးနဲ့ ညာဘက်လက်သန်း မဟုတ်ဘူး။ အဲဒါက အပေါ်ဘက်က အရာပဲ…”
နင်ယောင်က ထိုသို့ပြောလိုက်သည့်အချိန်တွင် သူမက မျက်လုံးမှိတ်ပြီး အာရုံစိုက်ကြည့်လိုက်သည်။ သူမက ထိုအရာကို စစ်ဆေးကြည့်ရန် တံဆိပ်များ ဖန်တီးစရာ မလိုချေ။
သူမက မျက်လုံးဖွင့်ကြည့်လိုက်ပြီး သူမ၏လက်ချောင်းလေးများကိုကွေး၍ နောက်စေ့တွင် ရှိနေသော နေရာ(၂)ခုကို လက်ညှိုးထိုးပြလိုက်သည်။ သူတို့က ယုကျန်းသွေးကြောနှင့် တျန်းကျိုးသွေးကြောအမှတ်များ ဖြစ်ကြ၏။ သူတို့က သူမ၏အသက်ဓားပျံကို အားဖြည့်ရန် အမှန်တကယ် သင့်တော်သောနေရာများဖြစ်၏။
သူမက အပြုံးနှင့် ပြောလိုက်သည်။
“ဘယ်ဘက်လက်ပုံစံက ဒီနေရာနဲ့ ဆက်သွယ်ထားတယ်။ ညာဘက်လက်ပုံစံက ဒီနေရာနဲ့ ဆက်သွယ်ထားတယ်…”
ချန်းပင်အန်းက တွေဝေစွာ ပြန်ပြောလိုက်၏။
“မိန်းကလေးနင် …
အမှန်အတိုင်းပြောရရင် ကျွန်တော် မေးချင်နေတဲ့ မေးခွန်းရှိတယ်။ ဒီပုံစံက လက်သီးသိုင်းကျမ်းရဲ့အခြေခံလို့ ပြောနိုင်တယ်။ ဒါပေမဲ့ လက်ချောင်းတွေကတော့ ဒီနေရာနဲ့ ဒီနေရာမှာ လှုပ်ရှားနေတယ်။ အဲဒါတွေက လက်သီးသိုင်းကျင့်တာနဲ့ ဘယ်လိုပတ်သက်နေလဲ။ ကျွန်တော်က အစွမ်းတွေ ရနိုင်မှာလား…”
နင်ယောင်က ကြောင်သွားခဲ့၏။ အကယ်၍ နင်ယောင်က သိုင်းပညာအကြောင်း ရှင်းပြရမည်ဆိုလျှင် သို့မဟုတ် ကျင့်ကြံမှုနည်းလမ်းများကို ရှင်းပြရမည်ဆိုလျှင် သူမအတွက် အလွန်ခက်ခဲပါလိမ့်မည်။ သူမကတော့ အခက်အခဲ၊ အတားအဆီးအားလုံးကို လွယ်လွယ်ကူကူ ကျော်လွှားနိုင်ခဲ့၏။
မည်သို့ဖြစ်စေကာမူ နင်ယောင်ကိုယ်တိုင်က ထိုကဲ့သို့ အသုံးမဝင်သော အရာများကို ပြောပြရန် လိုအပ်ဦးမည်လော။ ထိုအရာက သူတို့အတွက် ရင်းနှီးနေသော အရာတစ်ခု မဟုတ်ပေလော။ ထို့ကြောင့် မိန်းမပျိုက ရှုတည်တည်မျက်နှာနှင့် လူငယ်ကို ကြိမ်းမောင်းလိုက်သည်။
“တကယ်လို့ နင့်မှာ ကျင့်ကြံမှုမရှိဘူးဆိုရင် ဒါတွေ ပြောနေလို့လည်း အပိုပဲ။ နင်က ဘာလို့မေးခွန်းတွေ အများကြီး မေးနေတာလဲ။ လေ့ကျင့်ဖို့ကိုပဲ အာရုံစိုက်လိုက်စမ်းပါ။ ဘာလဲ … အခက်အခဲတွေကို ခံနိုင်ရည်မရှိဘူးလား…”
ချန်းပင်အန်းက သေချာဂရုတစိုက် ပြောလိုက်သည်။
“မိန်းကလေးနင် …
အဲဒါကို တကယ်ပဲ လိုအပ်တာလား…”
နင်ယောင်က လက်ပိုက်ပြီး ပြန်မေးလိုက်၏။
“မဟုတ်ရင်ရော…”
ချန်းပင်အန်းက ထိုကိစ္စကို ဆက်မေးမနေတော့ဘဲ ရောင်စုံရုပ်ထုကို မော့ကြည့်လိုက်သည်။
“ဒါက တာအိုသခင်လုမိသားစုရဲ့ အင်မော်တယ်ပဲ…”
နင်ယောင်က မသက်မသာ ပြောလိုက်၏။
“တာအိုသခင် လုမိသားစုရဲ့ အင်မော်တယ်ဆိုတာက ဘာကို ပြောချင်တာလဲ…”
“ပထမဆုံး တာအိုလမ်းစဉ်…
တာအိုလမ်းစဉ်ဆိုတာ မိသားစုဆိုတဲ့ စကားလုံးရှိနေပေမဲ့ အဲဒါက နင်တို့မြို့ငယ်လေးထဲမှာ သာမန်လူတွေလို မိသားစုမျိုး မဟုတ်ဘူး။ တာအိုလမ်းစဉ်ဆိုတာက အရမ်းကို ကြီးမားပြီး နင်ထင်ထားတာထက်တောင် အဆပေါင်းများစွာ ကျော်လွန်နေတယ်။ တာအိုလမ်းစဉ်မှာ တာအိုသခင် ဘယ်နှစ်ယောက်ရှိလဲဆိုတာ ငါမသိဘူး။ ဂိုဏ်းခွဲတွေ ဘယ်လောက်ရှိလဲဆိုတာလည်း ငါမသိဘူး။ ဘိုးဘေးခုံရုံးကို အထက်၊အောက်၊တောင်၊မြောက် အပိုင်း(၄)ပိုင်း ခွဲခြားထားတယ်လို့တော့ ငါ့အဖေပြောတာ ကြားဖူးတယ်။ ထားလိုက်ပါတော့.. နင့်ကိုပြောပြနေရတာကလည်း ကျွဲပါးစောင်းတီးနေသလိုပဲ ဖြစ်လိမ့်မယ်…”
“ဒုတိယ အချက်ကတော့ အင်မော်တယ်ပဲ။ နင်က အင်မော်တယ်ဆိုတဲ့စကားကို မကြာခဏပြောနေပေမဲ့ ဒီကမ္ဘာကြီးထဲမှာရှိတဲ့ သာမန်လူတွေလို အတူတူပဲလေ။ အင်မော်တယ်တွေက မတူညီတဲ့ လမ်ကြောင်းတွေကို လျှောက်လှမ်းနိုင်ကြတယ်။ ငါ နင့်ကို ဥပမာတစ်ခုပြောပြမယ်။ နင်က အရင်တုန်းကရော ဒီလိုစကားမျိုးကို ကြားခဲ့ဖူးလား..”
ချန်းပင်အန်းက ခေါင်းညိတ်ပြီး ပြောလိုက်၏။
“အရင်တုန်းကတော့ အဘွားမာက တရုတ်ဇီးသီးပွင့်လမ်းကြားထဲမှာရှိတဲ့ ကုစန့်ရဲ့အမေနဲ့ မကြာမကြာ ရန်ဖြစ်တတ်တယ်။ ဒါကြောင့် အဲဒီလိုစကားမျိုးကို ကြားခဲ့ဖူးတယ်…”
နင်ယောင်က သူ့ကို အကြံပေးနေသယောင် ထင်မှတ်ရသည်။
“ဘာကြောင့် ဗုဒ္ဓက ကိုးကွယ်သူတစ်ယောက်အတွက် တိုက်ခိုက်မှာလဲ။ အင်မော်တယ်တွေကသာ ကိုးကွယ်ယုံကြည်မှုကို လိုအပ်တာ။ ကိုးကွယ်ယုံကြည်မှု မရှိရင် အင်မော်တယ်တွေက တဖြည်းဖြည်းအားနည်းသွားပြီး စိတ်ဝိညာဉ်စွမ်းအားတွေကို ဆုံးရှုံးသွားရလိမ့်မယ်။ အကြောင်းပြချက်ကလည်း အရမ်းရိုးရှင်းပါတယ်။ ရက်ပေါင်းများစွာ အစာမစားရတဲ့ လူတစ်ယောက်လိုပဲပေါ့။ ဒါဆိုရင် စွမ်းအားတွေက ဘယ်နေရာကနေ ရောက်လာတာလဲ။ ဘာကြောင့် နန်းတွင်းက ဆိုးသွမ်းတဲ့ကျောင်းဆောင်တွေကို နေရာတိုင်းမှာ တားမြစ်နေရတာလဲ..”
“သူတို့ကြောက်နေတာက ဒီလူသားကမ္ဘာကြီးထဲမှာရှိတဲ့ ကိုးကွယ်ယုံကြည်မှုတွေ ဖရိုဖရဲဖြစ်သွားမှာကို ကြောက်နေတာပဲ။ ဒါဆိုရင် အင်မော်တယ်တွေက နေရာရလာမှာ မဟုတ်တော့ဘူး။ သေချာပြန်စဉ်းစားကြည့်လိုက်မယ်ဆိုရငတော့ တကယ်လို့ သူတို့က ခွင့်ပြုချက်မရှိဘဲ အင်မော်တယ်ဖြစ်လာမယ်ဆိုရင်တောင် နှစ်စဉ်နှစ်တိုင်း နယ်မြေခံလူသားတွေကို ကာကွယ်ပေးချင်နေတဲ့ လူတွေပဲဖြစ်လိမ့်မယ်။ သူတို့တွေကတော့ ကောင်းကင်ဘုံရဲ့ဆန္ဒကို လုံးဝဖောက်ဖျက်ကြမှာ မဟုတ်ဘူး။ ဒါပေမဲ့ အစစ်အမှန် နဂါးခန္ဓာရှိနေတဲ့ ဘုရင်တစ်ယောက်ကတော့ နန်းတွင်းက ခွင့်ပြုထားတာ မဟုတ်တဲ့ ကျောင်းဆောင်တွေကို လက်ခံမှာမဟုတ်ဘူး။ အဲဒီအရာက နယ်မြေတစ်ခုထဲမှာရှိတဲ့ ဖုန်းရွှေစွမ်းအားတွေကို ပျက်စီးသွားစေနိုင်တယ်။ အဲဒါက သီးခြားအာဏာတစ်ခုကို ဖန်တီးလိုက်သလိုဖြစ်ပြီး တိုင်းပြည်တစ်ခုရဲ့ကံကြမ္မာကို အားနည်းသွားစေနိုင်တယ်။ ဒါက နံရံပေါ်မှာ အပေါက်တစ်ခုဖန်တီးလိုက်သလိုပဲ။ အဲဒီအရာက အင်ပါယာတစ်ခုရဲ့ သက်တမ်းကို တိုသွားစေနိုင်တယ်…”
“အင်မော်တယ်တွေ ဆိုတာက အရမ်းကို ရိုးရှင်းပါတယ်။ နင် မြင်နေရတဲ့ လူစိမ်းတွေ အများစုကို အင်မော်တယ်လို့ သတ်မှတ်နိုင်တယ်။ ကျန့်ယန်တောင်က လူဝံအိုကြီးကတောင် အင်မော်တယ်တစ်ဝက်လို့ သတ်မှတ်နိုင်တယ်။ သူတို့တွေအားလုံးက အင်မော်တယ် အထွဋ်အထိပ်ကို ရောက်ရှိဖို့အတွက် တောင်ထိပ်ပေါ်ကို တစ်လှမ်းချင်းဆီတက်ပြီး မဟာတာအိုလမ်းစဉ်ကို လျှောက်လမ်းနေကြတာ။ ကျင့်ကြံသူတွေကိုတော့ ချီကျင့်ကြံသူတွေလို့ ခေါ်ကြတယ်။ ကျင့်ကြံမှုကိုတော့ အင်မော်တယ်ကျင့်ကြံမှု ဒါမှမဟုတ် ချီကျင့်ကြံမှုလို့ခေါ်ကြတယ်..”
ချန်းပင်အန်းက မေးလိုက်သည်။
“ဒါဆိုရင် ဒီရုပ်ထုက တာအိုရုပ်ထုလား။ ဒါမှမဟုတ် အင်မော်တယ်တစ်ပါးလား။ မိန်းကလေးနင်ရဲ့စကားအရ ဒါက တာအိုလမ်းစဉ်အင်မော်တယ်တစ်ယောက်လို့ သတ်မှတ်နိုင်တယ် မဟုတ်လား…”
နင်ယောင်၏အမူအယာက တည်ငြိမ်သွားသည်။ သူမက ညင်သာစွာ ခေါင်းခါပြလိုက်ပြီး ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များကို ဆက်လက်ပြောပြလိုခြင်း မရှိခဲ့ပေ။
သူမက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်မိ၏။ ထိုရုပ်ထု၏ ပိုမြင့်သောနေရာမှနေ၍ အလွန်ထူးဆန်းသော ကျောက်တုံးလေးတစ်တုံး ပစ်ချလိုက်သည့်အတွက် အပိုင်းအစများစွာ ပြုတ်ကျလာခဲ့သည်။ နင်ယောင်က လက်ကို ဝှေ့ယမ်းလိုက်ပြီး ဖုန်မှုန့်များကို ဖယ်ရှားလိုက်သည်။
ချန်းပင်အန်းက မတ်တပ်ရပ်လိုက်ပြီး နင်ယောင် ကြည့်နေသည့်နေရာကို လှမ်းကြည့်လိုက်၏။ သူက ပြန်လှည့်ကြည့်လိုက်ရာ မထင်မှတ်ထားသော လူတစ်ယောက်ကို မြင်လိုက်ရသည်။
အရပ်ပုပု၊အသားညိုညိုနှင့် လူငယ်လေး တစ်ယောက်က အဝေးတွင် လဲကျနေသော ရုပ်ထုတစ်ခုပေါ်တွင် ထိုင်နေခဲ့သည်။ သူက လက်တစ်ဖက်နှင့် ကျောက်တုံးများကို ဆက်တိုက် ပစ်လိုက် ဖမ်းလိုက် လုပ်နေခဲ့၏။
ချန်းပင်အန်းက ပြန်လှည့်လာပြီး နင်ယောင်နှင့် ဘေးချင်းယှဉ်၍ ရပ်လိုက်သည်။ သူက တိုးတိုးလေး ပြောလိုက်၏။
“သူ့နာမည်က မာခူရွှမ်လို့ခေါ်တယ်။ သူက တရုတ်ဇီးသီးပွင့်လမ်းကြားထဲမှာရှိတဲ့ အဘွားမာရဲ့မြေးပဲ။ သူက တော်တော်လေး ထူးဆန်းတယ်။ သူ ငယ်ငယ်ကတည်းက စကားပြောရတာကို မကြိုက်ဘူး။ အရင်တခေါက် စမ်းချောင်းထဲမှာ ကျွန်တော်နဲ့ တွေ့တဲ့အချိန် မာခူရွှမ်က အရင်ဆုံး ကျွန်တော့်ကို စကားလာပြောခဲ့တယ်။ မြွေကျောက်တုံးတွေက အရမ်းတန်ဖိုးရှိတယ်ဆိုတာ သူက သိနေတယ်…”
မာခူရွှမ်ဟုခေါ်သော လူငယ်လေးက လက်ထဲတွင် ကျောက်တုံးများကို ကစားနေခဲ့သည်။ သူက နင်ယောင်နှင့် ချန်းပင်အန်းတို့ကို ပြုံးပြလိုက်ပြီး အဓိကအချက်ကို ပြောလိုက်၏။
“တကယ်လို့ ငါကသာ ဖုလုလမ်းကြားထဲမှာရှိတဲ့ လီစံအိမ်ကိုသွားပြီး မင်းတို့နှစ်ယောက်ကို တွေ့တဲ့အကြောင်း ကျန့်ယန်တောင်က လူဝံအိုကြီးကို ပြောလိုက်မယ်ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် ငွေအိတ်တစ်အိတ်ကိုရမှာပဲ။ ဒါပေမဲ့ မင်းကသာ ငါ့ကိုငွေအိတ်(၂)ပေးမယ်ဆိုရင် ငါက မင်းတို့ကို မမြင်ချင်ယောင်ဆောင်ပေးမယ်…”
“ကိစ္စတစ်ခုကိုတော့ အရင်ဆုံးပြောရလိမ့်မယ်။ အလုပ်က အလုပ်ပဲ။ ငါ့ကို နှုတ်ပိတ်ဖို့အတွက် မစဉ်းစားနဲ့။ ဒီနေရာကိုစောင့်ကြည့်နေတဲ့ အင်မော်တယ်တွေ၊ ဗုဒ္ဓတွေ အများကြီးပဲ။ ကိုယ့်ရဲ့လုပ်ရပ်ကို သတိထားပါ…”
နင်ယောင်က ဒေါသတကြီးပြန်ပြောတော့မည့်အချိန်တွင် ချန်းပင်အန်းက သူမ၏လက်ကို ဆုပ်ကိုင်လိုက်သည်။ သူက ရှေ့ကို တစ်လှမ်းတိုးသွားပြီး လေးလေးနက်နက် အမူအရာနှင့် မာခူရွှမ်ကို မေးလိုက်၏။
“တကယ်လို့ ငါသာ မင်းကို ငွေပေးမယ်ဆိုရင် မင်းက တခြားသူတွေကို တကယ်ပြောမပြဘူးလား…”
မာခူရွှမ်က အနည်းငယ် အံ့ဩသွားခဲ့၏။ ထိုလူငယ်နှင့် မိန်းမပျိုတို့က အလွယ်တကူ သဘောတူလိမ့်မည်ဟု သူလည်း မထင်ထားခဲ့ပေ။ သို့သော် သူကတော့ ဆက်ပြီး ဟန်မဆောင်ချင်တော့ပေ။ သူက အလွန်လှပသော ပန်းထိုးအိတ်တစ်ခုကို ထုတ်လိုက်ပြီး မြေပေါ်သို့ ပစ်ချလိုက်၏။
သူက အပြုံးနှင့် ပြောလိုက်သည်။
“ငါက လီစံအိမ်ဆီကနေ ငွေယူပြီးသွားပြီ။ ဒါပေမဲ့ ငါက ဒါကိုငွေအတွက် လုပ်တာ မဟုတ်ဘူး။ မင်း ချန်းပင်အန်းက ရွှံ့ပုလင်းလမ်းကြားထဲမှာ စုန့်ကျိရှင်းရဲ့ အိမ်နီးချင်း မဟုတ်လား။ တကယ်လို့ မင်းက တစ်ယောက်ယောက်ကို အပြစ်တင်ချင်နေတယ် ဆိုရင်တော့ မင်းအနားမှာရှိနေတဲ့ မိန်းကလေးကိုပဲ အပြစ်တင်လိုက်တော့။ သူက တော်တော်လေး စိတ်ရှုပ်ဖို့ကောင်းတယ်။ သူက လူပေါင်းများစွာရဲ့ အစီအစဉ်ကို ပျက်စီးသွားအောင် လုပ်ခဲ့တာ…”
လူငယ်က ရှုံ့မဲ့သွားခဲ့ပြီး သူ့ကိုယ်သူ လက်ညှိုးထိုးပြခဲ့သည်။
“ဥပမာအားဖြင့် ငါ့လိုပေါ့…”
ချန်းပင်အန်းက ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်၏။
မာခူရွှမ်က နင်ယောင်ကိုကြည့်ပြီး ပြုံးပြလိုက်သည်။
“ဘာမှမစိုးရိမ်ပါနဲ့။ လူဝံအိုကြီးက ရင်ဆိုင်စရာ ကိစ္စတစ်ခုရှိနေတော့ အချိန်ခဏတော့ ကြာဦးမယ်။ ငါက ဒီအခွင့်အရေးကိုယူပြီး မင်းဆီကနေ ပစ္စည်းတစ်ခုတောင်းဖို့ လာတာ။ အဲဒါကဘာလဲ သိတယ်မဟုတ်လား…”
နင်ယောင်က ခနဲ့သလို ပြောလိုက်သည်။
“နင့်မှာ အသက်အပိုမရှိတာကို မမေ့နဲ့ဦး…”
မာခူရွှမ်က ပြုံးလိုက်၏။
“နင်က ငါ့မိန်းမမှ မဟုတ်တာ။ ဘာလို့ နင်က စိုးရိမ်ပေးနေရတာလဲ..”
ထိုလူငယ်ကို ဘာကြောင့် အရူးတစ်ယောက်ဟု ပြောကြောင်း ချန်းပင်အန်းလည်း လုံးဝကို မစဉ်းစားနိုင်တော့ပေ။ နင်ယောင်ကတော့ မျက်နှာပျက်နေခဲ့၏။ သူမက ချန်းပင်အန်း၏ ပုခုံးကိုကိုင်ပြီး တီးတိုးပြောလိုက်သည်။
“ဘာကြောင့်မှန်းမသိပေမဲ့ ဓားပျံက ဒီနယ်မြေထဲကို ဝင်မလာနိုင်ဘူး…”
မာခူရွှမ်က ချန်းပင်အန်းကို လှည့်ကြည့်ပြီး ပြုံးလိုက်၏။
“မနေ့တုန်းက အမိုးပေါ်က တိုက်ပွဲက တော်တော်လေး စိတ်လှုပ်ရှားဖို့ကောင်းတယ်။ ငါလည်း အဲဒီအရာကို မြင်ခဲ့တယ်။ ဪ ဒါနဲ့ မင်းရဲ့ခြေထောက်မှာရှိနေတဲ့ သဲအိတ်ကို ချွတ်လိုက်ပါ။ မဟုတ်ရင် မင်းက ငါ့ကိုမီမှာ မဟုတ်ဘူး…”
ချန်းပင်အန်းက ထိုင်လိုက်ပြီး ဘောင်းဘီကို ဖြည်းညင်းစွာ လိပ်တင်လိုက်သည်။ သူက မာခူရွှမ်ကို စိုက်ကြည့်လိုက်၏။ ထိုအချိန်တွင် ချန်းပင်အန်း၏ ဘောင်းဘီအတွင်းထဲ၌ သဲအိတ်တစ်ခုကို ချည်ထားကြောင်း တွေ့လိုက်ရသည့်အတွက် နင်ယောင်ကလည်း အံ့ဩသွားခဲ့သည်။
ချန်းပင်အန်းက နင်ယောင်ကိုရှင်းပြလိုက်၏။
“ကျွန်တော် ငယ်ငယ်တုန်းက ယန်မိသားစုဆေးဆိုင်မှာရှိတဲ့ အဘိုးယန်က ဒါကမချွတ်ဖို့ ပြောခဲ့တယ်။ နဂိုတုန်းကတော့ ကျွန်တော်က လူဝံအိုကြီးကို (၄)ကြိမ်မြောက် စွမ်းအားသုံးလာအောင် ရင်ဆိုင်တဲ့အချိန်ကျရင် သုံးဖို့ စဉ်းစားထားတာ။ အခုစဉ်းစားကြည့်လိုက်တော့ ဒီမာခူရွှမ်ကလည်း လူဝံအိုကြီးလို အန္တရာယ်များတာကို ခံစားမိခဲ့တယ်လေ…”
မာခူရွှမ်က ရုပ်ထုပေါ်မှ ပေါ့ပေါ့ပါးပါး ခုန်ဆင်းလာခဲ့ပြီး အစိမ်းရင့်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော မိန်းမပျိုကို လှမ်းကြည့်လိုက်သည်။ သူက တစ်ယောက်တည်း သူ့ကိုယ်သူ ပြန်ပြောလိုက်၏။
“ငါက မြို့ထဲကနေ ထွက်သွားပြီးတဲ့အချိန်မှပဲ ပထမဆုံးရန်သူကို တွေ့ရမယ်လို့ ထင်ထားတာ။ ဒါပေမဲ့ ရန်သူတစ်ယောက်ကို ဒီမှာပဲ မြန်မြန်ဆန်ဆန် တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး။ ဟား ဟား ဟားဟား ဟားဟား... ကံကောင်းချင်တော့လည်း ရပ်တန့်လို့ မရနိုင်ပါလား…”
နင်ယောင်က ရုတ်တရက်မေးလိုက်သည်။
“ချန်းပင်အန်း …
သူလည်း ငယ်ငယ်တုန်းက နင့်လို ခေါင်းကို ကြာပွတ်နဲ့ အရိုက်ခံခဲ့ရတာပဲလား…”
ချန်းပင်အန်းက မတ်တပ်ရပ်လိုက်ပြီး ခြေထောက်ကို ညင်သာစွာ လှုပ်ရှားလိုက်သည်။ သူက နင်ယောင်၏မေးခွန်းကို လေးလေးနက်နက် စဉ်းစားပြီး ပြန်ဖြေလိုက်၏။
“အဘွားမာက အရမ်းချမ်းသာတယ်။ ဒါကြောင့် ဒီမာခူရွှမ်တို့မိသားစုရဲ့ ကြာပွတ်ကတော့ တော်တော်ကြီးလောက်မယ်။ အဲဒီကြာပွတ်နဲ့ လွှဲရိုက်လိုက်တဲ့အချိန်မှာ တော်တော်လေးကြောက်စရာကောင်းတယ်…”
ချန်းပင်အန်းက မတ်တပ်ရပ်လိုက်သည့်အချိန်တွင် မာခူရွှမ်က ထိုင်လိုက်ပြီး သူ၏ဘယ်ဘက်လက်ထဲတွင် ရှိနေသော ကျောက်တုံးများကို ချထားလိုက်သည်။
အဆုံးတွင်တော့ ရွှံ့ပုလင်းလမ်းကြားထဲမှ လူငယ်လေးနှင့် တရုတ်ဇီးသီးပွင့်လမ်းကြားထဲမှ လူငယ်လေးနှစ်ယောက်က အချင်းချင်း မျက်နှာချင်းဆိုင် စိုက်ကြည့်နေကြလေ၏။
Translated by Hein Htet.